Chapter 51
Viewers 4k

📽️ Chapter 51



ရန်ရှူ တစ်ညလုံး ဘလက်ဖန်များနှင့် ကျိန်ဆဲသည့်တိုက်ပွဲတစ်ခု ဆင်နွှဲပြီးနောက် ကီးဘုတ်လှူရန် ဘုရားကျောင်းသို့သွားကာ ပရမ်းပတာများ ဖြစ်သွားစေခဲ့သည်။ ထို့နောက် ထိုအကြောင်းက ပေါ်ပြူလာဖြစ်သွားခဲ့ပေသည်။


ရန်ရှူအား မည်သည်က ဒေါသထွက်စေခဲ့သည်လဲဆိုလျှင် ပလက်ဖောင်းက ဤမတော်တဆကို ဟာသဗီဒီယိုအဖြစ် အမျိုးအစား သတ်မှတ်လိုက်ခြင်းပင်ဖြစ်၏။


ဘာလဲ ငါက အနုပညာလောကကြီးကနေ နှင်ထုတ်ခံလိုက်ရတာလား...


မည်သို့ပင်ဆိုစေကာမူ ကောင်းချင်က ရန်ရှူအား reply ပြန်ခြင်းကို အပြင်းအထန် တားမြစ်ထား၍ ရန်ရှူတစ်ခါတစ်ရံ ခိုးကြည့်ရုံသာတတ်နိုင်ပေသည်။


ရလဒ်အနေဖြင့် ထိုညတွင် ကိစ္စကတစ်ဖန် ပြန်ဆူပူလာပြီး အထူးသဖြင့် မုန့်ရှင်းယာက weibo ပေါ်တွင် ပို့စ်တစ်ခုတင်ခဲ့သည်။


မုန့်ရှင်းယာ : ဒီနေ့ရိုက်ကူးတုန်း ဖိအားအများကြီး ခံစားခဲ့ရတယ် ဘာလို့ဆို ဇာတ်လိုက်မင်းသားက တစ်နေ့လုံး ဒီလိုအခြေအနေဖြစ်နေလို့လေ...[ပုံ]


ပုံထဲတွင် ရန်ရှူက ရှေးခေတ်ဆံပင်တုကို ဝတ်ထားသော်လည်း ဆံပင်တန်ဆာပလာ အအလှဆင်ပစ္စည်းများမပါပေ။ သူက အင်္ကျီလက်ကို တစ်ဖက်သာဝတ်ဆင်ထားပြီး ဖုန်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ အားကြိုးမာန်တက်နှင့် စူးစိုက်ကြည့်နေ၏။


သူ့တွင် မျက်လုံးကြီးကြီးလေးများနှင့် နို့နှစ်ရောင်အသားအရေရှိပြီးသား ဖြစ်သော်လည်း ယခုကဲ့သို့ ဒေါသအနည်းငယ်နှင့် ဖုန်းကိုစိုက်ကြည့်နေသည့်ပုံမှာ စိတ်ရှုပ်စရာကောင်းရုံသာမက အလွန် ချစ်စဖွယ်လည်း ကောင်းနေပြန်သည်။


ကွန်မန့်နေရာများတွင် ကုမ္ပဏီနှစ်ခုလုံး၏ပရိသတ်များသာမက ဖြတ်သွားဖြတ်လာများလည်း စုဝေးလာကြသည်။


[ဟားဟားဟား...ဒါက နာမည်ကြီး ဟာသဘလော့ဂါတစ်ယောက် မဟုတ်ဘူးလား...]


[မိတ်ဆက်ခြင်း၊ လူရွှင်တော် : ရန်ရှူ...]


[ရန်ရှူက ဘာလို့ အမြဲတမ်း ထက်မြတ်တဲ့ဇာတ်ကောင်နေရာတွေကို ယူတာလဲ ဆိုတာ ငါတော့နားကိုမလည်တော့ဘူး...]


