Chapter 63
Viewers 21k

🎶 Chapter 63



နေ့လည်နှစ်နာရီခန့်တွင် ယဲ့ဇယ်ရှစ်က နောက်ဆုံးစစ်ဆေးရေးဂိတ်ကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပြီး ကျွန်းပေါ်ရှိစစ်ဆေးရေးဂိတ်ငါးဆယ်လုံးရှင်းလင်းသွားခဲ့၏။


ဧည့်သည်လေးဦးက ပစ္စည်းများအပြည့်ရိတ်သိမ်းပြီးနောက် ရွက်လှေပေါ်သို့ ပြန်လာခဲ့သည်။


ဟိုတယ်ပြန်ရောက်ချိန်တွင် လူတိုင်းက လတ်ဆတ်သောပါဝင်ပစ္စည်းများကို ရေခဲသေတ္တာထဲ၌ သိမ်းဆည်းရန် ကူညီခဲ့ကြသည်။ လတ်ဆတ်သော ပင်လယ်စာအချို့ကိုမူ ဟိုတယ်ဝန်ထမ်းများအား ထိန်းသိမ်းပေးရန် လွှဲပေးခဲ့ကြသည်။


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့က ပင်လယ်စာများကို နောက်ဖေးမီးဖိုချောင်သို့ ကူသယ်ပေးခဲ့၏။ မီးဖိုချောင်နောက်ဘက်ရှိ ရေကန်ထဲတွင် ငါးမျိုးစုံနှင့် ပုစွန်များရှိနေသည်။ ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ၎င်းကို ထပ်စိုက်ကြည့်မိလိုက်သည်။


"စားချင်လို့လား..." 

ဟယ့်ကျင်းယွင်က ရုတ်တရက် မေးလာသည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ဟယ့်လောင်ရှီးရဲ့အမြင်မှာ ကျွန်တော်က ငါးစားတာကလွဲပြီး တခြားအတွေးမရှိတဲ့လူလား..."


ဟယ့်ကျင်းယွင်၏နှုတ်ခမ်းက ကွေးတက်ပြီး သူ၏ မျက်လုံးနက်များက နက်ရှိုင်းသွားကာ ယဲ့ဇယ်ရှစ်ကိုကြည့်လာခဲ့သည်။ 

"အမှန်တိုင်း ကြားချင်လား..."


"ကြားချင်တယ်..." 

ယဲ့ဇယ်ရှစ် ပြောလိုက်၏။


ဟယ့်ကျင်းယွင်က ပြုံးလိုက်သည်။

"အင်း..."


ယဲ့ဇယ်ရှစ်: "..."


ကောင်းပြီ...ငါက အဲဒီလိုပဲ... ဝန်ခံတယ်...


ယဲ့ဇယ်ရှစ် မငြင်းဆန်သည်ကို မြင်ချိန်တွင် ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းပေါ်ရှိ အပြုံးများက ပိုမိုနက်ရှိုင်းလာခဲ့သည်။


မစ်ရှင်အားလုံးက ယနေ့အချိန်ဇယားမတိုင်မီ ပြီးမြောက်ခဲ့၍ ဧည့်သည်လေးဦးလုံး အလွန်ပျော်နေခဲ့ကြသည်။


ဝေ့ပေက ကျယ်လောင်စွာပင် အော်ခဲ့သေးသည်။

"ရေး ပြီးသွားပြီ၊ ပြီးပြီ၊ ပြီးပြီကွ..."


တစ်ဖက်ရှိ ဒါရိုက်တာအဖွဲ့ကမူ အလွန်မပျော်မရွှင်ဖြစ်နေကြသည်။


ငါတို့အရမ်းကြိုးစားပမ်းစား ရေးခဲ့တဲ့ အစီစဉ်တွေက ငါတို့လိုချင်တဲ့ အကျိုးသက်ရောက်မှု မရဘူးလို့ ဘယ်သူက ထင်မှာလဲ...


ဒီလိုမျိုးဆက်သွားမယ်ဆို မဖြစ်ဘူး...


ဒုတိယနေ့ရိုက်ကူးရေးက နေ့တစ်ဝက်ပဲဖြစ်လို့မရဘူးလေ...


