Chapter 128
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 128


လူနာက တံခါးကိုဖွင့်ရန်မလှုပ်ရှားလာသောကြောင့် အန်းသန့်စ်က တွန်းဖွင့်ပြီးဝင်လာခဲ့လိုက်သည်။

"ဘာလို့လဲ...ကိုယ်က မင်းရုတ်တရက်ကြီး ပျောက်သွားတာကို ဘယ်လိုလုပ်ဒီတိုင်းငြိမ်နေနိုင်မှာလဲ"

သူက သူ့မျက်နှာကို ဖုံးထားသည့် မျက်နှာဖုံးအား ဆွဲချရင်း သူ့ဒေါသများကို ဖိနှိပ်ကာပြောလိုက်သည်။ သူ့နှုတ်ခမ်းများက တင်းတင်းကြပ်ကြပ် စေ့သွားခဲ့သည်။

"ရှင် ကျွန်မစာကို မတွေ့ခဲ့ဘူးလား"

လူနာက မျက်တောင်ခတ်ပြီး အံ့သြစွာမေးလိုက်သည်။ သူမ ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်မှာ မှန်သော်လည်း စာချန်ထားခဲ့သောကြောင့် သူနားလည်လိမ့်မည်ဟု တွေးခဲ့မိသည်။

သူမ စာကို ကောင်းကောင်းမပို့ခဲ့မိလို့ သူ မရခဲ့တာများလား...

ထိုသို့ဆိုပါက ဒေါသဖြစ်နေခြင်းကို နားလည်နိုင်ပေသည်။ ၎င်းမှာ သူမက ဤအတိုင်း သူတို့ကို စကားတစ်ခွန်းမှ မပြောဘဲ ပျောက်သွားခဲ့ပုံရနေသည်။

မဟုတ်သေးဘူး သူ ဤနေရာသို့ လာခဲ့သောကြောင့် သူမ ဤနေရာ၌ ရှိနေမှန်း ကြားခဲ့သည်ဟုဆိုလို၏။
 
နောက်မှ ပြန်ရောက်လာတဲ့ ဒဲဗောရက သူ့ကိုပြောခဲ့တာ ဖြစ်နိုင်တယ်...

လူနာက အတွေးများစွာတွေးနေချိန် အန်းသန့်စ်က ပို၍စိတ်ဆိုးလာပြီး ပြန်ဖြေခဲ့သည်။

"မြင်သားပဲ"

"ဘယ်လို... ရှင်မြင်တယ်လား။ ဒါဆို ရှင်ဘာလို့လာခဲ့တာလဲ"

သူမက စာကိုအချိန်တိုလေးအတွင်း စိတ်ရောကိုယ်ပါနှစ်ပြီး ရေးခဲ့သောကြောင့် ဤသို့ ကြမ်းတမ်းသောအမူအရာဖြင့် တုံပြန်ရန် မလိုအပ်ပေ။

လူနာ၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်လိုက်ရစဉ် အန်းသန့်စ်က လက်ပိုက်ပြီး မျက်ခုံးပင့်ကာ တုံ့ပြန်ခဲ့သည်။

"မင်းက ရန်သူ့နယ်မြေထဲ တည့်တည့်ကြီးဝင်သွားမှတော့ ကိုယ်က ဘယ်လိုလုပ်မလာပဲနေနိုင်မှာလဲ"

သူစာကို ပထမဆုံးဖတ်ချိန်တုန်းက ဘယ်လောက်တောင်အံ့သြသွားခဲ့ရလဲ... ထိုကျေးဇူးကြောင့် သူပထမဦးဆုံးအကြိမ် နှလုံးရောဂါရတော့မလိုပင် ခံစားခဲ့ရသည်။

သူ အရာအားလုံးကို ဘေးဖယ်ထားပြီး လူနာ၏ အနားမှာပဲ ၂၄နာရီ တစ်နေ့လုံးရှိနေချင်သလိုခံစားရသည်။

နည်းနည်း ချဲ့ကားလွန်းရာကျပေမယ့် လေတိုက်ရင်တောင် လူနာလွင့်ပါသွားမည်ကို သူစိုးရိမ်မိသည်။ ဒါ့ကြောင့် စာတိုတစ်ခုချန်ထားပြီး ရန်သူ့နယ်မြေထဲသို့ ဝင်သွားသည့် သူမကို "အော် ဟုတ်လား" ဆိုပြီး ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပေ။