[ရန်ရှူ စကားလည်းမပြော ဘာမှလည်း မလုပ်တဲ့ အရင် အချိန်တွေကို ပြန်တွေးကြည့်ရရင် သူမျက်နှာက တကယ့်ကို လှပြီး smart ကျတယ်...]


[ငါ ထုံထိုင်းတိတ်ဆိတ်တဲ့ဦးလေးကို ချစ်တယ်လို့ပြောပြောနေခဲ့တာ ဒါပေမဲ့ ဓါတ်ပုံလေးတစ်ပုံနဲ့ ငါ့ကိုစိတ်ပျက်သွားစေပြီ...ဦးလေး..ဦလေးရဲ့မျက်နှာကို မဆင်မခြင် မသုံးနဲ့လေ...]


မကြာမီမှာပင် ရန်ရှူက weiboပို့စ်ကိုမြင်ပြီး ဝတ်စုံဝတ်လျက်သားနှင့်ပင် မုန့်ရှင်းယာထံ ပြေးသွားကာ ရိုက်ကွင်းထဲ မုန့်ရှင်းယာကို လိုက်ဖမ်းတော့သည်။


ခဏအကြာတွင် အစ်မကျန့်က ရန်ရှူ မုန့်ရှင်းယာကို သည်းသည်းမည်းမည်း လိုက်ဖမ်းနေသည့်ဗီဒီယိုကို အမြန်နှုန်းဖြင့် တင်လိုက်ပေသည်။ သူတို့နှစ်ယောက်က မိနစ် 20 မျှကြာအောင် ရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံး၌ ခြေကုန်လက်ပန်း ကျသွားလေသည်။ ယခုဆိုလျှင် သူတို့နှစ်ယောက်ကို သူတို့၏လက်ထောက်များက ကူညီပေးနေရပေ၏။


ကြည့်ရသည်မှာ အလွန်ကို ရယ်စရာကောင်းလှပေသည်။


TV ဇာတ်လမ်းတွဲရိုက်ကူးပြီးသည့်နောက် ရန်ရှူ သူ့အိမ်ကိုပြန်လာခဲ့သည်။


ဤကာလအတောအတွင်း ဒရာမာအသစ်၏ဇာတ်ညွှန်းကို လေ့လာရန်နှင့် horrorဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ပေသည်။


ကောင်းချင်က ရန်ရှူအတွက် တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းကိရိယာများနှင့် ရင်းနှီးနေရန် လူတစ်ယောက်ကို ပို့ပေးခဲ့ပြီး ရိုက်ကူးရမည့်နေရာကိုလည်း ကြိုတင်စီစဥ်လိုက်သည်။


အသေးစိတ်ပြင်ဆင်ပြီးသွားပြီးနောက် ရန်ရှူ ထုတ်လွှင့်သည့်ကိရိယာများနှင့် တစ်ကြမ်ကြိုးစားရိုက်ကူးကြည့်ကာ စခရင်ပေါ်က ဂိမ်းအတိုလေးကို လေးလံနေသည့်နှလုံးသားနှင့် ကြည့်လိုက်သည်။


သူ ခုံပေါ်ထိုင်ကာ စန့်ရှန်းထံ မက်ဆေ့ချ်ပို့လိုက်သည်။

[ငါအခုထိ နည်းနည်းကြောက်နေတုန်းပဲ...]


X : [ကိုယ်မင်းနဲ့အတူသွားပြီး မင်းနားထိုင်နေရင်ရော ဘယ်လိုလဲ...]


ရန်ရှူ တစ်ခဏမျှစဥ်းစားကာ အဆင်ပြေသည်ဟု တွေးလိုက်သည်။ သူ ခေါင်းမော့ပြီး ကောင်းချင်ကိုမေးလိုက်ရာ ကောင်းချင်က ပြန်ပြောလိုက်သည်။

"ရတယ်...မင်းသူနဲ့ အပြန်အလှန် တုံ့ပြန်လို့တောင်ရတယ်...ဒါပေမဲ့ သူ့မျက်နှာကို မပေါ်စေနဲ့..."


"သေချာလား..."


