Chapter 51
Viewers 21k

🎶 Chapter 51



သော့ပြောင်းပြီး နောက်တစ်ရက်၌ ကောင်းရှူတစ်ယောက် စည်းရုံးခြင်း မအောင်မြင်ဘဲ ပြန်သွားခဲ့ရသည်။


အိမ်အပြန်လမ်းတွင် သူ အလှည့်စားခံ‌နေရကြောင်း ကောင်းရှူ ရှင်းရှင်းလင်းလင်း နားလည်သွားသည်။


တစ်နှစ်အနားယူပြီးမှ အလုပ်သစ်ကို လက်ခံမယ်ဆိုတာ အလိမ်တွေပေါ့လေ...


သူစုဆောင်းထားသမျှ ကြော်ငြာစာချုပ်များက တစ်နှစ်အကြာမှ ရိုက်ကူးရမည့် ကြော်ငြာများဖြစ်သည်။ သို့သော် ယဲ့ဇယ်ရှစ်က ၎င်းတို့ကို မဖတ်ခဲ့ပေ။ ထိုစာချုပ်များကို သူက မဖတ်ခဲ့သည်သာမက ကောင်းရှူ အဝေးရောက်သည်နှင့် ချက်ချင်းပင် အမှိုက်ပုံးထဲသို့ လွှင့်ပစ်လေသည်။


ဗီလာကို သန့်ရှင်းရေးလုပ်ရသည့်အဒေါ်က သူ့ကို အားလုံးပြောပြသည်။ နောက်တစ်ရက်ရောက်လျှင် ထိုစာချုပ်အားလုံးကို မတွေ့တော့သည်သာမက ဗီလာထဲတွင် ရှိခဲ့ဖူးသည့် အရိပ်‌ယောင်ပင်မတွေ့ရဟုပင် ပြောသေးသည်။


မူလက ကောင်းရှူစီစဉ်ထားသည်မှာ ယနေ့တွင် ယဲ့ဇယ်ရှစ်ကို စကားကောင်းကောင်းသွားပြောမည်ဟု စီစဉ်ထားခဲ့ခြင်းဖြစ်သည်။


ယဲ့ဇယ်ရှစ်က ညတွင်းချင်း သော့ကိုပြောင်းပစ်လိမ့်မည်ဟု မည်သူမှ မတွေးခဲ့ကြပေ။


ဒီဟာက ငါ့ရဲ့အေးဂျင့်ဆိုတဲ့ ခေါင်းစဉ်လေးကို အချိန်အကြာကြီး ထိန်းမထားနိုင်တော့ဘူးလို့ ဆိုလိုတာလား...


ပြင်းထန်လှသည့် အလုပ်လက်မဲ့ကပ်ဘေးတစ်ခုက ကောင်းရှူ၏ နှလုံးသားထဲတွင် မြင့်တက်လာခဲ့သည်။


ဒီလိုမဖြစ်ရဘူးလေ...


ယဲ့ဇယ်ရှစ်က အနုပညာလောကမှ ထွက်သွားချင်ပြီး မည်သည့် စာချုပ်တစ်ခုကိုမှ လက်မှတ်မထိုးချင်ဟု ရှင်းရှင်းလင်းလင်းပြောခဲ့သည်။


ယခုဆိုလျှင် ယဲ့ဇယ်ရှစ်၏ ရိုက်ကူးရေးပြီးဆုံးသည်မှာ တစ်လတိတိပြည့်ပြီဖြစ်သည်။ သူ့အနေဖြင့် တစ်ရက်အား ခေါင်းကိုအနားပေးရန်၊ တစ်ရက်ကို သူ၏လက်များ အနားယူရန် စသဖြင့် ရှိသမျှကိုယ်တွင်းအင်္ဂါအားလုံးကို သီးခြားတစ်ရက်စီ အနားယူခိုင်းလျှင်‌သော်မှ ယခုအချိန်သာဆိုလျှင် အနားယူရန် လုံလောက်နေပြီဖြစ်သည်။


ယခုလိုသာဆက်ဖြစ်နေပါလျှင် သစ္စာရှိသည့် ကောင်းရှူမှာ အလုပ်ပြောင်းရန် ကိုယ့်ကိုယ်ကို တွန်းအားပေးရတော့မည်ဖြစ်သည်။


မဟုတ်ဘူး ငါ ဖြေရှင်းနည်းတစ်ခုကိုစဉ်းစားမှရတော့မယ်...


.............


Attack on Titan၏ နောက်ဆုံးအပိုင်းကိုကြည့်ပြီးနောက် ယဲ့ဇယ်ရှစ် အလွန်တုန်လှုပ်နေခဲ့သည်။


ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်ဘူး...


"ပင်လယ်ရဲ့တစ်ခြားတစ်ဖက်မှာ ဘာတွေရှိလဲ... လွတ်လပ်ဖို့အတွက် ပင်လယ်ရဲ့တခြားတစ်ဖက်က ရန်သူတွေအကုန်လုံးကို သတ်လိုက်တာရဲ့ အဓိပ္ပာယ်ကဘာလဲ..."


