Chapter 94
Viewers 21k

🎶 Chapter 94



ယဲ့ဇယ်ရှစ်က ညဘက်အိမ်မပြန်မီအထိ ဦးတည်ရာမဲ့ ကားပတ်မောင်းနေခဲ့သည်။ 


သို့သော် ယဲ့ဇယ်ရှစ် မမျှော်လင့်ထားသည်မှာ ဟယ့်ကျင်းယွင်က အိမ်တွင်ရှိနေဆဲဖြစ်ပြီး ဘေးအိမ်ရှိဗီလာက မီးများလင်းနေဆဲဖြစ်သည်။


ယဲ့ဇယ်ရှစ် မီးများဖွင့်ပြီး နှစ်မိနစ်အကြာတွင် WeChatမှ အသံမြည်လာခဲ့သည်။


အံ့သြစရာမလိုအောင်ပင် ၎င်းက ဟယ့်ကျင်းယွင်ထံမှ ညနက်စာအတူစားရန် အချိန်ရှိ မရှိမေးထားသော မက်ဆေ့ချ်ဖြစ်သည်။ 


ဒါပေါ့ ငါ့မှာအချိန်ရှိတယ်...


ဒါပေမယ့် ငါ သွားလို့မဖြစ်ဘူး...


ယဲ့ဇယ်ရှစ်က ခဏခန့် တိတ်ဆိတ်နေပြီးနောက် စာပြန်လိုက်သည်။ 

"တောင်းပန်ပါတယ်...ဟယ့်လောင်ရှီး...ကျွန်တော် ဒီနေ့ အရမ်းပင်ပန်းနေလို့ပါ...အခုရေမိုးချိုးပြီး အိပ်တော့မလို့...မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ..." 


မည်သို့ပင်ဖြစ်စေ တစ်ရက်ခန့် နှောင့်နှေးရုံဖြင့် ယဲ့ဇယ်ရှစ် ၎င်းကိုမေ့နိုင်ဦးမည် မဟုတ်ချေ။


သူ ပင်ပန်းနေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် ယဲ့ဇယ်ရှစ်က ရေပင်ထမချိုးသေးဘဲ အခန်းမီးကိုပိတ်လိုက်သည်။


ဟယ့်ကျင်းယွင်က ထိုမက်ဆေ့ချ် လက်ခံရပြီးနောက် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ သူက တစ်ဖက်အိမ်ရှိ မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်ကို ကြည့်ကာ စာပြန်ရုံသာတတ်နိုင်တေတာ့သည်။ 

"ဒါဆိုလည်း စောစောအိပ်တော့နော်... ကောင်းသောညပါ..." 


ယဲ့ဇယ်ရှစ်၌ စာပြန်ရန် အချိန်မရှိနေချေ။ ယဲ့ဇယ်ရှစ်က ဖုန်းမီးရောင်ဖြင့် ရေချိုးခန်းထဲသွားကာ ခက်ခက်ခဲခဲရေချိုးခဲ့သည်။


ဖုန်းထဲက မက်ဆေ့ချ်ကိုမူ ယဲ့ဇယ်ရှစ် သဘာဝကျကျ လျစ်လျူရှုခဲ့သည်။


သူ အခု ဟယ့်ကျင်းယွင်ကို မကြာခဏမဆက်သွယ်နိုင်သော်လည်း ရုတ်တရက်ကြီး အဆက်အသွယ်ရပ်သည်က လက်တွေ့မကျပေ။ ထို့ကြောင့် ယဲ့ဇယ်ရှစ်က ယနေ့အပြင်၌ ကားပတ်မောင်းရင်း တွေးခဲ့ပြီး နောက်ဆုံးတွင် ရိုးရှင်းစွာစတင်ရန် ဆုံးဖြတ်ခဲ့သည်။


ဒီလိုမျိုး တဖြည်းဖြည်းဝေးကွာသွားတာက ငါရော ဟယ့်ကျင်းယွင်အတွက်ပါ ကောင်းလိမ့်မယ်...