"သေချာတယ်...မင်းပရိသတ်တွေက ပိုက်ဆံတောင် ထပ်ထည့်လောက်တယ်..."

ကောင်းချင် ပြုံးလိုက်ပြီး သူမလက်ထဲက စာမူကိုဆက်ဖတ်လိုက်သည်။


အဖြေရပြီးနောက် ရန်ရှူ စန့်ရှန်းထံ မက်ဆေ့ချ်ပို့လိုက်သည်။

[ဒါဆိုလာခဲ့လေ ငါ့တိုက်ရိုက်ထုတ်လွှင့်မှုက 8 နာရီမှာ စမှာ...တစ်ဝက်မှဖြတ်မလာနဲ့နော်...]


X : [ဟုတ်ပါပြီ...ကိုယ့်ရဲ့နောက်အစည်းအဝေးကို ဖျက်လိုက်ပြီ...ခဏအတွင်း မင်းအိမ်ကို အရောက်လာခဲ့ပါ့မယ်...]


RS : [ဟုတ်ပြီ...]


စန့်ရှန်း ရန်ရှူအိမ်ရောက်ချိန်တွင် ရန်ရှူက ဟမ်ဘာဂါကို တတိတိကိုက်စားနေပြီး သူ့လက်တစ်ဖက်ထဲက မှတ်စုစာအုပ်ကို ကြည့်နေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်နေသည့် အချိန်အတွင်း ကြော်ငြာများကို အလွန်ချော်ချောမွေ့မွေ့နှင့် ထုတ်ပြောရမည် ဖြစ်သည်။ 


စန့်ရှန်းက အနှောင့်အယှက်မပေးခဲ့ဘဲ ကောင်းချင် သူ့အတွက် ခုံရွေ့ပေးသည်ကို မြင်လိုက်သည်။ သူက ရန်ရှူနှင့် မနီးမဝေးတွင် ထိုင်လိုက်သည်။


သူ့အနေအထားက ရန်ရှူနှင့်အလွန်နီးကပ်နေသော်လည်း ကင်မရာတွင် မပေါ်ပေ။


ည 8 နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို တရားဝင်စတင်လိုက်သည်။


ရန်ရှူက ပစ္စည်းကိရိယာများကို ဖွင့်ကြည့်လိုက်ချိန် ပုံကြီးချဲ့ထားသည့် စခရင်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ကွန်မန့်များကို မြင်နိုင်ပေသည်။ သူ့အရှေ့တွင်မူ ဂိမ်းကစားရန်အတွက် သူ့ကွန်ပြူတာရှိပေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုအား စခရင်နှစ်ခု ခွဲထား၏။ တစ်ခုက ကွန်ပြူတာဂိမ်းအတွက် စခရင်တစ်ခုဖြစ်ပြီး ကျန်တစ်ခုက ဂိမ်းကစားနေသည့် ရန်ရှူ၏အပေါ်ပိုင်းခန္ဓာကိုယ်ကို မြင်နေရပေသည်။


သူ ကွန်မန့်နေရာကို တောင့်တင်းနေသည့် အမူအရာနှင့် ကြည့်လိုက်သည်။


ကွန်မန့်များက အားပေးသည့် အသံများနှင့် လျင်မြန်စွာပင် ပြည့်နှက်သွားခဲ့သည်။


[ဦးလေး မကြောက်နဲ့...ဦးလေးက အတော်ဆုံး...]


[ဦးလေး ကြောက်နေလားဟင်...]


[ရှူရှူက ရဲရဲရင့်ရင့်နဲ့ ပျံသန်းတယ်ကွ...ဒါပေမဲ့ သူ့ဘာသူ ကစားရမှာကိုတော့ ကြောက်တယ်...]


