Chapter 60
Viewers 21k

🫶Chapter 60

 


ခြေတစ်လှမ်းနောက်ကျနေသည့် ရွှီရင်းကျယ်က အခုမှအောက်ထပ်သို့ဆင်းလာသည်။ ဟယ်ရှောင်ရှောင်၏ တွန့်ကွေးနေသည့် နှုတ်ခမ်းများကို သတိထားမိရင်း မေးလာ၏။ “ဘာတွေသည်လောက်တောင် ပျော်နေတာလဲ” 


“အို...ဘာမှမဟုတ်ပါဘူး...” သူမက ဖုန်းကိုအိတ်ထဲသို့ထည့်လိုက်သည်။ “သည်ကိတ်ကအရမ်းအရသာရှိတယ်...စားကြည့်ကြည့်”


“ဟုတ်လား” ရွှီရင်းကျယ်သည် ဟယ်ရှောင်ရှောင်၏စကားများကို အနည်းငယ် သံသယဝင်မိ၏။


ဟယ်ရှောင်ရှောင်က မည်သို့သောလူမျိုးလဲသူသိသည်။ သူတို့၏ဆက်ဆံရေးက လုပ်ငန်းသဘောသာဖြစ်၏။ သူမ၏ ခန္ဓာကိုယ်နှင့် နာခံတတ်သည့်သဘောသဘာဝကိုကြိုက်နှစ်သက်ကာ သူမကတော့ သူ၏ဩဇာနှင့် အရင်းအမြစ်များကို သဘောကျသည်။


အေးအေးလူလူ လှည့်ပတ်ကြည့်ပြီးနောက် ရင်းရွှီကျယ်သည် ရှဲ့ယီကျိုးနှင့်သူ၏အဖွဲ့မှာ ပြတင်းပေါက် ဘေးတွင်ထိုင်နေကြောင်း တွေ့လိုက်သည်။ 


မျက်ခုံးပင့်၍သူမေးလိုက်သည်။ “ဓာတ်ပုံရိုက်လိုက်လား”


“အင်း” ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာတိုင်အောင် ကျင်လည်ခဲ့သည့် ရွှီရင်းကျယ်၏ စဥ်းလဲမှုများကို သိသောကြောင့် ဟယ်ရှောင်ရှောင် သူ့ကိုဖုံးကွယ်မထားလိုက်ချေ။ 


“နျန်ယွီယီကိုချနင်းပြီး အဆင့်တက်ဖို့စီစဥ်နေတာပေါ့ ဟုတ်လား” ရှဲ့ယီကျိုးက နျန်ယွီယီထံသို့ အသီးအရွက်များ ထည့်ပေးနေသည့်မြင်ကွင်းကို ရင်းရွှီကျယ်မြင်လိုက်သည်။ 


“ဖုန့်ဟွာရဲ့မြက်ခင်းပေါ်ကို သွားနင်းတာ အန္တရာယ်ကြီးနိုင်တယ်နော်”


သူ၏ အမေရိကာနိုကိုသောက်ရင်း ဟယ်ရှောင်ရှောင်ပြောလိုက်၏။ “ကျွန်မ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာ ဖုန့်ဟွာ သိသွားမှပါ”


ရွှီရင်းကျယ်အတွက် ရှဲ့ယီကျိုးက ပြိုင်ဘက်တစ်ယောက်ပင်။ သူတို့၏ စိတ်ဝင်စားမှုများက တိုက်ရိုက် ထိခိုက်မနေသော်လည်း ရှဲ့ယီကျိုး၏ဖန်များက သူ့ကိုသိမ်ငယ်အောင်လုပ်သောကြောင့် ရွှီရင်းကျယ်ကို ဒေါသထွက်စေသည်။ 


ထို့ကြောင့် ရှဲ့ယီကျိုးကိုဖယ်ရှားပစ်ရန် ဟယ်ရှောင်ရှောင်ကိုအသုံးချနိုင်မည်ဆိုပါက ရွှီရင်းကျယ် တွန့်ဆုတ်နေမည်မဟုတ်ချေ။ 


ဟိုတယ်က လုံခြုံရေးတင်းကြပ်သောကြောင့် သတင်းထောက်များ ခိုးဝင်နိုင်စရာ အကြောင်းမရှိချေ။ 


ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ရွှီရင်းကျယ်က ဟယ်ရှောင်ရှောင်အား သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်ကာ မေးကိုပင့်၍ ပြင်းပြသည့်အနမ်းတစ်ခုစတင်လိုက်၏။