ယဲ့ဇယ်ရှစ်၏ အတွေးထဲ ထက်မြက်လှသောနည်းလမ်းက ဟယ့်ကျင်းယွင်၏ အမြင်တွင်မူ သံသယဝင်ဖွယ်ကောင်းနေဆဲဖြစ်သည်။ 


အိမ်ဘေးအိမ်ရှိ မီးရောင်များမှိန်ဖျော့သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ဟယ့်ကျင်းယွင်က ပြတင်းပေါက်ရှေ့တွင် အချိန်အကြာကြီး မလှုပ်မယှက်ရပ်နေခဲ့သည်။  


ယဲ့ဇယ်ရှစ် သူ့ကိုပေးသော အကြောင်းပြချက်များက ဟာကွက်မရှိသော်လည်း တစ်ခုခုမူမမှန်ဟု ခံစားခဲ့ရသည်။


အဘယ့်ကြောင့်ဆိုသည်ကို သူ မပြောနိုင်သေးသော်လည်း သူ၏အလိုလိုသိစိတ်က အမြဲမှန်ပေသည်။  


နေ့လည်ဘက်၌ ငြင်းပယ်ခံခဲ့ရပြီးနောက် ဟယ့်ကျင်းယွင် ထိုမေးခွန်းကို ဂရုတစိုက်စဉ်းစားခဲ့သည်။ 


ယဲ့ဇယ်ရှစ် ငါ့ကို မတွေ့ချင်လို့ တမင်တကာရှောင်နေတာလား... 


ငါ သူ့အတွက် ငါးလေးခြောက်ကြော်လုပ်ပေးမယ်လို့ ပြောတာ‌တောင် သူကတော့ ညအထိပြန်လာမှာမဟုတ်ဘူးလို့ပြောခဲ့တာ...


သူငယ်ချင်းနဲ့အပြင်ထွက်ရင်တောင် ဒီလောက်ထိနောက်ကျစရာတော့မလိုဘူးမလား...


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်ပြီး တစ်ခုခုမှားနေသလိုခံစားခဲ့ရသည်။ 


အမှန်တွင် ဝေ့လီဖေး၏ ပြဿနာက အနည်းငယ် ခေါင်းစားစရာဖြစ်ကာ အကယ်၍ သူ့သူငယ်ချင်းသာ ဤပြဿနာနှင့် ကြုံလာပါက သူလည်း တစ်နေ့လုံး သူငယ်ချင်းနှင့်အတူနေပေးလိမ့်မည်ဖြစ်သည်။  


ထိုကြောင့် ဟယ့်ကျင်းယွင်က သူ့သံသယများကို ဘေးဖယ်ပြီး သူ့လက်ထဲရှိ အလုပ်ကိစ္စများကို စတင်ကိုင်တွယ်ခဲ့သည်။


အမှန်တွင် ယနေ့က ဟယ့်ကျင်းယွင်၏ နားရက်မဟုတ်သော်လည်း သူ့အလုပ်အချိန်ဇယားများကို တမင်တကာပြောင်းကာ ယဲ့ဇယ်ရှစ်နှင့်အတူ အချိန်ကုန်ဆုံးချင်ခဲ့သည်။  


လက်ထဲရှိကိစ္စများအပြီးသတ်ပြီးနောက် ညနေပိုင်းတွင် ဟယ့်ကျင်းယွင်က မီးဖိုချောင်သို့သွားကာ ယဲ့ဇယ်ရှစ် ပြန်လာချိန်၌ စားနိုင်သည်ဟုတွေးကာ ငါးလေးခြောက်များကို ကြိုကြော်ထားခဲ့သည်။


သို့သော် ယဲ့ဇယ်ရှစ်က သူ့ကို ဤအကြိမ်၌လည်း ငြင်းပယ်လိမ့်မည်ဟု ဟယ့်ကျင်းယွင် မမျှော်လင့်ခဲ့မိချေ။


မနက်ခင်း၌ သံသယဝင်ရုံသာဖြစ်သာ်လည်း ယခု၌မူ သေချာလုနီးပါးဖြစ်သွားခဲ့သည်။


ယဲ့ဇယ်ရှစ် ငါ့ကို တမင်တကာငြင်းတာ...