ဒါရိုက်တာအဖွဲ့က ဆွေးနွေးတိုင်ပင်လိုက်ကြပြီး ညနေပိုင်းမစ်ရှင်ကို အမြန်ပြန်ပြင်ခဲ့ကြသည်။


ဝေ့ပေက သူတခဏမျှ ပျော်ရွှင်စွာ ကြွားဝါပြီးနောက် မစ်ရှင်အသစ် ထပ်ပေးခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။


ယို့ကျားက ထိုအကြောင်း သိပြီးနောက် ဝေ့ပေကို မျက်စောင်းထိုးလိုက်သည်။

"အဲဒီမှာကြွားချင်ဦး..."


ဝေ့ပေကလည်း အလွန်အပြစ်ကင်းစင်ပြီး ဒါရိုက်တာအဖွဲ့ကို အရှက်ကင်းမဲ့သည့်အတွက် ဆူပူကြိမ်းမောင်းရုံသာတတ်နိုင်ခဲ့သည်။


ဒါရိုက်တာအဖွဲ့ကလည်း အဆင်သင့်ပြောခဲ့သည်။

ငါတို့က ဒီတိုင်းအရှက်မရှိတာပါ...


လူတိုင်းကလည်း အခြားနည်းလမ်းမရှိသောကြောင့် မစ်ရှင်အသစ်များကို ဆက်လုပ်ရုံသာ တတ်နိုင်ခဲ့သည်။


ကံကောင်းစွာဖြင့် ဒါရိုက်တာအဖွဲ့က ဤတစ်ကြိမ်တွင် အတော်လေးကို လူသားဆန်ခဲ့ပြီး သူတို့ကို နေပူထဲထွက်ရသည့် မစ်ရှစ်မျိုး မပေးတော့ချေ။ ယခုတစ်ကြိမ်တွင် အိမ်ထဲ၌ နေရမည်ဖြစ်သည်။


သို့သော် အိမ်ထဲရှိ မီးဖိုချောင်ကို ရည်ညွှန်းခြင်းဖြစ်သည်- နေ့လည်ခင်းမစ်ရှစ်က ဧည့်သည်များကိုယ်တိုင် ညစာပြင်ရန်ဖြစ်သည်။


ပရိုဂရမ်အဖွဲ့က ဧည့်သည်များအား ပါဝင်ပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်သော်လည်း ပါဝင်ပစ္စည်းများကို ဂိမ်းအနိုင်ရမှသာ ရရှိနိုင်မည်ဖြစ်သည်။


ပထမဆုံးဂိမ်းက သီချင်းစာသားဖတ်ပြီး သီချင်းခေါင်းစဉ် ခန့်မှန်းရခြင်းဖြစ်သည်။


ဝေ့ပေက ၎င်းကိုကြားပြီးနောက် ချက်ချင်းနှာမှုတ်လိုက်သည်။

"လွယ်သားပဲ..."


သူက ရသစုံရှိုးများစွာ၌ ပါဝင်ခဲ့ပြီး ဤဂိမ်းဆော့ရသည်ကို ငြီးငွေ့နေပြီဖြစ်သည်။


သို့သော် ပရိုဂရမ်အဖွဲ့က သူတို့ကို ထောင်ချောက်ဆင်ထားဆဲဖြစ်သည်။ ဂိမ်း၌ အနိုင်ရရန် ဧည့်သည်လေးဦးလုံးက သီချင်းကို မှန်ကန်စွာ ခန့်မှန်းရန် လိုအပ်သည်။


ဝေ့ပေက ပြဿနာမရှိဟုပြောလိုက်သည်။


သို့သော် နောက်ဆုံးပြဿနာက ဟယ့်ကျင်းယွင် ဖြစ်နေမည်ဟု မည်သူမှ မထင်ခဲ့ကြချေ။


ပထမအကျော့၏ သီချင်းများက အလွန်ရိုးရှင်းပေသည်။ ၎င်းတို့အားလုံးက ယခုနှစ်၌ ရေပန်းစားသော သီချင်းများဖြစ်ကြသည်။ ယဲ့ဇယ်ရှစ်၊ ဝေ့ပေ နှင့် ယို့ကျားတို့က ဖြေနိုင်ခဲ့ကြသည်။ သို့သော် ဟယ့်ကျင်းယွင်အလှည့်ရောက်ချိန်၌ တစ်သွားခဲ့သည်။


ထို့နောက် ဒုတိယနှင့် တတိယအချီတို့တွင်လည်း ခြွင်းချက်မရှိ ဟယ့်ကျင်းယွင်အလှည့်၌သာ ရပ်သွားခဲ့သည်။


ဝေ့ပေ အံ့အားသင့်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"ဟယ့်လောင်ရှီးမှာ ဘာပြဿနာရှိနေတာလဲ..."


