Chapter 53
Viewers 21k

🎶 Chapter 53



ယွိရယ်က ဟယ့်ကျင်းယွင်ဆီသို့ ဖုန်းကို အမြန်လွှဲပေးလိုက်သည်။ 


ဟယ့်ကျင်းယွင် ဖုန်းကို ယူလိုက်သည်။


ဓာတ်ပုံများက အဝေးမှ ရိုက်ထားသည့်ပုံပေါ်သည်။ အရပ်မြင့်မြင့်နောက်ကျောသဏ္ဌာန်က Camelတံဆိပ် လေကာအင်္ကျီကို ဝတ်ထားသောကြောင့် ပို၍သွယ်လျသည့်ပုံပေါ်နေသည်။


မျက်နှာကို ကြည့်စရာမလိုဘဲ ထိုနောက်ကျောကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မည်သူမှန်း ဟယ့်ကျင်းယွင် တန်းသိလိုက်သည်။


ထိုသူက ယဲ့ဇယ်ရှစ်ပင်။


ယဲ့ဇယ်ရှစ်၏ဘေးတွင် ရပ်နေသူမှာ ထန်ကျင့်ဖြစ်သည်။


သူတို့နှစ်ဦးမှာ ဘေးဘက်ကိုလှည့်ကာ တစ်ယောက်နှင့် တစ်ယောက် ကြည့်ပြီး ပြုံးနေကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့် အရာတစ်ခုခုကို ပြောနေကြသည့်အလားပင်။


သို့သော် ထိုဓာတ်ပုံတစ်ပုံတည်းက မည်သို့မှ အဓိပ္ပါယ်ကောက်၍မရပေ။


သေချာပေါက်ပင် နောက်တစ်ပုံထဲတွင် သူတို့နှစ်ဦးက ပို၍နီးကပ်သွားပုံရသည်။


ဓာတ်ပုံထဲတွင် သူတို့ကို ပါပါရာဇီက ဓာတ်ပုံရိုက်သည်ကို ယဲ့ဇယ်ရှစ်က သတိထားမိနေသည်ထင်သည်။ သူ့လက်ကို ထန်ကျင့် ပုခုံးပေါ်တွင် တင်ထားသည်။


နောက်ဆက်တွဲ ဓာတ်ပုံများမှာ ယဲ့ဇယ်ရှစ်က ထန်ကျင့်၏ပခုံးပေါ် လက်တင်ထားလျက်နှင့်ပင် ထန်ကျင့်ကို ဇိမ်ခံကားထဲသို့ ခေါ်သွားကာ နှစ်ယောက်သား မောင်းထွက်သွားကြသည်။


လိုရာဆွဲတွေးနိုင်သည့် စာသားနှင့် ထိုဓာတ်ပုံများက အင်တာနက်အသုံးပြုသူများ၏ အာရုံကို ဆွဲဆောင်နိုင်ရန်လုံလောက်သည့်အပြင် သတင်းကလည်း အနည်းငယ် ယုံကြည်စဖွယ်ကောင်းနေခဲ့သည်။


ဓာတ်ပုံများမှာ ညသန်းခေါင်တွင် ထွက်ပေါ်လာခဲ့သော်လည်း ချက်ချင်းဆိုသလိုပင် hot search ပေါ်ရှိ ထိပ်တန်းစာရင်းသို့ ဝင်ရောက်သွားခဲ့သည်။


ဖန်ဒမ်းနှစ်ခုလုံးမှာ တစ်ချိန်တည်း၌ ကြောင်အသွားကြသည်။ 


[ဘယ်လို အခြေအနေကြီးလဲ...]


[ဖာ့ခ်... ငါ့ဖရဲသီး ပြုတ်ကျသွားပြီ... ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်က တကယ်ကြီး တွဲနေကြတာလား...]


[မဖြစ်နိုင်တာ... ရှစ်ရှစ်က အဲ့ဒီလောက် မတုံးလောက်ပါဘူးနော်... စားကျက်တစ်ခုတည်းမှာ စားနေတုန်းလား... ထန်ကျင့်က ဘာများကောင်းနေလို့လဲ... ငါ နားကိုမလည်တော့ဘူး...]


