Chapter 78
Viewers 21k

🫶Chapter 78




အစမ်းလေ့ကျင့်မှုများစွာ ပြီးနောက် နှစ်သစ်ကူးအကြိုပွဲ တရားဝင်စတင်လာလေပြီ။ 


နှစ်သစ်အောင်ပွဲခံမှုများအဆုံးသတ်သွားပြီးနောက် ပရိသတ်အများအပြားကိုမြင်‌နေသောကြောင့် စောစောထွက်လာခဲ့လိုက်သည်။ ကျိုးအာ့ဟယ်က သူ့အနောက်မှ တပ်ကြပ်မကွာလိုက်လာကာ ပရိသတ်အချို့ကို ဝေရန် အနားရှိ နို့လက်ဖက်ရည်ဆိုင်တွင် မှာလိုက်၏။ 


နျန်ယွီယီထွက်လာသည်နှင့် လမ်းဘေးတွင် ကားတစ်စီးက တိတ်တဆိတ်ရပ်နေကာ ပုံရိပ်တစ်ခုက ကားကိုမှီ၍ ရပ်နေသည်ကို မြင်လိုက်ရသည်။ 


မျက်လုံးတွင်တောက်ပမှုများဖြင့် နျန်ယွီယီချဥ်းကပ်လာကာ သူ့လက်ကို ထိုလူ၏အင်္ကျီအိတ်ထဲသို့ ထည့်လိုက်၏။


“ဘာလို့အထဲမှာစောင့်မနေတာလဲ...အပြင်မှာ အေးနေတာကို” 


သူ၏အေးစက်နေသည့် အသံနှင့် ဆန့်ကျင်စွာ ဖန်ကျုံးချွမ်း၏ လက်နွေးနွေးများကို ခံစားရင်း နျန်ယွီယီပြောလိုက်သည်။ 


“ကိုယ့်ကိုမမြင်မှာစိုးလို့” ဖန်ကျုံးချွမ်းသည် အင်္ကျီအိတ်ထဲမှနျန်ယွီယီ၏လက်ကို အနွေးဓာတ်ပေးရင်း ပြန်ပြောလိုက်သည်။ 


“ဘာလို့လက်တွေကသည်‌လောက်တောင်အေးနေရတာလဲ”


“မိတ်ကပ်ဖျက်ပြီးတော့ မျက်နှာသစ်လာခဲ့တာ...အလျင်လိုနေလို့ ရေပူအောင်မစောင့်နိုင်ခဲ့ဘူး” နျန်ယွီယီ ဗလုံးဗထွေးနှင့် ရှင်းပြလိုက်သည်။ 


သူ၏အလျင်လိုနေမှုက စကားလုံးများဖြင့် ဖော်မပြလျှင်တောင် သိသာလှသည်။ 


နျန်ယွီယီက ခေါင်းကိုအနည်းငယ်စောင်းကာ ဖန်ကျုံးချွမ်း၏ မေးရိုးထက်ထက်များကိုကြည့်၍ နှုတ်ခမ်းများမှာ မထိန်းချုပ်နိုင်ဘဲ ကွေးတက်သွားသည်။ 


အားကစားကွင်းအပြင်ဘက်တွင် လက်မှတ်မရယူနိုင်ခဲ့သည့် ပရိသတ်အနည်းငယ်ရှိနေပြီးနှင့် သိချင်စိတ်မျာဖြင့် လာကြသည့် ပွဲကြည့်သူများလည်း တစ်ဖက်ဝင်ပေါက်တွင်ရှိနေသည်။ သူ့ကိုမှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် နျန်ယွီယီသည် အပြင်ဘက်တွင် ကြာကြာမနေဘဲ ကားထဲသို့လျင်မြန်စွာဝင်လိုက်သည်။ 


နျန်ယွီယီဘက်သို့လှည့်၍ ဖန်ကျုံးချွမ်းမေးလိုက်သည်။ “ပြန်မလား...တစ်ခုခုစားမလား”


နျန်ယွီယီခေါင်းခါလိုက်၏။ “အီးအက်စ်ပန်းဆိုင်ကိုသွားမယ်”


နှစ်သစ်ကူးပွဲများကြောင့် သန်းခေါင်ကျော်သွားသည့်တိုင် လမ်းများက ‌ဈေးဆိုင်များ၏မီးရောင်များ၊ ရံဖန်ရံခါ ဖြတ်သွားတတ်သည့်လူများနှင့် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ 


နျန်ယွီယီသည် ကားပြတင်းပေါက်ကိုမှီကာ အပြင်ဘက်ကိုကြည့်နေ၏။ ကားအတွင်းဘက်တွင် နွေးလာသောအခါ အပူချိန်ခြားနားမှုက ပြတင်းပေါက်တွင် မြူခိုးရိုက်လာစေကာ သူမြင်ကွင်းကို ဝေဝါးသွားစေသည်။ 