Eren ကပိုပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်လို့ မရဘူးလား...


ပြီးတော့ ဒီanimeက ဘာဖြစ်လို့ အခုထိ မပြီးသေးတဲ့ဟာဖြစ်နေရတာလဲလို့...


အဆုံးမသတ်သေးသည့် animeကို ကြည့်ခြင်းမှာ ယဲ့ဇယ်ရှစ်အတွက် ယခုက ပထမဆုံးဖြစ်လေသည်။ ထိုကြောင့် သူ မချင့်မရဲခံစားနေရသည်။


(T/N- အပေါ်ကစာသားတွေက animeထဲက ဇာတ်ကောင် Erenပြောခဲ့တဲ့ စာသားတွေပါ။ anime ကြည့်တဲ့သူတွေဆို AOT ကို မသိတဲ့လူ မရှိလောက်ပါဘူး။ မကြည့်ဖူးတဲ့သူတွေကိုလည်း recommend ပေးပါတယ်)


ယဲ့ဇယ်ရှစ် အိပ်ရာပေါ်တွင် အတော်ကြာသည်အထိ စိတ်ညစ်နေခဲ့သည်။

သူ အိပ်ရာမှထကာ ပထမဦးဆုံး tabletကို အားသွင်းလိုက်သည်။ ထို့နောက် သူ တစ်လနီးပါး မဝင်ဖြစ်ခဲ့သည့် Weiboသို့ ဝင်လိုက်ကာ ပို့စ်တစ်ခု တင်လိုက်သည်။


@ယဲ့ဇယ်ရှစ်: anime ကောင်းကောင်းလေးများ ညွှန်းမပေးချင်ကြဘူးလား... Shounen အမျိုးအစားကို သဘောကျတယ်..."


(T/N- shounen အမျိုးအစားဆိုတာ anime အမျိုးအစားတစ်ခုဖြစ်ပြီး လူငယ်ကောင်လေး ပရိသတ်တွေကို အဓိကထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဥပမာ -one pieceတို့ demon slayerတို့ Narutoတို့လိုမျိုးပေါ့)


ထိုWeibo ပို့စ်ကို တင်ပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်း မှတ်ချက်များမှာ တစ်သောင်းကျော်သွားသည်။


ယဲ့ဇယ်ရှစ် ခေတ္တမျှ ထိတ်လန့်သွားသော်လည်း အကြောင်းအရင်းကို အလျင်အမြန် နားလည်လိုက်သည်။


ယဲ့ဇယ်ရှစ် နောက်ဆုံးအကြိမ် Weiboတွင် ပို့စ်တင်ပြီးကတည်းက ထိုပို့စ်ကို ပစ်ထားခဲ့ပြီး သူ Weiboသို့ ထပ်မဝင်လာတော့ပေ။


မူလတွင် ဖန်များက ယဲ့ဇယ်ရှစ်မှာ အဓိပ္ပါယ်မရှိသည်များကို လျှောက်ပြောနေသည်ဟု ထင်ခဲ့ကြသည်။ ထိုကြောင့် ထိုနောက်ဆုံးWeiboပို့စ်ကို သူတို့အတည်မယူခဲ့ကြပေ။


သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူတို့ ခံစားလိုက်ကြရသည်။


သူ့အနေဖြင့် Weiboတွင် တစ်ပတ်ခန့် ပို့စ်မတင်သည်မှာ အလုပ်ရှုပ်နေသောကြောင့်ဟု ပြောနိုင်သည်။


ထို့နောက် နှစ်ပတ်မြောက်၊ သုံးပတ်မြောက်၊ တစ်လ ဖြစ်သွားခဲ့သည်။


ထိုအချိန်တွင် ဖန်များ ယောက်ယက်ခတ်ကုန်သည်။ 


ယဲ့ဇယ်ရှစ် Weiboတွင် ပို့စ်မတင်မီ တစ်နာရီအလိုတွင် ယဲ့ဇယ်ရှစ်ဖန်များ၏ စိတ်အခြေအနေများမှာ ချာတူးလံနေခဲ့ကြသည်။


Weiboတွင် ယဲ့ဇယ်ရှစ်အကြောင်း တစ်ပိုင်းတစ်စ ပို့စ်တင်လာသည့် လူသိများသော အကောင့်တစ်ခုရှိသည်။


@ပျော်ပျော်ကြီးဖရဲသီးစားသူ: "အသိုင်းအဝိုင်းအပြင်ဘက်ကသူတစ်ယောက် ပြောတာကတော့ 'ကျော်ကြားသော စစ်သူကြီး' ရိုက်ကူးရေးပြီးကတည်းက ယဲ့ဇယ်ရှစ်က ဘယ်ကြော်ငြာစာချုပ်တစ်ခုကိုမှ လက်မှတ်မထိုးခဲ့ဘူးတဲ့..."


