Chapter 28
Viewers 6k

🤒အခန်း ၂၈





တန်းခွဲသုံးတွင်ဖြစ်သည်။

 á€›á€žá€ąá€Źá€€á€şá€™á€„် အတန်းထဲမရောက်သေးသော်လည်း သူ့ခုံအနားတွင် လူများစုအုံနေလေသည်။


အရှေ့ခုံမှထျန်နွမ်က စိတ်လှုပ်ရှားစွာဖြင့်ဖောက်သည်ချလာခဲ့သည်။ 


"ရီရတာပြောမယ် ပြည့်သူ့ဆေးရုံမှာ သူနာပြုအလုပ်လုပ်နေတဲ့ ငါ့ရဲ့ဝမ်းကွဲတစ်ယောက်ရှိတယ်၊ သူမနေ့ညက ဂျူတီကျတော့ ယွမ်ရှောင်ကျိုးရှိတဲ့အထပ်မှာတာဝန်ယူရတယ်တဲ့၊ တစ်ယောက်ယောက်က ယွမ်ရှောင်ကျိုးရဲ့ဆေးရုံခန်းကိုလိုင်းဖြတ်လိုက်တယ်ဆိုလား၊ သူက မနေ့ညက လိုင်းဖြတ်သွားလို့ဆိုပြီးဆဲဆိုနေတယ်တဲ့၊ အဲဒီသောက်ရူးကဘာမှမတတ်နိုင်တော့ဘူးလေ၊ ငါ့ဝမ်းကွဲနှင့်လက်ထောက်တွေက အမှန်ကိုသိကြတယ်၊ ဒါပေမဲ့လည်း ဘယ်သူကမှမပြောပြကြဘူးတဲ့၊ ဟားဟားဟား..."


"လိုင်းဖြတ်တယ် ဟုတ်လား၊ ဘယ်သူလဲ၊ အံ့ဩလိုက်တာဟယ်.."


"ဝက်နှလုံးနဲ့ပုစွန်ဆိတ်ကောင်၊ ဆေးရုံမှာလိုင်းပြတ်နေမှတော့ ထောင်ထဲသွားနေရတာနဲ့ဘာကွာသေးလဲ..."


"သေချာတာပေါ့၊ သေချာတာပေါ့၊ ဒီတစ်ခါတော့ ယွမ်ရှောင်ကျိုးတစ်ယောက် သံပန်းကန်ပြားကိုသွားတိုက်မိတာ သေချာတယ်..."


"သူရဲစခန်းကိုသွားရနိုင်တယ်၊ လဝက်လောက်လည်းကျောင်းနားရလောက်တယ်၊ အနည်းဆုံးတော့ သူကျန်းမာနေပါသေးတယ်..."


အတင်းအဖျင်းစကားဝိုင်းများက အရှိန်ကောင်းနေချိန်တွင် ကျူးထုန်ကအေးအေးဆေးဆေးပင်။ ခေါင်းငုံ့ပြီးစာဆက်လုပ်နေခဲ့သည်။


မနေ့တည်းက သူတွက်မရသေးသည့်သင်္ချာပုစ္ဆာနှစ်ပုဒ်ရှိနေလေ၏။


သူ မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွင် တွက်ကြည့်ခဲ့စဥ်က ရုတ်တရက် အကြံရခဲ့သောကြောင့် ကြိုးစားပြီးတွက်ချက်နေခြင်းဖြစ်သည်။


ရုတ်တရက် ကျောင်းသားတစ်ယောက်ကပြောလာ၏။ 

"ဒါပေမဲ့ ထူးဆန်းနေသလိုပဲနော်၊ မနေ့က ရှောက်မင်ဆီမှာ အတိအကျဘာဖြစ်ခဲ့တာလဲ၊ ဒီနေ့လည်း ယွမ်ရှောင်ကျိုး ဘယ်လိုလုပ်အရိုက်ခံရတာလဲ..."


"ယွမ်ရှောင်ကျိုးက မကောင်းတာတွေအများကြီးလုပ်မိလို့အရိုက်ခံရတာ၊ ရှောက်မင်နဲ့ဘာဆိုင်လို့လဲ..."