သူတို့ပူလောင်နေသည့်ပွေ့ဖက်မှုက ရွှီရင်းကျယ်၏ဖုန်းအသံကြောင့် နှောင့်ယှက်ခြင်းခံလိုက်ရသည်။


ရင်းရွှီကျယ်ကို အသာလေးတွန်းထုတ်၍ ဟယ်ရှောင်‌ရှောင်မှာ သူမ၏ခုံသို့ ပြန်သွားလိုက်သည်။ 


ဖုန်းကိုင်လိုက်သောအခါ ရင်းရွှီကျယ်၏အသံမှာ သိသိသာသာနူးညံ့သွား၏။


“ဟယ်လို...အချစ်”


“ဒါလင်...နိုးပြီလား” အိမ်တွင် နေ့လည်ခင်းဖြစ်နေပြီဖြစ်ပြီး ကိုယ်ဝန်ရှစ်လနှင့်ရွမ်ရှောင်ဟွေ့သည် ကိုယ်ဝန်ဆောင် မိခင်များစာအုပ်ကို သေချာဖတ်နေလေသည်။


“အင်း...ဟိုတယ်ရဲ့မနက်စာက မင်းလက်ရာလောက်မကောင်းဘူး”


“ရှင်က အမြဲကျွန်မကို မြှောက်ပင့်နေတော့တာပဲ...ကျွန်မ‌မောင်ကတော့ ကျွန်မလက်ရာတွေက ကပ်ဆိုးကြီးတွေပဲလို့ ပြောတယ်” ချီးကျူးစကားကြောင့် ရွမ်ရှောင်ဟွေ့ရယ်လိုက်သည်။ 


“ရှင်နိုးနေပြီလားလို့ ကျွန်မလှမ်းခေါ်ကြည့်တာပါ...မကြာခင်ရှင်အလုပ်များတော့မှာဆိုတော့ ကျွန်မချလိုက်တော့မယ်”


“ကောင်းပြီ...အချစ်...ကိုယ်မင်းအတွက် လက်ဆောင်ဝယ်လာခဲ့မယ်”


“ဂွတ်ဘိုင်...ဒါလင်”


ဖုန်းချပြီးနောက် ရွမ်ရှောင်ဟွေ့က စာအုပ်ကိုပိတ်ကာ ခုံပေါ်မှထရန်ကြိုးစားလိုက်၏။


သူမ၏ ကိုယ်ဝန်ရှစ်လက အတော်လေးရင့်နေပြီဖြစ်ပြီး ထို့ကြောင့်လည်း ဖက်ရှင်ရှိုးသို့ သူမအဖော်ပြု၍ လိုက်သွားမပေးနိုင်ခဲ့ချေ။ 


သူမက ရွှီရင်းကျယ်နှင့်သုံးနှစ်ကျော်ကြာအောင် အတူရှိနေခဲ့ပြီး သူမက သူ၏ကျော်ကြားမှုများနောက်ကွယ်မှ အဓိကအားအင်ဖြစ်ပြီး သူ၏အသက်မွေးလမ်းကြောင်းအတွက် ကြီးမားသည့် ပမာဏများကိုလည်း ရင်းနှီးမြှုပ်နှံခဲ့သည်။ 


ထိုအချိန်တွင် သူမ၏အဖေက နိုင်ငံတွင် အချမ်းသာဆုံးအယောက်တစ်ရာတည်းမှတစ်ယောက်ဖြစ်ပြီး သာမန်ကျေးရွာလေမှ လူတစ်ယောက်နှင့်လက်ထပ်ခြင်းအား ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ ခြောက်လကြာ သူမအဖေ၏သဘောမတူညီမှုကို ကြံ့ကြံ့ခံခဲ့ပြီးနောက် နောက်ဆုံးတွင် ရွှီရင်းကျယ်နှင့် လက်ထပ်နိုင်ခဲ့သည်။ 


သို့သော်ငြား သူမ၏ရွေးချယ်မှုက မှန်ကန်ကြောင်းယုံကြည်ခဲ့သည်။ သူတို့ နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်ခဲ့ကြ၏။


ရွမ်ရှောင်ဟွေ့က ဗိုက်ကို ညင်သာစွာ ပွတ်လိုက်ပြီး ကျေနပ်စွာဖြင့် တောက်ပနေသောအပြုံးလေး လှစ်ဟလိုက်ည်။ 