ဒါပေမယ့် ဘာလို့လဲ...


အရင်ကဆို ယဲ့ဇယ်ရှစ်က တခြားဟာတွေငြင်းချင်နိုင်ပေမယ့် ငါးလေးခြောက်ကြော်ကိုတော့ သေချာပေါက်မငြင်းဘူး...


သို့သော် ဤတစ်ကြိမ်၌ ယဲ့ဇယ်ရှစ်က ငါးလေးခြောက်ကြော်ကိုပင် ငြင်းဆန်ခဲ့သောကြောင့် အနည်းငယ် ထူးဆန်းသည်ဟု ဟယ့်ကျင်းယွင် ခံစားခဲ့ရသည်။


ဖြစ်နိုင်တာက...


ဟိုနေ့တုန်းက ငါ သူ့ကို တစ်နေ့လုံး စာမပြန်လို့ သူ ဒေါသထွက်နေတာများလား...


ဟယ့်ကျင်းယွင် ထိုသို့တွေးပြီး ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။


ငါ ဒီလောက်ကြာအောင် ကြိုးစားခဲ့သမျှအားလုံးက အချည်းနှီးဖြစ်သွားတော့မှာလား...


သူ၏ နှလုံးသားက တဒုတ်ဒုတ်ခုန်နေပြီး ဟယ့်ကျင်းယွင် မတည်ငြိမ်နိုင်တော့ချေ။


သူ ယဲ့ဇယ်ရှစ်နှင့် စကားပြောချင်သော်လည်း တစ်ဖက်ရှိဗီလာက မှောင်မဲနေပေသည်။ 


ယဲ့ဇယ်ရှစ်က သူ အနားယူချင်သည်ဟု ပြောခဲ့သော်လည်း ၎င်းက လုံးလုံးအမှန်မဟုတ်ဟု ဟယ့်ကျင်းယွင်ခံစားခဲ့ရသည်။


ဒါဆို ငါ အခု ယဲ့ဇယ်ရှစ်ကို သွားတွေ့ပြီး မေးလိုက်သင့်လား...


ဟယ့်ကျင်းယွင်က အတွေးနက်များထဲသို့ တဖန်ကျသွားခဲ့သည်။


တကယ်တော့ သွားမတွေ့နိုင်တာမဟုတ်ပေမယ့် အခုချိန်ကြီး သွားတွေ့ရင် တစ်ခုခုပုံမှန်မဟုတ်ဘူးကို ယဲ့ဇယ်ရှစ် သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ...


ငါ ဒီအခွင့်အရေးကိုသုံးပြီး ရှင်းလင်းအောင်လုပ်သင့်လား ဒါမှမဟုတ် စောင့်နေသင့်လား...


ဟယ့်ကျင်းယွင်က ဘာရွေးချယ်ရမည်ကို တစ်ဖန်စဉ်းစားခဲ့ပြန်သည်။ 


ဟယ့်ကျင်းယွင်က ရွေးချယ်မှုလုပ်ရာတွင် အမြဲတမ်းတော်ခဲ့သည်။


သူ၏ မိဘများ ကွာရှင်းပြတ်စဲချိန်၌ မည်သူ့ကိုမှ မမှီခိုပဲ အမှီအခိုကင်းကင်း ရပ်တည်ရန် ‌ရွေးချယ်ခဲ့သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် သူ့အိမ်မက်နောက်လိုက်ကာ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ တစ်ယောက်တည်းဝင်ရန် ရွေးချယ်ခဲ့သည်။


ရွေးချယ်မှုတိုင်း ပြောင်းလဲမှုတိုင်းက ဟယ့်ကျင်းယွင် ဂရုတစိုက် စဉ်းစားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 


မပြင်ဆင်ရသေးတဲ့ ရွေးချယ်မှုကို မလုပ်နဲ့...မပြင်ဆင်ရသေးတဲ့ အပြောင်းအလဲများတွေကို မလုပ်နဲ့... 