"ဒါပေမဲ့ အရမ်းတိုက်ဆိုင်နေတယ်လေ၊ မနေ့က ရှောက်မင်နဲ့ပတ်သက်တဲ့သတင်းကို တစ်ယောက်ယောက်ကဖြန့်လိုက်တော့ ဖိုရမ်အပိတ်ခံလိုက်ရတယ်၊ ပြီးတော့ ယွမ်ရှောင်ကျိုးလည်း ဆေးရုံသွားလိုက်ရတယ်၊ တစ်ယောက်ယောက်ပြောကြစမ်းပါ၊ မနေ့က ဖိုရမ်မှာပြောနေကြတာတွေကအမှန်တွေလား.."


အုပ်စုလိုက်အတင်းပြောနေသူများက ရုတ်တရက်ငြိမ်သွားခဲ့သည်။


ကျူးထုန်က မျက်မှောင်ကြုတ်ပြီး ရုတ်တရက်မော့ကြည့်လိုက်၏။


ပြောနေသူက ထျန်နွမ်ရဲ့ထိုင်ခုံဖက်ထျန်မန်ပင်။


သူမ ပါးစပ်ဟလိုက်သည်နှင့် အခြားမိန်းကလေးများက ဆက်မပြောရန် အရိပ်အယောင်ပြကြသည်။ ယင်းကိုပင် ထျန်မန်ကမမြင်သေးဘဲဆက်ပြောလေ၏။


 "ဖိုရမ်ကိုပိတ်ပစ်ပြီး ယွမ်ရှောင်ကျိုးကိုသင်ခန်းစာပေးနိုင်တာမျိုးက သာမန်လူလုပ်နိုင်တာမျိုးမဟုတ်ဘူး၊ ရှောက်မင်မှာဘယ်လိုလုပ် ဒီလိုအရည်အချင်းမျိုးရှိပါ့မလဲ၊ ဒါမှမဟုတ် သူ့ကိုကူညီပေးဖို့ အပြင်က အကောင်ကြီးကြီးကိုများ တွေ့သွားတာလား..."


အစကတော့ သူမက ရယ်ရသည်ဟုထင်ပြီးရယ်နေသေးသည်။ ခဏကြာမှ သူမဘေးရှိလူများက တစ်ယောက်မှမရယ်လာသောကြောင့် သူမအနည်းငယ်ရှက်သွားမိသည်။


ထျန်နွမ်ကမျက်မှောင်ကြုတ်ကာပြောလိုက်၏။ 


"ထျန်မန်၊ ငါတို့ရှောက်မင်နဲ့သိတာကြာလှပြီ၊ သူဘယ်သူလဲဆိုတာနင်မသိဘူးလား၊ အခြေအမြစ်မရှိ မဟုတ်တာတွေလျှောက်မပြောနဲ့..."


ထျန်မန်က မကျေမနပ်ဖြစ်သွားလေသည်။


 "ဘာကိုအဓိပ္ပါယ်မရှိရမှာလဲ၊ အကုန်လုံးပြောနေကြ..."


"ထျန်မန်..."


အနောက်ခုံမှကျောင်းသားလေးက ရုတ်တရက်လှမ်းခေါ်လိုက်သည်။


ကျူးထုန်က အခြားသူများနှင့် အခေါ်အပြောသိပ်မရှိသောကြောင့် သူ့ဘက်မှ ရုတ်တရက်ကြီး ထျန်မန်နာမည်ကိုခေါ်လိုက်သည့်အခါ အရှေ့မှအတင်းပြောနေသူများက သူ့ကိုကြည့်မိလိုက်ကြသည်။


ထျန်မန်ကလည်းလှည့်ကြည့်လာလေ၏။


ကျူးထုန်က သူမကိုစေ့စေ့ကြည့်ကာပြောလိုက်သည်။ 


"ငါကြားတာတော့ နင့်အဖေက အရင်မိန်းမကိုပစ်ပြီး နင့်အမေနဲ့ရှုပ်နေခဲ့တာ ပြီးမှ နင့်အမေကို လက်ထပ်ခဲ့တာဆို..."


ထျန်မန်၏မျက်နှာက တမဟုတ်ချင်းပြောင်းလဲသွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့်ပင်ပြောလိုက်လေသည်။ 


"ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ..."