ပျော်ပျော်ကြီးဖရဲသီးစားသူအကောင့်မှာ လူသိများသည့် Marketingအကောင့်တစ်ခုလည်းဖြစ်သည်။ ထိုသည်မှာ မမှားနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကွားကွား(ဖရဲသီး) တင်သမျှ သတင်းတိုင်းက ဘယ်သောအခါမှ မမှားဘဲ အမှန်ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။


ထိုWeiboကို မြင်သောအခါ အင်တာနက်အသုံးပြုသူများနှင့် ဖန်များပါ ဆွံ့အသွားကြသည်။


[ဘယ်လိုအခြေအနေကြီးလဲ... ဘာဖြစ်လို့ အလုပ်သစ်တစ်ခုမှ မရှိရတာလဲ...]


[တကယ်ကြီးလား... အောင်မြင်နေတဲ့အချိန်မှာ အလုပ်သစ်တစ်ခုကို စာချုပ်မချုပ်ဘူးဆိုတော့ ယဲ့ဇယ်ရှစ်က တကယ်ကို အနုပညာလောကကနေ ထွက်သွားဖို့ အသင့်ဖြစ်နေတာလား...]


[ကွားကွားရဲ့ သတင်းတွေက စိတ်ချရတယ်...]


[ကွားကွားက အဲဒီလိုပြောမှတော့ အမှန်ဖြစ်လောက်တယ်...]


[ဖာ့ခ်... ကွားကွားရဲ့ သတင်းတက်လာတော့ ငါသူငယ်ချင်းက ငါ့ဆီကို ငိုပြီးရောက်ချလာပြန်တယ်... ငါ့သူငယ်ချင်းက ယဲ့ဇယ်ရှစ်ဖန်လေ... ပြီးတော့ မနေ့ကလည်း သူတော်တော်လေးကို ထိုင်းမှိုင်းနေခဲ့တာ... လွန်ခဲ့တဲ့ တစ်လအတွင်း ယဲ့ဇယ်ရှစ်က လိုင်းလည်းမတက်၊ Weiboလည်း ဝင်မလာဘူးဆိုတာကို ယဲ့ဇယ်ရှစ်ဖန်တွေ အားလုံး သတိထားသင့်တယ်...]


မကြာမီ အချို့အင်တာနက်အသုံးပြုသူများက ထပ်ပေါင်းပြောလာသည်။


[ယဲ့ဇယ်ရှစ် Weibo တင်မကဘူး စတူဒီယိုရဲ့ Weiboပါ အွန်လိုင်းမဖြစ်နေတာ...]


အင်တာနက်အသုံးပြုသူများ၏ စကားများက ယဲ့ဇယ်ရှစ်ဖန်များ၏ ရင်ဝတည့်တည့်ကို ဓားဖြင့် နောက်တစ်ကြိမ် ထပ်မံထိုးစိုက်လိုက်သကဲ့သို့ပင်။


အစောကတည်းကသာ ထိုအတွင်းရေးကိစ္စများကို သိခဲ့ပါလျှင် ‌‌သူတို့ ကောလာဟလများကို ချေဖျက်ခဲ့မည်မဟုတ်ပေ။


သို့သော် ယခုတွင်မူ မတူတော့ပေ။ ယဲ့ဇယ်ရှစ် ဖန်များပင် ယဲ့ဇယ်ရှစ်က အနားယူသွားသလား၊ မယူသလား ဆိုသည်ကို မသေချာမရေရာ ဖြစ်နေကြသည်။


ပြောရမည်ဆိုလျှင် သူတို့ ယဲ့ဇယ်ရှစ်ထံမှ သတင်းမကြားရသည်မှာ တစ်လပင်ကျော်တော့မည်ဖြစ်သည်။


ယဲ့ဇယ်ရှစ် ဘာတွေတွေးပြီး ဘာတွေ လုပ်နေတာလဲ... ဖန်တွေက ဘာသတင်းကိုမှမရဘူး...


ဖန်တွေစိတ်မပူဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ…


တစ်နာရီကြာသောအခါ ယဲ့ဇယ်ရှစ်၏ နှုတ်ထွက်သည့်သတင်းမှာ လူပြောများသည့်ခေါင်းစီး ဖြစ်လာပြန်သည်။


အချိန်တစ်ခုအထိ ဆွေးနွေးမှုများ များစွာရှိလာခဲ့သည်။ 


ထိုသို့ သေရေးရှင်ရေး အခြေအနေတစ်ခုတွင် ယဲ့ဇယ်ရှစ်က Weiboပို့စ်အသစ်တစ်ခု တင်လာခဲ့သည်။


မိနစ်ပိုင်းအတွင်း မှတ်ချက်တစ်သောင်းကျော်က ဘာမှမဟုတ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ပြန်တင်သည့် အရေအတွက်က နှစ်သောင်းကျော်သွားသောကြောင့် ဖြစ်သည်။ 


မှတ်ချက်ဧရိယာကို ပြန်ကြည့်လိုက်ပါလျှင် ငိုကြွေးမြည်တမ်းနေသောဖန်များကို တွေ့ရမည်ဖြစ်သည်။


[နောက်ဆုံးတော့...နောက်ဆုံးတော့ မင်းမှာ Weiboအကောင့် ရှိနေသေးမှန်း မှတ်မိသွားခဲ့ပြီပေါ့...]