ဤအရာက ဟယ့်ကျင်းယွင် အမြဲတစေ စွဲကိုင်ထားသောအရာဖြစ်သည်။  


ထိုကြောင့် ယခုတစ်ကြိမ်၌လည်း ဟယ့်ကျင်းယွင်က ထပ်မံစောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို စောင့်ကြည့်ရန် နောက်ထပ်အခွင့်အရေး မပေးသည်က နှမြောစရာပင်။


သန်ဘက်ခါက ရုပ်ရှင်ပရိုမိုးရှင်းပွဲနေ့ဖြစ်ကာ ဟယ့်ကျင်းယွင်လည်း စတင်အလုပ်များလာခဲ့သည်။  


ဒုတိယနေ့တွင် ကောင်းရှူက ယဲ့ဇယ်ရှစ်ကို အဝတ်စားစမ်းဝတ်ကြည့်ရန် ဆွဲခေါ်ခဲ့ပြီး သူတို့နှစ်ဦးက သုံးရက်မြောက်နေ့မှသာ ပြန်တွေ့ခဲ့ရသည်။ 


တစ်ရက်ထဲမှာပင် မတွေ့ရသည်မှာကြာပြီဖြစ်သော ထန်ကျင့်ကို ယဲ့ဇယ်ရှစ်တွေ့ခဲ့ရသည်။ 


သူတို့ပြန်တွေ့ချိန်၌ ထန်ကျင့်က ယခင်နှင့်ယှဉ်လျှင် ကိုယ်အလေးချိန်များစွာကျသွားပြီး သူ့ပုံရိပ်က ယခင်ကထက်ပို ပိန်ပါးသွားပုံရသည်။ သူ့မျက်နှာပေါ်တွင် မိတ်ကပ်များလိမ်းထားသောကြောင့် အသားအရေကို သေချာမမြင်ရဘဲ မျက်လုံးအောက်ရှိ ခရမ်းရောင်ဖျော့ဖျော့လေးကိုသာ မြင်နိုင်သည်။ 


ယဲ့ဇယ်ရှစ်၏ မျက်ခုံးများက ရုတ်တရက် တွန့်ချိုးသွားပြီး တစ်ဖက်လူကိုဦးစွာခေါ်လိုက်သည်။ 

"ထန်ကျင့်..."


ထန်ကျင့်က ရင်းနှီးသောအသံကိုကြားလိုက်ရချိန်တွင် လှည့်ကြည့်လာပြီး မျက်လုံးများ အနည်းငယ် တောက်ပသွားကာ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ 

"ဇယ်ရှစ် မတွေ့တာကြာပြီ..."  


ယဲ့ဇယ်ရှစ်လည်း ပြုံးကာ အနားသို့သွားခဲ့သည်။  

"အင်း မတွေ့တာကြာပြီ...မင်းဘယ်လိုနေလဲ..."


ထန်ကျင့်၏မျက်နှာပေါ်တွင် တည်ငြိမ်သောအပြုံး ရှိနေဆဲဖြစ်သော်လည်း ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ယဲ့ဇယ်ရှစ်နှင့် ခပ်ခွာခွာနေပြီး စကားပြန်ပြောခဲ့သည်။


ထန်ကျင့်က လူတိုင်းနားလည်နိုင်မည့် အမူအရာကို ပြခဲ့သည်။ 

"ငါအဆင်ပြေပါတယ် ဒါပေမယ့် အလုပ်အရမ်းရှုပ်နေတာ...ငါတော့ နှစ်ကုန်တဲ့အထိ အနားယူနိုင်မယ်မထင်ဘူး...မင်းရောဘယ်လိုနေလဲ..."


