🫶Chapter 16
“ ကတ်…”
အချက်ပြသံနှင့်အတူ ကျန်းရွှယ်ယုံ စက်ပစ္စည်းများအနောက်မှထွက်လာကာ ပြောလိုက်သည် “ လာ နျန်.. ဒီလိုပြင်းထန်တဲ့အခန်းပြီးတော့ ငါမင်းကိုစာအိတ်နီပေးရမှာပေါ့…”
သရုပ်ဆောင်များ သူတို့၏အခန်းပြီးစီးချိန်တွင် စာအိတ်နီလေးများရရှိခြင်းမှာ ရိုးရာဖြစ်ပြီး ပါဝင်သည့်ပမာဏထက် သူတို့၏ဇာတ်ကောင်မှ မကောင်းသောအရာများကို ဖယ်ရှားပေးမည့်နည်းလမ်းတစ်ခုဟု ဆိုနိုင်ပေသည်။
နျန်ယွီယီ မလှုပ်လာခဲ့ချေ။ သို့သော် ဤသည်မှာ သူ၏ရွေးချယ်မှုကြောင့်မဟုတ်ဘဲ ရှဲ့ယီကျိုးမှ သူ့ကိုအလွန်တင်းတင်းဖက်ထားသောကြောင့်ဖြစ်သည်။
“ အစ်ကိုရှဲ့…” သူ၏လက်မောင်းကို ရှဲ့ယီကျိုးတင်းကြပ်စွာဆုပ်ကိုင်ထားသောကြောင့် နျန်ယွီယီ နာသွားရပြီး မျက်နှာပျက်သွားကာ အမြန်အော်ခေါ်လိုက်မိသည်။
ရှဲ့ယီကျိုးမှာမူ သူ၏ဇာတ်ကောင်ထဲမှ ထွက်မလာနိုင်သေးချေ။ သူ့မသိစိတ်မှ ဤသည်မှာသရုပ်ဆောင်ခြင်းမျှသာဖြစ်ကြောင်း သိနေသည့်တိုင် နျန်ယွီယီကိုသွေးများလွှမ်းနေပုံနှင့် မြင်တွေ့ရခြင်းမှာ သူ၏နှလုံးသားကို ပြင်းထန်စွာနာကျင်စေခဲ့သည်။
ထို့ကြောင့် သူနျန်ယွီယီကိုဖက်ထားချိန်၌ ရှဲ့ယီကျိုး ချိန်ရွှမ်ဇာတ်ကောင်တွင် လုံးလုံးလျားလျားနစ်မြုပ်သွားရပြီး တင်းကြပ်စွာဖက်ထားကာ လွှတ်ပေးရန်စိုးရွံ့နေခြင်းဖြစ်သည်။
အကယ်၍သာ သူလက်လွှတ်လိုက်ပါက ချိန်ရွှမ်ကဲ့သို့ ရုန်ရှီကိုထာဝရဆုံးရှုံးသွားရမည့်အပေါ် သူကြောက်နေမိသည်။
“ ပြီးသွားပါပြီ…” နျန်ယွီယီ သူ၏ဇာတ်ကောင်ထဲတွင် နစ်ဝင်နေသေးပုံရသော ရှဲ့ယီကျိုးကိုအသိပေးလိုက်သည် “ ကျွန်တော့်အခန်းတွေရိုက်ပြီးသွားပြီလေ..”
နျန်ယွီယီ၏စကားကြောင့် ရှဲ့ယီကျိုး တဖြည်းဖြည်းလက်တွေ့သို့ပြန်ရောက်လာကာ ပြန်လည်ချိန်ညှိနိုင်ရန်အတွက် အချိန်အနည်းငယ်ယူလိုက်ရသည်။
ရှဲ့ယီကျိုး နျန်ယွီယီကိုချကာ ယောင်ယောင်ဆီသွား၍ သူမထံမှဖုန်းကိုယူလိုက်သည် “ မင်း အခန်းတွေပြီးသွားတာအတွက် ငါမင်းကိုစာအိတ်နီပို့ပေးပါရစေဦး…”
“ အစ်ကိုကျိုး ကျွန်တော့်ကိုဖုန်းလေးပေးပါဦး…” ပိုက်ဆံချစ်သူလေးနျန်ယွီယီမှာ ကျိုးအာ့ဟယ်ထံ အပြေးသွားလိုက်ပြီး စာအိတ်နီကောက်ရန်အတွက် ဖုန်းတွင် အကောင့်ဝင်ရောက်လိုက်သည်။
ဒါရိုက်တာကြီး၏ ၆၆၆ယွမ်စာအိတ်နီမှလွဲ၍ အများစုမှာ အသေးအမွှားများသာဖြစ်သည်။
သို့တိုင်အောင် နျန်ယွီယီပျော်ရွှင်စိတ်လှုပ်ရှားမိနေဆဲပင်။
အချက်ပေးသံနှစ်ခုထပ်ဝင်လာသောကြောင့် နျန်ယွီယီ စကားဝိုင်းကိုပြန်လည်ဖွင့်လိုက်ရာ ရှဲ့ယီကျိုးထံမှစာများမှာ ထိပ်ဆုံးသို့ခုန်တက်သွားခဲ့သည်။
နျန်ယွီယီ ဖွင့်ကြည့်လိုက်ချိန်၌ ငွေလွှဲထားသောစာအိတ်နီသုံးခုကို မြင်တွေ့လိုက်ရလေသည်။
၆၆၆၆ယွမ်၊ ၈၈၈၈ယွမ် ၊ ၉၉၉၉ယွမ်…
အတွေးတစ်ခုမှ နျန်ယွီယီကိုရိုက်ခတ်လာသည်။
ထိပ်သီးအနုပညာရှင်တွေကပဲ သည်လိုမျိုးပို့နိုင်မှာ….