[ဝူး...ရှစ်ရှစ်က နောက်ဆုံးတော့ ပို့စ်တင်လာခဲ့ပြီ...]


[ငါ မင်းကြောင့် လန့်သေတော့မလို့... ကျေးဇူးပြုပြီး ယဲ့ဇယ်ရှစ်ရေ... ငါ့နှလုံးသားလေးက နုနယ်လှပါတယ်... ငါ့ကိုလန့်အောင် မလုပ်ပါနဲ့‌နော်...]


[Marketing အကောင့်တွေက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပါလို့ ငါပြောသားပဲ... ဒါပေမယ့်လည်း အဲဒါတွေကို အခုထိယုံနေတဲ့သူတွေလည်းရှိသေးတုန်း...]


[ရှစ်ရှစ်က နောက်ဆုံးတော့ Weiboမှာ ပို့စ်တင်လာခဲ့ပြီ... ငါအရင်က ဒီလောက် မတုန်လှုပ်ခဲ့ဘူး...ဒါပေမဲ့ မနက်က ကွားကွားရဲ့ ပို့စ်ကို မြင်လိုက်ရတော့ ငါယုံမိသွားတော့မလို့...]


[တစ်လကြာပြီးတဲ့နောက်မှာတော့ ယဲ့ဇယ်ရှစ်တစ်ယောက် မေ့နေတဲ့ Weibo လျှို့ဝှက်နံပါတ်ကို ပြန်မှတ်မိသွားခဲ့ပြီ...]


[ဝမ်းသာပါတယ်... နှစ်သစ်ကူးပါပဲ... ပျော်ရွှင်စရာ နှစ်သစ်ကူးပါ အားလုံးပဲ...]


[ပျော်ရွှင်စရာ နှစ်သစ်ကူးပါ... ပျော်ရွှင်စရာ နှစ်သစ်ကူးပါ အားလုံးရေ...ဝူး...]


[မှတ်ချက်တွေကို ငါ ကြည့်လိုက်တော့ ရူးနေကြတာ တစ်ယောက်မကဘူးပဲ...]


ယဲ့ဇယ်ရှစ် အစကမေးခဲ့တဲ့ animeကောင်းကောင်းလေးလား... စိတ်မကောင်းပေမယ့်... အဲဒါအတွက် အဖြေလုံးဝမရှိပါဘူး...


ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ဖန်တစ်‌ယောက်ကို စာပြန်မိတော့မလို ဖြစ်သွားသည်။ ပျော်ပျော်ကြီးဖရဲသီးစားသူ၏ ပို့စ်မှာ လုံးဝအမှန်ဖြစ်ကြောင်း၊ သူ မည်သည့်စာချုပ်ကိုမှ လက်မှတ်ထိုးတော့မည် မဟုတ်ကြောင်းကို ပြောပြချင်ခဲ့သည်။ ထိုသို့ပြောလိုက်ပါလျှင် သူတို့၏ စိတ်ကူးယဉ်အိပ်မက်လေးများကို အညှာအတာမဲ့စွာ ဖျက်စီးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။


သို့သော် ထိုသည်က အလွန်ရက်စက်ရာကျပေလိမ့်မည်။ Attack on titan၏ အဆုံးသတ်ကို မကြည့်နိုင်သောကြောင့် စိတ်ဆန္ဒများပျောက်ဆုံးနေသော ယဲ့ဇယ်ရှစ်မှာ အစားထိုးရန် animeကောင်းကောင်းလေးကိုသာ လိုချင်နေခဲ့ခြင်းဖြစ်သည်။


တစ်ခဏမျှတွေဝေပြီးနောက် ယဲ့ဇယ်ရှစ် Weiboပို့စ်တစ်ခုကို ပြန်တင်လိုက်သည်။


@ယဲ့ဇယ်ရှစ်: "ရိုက်ကူးရေးပြီးသွားပြီဆိုတော့ ခဏလေး အနားယူလိုက်ဦးမယ်နော်... Shounen anime ကောင်းတာလေးများ ညွှန်းပေးချင်တာမရှိဘူးလား... လတ်တလော Attack on titan ကိုကြည့်ပြီး ဇာတ်လမ်းက အဆုံးမသတ်သေးတော့ ငါ့အခုစိတ်အခြေ‌အနေက နည်းနည်း မသက်မသာဖြစ်နေတယ်... မြန်မြန်လေး အစားထိုးစရာ ကောင်းတာလေး ပြောပြကြပါလို့..."


