🫶Chapter 69
ညနေဘက်တွင် လင်းရီယွဲ့နှင့်ရှဲ့လို့တို့ ဟိုတယ်သို့ပြန်ရောက်လာကြသည်။
ဖန်ကျုံးချွမ်းနှင့် ရှဲ့ယီနန်တို့လည်း နားလည်မှု(ဖြေရှင်းနည်း)တစ်ခုရသွားကြသည့်တိုင် နျန်ယွီယီကို အသိမပေးကြဘဲ ရောမတွင် ပျော်ပျော်နေစေသည်။
ရောမအားလပ်ရက်အဆုံးသတ်သွားသည့်အခါ မိသားစုတစ်စုလုံး ဟိုင်မြို့သို့ပြန်လာကြသည်။
……အန်ဇိုင်အယ်လ်ကိုလည်း သူတို့နှင့်အတူ ခေါ်လာခဲ့၏။
ဟိုင်မြို့သို့ ရောက်သောအခါ စီးအီးအိုသုံးယောက်ဖြစ်သည့် ရှဲ့လို့၊ ဖန်ကျုံးချွမ်းနှင့် ရှဲ့ယီနန်တို့သည် ပုံထပ်နေသည့်အလုပ်များကို ကိုင်တွယ်ရန် သက်ဆိုင်ရာကုမ္ပဏီများသို့ပြန်သွားကြသည်။
ထိုစဥ်တွင် နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့ကတော့ အန်ဇိုင်အယ်လ်အား ရှုခင်းလိုက်လံပြရန် လင်းရီယွဲ့၏တာဝန်ပေးခြင်းခံရလေသည်။
အန်ဇိုင်အယ်လ်သည် တွစ်တာပေါ်တွင် အတန်အသင့်နာမည်ကြီး၏။ သုံးယောက်လုံး၏ ထင်ထင်ရှားရှား ချောမောမှုကြောင့် ဦးထုတ်များဆောင်း၍ မျက်နှာဖုံးများလည်းတပ်ကာ ရုပ်ဖျက်၍ အပြင်ထွက်ရသည်။
ဟိုင်မြို့အား ရက်များစွာလည်ပတ်ပြီးနောက် သုံးယောက်သား ချင်အန်းရှိဗီလာသို့ဝင်၍ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။
“အမျိုးသားနေ့တောင်နီးလာပြီနော်” နျန်ယွီယီ ပြက္ခဒိန်ကိုကြည့်လိုက်၏။
“ဒုတိယအစ်ကို…ဒီနှစ်အမျိုးသားနေ့ပွဲကို မတက်ဘူးလား”
“မသွားဘူး…အဲ့ဒါအားလပ်ရက်ပဲ” ရှဲ့ယီကျိုးသည် ဂိမ်းထဲတွင် နစ်မြုပ်နေ၏။ တိုက်ခိုက်ရန်ခြုံထဲမှထွက်လာကာ ပြန်မဆုတ်ခင် ရန်သူကို သတ်နိုင်လိုက်သည်။
“နျန်နျန်…ပါမလား”
နျန်ယွီယီ ခေါင်းခါလိုက်သည်။ “ကျွန်တော် နောက်ရက်နည်းနည်းနေရင် ရိုက်ကွင်းကိုသွားရတော့မှာ…ဇာတ်ညွှန်းကို ပြန်ကြည့်ရဦးမယ်”