"ကိုယ်က ရုတ်တရက်ကြီး မြို့စားကြီးရဲ့အိမ်တော်ထဲ ခိုးဝင်မယ်လို့ပြောရင် မင်းရောဒီတိုင်း 'အိုခေ အဲ့ဒီတော့ 'လို့ပြောပြီး လက်ခံမှာလား"

လူနာက သူ၏ခံစားချက်များကို နားမလည်ပုံရသောကြောင့် အန်းသန့်စ်က သူ၏နည်းလမ်းကို ပြောင်းလိုက်သည်။ ကိုယ့်ကိုကိုယ် သူများနေရာတွင်ခံစားခိုင်းတာဖြစ်သည်။

အန်းသန့်စ်ပြောပြီးသွားသည်နှင့် လူနာက ထိုသို့ ဘယ်တုန်းကမှမတွေးဖူးသကဲ့သို့ မျက်လုံးများဝိုင်းစက်ကာ ချက်ချင်းပင် ခေါင်းယမ်းပြလိုက်သည်။

"အမ်… ဟင့်အင်း"

"ပြီးတော့ အနည်းဆုံး ကိုယ်ကသန်မာသေးတယ်။ အဆိုးဆုံးအခြေအနေရှိခဲ့ရင်တောင် ရုန်းထွက်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းကတော့မလုပ်နိုင်ဖူးလေ"

လူနာက အန်းသန့်စ်၏ 'စိတ်ပူလို့ သေတော့မယ်' ဟုပြောနေပုံရသော အကြည့်ကြောင့် သူမ စိတ်လိုက်မာန်ပါလုပ်ခဲ့မိသည်ကို သဘောပေါက်သွားခဲ့သည်။

သူမ၏အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် အဆိုးရွားဆုံးအခြေအနေမှာ တရားစွဲခြင်းသာဖြစ်နိုင်သောကြောင့် သူမကိုယ်တိုင် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။သို့သော် အန်းသန့်စ်ပြောသကဲ့သို့ တစ်ဖက်လှည့်ဖြင့်တွေးကြည့်ပါက သူမလည်း အလွန်စိုးရိမ်မှာပင်ဖြစ်သည်။

"ကျွန်မ အတွေးတိမ်သွားခဲ့တယ်။ တောင်းပန်ပါတယ်"

လူနာက ရိုးသားစွာ တောင်းပန်လိုက်သည်။ ရွှေရောင်အခွင့်အရေးကောင်းတစ်ခုဖြစ်သေညကြောင့် သူမ မတတ်နိုင်ခဲ့သော်လည်း စဉ်းစားခဲ့သင့်သည်မှာ အမှန်ပင်ဖြစ်သည်။

လူနာက သူဘာလို့ဒေါသထွက်ရသည်ကို နားလည်ပြီး တောင်းပန်လာခဲ့ချိန်တွင် အန်းသန့်စ်၏ဒေါသက လျော့ကျသွားခဲ့သည်။

"ကျွန်မ အဲ့လိုထပ်မလုပ်တော့ပါဘူး။ အဲ့ဒါကြောင့် သခင်လေး စိတ်အေးအေးထားပါ ဟုတ်ပြီလား"

သူမက သူ့လက်ကိုခါယမ်းပြီး တောင်းဆိုလာမှတော့ာ့ သူဘယ်လိုလုပ်ဆက်ပြီး ဒေါသထွက်နိုင်မှာလဲ။

လူနာက သူစိတ်မဆိုးတော့သည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာကြောင့် ပြုံးလိုက်သည်။

လူနာ ပြုံးလိုက်သည်နှင့် အန်းသန့်စ်၏ နှုတ်ခမ်းထောင့်များက မြင့်တက်လာခဲ့သည်။ သိုသော် သူတို့က ရန်သူ့နယ်မြေအလယ်တွင် ရှိနေသည်ကို လျင်မြန်စွာ မှတ်မိသွားပြီး အဓိကအကြောင်းအရာကို ပြန်သွားလိုက်သည်။

"ကောင်းပြီ ဒါဆို ကိုယ်တို့ဘာအရင်လုပ်သင့်လဲ။ ငါတို အိမ်တော်ထဲရောက်လာပြီးမှတော့ အလုပ်ပြီးအောင် လုပ်ဖို့လိုတယ်"

