Chapter 75
Viewers 13k

📽️Chapter 75

အခြေအနေ : လမ်းခွဲခြင်း



ရန်ရှူက သူ၏မောင်းနှင်ပုံအရ အောင်မြင်ခဲ့သည်ဟု ဆိုရမည့် ကန့်သတ်ထားသည့်အရှိန်ဖြင့် စန့်ရှန်း၏ အိမ်သို့ ရောက်သွားသည်။ 


အိမ်ထဲသို့ ဝင်သောအခါ တုံ့ဆိုင်းခြင်းမရှိဘဲ အခန်းထဲသို့ ဝင်သွားခဲ့ပြီး ခွေးသုံးကောင်ကိုလွှတ်၍ စန့်ရှန်း၏ အိမ်ကို ဖျက်ဆီးစေကာ စန့်ရှန်းကို တန်ဖိုးအကြီးကြီး ပေးချေရန်လုပ်ဆောင်ခဲ့သည်။ 


ရလဒ်အနေဖြင့် ခွေးသုံးကောင်က သူတို့ကိုယ်ပိုင် အိမ်တော်ထိန်းများ ရှိနေခဲ့သည်။ ဟတ်စကီးခွေးသည်ပင် အိမ်ကို ဆုတ်ဖြဲမိမည်ကို ကြောက်နေပုံရပြီး ရန်ရှူထက်ပို၍ ဥာဏ်ကောင်းမည့်ပုံ ပေါ်နေသည်။ 


ရန်ရှူက ခွေးသုံးကောင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး စန့်ရှန်း၏ ကွန်ပြူတာထံ ညွှန်ပြ၍ ပြောလိုက်သည်။ 

"ကိုက်လေ…" 


ခွေးသုံးကောင်က အမြီးလေးများကိုယမ်းကာ သူ့ရှေ့တွင် လိမ်လိမ်မာမာဖြင့် ထိုင်ချလိုက်ကြလေသည်။ 


ရန်ရှူတစ်ယောက် စန့်ရှန်း မွေးထားသော ခွေးသုံးကောင်က သူ့ထက်ပင် ကောင်းကောင်းပြုမူတတ်သေးသည်ကို ရှာဖွေတွေ့ရှိလိုက်ရလေသည်။ 


ဒါလည်း အလုပ်မဖြစ်ပုံပဲ... 


ထိုကတည်းက ရန်ရှူတစ်ယောက် ရက်စက်သည့် လှုပ်ရှားမှုတစ်ခုကို တွေးမိသွားသည်။ 


ရန်ရှူ ခွေးသုံးကောင်ကို ကြည့်ကာ သေသေချာချာ ရွေးချယ်နေလိုက်သည်။ 

အလက်စကာက လေးလွန်းတယ်... ဟက်စကီးဆို တအားရုန်းတတ်တာ... ဒါဆို ဆာမိုရယ်ပေါ့... 


သူက ဆာမိုရယ်ခွေးလေးကို ခေါ်ကာ ထွက်လာခဲ့ပြီးနောက် ရှောင်ချီကို ကားမောင်းပို့ပေးရန် ခေါ်လိုက်သည်။ 


ရှောင်ချီက ရန်ရှူတစ်ယောက် ခွေးပိုက်၍ ကားထဲ ဝင်လာသည်ကို တွေ့သောအခါ မေးလိုက်သည်။

"အစ်ကိုရန်... ခွေးဝယ်ထားတာလား…" 


"ခိုးခဲ့တာလေ…" 


ရှောင်ချီက တစ်ခဏလောက်ထိ ကားမထွက်ရဲသေးဘဲ ရန်ရှူကို အံ့သြနေဟန်ဖြင့်ကြည့်ကာ အားတက်သရော တိုက်တွန်းလိုက်သည်။

"အစ်ကိုရန်... ခွေးတွေက စျေးမကြီးပါဘူး... ကိုယ့်ဘာသာ တစ်ကောင်ဝယ်လို့ရတယ်လေ... မခိုးပါနဲ့... ဥပဒေနဲ့ မညီဘူးနော်..  ဒီအကြောင်း ပေါ်သွားရင် ဘယ်လို ဖြစ်သွားမလဲ... အစ်ကို ပြောကြည့်..."