……


မနက်စာစားပြီးနောက် ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ သတင်းစာအင်တာဗျူးအတွက် အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ 


နျန်ယွီယီကတော့ အနည်းငယ်စူးစမ်းချင်သေးသောကြောင့် သူတို့နှင့်လိုက်မသွားဘဲ စားသောက်သည့် နေရာတွင်သာ ထိုင်နေခဲ့သည်။ 


သိပ်မကြာခင်တွင် ဖန်ကျုံးချွမ်းရောက်လာကာ နျန်ယွီယီအနားတွင်ဝင်ထိုင်လိုက်သည်။ 


“စားပြီးသွားပြီလား” ကလေးဘဝမှာ ဖြစ်တည်လာသည့် အစားအစာများဖြုန်းတီးခြင်းကို မနှစ်သက်သောကြောင့် သစ်သီးပန်းကန်ကို အပြတ်ရှင်းနေသည့် နျန်ယွီယီ မော့ကြည့်လာသည်။ 


“အင်း…” ဖန်ကျုံးချွမ်း စိုးရိမ်မှုကြောင့် မျက်ခုံးများတွန့်ချိုးရင်း နျန်ယွီယီ၏ ဗိုက်ကို ညင်သာစွာထိကိုင်လိုက်သည်။ 


“ဗိုက်ပြည့်နေတဲ့ပုံပါပဲ…လျှော့စားလေ” 


နျန်ယွီယီ ဗိုက်ပြည့်နေသည်ကိုခံစားနေရသော်လည်း ကျန်ရှိနေသည့်သစ်သီးများကို နောင်တတကြီးဖြင့် ကြည့်လိုက်သည်။ 


တုံ့ဆိုင်းခြင်းမရှိဘဲ ဖန်ကျုံးချွမ်းက ကျန်ရှိနေသည့် သစ်သီးများကို စားလိုက်တော့သည်။ 


စားပြီးသွားသောအခါ ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ ဂုတ်ကို ချစ်ခင်စုံမက်စွာဖြင့် ဆိတ်လိုက်သည်။ “သွားကြမလား…လှည့်ပတ်ကြည့်ချင်တယ်ဆို” 


နျန်ယွီယီ၏မျက်လုံးများ တောက်ပသွားကာ အပြုံးများတောက်ပလာသည်။ “အင်း…သွားကြမယ်”


N&M ဟိုတယ်က ပဲရစ်၏ပျားပန်းခတ်သွားလာနေသည့် လမ်းများတစ်ခုပေါ်တွင်တည်ရှိကာ မြို့၏ အကြီးမားဆုံး ရှော့ပင်းမောလ်နှင့် သိပ်မဝေးချေ။ 


၎င်းက နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့ ဦးတည်နေသည့် နေရာပင်။ 


နိုင်ငံရပ်ခြားတွင် သူတို့ကိုမှတ်မိသွားမည်ကို မကြောက်ရွံ့ဘဲ သူတို့နှစ်ယောက်က လက်ချင်းတွဲ၍ ထိုခမ်းနားသည့်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ 


လှပသည့်နာရီများစွာကို ကြည့်ပြီး‌နောက် နျန်ယွီယီမှာ ရှဲ့ယီကျိုးနှင့် ရှဲ့ယီနန်တို့ကို လက်ဆောင်ပေးရန် နက္ခတ်စီးရီးထဲမှ နှစ်လုံးရွေးလိုက်သည်။ 


တစ်ဖက်တွင်တော့ ဖန်ကျုံးချွမ်းက နက်ခ်တိုင်နှစ်ခုဝယ်ကာ အိမ်ပြန်ရောက်လျှင် သူ့အတွင်းရေးမှူးကို ထိုနက်ခ်တိုင်များအား ရှဲ့ညီအစ်ကိုနှစ်ယောက်ထံသို့ ပို့ပေးခိုင်းရန် စီစဥ်လိုက်သည်။ 


တစ်ဆက်တည်းမှာပင် နျန်ယွီယီက ရှဲ့လို့နှင့်လင်းရီယွဲ့တို့အတွက်လည်း လက်‌ဆောင်များရွေးလိုက်သည်။ နောက်ဆုံးတွင် လက်ပတ်နာရီတစ်လုံးအား သူ၏ချစ်မြတ်နိုးရသည့်ကောင်လေးအတွက် ရွေးလိုက်၏။