ထိုစကားကိုကြားသောအခါ ရှဲ့ယီကျိုးလည်း စကားမပြောတော့ဘဲ ဂိမ်းကိုပြီးအောင်ဆော့၍ ဇာတ်ညွှန်းကိုကိုင်ကာ ဖတ်နေလိုက်သည်။
သူ့တွင် ရွေးချယ်စရာမရှိချေ။ လုံလံဝီရိယရှိသည့်ညီငယ်လေးက ကြိုးစားနေပါက အစ်ကိုကြီးသည် အနောက်တွင်ကျန်နေခဲ့နိုင်သည်။
သရုပ်ဆောင်မဟုတ်သည့် အန်ဇိုင်အယ်လ်ကတော့ သစ်သီးများစားရင်နေရောင်ခံနေကာ လက်ထဲတွင် နိုင်ငံခြားဝတ္ထုကိုကိုင်ထားသည်။
သူတို့သုံးယောက်သည် ချင်အန်းရှိဗီလာတွင် ရက်အကြာကြီးနေခဲ့ကြသည်။
သို့သော်လည်း လူတစ်ယောက်၏ ရုတ်တရက်ရောက်ရှိလာမှုက သူတို့၏ငြိမ်းချမ်းနေသည့် နေ့ရက်များကို ဖျက်ဆီးလိုက်လေသည်။
“ရွမ်လဲ့ကျီ…ဘယ်လိုလုပ်ရောက်လာတာလဲ” စာဖတ်နေရသည့်ရက်များကြောင့် မျက်လုံးများခြောက်သွေ့နေသည့် ရှဲ့ယီကျိုးသည် ထင်ယောင်ထင်မှားမြင်နေသည်ဟုပင် တွေးမိ၏။
“လူစုပြီး ရွှီရင်းကျယ်ကို သင်ခန်းပေးဖို့ မစောင့်နိုင်တော့ဘူးလား”
ရှဲ့ယီကျိုး ဆက်ပြောလိုက်၏။ “ငါမစွန့်စားနိုင်ဘူးနော်…မိသွားရင် ငါအနုပညာအသိုင်းအဝိုင်းတွေမှာ အလုပ်ဆက်လုပ်လို့ ရပါ့ဦးမလားပဲ”
“အဲ့လိုမဟုတ်ဘူး” ပြေးလာခဲ့ပုံရသည့် ရွမ်လဲ့ကျီက အသက်ကိုမနည်းရှူနေကာပြောလာသည်။
“ငါ့အစ်မ ဓာတ်ပုံတွေကို မြင်သွားပြီ”
ရွမ်လဲ့ကျီပြောပြီးသိပ်မကြာခင်တွင် ခုံအနောက်မှ ခေါင်းလေးနှစ်လုံးမှာ ပြူတစ်ပြူတစ်နှင့် ထွက်လာကြသည်။
“ဘာဓာတ်ပုံတွေလဲ”
“သူ့ရဲ့ ကိုယ်ဝန်ဆောင်မိန်းမအပေါ်မှာဖောက်ပြန်တဲ့ ခွေးကောင်ရဲ့ပုံတွေလား”
ရွမ်လဲ့ကျီ၏လန့်ဖြန့်နေသည့်အမူအရာကိုကြည့်ရင်း နျန်ယွီယီသည် ခေါင်းကုတ်၍ ဆိုဖာပေါ်မှဆင်းလာကာ ရှဲ့ယီကျိုးဘေးတွင်ထိုင်၍ “သိသမျှအကုန်ပြော” ဆိုသည့် အမူအရာက မျက်နှာပေါ်တွင်ရှိနေသည်။
ရှဲ့ယီကျိုးသည် သူ့ညီလေး၏ခေါင်းကိုပုတ်လိုက်ကာ အန်ဇိုင်အယ်လ်အား သတိပေးသည့်အကြည့်တစ်ချက် ပေးလိုက်သည်။ “မင်းတို့ ဘယ်တုန်းက ဒီလောက်တောင် ဆူညံလာတာလဲ”
