🫶Chapter 76
“ကျွန်တော့်ဆုတောင်းက အစ်ကိုနဲ့အတူအမြဲတမ်းရှိနေနိုင်ဖို့ပဲ”
*****
နှစ်သစ်ကူးမတိုင်ခင်သုံးရက်အလိုတွင် နောက်ဆုံး၌ ရှဲ့ယီကျိုးလည်း ကျန်ရှိနေသည့်အခန်းများရိုက်ကူး၍ ပြီးသွားခဲ့သည်။ သူ ရက်အနည်းငယ်လောက် နျန်ယွီယီနှင့်အတူနေရန် ရည်ရွယ်၍ ထုတ်ပိုးကာ ချင်အန်းသို့ ပြန်လာခဲ့၏။
အစပိုင်းတွင် နျန်ယွီယီသည် ရိုက်ကူးရေးက အားလပ်ရက်များအထိဆက်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဒါရိုက်တာက ဆန့်ကျင်ဘက်ကိုသက်သေပြသွားခဲ့သည်။
လူသားများ၏လုပ်နိုင်စွမ်းများက အကန့်အသတ်မရှိချေ။
ရိုက်ကူးရေးအား နှစ်သစ်ကူးမတိုင်ခင်ရက်မှာတင် ပြီးသွားခဲ့၏။ ကျန်ရှိနေသည်မှာ အားလပ်ရက်မတိုင်မီ တည်းဖြတ်ခြင်းများအပြီးသတ်ရန် အချိန်ပိုအလုပ်ဆင်းရမည့်တည်းဖြတ်သူများပင်။
ရှဲ့ယီကျိုးပြန်ရောက်သောအခါ နျန်ယွီယီသည် ဖန်ကျုံးချွမ်းနှင့်အတူ အိမ်၏အားကစားရုံတွင်ရှိနေသည်။
နျန်ယွီယီက ကြမ်းပြင်ပေါ်တွင်ထိုင်ကာ အာလူးကြော်စားနေရင်း ဒိုက်ထိုးနေသည့် ဖန်ကျုံးချွမ်းနှင့် စကားပြောနေ၏။
အနက်ရောင်စွပ်ကျယ်ကိုဝတ်ထားပြီး ကြွက်သားများကျစ်လျစ်နေသည့်လက်မောင်းများကိုပြနေသည့် ဖန်ကျုံးချွမ်းက အာလူးကြော်များကိုကြည့်ရင်း မနာလိုသည့်အကြည့်များ လွှတ်ထုတ်နေလေသည်။
သူ၏ပြေပြစ်နေသည့်ဗိုက်ကလေးကိုကိုင်၍ နျန်ယွီယီသည် ဖန်ကျုံးချွမ်းဗိုက်ကြွက်သားများ၏ ခံစားချက်ကို ပြန်တွေးလိုက်သည်။ အင်္ကျီလက်များကိုပင့်တင်၍ ကိုင်ရန်ပြင်လိုက်ချိန်တွင် အားကစားရုံ၏တံခါးက ပွင့်လာခဲ့သည်။
အပြင်ဘက်မှလာသောကြောင့် အပေါ်ထပ်အင်္ကျီဖြင့်သာရှိနေသေးသည့်ရှဲ့ယီကျိုးမှာ နျန်ယွီယီ၏ ကလူကျီဆယ်ရန်ပြင်နေမှုကိုမြင်လိုက်ရပြီး ခဏရပ်တန့်သွားပြီးနောက် တံခါးကိုပိတ်၍ထွက်သွားတော့သည်။
သူ့ညီလေး၏အပြစ်ကင်းစင်မှုကို သူတကယ်မေးခွန်းထုတ်မိလာ၏။
အပြစ်ကင်းစင်သည့်ယုန်ငယ်ကလေးမှ ကလူကျီဆယ်တတ်သည့်ကောင်ကလေးအဖြစ် ပြောင်းလဲသွားသည့် နျန်ယွီယီသည် ရှုပ်ထွေးသွားပြီးနောက် ရှက်သွားလေသည်။ ထို့နောက် သူ လက်ခံရန်ဆုံးဖြတ်လိုက်ကာ ဖန်ကျုံးချွမ်းအပေါ်သို့ ပစ်ဝင်လိုက်ကာ ဗိုက်ကြွက်သားများကို ပွတ်သပ်ရင်းပြောလိုက်သည်။