အန်းသန့်စ်သည် ၎င်းက အန္တရာယ်များနိုင်သောကြောင့် သူ့ဘာသာပဲလုပ်မည်ဟု ပြောဆိုခဲ့သည်။ လူနာက မလိုတော့ဘူးဟုပြောလိုက်ပြီး ဒဲဗောရာ၏ စာချုပ်သာမက ပြီးပြည့်စုံသော အထောက်အထားများကိုပါ ပြသခဲ့လိုက်သည်။

"ကျွန်မတို့ လုပ်ရမှာဆိုလို့ ထွက်ပြေးဖို့ပဲကျန်တော့တယ်။ ကျွန်မ စာရွက်စာတမ်းတွေ အကုန်ခိုးပြီးပြီ။ အထောက်အထား ခိုင်လုံသွားပြီပဲ"

"…ကိုယ် နားလည်ပြီ"

ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်လဲ။ သူမက တစ်ရက်ခွဲမျှသာ အိမ်တော်ထဲရှိနေခဲ့ရသေးသော်လည်း ရန်သူ၏အကြံအစည်များကို ပျက်စီးစေမည့် စာရွက်စာတမ်းများအားလုံးကို စုဆောင်းထားပြီးဖြစ်သည်။ သူ ဒေါသထွက်ခဲ့သည်မှာ အနည်းငယ်ရှက်စရာကောင်းသလိုပင် ခံစားမိခဲ့သည်။

"ဒါဆို ကိုယ်တို မြန်မြန်ထွက်ပြေးကြမယ်လေ"

"အိုး အဲ့ဒါမတိုင်ခင် ကျွန်မစိုးရိမ်နေတာတစ်ခုရှိတယ်။ အဲ့ဒါကြောင့် ကျွန်မ ထွက်မပြေးနိုင်သေးဘူး"

စံအိမ်ထဲမှ ထွက်ပြေးရသည်ထက် ပိုအရေးကြီးသော အရာတစ်ခု ရှိသည်ဟု ကြားလိုက်ရသောကြောင့် အန်းသန့်စ်၏ စိတ်အခြေအနေက ရုတ်တရက်ထိုးကျသွားခဲ့သည်။ ထို့နောက် လူနာက သူမကိုကူညီခဲ့သော ဘတ်သ် အကြောင်း ရှင်းပြလိုက်သည်။

"ကျွန်မ စာရွက်စာတမ်းတွေရှာနိုင်အောင်လို့ မြို့စားကြီးကို အာရုံလွှဲပေးခဲ့တဲ့ ဘတ်သ်ကို စိတ်ပူနေတာ။ ကျွန်မ သူမမျက်နှာကိုတောင် မတွေ့ရသေးဘူး"

"ကိုယ် စောနက အဲ့အစေခံကိုတွေ့လိုက်တယ်"

"ရှင်တွေ့ခဲ့တာလား။ဘယ်မှာလဲ"

"ပထမထပ်မှာ"

အန်းသန့်စ်က လူနာ မည်သည့်နေရာတွင် ရှိနေမှန်း မသိသောကြောင့် ပထမထပ်မှ စရှာဖွေခဲ့သည်။ သူ စံအိမ်ကို ရောက်ဖူးခဲ့သော်လည်း လူနာကိုရှာရန် အချိန်အတော်လေးယူခဲ့ရသည်။

"ကိုယ်တော့ သူမအန္တရာယ်ထဲ ရောက်နေတယ်လို့ မထင်ဘူး။ အဲ့အစား ဒုက္ခရောက်နေပုံရတဲ့သူက တခြားတစ်ယောက်ပဲ"

လူနာက ဘတ်သ်၏ သူမကိုယ်သူမ ဒုက္ခရောက်ခံမည့်အစား အခြားသူများအား ဒုက္ခဖြစ်စေခဲ့သည်ဟု ကြားလိုက်ရသောကြောင့် အသေးစိတ် ရှင်းပြချက်ကို တောင်းဆိုခဲ့သည်။

"ကိုယ် အခြေအနေတစ်ခုလုံးကို မသိပေမယ့် မြင်လိုက်ရတာတော့ မြို့စားကြီးက အိမ်တော်ထိန်းကို မြို့စားကတော်ကြီးနဲ့ ဆက်ဆံရေးရှိမရှိဆိုတာ မေးခွန်းထုတ်နေသလိုပဲ။ ပြီးတော့ အဲ့အစေခံက ဒီတိုင်းအနားမှာရှိနေတာ"

"…ဟင်! ဆက်ဆံရေးလား! အိမ်တော်ထိန်း နဲ့ မြို့စားကတော်ကြီးကလေ!”

