🎶 Chapter 61
ယဲ့ဇယ်ရှစ်က ဝေ့ပေထံမှ အလိုက်ခံနေရပြီး တစ်ပတ်ပတ်ပြေးနေခဲ့သည်။ နောက်ဆုံးတွင် သူ တကယ်မပြေးချင်တော့သောကြောင့် ဟယ့်ကျင်းယွင်နောက်၌ ဝင်ပုန်းပြီး ဟယ့်ကျင်းယွင်၏ အင်္ကျီစကို လက်တစ်ဖက်ဖြင့်ဆွဲ၍ တခြားလက်တစ်ဖက်ကို ဟယ့်ကျင်းယွင်၏ ပခုံးပေါ်တင်ထားကာ အကူအညီတောင်းလိုက်သည်။
"ဟယ့်လောင်ရှီး...ကျွန်တော့်ကို ကူညီပါဦး..."
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက ရုတ်တရက် နီးကပ်သွားပြီး ယဲ့ဇယ်ရှစ်၏ နွေးထွေးနေသော လက်ဖဝါးက သူ့ပုခုံးပေါ် ဖိကပ်ထားကာ လက်တွေ့ဖြစ်နေသကဲ့သို့ ခံစားရစေသည်။
ဟယ့်ကျင်းယွင်က သူ့ပခုံးပေါ်ရှိ လက်ကို တစ်ချက်ကြည့်ပြီး သူ့နောက်ရှိ ယဲ့ဇယ်ရှစ်ကို ကာကွယ်ရန် လက်ဆန့်တန်းခဲ့၏။
ထို့နောက် သူက ပြုံးပြီး သူ့အရှေ့ရှိ ဝေပေ့ကို ပြောလိုက်သည်။
"ကောင်းပြီ ပြဿနာမရှာနဲ့တော့..."
ဝေ့ပေက ခါးထောက်လိုက်သည်။
"ကျွန်တော် ဟယ့်လောင်ရှီးနဲ့လည်း စကားပြောရဦးမှာနော်...ကျွန်တော်တို့က မိတ်ဆွေတွေရော ဟုတ်သေးရဲ့လား... ဟယ့်လောင်ရှီးတို့ နှစ်ယောက်ထဲ လျှို့ဝှက်မစ်ရှင်တွေ သိထားပြီးတော့ ကျွန်တော်တို့ကိုကျ သတိမပေးခဲ့ဘူး..."
ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး နွေဦးလေပြေကဲ့သို ပြုံးလိုက်သည်။
"ဒါပေမယ့် အခန်းကနှစ်ခန်းပဲရှိတာလေ... ဇယ်ရှစ်ကလည်း သူ တစ်ခန်းလိုချင်တယ်လို့ပြောလို့...ပြီးတော့ ငါတို့က အဖွဲ့မှမတူတာ..."
သူ့စကားများ၏ဆိုလိုရင်းက ဤထက်ပိုပြီး မရှင်းနိုင်တော့ပေ။
ဝေ့ပေက အလွန်ဒေါသထွက်သွားပြီး သူ့ခေါင်းကိုသူ ကုတ်လိုက်သည်။
"ဒီမနက်တည်းက တစ်ခုခုမှားနေတာ သိသားပဲ...ဒါရိုက်တာကျန်းကိုတောင် မေးခဲ့သေးတဲ့ဟာကို...သူ ပြောတော့ ဘာတွင်းမှမရှိဘူးဆိုပြီးတော့...အဲဒါကြောင့် သူ့ကို ယုံခဲ့တာလေ...အခုကျ..."
"ဒီနေရာမှာ စိတ်ဆိုးနေမယ့်အစား မစ်ရှင်ကို မြန်မြန်ပြီးအောင်လုပ်တာ ပိုကောင်းမယ်ထင်တယ်နော်..."