“ကျွန်တော့်အစ်ကိုကတော့ ကျွန်တော့်ကို ကလူနေတယ်လို့ထင်နေတော့မယ်”
ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ဆံပင်များကို ဖွ၍ပြောလိုက်သည်။ “အင်း...ကိုယ့်ရဲ့ ကလူကောင်လေး”
အားကစားရုံထဲတွင် ချစ်ခင်စုံမက်နေသည့်အခိုက်အတန့်ပြီးသွားပြီးနောက် ဖန်ကျုံးချွမ်းသည် ရေချိုး၍ အဝတ်အစားလဲရန် အပေါ်ထပ်သို့တက်သွားပြီး နျန်ယွီယီကတော့ သူ့အစ်ကိုကိုရှာရန် ဧည့်ခန်းထဲသို့ လာလိုက်သည်။
“အစ်ကို”
ရှဲ့ယီကျိုးသည် စောနကအဖြစ်အပျက်အား ရှဲ့ယီနန်ဆီသို့ မျက်နှာသေဖြင့် ပြန်ပြောနေလေသည်။ နျန်ယွီယီ၏ ခေါ်သံကိုကြားသောအခါ စာပို့နေသည့်အက်ပ်မှထွက်လိုက်သည်။
လှည့်လာသောအခါ သူ့အကြည့်များက နျန်ယွီယီ၏လက်ထဲမှ အာလူးကြော်ထုပ်ဆီသို့ ရောက်သွားသည်။
ထို့နောက် မျက်မှောင်ကြုတ်ရင်း အာလူးကြော်ထုပ်ကိုယူလိုက်၏။
“အချိန်အကြာကြီးအစားထိန်းခဲ့ရပြီး ရုတ်တရက်ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားတာက မင်းရဲ့အစာအိမ်ကို တစ်ခုခုဖြစ်စေလိမ့်မယ်” ရှဲ့ယီကျိုးက သူ့ကိုယ်တိုင်အတွက် အာလူးကြော်ထုပ်ကိုယူလိုက်သော်လည်း ဖြောင့်မတ်သည့်ပုံဖြင့် ပြောလိုက်၏။
နျန်ယွီယီ : ???
“အစ်ကို...အစ်ကိုလည်းရိုက်ကူးရေးလုပ်နေတုန်းက အစားထိန်းခဲ့ရတာပဲမလား”
“အင်း...အကုန်လုံးက ငါ့ညီလေးကောင်းဖို့အတွက်”
နျန်ယွီယီ : အားးး
ပါးများကိုဖောင်းလိုက်ရင်း နျန်ယွီယီသည် အပေါ်ထပ်သို့တက်၍ ပြည်ကြီးငါးချောင်းကြော်ထုပ်ကို သွားယူလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ပြန်ဆင်းလာကာ ရှဲ့ယီကျိုးနှင့်အတူစားရင်း ခြေထောက်ကိုလှုပ်၍ ဓားရည်တိုက်ခိုက်သည့်ရှိုးကိုစိတ်ဝင်တစားဖြင့် ကြည့်နေလိုက်သည်။
“ဒါရိုက်တာကျန်းက ဆုနဲ့တကယ်ကိုထိုက်တန်ပါတယ်...အဲ့အခန်းက ပြောင်ပြောင်မြောက်မြောက်ရိုက်နိုင်ခဲ့တာ” နျန်ယွီယီက တီဗီကိုညွှန်ပြ၍ပြောလာသည်။ အာလူးကြော်တစ်ချပ်က သူ့ပါးစပ်ထဲတွင် ရှိနေ၏။ ဝါးလိုက်ပြီးနောက် ပြည်ကြီးငါးကြော်ကိုယူ၍ ရှဲ့ယီကျိုး၏နှုတ်ခမ်းများဆီသို့ တိုးပေးလိုက်သည်။
ညီအစ်ကိုနှစ်ယောက်ကြားမှ အပြန်အလှန်ခွံနေကြခြင်းပင်။
