Chapter 42
Viewers 6k

🤒အခန်း ၄၂





ထိုအခိုက် ပထမနှစ် တန်းခွဲသုံးတွင်ဖြစ်သည်။


သန့်ရှင်းရေးလုပ်နေသည့်အချိန်အတွင်း အင်တာနက်ခိုးသုံးနေသောကျောင်းသားတစ်စုမှာလည်း ၎င်းသတင်းကိုမြင်တွေ့သွားကြလေသည်။


"ကျွယ်ယွိနန်လား၊ ငါတွေးလိုက်တဲ့ကျွယ်ယွိနန်လား၊ မနှစ်ကနာမည်ကြီးသွားတဲ့ ပန်းပွင့်လေးလား..."


"သူကလည်း ငါတို့ပြည်နယ်ကို ရုပ်ရှင်လာရိုက်တာလား၊ ရှောက်မင်ရဲ့နို့လက်ဖက်ရည်ဆိုင်က စစ်ဆေးခံနေရလို့ ပိတ်ထားရတယ်လေ..."


"ပိတ်ထားရတယ်ဆိုတဲ့စကားကို ဘယ်ကကြားလာတာလဲ၊ ရှောက်မင်ရဲ့နို့လက်ဖက်ရည်ဆိုင်က အပြစ်မရှိဘူး၊ ဟုတ်ပြီလား၊ ကျွယ်ယွိနန်လည်း Weibo မှာ သက်သေပြထားပြီးပြီ..."


"ကျွယ်ယွိနန်က နို့လက်ဖက်ရည်ဆိုင်ရဲ့နာမည်ကိုရှင်းသွားအောင် ပို့စ်တင်ပေးတာလည်းဖြစ်နိုင်တာပဲလေ၊ ဘယ်သူကသူ့ကိုလုပ်ခိုင်းလို့လဲ၊ ယန်ယန် နင်လုပ်ခိုင်းလိုက်တာလား.."


ချက်ချင်းပင် သူတို့အားလုံးရှားယန်ကိုလှည့်ကြည့်လိုက်ကြသည်။


ရှားယန်လည်း ရုတ်တရက်ကြားလိုက်ရသောသတင်းကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားမိ၏။


လွန်ခဲ့သောနှစ်ရက်က သူ့အား လူတစ်ယောက်ကိုကူရှာပေးမည်ဟု ကတိပေးထားခဲ့သူမှာ အကြောင်းမပြန်ခဲ့ပေ။ သူလည်း လက်လျှော့ထားခဲ့သည်။ မထင်မှတ်ဘဲ ထိုလူက ချက်ကောင်းကိုတည့်အောင်ပစ်ပြီး ကျွယ်ယွိနန်ကိုခေါ်ကာ လူအားလုံး၏အာရုံကိုဆွဲခေါ်လိုက်လေသည်။


သူပြန်ဖြေတော့မည့်အချိန်၌ ရုတ်တရက် မက်ဆေ့ချ်တစ်စောင်ရောက်လာခဲ့သည်။


[သခင်လေးယန်၊ စိတ်ပူစရာမလိုအပ်ဘူးထင်ပါတယ်၊ တစ်ယောက်ယောက်ကရှင်းပေးသွားပြီမလား]


ရှားယန်၏မျက်နှာက မသိမသာလေးပြောင်းလဲသွားခဲ့သည်။


သူစာပြန်လိုက်၏။

 [ခင်ဗျားပဲ ကျွယ်ယွိနန်ကို ရှာလိုက်တာမဟုတ်ဘူးလား]


[မင်းကငါ့ကိုအရမ်းအထင်ကြီးတာပဲ၊ ကျွယ်ယွိနန်က ပိုက်ဆံနဲ့ငှားလို့ရတဲ့လူမဟုတ်ဘူး]


ရှားယန်: "....."


သူမဟုတ်ရင် ဘယ်သူလုပ်လိုက်တာလဲ။


'ထပ်ပြီးကျူးထုန်ပဲလား၊ နေပါဦး၊ မဟုတ်သေးပါဘူး..မဖြစ်နိုင်တာ၊ ကျူးမိသားစုက အနုပညာဘက်မှာ လုပ်ငန်းမှမရှိတာ၊ သူတို့ကအဖေနဲ့ရင်းနှီးနေလို့ ငါသေချာသိတယ်...'


