Chapter 36
Viewers 7k

🎶 Chapter 36



ယဲ့ဇယ်ရှစ်၏ ပရိသတ်များက အလွန်အံ့ဩကုန်ကြသည်။


ဟယ့်ကျင်းယွင်၏ပရိသတ်များကမူ ဘာပြောရမည်ပင်မသိဖြစ်ကုန်ကြသည်။


ထန်ကျင့်ပါ ပါသည် ဆို၍ ပျော်ရွှင်နေကြသော ရှီးထန် CP ပရိသတ်များမှာ သူတို့စားနေသောအချိုများက သကြားများမဟုတ်ဘဲ ဖန်ကွဲစများဖြစ်ကြသည်ကို သိလိုက်ရတော့သည်။


CP ကနေ သကြားကျွေးနေတာမှမဟုတ်ဘဲ...ငါတို့ကို ဖန်ကွဲစတွေကျွေးနေတာ...


ငါတို့ရှေ့တည့်တည့်မှာတင် CP လေးကို ဖျက်ဆီးပစ်ရက်တယ်ပေါ့...


ရက်စက်လိုက်ကြတာ...


ဖရုံစေ့စားနေကြသော ပရိသတ်များကမူ ထိုအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်။

"အဲဒါကြောင့် ရုပ်ရှင်ကို ‌ကြော်ငြာတဲ့ ဓာတ်ပုံတွေမှာ ရုပ်ရှင်ဧကရာဇ်က အင်္ကျီအပြာရောင်ဝတ်ထားပြီး ယဲ့ဇယ်ရှစ်က အနီရောင်ဝတ်ထားတာကိုး...ရှေးခေတ်တည်းက အနီနဲ့ အပြာက စုံတွဲဖြစ်သွားတတ်တာလေ...ရုပ်ရှင်ကြော်ငြာတဲ့အဖွဲ့က တကယ်ကို အသေးစိတ်ကအစ စဉ်းစားထားတာပဲ..."


ဘာကိုအသေးစိတ်စဉ်းစားတာလဲ ဝက်စုတ်တွေရဲ့...


CP ပရိသတ်များ၏အသည်းနှလုံးများက ကြွေမွသွားရလေပြီဖြစ်သည်။


အခြားသောပရိသတ်များကမူ သတင်းသိသိရချင်း အံ့ဩကြောင်အကုန်ကြသော်လည်း တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာကြသည်။


[ဒါဆို ငါတို့ရှစ်ရှစ်နဲ့ ဟယ့်လောင်ရှီးတို့က ရုပ်ရှင် CP အတွဲဖြစ်သွားပြီပေါ့...]


[ငါတို့ရဲ့ဝေလငါးကြီးက လိင်တူချစ်သူရုပ်ရှင်ကိုရိုက်တာ ဒါပထမဆုံးပဲထင်တယ်နော်...မင်းသားချောကြီးရေ...အရမ်းကြည့်ချင်နေပြီ...]


[သူတို့နှစ်ယောက်လုံးက အရမ်းချောကြတာပဲကို...သူတို့ရဲ့ CP ကို ကြိုရင်ခုန်နေပြီ...]


[ညီအစ်မတွေရေ အသိဝင်ကြပါဦး...ရှီးထန်တုန်းကလည်း အရမ်းလိုက်ဖက်ပြီး CP က ချိုခဲ့တာပဲလေ...]


[ရှီးထန်က ဘာချိုလို့လဲ...အခု ရှီးထန်‌က ဓားတွေနဲ့ပြည့်နေပြီ...]


[ဒီလောက်တောင်ကောင်းတဲ့ မင်းသားတွေနဲ့ ပြည့်နေတဲ့ ရုပ်ရှင်က လိင်တူချစ်သူရုပ်ရှင်ဆိုတာ ငါမယုံနိုင်သေးဘူး...တကယ်ကိုမထင်ထားတာ...ထရေလာမလာမချင်း မျှော်နေရဦးမှာပဲ...]


...


"ကျော်ကြားသောစစ်သူကြီး" ရုပ်ရှင်က နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်၍ ဇာတ်လမ်းကလည်း တစ်မျိုးဆန်းနေသောကြောင့် တရားဝင်ကြော်ငြာထွက်လာပြီး မကြာမီမှာပင် ပို၍ ပို၍ နာမည်ကြီးလာကာ ထိုညတွင်းချင်းမှာပင် အင်တာနက်ပေါ်၌ နာမည်အကြီးဆုံးဖြစ်သွားတော့သည်။ 


မကြာခင်မှာပင် တစ်စုံတစ်ယောက်က hot search ပေါ်၌ poll ဖွင့်လိုက်သည်။

[T/N: Poll - အများ၏သဘောထားကို ကောက်ယူသည့် စနစ်]


(လိင်တူချစ်သူရုပ်ရှင် "ကျော်ကြားသောစစ်သူကြီး" ရုပ်ရှင်ကို မျှော်နေကြပြီလား...)