ထိုWeiboပို့စ်ကို ပြန်တင်သောအခါ ဖန်များမှာ သူတို့၏နှလုံးကို ရင်ဘက်ထဲတွင်နေရာတကျ ပြန်ထားလိုက်ကြသည်။


[လခွမ်း... တစ်လလောက်ပျောက်သွားတာကို ခဏလေးအနားယူတယ်လို့ ခေါ်တယ်ပေါ့လေ... ]


[ငါမင်းကို စိတ်ဆိုးမိတော့မယ် #ပြုံးနေ# ...]


[ မင်းကို Attack on titan ကြည့်ဖို့ ဘယ်သူကများ အားပေးလိုက်တာလဲ...]


[ရှစ်ရှစ်လည်း Attack on titan ကိုတကယ်ကြီး ကြည့်တယ်ပေါ့လေ... ကြည့်ရတာ ငါနဲ့ ရှစ်ရှစ်ရဲ့ animeအကြိုက်ချင်းက တူတဲ့ပုံပဲ...စိတ်ကူးယဥ်တံတိုင်းလေးတော့ ပြိုကျသွားပြီ...]


[ရှစ်ရှစ်လည်း weebတစ်ယောက်ပဲဟ...]


[ဒီကိုလာ ဒီကဖန်ဘွိုင်းလေးက အစုံလိုက်ကို ညွှန်းပေးလိုက်မယ်... Naruto နဲ့ one piece ကတော့ Shounen အမျိုးအစားမှာဆို ဦးစားပေးရွေးချယ်စရာတွေပဲ... Bleachရဲ့ နောက်ပိုင်းတွေကတော့ တော်တော်ဆိုးတယ် မညွှန်းပေးချင်ဘူး... Attack on titan က မပြီးသေးဘူးဆိုပေမယ့် တကယ်ကို နာမည်ကြီးနေတာ... အဲ့ဒီနောက် Tokyo ghoul ၊ Full metal Alchemist လည်း ကြည့်လို့ရတာပဲ... ဟုတ်သား... Parasyte လဲရှိတယ် အဲ့ဒီ animeကတော့ လုံးဝထိပ်တန်းပဲ…]


(T/N- ဖန်ဘွိုင်းပြောသမျှ animeတွေအားလုံးက လုံးဝအကောင်းတွေမို့ မီလဲ recommend🤗)


စိတ်ကျေနပ်ဖွယ်အဖြေကို တွေ့လိုက်ရသောအခါ ယဲ့ဇယ်ရှစ်က မှတ်ချက်များကို ဆက်မကြည့်တော့ပေ။ "ကျေးဇူး" ဟုသာ စာပြန်လိုက်ပြီး အားအပြည့်သွင်းထားသည့် tablet နောက်တစ်လုံးကို ယူလိုက်ကာ Parasyte ကိုစကြည့်တော့သည်။


နှုတ်ထွက်သည့်အပေါ် အကြောင်းပြန်ချက်အတွက်မူ သူ ယခုအချိန်တွင် ပြောလိုက်ပါက ဖန်များအပေါ် အနည်းငယ် ရက်စက်ရာကျမည်ဟု ခံစားရသောကြောင့် "ကျော်ကြားသော စစ်သူကြီး"မှ ရှန်မိဘများ ပြောသကဲ့သို့ ဖားကို ရေနွေးနွေးနှင့် တဖြည်းဖြည်းချင်း ပြုတ်လိုက်သကဲ့သို့သာ ဆောင်ရွက်တော့မည် ဖြစ်သည်။


Anime ခဏကြည့်ပြီးနောက် နေ့လည်စာ စားချိန်သို့ရောက်လာသည်။


အိမ်မှာနေရသည့်အချိန်က ရိုက်ကူးရေးအဖွဲ့တွင် နေရသည့်အချိန်ထက် ပိုကောင်းသည်ဟု ယဲ့ဇယ်ရှစ် ပြောရမည်ပင်။


ဗီလာကို ထိန်းသိမ်းရန်အတွက် အန်တီတစ်ယောက်ရှိသည့်အပြင် ပူပူနွေးနွေးအစားအစာများကို နေ့တိုင်း သူစားနိုင်လေသည်။


အန်တီ၏ ဟင်းချက်လက်ရာကို ငြီးငွေ့သွားလျှင် သူ ပါဆယ်မှာစားလိုက်ရုံပင်။


ပို၍ကြီးကြီးမားမား စားလိုလျှင် ‌ဝေ့လီဖေးကို ခေါ်ပြီး အချိန်မရွေး အပြင်ထွက်စားနိုင်သည်။


ဒါမျိုးကမှ ဘဝဆိုတာပဲကွ...