ယဲ့ဇယ်ရှစ်က ထန်ကျင့် ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်ကို သဘာဝအတိုင်း သတိပြုမိသည်။ သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကျသွားပြီး ခဏခန့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ 


"ငါကတော့ အရင်တိုင်းပဲ..." 

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။ 

"နောက်ထပ်လုပ်စရာမရှိသေးဘူး...'အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း'ပြီးရင် ရုပ်ရှင်ပရိုမိုးရှင်းပဲရှိလိမ့်မယ်..."


အနာဂတ်အစီအစဉ်များကို ကောင်းရှူ အကြိမ်ကြိမ်ပြောခဲ့သော်လည်း ယဲ့ဇယ်ရှစ် သဘောမတူခဲ့ခြင်းဖြစ်သည်။


ထန်ကျင့်ပြုံးလိုက်သည်။ 

"ကောင်းသားပဲ...ဒါဆို ငါ့အေးဂျင့်က ငါ့ကိုရှာနေလို့ ငါ အရင်သွားလိုက်ဦးမယ်နော်..." 


ယဲ့ဇယ်ရှစ်လည်း ပြုံးပြလိုက်သည်။ 

"ကောင်းပြီလေ...စင်ပေါ်မှာ ပြန်တွေ့ကြမယ်..." 


ထန်ကျင့် ထွက်သွားပြီးနောက် ယဲ့ဇယ်ရှစ်က အအသံတိုးတိုးဖြင့်ပြောလိုက်သည်။ 

"လူလိမ်..."


ယဲ့ဇယ်ရှစ်က ထန်ကျင့်၏အေးဂျင့်နှင့် မတွေ့သည်မှာကြာပြီဟု တွေးမိပြီး သူ့အေးဂျင့်ကို လိုက်ရှာခဲ့သည်။ 


ဝမ်ထုံက သူ မရောက်လာမီအထိ ကောင်းရှူနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေခဲ့သည်။


သူ ထန်ကျင့်ကို ရှာနေတယ်လို့ ဘယ်သူပြောလဲ...


သူက ဒီတိုင်း ငါ့ကိုမတွေ့ချင်နေတာပဲ...


ထိုသို့တွေးပြီးနောက် ယဲ့ဇယ်ရှစ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ 


ထန်ကျင့်ရဲ့ ဒီသဘောထားက...အခု ငါ ဟယ့်ကျင်းယွင်ကို ပြုမူနေတာနဲ့ မတူနေဘူးလား...


ငါက ငါနဲ့ ဟယ့်ကျင်းယွင် ကြားမှာ ဖြစ်နိုင်ချေမရှိဘူးလို့ သိလိုက်ရတာနဲ့ ဟယ့်ကျင်းယွင်နဲ့ အကွာအဝေးထားဖို့ ကြိုးစားနေတာလေ...


ယဲ့ဇယ်ရှစ်က ၎င်းကိုတွေ့းပြီးနောက် သက်ပြင်းရှည်ချကာ ထန်ကျင့်၏ သဘောထားကို နားလည်လိုက်သည်။


သေချာစွာပင် တဒင်္ဂနာကျင်မှုက ကိုယ်တွေ့အတွေ့ကြုံရမှုထက် နာကျင်မှုလျော့နည်းပေသည်။ 


စင်နောက်၌ ဟယ့်ကျင်းယွင်ကို ယဲ့ဇယ်ရှစ် မမြင်ခဲ့ရချေ။ စင်ပေါ်မတက်မီမှသာ အလျင်စလိုရောက်လာခဲ့သည်။ 


"တောင်းပန်ပါတယ် အလုပ်လေးတစ်ခုနဲ့တိုးသွားလို့..." 

