Chapter 55
Viewers 7k

Chapter - 55

(တောင်းပန်ပါတယ်....)

"အင်း..."

ကျောင်းမြန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"မြန်မြန် သတိရပြီလား..."

ကျောင်းမြန် နိုးလာချိန် ပထမဆုံးမြင်လိုက်ရသည်မှာ စီဆဲလ်၏ အလွန်စိုးရိမ်နေသည့်မျက်နှာဖြစ်သည်။

ကျောင်းမြန် မျက်တောင်ခတ်ပြီး သူ့လက်ကို မြှောက်ကာ မသိစိတ်မှ နဖူးကို ဖိကိုင်လိုက်ပြီး....

"ချင်းယင်ရော...'

"ရှူး...."

စီဆဲလ်သည် ကျောင်းမြန်၏ နှုတ်ခမ်းများကို လက်ညှိုးဖြင့် ပိတ်ကာ ပြုံးပြီးပြောလိုက်သည်။

"အခုမှနိုးလာတာကို မင်းက တခြားလူရဲ့ နာမည်ကို တန်းခေါ်တာ ဖြစ်သင့်လို့လား...."

"ပြဿနာ မရှာစမ်းနဲ့..."

ကျောင်းမြန် စီဆဲလ်၏လက်ကိုကိုင်ကာ.....

"သူ...."

"လွတ်သွားတယ်..."

စီဆဲလ်သည် ပြဿနာတစ်ခုလုံးကို ဘာမှတ်ချက်မှမပေးဘဲ ခေါင်းသာခါပြလိုက်သည်။

အမှန်တွင် ချင်းယင်သည် နှစ်ပေါင်းများစွာကြာအောင် အဖွဲ့ချုပ်ရဲ့ရန်သူဖြစ်ခဲ့ပြီး အခုလို ထွက်လာဖို့အတွက် သတ္တိလုံလုံလောက်လောက်ရှိကာ သေချာ ပြင်ဆင်ပြီးမှ လာခဲ့ခြင်းဖြစ်ရာ အလွယ် တကူ ဖမ်းမိဖို့ မဖြစ်နိုင်ချေ။

"အ..." 

ကျောင်းမြန် ခေါင်းငုံ့ချလိုက်သည်။

"မင်းအဆင်ပြေရင် ရပြီလို့ ကိုယ် မပြောခဲ့ဘူးလား.."

စီဆဲလ်သည် ကျောင်းမြန်၏နဖူးကို စိုက်ကြည့်ကာဆက်ပြော၏။

"သေချာ ဂရုမစိုက်ဘဲ အပြင်ထွက်တယ် ပြီးရင် ဒဏ်ရာတွေရလာတယ်...အရင်ဒဏ်ရာ‌တွေက ပျောက်မယ် မကြံရသေးဘူး နောက်အသစ်တွေထပ်ရလာပြန်ပြီ...အခု‌တော့ ပိုဆိုးကုန်ပြီ..."

"ကျွန်တော် အဆင်ပြေပါတယ်" 

ကျောင်းမြန်သည် စီဆဲလ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

"ဒါနဲ့....အယ်လန်ရော..ဘယ်လို‌နေလဲ"

"သူလား...." 

စီဆဲလ် သူ့မျက်လုံးများကို လှိမ့်ကာ ပြော၏။

"သူ ဘာဒဏ်ရာမှ မရဘူး၊ ဒါပေမယ့် သူက ခြေ‌ထောက်ကျိုးသွားလို့ဆိုပြီး ရှင်းချီကို ညာပြီး သယ်သွားခိုင်းတာပဲ...."

ကျောင်းမြန် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

"အယ်လန် အဲ့အချိန်တုန်းက အရမ်းအားကိုးရတာ .....သူ သေချာ လေ့ကျင့်ထားတာပဲ..."

"ကောင်းပါတယ်....အမှတ် ၁၂က တပ်သားတွေပြောတာလည်း ရှင်းချီက တော်တော်ပျော်နေတယ်တဲ့..."

စီဆဲလ်သည် ကျောင်းမြန်၏ လက်ကို ဆုပ်ကိုင်ထားပြီး ဆို၏။

"အခုကစပြီး နောက်တစ်ခါ မင်းကို တစ်ယောက် တည်း အပြင်ပေးမထွက်တော့ဘူး တကယ်လို့ သွားချင်ရင် ကိုယ်နဲ့အတူသွားရမယ်...ကိုယ့်လက်ကိုလည်း ပြန်ကြည့်ဦး...."