ဖန်ကျုံးချွမ်က နျန်ယွီယီကိုကြည့်လိုက်ရာ မြူခိုးရိုက်နေသည့်ပြတင်းပေါက်တွင် သူ့လက်ချောင်းဖြင့် တစ်ခုခုဆွဲနေသည်ကို တွေ့လိုက်ရသည်။ 


သို့သော် နျန်ယွီယီက ကားပြတင်းပေါက်ကို ကွယ်လိုက်သည်။ “ကျွန်တော်ဆွဲတာပြီးမှကြည့်” 


ဖန်ကျုံးချွမ်းက ရွှင်မြူးစွာဖြင့် မေးကိုပွတ်ဆွဲကာ နျန်ယွီယီပြီးအောင်စောင့်နေလိုက်သည်။ 


နောက်ဆုံးတွင် နျန်ယွီယီ၏ ကိုယ်မတ်သွားကာ ဖန်ကျုံးချွမ်းဘက်သို့ အပြုံးလေးနှင့် လှည့်လာသည်။ “ပြီးပြီ”


ထို့နောက် ဟန်ပါပါဖြင့် ဘေးသို့ဖယ်ပေးလိုက်သည်။ “တာဒါ...ကျွန်တော်ဆွဲထားတာဘယ်လိုနေလဲ”


ကားပြတင်းပေါက်ပေါ်တွင် ပုံရိပ်လေးနှစ်ခုကရိုးရှင်းစွာ လက်ချင်းတွဲထားကြသည်။ 


ဖန်ကျုံးချွမ်း ပြတင်းပေါက်ကိုညွှန်ပြလိုက်၏။ “အရပ်တွေက သိပ်မတိကျဘူး”


“ဟင်” နျန်ယွီယီက အရပ်အတူတူနီးပါးဖြစ်နေသည့် ပုံလေးများကိုကြည့်လိုက်သည်။ 


ထို့နောက် အပြုံးလေးနှင့် ခြိမ်းခြောက်လိုက်သည်။ “ပြန်ပြောလိုက်ပါဦး”


သူ့အသံက တည်ငြိမ်နေပြီး လေသံကလည်းအနေတော်ဖြစ်နေ၏။


ဖန်ကျုံးချွမ်း တနူးတညံ့လေးရယ်လိုက်ပြီး ဦးထုပ်ဖြင့် အုပ်ဆောင်းခံထားရသောနျန်ယွီယီ၏ဖြောင့်စင်းနေသည့် ဆံပင်များထံ ကိုယ်ကိုကိုင်းချ၍ ပြောလိုက်သည်။ “သွားရအောင်”


အီးအက်စ်ပန်းဆိုင်ဝင်ပေါက်တွင် ကားပေါ်မှဆင်းတော့မည့် ဖန်ကျုံးချွမ်းကို နျန်ယွီယီတားလိုက်သည်။ “ကျွန်တော့်ဘာသာသွားလိုက်မယ်”


ပန်းဆိုင်သည် အမျိုးမျိုးသောပန်းစည်းများဖြင့် အလှဆင်ထားသည်။ သူတို့ကို အနည်းအကျဥ်းကြည့်ပြီးနောက် နျန်ယွီယီ သူ့ဖုန်းနံပါတ်ကိုပေးလိုက်သည်။ 


သိပ်မကြာခင်တွင် သူမှာထားသည့်ပန်းများက ပြင်ဆင်ပြီးသွားခဲ့သည်။ အဖြူရောင်‌ဒေစီပန်းများဖြင့် ပြည့်နေသည့် ပန်းစည်းကိုကြည့်ရင်း သူ့အကြည့်များမှာ တစ်ခဏလောက်နူးညံ့သွားသည်။ 


“ကျေးဇူးတင်ပါတယ်” ဆိုင်ဝန်ထမ်းလေးကို ကျေးဇူးတင်လိုက်ပြီး လှည့်သွားလိုက်သော်လည်း တံခါးဝတွင် သူရပ်သွားသည်။


ထို့‌နောက်လှည့်၍ ဖန်စားပွဲပေါ်တွင် ပြသထားသည့်နှင်းဆီပန်းများကို ကြည့်လိုက်သည်။


အခွင့်အ‌ရေးတစ်ခုကိုအာရုံခံမိသောကြောင့် ဆိုင်၏လက်ထောက်က နှင်းဆီပန်းများအား နျန်ယွီယီထံ မိတ်ဆက်ပေးရန် ချဥ်းကပ်လာလေသည်။ 


ပြတင်းပေါက်အပြင်ဘက်မှ ကားကိုကြည့်၍ နျန်ယွီယီ နှင်းဆီပန်းများကိုကြည့်လိုက်သည်။ 


“ဒါတွေကိုလည်း ထုပ်ပေးပါ...ဘယ်မှာရှင်းရမလဲ”


......