ဘေးတွင်ရပ်နေသည့်ကျိုးအာ့ဟယ်က နျန်ယွီယီကို ပွစိပွစိမလုပ်ဘဲ စာအိတ်နီများကို သည်အတိုင်းလက်ခံရန် သတိပေးလာခဲ့သည်။
လွှဲငွေကိုလက်မခံခင် ခဏမျှတုန့်ဆိုင်းနေမိသောနျန်ယွီယီမှာ ကလေးဘဝတုန်းက လူကြီးများထံမှ စာအိတ်နီများလက်မခံခင် အမေခေါင်းညိတ်မှုကို စောင့်နေခဲ့ရပုံကို ပြန်လည်သတိရသွားသည်။
ခဏလေး… သူက အမေမဟုတ်တာ အသေချာကြီးဟာကို…
နျန်ယွီယီ၏နောက်ဆုံးအခန်းအပြီးတွင် ဒါရိုက်တာကျန်းရွှယ်ယုံမှ အလိုက်သိစွာဖြင့် နေ့တစ်ဝက်နားချိန်ပေးလိုက်ကာ နျန်ယွီယီ၏နှုတ်ဆက်ပါတီလုပ်ခွင့်ပြုလိုက်သည်။
ကျိုးအာ့ဟယ်မှာမူ အမျှော်အမြင်ရှိစွာ လူတိုင်းအတွက် နှုတ်ဆက်လက်ဆောင်များ ပြင်ဆင်ထားပေးခဲ့သည်။
၎င်းတို့တွင် နူးညံ့ပျော့ပြောင်းသော အဖြူရောင်ယုန်ခေါင်းအုံးတစ်လုံးနှင့် နိုင်ငံခြားတန်ဖိုးကြီးရေမွှေးတစ်ပုလင်းမှာ ခြွင်းချက်အနေဖြင့် ပါဝင်နေခဲ့သည်။
ထိုအရာများကို နျန်ယွီယီ ကိုယ်တိုင်ရွေးချယ်ထားခြင်းဖြစ်သည်။
ယောင်ယောင် ရေမွှေးပုလင်းကိုရလိုက်ချိန်၌ လွန်စွာထိရှသွားရသော်လည်း ခဏအကြာတွင် နျန်ယွီယီက နူးညံ့ကြီးမားသောယုန်ရုပ်ကြီးကို ရှဲ့ယီကျိုး၏လက်ထဲထည့်ပေးနေသည်ကို မြင်လိုက်ရသည်။
အရုပ်အိအိလေးနှင့်အတူ ရှဲ့ယီကျိုး၏တောင့်တင်းနေသောမေးရိုးကို မြင်တွေ့လိုက်ရသောကြောင့် ယောင်ယောင်မှာ ရယ်ချင်စိတ်ကို အတင်းထိန်းထားလိုက်ရလေသည်။
“ အစ်ကိုရှဲ့… ကျွန်တော်သွားရင် ကောင်းကောင်းအိပ်ရမယ်နော်…” နျန်ယွီယီ ယုန်ဖြူရုပ်ကိုပုတ်ပြလိုက်သည်
“ ကျွန်တော်ဘယ်လိုနေလဲဆိုတာ စမ်းကြည့်ပြီးသွားပြီ… ဒီဟာကအရမ်းအိတယ်… အိပ်ရာထဲမှာဖက်ထားရတာကို အစ်ကိုသဘောကျလောက်မှာပါ …”
“ အင်း…” ရှဲ့ယီကျိုး သူ၏ပုံမှန်ပုံစံနှင့် ကွဲထွက်နေသော အရုပ်ကိုကိုင်ကာပြောလိုက်ပြီး သူ၏မျက်နှာအမူအရာမှာမူ မပြောင်းလဲသွားပေ “ ကောင်းကောင်းစား အစားရွေးမနေနဲ့…”
လက်ဆောင်များပေးပြီးကြသည်နှင့် သူတို့အဖွဲ့မှာ ဂိမ်းဆော့ကြခြင်းဖြင့် အချိန်ကုန်ဆုံးသွားစေလိုက်သည်။
“ တကယ်လို့ ဒီနေရာကသာ ပါဆယ်ဝယ်စားလို့မရနိုင်တဲ့ ဆင်ခြေဖုံးနေရာလေးမဟုတ်ခဲ့ရင် ငါတော့ သည်မှာထိုင်ပြီး ဝမ်ကျစ်ရုန်ယောက်(Honor of Kings) ဆော့နေမယ့်အစား စားပွဲကြီးမှာချလိုက်မှာ…” ကျိုးအာ့ဟယ်မှ နျန်ယွီယီ၏ဖိတ်ခေါ်မှုကိုလက်ခံကာ ဂိမ်းထဲဝင်လိုက်စဉ် ငြီးငြူနေခဲ့သည်။