တစ်ဖက်ခြမ်းရှိ ဒါရိုက်တာကျန်းက အလွန်ပျော်ရွှင်နေပြီး သူတို့ကို နောက်တစ်ကြိမ်ထိုးနှက်ခဲ့သည်။
ယို့ကျားက ရုတ်တရက် သူမ၏ရင်ဘတ်ထဲ နာကျင်မှုခံစားလိုက်ရသည်။
ငါ ဒီမနက်တုန်းက ဒါရိုက်တာကျန်းကို ယုံကြည်ခဲ့တာလေ...ဝေ့ပေကို ဆွဲဆောင်ဖို့တောင် ဒါရိုက်တာကျန်းကို ကူညီခဲ့သေးတယ်...ဒါပေမယ့် မမျှော်လင့်ထားတာက ငါကိုယ်တိုင် ငါနဲ့ငါ့အသင်းဖော်အတွက် တွင်းတူးပြီး ငါ့အသင်းဖော်ကို တွင်းထဲအတူခုန်ချဖို့ ဦးဆောင်ခဲ့တာပဲ...
"ပရိုဂရမ်အဖွဲ့က လူတွေကို ကစားတဲ့နေရာမှာ တကယ်တော်တာပဲ..."
သူတို့က ဧည့်သည်တွေကို ကစားနေတာတောင်မှပေါ့...
ထိုအချိန်၌ ဝေ့ပေနှင့် ယို့ကျားတို့က သူတို့၏ မစ်ရှင်များကို လုပ်ဆောင်ရန်သာ တတ်နိုင်ခဲ့သည်။
ဒါရိုက်တာကျန်းက အနည်းငယ် အပြစ်ရှိစိတ်ခံစားခဲ့ရသောကြောင့် ဝေ့ပေနှင့် ယို့ကျားအတွက် အလျော်ပေးခဲ့သည်။
သူတို့ ခြောက်နာရီမထိုးမီ အနည်းဆုံး မစ်ရှင်သုံးခုပြီးနိုင်သရွေ့ ညနေပိုင်း၌ ပင်လယ်စာညစာ ရရှိမည်ဖြစ်သည်။
သူတို့နှစ်ဦးက ဆုလာဘ်များရှိသေးကြောင်းသိပြီးနောက်တွင် မစ်ရှင်များကို ကျေနပ်စွာဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့အတွက်မူ မစ်ရှင်တစ်ခုသာ ကျန်တော့သည်။
သူတို့နှစ်ဦး ရှုခင်းနေရာကို လှည့်လည်ရင်း နောက်ဆုံးမစ်ရှင်က ပြီးမြောက်သွားခဲ့သည်။
နောက်ဆုံးရလဒ်က အံ့သြစရာပင် မရှိချေ။ ပင်လယ်နတ်ဘုရား ရေအောက်ဟိုတယ်နှစ်ခန်းကို ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က ဟိုတယ်သို့ ဦးဆောင်သွားခဲ့ကြသည်။ ယဲ့ဇယ်ရှစ်က အခန်းကတ်ကို ရပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ယခင်ဘဝက ယဲ့ဇယ်ရှစ်မှာ ပိုက်ဆံရှာနည်းကိုသာသိ၍ သူ့မိဘများ၏ အကြွေးကိုဆပ်ပြီးနောက် သူကောင်းကောင်းအနားယူနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် ပိုက်ဆံများအားလုံးကို ဆပ်ပြီးနောက်တွင် လုံလောက်ရန် ဝေးနေသေးကြောင်း သိခဲ့ရသည်။
အကြွေးဆပ်ပြီးနောက် တစ်ယောက်တည်းကျန်ခဲ့ပြီး နေစရာ နေရာမရှိ အိမ်မရှိဖြစ်ခဲ့သည်။
ထို့ကြောင့် ယဲ့ဇယ်ရှစ်က အလုပ်ကြိုးစားလုပ်ပြီး သူ့ကိုယ်သူ အိမ်တစ်လုံးပေးချင်ခဲ့သည်။ ယဲ့ဇယ်ရှစ်က အိမ်တစ်လုံးရပြီးနောက်မှသာ အလုပ်အနည်းငယ်လျှော့လုပ်နိုင်ခဲ့သည်။
ထိုအချိန်က သူသဘောကျသော ထောက်ခံစာများကို လက်ခံ၍ တစ်နှစ်လျှင်တစ်ခု သို့မဟုတ် နှစ်ခု ရိုက်ကူးပြီး ကျယ်ပြောလှပသော ကမ္ဘာကြီးကို ကြည့်ရန် အားလပ်ချိန်များ၌ ခရီးထွက်ချင်ခဲ့သည်။
သူ ငွေစုပြီးသည်နှင့် မမျှော်လင့်စွာပင် မတော်တဆမှုဖြစ်ပြီး ထိုကမ္ဘာမှ လုံးလုံးထွက်ခွာခဲ့ရသည်။
ယဲ့ဇယ်ရှစ် ထိုကမ္ဘာမှမထွက်ခွာမီ အလုပ်ချင်ဆုံးဆန္ဒက ခရီးထွက်ရန်ဖြစ်သည်။
အဲဒီနေရာမှာ ပင်လယ်တစ်ခုရှိရမယ်...ကောင်းကင်ပြာနဲ့ အပြာလွင်လွင်ရေက ချိတ်ဆက်နေပြီးတော့ ပင်လယ်ကြီးနဲ့ ကောင်းကင်က ဆက်စပ်နေရမယ်...