ရန်ရှူ အသက်ပြင်းပြင်းရှုလိုက်ပြီး စခရင်ကိုကြည့်ကာ ပြောလိုက်သည်။

"ဒီတစ်ခေါက်တော့ ကျွန်တော်က horror ဂိမ်းကို တိုက်ရိုက် live လွှင့်ပြီး ကစားပြမှာ ဖြစ်ပါတယ်...ပြီးတော့ level မအောင်မချင်း တိုက်ရိုက်ထုတ်လွှင့်မှာပါ...ဒီဂိမ်းကို ကစားတာ ကျွန်တော့်အတွက် ထမဆုံးဆိုတော့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုက အချိန်ဘယ်လောက်ကြာမယ် ဆိုတာတော့ မသိဘူး...ကျွန်တော့်မှာ ဗျူဟာကလည်း တစ်ခုလေးတောင် မရှိဘူး...အဲ့တော့ ကျွန်တော်ကိုယ်တိုင် ရှာဖွေဖော်ထုတ်ဖို့လိုတာက အရမ်းခက်တယ်...မင်းတို့အားပေးကူညီလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်..."


ရန်ရှူ ပြောလိုက်ပြီး ဂိမ်းသင်္ကေတလေးကို နှိပ်ကာ login ဝင်လိုက်သည်။


ထို့နောက် ဆက်လက်ပြီး စကားပြောလိုက်သည်။

"ကျွန်တော့်သူဌေးက ဒီတိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန် ကျွန်တော့်ဘေးမှာ ထိုင်နေတယ်လေ...ကျွန်တော်နဲ့ အတူပူးပေါင်းကစားပေးဖို့ တစ်ယောက်ယောက်ကို ရှာထားတာတော့ မဟုတ်ပါဘူး...အဓိက က ပိုက်ဆံရှာရတာ ကျွန်တော့်အတွက် ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို ပထမဆုံးအနေနဲ့ လက်တွေ့ကျကျ သူ့ကိုမြင်စေချင်လို့ပါ..."


သူ တတွတ်တွတ် ရေရွတ်လိုက်ပြီး ဂိမ်းစခရင်က လျှို့ဝှက်ခန်းလိုမျိုး နေရာတစ်ခုကို အစမှတ်အနေနှင့် ဝင်သွားသည်ကို ကြည့်လိုက်သည်။


သူ သော့ချက်အမျိုးမျ်ိုးကို ကြိုးစားပြီးရှာဖွေကာ တစ်ခုပြီးတစ်ခု မိတ်ဆက်ပြလိုက်သည်။ 

"ဒါက ဒီတိုင်း ခလုတ်နည်းနည်းလေးပါပဲ...မင်းရှေ့ကိုသွားနိုင်ပြီး နောက်လည်း ဆုတ်နိုင်တယ်...ပြီးတော့ ကြည့်ဖို့ရှုထောင့်ကိုလည်း ကျုံ့ချဲ့လို့ရအောင် mouse နဲ့ ချိန်ညှိနိုင်တယ်...မင်းကိုယ်တိုင် ပြင်ဆင်ပြီးပြီဆိုရင် ငါ R ကို ပြောင်းလိုက်တော့မယ်...ဒါဆို..."


သူပြောချိန်မှာပင် လက်တစ်ဖက်က အာလူးကြော်တစ်ချပ်ကို သူ့ဆီပေးလာခဲ့သည်။ ရန်ရှူ ခေါင်းလှည့်ပြီး စန့်ရှန်းကို ကြည့်ကာ ပါးစပ်ဖွင့်ပြီး စားလိုက်သည်။


ကွန်မန့်နေရာက ချက်ချင်းလက်ငင်းပင် ငြိမ်သက်သွားခဲ့သည်။


[အဲဒါ သူဌေးရဲ့လက်လား...သူ့ကို ရောင်စုံခြင်ဆေးခွေပေးတဲ့တစ်ယောက်လေ...]


[အဲဒါ သူဌေးပဲ ဖြစ်ရမယ်...အဲ့ဒီ နီလာနဲ့ စိန်လက်ကြယ်သီးတွေက စျေးကွက်မှာဆို တစ်စုံကို 320,000 တောင်ရှိတယ်...]


[ဘာကြီးပဲနေနေ...သူ့လက်က အကြွင်းမဲ့ကို ပြီးပြည့်စုံတဲ့လက်ပဲ...]