ဖန်ကျုံးချွမ်းက လက်ထဲတွင် ပန်းစည်းနှစ်ခုကိုင်၍ထွက်လာသော နျန်ယွီယီကို တိတ်တဆိတ်နှင့် ကြည့်နေလိုက်သည်။ အဝတ်ပွများကို ဝတ်ထားသောကြောင့် နျန်ယွီယီ ကားတံခါးကိုဖွင့်ရန် ကြိုးစားနေရသည်။ 


ဖန်ကျုံးချွမ်းကိုခေါ်တော့မည့်အချိန်တွင် သူက ကားတံခါးဖွင့်၍ ထွက်လာ၏။


နျန်ယွီယီသည် ဖန်ကျုံးချွမ်းဘက်သို့ပြေးသွား၍ သူ၏ညာဘက်လက်ထဲမှ နှင်းဆီပန်းများကို ပေးလိုက်သည်။


“ဒီမှာ...အစ်ကို့ရဲ့ကောင်လေးဆီက ပန်းလက်ဆောင်”


ဖန်ကျုံးချွမ်းက နျန်ယွီယီပန်းဆိုင်ထဲမှထွက်လာသည်ကိုကြည့်နေခဲ့သောကြောင့် နှင်းဆီပန်းစည်းက သူ့အတွက်မှန်း ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ 


သို့သော် နှင်းဆီနံ့က နှာခေါင်းထဲသို့ဝင်လာသောအခါ ဖန်ကျုံးချွမ်း၏နှလုံးသားမှာ မထိန်းချုပ်နိုင်ဘဲ အခုန်မြန်သွားရ၏။


နှင်းဆီပန်းများကိုလက်ခံလိုက်ရင်း ပန်းစည်းကိုကိုင်ကာ နျန်ယွီယီအား နက်နက်ရှိုင်းရှိုင်းနမ်းလိုက်လေသည်။ 


......


ကားထဲသို့ ပြန်ရောက်သောအခါ နျန်ယွီယီသည် ‌ဒေစီပန်း၊ အဖြူရောင်နှင်းဆီပန်းများ၊ လီလီပန်းများ စုပေါင်းထားသည့်ပန်းစည်းအား ပေါင်ပေါ်တွင် ဂရုတစိုက်လေးတင်လိုက်သည်။ 


ဖန်ကျုံးချွမ်းက ပျော်ရွှင်စွာဖြင့် ကားစတီယာရင်ပေါ်သို့ လက်တင်လိုက်ကာ သူတို့၏နောက်ခရီးပန်းတိုင်သို့ နျန်ယွီယီညွှန်ပြမည်ကိုစောင့်နေလိုက်သည်။ 


နျန်ယွီယီ၏အကြည့်များက သူ့ပေါင်ပေါ်ရှိပန်းစည်းအပေါ်တွင်ရှိနေကာ စောစောကလမ်းမပေါ်မှ အနမ်းကြောင့် သူ့နားရွက်များကနီရဲနေဆဲဖြစ်သည်။ 


ပါးများအနည်းငယ်အရောင်ကျသွားသောအခါ နောက်ဆုံးတွင် စကားပြောလာသည်။ “ထင်းရှူးနီ သင်္ချိုင်းမြေ” ကိုသွားပေးပါ”


ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏ပေါင်ပေါ်မှ ပန်းစည်းကိုကြည့်ကာ သူ့ခန့်မှန်းချက်များကို အတည်ပြုလိုက်သည်။ 


ထင်းရှူးနီသင်္ချိုင်းမြေက မြို့စွန်တွင်တည်ရှိသည်။ မြို့လယ်ခေါင်က နှစ်သစ်ကူးပွဲတော်များကြောင့် တက်ကြွလှုပ်ရှားနေသော်လည်း မြို့စွန်များတွင်တော့ မီးလင်းနေသည့်ဆိုင်များကို ရံဖန်ရံခါသာတွေ့ရသည်။


သင်္ချိုင်းမြေကိုချဥ်းကပ်လာသည့်အခါ ယာဥ်များနှင့်သွားလာလှုပ်ရှားနေသူများ လျော့နည်းသွားကြသည်။ 


တောင်ခြေတွင် အဆောင်ငယ်ထဲ၌ငိုက်မျဥ်းနေကြသော အစောင့်များက မီးရောင်ကြောင့် နိုးလာကြကာ သူတို့အား တောင်ပေါ်တက်မလို့လားဟု မေးလာကြသည်။ 