 

ရန်ရှူက စိတ်မရှည်တော့ဟန်ဖြင့် ရှင်းပြလိုက်သည်။

"ဒါက စန့်ရှန်း မွေးထားတာ... ငါခိုးခဲ့တာလေ... သားကြောဖြတ်မလို့…" 


ရှောင်ချီက ကန့်ကွက်ချင်နေဆဲပင်။

"ဒါ... အလုပ်ဖြစ်ပါ့မလား... မစ္စတာစန့် ဒေါသမထွက်လောက်ဘူးလား…" 


" ငါက အရမ်း ဒေါသထွက်နေပြီးသားကွ... သူဒေါသထွက်မှာကို ကြောက်နေရသေးတာလား…" 


ရှောင်ချီက ဖြစ်ခဲ့သည့်ကိစ္စကို မသိသဖြင့် နီးစပ်ရာ တိရိစ္ဆာန်ဆေးရုံသို့ ခေါ်သွားပေးခဲ့သည်။ 


ရန်ရှူက သနားစရာဆာမိုရယ်လေးကို ပွေ့ကာ တိရိစ္ဆာန်ဆေးရုံထဲသို့ ဝင်လာပြီးနောက် ပြောလိုက်သည်။

"သူ့ကို သင်းကွပ်ချင်လို့…" 


ဒေါက်တာက လာကြည့်ပေးပြီးနောက် ပြောလိုက်သည်။ 

"လုပ်ထားပြီးသားလေ…"


ရန်ရှူ: “…”


သူနှင့် ဆရာဝန်တို့က တစ်ခဏမျှ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရန်ရှူက ပြောလိုက်သည်။

"ဒါဆို ရောက်လာတာ အလကားမဖြစ်အောင် ရေချိုးပြီး အမွေးရိတ်လိုက်မယ်…" 


"သြော်... မင်းက အလှအပဝန်ဆောင်မှု လုပ်ချင်တာလား... ဟုတ်ပါပြီ…" 


ရန်ရှူက အပြင်ဘက်တွင် စောင့်နေရင်း စိတ်အေးသွားသည်။ 

သင်းကွပ်လို့ မရရင် စန့်ရှန်းရဲ့ ခွေးကို အမွေးရိတ်ပေးပြီး စန့်ရှန်း ဒေါသထွက်သွားအောင် လုပ်လို့ရတာပဲ... 


ခွေးကို ခေါ်ထုတ်လာသောအခါ ရန်ရှူ တိတ်ဆိတ်သွားလေသည်။ 

အမွေးကတော့ ရိတ်လိုက်ပါတယ်... ဘာလို့ အရမ်း လှနေရတာလဲ... ဒီလောက်လယ်ဗယ်ဆို အရမ်းကောင်းလွန်းနေပြီလေ... အရမ်းကောင်းလွန်းလို့ ငါ့အမုန်းတွေကို နားမလည်နိုင်တော့တဲ့အထိပဲ... 


အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် မထိန်းထားနိုင်တော့ဘဲ ဆေးရုံ၌ ကဒ်ကို လျှောက်ထားလိုက်သဖြင့် ဝန်ဆောင်မှု 30ကို ဒစ်စကောင့်15% ရရှိမည် ဖြစ်သည်။ 


ဤသို့ဖြင့် ပိုလှလာသော ဆာမိုရယ်လေးကို ကားထဲသို့ ပြန်ခေါ်သွားခဲ့ပြီး ဒေါသများ ပိုထွက်လာလေတော့သည်။ 


***


စာရေးသူမှာ ပြောစရာ ရှိပါတယ်: 


ရန်ရှူ: ဒေါသထွက်တယ်... အရမ်း ဒေါသထွက်တယ်... ဒါကြောင့် စန့်ရှန်းရဲ့ ခွေးကို အလှပအပ ဝန်ဆောင်မှု လုပ်ပေးလိုက်တယ်... တော်တော့်ကို လှသွားတာပဲ...