(T/N- စားကျက်တစ်ခုတည်းမှာ စားနေတုန်းလားဆိုတဲ့ စကားက "မြင်းကောင်းမှန်ရင် စားကျက်တစ်ခုတည်းမှာ နှစ်ခါပြန်မစားဘူး" ဆိုတဲ့ ဒေသိယစကားကလာပါတယ်။ အတွေ့အကြုံဟောင်းကို ပြန်မခံစားသင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ)


[ဟေး...ယဲ့ဇယ်ရှစ်က ဘာတွေကောင်းနေလို့လဲဆိုတာ ငါလည်းနားမလည်တော့ဘူး... ဒီအတိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးလေးပဲ မဟုတ်ဘူးလား... ထန်ကျင့်နဲ့ အတူရှိဖို့ သူကတန်လို့လား...]


[အေး... ငါလည်းနားမလည်တော့ဘူး... ထန်ထန်က အရမ်းကိုကြိုးစားတာလေ သူက ဘာဖြစ်လို့ ယဲ့ဇယ်ရှစ်ကို ကြိုက်ရမှာလဲ...]


[အပေါ်ထပ်ကနှစ်ယောက်က ရှက်ဖို့ကောင်းတဲ့ မှတ်ချက်မျိုး ဘယ်လိုရေးရလဲ သိတဲ့ပုံပဲနော်...]


[မင်းတို့ဖန်တွေက တော်တော်ကြောင်တာပဲ... ဒါပေမဲ့ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်... ထန်ကျင့်က အရမ်းတော်တယ်ဆိုရင် ဘာဖြစ်လို့ "Time Idol"မှာ ပထမနေရာကို မရဖူးတာလဲ... ယဲ့ဇယ်ရှစ်က မကောင်းဘူး ဟုတ်လား... ဒီအတိုင်း ဒုတိယမျိုးဆက်သူဌေးလေးပေါ့လေ... ဒါပေမဲ့ သူက ပထမနေရာကို သုံးကြိမ်တောင် ဘယ်လိုရသွားတာပါလိမ့်နော်...]


[နင်...]


ယခင်တစ်ခေါက်မှ စွေ့ယီနှင့် မတော်တဆမှုကြောင့် ထန်ကျင့်ဖန်များက ယဲ့ဇယ်ရှစ်ကို ကျေးဇူးတင်နေကြသည်။ သို့သော် ထိုကျေးဇူးတင်ခြင်းက ယဲ့ဇယ်ရှစ်ကို ထန်ကျင့်နှင့် တွဲရန်ခွင့်ပြုသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။


ယဲ့ဇယ်ရှစ်၏ဖန်များက ရိုးရိုးရှင်းရှင်းပင် ရပ်တည်သည်။ သူတို့၏ ယဲ့ဇယ်ရှစ်တွင် လိုအပ်ချက်များရှိ‌နေသေးသည်ကို သူတို့သိကြသည်။ အခြားသူများက ထိုသည်ကို ထောက်ပြလာလျှင်လည်း သူတို့ ရည်ရည်မွန်မွန်ပင် လက်ခံခဲ့သည်။ သို့သော် သူတို့အိုင်ဒေါကို သိက္ခာကျ အရှက်ရစေမည့် ကိစ္စများ ပြုလုပ်လာလျှင် ဖန်များက လုံးဝလက်ခံလိမ့်မည် မဟုတ်ချေ။


တစ်စုံတစ်ယောက်က အစပြုလိုက်သည်နှင့် အခြားဖန်များလည်း လိုက်ပြောလာကြသည်။ မှတ်ချက်ဧရိယာမှာ ခေတ္တမျှ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။


ထိုအချိန်တွင် ဖြတ်လျှောက်များသာ ဤသို့ ပြောရဲခဲ့သည်။


[နှစ်ယောက်တွဲဓာတ်ပုံတွေတောင် ရှိနေတာကို ဘာတွေရှင်းပြချင်နေသေးတာလဲ...]