ပရိုဂရမ်အဖွဲ့က နောက်ဆုံးတွင် သူတို့လေးယောက်၏ အားနည်းချက်ကို ရှာတွေ့ပြီး ပျော်ရွှင်သွားခဲ့သည်။


ဟယ့်ကျင်းယွင်က လူတိုင်းကို တောင်းပန်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"ကျွန်တော်က ဒီဂိမ်းမှာ တကယ်မတော်ဘူး..."


ယဲ့ဇယ်ရှစ်က မစဉ်းစားဘဲ ပြောလိုက်၏။

"လူတိုင်းမှာ မတော်တဲ့နေရာတစ်ခုခုတော့ ရှိတာပဲလေ..." 


ဝေ့ပေ သက်ပြင်းချလိုက်မိသည်။

"ဒါဆို ငါတို့ အခုဘယ်လိုလုပ်ကြမလဲ...ညကျဘာစားရမလဲဆိုတာစဉ်းစားသင့်ပြီ..."


ယို့ကျားကလည်း လေးနက်စွာ ခေါင်းညိတ်ခဲ့သည်။ 

"ကျွန်မတို့ ဆက်ကစားနေရင် ပရိုဂရမ်အဖွဲ့အတွက် မေးခွန်းတွေသာ ကုန်သွားလိမ့်မယ်... ကျွန်မတို့တော့ နိုင်မှာမဟုတ်ဘူးလို့ခံစားရတယ်..."


ယဲ့ဇယ်ရှစ်က တစ်ဖက်ခြမ်းရှိ ဒါရိုက်တာကို ကြည့်ကာ နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါရိုက်တာ စည်းကမ်းလေးပြောင်းပေးလို့ရမလား... အဖြေတစ်ဝက်ပဲမှန်တဲ့ အဖြေတစ်ဝက်ကိုရော ဘယ်လိုထင်လဲ..."


ဒါရိုက်တာက သဘောမတူခဲ့ချေ။


ဒီနေ့ ငါတို့အစီစဉ်ကို ဖျက်စီးခဲ့တဲ့ ဒီလေးယောက်က သနားညှာတာမှုရဖို့ မထိုက်တန်ဘူး...


ယဲ့ဇယ်ရှစ်က ဒါရိုက်တာ သဘောမတူသည်ကိုမြင်ချိန်တွင် ဟယ့်ကျင်းယွင်ကို လှည့်ကြည့်လိုက်သည်။ 

"ဟယ့်လောင်ရှီး ရင်းနှီးတဲ့ အဆိုတော်နဲ့ သီချင်းတွေ ရှိလား..."


ဟယ့်ကျင်းယွင်က ခဏခန့် စဉ်းစားပြီး ယဲ့ဇယ်ရှစ်ကို လက်ညှိုးထိုးပြခဲ့သည်။

"မင်း...မင်း အရင်က "Time Idol" မှာဆိုခဲ့တဲ့ သီချင်းတွေကိုတော့ ကြားဖူးတယ်..."


ထို့နောက် ဟယ့်ကျင်းယွင်က ခေတ္တရပ်သွားပြီး အဆိုတော်အချို့၏ အမည်များကို ပြောခဲ့သည်။


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်ပြပြီး တစ်ဖက်ရှိ ဒါရိုက်တာကိုကြည့်လိုက်သည်။

"ဟယ့်လောင်ရှီး ရင်းနှီးတဲ့ သီချင်းတချို့ဖွင့်ပေးရင်ရော ဘယ်လိုလဲ..."


ဤတစ်ကြိမ်တွင်မူ ဒါရိုက်တာက စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြခဲ့သည်။


သေချာစွာပင် နောက်ပိုင်း၌ ဂိမ်းက ပိုချောမောစွာ ဆက်သွားခဲ့သည်။


ဂိမ်းအနည်းငယ် ပြီးဆုံးပြီးနောက်တွင် ဧည့်သည်လေးယောက်လည်း ပါဝင်ပစ္စည်းများ အများအပြားကို ရရှိခဲ့သည်။


ဒါရိုက်တာအဖွဲ့က နောက်ဆုံးပါဝင်ပစ္စည်းဖြစ်သော ပင်လယ်ငါးမျိုးစုံကို ထုတ်လာခဲ့သည်။


ယဲ့ဇယ်ရှစ်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားခဲ့သည် -

"ကျွန်တော်တို့ ဒီပွဲကို နိုင်အောင်လုပ်မှရမယ်..."