လူအများစုက "မျှော်နေပြီ" ဟု မဲပေးသွားကြသည်။ 


အမှန်တွင်လည်း ရုပ်ရှင်က ရုပ်ရှင်ဧကရာဇ်ဟယ့်ပါသည်ဆိုသည်နှင့်ပင် မကောင်းစရာအကြောင်းမရှိချေ။ ဤရုပ်ရှင်က ဟယ့်ကျင်းယွင်၏ပထမဆုံး ကိုယ်တိုင်ရိုက်ကူးသောရုပ်ရှင်ဖြစ်သော်လည်း ဒါရိုက်တာ ချန်ကျန့်ထျန်းလည်း ပါဝင်ရိုက်ကူးမည်ဖြစ်သောကြောင့် အရည်အသွေးက မကောင်းမည်ကို ပူစရာမလိုပေ။


သို့သော် အခြား အင်တာနက်အသုံးပြုသူများက သံသယဝင်နေကြဆဲဖြစ်သည်။ 


တရုတ်၌ လိင်တူဆက်ဆံရေးကို တဖြည်းဖြည်း ပို၍ လက်ခံလာကြပြီဖြစ်ကာ လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကိုလည်း မကြာမီက ထုတ်ပြန်လိုက်သောကြောင့် စီးပွားရေးသမားများကို ထိုကိစ္စကိုအခွင့်ကောင်းယူ၍ စီးပွားရေးကိစ္စများ၌ လိင်တူဆက်ဆံရေးကြော်ငြာများကို ဗန်းပြကာ ပိုက်ဆံများစွာ သဲ့ယူနေကြသည်။ 


အနုပညာလောက၌လည်း လိင်တူချစ်သူရုပ်ရှင်များစွာ ထွက်ပေါ်လာသော်လည်း ယခုအချိန်အထိ ထွက်သမျှရုပ်ရှင်တိုင်းက သာမာန်ရုပ်ရှင်များ၏ ခြေဖျားကိုပင်မမှီဖြစ်နေသည်။ လိင်တူဆက်ဆံရေးကို တဟုန်ထိုး အားပေးနေကြသည့်အချိန်ဖြစ်သော‌ကြောင့်သာ ရုပ်ရှင်များက ရောင်းထွက်နေကြခြင်းဖြစ်သည်။ 


ဟယ့်ကျင်းယွင်၏အနုပညာစွမ်းရည်က မသေးသော်လည်း သရုပ်ဆောင်ခြင်းနှင့် ရုပ်ရှင်ရိုက်ကူးခြင်းက တူသည့်အရာမဟုတ်ချေ။

သူက တကယ်ပဲ ဒီလိုရုပ်ရှင်ကို သေချာနဲ့ကောင်းကောင်းရိုက်နိုင်မှာလား...


အင်တာနက်ပေါ်၌ ထိုကဲ့သို့ ဆွေးနွေးမှုများနှင့် ပြည့်နေသော်လည်း "ကျော်ကြားသောစစ်သူကြီး" ၏ ရိုက်ကူးရေးကို မနှောင့်နှေးစေပေ။ 


ယနေ့က ထန်ကျင့် ဤရုပ်ရှင်ရိုက်ကွင်းသို့ရောက်လာသည့် တတိယနေ့ဖြစ်၍ သူ့အတွက် အရေးအကြီးဆုံးနေ့လည်း ဖြစ်သည်။ 


အဘယ်ကြောင့်ဆိုသော် ယနေ့၌ ထန်ကျင့်၏ ပထမဆုံးဇာတ်ကွက်ကို စရိုက်ရတော့မည်ဖြစ်သည်။


"ကျော်ကြားသောစစ်သူကြီး" ထဲ၌ ထန်ကျင့်၏ဇာတ်ကောင်ကလည်း ပြဇာတ်မင်းသားပင်ဖြစ်၍ အားဇီ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သော အားယန် ဆိုသော ကောင်လေးဖြစ်သည်။ 


အားဇီနှင့် အားယန်တို့က ပြဇာတ်ရုံအသိုင်းအဝိုင်းထဲ၌ အတူတူကြီးပြင်းလာကြ၍ အားဇီက နာမည်ကြီးမင်းသားဖြစ်လာသော်လည်း အားယန်က လူမသိသူမသိ အားယန်သာ ဖြစ်နေသေးသည်။ 


သို့သော် အားဇီအတွက် အားယန်က သူ၏ အခင်ရဆုံးသူငယ်ချင်းနှင့် တစ်ဦးတည်းသောဆွေမျိုး ဖြစ်သည်။