အစောင့်၏အသံက နျန်ယွီယီကိုရယ်မိစေ၏။


အစောင့်အဆောင်ငယ်ထဲမှ နံရံကပ်နာရီကိုကြည့်လိုက်သောအခါ မနက်နှစ်နာရီခွဲအချိန်ကိုဖော်ပြနေလေသည်။ 


ထင်းရှူးနီသင်္ချိုင်းမြေတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသည့် အစောင့်မှာ နျန်ယွီယီကို မှတ်မိလိုက်သည်။ ‘နှစ်သစ်ကူးနေ့မှာ နှစ်တိုင်းရောက်လာတဲ့လူငယ်လေး’


“မင်းပဲ” အစောင့်က သူ၏ဦးထုပ်ကိုပြင်ဆောင်းလိုက်ရင်း မျက်လုံးများကိုပွတ်၍ ပြောလိုက်သည်။ “အမျိုးဆီ လာလည်တာလား...ဒီနေ့တော့နည်းနည်းစောသားပဲ” 


“ဟုတ်ကဲ့...ကျွန်တော်အချိန်ပိုအလုပ်ဆင်းနေလို့...ပြီးတာနဲ့ ဒီကိုတန်းလာခဲ့တာ” နျန်ယွီယီသည် လမ်းဘေးမုန့်ဆိုင်မှ ဝယ်လာခဲ့သည့် အဆာပြေမုန့်များကို ပေးလိုက်သည်။ 


“အိုး...ငါလက်ခံလို့မဖြစ်ဘူး” အစောင့်က ယဥ်ကျေးစွာငြင်းဆိုလာ၏။


“ရပါတယ်...ကျွန်တော်က ဦးလေးအတွက်ယူလာခဲ့တာ” နျန်ယွီယီတုံ့ပြန်လိုက်သည်။ သူက သည်နေ့တွင် သင်္ချိုင်းမြေအား နှစ်တိုင်းလိုလိုလာခဲ့ကာ အစောပိုင်းလာရောက်ခဲ့ပြီးသူတစ်ယောက်တည်းဖြစ်နေခဲ့ချိန်၌ ဤအစောင့်ကသာ သူ့ကိုနှစ်သိမ့်စကားများပြောပေးခဲ့တာဖြစ်သည်။ 


ဆက်ငြင်းနေလျှင် ရိုင်းပျသွားမည်ကိုစိုးသောကြောင့် အစောင့်က အိတ်ကိုလက်ခံလိုက်သည်။ “ကောင်းပြီလေ...တောင်ပေါ်ကိုတက်သွားလိုက်...မင်းအတွက် မီးတွေဖွင့်ထားပေးမယ်” 


ဖန်ကျုံးချွမ်းသည် နည်းနည်းလှမ်းလှမ်းသို့မောင်းတက်လာခဲ့ပြီး တောင်ကုန်းလေးတစ်နေရာသို့ ရောက်လာသောအခါ ကားရပ်လိုက်သည်။ သူရောနျန်ယွီယီရော ကားပေါ်မှဆင်းလိုက်ကြ၏။


လမ်းကြောင်းနှင့်ရင်းနှီးနေသော နျန်ယွီယီက မ‌ရေမတွက်နိုင်သည့်အုတ်ဂူများကြား ယုံကြည်ချက်ရှိရှိ လျှောက်သွားကာ နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ ရပ်သွားသည်။ 


နျန်ယွီယီသည် ပန်းစည်းအား အုတ်ဂူအပေါ်သို့တင်လိုက်ကာ ဓာတ်ပုံထဲမှဖျော့ဖျော့လေးပြုံးနေသည့် သက်လတ်ပိုင်းအမျိုးသမီးကြီးကို ကြည့်လိုက်သည်။ 


“ကျွန်တော် ဒီနှစ်စောလာခဲ့တယ်...ဒါရိုက်တာမာအိပ်နေတာကို အ‌နှောင့်အယှက်ပေးမိပါပြီ...မိတ်ဆက်ပေးဦးမယ်” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏လက်ကိုဆွဲလိုက်၏။ “ဒါက ကျွန်တော့်ကောင်လေး...ကျွန်တော်တို့တွဲနေကြတာ”


နျန်ယွီယီ၏ တောက်ပနေသည့်မျက်လုံးများကိုကြည့်ရင်း ဖန်ကျုံးချွမ်းသည် အုတ်ဂူကိုနှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ...ဒါရိုက်တာမာ” 


နျန်ယွီယီ၏မျက်နှာနီရဲသွား၏။ “သူမကိုအန်တီလို့ပဲခေါ်သင့်တာလေ...ကျွန်တော်တို့က လက်မှမထပ်ရသေးတာ...”