"ဒါက ဒဏ်ရာလေးတွေပါပဲ..." 

ကျောင်းမြန် သူ့လက်သူပြန်ကိုင်ကြည့်ကာ ဆက်ပြော၏။

"အရမ်းမနာတော့ပါဘူး..."

စီဆဲလ် ဘာမှဆက်မပြောတော့ဘဲ ရေခွက်သာကမ်းပေးလိုက်တော့သည်။

နောက်ပိုင်းကာလများတွင် ကျောင်းမြန်သည် 
စီဆဲလ် သွားရာနောက် တကောက်ကောက် လျှောက်လိုက်နေတတ်ပြီး တစ်ခါတစ်ရံ သူ့တဲထဲတွင် စာဖတ်နေတတ်သည်။ 

ကပ္ပတိန်အန်ဒို၏ ကျန်းမာရေးသည် တနေ့တခြား ပိုပို သက်သာလာပြီး ဟောင်လုလု၏ ထူးခြားမှုကို တဖြည်းဖြည်း လက်ခံလာခဲ့ပြီး လူအများသည် 
စီဆဲလ်အား ယုံကြည်စိတ်ချကြသောကြောင့် ကျောင်းမြန်သည်လည်း ကောင်းကောင်း လုပ်ပြနိုင်ခဲ့သဖြင့် လူထုကို ဦးဆောင်နိုင်ပြီဖြစ်သည်။

ကပ္ပတိန်အန်ဒို အနေဖြင့် ဆေးရုံမှဆင်းကာ သွားသွားလာလာလုပ်နိုင်ရန် အချိန်တစ်ပတ်ခန့်သာ ကြာလေသည်။

စီဆဲလ်၊ကျောင်းမြန်နှင့် အခြားသူများသည် ပြန်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ဒီနေရာသည် သူ့အိမ်ဖြစ်ကြောင်း အမြဲ‌ပြော‌နေသည့် အယ်လန်သည်လည်း သူ့ကို ပြန်ဖို့ အတင်းဖိအားပေးကာ လေယာဉ်ပေါ်သို့ ခေါ်ဆောင်သွားကြသည်။

လေယာဉ်သည် မြို့တော်သို့ တောက်လျှောက် ပျံသန်းလာခဲ့သည်။

လေဆိပ်သို့ ရောက်သည့်အခါ သူ့ဘေးတွင် အိပ်ပျော်နေသော စီဆဲလ်အားကြည့်ကာ ကျောင်းမြန် တစ်ချက်ပြုံးလိုက်ပြီး စီဆဲလ်၏ ပခုံးကို လှုပ်ကာ နှိုးလေသည်။

"စီဆဲလ် .... ကျွန်တော်တို့ရောက်ပြီ..."

စီဆဲလ် ဘာမှ မတုန့်ပြန်ပေ...။

ကျောင်းမြန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုအိပ်စက်မှုသည် ပုံမှန်မဟုတ်သည်ကို သတိထားမိသွားကာ စီဆဲလ်အား အနည်းငယ် အားထည့်ပြီး ပုတ်နှိုးလိုက်သည်။

"ထ‌တော့..."

"အင်းးးး"

စီဆဲလ် ခေါင်းတစ်ချက်ယမ်းပြီး မတ်မတ်ထိုင်လိုက်သည်။

ကျောင်းမြန်သည် သူ့ပုံစံကို မြင်လိုက်ချိန်တွင် စိတ်မကောင်းဖြစ်သွားပြီး ခပ်ဖွဖွပြောလိုက်သည်။

"အိမ်ပြန်ရောက်ရင် သေချာအိပ်လိုက်...ခင်ဗျား ဒီရက်တွေထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ပင်ပန်းနေပြီ..." 

စီဆဲလ် ပြုံးလိုက်ပြီး....

 "ဟုတ်ပါပြီ...."