လူငါးယောက်အတွက်လက်ဆောင်များဖြစ်ပြီး လူတိုင်းချစ်ခြင်းမေတ္တာများ အပြည့်အဝရကြလေသည်။ 


သူတို့၏အတွင်းရေးမှူးက ခပ်လှမ်းလှမ်းမှ ပိရိစွာဖြင့် လိုက်လာကာ သူတို့ဆိုင်ထဲမှထွက်လာချိန်တွင် ဝယ်ယူလာသည့်ပစ္စည်းများကို ကူသယ်ပေးရန် အရှေ့သို့ ရောက်လာလေသည်။ 


တစ်မနက်လုံးအား ဈေးဝယ်ထွက်ခြင်းဖြင့် ကုန်ဆုံးပြီးနောက် နျန်ယွီယီပင်ပန်းသွားကာ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်ခွံများကျဆင်းနေသည်။ 


စိတ်ပူပြီးသနားသောကြောင့် ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ကိုယ်ကိုပွေ့ဖက်လိုက်ပြီး အနားယူရန် ဟိုတယ်သို့ ပြန်လာလိုက်သည်။ 


သို့သော် ဟိုတယ်ဝင်ပေါက်သို့ ရောက်‌သောအခါ အပြင်ထွက်လာသည့် ရှဲ့ယီကျိုး၊ရှဲ့ယီနန်တို့နှင့် တွေ့လေသည်။ 


အိုး...တိုက်ဆိုင်လိုက်တာ...။


နျန်ယွီယီသည် ဖန်ကျုံးချွမ်းအနောက်တွင် ပုန်းနေလိုက်ကာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ “သူငါ့ကိုမမြင်ရဘူး...သူငါ့ကိုမမြင်ရဘူး”


ဖန်ကျုံးချွမ်း၏ နျန်ယွီယီအပေါ် မေတ္တာများကို ရှဲ့ယီနန်သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဒီလောက်အထိ မြန်မြန်ကြီး တွဲသွားလိမ့်မည်ဟုထင်မထားခဲ့ချေ။ 


နျန်ယွီယီ၏အမူအရာများကို အကဲဖြတ်ကြည့်လျှင် သူတို့တွဲနေသည်မှာ တစ်ရက်နှစ်ရက်ထက် ပိုနေလောက်သည်။ 


သူ၏ပုံမှန်အပြုံးကိုစွန့်ပစ်၍ ရှဲ့ယီနန်သည် ဖန်ကျုံးချွမ်းအား ရှားပါးသည့်ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ကြည့်လာလေသည်။ 


သူကြည့်လေ၊ တစ်ခုခုမှားနေကြောင်း ရှဲ့ယီနန်ခံစားရလေဖြစ်သည်။ 


ရှဲ့ယီကျိုးက သူ့ဘေးတွင်ရှိနေကာ ထိုမြင်ကွင်းကို ဒေါသမထွက်ဘဲရှိနေလေသည်။ 


ရှဲ့ယီနန်သည် ရှဲ့ယီကျိုးကိုလှည့်ကြည့်လိုက်၏။ “တစ်လျှောက်လုံးသိနေခဲ့တာလား”


ရှဲ့ယီကျိုးက တိတ်ဆိတ်နေကာ နျန်ယွီယီအား ဖန်ကျုံးချွမ်းအနောက်မှ သူ့ထံသို့ ဆွဲယူလိုက်သည်။ 


“မင်းအရင်တက်နှင့်” 


နျန်ယွီယီက ဟိုတယ်အဝင်ဝတွင် သူ့အစ်ကိုတို့ရန်ဖြစ်မည်ကိုစိုးသောကြောင့် ရှဲ့ယီကျိုးအား စိုးရိမ်တကြီးဖြင့်ကြည့်လိုက်သည်။


ရှဲ့ယီနန်နှင့်ရှဲ့ယီကျိုးတို့ကြားမှ နှစ်ပေါင်းများစွာ ညီအစ်ကိုချင်းနားလည်မှုမှာ ဝင်ရောက်လာသည်။ သူက နျန်ယွီယီအား ဟိုတယ်ထဲသို့ ခေါ်သွားရင်း ပြောလိုက်သည်။


 “အမေက အပေါ်ထပ်မှာ မင်းအကြောင်းပြောနေတယ်...သူမကို သွားပြီးအဖော်ပြု‌ပေးလိုက်”


နျန်ယွီယီအား လင်းရီယွဲ့၏အခန်းထဲသို့ ပို့ပြီးနောက် ရှဲ့ယီနန်ထွက်လာခဲ့သည်။ 


နျန်ယွီယီက ဖြေးညင်းစွာဖြင့် လင်းရီယွဲ့ဆီသို့ ‌ရွှေ့လာကာ သူ့ကောင်လေးထံသို့ စိတ်ထဲမှနေ ဝမ်းနည်းမှုများ ပို့လွှတ်လိုက်သည်။ 


......