ဖန်ကျုံးချွမ်းရေချိုးပြီး၍ အောက်ထပ်သို့ ဆင်းလာသောအခါ ထိုမြင်ကွင်းနှင့် ပက်ပင်းတိုးလေ၏။ သူ၏နှုတ်ခမ်းများ ဖြောင့်တန်းသွားကာ မျက်လုံးထဲတွင် အရိပ်တစ်ခုဖြတ်ပြေးသွားသည်။
နျန်ယွီယီကတော့ သတိမထားမိဘဲရှိနေ၏။ ရှဲ့ယီကျိုးထံမှ အာလူးကြော်နောက်တစ်ချပ်စားရန် လှမ်းလိုက်ချိန်တွင် သူ့ဂုတ်ပိုးမှာဆွဲဆိတ်ခြင်းခံလိုက်ရသည်။
“ငြိမ်ငြိမ်ထိုင်နေ” ဖန်ကျုံးချွမ်း၏အသံက အနည်းငယ်အေးစက်နေသည်။
“နေပါဦး...ကျွန်တော်အာလူးကြော်စားချင်တယ်” နျန်ယွီယီ ခေါင်းမာလိုက်သည်။
သို့သော် ဖန်ကျုံးချွမ်း၏အသံမှ ပုန်းကွယ်နေသည့်အေးစက်မှုများကို ခံစားမိသော ရှဲ့ယီကျိုးကတော့ စုံတွဲ၏ အခိုက်အတန့်ကိုဝင်မနှောင့်ယှက်ရန်ဆုံးဖြတ်လိုက်သည်။ အာလူးကြော်ထုပ်ကိုကိုင်ရင်း မတ်တပ်ထရပ်လိုက်၏။ “အစ်ကိုကြီးနဲ့ ဆွေးနွေးစရာရှိလို့ ငါကုမ္ပဏီကို ခဏသွားလိုက်ဦးမယ်”
“အယ်...ဒုတိယအစ်ကို...သည်လောက်အစောကြီးပြန်တော့မလို့လား” နျန်ယွီယီနှာခေါင်းရှုံ့လိုက်ကာ သဘောမတူကြောင်း သိသိသာသာပြနေ၏။
ရှဲ့ယီကျိုးသည့် နျန်ယွီယီ၏ခေါင်းကိုပုတ်ရန်ပြင်လိုက်သော်လည်း သူ့လက်တွင် အာလူးကြော်အစအနဖြင့် ပေကျံနေသောကြောင့် လက်ပြန်ရုတ်လိုက်သည်။
“နျန်နျန်...သည်ည ညစာစားရအောင်...ငါ ဟော့ပေါ့ဆိုင်ကို အမှာတင်ထားလိုက်မယ်” ရှဲ့ယီကျိုး ထွက်သွားရင်း ပြောလိုက်သည်။
“ကောင်းသားပဲ” နျန်ယွီယီ တစ်ခဏလောက်တွေးတောလိုက်၏။ “အရင်တစ်ခေါက်က စားခဲ့တဲ့ဆိုင်ကို သွားချင်တယ်...ချင်အန်းကုမ္ပဏီနားမှာပဲ ဆိုင်အခွဲရှိသေးတယ်မလား”
“ရှိတယ်လေ...ဖန်ကျုံးချွမ်းကို ကားမောင်းပြီးလိုက်ပို့ခိုင်းလိုက်...အပြင်မှာနှင်းတွေတော်တော်ကျနေတယ်...ကိုယ့်ဘာသာမမောင်းနဲ့” နောက်ဆုံးအကြံပေး၍ ရှဲ့ယီကျိုးပြောလိုက်သည်။
ရှဲ့ယီကျိုးထွက်သွားပြီးနောက် ဗီလာက တိတ်ဆိတ်နေသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
နျန်ယွီယီသည် အေးအေးလူလူဖြင့် အဆာပြေမုန့်များစားနေကာ ဖန်ကျုံးချွမ်းကိုလည်း ကျွေး(စားဖို့ခေါ်)လိုက်သည်။
ဖန်ကျုံးချွမ်းက မရယ်မိအောင်ထိန်းရင်း နျန်ယွီယီကို နက်နက်ရှိုင်းရှိုင်းကြည့်၍ ခေါင်းညိတ်လိုက်၏။