[ကျေးဇူးပြုပြီးတော့ အဲ့လက်နဲ့ငါ့ပါးကို ညှစ်ပေးပါ့လား...လာစမ်းပါ...]


[လက်က ဦးလေးရဲ့မျက်နှာထက်တောင် ကြီးနေသလိုပဲ...]


ရန်ရှူ ပထမဆုံး ဂိမ်းထဲဝင်လိုက်သည်။ သူ့ဇာတ်ကောင် သွားခဲ့သည့်အဆင့်တိုင်းက အလွန်တင်းမာခက်ခဲ၍ သူ အလွန်ဂရုတစိုက်ဆော့ရသည်။ တစ်ချိန်တည်းမှာပင် သူ့ပရိသတ်များနှင့် ဂိမ်းကို ဝေဖန်ပိုင်းခြားနေရသည်။

"ဒီဂိမ်းရဲ့ရည်ရွယ်ချက်က သက်သေတွေ၊ သဲလွန်စတွေကို စုစည်းပြီး လွတ်မြောက်ဖို့ပဲ...မြင်ကွင်းဒီဇိုင်းတွေက သိပ်မထင်ရ..."


ရန်ရှူ ပြောနေချိန်မှာပင် ကလေးလေးတစ်ယောက်၏ငိုသံက ဂိမ်းထဲပေါ်လာခဲ့သည်။ ရန်ရှူ၏လှုပ်ရှားအတိုင်း ငိုသံက ဝေးနေရာမှ တဖြည်းဖြည်း နီးလာခဲ့သည်။


ရန်ရှူ၏အမူအရာက ရုတ်တရက် လေးနက်သွားသည်။


[သူ အရင်တုန်းက တစ်ခါမှ မကစားဖူးဘူးလေ ..အမြင့်ဆုံးစွမ်းအင်က ဘယ်နေရာမှာရှိလဲဆိုတာ ငါတို့ဘယ်လိုလုပ် သိမှာလဲ...]


[ဦးလေးတော့ လုံးဝကို အေးခဲသွားပြီပဲ...]


[ရန်ရှူ ရပ်လိုက်သည်။ သူ့လက်ကို မြှောက်ပြီး မျက်နှာကို ပွတ်သပ်ကာ စန့်ရှန်းအား အကူအညီတောင်းနေသလို ကြည့်လိုက်သည်။


စန့်ရှန်းက စကားမပြောဘဲ သူ့ကို အားလူးကြော်နှစ်ချပ်ပို ကျွေးလိုက်သည်။


ရန်ရှူ နာနာခံခံနှင့် စားလိုက်သည်။ ထို့နောက် တောင့်တင်းနေသည့် လက်ကောက်ဝတ်ကို ရွှေ့ကာ ဂိမ်းကို ဆက်ကစားလိုက်သည်။


"ငါသူ့ကို မကြောက်ဘူး...ငါက ဘာကိုကြောက်ရမှာလဲ...ငါကဘယ်သူမလို့လဲ...ငါက ရန်ရှူကွ...နွေဦးလေပြေလေးကတိုက်ခတ်နေပြီး ဗုံကမြည်နေပါတယ်...ငါက ရန်ရှူလေးပါ...ငါကမကြောက်...အားးးး ဖာ့ခ်…"


ရန်ရှူ ရှေ့ဆက်သွားနေရင်းပင် သူ့ကိုယ်သူ အားပေးရန် အော်ဟစ်လိုက်သည်။ သူစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း လူ့ခန္ဓာကိုယ်တစ်ဝက်က တံခါးတွင် တွဲလောင်းချိတ်နေသည်ကို မြင်လိုက်ချိန် လန့်ဖျပ်ပြီး ထရပ်လိုက်ဆဲပင်။


မတ်တပ်ရပ်ပြီးနောက် ရိုးရိုးရှင်းရှင်းပင် စခရင်ရှေ့မှထွက်ကာ စန့်ရှန်းနံဘေး လျှောက်သွားလိုက်ပြီး အချိန်အကြာကြီး ဖက်ထားလိုက်သည်။


စန့်ရှန်းလည်း သူ့အား နှစ်သိမ့်ပေးရုံသာတတ်နိုင်သည်။ သူ ရန်ရှူလက်ကို ကိုင်လိုက်ချိန်မှသာ ရန်ရှူ့လက်များ အေးစက်နေသည်ကို နားလည်လိုက်သည်။


သူ အမှန်တကယ်ပင် ကြောက်ရွံ့နေသည်။


[ရှူရှူကြောက်ပြီး စခရင်ရှေ့က ထွက်သွားပြီ...]