ဟိုတယ်ဝင်ပေါက်တွင် ရှဲ့ယီကျိုးက သူ၏မကျေနပ်သည့်အကြည့်ကိုပြန်ရုတ်သိမ်းကာ အကြံပြုလိုက်သည်။ “တစ်နေရာရာမှာသွားပြောရအောင်”


ဖန်ကျုံးချွမ်းက ဟမ်ခနဲအသံပြု၍ သဘောတူကြောင်းပြလိုက်သည်။ 


ထိုအချိန်တွင် ရှဲ့ယီနန်ပြန်ရောက်လာပြီး သုံးယောက်သား ဒုတိယထပ်ရှိစားသောက်ဆိုင်၏ ထောင့်တစ်နေရာသို့ သွားလိုက်သည်။ 


“နျန်နျန်နဲ့တွဲတာဘယ်လောက်ကြာနေပြီလဲ” ထိုင်ပြီးသည်နှင့် ရှဲ့ယီနန်သည်ချက်ချင်း မေးခွန်းထုတ်လိုက်သည်။ 


“ရက်သတ္တပတ်နည်းနည်းရှိသွားပါပြီ” ဖန်ကျုံးချွမ်းက မလှုပ်မယှက်ဖြင့်တုံ့ပြန်ကာ ဝီစကီပင် မှာလိုက်သေး၏။


“ဘယ်သူအရင်ဖွင့်ပြောတာလဲ”


“ကျွန်တော်ပါ”


“အဲ့ဒါနဲ့တွဲလိုက်ကြရောလား” 


ဖန်ကျုံးချွမ်းက စိတ်ဝင်စားသွား၍ မျက်ခုံးပင့်လိုက်သည်။ “ကျွန်တော်တို့ မတွဲသင့်တဲ့ အကြောင်းအရင်းများရှိလို့လား” 


ရှဲ့ယီကျိုး : “...”


ရှဲ့ယီကျိုးက သူ၏ဒေါသထွက်လာနေသည့်အစ်ကိုကိုထိန်းကာ သက်ပြင်းချ၍ နျန်ယွီယီ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအကြောင်း လေးလေးနက်နက် စတင်ဆွေးနွေးလိုက်သည်။


......


ရှဲ့ယီနန်က နျန်ယွီယီအား သူမထံသို့ အလျင်အမြန်လာရောက်ပို့သည်ကို လင်းရီယွဲ့မြင်သောအခါ နွေးထွေးစွာ ဆီးကြိုလိုက်သည်။ ထို့နောက် သူမဘေးတွင်ထိုင်နေသော နျန်ယွီယီ၏စိတ်အနှောင့်အယှက်ဖြစ်နေသည့် အမူအရာများကို တွေ့လိုက်ရသည်။ 


သူမနားလည်လိုက်၏။ 


“ဖန်ကျုံးချွမ်းကိုစိတ်ပူနေတာလား” လင်းရီယွဲ့မေးလိုက်သည်။ 


နျန်ယွီယီ လင်းရီယွဲ့က အခြေအနေကိုမည်သို့သိနေကြောင်း နားမလည်နိုင်စွာဘဲ တအံ့တဩဖြင့် မော့ကြည့်လာသည်။ 


“ဖန်ကျုံးချွမ်း မင်းကိုကြည့်တဲ့အကြည့်တွေက မင်းအဖေ မေမေ့ကိုကြည့်တဲ့ပုံနဲ့ တစ်ထပ်တည်းပဲ...” လင်းရီယွဲ့က အပြုံးလေးနှင့် ပြောလာသည်။


 “မင်းတို့နှစ်‌ယောက် အတူရှိတဲ့အချိန်ဆို ပိုတောင်သိသာသေးတယ်”  


နျန်ယွီယီက ဖြေးညင်းစွာနှင့် ခေါင်းကိုငုံ့လိုက်ကာ သူတို့၏ဆက်ဆံရေးက သူဖုံးကွယ်ထားသလို ဖြစ်မနေကြောင်း သဘောပေါက်လိုက်သည်။ 