ကျူးထုန်ကတော့ သူမကိုမျက်နှာသေဖြင့်ကြည့်လိုက်၏။ 

"အမှန်ဟုတ်မဟုတ်တော့ငါလည်းမသိဘူးလေ၊ လူတိုင်းကပြောနေကြတာပဲကို.." 


သူမစကားနှင့်ပင်ပြန်ပက်ခံလိုက်ရ၍ ထျန်မန်လည်း တစ်လုံးမှပြန်မပြောနိုင်တော့ပေ။ သူမမျက်နှာက ဖြူရော်လာခဲ့သည်။


ထျန်မန်၏အမေမှာ အငယ်အနှောင်းတစ်ယောက်ဖြစ်ကြောင်း လူတိုင်းကတီးတိုးပြောနေခဲ့ကြသည်။ ကျူးထုန်က ထိုစကားဝိုင်းများထဲတွင်မပါခဲ့ဖူး၍ အချို့တဝက်ကိုသာကြားခဲ့ရခြင်းဖြစ်လေ၏။


အခြားသူများက ထျန်မန်၏ကွယ်ရာတွင်ပြောနေခဲ့ကြခြင်းဖြစ်သည်။ ဘယ်သူမှ သူမအရှေ့တွင်တိုက်ရိုက်မပြောနိုင်ကြမှန်း ကျူးထုန်လည်းတွေးထားပြီးသားပင်။


အတန်း၏နောက်ပိုင်းနေရာက တခဏမျှတိတ်ဆိတ်နေခဲ့သည်။


ခဏအကြာမှ ကျူးထုန်က အေးစက်စက်ဖြင့်ပြောလာခဲ့သည်။ 


"ငါပြောတာသာမှားနေခဲ့တာဆိုရင် ငါနင့်ကိုတောင်းပန်မှာပါ၊ ဒါပေမဲ့ ငါလည်းနင့်ကိုမေးချင်တယ်၊ နင်အခုလေးတင်ပြောလိုက်တဲ့စကားက သက်သေရှိလို့လား..."


"....." 


မျက်လုံးများစွာက ထျန်မန်ရှိရာသို့လှည့်လာကြလေသည်။


ထျန်မန်မှာဘာမှမပြောတတ်တော့ပေ။ သူမဦးနှောက်က တခဏမျှ မွှေနှောက်ခံလိုက်ရသည်။


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို တစ်ရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက ဆယ့်ခုနစ်ရာခိုင်နှုန်းပါ'


သူမနေ့က နို့လက်ဖက်ရည်ဆိုင်မှပြန်အလာတွင် နှစ်သက်မှုရာခိုင်နှုန်းက တစ်ရာခိုင်နှုန်းတိုးသွားခဲ့သည်။ ယနေ့လည်း နောက်ထပ်တစ်ရာခိုင်နှုန်းထပ်တက်သွားပြန်ပြီ။


သူအခုလေးတင်ပြောလိုက်တာကြောင့်များလား။


ကျူးထုန်မှာ ဖောက်ခနဲပေါ်လာသောစနစ်အသံကိုကြားလိုက်ရပြီးနောက် အတန်း၏အနောက်တံခါးကိုလှမ်းကြည့်လိုက်သည်။


ရှောက်မင်ကိုတွေ့လိုက်ရ၏။ အရပ်ရှည်ရှည်လူငယ်လေးက သူ့ထံကိုလျှောက်လာပြီး တဖက်မှအတန်းဖော်များကိုမူ စွေ၍ပင်မကြည့်ပေ။ အတင်းပြောနေသည့်အုပ်စုကို ပွဲစားပမာပြုံးပြလိုက်သည်။ ဒေါသထွက်နေသည်ကို အလိုလိုသိနိုင်လောက်သော အပြုံးမျိုးပင်။


"Oh...လူစုံတက်စုံပါလား..."