သူတို့နှစ်ယောက်က တူတူကြီးပြင်းလာကြ၍ အားယန်မသိသော အားဇီအကြောင်းဟူ၍ ဘာမှမရှိချေ။ 


ထို့သို့သောအကြောင်းများကြောင့် နောက်ဆုံးစစ်ပွဲတွင် အားဇီတစ်‌ယောက် ရှန်ချန်ကျိုးကို နောက်တစ်ကြိမ်ထပ်တွေ့ခွင့်ရရန်အတွက် အားယန်က သူ့ကိုယ်သူ စတေးခံရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့သော ဇာတ်ကောင်မျိုးမှာ အလွန်သနားဖွယ်ကောင်း၍ ရုပ်ရှင်ထဲ၌ ဇာတ်ကွက်အနည်းငယ်သာပါသော်လည်း သရုပ်ဆောင်ကောင်းလျှင်ကောင်းသလို ပရိသတ်များ၏အသည်းနှလုံးကို လှုပ်ခါကာ ရင်ထဲ ဝင်သွားနိုင်သည်။


ယနေ့က ထန်ကျင့်၏ ပထမဆုံးရိုက်ကွက်ဖြစ်သော်လည်း အရေးကြီးသော ဇာတ်ကွက်တစ်ခုဖြစ်သည်။


အားဇီနှင့် ရှန်ချန်ကျိုးတို့က တစ်ယောက်နှင့်တစ်ယောက် ချစ်ကျွမ်းဝင်နေကြပြီဖြစ်သော်လည်း ထိုခေတ်အချိန်အရ လူတိုင်းက လက်မခံကြသောကြောင့် သူတို့၏ချစ်ခြင်းကို လျှို့ဝှက်ထားကြရသည်။ 


ယနေ့ရိုက်ရမည်မှာ အားဇီနှင့် ရှန်ချန်ကျိုးတို့၏အကြောင်းကို အားယန်က မတော်တဆသိသွား၍ အားယန်၏ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် အားဇီအပေါ် ဒေါသထွက်မိသောအခန်းဖြစ်သည်။


ဤရိုက်ကွက်က ထန်ကျင့်အတွက် အတော်ပင်ခက်ခဲသော ရိုက်ကွက်ဖြစ်သည်။


သို့သော်လည်း ယနေ့အတွက် ထန်ကျင့်သည် အချိန်များစွာပေး၍ လေ့ကျင့်ထားခဲ့သည်။


ယနေ့၌ ကောင်းကောင်းလုပ်နိုင်ရန် ယမန်နေ့ညက ဟယ့်ကျင်းယွင်ကိုပင် ဆက်သွယ်၍ မည်သို့ သရုပ်ဆောင်သင့်သည်ကို အကြံဉာဏ်တောင်းခဲ့သေးသည်။


အဝတ်အစားလဲခန်းထဲမှ ထန်ကျင့် ထွက်လာချိန်တွင် ယဲ့ဇယ်ရှစ်က မိတ်ကပ်ပင် လိမ်းပြီး၍ tablet တစ်လုံးနှင့် ခုံပေါ်၌ ထိုင်နေသည်။ 


ယမန်နေ့က ယဲ့ဇယ်ရှစ် anime ကြည့်နေသော ဖုန်းက သေးလွန်းသည်ဟုဆိုကာ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို သူ့tabletကြီး ထိုးပေးသွားခဲ့သည်။


ယဲ့ဇယ်ရှစ်က ထုံးစံအတိုင်း ငြင်းလိုက်သေးသည်။

"ကျွန်တော့်မှာလည်း tablet ရှိတယ်လေ..."


ယဲ့ဇယ်ရှစ်က ဖုန်းနှင့်သာ ကြည့်နေရသည့်အကြောင်းရင်းမှာ ရိုက်ကွင်း၌ tabletကြီးတကားကားဖြင့် anime ထိုင်ကြည့်နေလျှင် လူပြောခံရမည်စိုးသောကြောင့် ဖုန်းလေးနှင့်သာ ခိုးကြည့်နေခြင်းဖြစ်သည်။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ရှင်းပြသည်ကို နားထောင်ကာ ပြန်ပြောလိုက်သည်။

"မင်း Inuyasha ကြည့်နေတာကို ဒီရိုက်ကွင်းမှာ မသိတဲ့လူရော ရှိသေးလို့လား..."


ထိုအခါမှ ယဲ့ဇယ်ရှစ်လည်း ဘာမှပြန်မပြောနိုင်ဖြစ်သွားတော့သည်။

သူပြောတာလည်း ဟုတ်တာပဲ...


အကုန်လုံးသိနေမှတော့လည်း မထူးပါဘူး...screen ကြီးကြီးနဲ့ပဲကြည့်တော့မယ်...