“ ကျွန်တော့်ကိုဖိတ်ပေးလို့ ကျေးဇူးပါ အစ်ကိုရှဲ့… ဝါးး အစ်ကိုက တကယ့်အောင်နိုင်မှုရဲ့ဘုရင်ပဲ…” နျန်ယွီယီ ရှဲ့ယီကျိုး၏ ထာဝရစိန်အဆင့်ကိုကြည့်ကာ မနာလိုစွာ ထအော်လိုက်မိသည်။
သူမတတ်နိုင်သော်လည်း ၎င်းကိုလေးစားမိသည်။ ထိုသူမှာ တကယ့်ကို ထာဝရစိန်အဆင့်နှင့် ထိုက်တန်လှ၏။
သူ့အတွက်မှာမူ ဂိမ်းဆော့သည်မှာ အချိန်အတန်ကြာပြီဖြစ်သော်လည်း စိန်အဆင့်တွင်သာ တစ်နေခဲ့ပြီး ထာဝရဆိုသည်ကို အမှန်တကယ်ပင် လက်လျော့ခဲ့ပြီးဖြစ်သည်။
ယောင်ယောင်မှာမူ ထိုဂိမ်းကို ယခင်ကမဆော့ဖူးပေ။ သူမ လီယာနာထံမှ ဖုန်းဝင်လာချိန်၌ အပြင်သို့ထွက်ကာ ဖုန်းပြောနေခဲ့သည်။
ဂိမ်းစတင်ချိန်တွင် ရှဲ့ယီကျိုး လီပိုင် ကိုင်လိုက်သည်ကို မြင်သည်နှင့် နျန်ယွီယီ ချက်ချင်းဆိုသလို ရှောင်လုပန်ကို တုန့်ဆိုင်းနေခြင်းမရှိဘဲ ကိုင်ချလိုက်သည်။
“ မင်း ဟီးရိုးကိုလဲလိုက်လို့ရလား…” ကျိုးအာ့ဟယ် ပူပန်နေမှုကြောင့် ခေါင်းကုတ်လိုက်မိသည် “ ငါကိုင်ထားတဲ့ အကူဟီးရိုးတွေနဲ့ဆိုရင် ဘယ်ကောင်ကမှ လုပန်ကိုကာပေးနိုင်မှာမဟုတ်ဘူး… အားလုံးကမင်းဆီကိုပဲ ထိုးဆင်းလာကြမှာ…”
“ ရတယ် ငါလည်းအဆင်ပြေသလိုဆော့မှာ…” ရှဲ့ယီကျိုးမှ သူ့ဟီးရိုး၏ပစ္စည်းများကို ချိန်ညှိနေစဉ် ပြောလာသည် “ ငါသူ့ကိုလုံခြုံအောင်ထားလိုက်မယ်…”
နျန်ယွီယီ ကျိုးအာ့ဟယ်ကို ပြုံးကာ စနောက်လိုက်သည်။
ပထမဆုံးသုံးမိနစ်အတွင်းမှာပင် တစ်ဖက် တောတွင်းဟီးရိုးနှင့် အလယ်လမ်းသမားတို့မှာ အဖွဲ့ဖွဲ့ကာ အောက်ဆုံးလမ်းသို့ဆင်းလာပြီး နျန်ယွီယီ၏ရှောင်လုပန်မှာ ကစားသမားလေးဦးဖြင့် ပိတ်ဆို့ထားခြင်းကို ခံလိုက်ရသည်။
လီပိုင်ခြုံထဲမှ ခုန်ထွက်လာကာ အဓိကစကေးကိုသုံးလိုက်ချိန်၌ နျန်ယွီယီ တည်တည်ငြိမ်ငြိမ်ဖြင့် သူ၏ဟီးရိုးကိုပြန်ဆွဲခေါ်လိုက်ပြီး ကျိုးအာ့ဟယ်၏ကာကွယ်မှုအောက်တွင် အရှေ့သို့တိုးကာ လူအုပ်ထဲသို့ အမြန်ပစ်ချလိုက်သည်။
ပထမဆုံးသတ်ဖြတ်ခြင်း
နှစ်ခါဆက်တိုက်သတ်ဖြတ်ခြင်း
သုံးခါဆက်တိုက်သတ်ဖြတ်ခြင်း
လေးခါဆက်တိုက်သတ်ဖြတ်ခြင်း