အန်ဇိုင်အယ်က နှုတ်ခမ်းများကို ဇစ်ပိတ်သည့်အမူအရာလုပ်ပြလိုက်ကာ တိတ်တိတ်နေမည့်အကြောင်း ပြလိုက်သည်။
ရွမ်လဲ့ကျီသည် စိတ်ညစ်နေလျက်ပြောလာသည်။ “ငါဓာတ်ပုံကို တက်ဘလက်နဲ့ကြည့်ရင်း အခန်းထဲမှာ ဒီအတိုင်း မေ့ပြီထားခဲ့တာ…ငါ့ကိုညစာစားဖို့လာခေါ်ရင်း ငါ့အစ်မက မြင်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမိမှာလဲ”
ရှဲ့ယီကျိုးမေးလိုက်သည်။ “မင်းရဲ့အစ်မဘယ်မှာလဲ”
ရွမ်လဲ့ကျီ ကမန်းကတန်းနှင့်ဖြေလာသည်။ “အခန်းထဲမှာ တံခါးပိတ်ပြီးနေနေတယ်…ဘယ်သူမှလည်း အပြင်ထွက်လာဖို့ ပြောလို့မရဘူး…မိဘတွေလည်း စိတ်ပူနေကြပြီ”
“ရွှီရင်းကျယ်ကရော…မင်းအစ်မကို မချော့ဘူးလား”
“ဟင့်အင်း…” ရွမ်လဲ့ကျီ လျင်မြန်စွာ တုံ့ပြန်လာသည်။ “ရွှီရင်းကျယ်က အားကိုးလို့မရမှန်း အမြဲခံစားခဲ့မိပေမယ့် သူက အစ်မအပေါ် အနိုင်ယူထားတယ်လေ…”
ရွမ်လဲ့ကျီသည် ပြောနေရင်းနှင့် ရုတ်တရက် ဖုန်းကိုထုတ်လိုက်သည်။ “နေဦး…သည်ဖုန်းကိုကိုင်မှဖြစ်မှာ”
နျန်ယွီယီနှင့်အန်ဇိုင်အယ်လ်တို့၏မျက်လုံးများသည် သိချင်စိတ်များဖြင့် ပြူးကျယ်သွားကြကာ အချိန်မှား၊ နေရာမှားဖြစ်နေသည်မှာ သိသာလှသည်။
ရွမ်လဲ့ကျီ အာရုံများနေသည်ကိုအခွင့်ကောင်းယူ၍ ရှဲ့ယီကျိုးသည် နျန်ယွီယီ၏နှာခေါင်းကို ညှစ်လိုက်သည်။
“မျက်နှာပေါ်က အတင်းအဖျင်းဆာလောင်နေတဲ့အကြည့်တွေကိုဖယ်ပစ်လိုက်ဦး…သူဒီမှာရှိနေသေးတယ်လေ”
“အာ့” နျန်ယွီယီသည် နှာခေါင်းကိုအုပ်၍ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ရှောင်ရှားလိုက်သည်။
ရွမ်လဲ့ကျီသည် ဖုန်းပြောခြင်းတွင် နစ်မြုပ်နေပြီး သူတို့စကားဝိုင်းကို မသိဘဲရှိနေသည်။
“ဟယ်လို…အဖေ”
“ဘာဖြစ်တယ်…အစ်မထွက်လာပြီလား”
“သူမက ကွာရှင်းချင်နေတယ်?”