[အိုက်ယား... သူတို့က တွဲတောင်နေပြီလား... ဒီနေ့ခေတ်မှာ လူငယ်တွေအတွက် ဒါမျိုးကပုံမှန်ပါပဲ... ပြီးတော့ မင်းတို့ဖန်တွေ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲနေစရာမလိုပါဘူး... နောက်ကျ သူတို့က တကယ်ကြီး သူတို့ရဲ့အချစ်ရေးကို လူထုရှေ့ချပြလိုက်ရင် အဲဒီချိန်ကျရင်လဲ နေ့တိုင်း ရန်ဖြစ်နေကြဦးမှာလား...]


ထိုမှတ်ချက်များကို မြင်လိုက်ရသောအခါ ဖရဲရွက်လေးများမှာ ပို၍ပင် စိတ်ဆိုးလာကြသည်။

(T/N- ဖရဲရွက် = ယဲ့ဇယ်ရှစ်ဖန်ဒမ်းနာမည်)


[ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်က သူငယ်ချင်းတွေပဲ... မင်းတို့ အထင်မလွဲဖို့ မျှော်လင့်ပါတယ်... သူငယ်ချင်းတွေကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပခုံးပေါ်လက်တင်တာက ပုံမှန်ပဲမဟုတ်ဘူးလား... ဒီဓာတ်ပုံက သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့သက်သေ လုံးဝမဖြစ်ဘူးနော်...]


[တွေးမိတာလေးတစ်ခု... အခု 2020တောင်‌ရောက်နေပြီကို အနုပညာရှင်နှစ်ယောက်က အတူစကားပြောပြီး တစ်ယောက်ပခုံးပေါ်တစ်ယောက် လက်တင်လိုက်တာနဲ့ တွဲနေပြီလို့ သတ်မှတ်ကြသေးတုန်းလား... သာမန်သူငယ်ချင်းတွေလည်း အတူတူတွေ့ပြီးတော့ အတူတူထမင်းစားလို့ မရတော့ဘူးလား...]


တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေကြသည့် cpဖန်မဟုတ်သူများနှင့် ယှဉ်လျှင် cpဖန်များ၏ အပြုအမူများက ကွဲပြားသည်။


ရှီးထန်cpဖန်များက အလွန့်အလွန် စိတ်လှုပ်ရှားနေကြသူများ ဖြစ်ကြသည်။


[လခွမ်း... အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီကရှီးထန်cpဖန်လေးကတော့ အားရတယ်... ကျေနပ်တယ်...]


[သူတို့ တွဲနေကြပြီလို့ ငါကြေညာလိုက်တယ်...]


[ကိစ္စမရှိဘူး... မြင်ရတာက ယုံကြည်ရတာပဲ... အခုငါမြင်နေပြီ... သူတို့ကတွဲနေကြပြီ...အမေရေ သမီးရွက်လွှင့်ခဲ့တဲ့ cpက သေလောက်စရာပဲ...]


[စိန်ထက်တောင်မှ ပိုစစ်သေးတယ်...]


[ချိုလွန်းတယ်...အရမ်းချိုလွန်းတယ်... နှစ်သစ်ကူးပွဲတော်ပဲဟေ့... နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေနော်...]


ဟယ့်ရှစ်cpဖန်ဘက်ကို ကြည့်လိုက်ပါက ဝမ်းနည်းနေသည်ဟု ဆိုရမည်ထက် ထိုင်းမှိုင်းပြီး မကြည်မလင်ဖြစ်နေသည်ဟု ဆိုရမည်ပင်။


[နေရာမှာတင် ကြေကွဲနေပြီ... ဟယ့်ရှစ်cp က BEလား...]

(BE = bad ending)


[အမေရေ... အခုမှ ဟယ့်ရှစ်cpဖန် ဖြစ်ကာစရှိသေးတာကို ငါ့မှာ အထူးစွမ်းရည်ရှိတာလား ဘာလားပဲ...ငါရှစ်သမျှ cpတိုင်းက နောက်ရက်ဆို BEဖြစ်တော့တာပဲ...]


[ဝူး... ငါငိုနေပြီ... အပေါ်ထပ်က ညီမရေ မင်းအကောင့်ကို တစ်နေရာမှာ ငါမြင်ဖူးသလိုပဲ... နောင်ခါများကျရင် ငါရှစ်တဲ့ cpကနေ ဝေးဝေးနေပေးပါလားဟင်...]