ယနေ့ အန်တီက ဝက်နံရိုးနှပ်နှင့် အချဉ်စိမ်ထားသော အသီးအရွက်များနှင့်အတူ ပေါင်းထားသော‌ငါးပေါင်းကို ချက်လေသည်။


ယဲ့ဇယ်ရှစ်က ငါးစားရသည်ကို ကြိုက်ကြောင်း သိသွားသောအခါ အန်တီက အချိန်တိုင်းနီးပါး ငါးဟင်းလျာများ ချက်ပြုတ်ပေးတတ်သည်။


အန်တီက ငါးလေးခြောက် ကြော်ရာတွင်သာ မကောင်းခြင်းဖြစ်သည်။ နောက်ဆုံးအခေါက် အန်တီ ‌ငါးလေးခြောက်ကြော်သောအခါ ယဲ့ဇယ်ရှစ်က လွှင့်ပစ်ရမည်ကို နှမြောမိသောကြောင့် အပြင်က အရေခွံအကြွပ်ကိုသာခွာပြီး အသားကို အနားရှိ အဆောက်အဦးမှ လေလွင့်ကြောင်များကို ကျွေးလိုက်သည်။


နောက်ပိုင်းတွင် အမှိုက်ပုံးထဲရှိ ငါးအရေခွံများကို အန်တီတွေ့သွားသောအခါ သူမ၏ ငါးလေးကြော်ကို သခင်လေး ခံတွင်းမတွေ့ဟု ထင်ကာ နောက်ထပ်ဆက်မကြော်ရဲတော့ပေ။


ယနေ့ စားပွဲပေါ်ရှိ ဟင်းရွက်ချဉ်များဖြင့် ပေါင်းထားသော ငါးပေါင်းကို ကြည့်ကာ ယဲ့ဇယ်ရှစ် တစ်လုတ်မြည်းကြည့်လိုက်သည်။


သူ သက်ပြင်းရှိုက်လိုက်သည်။

ပြောစမ်းပါဦး... ငါးချင်းအတူတူပဲကို ငါးတစ်ကောင်နဲ့ တစ်ကောင်ကြားက ကွာခြားချက်က ဘာဖြစ်လို့ အဲ့ဒီလောက် ကွာဟနေရတာလဲလို့...


ဟယ့်ကျင်းယွင်နဲ့ ယန်မန်လုပ်ကျွေးတဲ့ ငါးလေးခြောက်ကြော်က သွားရည်ယိုချင်စရာကောင်းပြီး အန်တီကြော်တဲ့ဟာက ဘာဖြစ်လို့ အရသာမရှိရတာလဲ...


သက်ပြင်းအရှည်ကြီးချရင်း ယဲ့ဇယ်ရှစ် နေ့လည်စာ စားပြီးသွားသည်။ 


သူ အပေါ်တက်ပြီး Parasyte ကြည့်တော့မည်အလုပ်တွင် သူ့ဖုန်းက အကျယ်ကြီးမြည်လာသည်။


ယဲ့ဇယ်ရှစ် လန့်သွားကာ ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်သည်။ ယဲ့ကျန့်ပင်း ဖြစ်နေသည်။


ယဲ့ကျန့်ပင်းက ယဲ့လုပ်ငန်းစု ရုံးချုပ်၏ ဥက္ကဌရုံးခန်းထဲရှိ ထိုင်ခုံတွင် ထိုင်နေသည်။ သူ့အရှေ့တွင် စားပွဲတစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် tabletတစ်လုံးက Weiboစာမျက်နှာကို ဖွင့်လျက်သား ဖြစ်နေသည်။ 


ကောင်းရှူ ဘေးနားကပ်နေကာ သူ့အရှေ့ရှိ ယဲ့ကျန့်ပင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။


"ဟယ်လို... အဖေ..."

ယဲ့ကျန့်ပင်းနှင့် မကြာခဏ စကားပြောဖြစ်သောကြောင့် သူ မရင်းနှီးသည့် အဖေဆိုသည့် စကားလုံးကိုပင် လွယ်လွယ်ကူကူ ထုတ်ပြောနေနိုင်ပြီဖြစ်သည်။ သူ့လေသံမှာလည်း ပို၍ရင်းနှီးလာသည်။

"အဖေ...စားပြီးပြီလား..."


ယဲ့ဇယ်ရှစ် အသံကိုကြားသောအခါ ယဲ့ကျန့်ပင်း၏ ရှုံ့တွန့်နေသော မျက်ခုံးများ အနည်းငယ်ပြေလျော့သွားသည်။ ယဲ့ဇယ်ရှစ်၏ လောကွတ်စကားကို ကြားသောအခါ သူ့မျက်ခုံးများ လုံးဝပြေလျော့သွားလေတော့သည်။


"အင်း...ငါစားပြီးပြီ... မင်းရော..." 

ယဲ့ကျန့်ပင်း ပြောလိုက်သည်။


"ကျွန်တော်က အခုလေးတင်မှ စားပြီးတာ... "

ယဲ့ဇယ်ရှစ် ပြုံးကာပြောလိုက်သည်။

"အဖေ ဒီနေ့အလုပ်များ မနေဘူးလား... ကျွန်တော့်ကို ဒီအချိန်မှ ဘာဖြစ်လို့ ဖုန်းခေါ်တာလဲ..."