ဖုန်းချပြီးနောက် ရွမ်လဲ့ကျီသည် သူကြားလိုက်ရသည်များကို နားလည်ရန်ကြိုးစားလိုက်သည်။
“မင်းအစ်မက သေချာတွေးတောခဲ့တာပဲ” ရှဲ့ယီကျိုးသည် သူ့ကို စိတ်ငြိမ်စေရန်အလို့ငှာ ရေတစ်ခွက် လောင်းထည့်ပေးလိုက်သည်။
“သူမ ဒီလောက်မြန်မြန်ကြီး ဆုံးဖြတ်ချက်ချလိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး” ရွမ်လဲ့ကျီ မယုံနိုင်ဖြစ်နေ၏။
နျန်ယွီယီသည် နှာခေါင်းရှုံ့လိုက်ကာ ရွမ်လဲ့ကျီ၏ခံစားချက်များကို သဘောမတူဘဲရှိနေသည်။
ရွမ်ရှောင်ဟွေ့သည် မြန်မြန်နှင့်စိတ်လျှော့လိုက်လိမ့်မည်မဟုတ်ချေ။ ယခုတွင် သူမ၏မာနများက ကွာရှင်းချင်နေအောင် တိုက်တွန်းနေခြင်းသာဖြစ်ပြီး တကယ်တမ်း ကွာရှင်းဖို့ကိုတော့…
ဤကိစ္စအတွက် ကုစားရန်အရှေ့တွင် ခရီးအရှည်ကြီးသွားရဦးမည်။
ရင်းရွှီကျယ်နှင့်သူမ၏မိသားစုအားရေစက်ဖြတ်ချင်သည့် ဆန္ဒက ဤဆက်ဆံရေးတွင် သူမ၏နက်ရှိုင်းသောမြှုပ်နှံထားမှုများကို သက်သေပြလိုက်ခြင်းပင်။ ဝမ်းနည်းစရာကောင်းစွာနှင့် သူမသည် သူမ၏အရှေ့တွင်သာ ကောင်းချင်ယောင်ဆောင်သည့် ယောက်ျားတစ်ယောက်အပေါ်ချစ်ခဲ့မိလေသည်။
အချစ်ဟုခေါ်သည့် လောင်းကစားပွဲတွင် သူမရှုံးသွားခဲ့၏။
ရှဲ့ယီကျိုးသည် ရွမ်လဲ့ကျီအား သူ့အစ်မနှင့်အချိန်များများ ကုန်ဆုံးပေးရန် အကြံပေးလိုက်သည်။ သဘောတူညီမှုဖြင့် ခေါင်းကိုကုတ်၍ ရွမ်လဲ့ကျီထွက်သွားတော့သည်။
နျန်ယွီယီသည် ဝေ့ပေါ်စကားပြောခန်းကိုဖွင့်၍ ဖန်ကျုံးချွမ်းအား ညစာအတွက်အိမ်တွင်ရှိနေမည်လား၊ သို့မဟုတ် အလုပ်နောက်ကျမည်လား မေးလိုက်သည်။ တူအစုံမည်မျှလိုသည်ကို အတည်ပြုပြီးနောက် ညစာပြင်ရန် မီးဖိုခန်းသို့ သွားလိုက်သည်။
အမျိုးသားနေ့နှင့် ဆောင်းဦးတို့ချဥ်းကပ်လာသည်နှင့်အမျှ အမွှေးထူဂဏန်းများ၏ ရာသီချိန်ရောက်လာသည်။ နျန်ယွီယီသည် ယနေ့တွင် လတ်လတ်ဆတ်ဆတ်ရောက်လာသည့် ဂဏန်းများနှင့်ပွဲတော်တည်ရန် ပြင်လိုက်သည်။
နျန်ယွီယီသည် ဂဏန်းသုံးပုံတစ်ပုံကို ရွေးချယ်ကာ ကြိုးစည်း၍ ပေါင်းထားလိုက်သည်။ ထို့နောက် ပန်းကန်လေးလုံးထဲသို့ အချဥ်များထည့်၏။