[ဖာ့ခ်... ငါ အခုထိလက်မခံနိုင်သေးဘူး... မယုံကြည်ပေးနိုင်ဘူး... တရားဝင် ထုတ်ပြန်ချက် မထွက်လာမချင်း ငါမယုံပေးနိုင်ဘူး...]


"..."


စိတ်လှုပ်ရှားမှုကို ခံစားရန်အတွက် ဖြတ်လျှောက်များက မှတ်ချက်ဧရိယာသို့ ပို၍ပို၍ ရောက်လာကြသည်။ နောက်တစ်ရက်သည် အလုပ်ဆင်းရမည့်ရက် ဖြစ်သော်လည်း ဖရဲသီးစားရန်အတွက် ညဇီးကွက်များနှင့် ကျောင်းသားများက အိပ်ချိန်ကောင်းကောင်းရရှိရန် မလိုအပ်ကြချေ။


ထိုသည်ကို ဖတ်ပြီးသောအခါ ဟယ့်ကျင်းယွင်က ယွိရယ်ဆီသို့ ဖုန်းကိုပြန်ပေးလိုက်သည်။


ဟယ့်ကျင်းယွင်၏ အမူအရာကိုကြည့်ကာ ယွိရယ် တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။

"ဘယ်လိုထင်လဲ အစ်ကိုဟယ့်..."


ဟယ့်ကျင်းယွင် ကြောင်သွားကာ ယွိရယ်ကို စိတ်ဝင်တစားကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

"အခုတော့...စောင့်ကြည့်ကြတာပေါ့..."


ယွိရယ်: "ဟမ်..."


ဟယ့်ကျင်းယွင်: "ဒါပေမယ့်...ဒီတစ်ခါတော့ လူထုဆက်ဆံရေးအဖွဲ့က လှိုင်းအကြီးကြီးရိုက်ခတ်ခံရနိုင်ချေရှိတယ်..."


ယွိရယ် စဉ်းစားမရဖြစ်သွားသည်။

"ဟမ်... အစ်ကို ဘာကိုဆိုလိုတာလဲ..."


ဟယ့်ကျင်းယွင် မရယ်ခဲ့ပေ။ သူ အေးဂျင့်ဆီသို့ စာတစ်စောင်ပို့လိုက်သည်။


........


ထန်ကျင့် အိမ်ပြန်ရောက်သည်နှင့် ခြေလက်ဆေးကြောရန် အချိန်ပင်မရလိုက်ချေ။ သူ့အေးဂျင့်ဆီမှ ဖုန်းခေါ်သည်ကို လက်ခံလိုက်ရသည်။


ဖုန်းဝင်သွားသည်နှင့် ထန်ကျင့်က 'ဘာကိစ္စရှိလို့လဲ'ဟု မမေးရသေးမီတွင် တစ်ဖက်မှအေးဂျင့်က သံရှည်ဆွဲပြောလာသည်ကို ကြားလိုက်ရသည်။

"မင်းမှာ တွဲနေတဲ့သူရှိရင် ငါ့ကိုပြောပြပါလို့ ငါပြောခဲ့တယ်လေ... ဒီနေ့က ဘယ်လိုဖြစ်ရတာလဲ..."


ထန်ကျင့် ခေတ္တမျှ မတုန့်ပြန်နိုင်ဖြစ်သွားရသည်။ 

"ဘာကိစ္စလဲ..."


အေးဂျင့်: "Weiboက သတင်းလေ... မင်း အခု ယဲ့ဇယ်ရှစ်နဲ့ အတူရှိနေတာလား..."


ထန်ကျင့် မျက်မှောင်ကြုတ်လိုက်သည်။ 

"ကျွန်တော်က ယဲ့ဇယ်ရှစ်နဲ့ ဘာဖြစ်လို့ အတူတူရှိနေရမှာလည်း..."


"ခဏ..."

ထန်ကျင့် အတွေးပေါက်သွားသည်။

"ဒီနေ့ည ကျွန်တော်တို့ ပါပါရာဇီဆီကနေ ဓာတ်ပုံအရိုက်ခံလိုက်ရတာလား..."