ဖန်ကျုံးချွမ်း၏နှုတ်ခမ်းများ အောက်ဖက်သို့ ကွေးကျသွားသည်။ 


နျန်ယွီယီသည် ရှဲ့မိသားစု၏မိသားစုများနှင့် သူ၏လတ်တလောအတွေ့အကြုံများကို ကောင်းမွန်သော အပိုင်းများသာအလေးပေး၍ ပြောလိုက်သည်။ 


စိတ်ထဲရှိသည်များကို ‌ပြောပြီးသွားသောအခါ လေးနာရီပင်ထိုးသွားပြီဖြစ်သည်။ 


“ကောင်းပြီ...နောက်တစ်ကြိမ်လာတွေ့ပါဦးမယ်”


သင်္ချိုင်းမြေတွင် စောင့်ရှောက်ပေးသူများရှိသောကြောင့် ပေါင်းပင်များသိပ်မရှိချေ။ သို့သော် မနှုတ်လျှင်တော့ မြန်မြန်ကြီး ကြီးထွားလာကြလိမ့်မည်။ အုတ်ဂူပေါ်တွင်တောင် အပင်ပေါက်လေးများ အနည်းငယ်ရှိနေ၏။


ထွက်မသွားခင် နျန်ယွီယီသည် ဆောင့်ကြောင့်ထိုင်ချ၍ အုတ်ဂူပတ်လည်ရှိ ထွက်နေသောပေါင်းပင်များကို ဆွဲနှုတ်လိုက်သည်။ 


တောင်ခြေကိုပြန်ရောက်ကာမှ နျန်ယွီယီသည် အအေးဓာတ်ကိုခံစားမိကာ ကားထဲသို့မြန်မြန်‌လေးဝင်၍ ဇက်ကလေး ပုထားတော့သည်။


“နှစ်သစ်ကူးပွဲတော်တွေတောင် ပြီးသွားပြီပေါ့...” နျန်ယွီယီနောင်တတရဖြင့်ပြောလိုက်သည်။ 


“မီးရှူးမီးပန်းတွေတောင် မကြည့်လိုက်ရဘူး”


ဟိုင်မြို့တွင် နှစ်သစ်ကူးအတွက် မီးရှူးမီးပန်းများ ပြင်ဆင်ထားခဲ့သော်လည်း အစက်အပြောက်လေးများကိုတောင် မမြင်လိုက်ရဘဲ တစ်ချိန်လုံး စင်အနောက်တွင် အလုပ်ရှုပ်နေခဲ့လေသည်။ 


နျန်ယွီယီတိုးတိုးလေး သက်ပြင်းချလိုက်သော်လည်း ဖန်ကျုံးချွမ်း သိလိုက်သည်။ 


ပြတင်းပေါက်ကိုမှီ၍အိပ်ပျော်နေသော နျန်ယွီယီကိုကြည့်၍ သူ့အတွင်းရေးမှူးကို စာပို့လိုက်၏။


ကားက မြို့ထဲသို့ဝင်လာမှသာ နျန်ယွီယီနိုးလာခဲ့သည်။ 


“ဒါက ချင်အန်းကိုပြန်တဲ့လမ်းမဟုတ်ဘူး” တိုးလာသည့် အထပ်ရှည်အဆောက်အဦးများကိုကြည့်ရင်း သူပြောလိုက်သည်။ “ကုမ္ပဏီကိုသွားနေတာလား”


ဖန်ကျုံးချွမ်း: “အင်း”


နျန်ယွီယီ၏ မျက်နှာမဲ့သွားသည်။ “မဖြစ်နိုင်တာ...အခုလိုအချိန်ထိ ဖြေရှင်းစရာအရေးကြီးကိစ္စရှိနေတာလား”


“အရေးတကြီး? အဲ့လိုဆိုလို့လည်းရတယ်”


ဖန်ကျုံးချွမ်းသည် ဖန်ကုမ္ပဏီ၏ မြေ‌အောက်ကားပါကင်သို့ မောင်းဝင်သွားလိုက်သည်။ ကားရပ်ပြီးနောက် ထိုင်ခုံခါးပတ်ဖြုတ်ကာ နျန်ယွီယီကိုလည်းခါးပတ်ဖြုတ်ပေးရန်တိုးလာလိုက်သည်။ 


ထိုင်ခုံမှထလိုက်ချိန်တွင် နျန်ယွီယီ၏ နားနားကိုကပ်၍ ပြောလိုက်သည်။ 


“နှစ်သစ်ကူးကို ကိုယ့်ကောင်လေးနဲ့အတူဆင်နွှဲတာက သေချာပေါက် အရေးကြီးတဲ့ကိစ္စပဲပေါ့”