ယဲ့ဇယ်ရှစ်က tablet ကို လှမ်းယူ၍ ကြည့်လိုက်သောအခါ သူ ထပ်ဒေါင်းလုတ်ဆွဲစရာမလိုစေရန် ဟယ့်ကျင်းယွင်က tablet ထဲ၌ Inuyasha animeကို အပိုင်းအကုန် တစ်ခါတည်း ဒေါင်းလုတ်ဆွဲထားပေးသည်ကို တွေ့လိုက်ရသည်။


ထိုအခါမှသာ ယဲ့ဇယ်ရှစ်၏ ဟယ့်ကျင်းယွင်အပေါ် အ‌ကောင်းမြင်စိတ်လေးက အနည်းငယ်ခုန်တက်သွားသည်။


ဟယ့်လောင်ရှီးက သရုပ်ဆောင်ပဲ တော်တာမဟုတ်ဘဲ ဂရုလည်း စိုက်တတ်သားပဲ...


မဆိုးပါဘူး...


အေးအေးဆေးဆေးရှိလွန်းလှသော ယဲ့ဇယ်ရှစ်ကိုကြည့်၍ ထန်ကျင့်၏ မျက်နှာက ပို၍ပင် စိတ်ရှုပ်နေသည့်ပုံ‌ပေါ်သွားသည်။


Time Idol တုန်းကနဲ့ ဘာမှလည်း မကွာဘူး...


Time Idol တွင်လည်း အခြားပြိုင်ပွဲဝင်များက ပင်ပန်းစွာ အသေအလဲ ကြိုးစားနေချိန်တွင် ယဲ့ဇယ်ရှစ်က အပူအပင်တစ်စက်မှပင်မရှိဘဲ အေးဆေးစွာ နေနေခဲ့ပေသည်။


သို့သော် အဆင့်များထွက်လာသည်နှင့်တစ်ပြိုင်နက် ယဲ့ဇယ်ရှစ်၏ အဆင့်က လူများ အားကျလောက်ရလောက်အောင် ထိပ်ဆုံး၌သာဖြစ်သည်။ 


ထန်ကျင့်က ဘာကြောင့်မှန်းမရှင်းပြတတ်သော်လည်း အနည်းငယ် စိတ်ရှုပ်မိသည်။

ဒီတစ်ခေါက်လည်း အရင်တစ်ခေါက်ကလိုတော့ မဖြစ်ဘူးမလား...


ထန်ကျင့်က ဤဇာတ်ကွက်အတွက် လေ့ကျင့်ခန်းများစွာလုပ်၍ စကားပြောများကိုလည်း အေးဂျင့်နှင့် အကြိမ်ကြိမ်အခါခါပြော၍ ခေါင်းထဲစွဲနေအောင် ကျက်ထားခဲ့သည်။


ဟိုတစ်ခေါက်ကလိုတော့ အဆိုးကြီးမဖြစ်လောက်ပါဘူး...


နောက်ခံအပြင်အဆင်များ အဆင်သင့်ဖြစ်သောအခါ ထိုအခန်းကို စရိုက်တော့သည်။


အားဇီ၏အခန်းတံခါးက ပွင့်သွား၍ ဝင်လာသူမှာ အားယန်ဖြစ်နေသည်။ အားဇီက အသံကြားသောကြောင့် မော့ကြည့်၍ နားမလည်သည့်မျက်နှာဖြင့် မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ...မင်းကိုကြည့်ရတာ အလန့်တကြားပုံနဲ့..."


အားယန်က သူ့ရင်ထဲ၌ လောင်ကျွမ်းနေ‌သော ဒေါသများကို အပြင်သို့ ထွက်မလာစေရန် မနည်းထိန်းထားရသည့်ပုံနှင့် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

"မင်းနဲ့ ဟိုစစ်သူကြီးနဲ့က ဘာတွေဖြစ်နေကြတာလဲ..."


အားဇီ၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး မျက်တောင်တစ်ချက်ခတ်လိုက်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"မင်း...မင်းသိနေတာလား..."


"မင်းတို့...မင်းတို့နှစ်ယောက်လုံးက မဖြစ်သင့်တာတွေ...မင်းကွာ..."


"ကတ်..."

ဒါရိုက်တာချန်က ရုတ်တရက်ထအော်လိုက်သည်။

"ထန်ကျင့်...မင်းရဲ့ မုဒ်က မှန်မနေဘူး..."