စီဆဲလ် ထလာပြီး သူ့ပုခုံးကို ပွတ်လိုက်ပြီး သူ့ခြေလက်များ အားနည်းကာ အနည်းငယ် မူးဝေနေလေသည်။

စီဆဲလ်၏ မသက်မသာဖြစ်မှုကို မြင်လိုက်သဖြင့် ကျောင်းမြန် လက်ကိုဆန့်ကာ စီဆဲလ်၏ နဖူးအား စမ်းလိုက်ချိန် ရုတ်တရက် ထိတ်လန့်သွားသည်။

"ခင်ဗျား ဖျားနေပြီ...!"

စီဆဲလ် အံ့သြသွားသည်။

သူ့ကိုယ်သူ ဖျားသွားမည်ဟု မထင်မိပေ။

စီဆဲလ် မယုံသင်္ကာဖြင့် သူ့ပါးကို ပုတ်လိုက်သည်။

"မြန်မြန် အနားယူဖို့လုပ်....ဆရာဝန် ပင့်ဖို့ လုပ်ဦး.."

ကျောင်းမြန်သည် စီဆဲလ်၏ လက်ကိုဆွဲလျက် ခါးမှထိန်းကာ ခေါ်သွားလေသည်။

ကံကောင်းသွားသည်မှာ ခရီးစဉ်ကို လျှို့ဝှက်ထားခဲ့သောကြောင့် လေဆိပ်တွင် လူများလာရောက်ဝိုင်းရံထားခြင်း မရှိသောကြောင့် ကျောင်းမြန် နှင့် စီဆဲလ်တို့သည် အတားအဆီးမရှိဘဲ အိမ်သို့ပြန်လာခဲ့ကြသည်။

ဒေါက်တာဖိုဒ့်အား ကျောင်းမြန်မှ အိမ်တွင် အသင့်စောင့်နေရန် ခေါ်ထားပြီးပြီဖြစ်သည်။

ကျောင်းမြန်သည် စီဆဲလ်ကို ကုတင်၏အစွန်းတွင် ထိုင်ရန် ကူညီခဲ့ပြီး ထိုလူအား လှဲလျောင်းစေကာ ကုသမှုကို သေချာခံယူရန် ဖိအားပေးခဲ့သည်။

စီဆဲလ်သည် ဇနီးဖြစ်သူ၏ ဂရုတစိုက်ဖြင့် ချုပ်ချယ်မှုကြောင့် ကျေနပ်ပျော်ရွှင်ကာ သူ၏နှလုံးသားထဲတွင် အလွန်လှပနေတော့သည်။

ဖိုဒ့်သည် စမ်းသပ်ကိရိယာကို ယူ၍ စစ်ဆေးပြီးနောက် သူ၏မျက်နှာရုတ်တရက် ဖြူဖျော့သွားသည်ကို တွေ့လိုက်ရသည်။ 

ကျောင်းမြန်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး မေး၏။

"ဘာဖြစ်လို့လဲ...." 

"မဟုတ်ဘူး...စမ်းသပ်ချက်မှားသွားတာ နေမှာ.... ထပ်စမ်းကြည့်လိုက်မယ်......"

စီဆဲလ်လည်း မျက်ခုံးပင့်ကာ ပြုံးလိုက်ရင်း....

"ဘာဖြစ်တာလဲ၊ ကျုပ်မှာ ကိုယ်ဝန်ရှိနေလို့လား.."

သို့သော် ဖို့ဒ့်သည် စီဆဲလ်၏ နှောင့်ယှက်မှုကို စိတ်မဝင်စားဘဲ လေးနက်သောမျက်နှာဖြင့် ထပ်မံစမ်းသပ်လေသည်။

ဖို့ဒ်၏ နဖူးပေါ်မှ ချွေးအေးများကို မြင်လိုက်ချိန်တွင်.....

"ဒေါက်တာဖိုဒ့်......" 

ကျောင်းမြန် သတိထားပြီး မေး၏။

"အရမ်း ဆိုးဝါးလို့လား.."

"ဒါ......"

နောက်တစ်ကြိမ်စစ်ဆေးပြီးနောက် ဖိုဒ့်က မဝံ့မရဲအသံဖြင့် မေးလိုက်သည်။ 

"ဗိုလ်ချုပ်ကြီး စီဆဲလ် ဒီရက်ပိုင်းမှာ တောင်တန်းဘက်က ပင်လယ်ဓားပြတွေ ဇာစ့်တွေနဲ့ တိုက်ခိုက်ခဲ့သေးလား"

စီဆဲလ် မျက်မှောင်ကြုတ်လိုက်ကာ....