ပင်လယ်ရေက သလင်းကျောက်လိုကြည်လင်ပြီး ရောင်စုံငါးအုပ်စုတွေက လှပတဲ့ သန္တာကျောက်တန်းတွေကြားမှာ ကူးခတ်နေလိမ့်မယ်...
ငါ ဒီကမ္ဘာကို ရောက်လာကတည်းက အကြောင်းအမျိုးမျိုးကြောင့် ခရီးမထွက်နိုင်ခဲ့ဘူး...
ဒီနေ့မတိုင်ခင်အထိပဲ...
ဓာတ်လှေကား၏ထိပ်ဖျားမှ အောက်ခြေအထိက ပင်လယ်အောက်၌ နစ်မြုပ်နေသော မှန်စင်္ကြန်တစ်ခုနှင့်တူပေသည်။ ရာနှင့်ချီသောငါးများက ပင်လယ်အောက်ခြေတွင် ကူးခတ်နေကြပြီး မြင်ကွင်းတစ်ခုလုံးကို အပြာရောင်ရေများဖြင့် ဝန်းရံထားသည်။
ယဲ့ဇယ်ရှစ် ခဏခန့် လှုပ်ရှားရန် မေ့သွားခဲ့သည်။
"သွားကြရအောင်လေ..."
ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးခဲ့ကာ ယဲ့ဇယ်ရှစ် သတိပြန်ဝင်လာခဲ့သည်။
ဝန်ထမ်းက သူတို့နှစ်ယောက်အတွက် တံခါးဖွင့်ပေးခဲ့ပြီး လိုက်ကာများကိုလည်း ဆွဲပေးခဲ့သည်။ ငါးများက မှန်နံရံဘေးမှဖြတ်ကာ ကူးခတ်သွားခဲ့ကြသည်။ ရေပူဖောင်းလေးများပေါ်လာသည်ကိုပင် ထင်ရှားစွာ မြင်နေရသည်။
ဝန်ထမ်းက ဧည့်သည်များကို ပို့ဆောင်ပြီးနောက် ချက်ချင်းထွက်သွားခဲ့သည်။
ဟယ့်ကျင်းယွင်က ဤတည်းခိုခန်း၌ အကြိမ်များစွာ တည်းခိုဖူးခဲ့၍ သူ့အတွက် အသစ်အဆန်းများ ပျောက်ကွယ်သွားသည်က ကြာပြီဖြစ်သည်။
သူက အခန်းထဲကို လှည့်ပတ်ပြီး တစ်ဖက်တံခါးဆီသို့ သွားကာ တံခါးခေါက်တော့မည့်အချိန်တွင် ယဲ့ဇယ်ရှစ်၏ တံခါးက လုံးလုံး မပိတ်ထားသည်ကို သိလိုက်ရ၏။
ဟယ့်ကျင်းယွင် အထဲသို့ လှမ်းကြည့်လိုက်ရာ ယဲ့ဇယ်ရှစ်က မှန်နံရံရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဇယ်ရှစ်၏ မျက်နှာပေါ်တွင် သူတစ်ခါမှ မမြင်ဖူးသော အမူအရာရှိနေခဲ့သည်။
ယခင်က "Time Idol" အတွက် လေ့ကျင့်ခဲ့ချိန် သို့မဟုတ် "ကျော်ကြားသော စစ်သူကြီး" ရိုက်ကူးခဲ့ချိန်၌ ယဲ့ဇယ်ရှစ်က ထိုကဲ့သို့ စိတ်လှုပ်ရှားမှုပြည့်ဖြစ်မနေဘဲ အချိန်တိုင်းအေးအေးလူလူသာရှိခဲ့သည်။