အေးဂျင့် မျက်မှောင်ကြုတ်သွားကာ သူမတွေးထားသည်နှင့် အခြေအနေမတူသည်ကို သဘောပေါက်သွားသည်။

"ဘယ်လိုဖြစ်ခဲ့တာလဲ..."


ယနေ့ညတွင် သူနှင့် ယဲ့ဇယ်ရှစ်ကြားရှိ ညစာစားပွဲအကြောင်းကို ထန်ကျင့် သေချာပြောပြလိုက်သည်။


အခြေအနေအတိအကျကို သိလိုက်ရသောအခါ အေးဂျင့်၏ နှလုံးသားလေး တည်ငြိမ်သွားရသည်။


အင်တာနက်ပေါ်တွင် ထိုသတင်းကို မြင်လိုက်ရချိန်တွင် သူမ များစွာမတွေးခဲ့ပေ။ အဆုံးတွင် သူမတစ်ယောက်တည်းသာ ထန်ကျင့်၏ စိတ်ကူးအိပ်မက်များကို သေချာသိသောကြောင့် ထိုကိစ္စကို သူမ အလေးအနက်ဖြစ်သွားရခြင်းဖြစ်သည်။ 


သူမ၏နောက်ကွယ်တွင် ထန်ကျင့်က ယဲ့ဇယ်ရှစ်နှင့် နှစ်ယောက်တည်းတွေ့သည်မဟုတ်ဘဲ ယုယန်နှင့် ကျန်းရန်လည်းရှိခဲ့သောကြောင့် အေးဂျင့် ပို၍စိတ်အေးသွားသည်။


"ကောင်းပြီ‌လေ မင်းတို့ တွဲမနေသရွေ့ကိစ္စမရှိဘူး... ယုယန်နဲ့ ကျန်းရန်ကိုခေါ်ဖို့ သတိရသွားတာ ကံကောင်းတာပဲ... မဟုတ်ရင် ငါ ဒီကိစ္စကို ဘယ်လိုရှင်းရမှန်းတောင် သိမှာမဟုတ်ဘူး...ဟုတ်ပြီ... ငါ အခု ယုယန်နဲ့ ကျန်းရန်တို့ရဲ့ အေးဂျင့်တွေဆီကို ဆက်သွယ်လိုက်ဦးမယ်...မင်းကတော့ မင်းတို့အားလုံး အတူရိုက်ခဲ့တဲ့ဓာတ်ပုံမှန်သမျှကို ရှာပြီးတော့ Weiboမှာ ပို့စ်တင်ပြီး ရှင်းပြလိုက်..."


ထန်ကျင့် သဘောတူလိုက်ပြီး Weiboကို ဖွင့်လိုက်သည်။


နံနက်တစ်နာရီထိုးသော်လည်း Weiboတွင် သက်ဝင်စည်ကားနေဆဲဖြစ်သည်။


ခဏအကြာတွင် ထန်ကျင့်၏ ဖုန်းထဲသို့ tagများနှင့် မှတ်ချက်များက တရစပ် ဝင်ရောက်လာသည်။


ထန်ကျင့်က ချက်ချင်း ရှင်းပြသည့်ပို့စ်ကို မတင်ခဲ့ပေ။ ထို့အပြင် hot searchကို နှိပ်ကြည့်လိုက်ရာ #ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်တို့၏ အချစ်ရေး# ဆိုသည်က ထိပ်တန်းဆယ်ခု စာရင်းထဲတွင်ရှိနေခဲ့သည်။


Weiboအဝင်တွင် marketing အကောင့်တစ်ခု၏ ပို့စ်ကို မြင်လိုက်ရသည်။


သူနှင့် ယဲ့ဇယ်ရှစ်၏ နှစ်ယောက်တွဲပုံကိုကြည့်ရင်းဖြင့် ထန်ကျင့်၏ နှုတ်ခမ်းဖျားများ ကွေးညွှတ်လာကာ ဓာတ်ပုံကို သိမ်းလိုက်သည်။


သူ မှတ်ချက်ဧရိယာကို ကတိုက်ကရိုက်ကြည့်လိုက်သည်။ ထန်ကျင့် Weiboတွင် ပို့စ်တင်မည်အလုပ်တွင် အထူးသတိပေးချက်တစ်ခုက ပေါ်လာခဲ့သည်။

"မင်း followထားတဲ့ ယဲ့ဇယ်ရှစ်က တစ်မိနစ်အကြာက Weiboပို့စ်အသစ် တင်ခဲ့ပါတယ်..."