“အာ...နှစ်သစ်ကူး...ဒါပေမယ့် ကျော်သွားပြီမဟုတ်ဘူးလား”


ဖန်ကျုံးချွမ်း၏လမ်းပြမှုဖြင့် နျန်ယွီယီသည် ဓာတ်လှေကားထဲတွင်ရပ်ကာ ထိပ်ဆုံးအထပ် ရုံးခန်းသို့ တက်လာခဲ့သည်။ 


ကြမ်းပြင်မှမျက်နှာကျက်အထိ ဖန်ကျုံးချွမ်း၏အနောက်သို့လိုက်၍ ဖန်ကျုံးချွမ်းက သူ့နာရီကိုကြည့်နေကြောင်း နျန်ယွီယီသတိထားမိလိုက်သည်။ 


ငါးနာရီထိုးရန်မိနစ်အနည်းငယ်သာလိုတော့၏။ 


ဖန်ကျုံးချွမ်းက သူ့အတွက် လက်ဆောင်ပြင်ထားပေးတာလား...။


အသက်ကိုဖွဖွလေးရှူရင်း စက္ကန့်များကုန်ဆုံးသွားသည်ကိုကြည့်ကာ နောက်ဆုံးအခိုက်အတန့်တွင် “ဘောင်း” ဆိုသည့်အသံကြီးက သူ့နားထဲသို့ ပဲ့တင်ထပ်လာသည်။


နျန်ယွီယီ၏အကြည့်များက အသံလာရာသို့ ရောက်သွား၏။


မီးရှူးမီးပန်းတွေ...။


မြင်ကွင်းကဆယ်မိနစ်လောက်ကြာကာ အဖြူရောင်မီးရှူးမီးပန်းများက ကောင်းကင်တွင် ပေါက်ကွဲသွားပြီး အနက်ရောင်ပြင်ကျယ်ကြီးကိုနောက်ခံထား၍ “နျန်ယွီယီ” ဆိုသည့် စကားလုံးက ခဏတာလေးပေါ်လာလေသည်။ 


နျန်ယွီယီသည် ပြတင်းပေါက်ကိုမှီလိုက်၏။ အဖြူရောင်မီးရှူးမီးပန်းများ၏ ပုံရိပ်က သူ့မျက်လုံးထဲတွင် ကခုန်ထင်ဟပ်နေကာ မှုန်ဝါးလာခဲ့သည်။ 


ဖန်ကျုံးချွမ်းက သူ့အားအနောက်မှဖက်လိုက်ကာ သူ၏နူးညံ့သည့်ဆံပင်များကို ပွတ်ပေးလိုက်သည်။ “ကြိုက်လား”


“ကြိုက်တယ်” နျန်ယွီယီ၏အသံတွင် နှာသံစွက်နေ၏။


နှာခေါင်းရှုံလိုက်ပြီးနောက် သူမေးလိုက်သည်။ “ဘယ်အချိန်ကပြင်လိုက်တာလဲ”


သူ့နာမည်ကို ပေါ်လာစေသည့် ထိုနောက်ဆုံးမီးရှူးမီးပန်းများက သေချာပြင်ဆင်ထားရန်လိုအပ်သည်။ 


ဖန်ကျုံးချွမ်း၏အကြည့်များက ပြတင်းပေါက်အကျော်ရှိ များစွာသော အဆောက်အဦးများဆီသို့ ရောက်သွားသည်။ 


သူ့ခံစားချက်များကို သတိထားမိခဲ့သည့်အချိန်ကတည်းကပင် ဤအတွက်ပြင်ဆင်ထားခဲ့တာဖြစ်သည်။ 


သူက နျန်ယွီယီ၏ဂုတ်ကလေးကို ညင်သာစွာနမ်းလိုက်ကာ စကားတစ်ခွန်းမှမဆိုလိုက်ချေ။ 


မီးရှူးမီးပန်းများ ပြီးသွားပြီးနောက် နျန်ယွီယီ၏ ပင်ပန်းနွမ်းနယ်ခြင်းများက ပို၍ထင်ရှားလာကာ ဆက်တိုက် သမ်းဝေလာတော့သည်။ 


လတ်တလောတွင် နောက်ကျသည့် အစမ်းလေ့ကျင့်ပွဲများကြောင့် ကောင်းကောင်းမအိပ်ရဘဲ တစ်ညလုံးနိုးနေခဲ့သည်။ 


နျန်ယွီယီ ရုတ်တရက်အနောက်သို့ လဲကျသွား၏။ သို့သော် ဖန်ကျုံးချွမ်းအချိန်မီဖမ်းလိုက်နိုင်သည်။ 