ရှောက်မင်ကို ရုတ်တရက်မြင်လိုက်ရ၍ ထျန်မန်၏မျက်နှာကပိုပြီးရုပ်ဆိုးလာလေသည်။ ယခုလေးတင်သူမပြောလိုက်သည့်စကားများကို ရှောက်မင် ဘယ်အထိကြားသွားသည်အား သူမ မသိပေ။


သူမက ကျူးထုန်ကို ဆက်မကြည့်ရဲတော့ဘဲ အပြစ်ရှိစိတ်ဖြင့်ထိုင်ခုံတွင်ပြန်သွားထိုင်ပြီး စာကျက်ချင်ဟန်ဆောင်နေလိုက်၏။


ထျန်နွမ်က သူမဘေးတွင်ထိုင်ကြည့်နေပြီး စာနာစိတ်က တစ်မှုန်လေးပင်မဝင်လာပေ။


ယခင်ကတော့ ထျန်မန်က မဆင်မခြင်ပြောတတ်သည်ဟုထင်ခဲ့သော်လည်း ယခုတော့ သူမပါးစပ်မှထွက်လာသည့် နားဝင်ဆိုးသောစကားလုံးများက သူမ၏အစစ်အမှန်ထင်မြင်မှုများဖြစ်နေခဲ့သည်။


သူမက တဇွတ်ထိုးနိုင်လွန်းသည်။


သူမက ရှောက်မင်ကိုတောင်းပန်သလိုပြုံးပြလိုက်ပြီး သူမခေါင်းကိုပြန်လှည့်လိုက်သည်။


ရှောက်မင်က သူတို့ကိုဂရုမစိုက်တော့ဘဲ သူ့ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။


ကျူးထုန်က ခေါင်းငုံ့ပြီး ပုစ္ဆာတွက်နေလေသည်။


ရှောက်မင်က သူ့ကိုမနှောင့်ယှက်သည့်တိုင် သူ၏ပုစ္ဆာတွက်နေသောအဆင့်များကိုကြည့်ကာ ခပ်ပါးပါးလေးသတိပေးလာလေသည်။

 "မင်းသုံးထားတဲ့ဖော်မြူလာမှားနေတယ်..."


ကျူးထုန်: "...."


ဘော့ပင်ထိပ်ဖျားလေးကရပ်သွားပြီး ကျူးထုန် ခေါင်းမော့လိုက်သည်။ အခုလေးတင် ထျန်မန်ကိုနှိပ်ကွပ်နေသည့်အော်ရာများမှာ အစအနလေးပင်မကျန်တော့ပေ။


သူကား ခဏမျှရပ်ကာမေးလိုက်လေ၏။ 


"ဒါဆို ဘာဖော်မြူလာသုံးရမှာလဲ..."


ရှောက်မင်: "....."


ရှောက်မင်မှာ ကျူးထုန်ကို ဖြူကောင်လေးနှင့်တူသည်ဟုခံစားနေရသည်။ အချို့လူများအရှေ့တွင် သူကရန်လိုပြီး ဘုဆတ်ဆတ်ပြောတတ်သည်။ အခြားသူများအရှေ့တွင်မူ သူ၏ပန်းရောင်သန်းနေပြီး အိစက်နေသည့်ဝမ်းဗိုက်လေးနှင့် အပြည့်အဝယုံကြည်မှုကိုပြတတ်သည်။ ခြားနားချက်ကမူ မယုံနိုင်စရာပင်။


သူ့ဘက်မှ အတန်ကြာအောင်တိတ်ဆိတ်သွားလေရာ ကျူးထုန်က မှင်သေသေဖြင့်ကြည့်လာလေသည်။


ကျူးထုန်ကိုမြင်လိုက်ရသည့်အခါ ရှောက်မင်၏နှလုံးက ဒိတ်ခနဲခုန်လှုပ်သွားလေသည်။ သူကား မျက်တောင်ခတ်လိုက်ပြီး ကျူးထုန်၏အကြမ်းစာရွက်ကိုငေးကြည့်နေပြီးနောက် လက်ဆန့်ထုတ်ကာပြောလိုက်လေသည်။ 

"မင်းဘောပင်ပေး..."