ယို့ကျားက ဤစကားကိုကြားပြီးနောက် ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လာခဲ့သည်-

"နင် ငါးအရမ်းကြိုက်တာလား..."


၎င်းကိုကြားချိန်၌ ဟယ့်ကျင်းယွင်နှင့် ဝေ့ပေတို့ကလည်း လှည့်ကြည့်ခဲ့ကြသည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင် ယခင်က ပြောခဲ့သည့်စကားကို ရုတ်တရက် တွေးမိသွားပြီး ဟယ့်ကျင်းယွင်ကို စိုက်ကြည့်လိုက်သည်။ 

"ဟုတ်တယ်...ဟယ့်လောင်ရှီးရဲ့မျက်လုံးထဲမှာဆို ကျွန်တော်က ငါးစားတာကလွဲပြီး တခြားအတွေးမရှိတဲ့သူကိုဖြစ်လို့..." 


ဟယ့်ကျင်းယွင်က ရုတ်တရက် ဝေဖန်ခံရပြီး ခဏခန့် ကြောင်အသွားကာ မျက်လုံးများလှိမ့်လိုက်မိသည်။


ကလေးတွေက တော်တော်လေး လက်စားချေချင်စိတ်များကြတာပဲ...


ဝေ့ပေနှင့် ယို့ကျားတို့က ရယ်မောခဲ့ကြသည်။


ယို့ကျား ပြုံးပြီးပြောလိုက်သည်။

"အဲဒါအမှန်ပဲ...နင်က ငါးမြင်ရင် စားဖို့ပဲ ပထမဆုံးတွေးတာလေ... တခြားငါးတွေက ရေသူမတွေအဖြစ် ပြောင်းလဲနိုင်တယ်လို့ မတွေးမိဘူးမလား..."


ယဲ့ဇယ်ရှစ်က သဘောတူဟန် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်...ဒါပေမယ့် ကျွန်တော်က ငါးအားလုံးတော့ မစားပါဘူးနော်... ငါးလေးခြောက်ကြော်ပဲ ကြိုက်တာ..."


ဟယ့်ကျင်းယွင်၏ အပြုံးက နက်ရှိုင်းလာခဲ့သည်။

"ဒါဆိုရင် မင်းရဲ့ငါးလေးခြောက်ရအောင် အစွမ်းကုန်ကြိုးစားပါ့မယ်..."


ယဲ့ဇယ်ရှစ်က ချက်ချင်းပင် ဟယ့်ကျင်းယွင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဟုတ်ပြီ...ဟယ့်လောင်ရှီး ဒီမေးခွန်းအတွက် အစွမ်းကုန်လုပ်ရမယ်နော်..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ တောက်ပသော မျက်လုံးများနှင့်ရင်းနှီးသော အမူအရာကို ထပ်မံတွေ့ခဲ့ရသည်။


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်..."


သို့သော် အချို့အရာများက အကောင်းဆုံးကြိုးစားရုံနှင့် မပြီးပေ။


ဒါရိုက်တာအဖွဲ့က အချိန်ကုန်သွားပြီဖြစ်ကြောင်း အလျင်အမြန်ကြေညာခဲ့ချိန်တွင် ဟယ့်ကျင်းယွင်က နောက်ဆုံးသီချင်းအမည်ကို မခန့်မှန်းနိုင်သေးဆဲဖြစ်သည်။


သူ ဘေးနားရှိ ဝေ့ပေက သေအောင် ထိတ်လန့်သွားခဲ့သည်။

"နှင်းဆီနီ...ဟယ့်လောင်ရှီး အဲဒါကနှင်းဆီနီ... နှင်းဆီလို့ပြောပြီးသား "အနီရောင်" လို့ ထပ်ပြောတာနဲ့ နိုင်တော့မှာကို..."


ဟယ့်ကျင်းယွင်က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

" 'နှင်းဆီ' ပဲမဟုတ်ဘူးလား..."


ယို့ကျားက ခေါင်းခါပြခဲ့သည်။


ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်မိ၏။


စိတ်မကောင်းပါဘူး...ဒီနေ့တော့ ဘာငါးလေးခြောက်မှမရှိတော့တဲ့ပုံပဲ...