သူ၏ခါးပတ်အောက်တွင် လေးကောင်သတ်လိုက်ရသောကြောင့် နျန်ယွီယီ ပျော်ပျော်ရွှင်ရွှင်ကြီး အိမ်သို့ပြန်သွားလိုက်လေသည်။
အပေါ်လမ်းတွင်မူ လီရှင်းမှာ ရှဟူသွမ့်နှင့် မျက်နှာခြင်းဆိုင်တိုက်ခိုက်နေသည်။
“ မင်းတော့ လေးကောင်သတ်နိုင်ခဲ့တာကို တစ်သက်လုံးကြွားလို့ရပြီပဲ…” နျန်ယွီယီအတွက် ထိခိုက်မှုအများအပြားခံပေးထားရသော ကျိုးအာ့ဟယ်မှ သူ၏ဘေးတွင်အိမ်သို့ပြန်နေစဉ် လှမ်းပြောလိုက်သည်။
“ ဟီးဟီး…”
ပြီးနောက်တွင်တော့ ရန်သူ့ဖက်မှ တောတွင်းဟီးရိုး စွန်းဝူခုံးမှာ နျန်ယွီယီအပေါ် အငြိုးထားနေပုံရပြီး အောက်လမ်းတွင် ရန်သူ့အလယ်လမ်းသမားနှင့် ထပ်ခါတလဲလဲ နျန်ယွီယီကို ခြုံခိုတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်းလိုပင် ရှဲ့ယီကျိုး၏အချိန်မီရောက်လာခြင်းနှင့် ကျိုးအာ့ဟယ် တည်ရှိနေခြင်းတို့ကြောင့် တန်ပြန်သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ကြရလေသည်။
ရှစ်မိနစ်ကုန်လွန်ပြီးနောက် နဂါးတွင်းတွင်…
နျန်ယွီယီ ကျန်းဖေးနှင့်လီပိုင်တို့နောက်လိုက်ကာ အလယ်လမ်းသမားနှင့်အတူ ရန်သူ့အဖွဲ့မှ ကစားသမားလေးဦးကို သူတို့ရှင်းပစ်နိုင်ခဲ့သည်။
အပေါ်လမ်းတွင်မူ လီရှင်းမှာ ရှဟူသွမ့်နှင့် အပြန်အလှန်တိုက်ခိုက်နေဆဲပင်။
တစ်ဆယ့်လေးမိနစ်ကြာသွားပြီးနောက် နျန်ယွီယီ ကျန်းဖေးနှင့်အတူ အလစ်တိုက်ကာ ရန်သူ့တောတွင်းဟီးရိုး စွန်းဝူခုံးထံမှ သေလုဆဲဆဲအနီရောင် buff ကိုခိုးယူနိုင်လိုက်သည်။
လီရှင်းမှာမူ အပေါ်လမ်း၏ထိပ်ဆုံးတာဝါကိုဖြိုချကာ ဆက်လက်၍ အနိုင်ယူထားနိုင်ခဲ့သော်လည်း ရှဟူသွမ့်၏ ဒုတိယတာဝါအားကိုးဖြင့် တန်ပြန်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
တစ်ဆယ့်ခြောက်မိနစ်ကြာပြီးချိန်၌ နျန်ယွီယီ အလယ်ခံတပ်ကို ဖျက်ဆီးလိုက်ပြီး ပလ္လင်ဆီသို့ဦးတည်လိုက်သည်။
ရန်သူ့ဖက်မှစွန်းဝူခုံးမှာ ဆက်လက်ထိန်းမထားနိုင်တော့ဘဲ သူ့အဖွဲ့မှ ရှဟူသွမ့်ကိုအပြစ်တင်ရန် စာပို့လိုက်မိလေသည်။
[ အားလုံးရဲ့စကားဝိုင်း ] စွန်းဝူခုံး : ရှဟူသွမ့် ကန်းနေလား အိမ်ပြန်လေ
စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှဟူသွမ့်မှ စွန်းဝူခုံးကိုစာပြန်လာသည်။