“ချင်အန်းကိုပြန်ရအောင်...ကျွန်တော်အရမ်းပင်ပန်းနေပြီ” နျန်ယွီယီ၏ မျက်လုံးများတွင် မျက်ရည်များခိုကပ်နေကာ မှေးစင်းနေသည်။ 


ဖန်ကျုံးချွမ်း သူ့ကိုရင်ခွင်ထဲသို့ပွေ့ချီလိုက်၏။ “အခုသည်မှာ ခဏအိပ်လိုက်”


ဖန်ကျုံးချွမ်းသည် သူ့စားပွဲခုံအနောက်မှ စာအုပ်စင်ကြီးဆီသို့ သွားလိုက်ကာ ဖုံးထားသည့် တစ်ခုခုကို နှိပ်လိုက်သည်။ စာအုပ်စင်က နှစ်ခြမ်းကွဲသွားကာ လျှို့ဝှက်ထားသည့်အခန်းတစ်ခန်းပေါ်လာခဲ့သည်။ 


အခန်းက ချင်အန်းရှိအိပ်ခန်းအတိုင်းရိုးရှင်းစွာ ပြင်ဆင်ထားသည်။ ဖန်ကျုံးချွမ်း နျန်ယွီယီအား အိပ်ရာပေါ်သို့ တင်လိုက်သည်နှင့် နျန်ယွီယီသည် ဘေးဘက်သို့တိုးသွားကာ ချက်ချင်း အိပ်ပျော်သွားတော့သည်။ 


ဖန်ကျုံးချွမ်း နူးညံ့စွာ ရယ်လိုက်ပြီး နျန်ယွီယီအတွက် စောင်ကိုပြင်ပေးလိုက်ကာ အင်္ကျီများကိုချွတ်၍ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်လေသည်။ 


......


နျန်ယွီယီသည် နေ့လည်ခင်းသို့ရောက်မှ ရှုပ်ပွနေသည့်ဆံပင်များဖြင့် ထလာခဲ့ပြီး ကိုယ်လက်သန့်စင်ရန် သန့်စင်ခန်းသို့သွားလိုက်သည်။ သူ၏အပေါ်ထပ်အင်္ကျီထဲမှ ခေါင်းစည်းကြိုးကို လျင်မြန်စွာယူလိုက်ပြီး ရှေ့ဆံပင်အရှည်များကို အထုံးလေးအဖြစ်စည်းလိုက်သည်။ သူ၏အိပ်မှုန်စုံမွှားဖြစ်နေသည့် ပုံရိပ်ကိုကြည့်၍ ရေချိုး၍ အဝတ်အစားများလဲရန်ဆုံးဖြတ်ကာ အဝတ်ဗီဒိုကို ရှာဖွေလိုက်သည်။


အစပိုင်းတွင် နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏အဝတ်အစားတစ်စုံကို ငှားဝတ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူ့ကို အံ့ဩသွားစေသည်က အဝတ်ဗီဒို၏တစ်ဝက်ကျော်ကျော်လောက်က သူ့အတွက်အဝတ်များဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ 


ရေချိုးပြီးနောက် နျန်ယွီယီသည် အပြင်ဘက်မှ စက္ကန့်ပိုင်းလေးအတွင်း ပြန်လည်ပျောက်ကွယ်သွားသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ 


ဖန်ကျုံးချွမ်းကိုမနှောင့်ယှက်ချင်သောကြောင့် သူ ဖုန်းကိုယူ၍ ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ 


မနေ့ကဟိုင်မြို့တွင် ပြသခဲ့သည့်မီးရှူးမီးပန်းနှစ်ခုက ရေပန်းစားလျက်ရှိ၏။ သို့သော် ကြည့်ရှုသူအများဆုံးက ငါးနာရီတွင် လွှတ်တင်ခဲ့ပြီး အထူးသဖြင့် နျန်ယွီယီ၏နာမည်ကိုပေါင်းပြသွားသည့်တစ်ခုပင်ဖြစ်သည်။ 


လူများစွာက ရှဲ့မိသားစုမှ နျန်ယွီယီအတွက် ဤအံ့ဩစရာကိုပြင်ဆင်ပေးခဲ့ကြောင်း ခန့်မှန်းကြသည်။ သို့သော် အချို့ကတော့ ဤခန့်မှန်းချက်ကို ပြန်လည်ချေပကြသည်။ 


[မနေ့ညက ရှဲ့ယီကျိုးရော၊ ရှဲ့ယီနန်ရောအလုပ်ရှုပ်နေခဲ့ကြတာ...ရှဲ့ယီကျိုးက ပွဲတစ်ခုကနေ ရေဒီယိုရှိုးတစ်ခုကို ကူးနေခဲ့တာ...ရှဲ့ယီနန်ကကျ ပီအာရ်ဌာနနဲ့ ဆက်တိုက်အစည်းအဝေးလုပ်နေခဲ့တာ]