ဧည့်သည်များ၏ စိတ်ပျက်မှုက အနီးနားရှိ ပရိုဂရမ်အဖွဲ့၏ အထိန်းအကွပ်မဲ့ ပျော်ရွှင်မှုနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က သူ့နေရာတွင် ရပ်နေပြီး သူ့မျက်လုံးထဲရှိ ယခင်အလင်းရောင်က ပျောက်ကွယ်သွားခဲ့သည်။ ယခုအချိန်၌ သူ ဘာတွေးနေသည်ကိုမသိရဘဲ ခေါင်းငိုက်စိုက်ကျနေသည်။


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နှလုံးသားထဲ နားမလည်နိုင်သော အမည်မသိခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။


ဟယ့်ကျင်းယွင် ခဏခန့် ဖော်ပြရန် သင့်တော်သည့် စကားလုံး ရှာမတွေ့ခဲ့ပေ။


ထိုအချိန်တွင် ဝေ့ပေက အခြေနေကို ဖြေလျှော့ရန် ထွက်လာခဲ့သည်။

"ဟေး အဆင်ပြေပါတယ်... ငါတို့ ငါးမရပေမယ့် ဒီပါဝင်ပစ္စည်းတွေက ငါတို့ဒီနေ့စားဖို့ လုံလောက်တယ်...ပြီးတော့ ကဏန်းဘုရင်တောင် ရှိသေးတယ်...အဲဒါက ငါးထက် ပိုဈေးကြီးတယ်..."


ယို့ကျားကလည်း အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်...အဲဒီလိုစဉ်းစားကြည့်ရင် မဆိုးပါဘူး..."


ယဲ့ဇယ်ရှစ်လည်း ခေါင်းညိတ်ပြပြီး ဟယ့်ကျင်းယွင်ကို ပြန်ကြည့်လိုက်သည်။

"ဟယ့်လောင်ရှီး သွားရအောင်လေ ညစာသွားချက်ကြမယ်..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို စိုက်ကြည့်ပြီး ရုတ်တရက် မေးခဲ့သည်။

"ငါးမရှိတာ အဆင်ပြေလို့လား..."


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင် ဤမေးခွန်းကိုမေးရန် မမျှော်လင့်ထားသောကြောင့် ခဏတာ ကြောင်အသွားခဲ့သည်။


ယဲ့ဇယ်ရှစ်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မလိမ်ရန် ဆုံးဖြတ်ခဲ့သည်။ အမှန်တွင် သူနှင့် ဟယ့်လောင်ရှီးက အလွန်ရင်းနှီးနေပြီဖြစ်သည်။


"ဒါပေါ့ ဘယ်အဆင်ပြေပါ့မလဲ..." 

ယဲ့ဇယ်ရှစ်က ကလေးဆန်စွာ နှုတ်ခမ်းစူပြလိုက်သည်။ 


"ဟယ့်လောင်ရှီးကြော်ကျွေးတဲ့ ငါးလေးခြောက်ကြော်မရှိတာ နှမြောစရာကြီး..."


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့သည်။


သေချာတယ်...ယဲ့ဇယ်ရှစ်ကအဲဒီလိုပဲ...


"ဒါဆို ငါနဲ့ ခဏလိုက်ခဲ့..." 


ဟယ့်ကျင်းယွင်က ပြောပြီးသည်နှင့် လက်ဆန့်ကာ ယဲ့ဇယ်ရှစ်၏ လက်မောင်းကိုကိုင်၍ ဝေ့ပေနှင့် ယို့ကျားတို့ဘက်သို့လှည့်ပြောလိုက်သည်။  

"ဒီပါဝင်ပစ္စည်းတွေကို အရင်ဖြေရှင်းထားလိုက်ပါ..."


ယဲ့ဇယ်ရှစ် ငြင်းရန် အခွင့်အရေးပင် မရခဲ့ဘဲ ဟယ့်ကျင်းယွင်၏ဦးဆောင်မှု နောက်သို့ပါသွားခဲ့ရသည်။


လမ်းတစ်ဝက်အရောက်မှသာ ယဲ့ဇယ်ရှစ် အသိပြန်ဝင်လာခဲ့သည်။

"ဟယ့်လောင်ရှီး ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ..."