ထန်ကျင့် ခေတ္တမျှ ကြက်သေသေသွားပြီ ထိုသတိပေးချက်ကို ဖွင့်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က Weiboတွင် မည်သည့်စာမှ မရေးထားဘဲ ဓာတ်ပုံလေးပုံကိုသာ တင်ထားသည်။


ပထမပုံသုံးပုံမှာ စားပွဲအပြည့် ဟင်းပွဲများနှင့် ယဲ့ဇယ်ရှစ်၊ ထန်ကျင့်၊ ယုယန်နှင့် ကျန်းရန်တို့ပါဝင်သည့် အဖွဲ့လိုက် ဓာတ်ပုံများဖြစ်ပြီး နောက်ဆုံးပုံမှာ ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်၏ စကားပြောခန်းမှ screenshot များဖြစ်လေသည်။


ထန်: "တွေ့ကြမယ်လေ..."


ယဲ့: "ကောင်းပြီ... အချိန်နဲ့ လိပ်စာပို့လိုက်..."


စကားပြောခန်း၏အချိန်မှာ လွန်ခဲ့သည့် တစ်ပတ်ဟု ပြနေခဲ့သည်။


ထိုသည်ကို Weiboတွင်မြင်သောအခါ ဖန်များ စိတ်အေးသွားကြသည်။


တွဲနေတယ်ဆိုတာ ဘာကိုပြောတာလဲ... ညသန်းခေါင် ချိန်းတွေ့တယ်ဆိုတာ ဘာကိုပြောတာလဲ... ဒါ ရှင်းရှင်းလင်းလင်းကြီးကို လူလေးယောက်ရဲ့ ညစာစားပွဲကြီးလေ... 


[Marketing အကောင့်‌က လူလေးယောက်စုတာကိုရော ချိန်းတွေ့တာလို့ ပြောလို့ရသေးလား...]


[ဟားဟားဟားဟား... ထားလိုက်ပါတော့... ရှစ်ရှစ်က ရှင်းပြပြီးပြီပဲ... ကောလာဟလတွေ ထပ်မဖြန့်ဘဲ နေကြတာပေါ့...]


[ကြည့်ရတာ ထန်ထန်နဲ့ ရှစ်ရှစ်က ဆက်ဆံရေးကောင်းပုံပဲ...]


[ဟုတ်တယ်...ဟုတ်တယ်... နှစ်ယောက်က တွဲနေတာမဟုတ်ဘူးဆိုတော့ ဒီကcpဖန်လေးက နည်းနည်းစိတ်ပျက်သွားပေမယ့် သူငယ်ချင်းကောင်းတွေပဲ... ဒါလည်းပဲ အချိုတစ်မျိုးပဲ... ကြိုက်တယ်...]


ဖန်များကယုံကြသော်လည်း ဖြတ်လျှောက်များက မေးခွန်းထုတ်လာကြပြန်သည်။


[ဒါတွေက ရှင်းပြလိုက်သလိုဖြစ်ပေမယ့် ငါမေးချင်နေတုန်းပဲ...ယဲ့ဇယ်ရှစ်က နောက်ဆုံးမှာ ထန်ကျင့်နဲ့ အတူတူပြန်သွားတာကိုကျတော့ ဘယ်လိုရှင်းပြမှာလဲ...]


မကြာမီတွင် ထိုပြဿနာကို တစ်စုံတစ်ယောက်မှ ဖြေရှင်းလိုက်သည်။


ယဲ့ဇယ်ရှစ် ပို့စ်တင်ပြီး ငါးမိနစ်အကြာတွင် ယုယန်နှင့် ကျန်းရန်တို့ကလည်း ယဲ့ဇယ်ရှစ်၏ပို့စ်ကို ပြန်တင်လိုက်ကြသည်။


@ယုယန်: "ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မှာပဲ... အဲ့ဒီတုန်းက လေးယောက်လုံးအတူတူသွားကြရဲ့သားနဲ့ ငါလဲ hot search ပေါ်ရောက်ချင်တယ်လေ... Hot search ပေါ်ရောက်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရတာပဲ သေစမ်း..."