***


ရန်ရှူက ခွေးကို စန့်ရှန်း၏ အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။ အိမ်တံခါးရှေ့တွင် ရပ်မိသွားသောအခါ အတွေးနက်သွားလေသည်။ 

ငါ စန့်ရှန်းကို ဘယ်လိုပြောရမလဲ... 


ငါ ခုဏက အရမ်းဒေါသထွက်သွားလို့ မင်းခွေးကို အလှပြင်ဖို့ ခေါ်ထုတ်သွားတာ... ကြည့်.... မလှဘူးလားလို့ ပြောရမှာလား... 


စန့်ရှန်းက ငါ့ကို အရူးလို့ မထင်သွားလောက်ဘူးလား... 


သူက အပြစ်ကင်းသည့် ခွေးလေးကို ပြန်ကြည့်လိုက်သည်။ 

ကြည့်ရတာ သူ့မှာအချိန်ကောင်းလေး ရခဲ့ပုံပဲ...


ရန်ရှူက ခွေးလေး၏ ဘေးတွင်ထိုင်၍ ကြည့်လိုက်သောအခါ မျက်လုံးလေးများက ကြယ်လေးများကဲ့သို့ ဝင်းလက်နေသည်ကို တွေ့လိုက်ရသဖြင့် ဒေါသအရှိန်အဟုန်အားလုံး လျော့ကျသွားစေခဲ့သည်။ 


သူက အခန်းထဲသို့ဝင်ရန် passwordကို နှိပ်လိုက်သော်ငြား အခန်းမှာ သူထွက်သွားစဥ်ကအတိုင်း တစ်ထပ်တည်း ဖြစ်နေသေးကြောင်း တွေ့လိုက်ရလေသည်။ မီးမဖွင့်ထားသေးသဖြင့် စန့်ရှန်းက ပြန်မရောက်သေးပုံပင်။ 


သူက ချက်ချင်းဆိုသလို ဖိနပ်လဲကာ အလျင်အမြန် ဝင်ကြည့်လိုက်သည်၊ 


အိမ်အနှံ့ စတုရန်းမီတာ ငါးရာကျော် ရှာကြည့်ပြီးသွားသော်ငြား စန်ရှန်းကို မတွေ့ရသေးသဖြင့် စန့်ရှန်း ပြန်မရောက်သေးကြောင်း အတည်ပြုပြီးသား ဖြစ်သွားလေသည်။  


သူ တစ်ယောက်တည်း အပြင်ပြန်ထွက်လာပြီး ဧည့်ခန်းထဲမှ ဆိုဖာပေါ် ဝင်ထိုင်၍ ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းကြီးကို ကြည့်လိုက်သည်။ 


စန့်ရှန်း ပြန်မရောက်သေးဘူး... 


ဒီကောင် ပြန်မရောက်သေးဘူးတဲ့... 


စန့်ရှန်းက ငါ့ကို စိတ်ဆိုးသွားလို့ စကားထပ်မပြောချင်တော့ဘူးများလား... 


ငါ့ဆီကနေ လုံးဝ ထွက်သွားတော့မှာလား... 


ဒီခွေးက စန့်ရှန်းကို ငါနဲ့ ပြတ်ဖို့ တွန်းအားပေးတော့မှာလား... 


ရန်ရှူက ဖုန်းထုက်ကာ ဆွေ့ဟို့ယွီထံ စာပို့လိုက်သည်။

[စန့်ရှန်း အစ်ကိုတို့နဲ့ ရှိနေတုန်းလား…] 


ရန်ရှူ ပို့လိုက်သော်ငြား ရင်းနှီးနေသည့် အနီရောင် အမှတ်ကြီးကိုသာ တွေ့လိုက်ရလေသည်။ 


သူက ဟို့မော့ကို ထပ်ပြီး ဆက်သွယ်ကြည့်ရန် တွေးလိုက်သော်လည်း သူ့တွင် ဟို့မော့၏ Wechatအကောင့် မရှိကြောင်း သတိရလိုက်သည်။ သူတို့က အချင်းချင်း၏ Wechatအကောင့်များကို ယခင်ကတည်းက ဖျက်ထားပြီးသား ဖြစ်သည်။ 


ထို့ကြောင့် သူက ဆိုဖာပေါ်တွင် ထိုင်ကာ ဆက်ပြီး စောင့်နေသေးသော်လည်း ဆယ်နာရီထိုးသောအခါ စတင်ငိုကြွေးမိလေတော့သည်။ 


ငါ့အတွေးအရဆို ဒီတစ်ခေါက် စန့်ရှန်း ပြန်မလာရင် ငါ့ကို လမ်းခွဲပစ်တော့မှာ... 