သို့တိုင် ယဲ့ဇယ်ရှစ်က သူ၏ ထူးကဲသောစွမ်းဆောင်ရည်များဖြင့် အကနှင့် သီချင်းတိုင်းကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိခဲ့သည်။ အမြဲလိုလို ဇီဇာကြောင်တတ်သော ဒါရိုက်တာချန်ပင်လျှင် ယဲ့ဇယ်ရှစ်က သရုပ်ဆောင်ရန် မွေးဖွားလာသည်ဟု ချီးကျူးခဲ့သည်။
ထိုသို့ ချီးကျူးမှုများရချိန်တွင် ယဲ့ဇယ်ရှစ်က အမြဲပြုံးနေတတ်သည်။
သို့သော် ပြုံးရုံသာဖြစ်သည်။
ယဲ့ဇယ်ရှစ်အတွက် အခြားသူများထံမှ ချီးမွမ်းခံရခြင်းက အရေးမကြီးသည့်အပြင် သူ့စိတ်ထဲ စိတ်မရှည်မှု အနည်းငယ်ပင်ရှိခဲ့ကြောင်း ဟယ့်ကျင်းယွင် သတိထားမိခဲ့သည်။
ယဲ့ဇယ်ရှစ်၏ မျက်လုံးများက သူ ကြိုက်သော ငါးလေးခြောက်ကြော်များကို တွေ့ချိန်မှသာ အနည်းငယ် တောက်ပသွားတတ်သည်။
၎င်းက အလွန်စိတ်ဝင်စားစရာကောင်းသည်ကို ဟယ့်ကျင်းယွင် တွေ့ရှိခဲ့သောကြောင့် ယဲ့ဇယ်ရှစ်ကို တစ်ကြိမ်နှစ်ကြိမ်မက ထပ်ခါထပ်ခါ ကျွေးမွေးခဲ့သည်။
သို့သော်လည်း ထိုအချိန်များရှိ ယဲ့ဇယ်ရှစ်၏ မျက်လုံးများက ယနေ့ကဲ့သို့ မတောက်ပနေခဲ့ချေ။
ထို့အပြင် ယခုအချိန်၌ ယဲ့ဇယ်ရှစ်၏ မျက်လုံးများထဲ အလင်းရောင်ရှိနေရုံသာမက ဟယ့်ကျင်းယွင် ယခင်က မမြင်ဖူးခဲ့သော စိတ်ဆန္ဒတစ်ခုကိုပင် မြင်နေရသည်။
ဆန္ဒများပြည့်ဝလာချိန်၌ ဝမ်းသာပီတိဖြစ်သလိုပင်။
ယဲ့ဇယ်ရှစ်၏ ခန္ဓာကိုယ်ကပင် အလင်းရောင်များဖြင့် တောက်ပနေပုံရသည်။
ဟယ့်ကျင်းယွင်က သူယခုကဲ့သို့ ကံကောင်းသည်ဟု တစ်ခါမှ မခံစားဖူးခဲ့ချေ။
ကံကောင်းလို့ ယဲ့ဇယ်ရှစ်က လျှို့ဝှက်မစ်ရှင်ကို အရင်ရှာတွေ့ပြီး...ကံကောင်းပြီး ငါတို့နိုင်ခဲ့လို့သာပေါ့...
မဟုတ်ရင် ငါ ယဲ့ဇယ်ရှစ်ရဲ့မျက်နှာပေါ်က ဒီလိုပုံစံကို ဘယ်တော့မှ မြင်တွေ့နိုင်လောက်မှာလဲ...