ဂဏန်းပေါင်းများက ပြင်ဆင်ရရိုးရှင်းသော်လည်း ဂဏန်းအစပ်နှင့်ဂဏန်းအသားနွှာတို့ကတော့ ခက်ခဲလေသည်။
ဂဏန်းအားလုံးကျက်သွားသည့်အခါ အန်ဇိုင်အယ်လ်သည် မျက်လုံးများတောင်ပလျက် တက်ကြွစွာဖြင့် စတင်စားရမည့်အချက်ပြမှုကို စောင့်နေသည်။
“ဒါခင်ဗျားရဲ့ ပထမဆုံးတရုတ်အစားအစာစားဖူးတာမဟုတ်ဘူးလေ” နျန်ယွီယီသည် အေးစက်သည့်အမူအရာတွင် မနှစ်မြို့ခြင်းများဖြင့် ပြောလိုက်၏။
“တရုတ်ဟင်းလျာအစစ်တွေက နိုင်ငံခြားတွေမှရှာဖို့ခက်တယ်ကွ…အထူးသဖြင့် ကိုယ်စီးပွားရေးအရ နိုင်ငံတကာကို သွားလာနေရတဲ့အခါမျိုးမှာပေါ့”
အန်ဇိုင်အယ်လ်တုံ့ပြန်လိုက်ကာ မီးစိမ်းပြရန် နျန်ယွီယီအား မျှော်လင့်တကြီးနှင့် ကြည့်နေလေသည်။
“လူတစ်ယောက်ရောက်လာဖို့ရှိသေးတယ်” နျန်ယွီယီသည် သူ့ကိုတူများပေးလိုက်ရင်း မေးလိုက်၏။ “တူကိုင်တတ်လား”
“အင်း…ဟွားကော်ရိုးရာတွေကို သင်ထားတယ်” အန်ဇိုင်အယ်လ်သည် တူကိုင်သည့်အရည်အချင်းများကို ဝံ့ကြွားစွာဖြင့် ပြလိုက်သည်။
နျန်ယွီယီက မျက်နှာတည်ဖြင့်သာတုံ့ပြန်၏။
သိပ်မကြာခင်တွင် ဖန်ကျုံးချွမ်းသည် ပင်ပန်းနွမ်းနယ်နေသည့်ပုံဖြင့် ရောက်လာသည်။ သူက အပေါ်ထပ်အား အင်္ကျီစင်ပေါ်တွင်ချိတ်လိုက်သည်။
“လာ...လာ” နျန်ယွီယီသည် သူ့ကောင်လေးအား အနားတွင်လာထိုင်ရန် ခေါ်လိုက်၏။ “နောက်ဆုံးတော့ စားလိုက်ကြရအောင်”
နျန်ယွီယီသည် ဂဏန်းပေါင်းတစ်ကောင်ယူလိုက်ကာ ဖွင့်၍ အထဲမှာပြည့်ရွှမ်းနေသည့် ဂဏန်းဥများကို ကြည့်လိုက်သည်။
စင်စစ်ပင် ပေါင်းလိုက်ခြင်းက ဂဏန်း၏သဘာဝအရသာကို ပြီးပြည့်စုံသွားစေ၏။ ဥများကိုစားပြီးနောက် နျန်ယွီယီသည် ဂဏန််းအသားများကို အချဥ်နှင့်တို့ကာ စားလိုက်သည်။
ကျေနပ်စရာကောင်းချက်!!
စားပွဲတစ်လျှောက်တွင် အန်ဇိုင်အယ်လ်သည် ဂဏန်းကိုစားသုံးနေချိန်၌ သူ၏မြင့်မြတ်သောအမူအရာများကို ထိန်းသိမ်းရန်ကြိုးစားနေ၏။
ဂဏန်းများအား ဗိုက်အပြည့်ညစာစားပြီးနောက် နျန်ယွီယီသည် သူ့ကောင်လေးနှင့်အစ်ကိုကြီးတို့အား ပန်းကန်ဆေးစက်ထဲသို့ ပန်းကန်များထည့်ရန်ညွှန်ကြားလိုက်သည်။