နျန်ယွီယီသည် လောကဝတ်အရသာကျွေးလိုက်ခြင်းဖြစ်ပြီး ဖန်ကျုံးချွမ်းက တကယ်ကြီးစားချင်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ခဏလောက်တွန့်ဆုတ်နေပြီးမှ သူ၏မုန့်ထုပ်ကိုလှမ်းပေးလိုက်သည်။
တုံ့ပြန်သည့်အနေနှင့် ပြင်းပြသည့်အနမ်းတစ်ခုကို ပြန်လည်ရရှိလိုက်သည်။
သူတို့၏ပုံမှန်ညင်သာသည့်အနမ်းများနှင့်မတူဘဲ သည်တစ်ခုကပို၍ပူပြင်းကာ ဖန်ကျုံးချွမ်း၏လျှာက နျန်ယွီယီ၏ပါးစပ်ကို ဖွင့်ဟစေပြီး အရာအားလုံးကိုသုံးဆောင်နေကာ နျန်ယွီယီအား အသက်ရှူမမှန်ဖြစ်လာစေသည်။
နောက်ဆုံး၌ လွှတ်လိုက်သောအခါ နျန်ယွီယီ၏ခေါင်းထဲတွင် ဗလာဖြစ်နေပြီး ဖန်ကျုံးချွမ်း၏ပခုံးပေါ်သို့ မှီကျသွားတော့သည်။
သူ့မျက်နှာအား ဖန်ကျုံးချွမ်း၏လည်ပင်းကြားတွင် ဝှက်ထားရင်း ဖန်ကျုံးချွမ်း....သဝန်တိုနေကြောင်း အတော်လေးကြာမှ နျန်ယွီယီသဘောပေါက်သွားသည်။
သူက ဖန်ကျုံးချွမ်း၏ရင်ဘတ်ကိုတို့၍ စွပ်စွပ်စွဲစွဲပြောလိုက်သည်။
“အစ်ကိုက ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့တောင် သဝန်တိုနေတာလား....ရှာလကာရည်အိုးများပြန်ဝင်စားလာတာလား”
ပေါက်ကွဲထွက်လာသည့် ခံစားချက်များနှင့်ပြင်းပြသည့်အနမ်းတစ်ခုပြီးနောက် ဖန်ကျုံးချွမ်း ခံစားရသက်သာသွားသည်။ နျန်ယွီယီအား ရင်ခွင်ထဲတွင် ညင်သာစွာပွေ့ဖက်လိုက်ရင်း ဆိုဖာပေါ်သို့ လှဲချလိုက်၏။
နျန်ယွီယီ၏ စကားများကိုကြားသောအခါ သူမျက်ခုံးပင့်လိုက်သည်။ “ကိုယ့်ကောင်လေးကို သဝန်တိုလို့မရဘူးလား”
“...” နျန်ယွီယီ စိတ်မပါ့တပါဖြင့် ခေါင်းညိတ်လိုက်ရ၏။ “ရတာပေါ့...ရတာပေါ့”
နှစ်ယောက်သား ခဏလောက်ပွေ့ဖက်၍နေလိုက်ကြသည်။ စောစောကစားထားသည့် ငံကျိကျိပြည်ကြီးငါးကြော်များကြောင့် နျန်ယွီယီရေသောက်ချင်လာသော်လည်း ဖန်ကျုံးချွမ်းက သူ့ကို ဖိထားသည်။
နျန်ယွီယီကိုဘေးသို့ပို့၍ ဖန်ကျုံးချွမ်းထရပ်လိုက်သည်။ “ကိုယ်သွားယူပေးမယ်”
နျန်ယွီယီသည် သူမည်သည့်အချိန်က ထချင်ကြောင်းပြသမိလဲဟု ကိုယ့်အပြုအမူများကို ပြန်တွေးလိုက်သည်။
“နွားနို့လား...ရေလား” ဖန်ကျုံးချွမ်းသည် မီးဖိုခန်းအဝင်ဝတွင်ရပ်၍မေးလာသည်။
“ရေပဲပေါ့” နျန်ယွီယီသည် ဖန်ကျုံးချွမ်းရေခွက်ကိုကိုင်၍ ပြန်ထွက်လာသည်ကို ကြည့်ရင်းမေးလိုက်၏။ “ကျွန်တော်ရေသောက်ချင်နေမှန်း ဘယ်လိုသိတာလဲ”