ဒီလောက် ကြာတဲ့အထိ ဘာလို့ လာမချော့ရတာလဲလို့... 


ငါတို့တွေ လမ်းခွဲကြတော့မှာ... ဒီတစ်ခေါက်ကျစန့်ရှန်းက လမ်းခွဲသွားတာ... စန့်ရှန်းက ခွဲပြီး ပျံကြဖို့ကို ပြောခဲ့တာလေ... 


စန့်ရှန်းက ငါ့ကို လမ်းခွဲသွားပြီ... 


ခွေးကောင်...

 

ဘယ်သူကမှ ဒီအကြောင်းကို မစဥ်းစားသင့်ဘူးကွ... 


သူ စန့်ရှန်းကို ပြန်သွားရှာတော့မည်အပြု ရုတ်တရက်ဆိုသလို ပစ္စည်းပို့သမားက အိမ်ရာထဲသို့ ဝင်မရသဖြင့် အစားအသောက်များ လာယူပေးရန် ဖုန်းခေါ်လာခဲ့သည်။ 


ရန်ရှူပြောလိုက်သည်။

"အောက်ထပ်က အိမ်တော်ထိန်းကို ပေးလိုက်ပါ... သူလာပို့ပေးလိမ့်မယ်…" 


"ဟုတ်ကဲ့... သိပါပြီ…"

ပစ္စည်းပို့သမားက ဖုန်းအမြန် ချသွားသည်။ 


ရန်ရှူက တံခါးတွင် စောင့်နေလိုက်သည်။ သူထင်ထားသည့်အတိုင်း အိမ်တော်ထိန်းမှ အစားအသောက်များ လာပို့လာသည်။ 


ယူပြီးသွားသောအခါ ဖွင့်ကြည့်လိုက်သည်။ သူ့အကြိုက်အစားအသောက်များ ဖြစ်နေသဖြင့် စန့်ရှန်းက မှာပေးထားခြင်းသာ ဖြစ်ရပေမည်။ 


ရန်ရှူ ဖုန်းထုတ်ကြည့်လိုက်သော်လည်း စန့်ရှန်းက စာမပို့လာသေးပေ။ 


တစ်ခဏမျှ စောင့်ပြီးနောက် ရှန်းကျွင့်ကျင်းထံမှ စာကိုသာ ရရှိခဲ့လေသည်။ [ရန်ရှူ... စန့်ရှန်းက ကုမ္ပဏီမှာပါ၊  မင်းအတွက် တစ်ခုခု မှာပေးထားတယ်... စားဖြစ်အောင် စားလိုက်နော်…] 


RS: [သူက ကုမ္ပဏီမှာလား…] 


ရှန်းကျွင့်ကျင်း: [ငါတို့ရဲ့ ဖောက်သည်တွေထဲကတစ်ယောက်က စန့်ရှန်းနဲ့ စကားပြောချင်နေလို့ ငွေကြေးကိစ္စတွေ ကူဆွေးနွေးပေးဖို့ လာခဲ့တာလေ... ဒီတစ်ခေါက်တော့ မင်းအတွက် ငါ့ကို အစားအသောက်တွေ မှာခိုင်းထားတာ…] 


RS: [သြော်... ငါသိပြီ…] 


ရန်ရှူ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်သည်။

အသည်းကွဲပြီး ဒေါသထွက်နေပေမယ့် စားစရာ ရှိတာတော့ စားရမှာပဲ... 


လူတွေက သံဖြစ်ပြီး ထမင်းဆိုတာ သံမဏိပဲ... ဗိုက်ပြည့်မှပဲ စန့်ရှန်းကိုဆူဖို့ အားရှိမှာ... 