ယဲ့ဇယ်ရှစ်က မှန်နံရံအပြင်ဘက်ရှိ ရေအောက်ကမ္ဘာကို တိတ်တဆိတ်ကြည့်နေပြီး ဟယ့်ကျင်းယွင်က မှန်နံရံနောက်တွင် ရပ်နေသော ယဲ့ဇယ်ရှစ်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ် သို့မဟုတ် မိနစ်တစ်ဒါဇင်ခန့်ကြာပြီးနောက်တွင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ထံ ချဉ်းကပ်ပြီး နူးညံ့စွာမေးခဲ့သည်။
"ဗိုက်ဆာနေပြီလား..."
ယဲ့ဇယ်ရှစ်၏ သူ့အာရုံများက ပြန်ရောက်လာကာ ဟယ့်ကျင်းယွင်ကို သတိပြုပြီးနောက် သူ့ကိုပြုံးပြ၍ အပြင်သို့ လျင်မြန်စွာကြည့်ရင်း အပြုံးတစ်ခုဖြင့် ပြောခဲ့သည်။
"နည်းနည်းတော့ ဗိုက်ဆာနေပြီ..."
ဟယ့်ကျင်းယွင်က ခေါင်းညိတ်ပြလိုက်သည်။
ခဏအကြာတွင် သူပြောလိုက်၏။
"ဒီနားမှာ စားပွဲချပြီး ငါးတွေကိုကြည့်ရင်း ငါးလေးခြောက်ကြော်စားရရင် ကောင်းမှာပဲ..."
ယဲ့ဇယ်ရှစ်က အံ့အားသင့်သွားပြီး ငါးလေးခြောက်ကို တွေးမိချိန်တွင် သူ့နှုတ်ခမ်းကိုသူ လျှာဖြင့် မသပ်ဘဲ မနေနိုင်ခဲ့ချေ။
"ဒါပေမယ့် ဒီမှာငါးလေးခြောက်မှမရှိဘဲ..."
ဟယ့်ကျင်းယွင်က ပြန်မဖြေခဲ့ချေ။
ယဲ့ဇယ်ရှစ်က နောက်ဆုံးတွင် မှန်နံရံ ဘေးမှခွာရန် ဆန္ဒရှိလာခဲ့သည်။ သူက အခန်းတစ်ဝိုက်ကို အလျင်စလို တစ်ချက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။
"ဒါနဲ့ ကျွန်တော်တို့အခန်းထဲမှာ မီးဖိုချောင်မရှိဘူးပဲ...ဒါရိုက်တာကျန်းဆီက ကြားထားတာ မနက်ဖြန်ကျ ဧည့်သည်တွေကိုယ်တိုင် ဟင်းချက်ရမယ့် အစီအစဉ်ရှိမယ့်ပုံဆိုလား..."
ဟယ့်ကျင်းယွင်၏ နက်ရှိုင်းသော မျက်လုံးများက ကွေးညွှတ်သွားပြီး ပြုံးကာ ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။
"ငါ့မှာ နည်းလမ်း ရှိတယ်..."
×××××
မကြာမီတွင် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ နည်းလမ်းရှိသည်ဟူသော ဆိုလိုရင်း နားလည်သွားခဲ့သည်။
ဟယ့်ကျင်းယွင်က ဦးစွာ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီး လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များအပြင် ပင်လယ်စာနှင့် ငါးအချို့ယူလာပေးရန် တောင်းဆိုခဲ့သည်။
ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့က ပါဝင်ပစ္စည်းများနှင့် ဝေ့ပေ၏တံခါးကို အတူတူခေါက်ခဲ့ကြသည်။
ဝေ့ပေက သူ့တို့ကို နှင်ထုတ်ချင်ခဲ့သော်လည်း တစ်ဖက်တွင် ဟယ့်ကျင်းယွင်၏ လက်ရာကို မမြည်းစမ်းရသည်မှာ ကြာပြီဖြစ်၏။
ဝေ့ပေက ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီးနောက် ကူညီရန် လိုက်သွားခဲ့သည်။