ဟယ့်ကျင်းယွင်၏ အသံက အနည်းငယ် မောဟိုက်နေပြီး လူတိုင်းကို တောင်းပန်စကားဆိုလာခဲ့သည်။


ဟယ့်ကျင်းယွင်က လူအုပ်ထဲရှိ ယဲ့ဇယ်ရှစ်ကို တစ်ချက်ကြည့်ပြီး ခေါင်းအသာညိတ်ပြခဲ့သည်။


ယဲ့ဇယ်ရှစ် ခဏခန့်ကြောင်သွားပြီးနောက် အကြည့်လွှဲလိုက်သည်။ 


ဟယ့်ကျင်းယွင်၏ မျက်လုံးများက မှိန်ဖျော့သွားပြီး နှုတ်ခမ်းထောင့်များ တောင့်တင်းသွားခဲ့သည်။ 


သေချာနေပြီ ငါခန့်မှန်းတာ မမှားဘူး...


သို့သော် ယခု သူ့၌ စဉ်းစားရန် အချိိန်များစွာမရှိကာ မကြာမီတွင် ရုပ်ရှင်ပရိုမိုးရှင်း တရားဝင်စတင်လိမ့်မည်ဖြစ်သည်။


နောက်ဆုံးတွင် ၎င်းက ဟယ့်ကျင်းယွင်၏ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာအဖြစ် ပါဝင်ထားသော ပထမဆုံးဇာတ်ကားဖြစ်သည်။ သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် မီဒီယာအဖွဲ့အစည်းတော်တော်များများက ဟယ့်ကျင်းယွင်၏ အဖွဲ့ကို ရုပ်ရှင်ပရိုမိုးရှင်းပွဲ၌ နေရာတစ်ခုပေးရန် ဆက်သွယ်လာခဲ့ကြသည်။


ရုပ်ရှင်ပရိုမိုးရှင်းပွဲအကြောင်း သတင်းထွက်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးများအားလုံး သူတို့အပေါ်ကျရောက်လာခဲ့သည်။

                                                                                            ယနေ့ပွဲကို အွန်လိုင်းပေါ်၌လည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ 


ရှိုးအစတွင် Hostနှင့် ဧည့်သည်များက စင်မြင့်ပေါ် မရောက်လာသေးကြဘဲ မီးရောင်မှိန်မှိန်မြင်ကွင်းသာရှိနေပြီးနောက်ဆုံးတွင် ဖန်သားပြင်ပွင့်သွား၍ မထွက်ရှိသေးသော 'ကျော်ကြားသော စစ်သူကြီး'၏ထွေလာကို ထုတ်လွှင့်ပြသခဲ့သည်။  


စစ်မြေပြင်တွင် ယမ်းမှုန့်များ မီးတောက်များဖြင့်ပြည့်နေပြီး အချက်ပေးခရာသံများက လက်နက်သံများဖြင့် ရောနှောနေခဲ့သည်။


ထို့နောက် ချက်ချင်းဆိုသလိုပင် သီချင်းသံထွက်ပေါ်လာခဲ့သည်။


မရေမတွက်နိုင်သော လူများ၏ မျက်နှာများက တစ်ခုပြီးတစ်ခု ပေါ်လာကာ မရေမတွက်နိုင်သော အပိုင်းအစများ တစ်ခုပြီးတစ်ခုစုလာ၍ အားယန်၏ပုံရိပ်က ဖြည်းညှင်းစွာပေါ်လာခဲ့သည်။ 


အားယန်က ပြုံးပြီးပြောခဲ့သည်။ 

"အားဇီ..."


အားဇီက ပြုံးပြီးခေါ်လိုက်သည်။ 

"ချန်ကျိုး..."