ကျူးမိသားစုကို A မြို့၏ မျက်နှာဖုံးဟုခေါ်လျှင်ပင် အနုပညာပိုင်းတွင်မူ ၎င်းတို့လုပ်နိုင်သည်က ရုပ်ရှင်လုပ်ငန်းများတွင် ရံဖန်ရံခါ ရင်းနှီးမြုပ်နှံရုံသာဖြစ်ပြီး ကျွယ်ယွိနန်ကဲ့သို့အဆင့်ရှိသော အနုပညာရှင်ကိုအကူအညီတောင်းနိုင်သည်အထိ ကျိန်းသေပေါက်အင်အားရှိမည်မဟုတ်ပေ။


'ဒါပေမဲ့ ကျူးထုန်မှမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ'


ကျူးမိသားစုရော ကျူးထုန်ပါ အနုပညာလောကအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်မသိကြပေ။ သို့သော်လည်း ရှားယန်မှာ ဆုံးသွားခဲ့သည်မှာကြာခဲ့ပြီဖြစ်ပြီး သာမန်ဟုထင်ရသော ကျူးထုန်၏မိခင် ကျူးကတော်အကြောင်းကိုမူ မသိရသေးချေ။ ကျူးထုန်၏အမေဘက်မှတော်စပ်သောအဘိုးဖြစ်သူမှာလည်း ကျူးရှို့ရှန်းနှင့်အဆက်အသွယ်လုပ်ခဲပြီး သူတို့၏ပတ်သက်မှုကိုလည်း အပြင်တွင်မပြောရန်တားမြစ်ခံထားရသည်။


ပုံမှန်အားဖြင့် သူတို့၏ပတ်သက်မှုကို သိကြသူမရှိပေ။ ကျူးထုန်နှင့် အနုပညာအေဂျင်စီကြီး၏ပိုင်ရှင် ချန်ချန့်တို့ကြားမှ ဆက်နွယ်မှုကိုမူ လူနည်းစုလေးသာသိကြသည်။


လူထု၏အမြင်ကို ညတွင်းချင်း ပြောင်းပြန်လှန်နိုင်သူမှာ ချန်ချန့်သာရှိတော့၏။


ကျွယ်ယွိနန်၏ Weibo တွင် ရဲစခန်းက ရှောင်းမီ၏ထွက်ဆိုချက်ကိုထုတ်ပြန်လိုက်ပြီဟု ဖော်ပြထားလေသည်။ ရှောင်းမီ၏ဆေးစစ်ချက်ရလဒ်အရ သူကိုယ်တိုင်ဆေးသုံးမှုကြောင့်ဖြစ်ရသည်ဟု သက်သေအပြည့်စုံကဖော်ပြထားပြီး ကုန်းရွှေစီရင်စုမှ နို့လက်ဖက်ရည်ဆိုင်ကြောင့်မဟုတ်ပေ။


[သောက်ရမ်းမျက်နှာပြောင်တာပဲ၊ သူက နို့လက်ဖက်ရည်ကိုအကြောင်းပြလိုက်တယ်၊ လက်ထောက်က အဲဒါလေးဝယ်ဖို့နဲ့ မြို့ကနေလာတာလား၊ ရှောင်းမီက ဘယ်လိုလုပ် ဒီလိုမျိုး ပေါက်ပန်းလေးဆယ်အလိမ်အညာမျိုးပြောနိုင်ရတာလဲ..."


[ဆိုတော့ သူကမှဥပဒေကိုချိုးဖောက်ပြီး ထောင်ထဲမသွားရအောင်ဆင်ခြေပေးတာလား၊ ရှောက်မင်ရဲ့နို့လက်ဖက်ရည်ဆိုင်ကလည်း တိုင်ခံထားရတာမကြာသေးတော့ ဒီဆေးစွဲနေတဲ့မိန်းကလေးက အခွင့်အရေးယူသွားတာလား]


[ဒီတော့ နင်ဆိုလိုချင်တာက နို့လက်ဖက်ရည်ဆိုင် အတိုင်ခံနေရတာ နှစ်ခါတောင်ရှိပြီပေါ့]


[ငါကြားတာတော့ တိုင်တာက ကျောင်းသားတစ်ယောက်ပဲတဲ့၊ သူကအသေအချာစုံစမ်းပြီးမှ ရဲဌာနကိုတိုင်တာတဲ့]