[T/N: ကတ် - cut၊ ဒါရိုက်တာတွေ ရိုက်နေတာကို ရပ်စေချင်ရင် အော်တဲ့စကားပါ။]


ထန်ကျင့်မျက်နှာက မသိမသာ ပျက်သွားသည်။


ဒါရိုက်တာချန်က ထန်ကျင့်တို့နားလျှောက်လာ၍ ပြောလိုက်သည်။

"မင်းရဲ့ ခံစားချက်က အခုအချိန်မှာ ဒေါသထွက်တာတစ်ဝက် စိတ်မကောင်းဖြစ်တာတစ်ဝက် ဖြစ်နေရမှာ...အားဇီက မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ပြီးတော့ ဒီလောကကြီးမှာ မင်းအားကိုးအားထားရတာဆိုလို့လည်း သူတစ်ယောက်တည်းရှိတာ...အဲဒီတော့ မင်းက အားဇီကို စိတ်တိုနေရမယ်...စိတ်တိုတာကလည်း ပုံမှန်စိတ်တိုတာမဟုတ်ဘဲ အားဇီက လူတွေ ဝိုင်းကျဉ်ခံရမယ့်အလုပ်ကို လုပ်နေလို့ ဂရုဏာဒေါသောနဲ့ စိတ်တိုရမှာ...ဒီခံစားချက်က ဒီနေ့ဇာတ်ကွက်ရဲ့ အဓိကသော့ချက်ပဲ...အားယန်ရဲ့စိတ်ထဲက အားဇီကို ဒေါသလည်းထွက် သနားလည်းသနားနေတဲ့ လွန်ဆွဲနေတဲ့စိတ်ကို ပေါ်အောင် မင်း သရုပ်ဆောင်ရမှာ..."


ထန်ကျင့်က နှုတ်ခမ်းကို တင်းတင်းစေ့၍ ချန်ကျန့်ထျန်းကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် ဒါရိုက်တာချန်...ကျွန်တော် ပြန်ကြိုးစားပါ့မယ်..."


ချန်ကျန့်ထျန်းက ခေါင်းညိတ်၍ ထန်ကျင့်ဘေးမှ ယဲ့ဇယ်ရှစ်ကို လှမ်းကြည့်၍ ပခုံးကိုပုတ်လိုက်သည်။

"မင်းကတော့ အဆင်ပြေတယ်...ခုဏက ခံစားချက်ကိုပဲ ပြန်ထည့်ပြီး ပြန်သရုပ်ဆောင်ချည် ဟုတ်ပြီလား..."


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်ပြလိုက်သည်။


မကြာခင်၌ ဒုတိယအကြိမ် ရိုက်ကူးရေး ပြန်စတော့သည်။


သို့သော် ထန်ကျင့်က ပထမဆုံးစာသား မပြောရသေးမီမှာပင် ဒါရိုက်တာချန်က ရပ်ခိုင်းလိုက်ပြန်သည်။ 


ဘေးနားမှ ရိုက်ကူးရေးဝန်ထမ်းများ၏ အကြည့်များက ချက်ချင်း ထန်ကျင့်ပေါ်သို့ ရောက်လာကြသောကြောင့် ထန်ကျင့်က နှလုံးသားကို အပ်နှင့်အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။


ဤမနက်၌ ဒါရိုက်တာချန်သည် NG ကို မဖြစ်စဖူးအခေါက်ခေါက်အခါခါအော်နေရတော့သည်။


[T/N: NG - no good။ ရိုက်ကူးရေးတွေ၊ ဇာတ်ကွက်တွေ အဆင်‌မပြေရင် သုံးတဲ့ ရုပ်ရှင်စကားလုံးပါ]


ဤနေ့က "ကျော်ကြားသောစစ်သူကြီး" စရိုက်တည်းက ပထမဆုံးအနေဖြင့် ရိုက်ကွင်းတစ်ခုလုံး NG အော်ရသည့် အခေါက်ရေအများဆုံးရက်လည်း ဖြစ်သွားသည်။ 


ခဏထိုင်၍ နားနေသော ဟယ့်ကျင်းယွင်နားသို့ ရုပ်ရှင်၌ပါသော အခြားသရုပ်ဆောင်နှစ်ယောက်ဖြစ်သည့် ကျန်းလင်ဖုန်းနှင့် ဝမ်မုန့်ရှင်း တို့ ရောက်လာကြသည်။ 


"သူ သရုပ်ဆောင်ရမယ့် ခံစားချက်ကို ရှာမရဖြစ်နေပုံပဲ..."

ဝမ်မုန့်ရှင်းက စိတ်မကောင်းသည့်အသံဖြင့် ပြောလိုက်သည်။ 


ထန်ကျင့်က ယခု တက်သစ်စသရုပ်ဆောင်များထဲတွင် တော်တော်အဆင်ပြေသည်ဟု ပြော၍ရသော်လည်း ယနေ့ ယဲ့ဇယ်ရှစ်နှင့်တွဲရိုက်ရသောကြောင့် ကံဆိုးသွားခဲ့သည်။


ဝမ်မုန့်ရှင်းက ဤအနုပညာလောကထဲတွင် ဆယ်နှစ်ကျော်ကျင်လည်လာပြီးသော မင်းသမီးဖြစ်၍ သူ့သရုပ်ဆောင်စွမ်းရည်က အကောင်းကြီးမဟုတ်သော်လည်း ဇာတ်ဝင်ခန်းကို ရိုက်နေချိန်တွင် ထိုအချိန်၌လုပ်ရမည့် ခံစားချက်ကိုသိ၍ ကောင်းကောင်းမုဒ်သွင်းနိုင်သူဖြစ်သည်။ 