[ငါ့ဦးလေးက နှစ်သိမ့်ခံဖို့ သူဌေးဆီသွားတယ်လို့ ငါဘာလို့ထင်နေတာပါလိမ့်...]


[သူတို့နှစ်ယောက် စကားမပြောဘဲ ဘာလုပ်နေကြတာလဲ...]


တစ်ခဏကြာပြီးနောက် ရန်ရှူ ကွန်ပြူတာရှေ့ ပြန်ထိုင်လိုက်ပြီး ဆက်လက် တိုက်ရိုက်liveထုတ်လွှင့်လိုက်သည်။

"အိုကေ...တံခါးဖွင့်တာလေးက ငါ့ကိုသတ်နိုင်တယ်လို့ ငါမယုံဘူး...အဲ့တော့ အခုပဲ အထဲကို သွားကြည့်ကြစို့...မင်းတို့ဘာကြောက်နေတာလဲ ဒါက ဂိမ်းလေးပဲလေ...ဘာကိုအဲ့လောက် ကြောက်နေကြတာလဲ...အထဲကို အခုပဲဝင်ပြီး ကြည့်ကြတာပေါ့...ဒီမှာ တွေ့လား ဘာမှမရှိဘူး...လှလိုက်တာ...နောက်တစ်နေရာ ကြည့်ကြစို့..."


ကင်မရာက လှည့်သွားပြီးနောက် ရန်ရှူ သွေးများပြည့်နေသည့် ရေချိုးကန်တစ်ခုကို မြင်လိုက်ရသည်။


ရန်ရှူ ကြက်သေသေသွားပြီး တတွတ်တွတ် ရေရွက်လျက် မကောင်းသည့်ခံစားချက်ကို ရလိုက်သည်။

"တစ်ခန်းတည်းကို အဲ့လိုနှစ်ကြိမ်လုပ်ဖို့ မဖြစ်နိုင်ဘူးမလား ဟုတ်တယ်မလား...ဆိုတော့ ငါတို့ တစ်ချက်ကြည့်လိုက်ရအောင်...ငါမြင်တယ် ငါမြင်လိုက်တယ် ငါအဲ့ဒါကြီးကို မြင်လိုက်တယ်ဟ..."


သူ့၏ရှုထောင့်က လျှင်မြန်စွာပင် လှည့်သွားသည်။ သူ တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ပြန်လှည့်လိုက်ပြီး ခလုတ်နှိပ်နေသည့် သူ့လက်အမြန်နှုန်းက အံ့အားသင့်စရာပင်ကောင်းလှသည်။


[ငါမြင်လိုက်သလိုလို ခံစားရပေမဲ့ ဒါပေမဲ့ မမြင်လိုက်သလိုလိုပဲ...]


[ငါသေသေချာချာပြည့်လိုက်ရတယ်...အဲ့နေရာက လုံခြုံပါတယ် ဒါပေမဲ့...တစ်ခုခုပေါလောပေါ်နေတယ်... ]


[အဲဒါ ကလေးလေး တစ်ယောက်လား..]