ဖန်ကျုံးချွမ်းက သူနဲ့ပတ်သက်ပြီး ဆဌမအာရုံတွေရနေတာများလား...။
သောက်ပြီးနောက် နျန်ယွီယီနေလို့ကောင်းသွားကာ စောစောကခန့်မှန်းချက်နှင့် ပတ်သက်၍ ဖန်ကျုံးချွမ်းအား သိချင်စိတ်များဖြင့် ကြည့်လိုက်သည်။
“မုန့်တွေကငံလွန်းတယ်...နောက်တစ်ခါဝယ်မစားနဲ့” ဖန်ကျုံးချွမ်း အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
အစက်ကလေးများ(ပြောတဲ့စကား)ကိုဆက်ရန် နျန်ယွီယီအချိန်တစ်ခုလောက်ယူလိုက်ရပြီး သူတို့၏အနမ်းကိုပြန်တွေးလိုက်သောအခါ မျက်နှာတွင် အနီရောင်လွှမ်းသွားတော့သည်။
မရယ်မိအောင်ထိန်းရင်း ဖန်ကျုံးချွမ်းက နျန်ယွီယီကိုဆွဲလိုက်ကာ နှုတ်ခမ်းထောင့်သို့ နူးညံ့သည့်အနမ်းလေး ခြွေလိုက်သည်။ “အပေါ်ထပ်ကိုသွားပြီး တရေးအိပ်ရအောင်...နောက်ပြီးရင် ညစာစားဖို့ခေါ်သွားပေးမယ်”
နျန်ယွီယီသည် ရှက်ရွံ့နေဆဲဖြစ်ပြီး ထိုရှက်ရွံ့မှုအလွှာပါးလေးက ဗီလာတစ်ခုလုံးကို လွှမ်းခြုံသွားမလိုပင် ခံစားနေရသည်။
ပြန်ဖြေလာသည်ကိုမစောင့်တော့ဘဲ ဖန်ကျုံးချွမ်းက သူ့ကိုကောက်ချီကာ အပေါ်ထပ်ဆီသို့ ခေါ်သွားလိုက်လေသည်။
......
ဆောင်းရာသီညပိုင်းများက စောစောမှောင်သော်လည်း နှင်းများအပေါ်တွင်ထွန်းလင်းနေသည့် လမ်းမီးရောင်များက အရာအားလုံးကို ဖျော့တော့စွာနှင့်တောက်ပနေစေသည်။
အအေးမခံနိုင်သည့်နျန်ယွီယီက နှင်းစီးဖိနပ်များ၊ ဦးထုပ်များ အပြည့်အစုံဖြင့် ဖန်ကျုံးချွမ်း၏ထွေးပွေ့ခြင်းခံထားရကာ ဖက်ထုပ်ကလေးနှင့် တူနေသည်။
အထပ်ထပ်ဝတ်ထား၍ အအေးဓာတ်မှလုံးဝကာကွယ်ထားသည့် နျန်ယွီယီသည် ဖန်ကျုံးချွမ်းကားဂိုဒေါင်ထဲမှ မောင်းထွက်လာမည်ကိုစောင့်နေရင်း ပျော်ရွှင်စွာဖြင့် လတ်လတ်လောလောကျထားသည့် နှင်းများအပေါ် တက်နင်းလိုက်သည်။
ဖန်ကျုံးချွမ်းမောင်းထွက်လာချိန်တွင် နျန်ယွီယီစိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ “ဖန်ကျုံးချွမ်း...ဒါကို လာကြည့်ကြည့်”
ဖန်ကျုံးချွမ်းက ပြတင်းပေါက်မှန်များကိုချကာ နှင်းထဲတွင် နျန်ယွီယီခြေရာများဖြင့် လုပ်ထားသည့် စကားလုံးများကို ကြည့်လိုက်သည်။
ပထမဆုံးစကားလုံးက ‘နျန်’ ဖြစ်ကာ နောက်ဆုံးစကားလုံးက ‘ချွမ်း’ ဖြစ်ပြီး အလယ်တွင် အသည်းပုံလေးရှိနေသည်။