သို့သော်လည်း ယခင်တစ်ခေါက် ယဲ့ဇယ်ရှစ်နှင့် ဇာတ်ဝင်ခန်းတစ်ခန်း ‌တွဲရိုက်ရစဉ်က ဝမ်မုန့်ကျင်းသည်ပင်လျှင် ယဲ့ဇယ်ရှစ်၏ လွှမ်းမိုးမှုကို ခံရမလိုဖြစ်သွားခဲ့သည်။


ယဲ့ဇယ်ရှစ်၏သရုပ်ဆောင်နိုင်စွမ်းက ကောင်းလွန်း၍ ပြောရမည့်စာသား၊ သရုပ်ဆောင်ရသည့် မျက်နှာအမူအရာ အစရှိသမျှက ပီပြင်လွန်း၍ ယဲ့ဇယ်ရှစ်ရိုက်သမျှ ဇာတ်ကွက်တိုင်းက တစ်ခါတည်းနှင့် ပြီးလေ့ရှိသည်။ မိတ်ကပ်အဆင်မပြေခြင်း၊ နောက်ခံအပြင်အဆင်လိုအပ်သွားခြင်း အစရှိသည့် မမျှော်လင့်ထားသောကိစ္စများရှိမှသာ ယဲ့ဇယ်ရှစ်၏အခန်းများကို ပြန်ရိုက်ရလေ့ရှိသည်။ 


ထို့ကြောင့် ယဲ့ဇယ်ရှစ်ကဲ့သို့ လူမျိုးနှင့် တွဲသရုပ်ဆောင်ရခြင်းမှာ ထန်ကျင့်အတွက် အလွန်ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။


ဤမနက်တွင်လည်း သတိထားကြည့်သည့်လူတိုင်းက ထန်ကျင့် မည်မျှကြိုးစားနေမှန်း မြင်နိုင်သော်လည်း ရလဒ်များက အဆင်မပြေဖြစ်နေဆဲဖြစ်သည်။ 


နောက်ဆုံးတွင်တော့ ဒါရိုက်တာချန်လည်း လက်လျှော့လိုက်တော့သည်။

"ထားလိုက်တော့...အားလုံး ခဏအနားယူမယ်...နေ့လယ်မှ ဇာတ်ကွက်အသစ်ပြောင်းပြီး ထပ်ရိုက်တော့မယ်...ဇယ်ရှစ် ဒီနေ့အတွက် မင်းနားလို့ရပြီ..."


" ကောင်းပါပြီ…"

ယဲ့ဇယ်ရှစ်လည်း ခေါင်းညိတ်ပြ၍ ဦးဆုံးထကာ မိတ်ကပ်များဖျက်ရန် အဝတ်အစားလဲခန်းသို့ ထွက်သွားလေသည်။ 


ယနေ့ ဟမ်တျန့်၏ အပူချိန်က ၃၆ ဒီဂရီရှိ၍ အပူချိန်မြင့်နေသော်လည်း ထန်ကျင့်က တစ်ကိုယ်လုံး အေးစက်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဇယ်ရှစ်၏ သရုပ်ဆောင်စွမ်းရည်ကိုလည်း သူ မယှဉ်နိုင်ကြောင်း သိသွားသောကြောင့် ဖြစ်သည်။ 


အစက အဆင်ပြေနေသေးသော်လည်း တဖြည်းဖြည်းနှင့် NGက များလာသည်။ ဒါရိုက်တာချန်က စိတ်ရှည်ရှည်နှင့် သေချာရှင်းပြ၍ ထန်ကျင့်ကိုယ်တိုင်ကလည်း သူဘာလိုနေမှန်းသိသော်လည်း ဒါရိုက်တာလိုချင်သည့်ခံစားချက်ကို သရုပ်မဆောင်နိုင်ဖြစ်နေသည်။ 


သို့သော် ယဲ့ဇယ်ရှစ်ကမူ ဇာတ်ဝင်ခန်းကို မည်မျှပင် ထပ်ရိုက်ရပါစေ၊ ဒါရိုက်တာက ကလစ်ဘုတ်ကို စရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သူသရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် တစ်သားတည်းဖြစ်သွားလေသည်။


ထိုဇာတ်ကွက်ကို ပြန်ရိုက်နေစဉ်တွင် ဝန်ထမ်းတစ်ယောက်က ဤမျှပူပြင်းနေသော ရာသီဥတုတွင် ဇာတ်ကွက်တစ်ခုတည်းကို ထပ်ခါထပ်ခါပြန်ရိုက်နေရသည်ဟူ၍ စိတ်မရှည်သည့်လေသံဖြင့် ပြောနေသည်ကိုပင် ထန်ကျင့် ကြားလိုက်သေးသည်။