ဟယ့်ကျင်းယွင် ကိုယ်တိုင်ညစာချက်မည်ကို သိလိုက်ရချိန်တွင် ဒါရိုက်တာအဖွဲ့ကလည်း အလွန်ပျော်သွားပြီး ကင်မရာသမားကို လျင်မြန်စွာ ခေါ်ခဲ့သည်။
ခဏအကြာတွင် ယို့ကျားလည်း သတင်းကြားပြီး အပျော်သဘောဖြင့် ပါဝင်ရန် ရောက်လာခဲ့သည်။
သူမ မူလက ကြည့်ပြီးသည်နှင့် ထွက်သွားချင်ခဲ့သော်လည်း အိုးထဲရှိ ဟင်းသီးဟင်းရွက်များ၏ရနံ့ကို ရပြီးချိန်တွင် သူမ ခြေထောက်များကိုပင် မလှုပ်နိုင်တော့ချေ။
ယဲ့ဇယ်ရှစ်က တစ်ဖက်တွင် ကူညီနေရင်း ၎င်းကိုမြင်ချိန်တွင် ဟယ့်ကျင်းယွင်ကို မစိုက်ကြည့်ဘဲ မနေနိုင်ခဲ့ချေ။
ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏အကြည့်ကိုလက်ခံရပြီးနောက် သူလုပ်နေသမျှကို ခေတ္တရပ်ခဲ့သည်။ သူ နှစ်စက္ကန့်ခန့်ကြာအောင် ပြန်စိုက်ကြည့်ပြီးနောက် ယဲ့ဇယ်ရှစ် ဆိုလိုသည်ကို နားလည်သွားခဲ့သည်။
ဟယ့်ကျင်းယွင်က သူ့ဘေးနားရှိ နေရာမှ ရွှေ့ရန်ဝန်လေးနေသော လူနှစ်ယောက်ကိုကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးပြီး အပြုံးဖြင့် မေးလိုက်၏။
"အခန်းထဲမှာရှိတဲ့ ထမင်းစားခန်းက အကြီးကြီးပဲ...ဒါဆို ငါတို့ညစာအတူစားကြရင်ရော..."
"ကောင်းပြီလေ..."
ယို့ကျားက မဆိုင်းမတွ ခေါင်းညိတ်ပြခဲ့သည်။
ငါ သူတို့နောက်လိုက်ပြီး အခန်းကြည့်ရတော့မယ်...ပင်လယ်ရေအောက်ကမ္ဘာဟိုတယ်ခန်းက တကယ်လှတာ...ငါ အဲဒီမှာ ထိုင်စားသောက်ရင်းနဲ့ ရှုခင်းတွေကြည့်လို့ရတော့မယ်...ဓာတ်ပုံတွေလည်း အများကြီး ရိုက်ရမယ်...
ဝေ့ပေ၏စိတ်ထဲ၌ အစကတည်းက ဆက်နေရန် မည်သည့်အကြောင်းပြချက်ပြရမည်ကို တွေးနေခဲ့သောကြောင့် သဘာဝအတိုင်း ငြင်းဆန်မည်မဟုတ်ချေ။
"ဒါဆို ကျွန်တော့်အခန်းထဲသွားရအောင်လေ..."
ထိုအချိန်တွင် ယဲ့ဇယ်ရှစ်က အကြံပြုလာခဲ့သည်။
လူတိုင်းကလည်း ထုံးစံအတိုင်း မကန့်ကွက်ခဲ့ကြချေ။
ဟယ့်ကျင်းယွင် ချက်ပြုတ်ပြီးချိန်တွင် သူတို့အဖွဲ့က ဟင်းပွဲများနှင့်အတူ ယဲ့ဇယ်ရှစ်၏ အခန်းသို့ သွားခဲ့ကြပြီး သူ့အခန်းထဲရှိ ထမင်းစားပွဲ၌ ဟင်းပွဲများတည်ခင်းခဲ့ကြသည်။
ဒါရိုက်တာအဖွဲ့ပင်လျှင် ရိုက်ကူးရေးပထမဆုံးနေ့တွင် ဧည့်သည်များ အချင်းချင်း လိုက်လျောညီထွေရှိနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ပရိုဂရမ်အဖွဲ့က သူတို့ပြင်ဆင်ထားသည့် ပင်လယ်စာညစာကို အချိန်ကိုက် ပေးခဲ့သည်။
ယဲ့ဇယ်ရှစ်က စားပွဲပေါ်ရှိ တလက်လက်တောက်ပနေသော အစားအသောက်များကို ကြည့်ရင်း မနေနိုင်ဘဲ သူ့ဖုန်းကို ထုတ်ယူကာ ထောင့်ကောင်းကောင်းမှ သေချာချိန်၍ ဓာတ်ပုံရိုက်ယူပြီး Weibo ၌ တင်ခဲ့သည်။
@ယဲ့ဇယ်ရှစ်- ပင်လယ်ကိုကြည့်ရင်း ပင်လယ်စာစား...