[ အားလုံးရဲ့စကားဝိုင်း ] ရှဟူသွမ့် : အဲ့ဟာကအိမ်မှမဟုတ်တာ… မိဘမဲ့ဂေဟာလေ
“ ဟားဟားဟားဟား…” နျန်ယွီယီ ရယ်ရလွန်းသောကြောင့် ဂိမ်းမှသလင်းကျောက်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဗိုက်ကိုကိုင်ကာ အော်ရယ်နေမိသည်။
“ အဲ့သည့်ရှဟူသွမ့်က အရမ်းရယ်ရတာပဲ..” ကျိုးအာ့ဟယ်သည်လည်း ပုခုံးများတသိမ့်သိမ့်တုန်ကာ သလင်းကျောက်ကို ဆက်လက်တိုက်ခိုက်နေစဉ်အတွင်း ရယ်မောနေခဲ့သည်။
နောက်တစ်နေ့တွင် နျန်ယွီယီ တောင်ပေါ်မှဆင်းကာ ဟိုင်မြို့စီသို့ နေ့ခင်းလေယာဉ်လက်မှတ်ဖြတ်၍ ပြန်လာခဲ့သည်။
လေယာဉ်ပေါ်မှဆင်းပြီးသည်နှင့် နျန်ယွီယီ အကြောဆန့်ကာ ပြောလိုက်လေသည် “ နေ့လယ်စာအရင်စားရအောင် ကျွန်တော်ဗိုက်ဆာနေပြီ…”
“ ကောင်းပြီ ငါကားငှားလိုက်မယ်…” ကျိုးအာ့ဟယ် ဖုန်းအပ်ပလီကေးရှင်းမှ ကားငှားရန်ကြိုးပမ်းလိုက်သည် “ အခုထိ တန်းစီနေတုန်းပဲ…ကြည့်ရတာ ငါတို့တော့ငှားမရဘူးထင်တယ်…”
“ အဆင်မပြေလိုက်တာ ဒါရိုက်တာကြီးသာ ကျွန်တော်တို့အတွက် လက်မှတ်ဖြတ်ထားပြီးတာမဟုတ်ခဲ့ရင် အမြန်ရထားနဲ့ပဲပြန်လိုက်တော့မှာ…” နျန်ယွီယီ ဤမျှခရီးတိုလေးကို လေယာဉ်နှင့်ပြန်ရသည်မှာ ထူးဆန်းနေသောကြောင့် မှတ်ချက်ချမိလိုက်သည်။
ပျံသန်းချိန်မှာတိုတောင်းသော်လည်း လေယာဉ်ပေါ်တက်ရန်၊ ဆင်းရန် နှင့် ခရီးသည်တင်အိတ်များပြန်လည်ထုတ်ယူရန်အတွင် တန်းစီစောင့်ဆိုင်းရခြင်းများ ပါဝင်နေခဲ့သည်။
အိမ်သို့ရောက်သည်နှင့် နျန်ယွီယီ ပါဆယ်သာဝယ်စားလိုက်ရလေသည်။
စားနေစဉ်တစ်ဝက်ခန့်တွင် သူ၏ဖုန်းမှာ ထမြည်လာခဲ့သည်။
ခေါ်ဆိုသူအမည်တွင် “ အာ့လျန် “ ဟုပြသနေခဲ့သည်။
အာ့လျန်ဆိုသည်မှာ မိဘမဲ့ဂေဟာတွင်ရှိစဉ်က ယွီစစ်ဟန်၏ငယ်နာမည်ဖြစ်သည်။ နျန်ယွီယီ တုန့်ဆိုင်းသွားရပြီး သူ၏လက်ချောင်းများမှာ ဖုန်းကိုင်မည်နှင့် ချပစ်မည် တို့အကြားဝေ့ဝဲသွားရသော်လည်း အဆုံး၌ ဖုန်းကိုဖြေလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဤခန္ဓာကိုယ်၏မူလပိုင်ရှင်မှာ ယွီစစ်ဟန်ကို အမှန်တကယ်ပင် ငယ်သူငယ်ချင်းဟု သဘောထားခဲ့သည်။
ထိုကဲ့သို့ သူငယ်ချင်းအဖြစ် ခံစားချက်မှာ တုံ့ပြန်မလာခဲ့လျှင်တောင်မှပေါ့….