ရန်ရှူ စားသောက်ပြီးသွားသောအခါ အစားအသောက်များကိုထုပ်ကာ ရေခဲသေတ္တာထဲသို့ ထည့်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့သည်။ 


စန့်ရှန်းက အိမ်တွင်မရှိပေ။ သူက ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ရှေ့ပြန်နောက်ပြန် လမ်းလျှောက်နေပြီးနောက် ဆိုဖာပေါ်တွင် တစ်ခဏမျှ လှဲလျောင်း၍ အဆုံးတွင် ရေသွားချိုးလိုက်သည်။ 


သူထွက်လာပြီးနောက် အိပ်ရာပေါ်တွင် ဟိုလှည့်သည်လှည့် လုပ်နေခဲ့သည်။ ထို့နောက် အချိန် လှမ်းကြည့်လိုက်ရာ 12နာရီပင် ထိုးလုလေပြီ။ 


သူထိန်းမထားနိုင်တော့ဘဲ ရှန်းကျွင့်ကျင်းဆီ  စာပို့လိုက်သည်။ [အခုထိ မပြီးသေးဘူးလား…]


ရှန်းကျွင့်ကျင်း: [ဖောက်သည်က အရမ်းသတိကြီးတော့ သူတို့တွေ စကားပြောနေကြတုန်းပဲ…] 


ရှန်းကျွင့်ကျင်း: [ပုံ] 


ရန်ရှူ နှိပ်ကြည့်လိုက်သည်။ ရှန်းကျွင့်ကျင်းက သိသိသာသာပင် ပြောင်ပြောင်တင်းတင်း ရိုက်ရဲပုံမရပေ။ ထို့ကြောင့် ခြေထောက်တစ်ချောင်း၏ ပုံကိုသာ ရိုက်ခဲ့သည်။ 


ပုံထဲတွင် စန့်ရှန်းနှင့် အခြားလူတစ်ယောက်တို့က လက်ဖက်ရည်သောက်သည့် အခန်းထဲတွင် ဘေးချင်းကပ်ထိုင်နေကြပြီး သူတို့ရှေ့တွင် အငွေ့တလူလူ ထနေသည့် လက်ဖက်ရည်ခွက်များ ရှိနေသည်။  


ထိုသူနှစ်ယောက်လုံးက ဝတ်စုံပြည့်နှင့် သားရည်ဖိနပ်များ ဝတ်ဆင်ထားပြီး ထိုင်နေသည့် ကိုယ်ဟန်အနေအထားအရ နှစ်ယောက်လုံးက ထူးချွန်သည့် ပင်ကိုယ်စိတ်ရင်း ရှိနေသည်။ 


ရန်ရှူ ကြည့်နေရင်း ချက်ချင်းပင် မသက်မသာ ဖြစ်သွားသည်။ 


ဘာလို့ ရုံးခန်းထဲမှာ မပြောကြတာလဲ... 


ဘာလို့ ဘေးချင်းကပ်ထိုင်ပြီး တအားနီးကပ်နေရတာလဲ... 


ရန်ရှူ ဖုန်းထုတ်၍ ကော်ဖီစားပွဲတွင် ရောင်ပြန်ဟပ်နေသည့် နေရာကို ချဲ့ကြည့်လိုက်ရာ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်ကို တွေ့လိုက်သည်။ 


စန့်ရှန်းက ခပ်ဖွဖွ ပြုံးနေပြီး ဘေးနားမှလူကို ကြည့်နေခဲ့သည်။ 


ဒီလူက... 


ပုံကို ချဲ့ပြီးနောက် ရန်ရှူ သေသေချာချာ ကြည့်လိုက်ရာ ထိုသူက အတော်လေး ချောကြောင်း တွေ့လိုက်ရသည်။ 


နေစမ်းပါဦး... 


စန့်ရှန်း... 


မင်းတော့ သေပြီ...

 

ငါကတော့ တစ်ညလုံး တစ်ယောက်တည်း အထီးကျန်နေခဲ့ရတာကို သူကတော့ တခြားလူတစ်ယောက်ကို ပြုံးပြနေသေးတယ်... 