“ကျွန်တော်လည်း မကြာခင်ရိုက်ကွင်းကိုလာခဲ့မယ်” ဖန်ကျုံးချွမ်းသည် မီးဖိုခန်း၏ မှန်ချပ်များမှတစ်ဆင့် ဧည့်ခန်းထဲတွင် ဇာတ်ညွှန်းဖတ်နေသည့် နျန်ယွီယီကိုကြည့်၍ ပြောလာသည်။
“အဲ့မတိုင်ခင် ဟယ်ရှောင်ရှောင်ကို ကိုင်တွယ်လိုက်မယ်”
“ကောင်းတယ်”
ဖန်ကျုံးချွမ်းက လျင်လျင်မြန်မြန်လုပ်ဆောင်မည်ဟုပြောလျှင် တကယ်ကိုဆိုလိုတာဖြစ်သည်။
ထိုညတွင်ပင် သတင်းရုပ်သံတော်တော်များများက ရွှီရင်းကျယ်နှင့်ဟယ်ရှောင်ရှောင်တို့၏ဓာတ်ပုံများကို ဖော်ထုတ်လာကြသည်။ ဖက်ရှင်ရှိုးမှ လျှပ်တပြက်ရိုက်ထားသည့် မှုန်ဝါးဝါးဓာတ်ပုံများအပြင် သူတို့နှစ်ဦး လေဆိပ်မှ အတူတူထွက်ခွာလာပြီး ဟိုတယ်တစ်ခုတည်းသို့ ဝင်သွားသည့်ဓာတ်ပုံများကိုပါ ထုတ်ဖော်ခဲ့ကြသည်။
ရွှီရင်းကျယ်နှင့်ဟယ်ရှောင်ရှောင်တို့ သတိလက်လွတ်နေခဲ့ကြသည်ပင်။
ထုတ်ဖော်မှုကကြီးလွန်း၏။ ရွှီရင်းကျယ်ကို ကာကွယ်ရန်ကြိုးစားနေကြသည့် အနည်းအကျဥ်းမှလွဲ၍ အများစုမှာ တိတ်ဆိတ်နေကြသည်။ မှတ်ချက်ပေးသည့်နေရာတွင် တက်ကြွနေကြသူများမှာ သတင်းလွှင့်သူများနှင့် ပွဲကြည့်သူများသာဖြစ်သည်။
လူများစွာသည် ရွှီရင်းကျယ်၏ အချစ်ကြီးသည့်ခင်ပွန်းအကျင့်စရိုက်နှင့် သူ့မိန်းမမှာ ဂုဏ်သိက္ခာကြီးမားသည့် မိသားစုမှ ဆင်းသက်လာကြသည်ကို ပြန်တွေးကြသည်။ သူမက ရွှီရင်းကျယ်နှင့်အတူရှိနိုင်ရန် မိသားစုနှင့် အတိုက်အခံလုပ်ခဲ့ဖူးသည်ကိုလည်း သူတို့သိကြသည်။ အများစုက သူမအပေါ် စာနာသနားကြ၏။
အထူးသဖြင့် တစ်ယောက်ယောက်က ရွမ်ရှောင်ဟွေ့သည်ကိုယ်ဝန်ရှစ်လကျော်ရှိနေပြီး မီးဖွားမည့်ရက်နီးနေသည်ကို ဖော်ထုတ်လိုက်ချိန်တွင် ရွှီရင်းကျယ်အပေါ် မုန်းတီးမှုများမှာ ပို၍ပြင်းထန်သွားတော့သည်။
ဟယ်ရှောင်ရှောင်လည်း အခြေအနေမကောင်းပေ။။ ကျိရှောင်နျန်သည် သူမနှင့်ပြဿနာရှိနေသည်မှာ ကြာပြီဖြစ်သောကြောင့် သူမကျဆင်းနေချိန်တွင် နင်းချရန်အခွင့်အရေးကို အမိအရယူ၍ သူမ၏ပရိသတ်များအား ဟယ်ရှောင်ရှောင်၏အမည်ကို ဆိုးဝါးစွာကျော်ကြားစေရန် တိုက်တွန်းနေပြီး ရွှီရင်းကျယ်နှင့်တူညီသည့် မုန်းတီးမှုမျိုးရစေသည်။