ရုတ်တရက်ကြီးလေ...

လူနာ၏မျက်လုံးများက အခြေအနေကို နားမလည်နိုင်စွာဖြင့် ဝိုင်းစက်သွားခဲ့သည်။

"ကိုယ်လည်း မင်းကို ငါရှာနေရတာနဲ့ အကြာကြီး မစစ်ကြည့်ခဲ့လိုက်ဘူး။ ဒါပေမယ့် အဲ့ဒါက ကိုယ်တို့ဝင်စွက်ဖက်ရမယ့် အခြေအနေ မဟုတ်တာတော့ သေချာတယ်။ ကိုယ်တို့ အခု လုပ်ရမှာကထွက်သွားဖို့ပဲ"

အန်းသန့်စ် ပြောတာက မှန်ပေသည်။ ဘတ်သ်က သူမအတွက် အချိန်ဆွဲပေးထားပေသည်။ ထို့အပြင် သူမက ကိုယ့်ကိုကိုယ် ဒုက္ခရောက်ခံမည့်အစား မြို့စားကြီးအား အာရုံပြောင်းစေမည့် ကိစ္စကြီးတစ်ခုကို ဖန်တီးခဲ့သေးသည်။

"ကောင်းပြီ။ ဒါဆို မိုးလင်းတဲ့အထိစောင့်ပြီး ထွက်ပြေးကြရအောင်"

"မိုးလင်းတဲ့အထိ စောင့်စရာ မလိုဘူး။ ဒီတိုင်း ကိုယ်တို့အောက်ထပ်ကို စစ်ဆေးပြီး တာနဲ့ ထွက်သွားလို့ရတယ်"

"… အောက်ထပ်ကို စစ်ဆေးပြီး ထွက်သွားမှာလား။ ဘာကိုဆိုလိုတာလဲ"

ဘယ်လိုနည်းနဲ့လဲ။

လူနာသည် အန်းသန့်စ်၏ မထူးဆန်းသလို စကားကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် အန်းသန့်စ်က လရောင်တောက်ပနေသော ပြတင်းပေါက်ဆီသို့ ခေါင်းညိတ်ညွှန်ပြလာခဲ့သည်။

လူနာ သူ့အကြည့်နောက်လိုက်ပြီး ပြတင်းပေါက်ကိုကြည့်ကာ မေးလိုက်သည်။

"... ကျွန်မတို့ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ အကြံပေးနေတာလား။ စောင်တွေ၊ ကုလားကာတွေသုံးပြီးတော့လေ"

"မဟုတ်ဘူး ဒီတိုင်းထွက်ပြးရုံပဲ"

ခုန်လိုက်ရုံပင်။ ထို့နောက်တွင် အန်းသန့်စ်က သူတီထွင်ခဲ့သော နည်းလမ်းက သာမန်လူများ မတွေးမခေါ်နိုင်သော အရာဖြစ်သည်ကို နားလည်ပြီး ခဏလောက် ထပ်စဉ်းစားခဲ့သည်။

သူမကို အတိအကျပြောပါက သူမ ကြောက်လန့်ပြီး ငြင်းဆန်နိုင်လောက်သည်။ အဲဒီအစား သူ့လက်ကို သူမပခုံးတွင် ပတ်ထားတော့မည့်အချိန်မှာပဲ...

ကလစ်-

တံခါးခေါက်ပင်မခေါက်ဘဲ တံခါးပွင့်လာခဲ့သည်။

ဘတ်သ်များလား။ သူမက ဤအချိန်တွင် သူတို့မျှော်လင့်ထားသည့် တစ်ဦးတည်းသောသူဖြစ်သည်။ လူနာ နှင့် အန်းသန့်စ်တို့နှစ်ယောက်စလုံး တောင့်ခဲသွားကြပြီး တံခါးကို စိုက်ကြည့်ခဲ့ကြသည်။ ဝင်လာသောလူက သူတို့ လုံးဝမထင်မှတ်ထားသူဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ ဒါက... မင်းတို့ အခုဘာလုပ်နေကြတာလဲ"