[ဒီနို့လက်ဖက်ရည်ဆိုင်လေးက တောင့်ခံနေရတာကြာပြီပေါ့]


[တော်သေးလို့ ငါလည်း ယွိနန်လို နို့လက်ဖက်ရည်ဆိုင်ကိုရောက်ခဲ့တာ၊ ဒီမှာသက်သေပြဖို့ ဓာတ်ပုံတောင်ရိုက်လာသေးတယ်]


[ငိုး..ဓာတ်ပုံထဲကကောင်ကချောလိုက်တာ၊ ဒီအမိုက်စားဘဲကြီးကတကယ်လား]


[ဒီလိုမျက်နှာလေးနဲ့ ပိုက်ဆံရှာဖို့ကို opioid အထိသုံးဖို့လိုလို့လား၊ သူ့မျက်နှာလောက်ဆိုရင် ဝယ်သူတွေကိုဆွဲဆောင်ရုံနဲ့ရပြီ အိုကေလား၊ ငါတော့ အဲဒီရှောင်ကောကောကို တွေ့လို့ရအောင် နို့လက်ဖက်ရည်ဆိုင်ကိုသွားဦးမယ်]


[ငါလည်း ငါ့ရဲ့နတ်သားလေးရှိတဲ့နေရာကိုသွားကြည့်ချင်တယ်၊ အဲဒါဘယ်နေရာမှာလဲ၊ လိပ်စာသိချင်လို့ အွန်လိုင်းပေါ်မှာစောင့်နေပါတယ်]


အွန်လိုင်းပေါ်မှ ဆွေးနွေးပွဲများမှာ တောက်လျှောက်တက်နေသော်လည်း ကျူးထုန်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။


သူ၏တဝမ်းကွဲညီအစ်ကိုက ယခုလို လျှပ်တပြက်လှုပ်ရှားမှုမျိုးလုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


စင်ကိုသန့်ရှင်းရေးလုပ်ပြီးသွားသည့်အခါ ထိုင်ခုံတွင်သွားပြန်ထိုင်လိုက်ပြီး မအောင့်အီးနိုင်တော့ဘဲ သူ၏တဝမ်းကွဲအစ်ကိုထံကိုမက်ဆေ့ချ်ပို့လိုက်သည်။


<ကျူး> : ငါကမင်းကိုသက်သေရှာခိုင်းတာလေ၊


 á€…á€á€Źá€¸á€€á€­á€Żá€„á€žá€Źá€¸á€á€­á€Żá€„á€şá€¸á€á€Źá€™á€Ÿá€Żá€á€şá€˜á€°á€¸á€€á€˝á‹


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : အနုပညာလောကအကြောင်းကို မင်းမသိပါဘူး၊ ဝမ်းကွဲညီလေးရဲ့။ ဒါက မြက်ပင်ကို အမြစ်မကျန်အောင်ရှင်းတယ်လို့ခေါ်တယ်၊ မင်းနောက်ကွယ်ကလူကိုဖျက်ဆီးချင်ရင် မင်းရဲ့အင်အားကိုပြရမယ်၊ မျက်နှာကိုမြေကြီးပေါ်ဖိထားပြီး ကိုက်ဖြဲပစ်လိုက်၊ ဒီအချိန်ပိုင်းမော်ဒယ်ရဲ့ ဆေးသုံးတဲ့သက်သေတွေစုနေပြီးဘာလုပ်မှာလဲ။


ကျူးထုန်: .....


ချန်ချန့်၏စကားက အဓိပ္ပါယ်ရှိသလိုပင်။


<ကျူး> : ဒါပေမဲ့ မင်းကလူသိနည်းတဲ့ အနုပညာရှင်ကိုခေါ်လို့ရတာပဲလေ။


အနည်းဆုံးတော့ ကျွယ်ယွိနန်လို ပရိသတ်တောင့်တဲ့လူမဟုတ်ရင်ပြီးတာပဲ။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မကောင်းဘူး။ ဒီလိုမလုပ်ဘဲနဲ့ ငါ့ရဲ့အချစ်တော်တစ်ဝမ်းကွဲညီအစ်ကိုရဲ့အင်အားကိုဘယ်လိုသက်သေပြရမှာလဲ။