အုန်းအုန်းကျက်ကျက်ဖြစ်သွားပြီးသုံးရက်မြောက်၌ “ကျိုးယန်ဧကရာဇ်” ၏ ဒါရိုက်တာသည် နောက်ဆုံးတွင် အမျိုးသမီးဇာတ်ဆောင်နေရာအား ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။
အင်တာနက်အသုံးပြုသူများက ဟယ်ရှောင်ရှောင်ကိုအစားထိုးသင့်ကြောင်းနှင့် မဟုတ်ပါက သရုပ်ဆောင်အားလုံးသူမကြောင့် အလဟဿဖြစ်သွားမည်ဖြစ်ကြောင်း ပြောဆိုကြကာ ထိုဆုံးဖြတ်ချက်ကို အားပေးကြသည်။
……
အခန်းထဲတွင် ပြန့်ကျဲနေသည့်ပစ္စည်းများနှင့် ကွဲကြေနေသည့်မှန်များ ရှုပ်ရှက်ခတ်နေ၏။
ဟယ်ရှောင်ရှောင်၏မိတ်ကပ်များမှာ အိပ်ရေးပျက်ထားသည့်ညကြောင့် ပေပွနေပြီး မျက်ကွင်းများလည်း ညိုနေကာ တီဗီဖန်သားပြင်တွင်ရှိခဲ့သည့်အချိန်၊ သို့မဟုတ် နျန်ယွီယီနှင့် ရှိခဲ့သည့်အချိန်များမှ သူမ၏ပုံမှန်ပုံစံနှင့် မတူကွဲပြားစွာရှိနေလေသည်။
“ရွှီရင်းကျယ်နဲ့အတူ အဲ့သည်ဖက်ရှင်ရှိုးကို မသွားပါနဲ့လို့ ပြောခဲ့တယ်လေ” ကန်ဟွေ့သည် စိတ်ညစ်ညူးစွာဖြင့် ခေါင်းကုတ်ရင်း ပြောလာသည်။
“အခုဘာလုပ်ကြမလဲ…ဒါရိုက်တာတောင်မှ ငါတို့ကိုကျောခိုင်းသွားပြီ”
ဟယ်ရှောင်ရှောင်၏မျက်လုံးများက နီရဲနေကာ သူမ၏ရင်ဘတ်တွင် ခံစားချက်များဖြင့် ပြည့်နေသည်။
အကြာကြီးရပ်နေပြီးနောက် နောက်ဆုံးတွင် သူမစကားပြောလာ၏။
“ကျွန်မကိုကန်ထုတ်ရင် သူတို့လည်းသည်အတိုင်းနေလို့ရမှာမဟုတ်ဘူး”
“အဲ့သည် အွန်လိုင်းဆယ်လီတွေကိုဆက်သွယ်လိုက်…ဒါရိုက်တာရဲ့ပုံတွေကို ဖြန့်လိုက်ရအောင်”
“အဲ့လိုဆို ဆက်ရိုက်ကူးကြလိမ့်မှာမဟုတ်ဘူးလို့ ကျွန်မလောင်းတယ်”
ရူးသွပ်မှုများက ဟယ်ရှောင်ရှောင်၏မျက်လုံးထဲတွင် ထင်ဟပ်နေ၏။
ကန်ဟွေ့၏ စိုးရိမ်နေသည့်လှုပ်ရှားမှုများ ရပ်တန့်သွားကာ ခဏလောက်တွန့်ဆုတ်နေပြီးနောက် ထင်မှတ်မထားစွာနှင့် ဟယ်ရှောင်ရှောင်၏တောင်းဆိုချက်ကို ငြင်းဆိုလာသည်။
“ငါလုပ်မပေးနိုင်ဘူး”
“မင်းက ငါတာဝန်ယူထားရတဲ့သူဆိုတာ ဘယ်သူမှမသိကြဘူး…ငါလူသစ်တွေနဲ့ ထပ်စာချုပ်ချုပ်လို့ရတယ်” ကန်ဟွေ့ တည်တည်ငြိမ်ငြိမ်လေးပြောလိုက်သည်။
“ငါကမင်းနဲ့မတူဘူး”
ဤကဲ့သို့ အရေးကြီးနေသည့်အခိုက်အတန့်တွင် ကန်ဟွေ့က သူမကို သစ္စာဖောက်လာလိမ့်မည်ဟု ဟယ်ရှောင်ရှောင် ထင်မထားခဲ့ချေ။