"ဟင့်အင်း..."

"ဒါပေမယ့် စမ်းသပ်ချက်အရ ဗိုလ်ချုပ်ကြီးစီဆဲလ်က အဆိပ်မိနေတယ်လိုပဲပြနေတယ်.."

ထိုစကားများကို ကြားပြီးနောက် စီဆဲလ်ရော ကျောင်းမြန်ရော ထိတ်လန့်သွားတော့သည်။

စီဆဲလ် : "မဖြစ်နိုင်ဘူး..."

သူ့ညီနှင့် ဖြစ်ရပ်ပြီးနောက် ကျောင်းမြန်၏ အစားအ‌သောက်ထိန်းနည်း အစီအစဉ်ဖြင့် ဇာစ့်အဆိပ်များကို ပျောက်ကင်းအောင် အရှင်းကုသပြီးဖြစ်သည်။

ခဏ......

စီဆဲလ် ခဏငြိမ်သွားပြီး ဆက်ပြောလိုက်သည်။

"ကျုပ်သိပြီ....ဒေါက်တာဖိုဒ့် အရမ်းစိတ်မပူပါနဲ့ ...ဖြေရှင်းဖို့ နည်းလမ်းရှိမှာပါ..."

ဖိုဒ့်က မျက်မှောင်ကြုတ်ကာ.....

"ဒီဖြစ်စဉ်က....."

"ကျောင်းမြန် ကိုင်တွယ်လိမ့်မယ် အဲ့ဒါကို..."

စီဆဲလ်ပြုံးကာ ဆက်ပြောလိုက်သည်။

"အဆင်ပြေ သွားပါလိမ့်မယ်.."

ဖိုဒ့် ထွက်သွားပြီးနောက် ကျောင်းမြန် နေရာတွင် ရပ် နေရင်း သူမျက်နှာသည် ဖြူဖျော့သွားကာ..

"အဲ့ဒါ ကျွန်တော့်ကြောင့်ပဲ..."

"မြန်မြန်.."

စီဆဲလ် ထလာပြီး ပြန်ပြော၏။

"ကိုယ် ဖြစ်တာ မင်းနဲ့ ဘာဆိုင်လို့လဲ"

"ဒါက ‌ဇာစ့်ဘုရင်မရဲ့ အဆိပ်ပဲ ဖြစ်မယ်"

ကျောင်းမြန် သေချာကြည့်ပြီး ပြော၏။

"ကျွန်တော် သိတယ်!"

"မင်း အရင်ဆုံး စိတ်အေးအေးထားပါဦး.."

စီဆဲလ်သည် လူအား ကုတင်ပေါ်တွင် ထိုင်စေကာ ကျောင်းမြန်၏လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး ပြောလိုက်သည်။

"ဖြည်းဖြည်းချင်းပြော‌နော်.... ဘာမှကြောက်စရာမလိုဘူး"

"ဇာစ်ဘုရင်မရဲ့ အဆိပ်က အရမ်းပြင်းတယ်.."

ကျောင်းမြန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြော၏။

" ချင်းယင်က ဘာလို့ ကျွန်တော့်ဆီ တကူးတကလာရမှာလဲ ...တိုက်ပွဲဖြစ်တဲ့နေ့က သူ့အသက်တောင် ပေးလိုက်ရလုနီးပါးဖြစ်ခဲ့တာတောင်...ကျွန်တော့်ကို ဓါးမြှောင်နဲ့ရအောင် ထိုးသွားခဲ့တာ...
အဲ့ဒါ သူ့ဓါားမှာ ဇာစ့်ဘုရင်မ အဆိပ်ကိုသုတ်ထားလို့ပဲ...အဆိပ်လူးထားတဲ့ ဓါးမြှောင်နဲ့ ထိုးမိတဲ့ ဒဏ်ရာကနေ အဆိပ်က ကူးလွယ်တယ်...‌ နေ့တိုင်း ကျွန်တော်ရဲ့ ဆေးတွေကို လဲပေးနေရတဲ့အတွက် သဘာဝအတိုင်း ခင်ဗျားကို ကူးစက်သွားလိမ့်မယ်"

ထိုအကြောင်းအရာအား အရင်က သူ ချင်းယင်နှင့်ရှိနေစဥ်က သိခဲ့ခြင်းဖြစ်သည်။

စီဆဲလ် : "မဟုတ်လောက်ပါဘူး မင်းပြောတဲ့အတိုင်းဆိုရင် မင်းအဝတ်အစား တွေကိုချွတ်ပြီး ကုသပေးခဲ့တဲ့ ကျန်တဲ့ ဆရာဝန်တွေကရော ဘယ်လိုလုပ်မလဲ..."