ကျူးထုန်က ရိုးသားပြီးလိမ္မာရေးခြားရှိသည့်ပုံစံဖြင့် ဘောပင်ကိုကမ်းပေးလိုက်သည်။ ရှောက်မင်က ဖော်မြူလာများကိုတန်းစီပြီး ချရေးပေးလိုက်၏။


ကျူးထုန်က သူရေးထားတာကိုကြည့်နေသည်။ ကောင်းကင်ဘုံ၏တမန်တော်က သူ့ဘက်တွင်ရှိနေသလိုမျိုး သူ့မျက်လုံးများက ရုတ်ချည်း အရောင်လက်လာခဲ့၏။ သူ့ဘောပင်ကိုပင် ပြန်ယူချင်နေလေသည်။


သူတို့လက်ချောင်းထိပ်လေးများထိသွားသည်နှင့် ရှောက်မင်က ရုတ်တရက်မေးလာလေသည်။ 


"ယွမ်ရှောင်ကျိုးကိုလျှပ်တပြက်လက်စားချေမှုရဲ့ နောက်ကွယ်ကလူက မင်းလား..."


"......"


ကျူးထုန်၏နှလုံးက တမဟုတ်ချင်း ဆောင့်ခုန်သွားလေသည်။


ဘေးလူများမကြားရအောင် ရှောက်မင်က သူ့နားအနီးသို့ကပ်ပြီးပြောလာခဲ့သည်။ ထိုသူ၏အသက်ရှူငွေ့တို့က မယုံကြည်နိုင်ဖွယ်ကောင်းသည်အထိ ပူနွေးနေခဲ့လေ၏။ စက္ကန့်ဝက်လေးသာကြာလိုက်သော်လည်း ထိုအနွေးဓာတ်က အချိန်အတန်ကြာသည်အထိ ရစ်ပတ်နေခဲ့သည်။


သူ့ဦးနှောက်ထဲတွင် တဝီဝီအသံများကြားနေရသည့်နှယ် ကျူးထုန်၏ခေါင်းမှာမူးဝေလာခဲ့သည်။ သူကား ရုတ်ချည်း ကျောမတ်ထိုင်လိုက်မိရင်း မရေမရာဖြင့်ပြောလာလေ၏။ 


"သူ...သူအတော်လေးထိသွားတာလား..."


ဤတကြိမ်တွင်တော့ သူ့အမူအရာကသိသာလွန်းသွားခဲ့သည်။ အစတည်းက ရှောက်မင်ကိုဖုံးထားနိုင်မည်မဟုတ်မှန်းလည်းသူသိနေခဲ့လေ၏။


ရှောက်မင်က သူ၏ရုတ်တရက်ပြောင်းလဲသွားမှုကိုမြင်သွားခဲ့သည်။ မျက်လုံးထဲတွင်အပြုံးများဝေနေရင်း ထိုသူကအရှေ့သို့ကိုင်းကာ ပြောလာခဲ့သည်။ 


"သည်းမခံနိုင်တော့လို့ လူငှားပြီး သူ့ကိုသင်ခန်းစာပေးလိုက်တာလား..."


ကျူးထုန်မှာ ခြောက်ကပ်ကပ်ဖြင့်ခေါင်းညိတ်ပြလိုက်ရသည်။


သူ့စိတ်ထဲတွင်မူ ယွမ်ရှောင်ကျိုးကသူ့ကိုလုပ်ခဲ့သည့်အတိုင်း သူကလူမိုက်ငှားပြီး ထိုသူကို သူ့လိုထပ်တူခံစားရအောင် ပြန်ပေးဆပ်ခိုင်းလိုက်သည်ဟုသာ သဘောထားခဲ့သည်။


"အော်..." 

ရှောက်မင်က နောင်တရစိတ်ဖြင့် တဖက်လှည့်သွားခဲ့သည်။ 

"နှမြောလိုက်တာ၊ ငါကတော့ မင်းငါ့အတွက် လုပ်ပေးတယ်လို့ပဲထင်နေခဲ့တာ.."


ကျူးထုန်က ဘာကိုမှမပြောဖြစ်ဘဲ စိတ်ပေါ့သွားသည့်အတွက် သက်ပြင်းချလိုက်လေသည်။


သူမတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း ရုတ်တရက် မှီချလာသောရှောက်မင်ကြောင့် ပြန်ထိုင်ကျသွားလေသည်။ သူတို့နှစ်ယောက်ကြားမှ ခန္ဓာကိုယ်အကွာအဝေးက လက်ရှိတွင် အရေးမပါတော့ပေ။


"ဖုန်းလိုင်းဖြတ်တဲ့ကိစ္စကရော..."