“ရှောင်ရှောင်…မှတ်ထား…လူတွေကတစ်ကိုယ်ကောင်းဆန်ကြတယ်” ကန်ဟွေ့က သရော်သည့်အပြုံးလေးနှင့် ပြောလိုက်သည်။
“ငါလည်းလူတစ်ယောက်ပဲ”
……
သူမဘေးတွင် ကန်ဟွေ့မရှိတော့သည့်တိုင် ဟယ်ရှောင်ရှောင်သည် ယခင်ကပူးပေါင်းထားသည့် အွန်လိုင်းဆယ်လီများကို ဆက်သွယ်ကာ ဒါရိုက်တာနှင့်ကျိရှောင်နျန်၏ ဓာတ်ပုံများကို ပေးလိုက်သည်။
အံ့ဩစရာကောင်းစွာနှင့် မည်သူမှ တုံ့ပြန်မလာချေ။
ရက်များစွာကြာပြီးနောက် နားလည်သဘောပေါက်မှုတစ်ခုက ဟယ်ရှောင်ရှောင်ကို ရိုက်ခတ်လာခဲ့သည်။ ဖုန့်ဟွာ၏ တရားဥပဒေအဖွဲ့က သူတို့ဆီသို့ အရင်လက်ဦးရောက်နေခဲ့တာဖြစ်လိမ့်မည်။ စိတ်ပိုင်းဖြတ်ပြီးနောက် သူမက ဓာတ်ပုံများကိုလွှင့်ရန် အခြားသူများကို ရှာလိုက်၏။
တစ်ရက်ကုန်သွားပြီးနောက် လူအနည်းငယ်ကသာ ပုံကိုတင်လာကြသည်။ သူတို့လိုက်ပါလာသည်ကိုကြည့်၍ ဟယ်ရှောင်ရှောင်စိတ်ကျေနပ်နေသည့်အပြုံးပြုံးလိုက်သည်။
ကျိရှောင်နျန်…နင်ငါ့ကိုနင်းချေဖို့ကြိုးစားနေတယ်ဆိုတာ ငါမသိဘူးမထင်နဲ့…။
ငါကျဆုံးရင်…နင်လည်းအထက်ကိုတက်ရမယ်လို့ အိပ်မက်မက်မနေနဲ့…။
မကောင်းသည့်မှတ်ချက်များကို စိတ်အားတက်ကြွစွာဖြင့် မျှော်လင့်ရင်း သူမ၏လူမှုစာမျက်နှာကိုဖွင့်လိုက်ရာ သူမ၏ပို့စ် အဖျက်ခံထားရသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ…ဘာလို့လဲ” ဟယ်ရှောင်ရှောင်သည် မယုံနိုင်စွာဖြင့် သူမအကောင့်နှင့် အခြားပို့စ်များ၊ ဗီဒီယိုများကိုပါ ကြည့်လိုက်ရာ အားလုံးမှာ အဖျက်ခံထားရသည်။
ဟယ်ရှောင်ရှောင် ဒေါသထွက်သောကြောင့် ကြမ်းပြင်ကိုခြေထောက်ဖြင့် ဆောင့်လိုက်သည်။
ထိုအခါမှသာ ရှဲ့မိသားစုနှင့်ဖန်မိသားစုကို သွားရောက်ထိပါးခြင်းက သူမမတတ်နိုင်သည့် သေရာပါအမှားတစ်ခုဖြစ်ကြောင်း နားလည်သွားတော့သည်။
သူမလက်ထဲတွင် အခြားခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ထိုဓာတ်ပုံများကို မည်သို့အလင်းရောင်မျိုးကမှ(မည်သူမှမတွေ့နိုင်ရန်) မထိပါးနိုင်ရန် ထိုခြိမ်းခြောက်မှုများကိုခဏလေးနှင့် ဖယ်ရှားနိုင်ကြလေသည်။
🫶