"ခင်ဗျား အရင်က ဇာစ့်အဆိပ်ကိုမိဖူးထားတော့ ဇာစ့်ဘုရင်မရဲ့ အဆိပ်က ခင်ဗျားအပေါ်ပိုပြီး တုန့်ပြန်လွယ်တယ်...."

စီဆဲလ် အံ့သြနေတော့သည်။

ကျောင်းမြန် ခေါင်းငုံ့ကာ တုန်တုန်ယင်ယင်ဖြင့် ထပ်ပြောသည်။

"Dark phoenix ရဲ့စမ်းသပ်ချက်က ကျွန်တော့်ကို သာမန်လူတွေနဲ့မတူအောင် လုပ်ထားလို့ အဆင်ပြေနေတယ်လို့ပဲ ထင်‌နေတာ ...ကျွန်တော် မသိလိုက်ဘူး....ဒါပေမဲ့....တောင်းပန်ပါတယ်....ကျွန်‌တော် တကယ်တောင်းပန်ပါတယ် 
စီဆဲလ်....."

"မင်းအမှား မဟုတ်ပါဘူး..."

စီဆဲလ်သည် ကျောင်းမြန်အား ပွေ့ဖက်ကာ ကျောကို ပုတ်ပေးပြီး ခပ်ဖွဖွရယ်ကာ နူးညံ့စွာပြောလိုက်သည်။

"မင်းနဲ့ အတူရှိနေလို့ အဆင်ပြေသွားမှာပါ..."

ကျောင်းမြန်၏ခေါင်းသည် စီဆဲလ်၏ပခုံးပေါ်တွင်မှီထားပြီး...သူ့လက်ဖဝါးထဲသို့ လက်သည်းများ စိုက်ဝင်သည်အထိ တင်းတင်း ဆုပ်ထားလိုက်သည်။

- မင်းက အပြစ်သားပဲ...။

-မင်း ချစ်ရတဲ့သူတွေကို နာကျင်စေလိမ့်မယ်...။

စီဆဲလ် ကျောင်းမြန်အား ပွေ့ဖက်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံးအေးစက်နေသည်ကို ခံစားလိုက်ရသည်။

"မြန်မြန်...."

စီဆဲလ်သည် ကျောင်းမြန်၏ နားရွက်ဖျားလေးများကို နမ်းကာ ပြော၏။

"မကောင်းတဲ့ လူတွေလုပ်ထားတဲ့ မကောင်းတဲ့ကိစ္စကို ကိုယ့်ရဲ့ မြန်မြန်ကဘာလို့ အစားတောင်းပန်နေတာလဲ...အဲ့လိုဆို ကိုယ်သဝန်တိုတယ်နော်.... အထူးသဖြင့် ချင်းယင်ပဲ...မဟုတ်မှ မင်း သူ့ကို စိတ်မကုန်သေးတာလား...မင်းရဲ့ ယောက်ျားက ကိုယ်ဆိုတာကို မမေ့နဲ့..."

ကျောင်းမြန် အံ့ဩသွားသည်။

"ကိုယ်မပျော်တော့ဘူးနော်...."

စီဆဲလ် ကလေးဆန်စွာ ထပ်ပြော၏။

"ကိုယ်က အခု အဆိပ်မိနေပါတယ်ဆိုမှ မင်းက သူများအကြောင်းကို အာရုံစိုက်နေတယ်..."