နောက်ဆုံးတော့ ကျူးထုန် နားလည်သွားခဲ့ပြီ။ သူ့တဝမ်းကွဲညီအစ်ကိုက ဒေါင်းတစ်ကောင်ဖြစ်နေခဲ့ခြင်းပင်။ ထိုသူကို အကူအညီတောင်းမိလိုက်ခြင်းက ပြဿနာကိုပိုကြီးသွားစေခဲ့၏။


ကျူးထုန်၏ပရိသတ်များက ထိုင်ခုံဘေးတွင်ပတ်လည်ဝိုင်းလာသည့်အခါ ကျူးထုန်မှာ အစောပိုင်းကစကားကိုသာပြန်ပြောလိုက်ရလေသည်။


 "ငါ ကျွယ်ယွိနန်ကိုတကယ်မသိဘူး၊ သူ့ရဲ့ Weibo ပို့စ်ကလည်း ငါနဲ့ဘာမှမဆိုင်ဘူး..."


သူက သူဖြူစင်ကြောင်း စီကာပတ်ကုံးရှင်းပြနေရလေသည်။


သူ့တစ်ဝမ်းကွဲနှင့်ပတ်သက်မှုကိုတော့...ဘယ်တော့မှထုတ်မပြောနိုင်ပေ။ လုံးဝကိုမပြောသင့်ပေ။


မဟုတ်လျှင် တစ်ကျောင်လုံးရှိ ကျွယ်ယွိနန်၏ပရိသတ်များက သူ့ထံကိုမျက်ရည်လည်ရွှဲဖြင့်ရောက်လာကြလိမ့်မည်။ သူက လက်မှတ်ထုတ်ပေးသည့်စက်အဖြစ် ဘဝပြောင်းသွားနိုင်၏။


မိန်းကလေးတစ်ယောက်က စိတ်ပျက်သွားပြီး သူ့အားမေးလာပြန်သည်။ 

"တကယ်ပဲနင်မဟုတ်ဘူးလား..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်ရသည်။ 

"တကယ် ငါမဟုတ်ဘူး..."


"အဲဒါဆို ဘယ်သူဖြစ်နိုင်လို့လဲ.." 

နောက်မိန်းကလေးတစ်ယောက်ကလည်းမေးလာပြန်၏။ 

"ရှားယန်များလား.."


ကျူးထုန်က ချက်ချင်းပင် ငြင်းလိုက်သည်။ 

"သူလည်းမဟုတ်ဘူး..."


သူပင်ဝန်မခံနိုင်လျှင် ရှားယန်ဆိုပါက စကားထဲတွင် ထည့်ပြောစရာကို မလိုတော့ပေ။


မိန်းကလေးများအားလုံး မှင်သက်သွားကြပြီး စုပြုံလာကြသည်။ 

"သူမဟုတ်ဘူးဆိုတာကို နင်ကဘယ်လိုလုပ်သိတာလဲ၊ မဟုတ်မှ..."


ကျူးထုန်: "ငါမဟုတ်ဘူးနော်..."


"အဲဒါဆို ရှားယန်မဟုတ်တာကို နင်ကဘယ်လိုသိတာလဲ၊ ဘယ်သူလဲဆိုတာ နင်သိထားလား..."


ကျူးထုန်၏မျက်နှာကမည်းမှောင်သွားလေ၏။ 

"ငါလည်းမသိဘူး..."


"ဒါဆို..."


"မင်းတို့ပြီးပြီလား..." 

အသံတစ်သံက မပြီးနိုင်မစီးနိုင်မေးမြန်းနေသောမိန်းကလေး၏ဘေးမှထွက်လာခဲ့သည်။ 

"မင်းတို့ပြီးပြီဆိုရင် ငါ့ထိုင်ခုံဖော်လေးကို ငါ့ဆီပြန်ပေးကြတော့..."


မိန်းကလေး: "....."