@ကျန်းရန်: "ကပ်သီးလေးပဲ... ငါသာသိခဲ့ရင် ယုယန်နဲ့အတူ ယဲ့ဇယ်ရှစ်ရဲ့ ဇိမ်ခံကားပေါ် လိုက်သွားပါတယ်... အဲ့ဒါမှ hot search ပေါ်ရောက်မှာလေ..."


ထိုသည်ကို မြင်သောအခါ နားမလည်စရာ မရှိတော့ပေ။


[ဟားဟားဟားဟားဟား... မင်းတို့နှစ်ယောက်က အရမ်းပွင့်လင်းပြီး ချစ်ဖို့ကောင်းတယ်...]


[hot searchပေါ် မရောက်နိုင်လည်းကိစ္စမရှိပါဘူး...]


[ယုယန်က အရမ်းချစ်ဖို့ကောင်းတာပဲ...]


[မင်းတို့ရဲ့ အဖွဲ့လိုက်ဓာတ်ပုံတွေကို မြန်မြန်လေး မျှပေးတော့လေ...]


မကြာမီတွင် ယုယန်နှင့် ကျန်းရန်က သူတို့ကိုယ်တိုင်ရိုက်ထားသော အဖွဲ့လိုက် selfieပုံများကို ပို့စ်တင်လိုက်သည်။


ဓာတ်ပုံထဲတွင် လူလေးယောက်မှာ အားရပါးရ ရယ်မောနေခဲ့ကြပြီး မည်သည့်အကြောင်းအရာကိုမှ ရှင်းပြရန်လိုအပ်ခဲ့ပေ။


ဤအခြေအနေတွင် အမှန်တရားက ထွက်ပေါ်သွားပြီဖြစ်သည်။


ယဲ့ဇယ်ရှစ်၏ Weiboကို ကြည့်ပြီး ထန်ကျင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။


ထိုအထင်လွဲမှုကို ယဲ့ဇယ်ရှစ်က ဦးစွာဖြေရှင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ 


ယဲ့ဇယ်ရှစ်၏ အနုပညာလောကမှ နှုတ်ထွက်ခြင်းဆိုသည့် သတင်းက အင်တာနက်တခုလုံးကို ပေါက်ကွဲထွက်စေခဲ့သော်လည်း ယဲ့ဇယ်ရှစ်က ဖြေရှင်းချက်မပေးခဲ့ပေ။ 


သို့သော် ယခုအခါတွင် ယဲ့ဇယ်ရှစ်က အခြားသူများထက် ဦးစွာတုံ့ပြန်ခဲ့သည်။


ခဏကြာ ချီတုံချတုံဖြစ်ပြီးနောက် ထန်ကျင့် ယဲ့ဇယ်ရှစ်၏ Weibo ကို ပြန်တင်လိုက်သည်။


@ထန်ကျင့်: "ဒီနေ့ အပြင်ထွက်လာတော့ ကားကိုမယူခဲ့လိုက်ရဘူး... ကိုယ်တိုင်တက္ကစီငှားပြီး ပြန်မယ်လုပ်တော့ ငါ့ရဲ့ညီအစ်ကို @ယဲ့ဇယ်ရှစ်က သူ ပြန်လိုက်ပို့ပေးမယ်လို့ ပြောတယ်လေ... အဲဒါကြောင့် သူ့ကားနဲ့အတူပြန်ခဲ့လိုက်တာ..."