သူတို့နှစ်ယောက်၏ လက်များက တင်းတင်းကြပ်ကြပ် တွဲယှက်နေကြပြီး အနည်းငယ်ပူလာခဲ့သည်။


ဟယ့်ကျင်းယွင်က ခေါင်းလှည့်ပြီး ပြုံးပြလာခဲ့သည်။

"အဲဒီနေရာကိုရောက်ရင် သိလိမ့်မယ်..."


သူတို့နှစ်ဦးသား အတန်ငယ်ဝေးသည့် နေရာသို့ ရောက်ပြီးမှသာ ကင်မရာအဖွဲ့နှင့် ပရိုဂရမ်အဖွဲ့သားများအားလုံး သတိပြန်ဝင်လာခဲ့ကြသည်။


ယို့ကျားက သူတို့နှစ်ဦး၏ နောင်ကျောကို မှင်တက်စွာ ငေးကြည့်နေပြီးနောက် ရုတ်တရက် သူမ၏ မျက်ခုံးကို တွန့်သွားကာ မျက်စံများ အနည်းငယ် ကျုံ့သွားခဲ့သည်။ 

"ဟေး... သူတို့လက်ကိုင်ပြီး လျှောက်သွားကြတာလား..."


ထိုသို့ပြောပြီးနောက် ယို့ကျားက ဝေ့ပေကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။


ဝေ့ပေက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ... အခုခေတ်မှာ ယောက်ျားတွေက လက်ကိုင်လို့မရတော့ဘူးလား..."


ယို့ကျား: "..."


ဝေ့ပေက ယို့ကျား အချိန်အတော်ကြာအောင် ပြန်မဖြေသည်ကို မြင်ချိန်တွင် ဆက်တိုက်မေးလာခဲ့သည်။


"ဘာလို့လဲ...ဘာလို့ ဘာမှမပြောတော့တာလဲ..."


"ဘာဖြစ်တာလဲ...ငါ မှားသွားလို့လား...မင်းတို့ မိန်းကလေးတွေတောင် နေ့တိုင်းလက်ကိုင်ကြတယ်လေ...ဘာလို့ ယောက်ျားလေးတွေက လက်ကိုင်လို့မရမှာလဲ..."


"ဒါပေမယ့်လည်း ဟယ့်လောင်ရှီးနဲ့ ဇယ်ရှစ်တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတယ်လို့ပြောရမယ်..."


ယို့ကျား: "..."


ငါ မှားသွားတယ်...ငါ ဒီအကြောင်းကို ဝေ့ပေနဲ့ မဆွေးနွေးလိုက်သင့်ဘူး...


ဝေ့ပေက ရေမရောတဲ့ အဖြောင့်စစ်စစ်ကြီးပဲ...


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့ဘက် ပြန်သွားမည်ဆိုလျှင် သူတို့က ဟိုတယ်မှ ထွက်လာပြီးနောက် ကားဆီသို့ တန်းသွားခဲ့ကြသည်။ ဟယ့်ကျင်းယွင်က သူတို့နောက်လိုက်လာသော ကင်မရာသမားကိုပင် မစောင့်နေဘဲ ကားစထွက်ခဲ့သည်။


သူတို့ နောက်လိုက်လာသော ကင်မရာသမားက အံ့အားသင့်သွားခဲ့သည်။

"ဟယ့်လောင်ရှီးရေ ဒီမှာလူတွေကျန်ခဲ့သေးတယ်..."


ယဲ့ဇယ်ရှစ်က ဟိုတယ်ရှေ့ရှိ ကင်မရာအဖွဲ့ကို ပြန်ကြည့်ကာ ချက်ချင်းပြုံးလိုက်သည်။

"သူတို့ကို ဒီအတိုင်းထားခဲ့လို့ကောင်းပါ့မလား...ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို မကြည့်ဘဲ ရှေ့ကလမ်းကိုသာ စိုက်ကြည့်ရင်း နှုတ်ခမ်းများ ကွေးတက်သွားခဲ့သည်။

"အင်း...သူတို့ကို မစောင့်ချင်ဘူး..."


"ကျွန်တော်တို့ဘယ်သွားကြမှာလဲ..." 

ယဲ့ဇယ်ရှစ်က မေးလိုက်သည်။


ဟယ့်ကျင်းယွင် : "ဟိုရောက်တာနဲ့သိလိမ့်မယ်..."