ကားထဲမှထွက်လာပြီးနောက် ဖန်ကျုံးချွမ်းသည် နျန်ယွီယီမျက်လုံးထဲတွင် ပျော်ရွှင်မှုများကို တွေ့လိုက်ရသည်။ သူက နျန်ယွီယီ၏ဦးထုပ်အပေါ်မှ နှင်းများကိုဖယ်ပေး၍ ပြောလိုက်၏။ “အင်း...ကိုယ်လည်း မင်းကိုချစ်တယ်”
နျန်ယွီယီရယ်လိုက်ကာ ခြေဖျားထောက်၍ ဖန်ကျုံးချွမ်းကို အနမ်းခြွေလိုက်၏။
ကားထဲသို့ရောက်သောအခါ နျန်ယွီယီသည် မှန်ပြတင်းပေါက်တွင် ထင်ဟပ်နေသည့် နှင်းပုံများကို ဓာတ်ပုံရိုက်လိုက်ပြီး ပြုပြင်ကာ လူမှုအသိုင်းအဝိုင်းတွင် တင်လိုက်၏။
စားသောက်ဆိုင်သို့ ရောက်သောအခါ နျန်ယွီယီသည် စားပွဲထိုးလေးအနောက်သို့လိုက်၍ သီးသန့်စားသောက်ခန်းသို့ ရောက်လာခဲ့သည်။ အခန်းထဲတွင် ရှဲ့ယီကျိုး၊ ရှဲ့ယီနန်နှင့် လင်းချီကျင့်တို့က အထဲတွင် နေရာယူပြီးနေကြပြီဖြစ်သည်။
“ဟေး...ဝမ်းကွဲညီလေး...ဒီမှာ” လင်းချီကျင့်သူတို့ကို လက်ပြလိုက်၏။
“အိမ်ပြန်သွားပြီထင်နေတာ” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏လက်ကိုကိုင်၍ ကျန်ရှိနေသည့်ခုံများတွင် ထိုင်၍ ပြောလိုက်သည်။
သူ့အဖေထံမှ စကားမပြောခြင်းကိုနှစ်လလောက်သည်းခံခဲ့ပြီးနောက် နှစ်ယောက်လုံး နောက်ဆုံးတွင် အလျှော့ပေးလိုက်ကြသည်။ ရက်အနည်းမတိုင်ခင်ကပင် ဇာတ်ညွှန်းများအားလုံးကို ပြန်ဖတ်ပြီးသွားသည့် လင်းချီကျင့်သည် အိမ်သို့ပြန်သွားခဲ့သည်။
လင်းချီကျင့်ပြောလာ၏။ “ဖုန့်ဟွာမှာ ကိစ္စလေးတွေရှိနေလို့ ရောက်နေတာနဲ့...မင်းတို့နဲ့အတူစားရင် ကောင်းမလားလို့”
သူတို့အားလုံးဆုံကြသည့်အခါ စားပွဲထိုးလေးက ဟင်းလျာများကို လာချပေးကာ စပါယ်ရှယ်ဟော့ပေါ့ သုံးအိုးအား စားပွဲပေါ်သို့လာချပေးသည်။
အစားအသောက်များက အရသာရှိရှိနှင့်လိုက်ဖက်မှုရှိလှသည်။ လင်းချီကျင့်က နျန်ယွီယီ၊ရှဲ့ယီကျိုးတို့နှင့် တီဗီဇာတ်လမ်းတွဲများနှင့်ဝတ္ထုများအကြောင်း ပြောနေ၏။ ရှဲ့ယီနန်နှင့်ဖန်ကျုံးချွမ်းတို့က ရံဖန်ရံခါတွင် စီးပွားရေးကိစ္စများကို ဆွေးနွေးကြသည်။
သို့သော် နျန်ယွီယီကို ဟင်းလျာများဝန်ဆောင်နေသည့် ဖန်ကျုံးချွမ်း၏အပြုအမူများက ရပ်တန့်မသွားချေ။
စားသောက်ပြီးသွားသောအခါ နွေးထွေးလာပြီး နျန်ယွီယီအနွေးထည်ကို ချွတ်လိုက်သည်။