ဖယ်ဆန်က လူနာ နှင့် အန်းသန့်စ်ကို တစ်လှည့်စီကြည့်ပြီး ပြင်းထန်သော ဒေါသအကြည့်ဖြင့် အော်လိုက်သည်။

စိတ်ငြိမ်ဆေးများဖြင့် အိပ်ယာပေါ်လှဲနေရမည့် သူက ဘယ်လိုလုပ်ရောက်လာတာလဲ။ အန်းသန့်စ်က လူနာကို အလျင်အမြန်ကာပြီး တုံ့ပြန်ခဲ့လိုက်သည်။

"ငါတို့ဘာလုပ်နေလဲဆိုတာ မင်းသိစရာမလိုဘူး။မင်းက ဒီကိုဘာလညလုပ်တာလဲ"

"… ငါတို့လား။မင်း အခု 'ငါတို့' လို့ပြောခဲ့တာလား"

သူက အဖြေအစား 'ငါတို့' ဟူသော စကားလုံးကို ဂရုစိုက်ခဲ့သည်။

သူမက အန်းသန့်စ်ကိုနောက်ထပ် ဘယ်တော့မှမတွေ့တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ကတိပေးခဲ့တယ်မလား... မဟုတ်ဘူး သူမက သူ့ဘေးမှာပဲ ထာဝရရှိနေမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့် သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး သစ္စာဖောက်သွားခဲ့တာပဲ။

ဖယ်ဆန်က နီရဲနေသောမျက်လုံးများဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အန်းသန့်စ်ကို ဆုပ်ကိုင်လိုက်သည်။

"ငါ မင်းကို သတ်လိုက်မယ် အန်းသန့်စ်!"

သို့သော် အင်အား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ အန်းသန့်စ်က ဖယ်ဆန်၏ဝမ်းဗိုက်အတွင်း ကန်လိုက်ပြီး နောက်ဆုတ်လိုက်သည်။

ထို့နောက် အန်းသန့်စ်ကမျက်မှောင်ကြုတ်ရင်း လူနာကို သူ့ပခုံးပေါ်တင်လိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ!"

ဖယ်ဆန်၏ရုတ်တရက်ပေါ်လာခြင်းနှင့် အန်းသန့်စ်၏လုပ်ရပ်များကြောင့် လူနာ အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။

သူ သူမကိုရှင်းပြဖို့ အချိန်မရှိနေပေ။ အန်းသန့်စ်က ပြတင်းပေါက်ဆီသို့ အမြန်သွားခဲ့လိုက်သည်။

"ခဏ…!"

သို့သော် ဖယ်ဆန်က သူတို့အား ဤကဲ့သို့ သွားခွင့်မပြုနိုင်သကဲ့သို့ ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့်ဖိကာ အန်းသန့်စ်ထံ အပြေးအလွှား ပြေးသွားလိုက်သည်။ထို့နောက် အန်းသန့်စ်ထံမှ ထပ်အကန်ခံလိုက်ရပြန်သည်။သူက ကန်ချက်ကြောင့် နာကျင်နေငြားသော်လည်း နံရံကို မှီကာ အားပြန်သွင်းပြီး ထပ်သွားရန် ပြင်ဆင်ခဲ့သည်။

"… ငါ စိတ်ကုန်နေပြီ"

အန်းသန့်စ်က သူတို့ကိုသတ်ပစ်မယ်ဟုပြောနေ‌သည့် ရွံမုန်းစရာကောင်းသော မျက်နှာကိုမြင်ရသည်အား စိတ်ကုန်သွားပြီး လူနာကို သူ့နောက်မှာချထားလိုက်သည်။

သူ ထိန်းထားခဲ့သော်လည်း ဖယ်ဆန်ကသူနှင့် လူနာကို အန္တရာယ်ပြုရန် ရည်ရွယ်ခဲ့သောကြောင့် ဆက်ထိန်းချုပ်ရန် အကြောင်းပြချက်မရှိပေ။

"မင်း ဘယ်တော့မှ လမ်းထပ်မလျှောက်တော့အောင် ငါလုပ်ပေးမယ်"

အန်းသန့်စ်က ဖယ်ဆန် သူ့ဆီနောက်ထပ်ပြေးဝင်လာဖို့ကို စောင့်နေခဲ့သော်လည်း မမျှော်လင့်စွာပင် သူက ဖယ်ဆန်၏ပစ်မှတ်မဟုတ်နေပေ။

TK Team ( chapter 128)