ထိုဝန်ထမ်းက နာမည်ကိုထုတ်မပြောသော်လည်း သူတို့ ယနေ့ ဇာတ်ကွက်ကို ထပ်ခါ ထပ်ခါ ရိုက်နေရခြင်းမှာ သူ့ကြောင့်မှန်း ထန်ကျင့်သိသည်။ 


ထန်ကျင့် အခြေအနေမကောင်းသည်ကို မြင်သောကြောင့် အေးဂျင့်ကပြေးလာကာ အားပေးလိုက်သည်။

"ဘာမှမဖြစ်ဘူးလေ...အခုမှပထမဆုံးဇာတ်ဝင်ခန်းပဲ ရှိသေးတာကို...အိမ်ပြန်နားပြီး စိတ်ကို သေချာပြင်ဆင်လိုက်...မနက်ဖြန်ကျရင် အကုန်လုံး အဆင်ပြေသွားမှာ..."


ထန်ကျင့်က နီရဲနေသော မျက်လုံးများဖြင့် ခေါင်းကိုသာ ခါရမ်းလိုက်သည်။ 


ထန်ကျင့် ယခုမှ နောင်တရနေမိသည်။

ငါ ဘာဖြစ်လို့များ ဒီရုပ်ရှင်ထဲကို ဝင်လာမိပါလိမ့်...


ထန်ကျင့်က သူ မည်သည့်နေရာ၌ လိုနေသည်ကို သိချင်၍သာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ သူနှင့် ယဲ့ဇယ်ရှစ်ကြားတွင် အနုပညာစွမ်းရည်က သမုဒ္ဒရာလောက် ကွာဟနေမည်ဟု မထင်ထားခဲ့ချေ။ 


ယဲ့ဇယ်ရှစ်ကို ထန်ကျင့် ဒီတစ်သက် လိုက်မှီပါတော့မလား...


မနက်ပိုင်းကုန်ဆုံးသွားချိန်တွင် ရိုက်ကွင်း၏အခြေအနေက ပြောင်းသွားတော့သည်။


နေ့လယ်၌ ရိုက်ကွင်းပြန်စသောအခါ ယဲ့ဇယ်ရှစ်သာမက ထန်ကျင့်ပါ ရိုက်ကွင်းပေါ်၌ မရှိတော့ပေ။


ချန်ကျန့်ထျန်းလည်း မနေနိုင်ဘဲ ဟယ့်ကျင်းယွင်ကိုပြောလိုက်မိသည်။

"‌ရှောင်ထန်က သူ့ခံစားချက်ကို ထိန်းနိုင်ပါ့မလား မသေချာဘူးနော်...မနက်ဖြန် ငါ မင်းသားတော့ မပြောင်းချင်သေးဘူး...သူ အခုထက် ပိုကောင်းအောင်လုပ်နိုင်ဦးမယ်လို့ ငါထင်နေတယ်..."


ဟယ့်ကျင်းယွင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

"အရမ်းကြီးလည်း စည်းကမ်းကြပ်မနေနဲ့လေ...ထန်ကျင့်က မနက်ဖြန်ကျရင် သေချာပေါက် ပိုကောင်းလာမှာပါ..."


ချန်ကျန့်ထျန်းက ဟယ့်ကျင်းယွင်ကို မျက်စောင်းထိုးလိုက်သည်။

"စည်းကမ်းတင်းကြပ်မိတာလည်း အပြစ်ဖြစ်ရပြန်ပြီလား...တကယ်တော့ ဇယ်ရှစ် သရုပ်ဆောင်တာ ကောင်းလွန်းတော့ ရှောင်ထန်က မလိုက်နိုင်ဖြစ်နေတာ..."


ဟယ့်ကျင်းယွင်က ပြုံးလိုက်သည်။

"ယဲ့ဇယ်ရှစ်သာ ခင်ဗျား ဒီလိုပြောတာကိုကြားရင် ခင်ဗျားရဲ့ နောက်ရုပ်ရှင်အတွက် မင်းသားရဖို့ ဘုရားမှာသာ ဆုတောင်းနေလိုက်တော့...သူက ခင်ဗျားနဲ့ ဘယ်တော့မှ အလုပ်တွဲလုပ်တော့မှာမဟုတ်ဘူး..."


ချန်ကျန့်ထျန်းက အလန့်တကြားနှင့် သူ့ဘေးမှ လူများကို‌ ပြောလိုက်သည်။

"ဟေ့ ငါ ခုဏဘာမှမပြောလိုက်ဘူးနော်...မင်းတို့ ဘာမှမကြားလိုက်ဘူး ဟုတ်ပြီလား...သွားကြတော့...မြန်မြန်သွားကြ...ရိုက်ကွင်း ပြန်စတော့မှာ..."