လက်ရှိတွင် သူတို့ကဘေးချင်းကပ်ထိုင်နေရသောကြောင့် ကျူးထုန်မှာ သူ့ပုခုံးလေးက ကျုံ့ဝင်နေသလိုခံစားနေရလေသည်။ မသိစိတ်အလျောက် သူ့မှာ အသက်ကိုထိန်းရှူနေမိသည်။ အလွန်သိသာသည့် စကားမျိုးကို မှားပြောမိ၍မဖြစ်ပေ။


သို့သော်လည်း ရှောက်မင်က သူ့အနားကို တစ်လက်မမျှ ပိုကပ်လာခဲ့သည်။ 

"ဟင်.."


ကျူးထုန်: "....."


"ဖုန်းလိုင်းဖြတ်တာကတော့...."


၎င်းကိုမူ ယွမ်ရှောင်ကျိုး အွန်လိုင်းပေါ်တွင် ဆက်ပြီးပြဿနာမရှာနိုင်ရန် သူ့ဘက်မှ လူတစ်ယောက်ကိုအကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ ထိုသူသာ ဖိုရမ်တွင် ပရမ်းပတာလျှောက်လုပ်နေရခြင်းကိုသဘောကျသည်ဆိုလျှင် ကျူးထုန်ကလည်းယွမ်ရှောင်ကျိုးကို "အပယ်ခံ" ဖြစ်ရသည့်အရသာမျိုးအား ခံစားစေချင်လေသည်။


တစ်နေ့တည်း အပယ်ခံဖြစ်နေပါက ထိုသူအတွက် သက်သာလွန်းသည်။


ထို့ကြောင့် သူက လူဆိုးအုပ်စုကိုငှားပြီး ဆေးရုံပြန်ပို့လိုက်ခြင်းပင်ဖြစ်လေ၏။


သူကား ရှင်းပြရန် တွေးတောနေဆဲရှိသေးစဥ်မှာပင် ရှောက်မင်ကရယ်နေလေသည်။ 


"မင်းကိုယ့်ကိုစိတ်ပူနေတာမဟုတ်ဘူးလို့ပြောဦးမလို့လား..."


ကျူးထုန်မှာ သူ့တံတွေးနှင့်သူပြန်သီးသွားလေသည်။ သူကား ရှောက်မင်၏စကားကိုပြန်လည်ချေပလိုက်၏။


 "သူက လူတွေကြားမှာ ကောလဟလနဲ့မကောင်းသတင်းတွေဖြန့်ခဲ့တာလေ၊ အနည်းဆုံးတော့ သင်ခန်းစာရသွားအောင်ပေးသင့်တာပေါ့..."


"အော်..ဆိုတော့ တရားမျှတမှုအတွက်ပေါ့..." 


ကျူးထုန်က သူ့အတွက်လုပ်ပေးတာပါဟု မဝန်ခံရသည့်အကြောင်းအရင်းကို ရှောက်မင်လည်း အတော်လေးနားမလည်နိုင်ဖြစ်နေရလေသည်။


သူကား စနောက်ချင်နေသည့်ဟန်ဖြင့် ခပ်ရေးရေးပြုံးကာ ကျူးထုန်၏ကိုးရို့ကားယားဖြစ်နေပုံကိုကြည့်ကာ ဆက်ပြီးအပျော်ရှာနေလေသည်။ 


"ဒါဆို၊ သူပြောတာမှန်နေရင်ရောဘယ်လိုလုပ်မလဲဆိုပြီးရော တွေးမိလား..."


ကျူးထုန်ကား အစတည်းက သူ့အပေါ် အပြည့်အဝယုံကြည်ထားခဲ့သည်။


သူတို့သိလာသည်မှာမကြာသေးသည့်အပြင် ကျူးထုန်က ထိုမှတ်ချက်များကိုမြင်ခဲ့စဥ်ကလည်း သူ့မျက်လုံးများထဲသို့ကြည့်ပြီး မေးခွန်းထုတ်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။


"ဘာလို့လဲ..." 