ယဲ့ကျန့်ပင်း: "ငါ အရမ်းအလုပ်မများဘူး... မင်းကိုဖုန်းဆက်လိုက်ရတာက တစ်ခုမေးချင်လို့..."


"အိုး..."

ယဲ့ဇယ်ရှစ်တစ်ယောက် ခပ်ဖွဖွ အသံရှည်ဆွဲလိုက်ရင်း မေးလိုက်သည်။

"အတွင်းရေးမှူးကောင်းက အဖေ့ကိုတွေ့ဖို့ ရောက်လာတာလား..."


ရုံးခန်းထဲရှိ ကောင်းရှူမှာ ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး ယဲ့ကျန့်ပင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


ဥက္ကဌက ငါ ဒီမှာရှိနေတာ မပြောပါစေနဲ့...


ဒီပုံစံက သခင်လေးအကြောင်းကို သတင်းလာပေးနေတာနဲ့ မတူဘူးလား... အဲ့ဒီလိုသာဆိုရင် သခင်လေးက ငါ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး...


သို့သော် ကောင်းရှူ၏ အကြည့်ကို ယဲ့ကျန်းပင်း လုံးဝမမြင်ချေ။ ယဲ့ဇယ်ရှစ်က သူ့ကို တရိုတသေပြန်ပြောသည်မှာ ရှားလေသည်။ ရုံးခန်းထဲ၌သာ အခြားသူတစ်ယောက်ရှိမနေပါလျှင် သူပြုံးမိမည်သာ ဖြစ်သည်။


"ဟုတ်တယ်... အတွင်းရေးမှူးကောင်းက မင်းအကြံအစည်တွေကို ပြောတယ်ဆိုရုံလောက်ပဲ..." 

သူ့ရင်ထဲတွင် ပျော်နေသော်လည်း ယဲ့ကျန့်ပင်း သူ့နှုတ်ခမ်းထောင့်ကို ထိန်းချုပ်ထားကာ တည်တည်ကြည်ကြည်ပြောလိုက်သည်။ 


ယဲ့ဇယ်ရှစ် နားထောင်လိုက်ပြီး ပြုံးလိုက်သည်။ 

"အိုး... ကျွန်တော် ရိုက်ကူးရေးက နည်းနည်းပင်ပန်းသွားလို့ ခဏလောက် အနားယူလိုက်တာပါ... အတွင်းရေးမှူးကောင်းက ကျွန်တော့်ဆီ နေ့တိုင်းရောက်လာပြီး ဆုံးဖြတ်ချက် မြန်မြန်ချစေချင်နေတာ... ကျွန်တော်လည်း စိတ်ရှုပ်လာတာနဲ့ အေးစက်စက် လုပ်လိုက်တာက အတွင်းရေးမှူးကောင်းကို ဒေါသထွက်သွားစေတယ်နဲ့တူပါတယ်..."


ကောင်းရှူ ချွေးစေးများထွက်လာပြီး ဘေးဖယ်နေလိုက်သည်။ 


ငါဘယ်လိုလုပ် စိတ်ဆိုးရဲမှာလဲ... အလုပ်လက်မဲ့ ဖြစ်သွားမှာကို စိုးရိမ်မိရုံတင်ပါ...


ဥက္ကဌရေ... အမှန်အတိုင်းပြောရရင် ဥက္ကဆီကို အရင်လာခဲ့တာက ကျွန်တော် မဟုတ်ဘူးလေ... ဥက္ကဌကသာ Weiboကို မတော်တဆမြင်မိသွားတာလေ... ဒါကို မျက်စိတစ်မှိတ်အတွင်း ဥက္ကဌ ဘယ်လိုတောင် မေ့သွားနိုင်ရတာလဲလို့...


သနားစရာကောင်းရှူခမျာ ဤသို့ဖြင့် ရောင်းစားခံလိုက်ရသည်။


ယဲ့ဇယ်ရှစ်၏အတွေးများကို ယဲ့ကျန့်ပင်း အလိုလို နားလည်လိုက်သည်။

"အတွင်းရေးမှူးကောင်း စိတ်ပူတာလည်းမမှားဘူး... မင်းက ခဏအနားယူချင်တယ်လို့ပဲ ပြောခဲ့တာလေ ဘယ်လောက်ဆိုပြီး သေသေချာချာ တိတိပပပြောခဲ့တာမှ မဟုတ်တာ... အတွင်းရေးမှူးကောင်းက ဘယ်လိုလုပ် စိတ်မပူဘဲနေမှာလဲ..."


"ဒါပေမဲ့လည်း ..."

ယဲ့ကျန့်ပင်း ဘေးသို့လှည့်လိုက်သည်။

"ရုပ်ရှင်ရိုက်တာ အဲ့ဒီလောက်ပင်ပန်းတာလား..."