ဤခေါ်ဆိုမှုသည် နောက်ဆုံးပိတ်အဖြစ် မှတ်ယူနိုင်ပေလိမ့်မည်။
“ ဟယ်လို ရှောင်ယီလား…” ယွီစစ်ဟန်၏အသံမှာ နူးညံ့ပုံရသော်လည်း သူ၏အမူအရာမှာမူ အေးစက်နေခဲ့သည်။
ဝမ်ယင်းခို သူ၏ဘေးတွင်ထိုင်နေခဲ့ပြီး ယွီစစ်ဟန်၏ပုံသဏ္ဍာန်နှစ်မျိုးအပေါ် မည်သို့မျှမနေဘဲ နေသားကျနေသည့်ပုံရသည်။
နူးညံ့သောအသံဖြင့် နျန်ယွီယီမှ ပြန်ဖြေလာခဲ့သည် “ ဘာလိုချင်လို့လဲ…”
သူ၏အသံနေအသံထားမှာမူ တစ်နည်းတစ်ဖုံတောင့်တင်းနေခဲ့လေသည်။
“ ငါတို့နောက်ဆုံးတခါတွေ့တုန်းက အတော်လေး အလျင်စလိုဖြစ်နေတော့ သေချာမဆုံလိုက်ရလို့လေ…”
ယွီစစ်ဟန်က နျန်ယွီယီကို ဖြားယောင်းရန်အတွက် သူ၏အနူးညံ့ဆုံးသောအသံကိုသုံးကာ ကလေးဘဝတွင် ဆုံခဲ့ဖူးသော အစ်ကိုကြီးတစ်ဦးကဲ့သို့ ပြုမူလိုက်သည် “ မင်းဟိုင်မြို့ကိုရောက်နေတာ အစ်ကိုသိတယ်နော်… အစ်ကိုမင်းနဲ့တွေ့ချင်တယ်ကွာ…”
“ ကျွန်တော်မလာတာကပိုအဆင်ပြေ…”
“ မင်းကိုနောက်ဆုံးတစ်ခါတွေ့တုန်းကတောင် အရမ်းစိတ်လှုပ်ရှားလို့ ဖန်တွေနဲ့တောင်ကြွားဖြစ်သေးတယ်..” ယွီစစ်ဟန်မှ ကြားဖြတ်ပြောလာသည် “ ငါတို့အတွက်ဆုံကြဖို့ဆိုတာက ရှားရှားပါးပါးပဲလေ… ရှောင်ယီ လာကိုလာရမှာနော်…”
“....” နျန်ယွီယီ ကျိုးအာ့ဟယ်ထံသို့ အကူအညီတောင်းခံလိုသောကြောင့် မေးခွန်းထုတ်နေသည့်မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။
ကျိုးအာ့ဟယ် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ဖုန်းပေါ်တွင် စာတစ်စောင်အမြန်ရိုက်ကာ နျန်ယွီယီကိုပြလိုက်သည်။
“ ဒီလိုဆိုလည်း ကောင်းပါပြီလေ…” နျန်ယွီယီ သူ၏အရှေ့မှ တစ်ဝက်စားပြီးသော ငါးကင်ကိုကြည့်ပြီး အလောတကြီးဖုန်းဘေးချကာ ဆက်စားလိုက်သည်။
“ဒီနေ့ည ဘီအက်စ်ဟိုတယ်မှာဆုံရအောင်… အဲ့သည်မှာက ဒိန်ချဉ်နဲ့လုပ်ထားတဲ့မုန့်တွေကောင်းတယ်လေ…”
“ ကောင်းသားပဲ ဒါဆို ညကျတွေ့ပါမယ်…”
ဖုန်းချပြီးသည်နှင့် နျန်ယွီယီ ဖုန်းကိုဘေးသို့ပစ်ထုတ်လိုက်ပြီး သူ၏ငါးကင်ကိုအမြန်သွပ်သွင်းနေခဲ့သည်။
မူလကိုယ်ပင်ဖြစ်စေ သူပင်ဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ အချိုကိုနှစ်သက်သူများ ဖြစ်ကြသည်။
ယွီစစ်ဟန်မှာမူ သူတို့အတူနေလာခဲ့သည့်တလျောက်လုံး၌ သူ၏အကြိုက်ကို အမှန်တကယ်မမှတ်မိခဲ့သည့်ပုံပင်။
“ ငါမင်းနဲ့အတူလိုက်ပေးမယ်… အဲ့သည့်လူ မင်းကိုဘာအကွက်တွေပဲခင်းလာခင်းလာ သည်အတိုင်းလိုက်သွားပေးလိုက်ချည်… ငါမင်းနောက်မှာရှိနေမယ်…”