များမကြာမီတွင် ထိုအဖြစ်အပျက်တွင် ပါဝင်ကြသူအားလုံးက ဖန်များနှင့် အင်တာနက်အသုံးပြုသူများကို အကျိုးအကြောင်းအားလုံး ရှင်းပြလိုက်ကြသည်။


cpဖန်မဟုတ်သူများမှာ စိတ်အေးသွားကြကာ ရှီးထန်cpဖန်များမှာ ဝမ်းနည်းသွားကြသည်။ သို့သော် ထန်ကျင့်နှင့် ယဲ့ဇယ်ရှစ်ကြားတွင် ယခင်ကထက် ဆက်ဆံရေးကောင်းသည်ကို တွေ့လိုက်ရသောအခါ သူတို့ စိတ်အေးသွားကြရသည်။


ဝမ်းနည်းနေဆဲဖြစ်သည့်အဖွဲ့တစ်ဖွဲ့မှာ ဟယ့်ရှစ်cpအဖွဲ့ပင် ဖြစ်သည်။


ယနေ့ညတွင် သူတို့၏ စိတ်အခြေအနေများမှာ တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်ဟု ဆိုနိုင်သည်။


ကံကောင်းသည်မှာ ဖြစ်စဉ်၏ တိုးတက်လာမှု‌ကြောင့် သူတို့ အလွန်ဝမ်းမနည်းခဲ့ပေ။ တစ်နေ့တွင် ယဲ့ဇယ်ရှစ်၌ ချစ်သူရှိမလာမချင်း ဟယ့်ရှစ်cp၏ ခေါင်းစီးက ဘယ်သောအခါမှ ယိုင်နဲ့သွားမည်မဟုတ်ပေ။


ဟယ့်ရှစ်cpဖန်များ မမျှော်လင့်ခဲ့သည်မှာ နောက်တစ်ရက်တွင် သူတို့cpထံသို့ အချိုများ ကြဲချလာမည်ကိုဖြစ်သည်။


တစ်ညမျှ နူးနှပ်ခံရပြီးနောက် #ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်တို့၏ အချစ်ရေး# ဆိုသည့်‌ခေါင်းစီးမှာ ပို၍ပင် မြင့်တက်လာခဲ့သည်။


နောက်တစ်နေ့နံနက်တွင် အလုပ်သွားရန်အတွက် ကုန်းရုန်းထနေရသည့် ညဇီးကွက်များ‌သော်လည်း‌ကောင်း ကျောင်းသွားရန် ပြင်ဆင်နေကြသည့်ကျောင်းသားအုပ်စုများသော်လည်းကောင်း၊ သူတို့အားလုံး Weiboသို့ ဝင်ကြည့်လိုက်ကြသည်။


@"ကျော်ကြားသော စစ်သူကြီး" တရားဝင် စာမျက်နှာ: နက်မှောင်‌သောဆံနွယ်များ၊ ထိုဆံနွယ်များမှ တွဲလဲကျဆင်းနေသော ရွှေသားအဆင်တန်ဆာများနှင့် ပန်းတစ်ပွင့်ကဲ့သို့ မျက်နှာ... ခေါင်ရမ်းပန်းရွက်ဖျင်တဲ၏ အနွေးဓာတ်များကြား နွေဦးညများကို သူတို့ဖြတ်သန်းခဲ့ကြသည်... #ဓာတ်ပုံ#


ဓာတ်ပုံကိုကြည့်လိုက်ပါလျှင် ပုခုံးကျော်သည်အထိ ရှည်လျားလှသော ဆံနွယ်များနှင့် အားဇီမှာ မှန်ရှေ့တွင်ထိုင်နေသည်။ သူ့အနောက်တွင် ရပ်နေသူမှာ စစ်သူကြီးငယ်လေး ရှန်ချန်ကျိုးပင်။


အားဇီ၏ ဆံထုံးရှိ‌ ရွှေဆံထိုး‌ပေါ်တွင် ရှန်ချန်ကျိုး၏ လက်ကနေရာယူထားသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့် တစ်ယောက် ပျော်ရွှင်ကြည်နူးစွာ ကြည့်နေခဲ့ကြသည်။ ၎င်းတို့၏ မီးတောင်ကျောက်ကဲ့သို့သော ကြည်လင်လှသည့် မျက်ဝန်းများတွင် သူတို့၏ တစ်ဦးပေါ်တစ်ဦး နက်ရှိုင်းလှသည့် ချစ်ခင်တွယ်တာမှုများက ထင်ဟပ်နေခဲ့ကြသည်။


ဖန်များ: "ဟယ့်ရှစ်က အသေချိုလွန်းတယ်..."



🎶🎶🎶


တစ်စုံတစ်ဟယ့်တို့ သွင်တိုနေပြီ🤭