"ပင်ပန်းတာလား... အရမ်းပင်ပန်းတာပေါ့လို့..."

ယဲ့ဇယ်ရှစ်၏ အကြည့်များ စူးရှသွားသည်။

"တစ်ခါတစ်လေဆို ရိုက်ကူးရေးက တစ်ရက်လုံးတောင်ကြာတယ်... ပြီးတော့ ပြန်ရိုက်ရတဲ့အခန်းတွေလည်း ရှိသေးတာ... အဲဒါကြောင့် ကျွန်တော် ပိုပြီးအနားယူချင်တာ..."


ယဲ့ကျန့်ပင်း ခေါင်းညိတ်လိုက်ပြီး ခဏမျှစဉ်းစားလိုက်သည်။ 

"ဆိုတော့ မင်းက ဘယ်လောက်ထိအနားယူဖို့ တွေးထားတာလဲ... သင့်တော်တဲ့အရင်းမြစ်တွေ တွေ့ရင် မင်းဖို့ ငါကြည့်ပေးထားမယ်..."


ထိုသည်ကိုကြားသောအခါ ယဲ့ဇယ်ရှစ်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သူ၏ရည်မှန်းချက်မှာ တစ်ဝက်အောင်မြင်သွားပြီဟု ပြောနိုင်သည်။


ယဲ့ဇယ်ရှစ်သာ အနုပညာလောကထဲမှ ထွက်ချင်ပါသည်ဟု ယဲ့ကျန့်ပင်းအား တိုက်ရိုက်သွားပြောလျှင် သူ့အဖေက လုံးဝသဘောတူမည် မဟုတ်ပေ။ ထိုကြောင့် ယဲ့ဇယ်ရှစ် သူ့အတွေးများကို အသေအချာစာစီထားခဲ့လေသည်။ 

"ကျွန်တော်တွေးတာကတော့လေ... အခုတစ်ခေါက် ရိုက်ကူးရေးမှာ ကျွန်တော် အရမ်းပင်ပန်းသွားခဲ့တာလေ... အစကတော့ တစ်နှစ်ပဲ အနားယူမယ်လို့ ပြောခဲ့ပေမယ့်... တကယ်ကြီး တစ်နှစ်လောက်အနားယူလိုက်ရင် အတွင်းရေးမှူးကောင်းက အဲ့ဒီလောက်ထိ စိတ်မရှည်မှာစိုးရတယ်... ဒီလိုဆိုရင်ရောအဖေ ... ကျွန်တော် ဘယ်လောက်လောက် အနားယူသင့်တယ်ထင်လဲ..."


ပြောရမည်ဆိုလျှင် မူလပိုင်ရှင်က သားအရင်းဖြစ်သောကြောင့် ယဲ့ကျန့်ပင်းက သူသားကို အလိုလိုက်လေသည်။


ယခု ယဲ့ကျန့်ပင်းက ကိုယ်တိုင်လာပြောမှတော့ ငါ နောက်ဆုတ်စရာအကြောင်းမရှိဘူးလေ... ဟုတ်တယ်မဟုတ်လား...


ယဲ့ဇယ်ရှစ် အားလုံးကို သေချာတွက်ချက်ပြီးဖြစ်လေသည်။


ယဲ့ဇယ်ရှစ် မမျှော်လင့်ခဲ့သည်မှာ ယဲ့ကျန့်ပင်းက သူ့ကို သူ၏အသက်မွေးဝမ်းကြောင်းအတွက် ရုန်းကန်စေလိုခြင်းကိုပင်။ 


နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် ယဲ့ကျန့်ပင်း ပြောလာသည်။ 

"ရုပ်ရှင်ရိုက်ရတာ အရမ်းပင်ပန်းတယ်ဆိုပေမယ့် မင်းရဲ့အသက်အရွယ်က အလုပ်ခွင်ကနေ အတွေ့အကြုံယူရမယ့် အရွယ်လေ... အခုက နှစ်သစ်ကူးရောက်တော့မှာဆိုတော့ ရုပ်ရှင်အသစ်ဖြစ်ဖြစ် ဒရာမာအသစ်ဖြစ်ဖြစ် လက်ခံတာက သိပ်တော့မသင့်တော်ဘူး... အဲ့ဒါဆိုလည်း နှစ်သစ်ကူးပြီးတဲ့အထိ အနားယူလိုက်ပေါ့... အဲဒီလိုဖြစ်သွားမှတော့ ဒီနှစ်သစ်ကူးမှာ အိမ်ကိုပြန်လာလိုက်ပြီး မိသားစုနဲ့အချိန်ဖြုန်းတာက မကောင်းဘူးလား... မင်း ဘယ်လိုထင်လဲ..."


ယဲ့ဇယ်ရှစ်: "..."

လုံးဝကို ကောင်းတဲ့အကြံလို့ မထင်ပါဘူးနော်...



🎶🎶🎶