ရှန်ချန်ကျိုး၏ မျက်ခုံးများက ထက်ရှနေပြီး လေတိုးသံသဲ့သဲ့က သူ၏ ဘဝကံကြမ္မာအပြောင်းအလဲကိုဖြတ်သွားခဲ့သည်။ သူက နူးညံ့စွာဖြင့် ပြောလိုက်သည်။ 

"မိသားစုနဲ့နိုင်ငံ...အိမ်ရှိတဲ့နေရာက နိုင်ငံပဲ..."


မျက်ရည်တစ်စက်က သူ့မျက်လုံးမှ ဖြည်းညှင်းစွာ လိမ့်ဆင်းလာပြီး မြင်ကွင်းက အခက်အခဲဒဏ်များစွန်းထင်နေသော ရှန်ချန်ကျိုး၏ မျက်နှာပေါ် ရောက်သွားခဲ့သည်။ 


မြင်ကွင်းက တိတ်ဆိတ်သွားပြီး စက္ကန့်များစွာကြာပြီးနောက် မိုးခြိမ်းသံများ ထွက်လာခဲ့သည်။


ယဲ့ဇယ်ရှစ် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ၎င်းမှာ သူယခင်က မမြင်ဖူးသော ဗီဒီယိုဖြစ်သည်။ 


ဤထွေလာတွင် ယခင်ကထက် အချက်အလက်များစွာ ထုတ်ဖော်ပြသထားသည်။


ဥပမာအားဖြင့် အားဇီက မြို့တော်မှ ထွက်ခွာပြီး အနောက်သို့ပြန်ကြည့်နေသောမြင်ကွင်းက အားဇီ၏ နောက်ဆုံးဇာတ်သိမ်းကို နိမိတ်ပြနေပြီဖြစ်သည်။


သို့သော် ကံမကောင်းစွာပင် ဇာတ်ညွှန်း ကြိုဖတ်ထားသူများသာ ထိုအသေးစိတ်အချက်အလက်များကို မြင်နိုင်လိမ့်မည်ဖြစ်သည်။


ယဲ့ဇယ်ရှစ် ထိုသို့တွေးရင်း ရုပ်ရှင်ထွက်လာရန်ကို စောင့်မျှော်နေခဲ့သည်။


အထူးသဖြင့် ရုပ်ရှင်ထွက်လာပြီးနောက် ပရိသတ်များ၏အမူအရာက သူနှင့်ထပ်တူကျလားဆိုသည်ကို တကယ်သိချင်နေသည်။  


ယဲ့ဇယ်ရှစ်က မကြင်နာစွာ ပြုံးလိုက်သည်။


ထိုအချိန်တွင် Host လည်း စင်ပေါ်သို့တက်လာပြီး ပရိုမိုးရှင်းပွဲက တရားဝင်စတင်ခဲ့သည်။  


ယဲ့ဇယ်ရှစ်က ထိုကဲ့သို့ ပွဲမျိုးကို သဘောမကျသောကြောင့် ပွဲတစ်လျှောက်လုံး စိတ်မပါနေချေ။ 


Hostက သူ့နာမည်ခေါ်မှသာ ကင်မရာကို ပြုံးပြခဲ့သည်။


အပိုင်းတစ်ခုပြီးသွားကာ နောက်အပိုင်းတစ်ခု လျင်မြန်စွာဖြတ်သွားပြီးနောက် နောက်ဆုံးအပိုင်းဖြစ်သည့် သရုပ်ဆောင်များနှင့် အမေးအဖြေကဏ္ဍသို့ ရောက်လာခဲ့၏။


ယဲ့ဇယ်ရှစ်က မီဒီယာနှင့်ဆက်ဆံရာတွင် အလွန်သက်သောင့်သက်သာဖြစ်နေပြီဖြစ်သည်။


သို့သော် ကောင်းရှူက ၎င်းကိုမသိသောကြောင့် ယမန်နေ့ကတည်းက မေးခွန်းအမြောက်အများကိုပြင်ဆင်ပြီး ယဲ့ဇယ်ရှစ်အား ပေးခဲ့သည်။ ၎င်းထဲမှအချို့က သတင်းထောက်များ၏ အမေးအဖြေအတွက် ကာဗာဖြစ်စေလိမ့်မည်။


သေချာစွာပင် ယဲ့ဇယ်ရှစ်က ဂရုမစိုက်ချေ။


ဒီလိုစာအုပ်မျိုးကို လူသစ်လေးတွေပဲသုံးတာ...ငါ တကယ်မလိုဘူး...