ပုံကို အကျယ်ချဲ့ကြည့်ပါက နောက်ခံတွင် အတားအဆီးမရှိ ကျယ်ပြောသော အပြာရောင်သမုဒ္ဒရာကမ္ဘာကြီးနှင့် လွတ်လပ်စွာ ကူးခတ်နေသော ငါးများရှိလေသည်။ မှန်နံရံရှေ့ရှိ ထမင်းစားစားပွဲပေါ်တွင် အရသာရှိဟန်ပေါ်သည့် ပင်လယ်စာ စားတော်ပွဲကြီးတစ်ခုရှိနေသည်။
Weibo တွင် ထိုပို့စ်ကို တင်ပြီးသည်နှင့် comment ဧရိယာ၌ မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားခဲ့သည်။
[??? ငါ ငါးလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ်...]
[ငါးများ : ငါတို့ တွေ့နေရတာက အမှန်တွေလား...]
[ငါး: ဝှက်သယ်ဖာ့ခ်...]
[အဲဒါက ဘယ်မှာလဲ... အရမ်းလှတာပဲ...]
[ရှစ်ပေါင်ပေ့ရေ ရသစုံရှိုးရိုက်နေတာလား...]
[ပုံထဲကနေရာက ပင်လယ်နတ်ဘုရားရေအောက်ဟိုတယ်ခန်းနဲ့တူတယ်... ဒါဆို "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ပထမအပိုင်းက စန်းယာမှာ ရိုက်တာပေါ့...]
[ငါတွေ့ထားတာကို ကြည့်လိုက်ကြဦး... စားပွဲပေါ်မှာ ပန်းကန်လေးလုံးရှိတယ်တွေ့လား...အဲဒါ ရှစ်ရှစ်၊ ရုပ်ရှင်ဧကရာဇ်ဟယ့် ဝေ့ပေနဲ့ ယို့ကျားတို့ပဲဖြစ်ရမယ်... သူတို့နှစ် တကယ်ကြီး ရှိုးအတူတူ ရိုက်နေကြတာပဲ...ငါ ချက်ချင်း အဲဒီရှိုးကိုကြည့်ချင်လာပြီ...]
[သေချာပေါက်ဟုတ်လောက်တယ်...]
[ဒါပေမယ့် ငါးတွေရှေ့မှာ ငါးစားနေတာက အရမ်းမများလွန်းဘူးလား...]
[ဒါပေမယ့် အရမ်းလှတယ်လေ...ငါဆိုရင်လည်း အဲဒီလောက်လှတဲ့နေရာမှာ ငါးတွေကိုကြည့်ရင်း ငါးစားနိုင်တယ်...]
[သေချာတယ်...ဖန်တွေကလည်း သူတို့ idol တွေလိုပဲ... လူသားတွေ မဟုတ်ကြဘူး ဟားဟားဟားဟား...]
[ငါးနှလုံးသားလေး: နင်တို့က နတ်ဆိုးအုပ်စု မဟုတ်တာ သေချာရဲ့လား...]
[ဇယ်ရှစ်ရဲ့ဖန်တစ်ယောက်အနေနဲ့ ငါ့ကို ချီးကျူးနေတယ်လို့ မှတ်လိုက်ပြီနော်...]
[ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ ရိုက်ကူးအတူလုပ်ပြီး ညစာအတူစားနေကြတာပဲ... အိုက်ယား ငါ့ရဲ့ ဟယ့်ရှစ် CPကတော့ အချိုတွေကျွေးနေပြန်ပြီ... ကျေးဇူးပြုပြီး ငါ့ကို ချိုမြိန်မှုတွေနဲ့ သေအောင် ဖိသတ်လိုက်ကြစမ်းပါ...]
[ဟယ့်ရှစ်က အရမ်းချိုတာပဲ...ငါ သကြားအများကြီး စားနေရတုန်းလို့ ခံစားရတယ်...]
🎶🎶🎶