ဟယ့်ကျင်းယွင်လည်း ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။


ထို့နောက် နှစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီး ဖုန်းကိုထုတ်ကာ မက်ဆေ့ခ်ျရိုက်လိုက်သည်။

"ဟေး...မင်း ငါ့ကို ကူညီနိုင်မလား..."


ယဲ့ဇယ်ရှစ်ထံမှ ချက်ချင်းနီးပါးပင် ပြန်ပို့လာသည်။

"?..."


ဟယ့်ကျင်းယွင်: "ထန်ကျင့်ကို ဇာတ်ညွှန်းနဲ့ပတ်သတ်ပြီး မင်း နည်းနည်းလောက် ကူပြီး ရှင်းပြပေးလို့ရမလား..."


ယဲ့ဇယ်ရှစ်: "???"

"ခင်ဗျားက ဒါရိုက်တာလေ...ကိုယ့်ကိုယ်ကိုယ် ဒါရိုက်တာဆိုတာ မေ့မနေနဲ့..."


ဟယ့်ကျင်းယွင်: "အင်း...ဒီ ဒါရိုက်တာကပဲ မင်းကို အကူအညီလာတောင်းနေတာလေ...အဆင်ပြေမယ်မလား..."


ယဲ့ဇယ်ရှစ် အစက ရက်ရက်စက်စက် ငြင်းလိုက်၍ ဟယ့်ကျင်းယွင်ကို သူ့ဘာသာသူ ဒုက္ခရောက်စေရန် စဉ်းစားလိုက်သေးသည်။ သို့သော်လည်း စိတ်က ရုတ်တရက်ပြောင်းသွားသည်။

ဘာဖြစ်လို့ ဟယ့်ကျင်းယွင်က ထန်ကျင့်ကို ကူညီပေးဖို့ ငါ့ကို အကူအညီလာတောင်းတာလဲ...


ဟယ့်ကျင်းယွင်က ဤရုပ်ရှင်၏ အဓိကသရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သောကြောင့် ရိုက်ကွင်းက သူမရှိဘဲ ဘာမှလုပ်မရချေ။ များသောအားဖြင့် ဟယ့်ကျင်းယွင်က ညဉ့်နက်၍ ဟိုတယ်ခန်းသို့ ပြန်ခါနီးအချိန်အထိပင် အလုပ်များ ပိနေတတ်သည်။ နောက်တစ်နေ့တွင်လည်း ရိုက်ကွင်းသို့ ယဲ့ဇယ်ရှစ်ရောက်လာချိန်တွင် ဟယ့်ကျင်းယွင်က ရောက်နေနှင့်ပြီးသားဖြစ်နေသည်။ 


ဟယ့်ကျင်းယွင်က ထန်ကျင့်ကို ဇာတ်ညွှန်းအကြောင်း မရှင်းပြချင်လို့ ငါ့ကို အကူအညီလာ‌တောင်းနေတာမှမဟုတ်ဘဲ...သူကိုယ်တိုင်ရှင်းပြပေးချင်ပေမယ့် သူ့မှာ တကယ်ကို အချိန်မရဖြစ်နေတာကိုး...


ရိုက်ကွင်းသို့ ထန်ကျင့်ရောက်လာသည်မှာ သုံးရက်ခန့်သာ ရှိသေးသည်။

ထန်ကျင့်ရောက်လာတာ ဘာမှတောင်မကြာသေးဘူး...CP အသစ်လေး ဖူးပွင့်လာတာကို ငါမြင်ရတော့မှာလား...


ယဲ့ဇယ်ရှစ်၏မျက်လုံးများက ချက်ချင်းပင် တောက်ပသွားကြလေသည်။ 


ခွေးတစ်ဝက် Inuyasha နှင့် တကယ့် CP ကြား မည်သည်ကို ရွေးရမည်ကို တစ်စက္ကန့်မျှ စဉ်းစားပြီးသောအခါ ယဲ့ဇယ်ရှစ်က tabletကို ပိတ်၍ ခုတင်ပေါ်မှ ကုန်းထကာ ဇာတ်ညွှန်းကိုကိုင်၍ အောက်ထပ်သို့ ပြေးဆင်းကာ ထန်ကျင့်၏တံခါးကို ခေါက်လိုက်သည်။

"ဟယ့်လောင်ရှီးက ငါ့ကို မင်းနဲ့တူတူ ဇာတ်ညွှန်းကူကြည့်ပေးဖို့ ပြောလိုက်တယ်..."


မင်း မပျော်ဘူးလား...


အရမ်းအံ့ဩသွားလား...


မင်းတို့ မနက်ဖြန်ကျရင် တူတူ နီးကပ်ခွင့်ရတော့မယ်လေ...



🎶🎶🎶