သူ့စွပ်ပြုတ်၏နောက်ဆုံးအလုတ်ကို သောက်ပြီးနောက် လင်းချီကျင့်သည် နျန်ယွီယီ၏အပြုအမူများကို စနောက်လိုက်သည်။ “မင်းကအခု နှမ်းမပါတဲ့ ဖက်ထုပ်နဲ့ တူနေပြီ”
ဖန်ကျုံးချွမ်းတစ်ချက်လှည့်ကြည့်လာကာ တိတ်တဆိတ်သဘောတူညီလိုက်၏။
စားသောက်ကြပြီးနောက် သူတို့အုပ်စုသည်သီးသန့်အခန်းထဲတွင် ရှိနေကြဆဲဖြစ်၏။ အပြင်မှ နှင်းများစဲသွားမှသာ ပြန်ရန်ဆုံးဖြတ်လိုက်ကြသည်။
ဖန်ကျုံးချွမ်းက နျန်ယွီယီ၏အပေါ်ထပ်ကို ဇစ်တပ်ပေးလိုက်သည်။
“ပူတယ်” နျန်ယွီယီ ရေရွတ်၍ကန့်ကွက်လိုက်သည်။
“အပြင်ရောက်ရင်အေးလိမ့်မယ်” ဖန်ကျုံးချွမ်းက ဇစ်ပြန်ဖြုတ်ရန် ကြိုးစားနေသည့် နျန်ယွီယီ၏ကြိုးစားမှုများကို တားဆီး၍ပြောလိုက်သည်။ ဆက်လက်ထိန်းချုပ်ထားရန် သူက နျန်ယွီယီကိုလက်ကိုကိုင်၍ ကားပါကင်ထိုးသည့် နေရာသို့ ခေါ်သွားလိုက်သည်။
လင်းချီကျင့်က ရှဲ့ယီနန်နှင့်အတူ ရောက်လာကာ ယခုတွင် သူ၏ဦးလေးနှင့်အန်တီတို့ဆီသို့ လိုက်လည်ရန် ရှဲ့ယီကျိုးနှင့်စီးဖို့ပြင်လိုက်၏။
ရှဲ့ယီနန်သည် နှုတ်ဆက်ကာ ဖုန့်ဟွာသို့တစ်ယောက်တည်းပြန်သွားတော့သည်။
ထိုအချိန်တွင်နျန်ယွီယီနှင့် ဖန်ကျုံးချွမ်းတို့သာ လမ်းမဘေးတွင် ကျန်ခဲ့တော့၏။
နျန်ယွီယီသည် သူတို့ကားဆီသို့ အေးအေးလူလူလျှောက်သွားလိုက်သည်။
ညစာစားပြီးပြန်ထွက်လာသောအခါ ကားကို နှင်းအလွှာထုလေးက ဖုံးလွှမ်းနေ၏။
နျန်ယွီယီသည် ကားမှန်ပေါ်မှနှင်းလက်တစ်ဆုပ်ယူလိုက်ကာ နှင်းဘောလုံးလေးလုံးလိုက်သည်။
နှင်းဘောလုံးလေးက သူ့လက်ဖဝါး၏နွေးထွေးမှုများထဲတွင် လျင်မြန်စွာ အရည်ပျော်သွားပြီး နွေးနေသည့် လက်များကိုအေးစိမ့်သွားစေသည်။
ကားထဲတွင် နျန်ယွီယီသည် ခရီးသည်ခုံတွင် ထိုင်လိုက်၏။ ဖန်ကျုံးချွမ်းသည် သူ၏လုံခြုံရေးခါးပတ်ကို ပတ်ပေးကာ သူ့လက်များကို ထွေးပေးရန်လှမ်းလိုက်သည်။
နျန်ယွီယီနှင်းများဖြင့် ကစားနေသည်ကိုမြင်ခဲ့သောကြောင့် သူ့လက်များ အေးခဲနေသည်ကို ဖန်ကျုံးချွမ်း မအံ့ဩချေ။
သူက နျန်ယွီယီ၏လက်နှစ်ဖက်လုံးကိုကိုင်၍ နွေးအောင်လုပ်ပေးလိုက်သည်။
နျန်ယွီယီသည် ကားအောက်ခြေခုံသို့ ခြေထောက်များဖြင့် ပုတ်၍ ပြောလာ၏။ “ဖန်ကျုံးချွမ်း...အပြင်မှာ သွားကစားရအောင်”
“ဘယ်ကိုသွားချင်တာလဲ” ဖန်ကျုံးချွမ်း၏အသံက နက်ရှိုင်းပြီး ကြည်လင်ပြတ်သားနေသည်။