ကျိုးအာ့ဟယ် ဘီအက်စ်ဟိုတယ်တွင် ဘိုကင်ယူရင်းဖြင့် ပြောလိုက်သည် “ ငါမင်းကိုကာကွယ်ပေးမှာမလို့ အဆင်ပြေပါတယ်ကွာ…”
“ အင်း…”
အကယ်၍ ကျိုးအာ့ဟယ်သာ အနီးကပ်ကြည့်ခဲ့မည်ဆိုပါက ထမင်းပန်းကန်ရှေ့ ခေါင်းငုံ့စားနေသည်ဆိုလျှင်ပင် နျန်ယွီယီ၏မျက်လုံးထောင့်များ အနည်းငယ်နီမြန်းနေသည်ကို သတိပြုနိုင်မည်ဖြစ်သည်။
ထိုနေ့ညနေခင်းတွင် နျန်ယွီယီ အပြင်သို့မထွက်မီ ပေါ့ပေါ့ပါးပါးခေါင်းစွပ်ဟူဒီနှင့်ဂျင်းကိုသာ ဝတ်ဆင်လိုက်သည်။
ယွီစစ်ဟန်၏အာရုံကို ရှောင်လွှဲနိုင်ရန်အတွက် သူနှင့်ကျိုးအာ့ဟယ်တို့မှာ သီးခြားစီသွားကြမည်ဖြစ်သည်။
အငှားကားပေါ်မှ ဆင်းလာပြီးနောက် နျန်ယွီယီ ဘီအက်စ်ဟိုတယ်အပေါက်ဝကို မရောက်လာခင်အထိ အနည်းငယ်ရပ်တန့်သွားကာ လမ်းပျောက်နေပုံရသည်။
ဘီအက်စ်ဟိုတယ်၏ ခမ်းနားသောတံခါးများကို တွန်းဖွင့်လိုက်ပြီး သူ ဧည့်ကြိုတစ်ဦး၏အနောက်မှ ပြတင်းပေါက်နားရှိစားပွဲစီသို့ လိုက်သွားလိုက်လေသည်။
“ ရှောင်ယီ ရောက်လာပြီလား…” ယွီစစ်ဟန်မှ မျက်လုံးမှေးသည်ထိပြုံးကာ နှုတ်ဆက်လာသည် “ အခုတော့ ဟင်းပွဲတွေအရင်ချခိုင်းလိုက်ရအောင်…”
နျန်ယွီယီ ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ဝီစကီတစ်ခွက်မှာ ချက်ချင်းဆိုသလို သူ၏အရှေ့သို့ ရောက်လာခဲ့သည်။
“ မဆုံတာကြာပြီပဲဟာ သောက်ကြတာပေါ့…” ယွီစစ်ဟန် ပြောပြောဆိုဆိုဖြင့် သူ၏ခွက်ကိုဦးဆောင်ကာ သောက်ချလိုက်သည်။
တုန့်ဆိုင်းနေခြင်းမရှိဘဲ နျန်ယွီယီလည်း သူ့ထံပေးလာသည့်ခွက်ကို သောက်လိုက်လေသည်။
ယမန်နေ့ ညစာစားပြီးနောက် သူနှင့်ကျိုးအာ့ဟယ်တို့ ဆိုဖာပေါ်တွင်ထိုင်ကာ အစာချေနေရင်းဖြင့် နျန်ယွီယီ အကယ်၍သာ ယွီစစ်ဟန်သူ့ကိုဆေးခတ်လာပါက မည်သို့လုပ်ရမည်နည်းဟု မေးလိုက်မိသည်။
အံ့ဩဖွယ်ရာကောင်းသည်မှာ သူ ကျိုးအာ့ဟယ်ထံမှ မယုံနိုင်သည့်အကြည့်ကို ပြန်ရလိုက်ခြင်းပင်။
“ မင်းဝတ္ထုရေးနေတယ်ထင်လို့လား… ဆေးခတ်မှာတဲ့လားကွာ.. သည်လောက်လူတွေအများကြီးနဲ့ စောင့်ကြည့်ကင်မရာတွေအပြည့်ဖြစ်နေတာ သူသာလုပ်ရဲရင် နောက်နေ့မနက်ဆို ဂျေးတောင်အောင်းနေရဦးမယ်…”
သူပေးသည့်ခွက်ကို နျန်ယွီယီတုန့်ဆိုင်းမှုမရှိဘဲ သောက်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ယွီစစ်ဟန်၏အပြုံးမှာ ပိုမိုကြီးမားလာခဲ့သည်။
နျန်ယွီယီထံတွင် သူတို့၏ငယ်ဘဝမှ သံယောဇဉ်လက်ကျန် ကျန်နေဦးမည်ဟု သူယုံကြည်နေမိပြီး ယခင်ကဲ့သို့ပင် အစ်ကိုကြီးတစ်ယောက်အဖြစ် ချစ်ခင်နေသည်မှာ ဖြစ်နိုင်သေးသည်။