ကျူးထုန်က ရှောက်မင်နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်။ ထိုသူက လက်တစ်ဖက်ဖြင့်သူ့ကျောကိုသိုင်းဖက်လာပြီး ကျန်တစ်ဖက်က သူ့ပုခုံးပေါ်အသာတင်လာလေသည်။


ရှောက်မင်က မိန်းကလေးများကိုကြည့်လိုက်ကာ ပြီတီတီအပြုံးဖြင့်ဆိုလေ၏။ 


"မင်းတို့လို ကြယ်ပွင့်တွေနောက်ကိုတကောက်ကောက်လိုက်တဲ့မိန်းကလေးတွေက အရမ်းမလေးမစားလုပ်တတ်ကြတာပဲ၊ အမြဲတမ်း လိုတာထက်ပိုလုပ်ကြတယ်၊ မှတ်ထားကြ၊ စတားနောက်လိုက်နေတာထက် ကိုယ့်အတွက်ကိုယ်တိုက်ခိုက်နေရတာကပိုကောင်းတယ်၊ ငါပြောတာမှန်တယ်မလား..."


သူတို့အများစုက ကြွားချင်ရုံသက်သက်ဖြင့် ကျွယ်ယွိနန်၏လက်မှတ်ကိုလိုချင်ကြသည်။ ကျူးထုန်တွင် သူတို့လိုချင်သည့်အရာကိုရအောင် လုပ်ပေးရန် တာဝန်မရှိပေ။ ရှောက်မင်ကားပြုံးနေသည့်တိုင် မိန်းကလေးများ၏ တက်ကြွနေသည့်စိတ်ကို သွယ်ဝိုက်ပြီး အညွန့်ချိုးလိုက်ခြင်းသာဖြစ်သည်။


မိန်းကလေးများကား ရှက်သွားကြကာ ကျူးထုန်မျက်နှာကို ကယ်ရာမဲ့စွာဖြင့်လှမ်းကြည့်ကြသည်။ သူတို့စိတ်ထဲတွင် အားနာသလိုခံစားလိုက်ရ၏။ ထို့နောက် ကျူးထုန်အားတောင်းပန်စကားပြောကာ ထွက်သွားကြတော့သည်။


ကျူးထုန်က စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်သည်။


သူကား ထွက်သွားသောမိန်းကလေးများကိုကြည့်ကာ လာကူညီပေးသည့်ရှောက်မင်ကိုလှည့်ကြည့်လိုက်သည်။


ရှောက်မင်မှ သူ့အား"ထိတွေ့နေခြင်းကိုမရပ်တန့်" လိုက်သည့်အတွက် ပျော်ရွှင်နေမိပြီး တချိန်တည်းမှာပင် အရပ်ရှည်သည့်လူငယ်လေးအပေါ် အပြစ်ရှိစိတ်ဝင်လာခဲ့လေ၏။ အခုလေးတင် သူတို့ဘေးတွင် လူအများအပြားလူအုံလာသည်ကိုကြည့်ခြင်းအားဖြင့် နို့လက်ဖက်ရည်ဆိုင်တွင် ကျွယ်ယွိနန်ပရိသတ်များက အုံလိုက်ကျင်းလိုက်ရောက်လာတော့မည့်ပုံရသည်။


သူက ရှောက်မင်ကိုကြည့်ပြီးပြောလိုက်လေ၏။ 

"တောင်းပန်ပါတယ်.."


ရှောက်မင်က ချက်ချင်းပြန်ပြောလာသည်။

 "ရပါတယ်..."


ကျူးထုန်: "...."


"ငါဘာလို့တောင်းပန်တာလဲဆိုတာ မင်းသိလို့လား..."


ရှောက်မင်: "ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး.."


ကျူးထုန်မှာ မည်သို့ပြန်ပြောရမည်ကိုပင် မသိတော့ပေ။ စိတ်ထဲတွင်သာတွေးလိုက်မိသည်။ 

'တစ်ခုခုသိထားလို့များလား'


သူအတည်မပြုရသေးမှီမှာပင် အရှေ့မှ အတန်းခေါင်းဆောင်ခုံတွင် တစ်ယောက်ကဝင်ထိုင်လာသည်။


လော့ရှိုးပုံစံက လျှပ်တပြက်ပေါ်လာသောကပ်ဘေးမှ သီသီလေးလွတ်သလာလိုပင်။ ထိုသူက အသက်ပြင်းပြင်းရှူကာ သူ့အရှေ့မှအတန်းဖော်ကိုကြည့်ကာပြောလိုက်သည်။ 


"အဲဒီစတားနောက်လိုက်နေတဲ့ကောင်မလေးတွေက လုံးဝရူးသွားပြီ၊ ချီးပဲ...သူတို့ကကြောက်စရာကြီးဟ..ယောကျ်ားလေးတွေအနေနဲ့ ငါတို့တွေ ခပ်လျှိုလျှိုနေရမယ်..."