ကျောင်းမြန်၏ အာရုံများ သူ့ဆီပြန်ရောက်သွားသည်။

-မကြောက်နဲ့တော့နော်....။

သူသည် မူလက အားနည်းသူမဟုတ်သော်လည်း ယခုတစ်ကြိမ်တွင် ထိခိုက်သူမှာ စီဆဲလ်ဖြစ်နေသဖြင့် သူ့စိတ်တည်ငြိမ်အောင် မထားနိုင်တော့ပေ။

အစက ကျောင်းမြန်ထင်သည်မှာ ပထမဆုံး ကုရှင်းချီ ဖြစ်ပြီးသည်နှင့် ပြီးသွားပြီထင်ခဲ့သော်လည်း ယခု စီဆဲလ် ထပ်ဖြစ်ချိန်တွင် အေးဆေးမနေနိုင်တော့ပေ။

ဒါပေမယ့် သူ မလန့်ဘဲ မနေနိုင်ပေ။

နေမကောင်းတဲ့ လူနာက သူ့ကို ဘယ်လိုလုပ် နှစ်သိမ့်ပေးနေရတာလဲ...။

ကျောင်းမြန် သူ့စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး စီဆဲလ်အား ပြန်လည်ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ခင်ဗျားအဆိပ်ကို ဖြေရှင်းဖို့ ကျွန်တော် သေချာပေါက် ကူညီဖြေရှင်းပေးလို့ရမယ့် နည်းလမ်းတစ်ခု ရှာတွေ့မှာပါ" 

ကျောင်းမြန်သည် ဇာစ့်ဘုရင်မ၏ အဆိပ်သည် သာမန် ဇာစ်အဆိပ်များနှင့် မတူကြောင်း စီဆဲလ် အား မပြောခဲ့ဘဲ ဟောင်လုလုသည်လည်း ၎င်းအား ဖိနှိပ်ထားနိုင်ရုံသာတတ်နိုင်ပြီး အမြစ်ပြတ် ပျောက်ကင်းအောင် ကုသပေးနိုင်သည့် ကိုင်တွယ်နိုင်စွမ်း မရှိပေ။ 

"ကောင်းတာပေါ့..." 

စီဆဲလ်လည်း ကျောင်းမြန် မသိအောင် နာကျင်စွာ ပြုံးလိုက်မိသည်။ ကျောင်းမြန်မှာ Blue Wings ကအဆိပ်မိနေသလို သူ့တွင်လည်း ဇာစ့်ဘုရင်မ၏ အဆိပ်အား လက်ဆောင်အဖြစ်ရရှိခဲ့သည်။ သူတို့သည် ဖူးစာဖက်အမှန်ဖြစ်သောကြောင့် ကောင်းချီးမင်္ဂလာနှင့်အတူ တူညီသော ဆင်းရဲဒုက္ခကို ထပ်တူခံစား‌နေကြရပြီးဖြစ်သည်။

"စီဆဲလ်....ခင်ဗျား အရင်ဆုံး ကောင်းကောင်းအနားယူလိုက်ဦး..." 

ကျောင်းမြန်သည် စီဆဲလ်အား အင်္ကျီကို လဲပေးရန် လက်လှမ်းလိုက်သည်။

"အို့....ခဏလေး..." 

စီဆဲလ် ကျောင်းမြန်၏လက်အား လှမ်းကိုင်ထားရင်း ပြောလိုက်သည်။

"ကိုယ် အခု နည်းနည်း အားပြည့်နေပြီဆိုတော့..... ဆေးသိပ္ပံဌာနကို သွားကြရအောင်" 

"ဘာလို့လဲ...."

စီဆဲလ် : "ပထမဆုံး မင်းမှာ တကယ်ကို ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ရယ် မင်းရဲ့ကိုယ်က ထူးခြားတော့ နောက်ဆုံးတစ်ခေါက် ဆေးရုံမှာစစ်တုန်းက ဘာမှ ရှာမတွေ့ခဲ့ဘူး...ဒုတိယချက်က သိပ္ပံသုတေသနဌာနမှာ ဇာစ့်ဘုရင်မအဆိပ်ကို ဖြေရှင်းဖို့ နည်းလမ်းရှိမရှိ စစ်ဆေးဖို့ပဲ"

ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"လာပါ..... စိတ်မပူနဲ့ ကိုယ် လေယာဉ်ပေါ်မှာလည်း အိပ်လာပြီးပြီ....သွားကြမယ်‌"