ရန်ရှူ ချက်ချင်း စောင်ကိုမ'ကာ အိပ်ရာထဲမှ ထွက်လာပြီး စန့်ရှန်း၏ ကုမ္ပဏီသို့သွား၍ ပြဿနာရှာရန် စဥ်းစားလိုက်သည်။ 


တွေးကြည့်လိုက်ပြီးနောက် ပြန်ဆုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်၌ ရှန်းကျွင့်ကျင်းက ကူညီပေးခဲ့ခြင်း ဖြစ်၍ သူ့ဒေါသကြောင့် ရှန်းကျွင့်ကျင်းကို ဒုက္ခပေး၍ မဖြစ်ပေ။ ထို့ကြောင့် ပြန်လှဲချလိုက်လေသည်။ 


မည်သည့်အချိန်၌ အိပ်ပျော်သွားသည်ကိုပင် သူ မသိတော့ပေ။ 


အိပ်ချင်မူးတူးဖြင့် နိုးလာပြီး မျက်လုံးမှေးကြည့်လိုက်သောအခါ စန့်ရှန်းက အဝတ်လဲခန်းတွင် အဝတ်လဲနေသည်ကို တွေ့လိုက်ရသည်။ 


သူ တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ဆက်အိပ်လိုက်သည်။ စန့်ရှန်းက အလုပ်မသွားမီ သူ့နဖူးကို နမ်းလိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်သွားသည်ကိုလည်း ခံစားလိုက်ရသည်။ 


ရန်ရှူ အပြည့်အဝ နိုးလာသောအခါ မနက် ဆယ်နာရီပင် ရှိနေလေပြီ။ 


သူထထိုင်၍ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူအမြန် ထရပ်ကာ လိုက်ရှာပါသော်ငြား စန့်ရှန်းက အလုပ်သွားနှင့်ပြီဖြစ်သည်။ 


တံခါးဖွင့်၍ စာကြည့်ခန်းထံသို့ ဝင်လိုက်ပြီးနောက် စန့်ရှန်း၏ ကွန်ပြူတာကိုဖွင့်ကာ ဝေ့ပေါ်ကို ကြည့်၍ လမ်းကြောင်းကို မျက်ခြေမပြတ် ကြည့်ထားရန် ပြင်သည်။ ထိုမှသာ သူ့ကိုချက်ချင်း ပြန်ဆူဆဲနိုင်မည် ဖြစ်သည်။ 


သူ ကွန်ပြူတာကို လောခ့်အင်ဝင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကွန်ပြူတာ၌ စာရိုက်၍ ကြိမ်းမောင်းသည့် အမြန်နှုန်းက ပိုမြန်သဖြင့် စည်းချက်အညီ လိုက်နိုင်မည် ဖြစ်သည်။  


ဖွင့်ပြီးမကြာမီ အီးမေးလ်ဝင်လာသဖြင့် အမြန်နှိပ်ကြည့်လိုက်သည်။ 


ယင်းက အော်ဒါအကြောင်းကြားစာဖြစ်ပြီး စန့်ရှန်းက ယမန်နေ့ နေ့လည်ပိုင်းတွင် လည်ဆွဲတစ်ခု မှာယူခဲ့ကြောင်း ပြသနေသည်။ စတိုင်က ရိုးရှင်းလှပြီး အမျိုးသားများ ဝတ်ဆင်ရန် သင့်တော်ပေသည်။ 


အရေးအကြီးဆုံးအချက်နှာ လည်ဆွဲက သိုသိပ်ပုံပေါ်သော်ငြား စျေးက အတော်လေး ကြီးလှသဖြင့် ရန်ရှူ့အကြိုက်ပင်။

 

ရန်ရှူက ယင်းကို အလေးအနက် ကြည့်နေခဲ့ပြီး နှုတ်ခမ်းထောင့်လေးများ ကော့တက်လာသည်အထိ ပြုံးလိုက်သည်။

"ခွေးကောင်.. ငါ့ကို ချော့ရကောင်းမှန်း သိသေးတာလား…" 


ထိုစဥ်မှစ၍ စိတ်အခြေအနေ ပိုကောင်းလာပြီး ဝေ့ပေါ်ကို ဖွင့်ကာ စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုနေလေသည်။ 



📽️