နောက်ဆုံးတွင် ကားက ယဲ့ဇယ်ရှစ်နှင့် အခြားသူများ မနက်ခင်းတုန်းက ရောက်ခဲ့သည့် ဆိပ်ခံ၌ ရပ်သွားခဲ့သည်။ ဟယ့်ကျင်းယွင်က ကားပေါ်မှဆင်းပြီး နောက်ခန်းထဲမှ ငါးမျှားတံထုတ်ယူကာ ငါးစာအချို့သွားဝယ်ခဲ့သည်။


ယဲ့ဇယ်ရှစ်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။

"ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ထံ ငါးစာ ထုတ်ကို ပစ်ပေးလိုက်သည်။ 

"ဆိပ်ကမ်းပိတ်ဖို့ နှစ်နာရီလောက် လိုသေးတယ်... ငါတို့ကံကောင်းဖို့ဆုတောင်းရမယ်... "


ယဲ့ဇယ်ရှစ်က ငါးစာထုတ်ကို အမိအရဖမ်းခဲ့ပြီး ဟယ့်ကျင်းယွင်ကို လက်မထောင်မထောင်ပြဘဲ မနေနိုင်ခဲ့ချေ။

"ဟယ့်လောင်ရှီးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ...ကျွန်တော် ဘာလို့ဒါကိုမစဉ်းစားခဲ့မိပါလိမ့်..."


"သွားရအောင်..." 

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဆီသို့ လက်ဆန့်ပေးလိုက်သည်။


ယဲ့ဇယ်ရှစ်က သူ့လက်ကို အလျင်အမြန် ဆွဲကိုင်ပြီး ဟယ့်ကျင်းယွင်နှင့်အတူ ရွက်လှေပေါ်သို့ လိုက်သွားခဲ့သည်။


ပရိုဂရမ်အဖွဲ့က သူတို့နောက် လိုက်လာခဲ့ပြီး ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။


"ဟယ့်လောင်ရှီးရေ...ဟယ့်လောင်ရှီး ကျွန်တော်တို့ကို ခဏစောင့်ပါဦး..." 

ကင်မရာသမားက လျင်မြန်စွာ ပြေးလာခဲ့သည်။


ရွက်လှေပေါ်ရှိ လူနှစ်ဦးက သူတို့၏ အသက်ကယ်အင်္ကျီများကို ၀တ်ဆင်ထားကြပြီး နှစ်ခါပင်ပြန်မတွေးဘဲ ရွက်လှေဆရာကို လှေစထွက်ရန် တောင်းဆိုခဲ့ကြသည်။


ဘာအတွက်စောင့်နေရမှာလဲ...အချိန်က ဘယ်သူ့မှ မစောင့်ဘူး...


ရွက်လှေအင်ဂျင်စက်ကို ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် လှေအမြီးတွင် အဖြူရောင်လှိုင်းတစ်ခုပေါ်လာပြီး ဆိပ်ကမ်းနှင့် လှမ်းသွားကာ နေရောင်အောက်၌ သက်တံတံတားလေးတစ်ခု ပေါ်လာခဲ့သည်။


ယဲ့ဇယ်ရှစ်က တောက်ပစွာပြုံးပြီး ကင်မရာသမားထံ လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ အရင်သွားလိုက်ဦးမယ်နော်..."


ဟယ့်ကျင်းယွင်က သူ့လက်ကို ဆန့်ထုတ်ပြီး ယဲ့ဇယ်ရှစ်၏ လက်ကိုကိုင်ကာ သံလိုက်ကဲ့သို့ ဆွဲငင်သော လေသံဖြင့် ပြောလိုက်သည်။

"မြဲမြဲထိုင်နေ... သတိထားရမယ်လေ..."


ယဲ့ဇယ်ရှစ်က ဤတစ်ကြိမ်တွင် သူ့ကို အပြုံးဖြင့် ပြန်ကြည့်လာခဲ့သည်။ ယဲ့ဇယ်ရှစ်၏ တောက်ပသော အပြုံးက စန်းယာရှိ နေရောင်ခြည်ထက်ပင် ပို၍ တောက်ပနေပေသည်။


ဟယ့်ကျင်းယွင်၏ အကြည့်များက ယဲ့ဇယ်ရှစ်၏ မျက်နှာပေါ်၌ ခဏမျှ ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ အကြည့်လွှဲလိုက်သည်။


ကောင်းပြီ...လုပ်ရကျိုးနပ်သားပဲ...


ဟယ့်ကျင်းယွင် ထိုသို့တွေးခဲ့မိလေ၏။



🎶🎶🎶