စီဆဲလ်သည် ကျောင်းမြန်၏ လက်ကိုကိုင်ကာ ထွက်လာခဲ့သည်။

နှစ်ယောက်သား သိပ္ပံသုတေသနဌာနကို ရောက်ပြီးနောက်၊ စီဆဲလ်သည် ကျောင်းမြန်အား ဆေးစစ်မှု ခံယူစေပြီး စီဆဲလ်သည် ဆရာဝန်အား အချက်ပြကာ ကျောင်းမြန်အား အိပ်ဆေး တိတ်တဆိတ်
ထည့်ပေးစေကာ အိပ်ပျော်စေခဲ့သည်။

ထို့နောက် စီဆဲလ်သည် ဒါရိုက်တာထံသို့ သွားခဲ့သည်။

"အဲဒါ.....ဘယ်လိုအခြေအနေရှိလဲ...!"

ဒါရိုက်တာသည် သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီးတို့နှစ်ယောက်ရဲ့ ဆေးစစ်ချက်တွေကို ဖတ်ပြီးသွားပြီ...အခြေအနေ သိပ်မကောင်းဘူး ဒါပေမယ့် စိတ်မကောင်းစရာက ခင်ဗျားက နည်းနည်း ပိုပြီး စိုးရိမ်ရတယ်..."

စီဆဲလ် ထိုင်ခုံကိုဆွဲကာ ခုံပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှူကာ ပြောလိုက်သည်။

"ခင်ဗျား ဖြည်းဖြည်းချင်းပြောပါ"

ဒါရိုက်တာသည် စီဆဲလ်အား ကြည့်လိုက်ချိန်တွင် သူ၏ပုံမှန်အေးစက်စက် မျက်နှာအစား စိုးရိမ်ပူပန်မှုနှင့် စိတ်ဆိုးဒေါသထွက်နေသည့် မျက်နှာအား မြင်လိုက်ရသည်။

"အရင်ဆုံး ဗိုလ်ချုပ်ကျောင်းရဲ့ ခန္ဓာကိုယ်ထဲမှာ Blue Wingsတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပဲ...."

"အင်း..."

"အခု ဇာစ့်ဘုရင်မရဲ့ အဆိပ် ဗိုလ်ချုပ်ကျောင်းရဲ့ ကိုယ်ထဲကို ရောက်လာတာက သူ့ကို အဆိပ်မသင့်စေဘဲနဲ့ ဇာစ်ဘုရင်မရဲ့ အဆိပ်က Blue Wings တွေကို ဖိနှိပ်ထားနိုင်ခဲ့တယ်.....ဗိုလ်ချုပ်ကျောင်းရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်က အဆိပ်အားလုံးကို ချေဖျက်နိုင်တဲ့အပြင်ကိုမှ ဇာစ်ဘုရင်မရဲ့ အဆိပ်နဲ့ Blue Wings ရဲ့ အဆိပ်တွေက အချင်းချင်း တိုက်ခိုက်နေကြတာဆိုတော့ အခုက မျှခြေဖြစ်နေတဲ့ အနေအထားဖြစ်နေတယ်....."

စီဆဲလ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဒါဆို... Blue Wings ရဲ့ အဆိပ်တွေကို ဖယ်ထုတ်လိုက်နိုင်ပြီလား...."

"မဟုတ်ဘူး၊ ဒါပေမယ့် ဗိုလ်ချုပ်ကျောင်းအတွက် Blue Wings ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ချဖို့အတွက် အချိန်ပိုရလို့ ပိုပြီး ကောင်းသွားတယ်"

ဒါရိုက်တာသည် ခေါင်းငုံ့ကာ မရေမရာပြောလိုက်သည်။

"သူများတွေပြောတာ ပင်လယ်ဓားပြ ချင်းယင်က ရက်စက်တတ်တဲ့သူဆို အခုတော့ သူ့ရဲ့ အမှားကြောင့် ဗိုလ်ချုပ်ကျောင်းကို ကယ်တင်လိုက်နိုင်ပြီ..."

ဒါက အမှားမဟုတ်ဘူး။

စီဆဲလ် အေးစက်စွာ ပြုံးလိုက်သည်။

-သေစမ်း....