ထို့ထက်အရေးကြီးသည်မှာ သူက အဓိကဇာတ်ဆောင်မဟုတ်ချေ။ ထို့ကြောင့် သူ့အတွက် မေးခွန်းများစွာရှိမည်မဟုတ်ပေ။


ယနေ့အတွက် မေးခွန်းအများစုမှာ ဟယ့်ကျင်းယွင်ကိုသာ ဦးတည်ပြီး ထိုလူကလည်း ၎င်းတို့ကို အေးဆေးစွာ ပြန်ဖြေခဲ့သည်။ 


ယဲ့ဇယ်ရှစ် သူ့ကို မကြည့်ဘဲမနေနိုင်ခဲ့ချေ။ 


သူက တကယ်ကို ငါကြွေရတဲ့ ယောကျ်ားဖြစ်ဖို့ထိုက်တန်တယ်... 


ယဲ့ဇယ်ရှစ် ထိုလူကို ပိုကြည့်လေ ပိုနှမြောစရာကောင်းသည်ဟု ခံစားရလေဖြစ်သည်။ 


နှမြောစရာကောင်းလိုက်တာ...နှမြောစရာပဲ...


တစ်ဖက်ရှိ မေးခွန်းများဖြေနေသော ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ အကြည့်ကို သတိပြုမိပုံရပြီး လှမ်းကြည့်ကာ ပြုံးပြလာခဲ့သည်။ 


သူတို့၏ မျက်လုံးများက လေထဲ၌ ဆုံသွားကြပြီး ယဲ့ဇယ်ရှစ်က ဦးစွာအကြည့်လွှဲခဲ့သည်။


ထိုဖြစ်စဉ်က အလွန်လျင်မြန်ပြီး စက္ကန့်အနည်းငယ်မျှသာရှိသော်လည်း မျက်လုံးထက်ရှသူများ၏ အမြင်ကို ဖမ်းစားနိုင်စွမ်းရှိသည်။  


ထို့ကြောင့် ဟယ့်ကျင်းယွင် မိုက်ခရိုဖုန်း ချလိုက်သည်နှင့် နောက်မေးခွန်းတစ်ခုက ချက်ချင်း ရောက်လာခဲ့သည်။ 

"ကျွန်တော် ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင်ကို ဒီမေးခွန်းမေးချင်ပါတယ်..."


ယဲ့ဇယ်ရှစ် မျက်ခုံးအနည်းငယ် ပင့်မိသွားခဲ့သည်။ 


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့၏။


သတင်းထောက်က ဆက်ပြောလာခဲ့သည်။ 

"ခင်ဗျားတို့နှစ်ယောက်က ဒီဇာတ်ကားထဲမှာ ချစ်သူတွေအဖြစ် သရုပ်ဆောင်ထားမှန်း ကျွန်တော်တို့ သိထားပါတယ်...အခု အင်တာနက်ပေါ်မှာ ခင်ဗျားတို့နှစ်ယောက်ရဲ့ CPဖန်တွေ အများကြီးရှိနေပါပြီ... ခင်ဗျားတို့ရဲ့ CP အပေါ် ဘယ်လိုထင်လဲဆိုတာ မေးချင်ပါတယ်..."


ထိုမေးခွန်းမေးလိုက်သည်နှင့် စခရင်ပေါ်တွင် အားပေးသောမှတ်ချက်များထွက်ပေါ်လာခဲ့သည်။



🎶🎶🎶