“အင်း...တွေးဦးမယ်” နျန်ယွီယီသည် အင်တာနက်အပေါ်မှ သင့်တော်မည့် ချစ်ကြည်နူးဖွယ်ရာနေရာများကို တွေးလိုက်သော်လည်း တစ်ခုမှအဆင်မပြေချေ။
ချင်အန်းသို့ပြန်ရောက်ပြီး သူတို့အိမ်အရှေ့တွင် ရပ်လိုက်မှသာ အကြံတစ်ခုပေါ်လာခဲ့သည်။
“ကျွန်းကိုသွားရအောင်...အဖေ ရှယ်ယာတွေလွှဲပေးတုန်းက ကျွန်တော့်နာမည်အောက်မှာ ကျွန်းတစ်ခုထားခဲ့တယ်...ကျွန်တော်တို့ အဲ့ကိုသွားလို့ရတယ်”
“နေ့တိုင်းအချိန်မှန် ရိက္ခာတွေကိုတော့ ပို့ခိုင်းရလိမ့်မယ်...မဟုတ်ရင် ကျွန်တော်တို့နှစ်ယောက်တည်းပဲ ဖြစ်နေလိမ့်မယ်”
“အဲ့ကရာသီဥတုက နန်ဟိုင်ခရိုင်ကလိုပဲ...ကျွန်တော်တို့ ရေကူးဝတ်စုံတွေ ဝတ်လို့ရတယ်”
......
ကျိရှောင်နျန်သည် သည်နေ့တွင် ကုမ္ပဏီမှခေါင်းဆောင်များဖြင့် ညစာစားပွဲသို့တက်ရောက်နေခဲ့သည်။ ဧည့်သည်များကို နှုတ်ဆက်ရန်ထွက်လာချိန်တွင် နျန်ယွီယီက တစ်ယောက်ယောက်နှင့်လက်ချင်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဖန်ကျုံးချွမ်း၏ပုံရိပ်ကို သေချာဖမ်းမိသွားချိန်တွင် သူက ဖန်ကုမ္ပဏီ၏ဥက္ကဌဖြစ်ပြီး နျန်ယွီယီနှင့်အတူ အွန်လိုင်းပေါ်တွင် နာမည်ကြီးသွားသည့် ဖန်ကျုံးချွမ်းဖြစ်ကြောင်း သူမချက်ချင်းမှတ်မိလိုက်သည်။
သူတို့၏ နီးကပ်နေသည့်ဆက်ဆံမှုများကို ကြည့်ရင်း အထူးသဖြင့် ဖန်ကျုံးချွမ်းက ကိုင်းလာ၍ နျန်ယွီယီ၏နဖူးအား နမ်းလိုက်သည်ကိုမြင်လိုက်ရချိန်တွင် ကျိရှောင်နျန် ပင့်သက်ရှိုက်မိသွားကာ သစ်ပင်အနောက်တွင် ရပ်နေရင်း မျက်လုံးထဲတွင် အံ့ဩမှုများထင်ဟပ်နေသည်။
သူတို့နှစ်ယောက် မောင်းထွက်သွားမှသာ သစ်ပင်အနောက်မှထွက်လာပြီး သူမ၏ကိုယ်စားလှယ်ထံ ထိုအကြောင်းကို ပြောပြလိုက်သည်။
နျန်ယွီယီ၏ကားပျောက်ကွယ်သွားသည့် လားရာကိုကြည့်ရင်း ကျိရှောင်နျန်၏နှလုံးသားတွင် နောင်တများ၊ အာဃာတများဖြင့် ပြည့်လာတော့၏။
နျန်ယွီယီက သူမ၏ချဥ်းကပ်မှုများကို ငြင်းဆန်ခဲ့သော်လည်း ယောက်ျားတစ်ယောက်ကိုတော့ ရွေးချယ်ခဲ့သောကြောင့် မကျေမချမ်းဖြစ်မိသည်။
သူမ၏နောင်တများကတော့ အံ့ဩထိတ်လန့်မှုများကြောင့် ထိုအခိုက်အတန့်ကို ဓာတ်ပုံမရိုက်လိုက်ရသောကြောင့် ဖြစ်ပေါ်ခြင်းသာဖြစ်လေသည်။
🫶