-ချင်းယင်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ....။

စီဆဲလ်၏ မျက်နှာတွင်‌ဘာအမူအရာမှမရှိပေမယ့်လည်း သူ့လက်များသည် လက်သီးဆုပ်လျက် ဒေါသကြောင့် သွေးကြောများ ထောင်ထနေတော့သည်။

သူ့ကို ရန်စလိုက်တာပဲ...။

အတိအကျပြောရလျှင် သူ၏ အသုံးမကျမှုကြောင့် ချင်းယင်၏ ခြေဖဝါးအောက်တွင် လှည့်စားခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

"ဒါဆို ရေတပ်ဗိုလ်ချုပ်ကြီး ခင်ဗျားအကြောင်း ဆက်ပြောကြရအောင်..." 

ဒါရိုက်တာသည် မျက်ခုံးများတွန့်ချိုးကာ ပြော၏။

"ဇာစ့်ဘုရင်မရဲ့ သဘာဝက မျိုးပွားဖို့ပဲ...အခု ဗိုလ်ချုပ်ကြီး ကူးစက်ခံထားရတဲ့ အဆိပ်က ကုသဖို့ မလွယ်ပါဘူး... အတိအကျပြောရရင် ဖြေဆေးမရှိဘူး..."

စီဆဲလ် : "ကမ္ဘာ‌ပေါ်မှာ သူ့ကိုပျောက်အောင်ကုနိုင်မယ့် ဆေးမရှိဘူးဆိုတာ ကျုပ်မယုံဘူး ...အဲ့ဒါကို မတွေ့သေးတာပဲရှိတာ......ကျုပ် အခု ခင်ဗျားဆီရောက်လာတာ ခင်ဗျား ကျုပ်တို့ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်လို့ပဲ....." 

"သေချာတာပေါ့...!" 

ဒါရိုက်တာသည် သူ့အသံကို အနည်းငယ် မြှင့်လိုက်ပြီး ပြောလေသည်။

"ဗိုလ်ချုပ်တို့ နှစ်ယောက်ရဲ့ အဆိပ်ဖြေဆေးအတွက်...ကျွန်တော့်အသက်ပဲ ပေးရပေးရ ဖြေရှင်းဖို့ နည်းလမ်းရအောင်ရှာမယ်..." 

"ခင်ဗျားရဲ့ အသက်ကို ပေးစရာ မလိုပါဘူး၊ 
ကျုပ်ကို အချိန်နည်းနည်းပဲ ပေးပါ" 

စီဆဲလ်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ကျုပ် ဒီကိစ္စကို ကတ်စပါနဲ့ တိုင်ပင်လိုက်ဦးမယ်"

ဒါရိုက်တာသည် ခေါင်းငုံ့ထားလျက် ခဏအကြာတွင်.....

"ဒါတွေကို......ဗိုလ်ချုပ်ကျောင်းကို မပြောပြဘူးမလား.."

စီဆဲလ်လည်း ခေါင်းယမ်းပြလိုက်သည်။

"ဒါ...” 

ဒါရိုက်တာက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“အရင်က လူတွေရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအရဆိုရင် လင်နဲ့မယားကြားမှာ ရိုးသားမှုပိုရှိ‌လေလေ ပိုကောင်းလေပဲ ဆိုတာကို ဗိုလ်ချုပ်ကြီးကို သတိပေးချင်တယ်...."

စီဆဲလ် မျက်ခုံးပင့်လိုက်သည်။

ဒါရိုက်တာက တိကျစွာ ထပ်ပြော၏။

"အန္တရာယ်ရှိနေရင်တောင် ငါတို့ အတူတူရင်ဆိုင်ရမှာပဲ....အဲ့ဒါမှ လင်မယားကြားမှာရှိသင့်တဲ့ ညီတူညီမျှ အခွင့်အရေးပဲ...ပြီးတော့ မင်းရဲ့ လက်တွဲဖော်ကလည်း မင်းလို ဩဇာကြီးမာတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲလေ..."

စီဆဲလ် ဒီလိုမျိုး အရာအားလုံးကို ဖုံးကွယ်ထားတာ မှားသည်။

စီဆဲလ် ခေါင်းယမ်းပြီး ပြန်ပြောလိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဒါပေမယ့် သူသည် ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး။

သူ..... ကျောင်းမြန် ဝမ်းနည်းနေရသည်ကို သူ ထပ်မမြင်နိုင်တော့‌ပေ။

------------------------------------------------------------------------