သူ၏နှလုံးသားထဲတွင်ပင် ထိုကဲ့သို့ တွေ့ရခဲသောခံစားချက်များ မည်သည့်အခါကမှ မရှိခဲ့ဖူးပေ။
“ ငါရှန်ပိန်တစ်ပုလင်းလဲမှာထားသေးတယ်… အရင်တစ်ခေါက်စမ်းကြည့်တော့ အရသာကမဆိုးဘူးလေ… မင်းလည်းမြည်းကြည့်ပါဦး…”
အရောအနှောသုံးခွက်သောက်ပြီးချိန်၌ အရက်ဒဏ်ခံနိုင်ရည် လုံးလုံးမရှိသည့် နျန်ယွီယီကို မူးယစ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နျန်ယွီယီမှာ သူ၏အရက်ကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်။ သူမူးနေသည့်အခြေအနေမှာပင် တိတ်တဆိတ်ထိုင်နေကာ ခေါင်းကိုငုံ့၍ သူသည်နာခံမှုရှိကြောင်း ယွီစစ်ဟန်ယုံကြည်လာအောင် လုပ်နိုင်သေးသည်။ ယွီစစ်ဟန်မှာမူ ထပ်မံ၍ တစ်ခွက်ထပ်ထည့်တော့မည့်အချိန်၌ တားမြစ်ခြင်းခံလိုက်ရသည်။
ထိုသူမှာ နျန်ယွီယီပင်။ ပုလင်းကိုတင်းတင်းကိုင်ကာ မျက်လုံးများရီဝေပြီး သူ့ထံစူးစိုက်ကြည့်နေခဲ့သည်။
ယွီစစ်ဟန် အချိန်ခဏမျှ လန့်သွားရပြီးနောက် နျန်ယွီယီ အရက်မူးနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး သူ၏မျက်နှာတွင် ယုတ်မာသောအပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။
“ ဝိတ်တာ…” ယွီစစ်ဟန် အနီးနားရှိစားပွဲထိုးကို အချက်ပြလိုက်သည် “ ဒီမှာအခန်းကဒ်…သူ့ကိုအခန်း ၁၁၀၇ဆီခေါ်သွားလိုက်…”
အခန်းကဒ်ပေးပြီးသည်နှင့် ယွီစစ်ဟန် အချိန်ခဏပင်ဖြုန်းမနေဘဲ ဟိုတယ်မှ အလျင်စလိုပြန်လာခဲ့လိုက်သည်။
စားပွဲထိုးမှ နျန်ယွီယီကိုတွဲခေါ်မည့်အချိန်၌ ခြေသံထွက်ပေါ်လာသည်။
“ ငါကသူ့သူငယ်ချင်းပါ… ငါသူ့ကိုခေါ်သွားလိုက်မယ်…” ကျိုးအာ့ဟယ် သူနှင့်နျန်ယွီယီတို့၏ပုံကို စားပွဲထိုးထံပြလိုက်ပြီး ငုံ့ကာ နျန်ယွီယီ၏ပုခုံးကိုပုတ်လိုက်သည် “ သုံးခွက်ထဲနဲ့မှောက်သွားတယ်ပေါ့လေ… နျန်ယွီယီ ထဦး..”
“ အမ်းးးး အစ်ကိုကျိုး…” နျန်ယွီယီ ဝိုးတဝါးရေရွတ်နေကာ ကျိုးအာ့ဟယ်ကိုတွေ့သည်နှင့် သူ့အပေါ်တန်းမှီချလိုက်သည် “ ကျွန်တော်အရမ်းပင်ပန်းတာပဲ ခေါင်းလည်းမူးနေတယ် အစ်ကိုကျိုး…”
သူတို့အသိအကျွမ်းများဖြစ်ကြောင်း အတည်ပြုပြီးနောက် စားပွဲထိုးမှ သူတို့အတွက် အခန်းတစ်ခန်းအမြန်ပြင်ပေးလာသည်။
ကျိုးအာ့ဟယ် ဆက်လာမည့်အကူအညီကိုငြင်းပယ်လိုက်ပြီးနောက် နျန်ယွီယီကို သူ့ဘာသာထိန်းကိုင်ကာ ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်လေသည်။
🫶