ကျူးထုန်က သူ့ကိုကြောင်တောင်တောင်ဖြင့်ကြည့်နေသည်။ 

"မင်းလည်း...ကျွယ်ယွိနန်ရဲ့ပရိသတ်ပဲလား..."


သူ၏ရန်လိုနေသောမျက်နှာကိုမြင်လိုက်ရသည့်အခါ လော့ရှိုးကပြုံးပြီးတုံ့ပြန်၏။


"မပူပါနဲ့၊ ငါမင်းကို လက်မှတ်မယူခိုင်းပါဘူး၊ ငါက ဘုရားဖြစ်မယ့်အုတ်နီခဲလေ.."


"....."


ရှောက်မင်က သူ့ကိုကြည့်ကာပြောလိုက်သည်။ 

"ဒါဆို မင်းကဒီကိုဘာလာလုပ်တာလဲ..."


လော့ရှိုး: "???"


လုပ်စရာမရှိရင်ရော လာလို့မရဘူးလား။ သူက သူ့အတွေးမဟုတ်ရင် တစ်ခုခုကိုမျှဝေချင်လို့ စကားလေးဘာလေး လာပြောတာတောင်မရဘူးလား။


သူတို့ကညီအစ်ကိုတွေမဟုတ်ဘူးလား။


ရှောက်မင်၏အကြည့်က သူ့ကိုနှင်ထုတ်နေသလိုပင်။ လော့ရှိုးက မျက်နှာပိုးသတ်လိုက်ပြီး လိုရင်းကိုတည့်တည့်ပြောလိုက်သည်။ 


"တတိယနှစ်အဆောင်နောက်က ကန်တင်းအသစ်က ဒီနေ့ဖွင့်ပြီ၊ အဲဒီကစားစရာတွေက အရမ်းအရသာရှိတယ်တဲ့၊ ပြီးရင်သွားစားကြည့်ရအောင်..."


ကျူးထုန်ကပြုံးလိုက်သော်လည်း အနည်းငယ်တွေဝေနေ၏။

 'ကန်တင်းအသစ်လား'


သူကျောင်းကိုစရောက်တည်းက ကျောင်းကန်တင်းတွင်မစားဖူးသေးပေ။


ရှောက်မင်က လော့ရှိုးကို တည့်သာပြောလိုက်သည်။ 

"မင်းသွားရင်သွား၊ ငါနဲ့ကျူးထုန်ကအပြင်မှာစားမှာ.."


"မစားဘူးလား..." 

လော့ရှိုးက ကြိုးစားပြီးဆွယ်နေ၏။ 

"လူအများကြီးနဲ့စားတာက ပိုပြီးစိတ်ဝင်စားစရာမကောင်းဘူးလား၊ ကန်တင်းအသစ်မှာ အတူသွားစားကြမယ်လေ.."


ရှောက်မင်: "ငါကန်တင်းမှာမစားတတ်ဘူး..."


"သောက်ရေးမပါတာ..." 

လော့ရှိုးမျက်နှာက မကြည်မသာဖြစ်သွားလေ၏။ 

"မင်းပထမနှစ်မှာတည်းက ကန်တင်းကို သူများတွေထက်ဦးအောင်ပြေးသွားနေကျလေ၊ ဘယ်တုန်းက..."


သူကား စကားကိုခဏရပ်လိုက်ကာ ကျူးထုန်ကိုကြည့်လိုက်၏။ 


ကျူးထုန် ပြောင်းလာတည်းက သူတို့ကန်တင်းကို သိပ်မသွားဖြစ်ကြတော့ပေ။


ကျူးထုန်ကလည်း တစ်ခုခုကိုသတိထားမိသွားပုံရသည်။ ရှောက်မင်ကိုတစ်ချက်ကြည့်ပြီး လော့ရှိုးကိုပြန်ကြည့်ကာမေးလိုက်သည်။ 


"ကန်တင်းအသစ်လား..."


လော့ရှိုးက အူကြောင်ကြောင်ဖြင့်ခေါင်းညိတ်ပြသည်။ 

"အေးလေ.."


ကျူးထုန်: "အင်း၊ သွားစားကြည့်ရအောင်.."


ရှောက်မင်: "....."




🤒