အထီးကျန်နေလို့ ဖုံးကွယ်ထားတာက သိသာသွားတာလား...။


လင်းရီယွဲ့က မြိုသိပ်ထားသည့်အမူအရာဖြင့် ခေါင်းခါလိုက်ပြီး အကြောင်းအရာပြောင်း၍ ဤဖက်ရှင်ရှိုးသွားလာကြမည့် အခြားမိသားစုများနှင့် အနုပညာရှင်များအကြောင်း ပြောလိုက်သည်။ 


ထင်မှတ်ထားသည့်အတိုင်း နျန်ယွီယီ၏အာရုံပြောင်းသွားကာ လင်းရီယွဲ့၏ အထက်တန်းလွှာများကြားမှ အတင်းအဖျင်းများကို သေချာနားထောင်နေလိုက်သည်။  


လင်းရီယွဲ့၏ စိတ်အားထက်သန်နေသည့် အပြုအမူများကိုကြည့်ရင်း သူ၏အတင်းပြောတတ်သည့်အကျင့်မှာ မည်သည်မှဆင်းသက်လာကြောင်း နျန်ယွီယီသိသွားသည်။ 


အထက်တန်းလွှာမိသားစုများနှင့် အနုပညာရှင်များ၏ အတင်းအဖျင်းများကို ဆွေးနွေးပြီးနောက် တံခါးပွင့်လာသည်။ 


အတင်းအဖျင်းများကြောင့် မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည့် နျန်ယွီယီသည် မော့ကြည့်လိုက်ရာ လျှောက်ဝင်လာသည့် ဖန်ကျုံးချွမ်း၏အကြည့်များနှင့် ဆုံသွားသည်။ 


နျန်ယွီယီ : “???”


“ဘာလို့အတူရောက်လာတာလဲ” အံ့ဩစိတ်များနှင့် စိတ်လှုပ်ရှားမှုများက နျန်ယွီယီ၏မျက်နှာတွင် ထင်ဟပ်လာကာ သူ့ခံစားချက်များကိုပင် မရေမရာဖြစ်သွားရသည်။ 


“စကားပြောခဲ့တယ်” ဖုံးကွယ်ထားစရာအကြောင်းမရှိတော့သောကြောင့် ဖန်ကျုံးချွမ်းက ရှဲ့ညီအစ်ကိုနှစ်ယောက်အရှေ့တွင် ထိန်းသိမ်းမနေတော့ဘဲ ထိုင်ပြီးနောက် နျန်ယွီယီအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


ရှဲ့ယီကျိုးက ဖန်ကျုံးချွမ်း၏လှုပ်ရှားမှုများကိုကြည့်ကာ အံကြိတ်၍ နျန်ယွီယီ သူ့အားတွန်းထုတ်မည်ကို စောင့်နေလိုက်သည်။ 


ထိုအစား နျန်ယွီယီက ဖန်ကျုံးချွမ်း၏လည်ပင်းကို ဖက်တွယ်လိုက်ကာ သူ့နားသို့ တစ်ခုခုတီးတိုးပြောနေသည်ကို မြင်လိုက်ရသည်။ 


တကယ်တမ်းတွင်......


နျန်ယွီယီက ဖန်ကျုံးချွမ်းအား တစ်ခုခုပူးကပ်နေလားဟု တိတ်တဆိတ်‌မေးနေတာဖြစ်သည်။ 


“အစ်ကိုတို့ရန်မဖြစ်ခဲ့ဘူးမလား”


“အိမ်ရောက်ရင် အင်္ကျီချွတ်ပြ...အဲ့ဒါမှကျွန်တော်သေချာစစ်လို့ရမှာ”


“အစ်ကိုကြီးနဲ့ဒုတိယအစ်ကိုတို့က အစ်ကို့ကိုမရိုက်ဘူးမလား”


နျန်ယွီယီ၏ ဝင်သက်ထွက်သက်က စကားပြောလိုက်တိုင်း ဖန်ကျုံးချွမ်း၏နားကို ရိုက်ခတ်နေကာ သူ့ကို ယားကျိကျိဖြစ်စေသည်။ သို့သော် လင်းရီယွဲ့ရှိနေသောကြောင့် နျန်ယွီယီကိုအုပ်မိုး၍ နမ်းချင်သည့် စိတ်များကို ထိန်းထားရသည်။ 