ရှောက်မင်မှာ အဖြေရှာမရဖြစ်နေခဲ့သည်။


နောက်ဆုံးတော့ ကျူးထုန်ကသူ့အား တိုက်ရိုက်လှည့်ကြည့်လာခဲ့၏။


'မှတ်ချက်တွေရဲ့နောက်ကွယ်ကအမှန်တရားတဲ့လား၊ မူးယစ်ဆေးတွေပါနေတာကိုပြောတာလား၊ ပထွေးဖြစ်သူက ဘားဆိုင်ဖွင့်ပြီးထောင်ထဲရောက်သွားတယ်ဆိုတာကိုလား၊ ဒါမှမဟုတ် ရှောင်မင်က ကိုယ့်အဖေကိုယ်ဘယ်သူမှန်းတောင်မသိတဲ့ မျိုးမစစ်လေးဆိုတာလား...'


ကျူးထုန် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် လေးနက်သည့်မျက်နှာဖြစ်သွားခဲ့သည်။ 


"မင်းမိဘတွေကဘယ်လိုလူတွေလဲတော့ငါလည်းမသိဘူး၊ ဒါပေမဲ့ ငါကျောင်းကိုစရောက်တဲ့နေ့မှာ ယွမ်ရှောင်ကျိုးကငါ့ကို ပြဿနာရှာခဲ့တယ်၊ မင်းကငါ့ကိုကူညီပေးခဲ့တယ်၊ ဒီတော့ မင်းကလုံးဝလူဆိုးမဟုတ်ဘူး..."


"....."


"မင်းရဲ့နို့လက်ဖက်ရည်ဆိုင်က အရမ်းသန့်တယ်၊ ဝယ်သူတွေက နေ့တိုင်းလာကြတယ်၊ အဲဒီတော့ အကုန်လုံးကိုပြောင်နေအောင်သန့်ရှင်းရေးလုပ်ထားဖို့ကမဖြစ်နိုင်ဘူး၊ မင်းအမေကဆိုင်နဲ့ပတ်သက်ရင် အရမ်းအလေးထားတယ်၊ သူ့သဘောထားကိုကြည့်ရုံနဲ့ နို့လက်ဖက်ရည်ထဲမှာ မူးယစ်ဆေးတွေရောထားဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ငါသိဖို့လိုတာ ဒီနှစ်ချက်ပဲ၊ ငါတခြားအကြောင်းတွေသိဖို့မလိုဘူး၊ မင်းနဲ့လည်းမဆိုင်ဘူး..."


ရှောက်မင်: "....." 


'ငါနဲ့မဆိုင်ဘူးတဲ့လား'


ရှောက်မင်မှာ တစ်ဖက်ကယခုလိုအထိပြောလာမည်ဟု မထင်ထားခဲ့ပေ။ ကျူးထုန်၏ အပြစ်ကင်းသောမျက်လုံးလေးများကိုကြည့်ရင်း အချိန်အတန်ကြာမှင်သက်နေပြီးမှ နှုတ်ခမ်းတို့ကိုတွန့်ကွေးကာ ပြုံးလိုက်ပြီး ကွေးထားသောကိုယ်ကို အမြန်ပြန်မတ်လိုက်သည်။


"အဝေးကြီးမှာဘာလုပ်နေတာလဲ၊ ဘောပင်လိုသေးလို့လား..."


ကျူးထုန်: "?"


ခေါင်းစဥ်က အလျင်အမြန်ပြောင်းလဲသွားခဲ့ပြီး သူ့မှာ တုံ့ပြန်ရန်အချိန်မရလိုက်ပေ။ သူက မတ်မတ်ထိုင်နေပြီဖြစ်သောရှောက်မင်ကိုကြည့်ပြီး စားပွဲအစွန်မှပြုတ်ကျတော့မည့်သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။


ရှောက်မင်ကသာ သူ့ဘက်ကိုတစ်လက်မချင်း ကပ်လာတာမဟုတ်ရင် သူကစားပွဲအစွန်ကိုဘယ်လိုလုပ်ရောက်သွားပါ့မလဲ။


ဒီလူကသူ့ကို ချောင်ပိတ်ဖမ်းနေတာပဲ။ အရှက်ကိုမရှိဘူး။



__________



စာရေးသူမှာပြောစရာရှိပါတယ်။



မင်းဇနီးလေးရဲ့ရှေ့မှာ ဘယ်လိုမျက်နှာရချင်လဲ။



🤒