[ရှဲ့ယီကျိုးနဲ့ ရှဲ့ယီနန်တို့ အချိန်ပိုအလုပ်လုပ်နေတာက ပုံမှန်ပဲမဟုတ်ဘူးလား...သူတို့ရဲ့ ပေါင်းစပ်ဘဝက ပင်ပန်းလိုက်ကာ]


[သူတို့က အရမ်းကိုစိတ်ပိုင်းဖြတ်ထားကြတာပဲ...နှစ်သစ်ကူးနေ့မှာတောင် မနက်ငါးနာရီအထိ အစည်းအဝေးလုပ်ပြီး အလုပ်ကြိုးစားနေတယ်ပေါ့...ငါတွေးထားတဲ့ ဒုတိယမျိုးဆက်သူဌေးသား မဟုတ်ခဲ့ဘူးပဲ...] 


[ရှဲ့ယီနန်နဲ့ရှဲ့ယီကျိုးတို့က နောက်ခံနဲ့ငွေတွေအပေါ်ကို မှီခိုနေတဲ့ ကလေးတွေမဟုတ်ဘူး...ဖုန့်ဟွာက သမိုင်းကိုပဲ စစ်ကြည့်ကြည့်...အနုပညာအသိုင်းအဝိုင်းထဲမှာ သူတို့ရဲ့ကိုယ်ပိုင်နေရာရထားကြတဲ့တွေပဲ]


စာပြန်ခြင်း [ဘယ်လိုစီအီးအိုမျိုးကမှ အဲ့လိုမရှိဘူး...ဒါပေမယ့် ဖုန့်ဟွာက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပဲ...နှစ်သစ်ကူးက သူတို့အနုပညာရှင်တွေအတွက် ဘယ်လောက်အရေးပါလဲ တွေးကြည့်...]


[အကြောင်းအရာဆီပြန်သွားရအောင်...ဘယ်သူက မီးရှူးမီးပန်းတွေကို ပြင်ဆင်ခဲ့တာလဲ...ဟိုင်မြို့မှာ မီးရှူးမီးပန်းတွေကို တားမြစ်ထားတယ်ထင်တာ...ငါက ဟိုင်မြို့ကမဟုတ်တော့ နှစ်သစ်ကူးကိုတော့ ချွင်းချက်ထားပေးထားတာလား...တရားဝင်ထုတ်ပြန်လာမှာကို စောင့်ကြည့်ရအောင်...]


[အိုး...လက်ဖက်စိမ်းတွေ ဖြူစင်ယောင်ဆောင်နေကြတာကြည့်စမ်း...မင်းရဲ့တည်နေရာက ဟိုင်ရှီမဟုတ်ဘဲ ရှီဟိုင်လို့ ပြောနေတယ်...]


[သောက်ကျိုးနည်း...အဲ့ဒါဘယ်သူလဲ...ဘယ်သူလဲ...ငါအရမ်းစိတ်ဝင်စားတာပဲ...သည်ကိစ္စကိုပေါ်လာမှာကို လူကိုယ်တိုင်မြင်ဖို့ လာလို့ရမလား]


စာပြန်ခြင်း [သေချာတာပေါ့...ငါမပြောနိုင်ဘူး...ငါသည်အလုပ်ကိုလိုချင်သေးတယ်...ညလယ်ခေါင်ကြီး ရုံးခန်းထဲမှာ နောက်ထပ်အလျင်စလိုမဖြစ်ဖို့ မျှော်လင့်မိတယ်...]


[သူမသွားပြီလား...သည်အတိုင်းကြီးလေ...ငါ့မှာ ဝေမျှစရာ သတင်းကြီးကြီးတွေရှိသေးတာကို]


[ဟေး...နေဦး...စကားမစပ်...အဲ့သည်လက်ဖက်စိမ်းမုန်းတီးသူ ပျောက်သွားပြီထင်တယ်...]


[ဟေး...မပြေးနဲ့လေ...ဒါပေမယ့် ပြောမှ အဲ့သည်မုန်းတီးသူဘယ်ရောက်သွားလဲ...]


......


သည်တော့ ဖန်ကျုံးချွမ်းက ငါပြောတာကိုကြားပြီး သည်အံ့ဩစရာကိုပြင်ဆင်ထားခဲ့တာလား...။


နျန်ယွီယီသည် ဖုန်းကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း နှုတ်ခမ်းကိုကိုက်ထားမိသည်။ သူ့နှလုံးသားလေးကိုပျားရည်ထဲတွင် အစိမ်ခံထားရသကဲ့သို့ ခံစားလာရလေသည်။




🫶