“အဆင်ပြေပါတယ်”


“ပြန်ရောက်ရင်ပြမယ်”


ရှဲ့ယီကျိုး ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်းနှစ်ချက်ဟန့်လိုက်၏။


ထိုအခါမှသာ သူ့အနားတွင် သူ့အစ်ကိုနှင့်အမေတို့ရှိနေမှန်း နျန်ယွီယီသတိရသွားသောကြောင့် ဖန်ကျုံးချွမ်းဆီမှ ခွာလိုက်သည်။ 


“ကိုယ့်မှာလက်ဆောင်ပါလာတယ်” ဖန်ကျုံးချွမ်းစကားပြောပြီးသည်နှင့် အပြင်ဘက်မှ တံခါးဘဲလ်သံ မြည်လာသည်။ 


၎င်းမှာ သူတို့စောစောကဝယ်ထားသည့် ပစ္စည်းများကိုယူလာပေးသည့် အတွင်းရေးမှူးဖြစ်လိမ့်မည်ဟု နျန်ယွီယီခန့်မှန်းလိုက်သောကြောင့် တံခါးသွားဖွင့်လိုက်သည်။ 


ထို့နောက် သူတို့အရှေ့တွင် ခုနစ်ခု၊ရှစ်ခုသော ရှော့ပင်းအိတ်များကိုချလိုက်သည်။ 


ရှဲ့ယီကျိုးက ချက်ချင်း သူ့အရှေ့သို့ရောက်လာသည့် နာရီကိုချက်ချင်းကြည့်ကာ စတင်၍ အပြစ်အနာအဆာကြည့်လိုက်သည်။ 


“ဒီစတိုင်က ငါဝတ်နေကျ ပုံစံမဟုတ်ဘူး”


ရှဲ့ယီကျိုး စကားဆုံးသွားသည်နှင့် နျန်ယွီယီ အံ့အားသင့်စွာ အော်လိုက်မိသည်။ 


“မကြိုက်ဘူးလား...ဒုတိယအစ်ကို” နျန်ယွီယီက ရှဲ့ယီကျိုးအား သနားကမားလေးဖြင့် ကြည့်လိုက်သည်။ “ဒါဆို မနက်ဖြန်ကျရင် အသစ်တစ်လုံးလိုက်ဝယ်ပေးမယ်လေ”


ရှဲ့ယီကျိုးက နျန်ယွီယီ၏စကားများကို ကြားပြီးနောက် ချက်ချင်းခန္ဓာကိုယ်မတ်သွားသည်။ 


“ဒါနျန်နျန်ဝယ်တာလား” ရှဲ့ယီကျိုးက လည်သာဘူးလေးကို ယူ၍မေးလိုက်သည်။ “ထင်ထားတဲ့အတိုင်း နျန်နျန်က ဒုတိယအစ်ကိုရဲ့ အကြိုက်ကိုသိတာပဲ...အရင်တစ်ခုနဲ့မတူတာကို ဝယ်လာပေးတယ်...နျန်နျန်က သိပ်တွေးတတ်တာပဲ” 


“ပြီးတော့ သည်နက်ခ်တိုင်က...”


“ဒါက ကျွန်တော်ပေးတာပါ” ဖန်ကျုံးချွမ်းက အပြုံးလေးနှင့်ပြောကာ ရှဲ့ယီကျိုး၏အပြုအမူကို ကြည့်နေလိုက်သည်။ 


“အရောင်တောက်လွန်းတယ်...ငါ့အကြိုက်မဟုတ်ဘူး”


နျန်ယွီယီ : “...”


သူအခုသိသွားရသည်က သူ့ဒုတိယအစ်ကိုမှာ တစ်ဖက်သတ်ဆန်နေခြင်းပင်။ 


သို့သော် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရသော သူ၏အပြစ်ကင်းသည့် ကောင်‌လေးအတွက်တော့ စိတ်မကောင်းဖြစ်မိသည်။ 


****


စာရေးသူမှာပြောစရာရှိပါတယ်...


နျန်နျန်ဝယ်လာသောပစ္စည်းများ : ဒုတိယအစ်ကိုမှအမြဲချီးကျူး


ဖန်ကျုံးချွမ်းဝယ်လာသောပစ္စည်းများ : ဒါကဘယ်လိုအမှိုက်မျိုးလဲ...။



🫶