ရန်ရှူ နောက်တစ်ခေါက် ပြန်သွားကြည့်ရန် တွေးလိုက်သော်ငြား ထိုအခိုက် စန့်ရှန်းက သူ့ကို အာလူးကြော်ကျွေးသည်ကို သတိထားမိလိုက်သည်။ စန့်ရှန်းက သူ့ကို အာရုံပြောင်းစေရန် ကြိုးစားနေသည်ကို သိပြီး ထိုသို့လုပ်ခွင့်ပေးလိုက်သည်။ သို့မှသာ သူလည်း တစ်ချိန်လုံး စိတ်မဖိစီးမည်ဖြစ်သည်။


သူက စားရန် ပါးစပ်ဟလိုက်ချိန် စန့်ရှန်းက သူ့လက်ကို အဝေးသို့ အနည်းငယ် ရွှေ့လိုက်သည်။


ကလေးဆန်လိုက်တာ...


သူ စိုက်ကြည့်လိုက်ပြီး ပါးစပ်ထပ်ဖွင့်ကာ စားရန်ပြင်လိုက်သော်လည်း စန့်ရှန်းက အာလူးကြော်ကို ထပ်ရွှေ့လိုက်ပြန်သည်။


ငါက ဘယ်သူလဲ...ငါက ရန်ရှူပဲလေ...


သူလက်ကိုမြှောက်ကာ စန့်ရှန်း၏တံတောင်ဆစ်ကို ဆုပ်ကိုင်လိုက်သည်။


ဒေါသထွက်ရမည့်အစား စန့်ရှန်း တိုးတိုးလေး ရယ်မောလိုက်ပြီး အာလူးကြော်ကို ရန်ရှူ၏ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။


[ငါ့ဦးလေး သူ့လက်ကိုမြှောက်ပြီး သူ့သူဌေးရဲ့လက်ကို ဆွဲလိုက်တဲ့ချိန်တုန်းကဆို ငါ ရုတ်တရက်ကြီး အသက်ရှုတောင် ရပ်သွားတယ်..ဒါပေမဲ့သူဌေးက တကယ်ကြီး ရယ်လိုက်တယ်ဟ...]


[သူ့ရယ်သံလေးက တိုတိုပြတ်ပြတ်နဲ့ ကြွပ်ဆတ်ဆတ်လေးဟယ်...ဘုရားရေ...]


[သူဌေးက ရှူရှူကို အရမ်းသဘောကျတယ်လို့ ခံစားရတယ်...]


[ငါ့ကို တစ်စက္ကန့်လောက်ပဲ တံခါးခေါက်ခွင့်ပြု...တစ်စက္ကန့်လေးပဲ...]


[ငါ့ဦးလေးနဲ့ သူဌေးတို့အတွက် စခရင်အကြီးကြီး ငါတို့ လိုအပ်ပါတယ်...ဒီမြင်ကွင်းကို စခရင်သေးသေးလေးနဲ့ပဲ ကြည့်ရတာ အရမ်းခက်တယ်...ဂိမ်းဆော့တာကို မင်းတို့ ဖြတ်ထုတ်ပစ်လိုက်လို့ရတယ်လေ...]


ရန်ရှူ ကွန်မန့်များကို လျစ်လျူရှုပြီး ဂိမ်းဆက်ဆော့လိုက်သည်။ 


သူ့ရှု့ထောင့်ကို ထပ်ပြောင်းလိုက်ပြီး ရေချိုးကန်ကိုကြည့်လိုက်သည်။ 


ရေချိုးကန်ထဲတွင် အမှန်တကယ်ပင် သွေးများရှိနေပြီး ထိုပေါ်တွင် အသားစကဲ့သို့ အရာများလည်း အစုလိုက်ပေါလောပေါ်နေသည်။ 


ရန်ရှူ ထိုအသားစပုံက ဘာလဲဟု လေ့လာနေစဥ် အသားစပုံကြီးက ရွေ့သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ကလေးငိုသံတစ်သံက ထွက်ပေါ်လာခဲ့သည်။


"အား...."

ရန်ရှူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အနီးကပ် တစ်ချက် ကြည့်လိုက်ပြီးနောက် သေချာစွာ ပြောလိုက်သည်။


"အဲ့ဒါက သေသချာချာ ပုံစံမပေါ်သေးတဲ့မွေးကင်းစ ကလေးလေးပဲ...ဘာလို့ ပုပ်သိုးနေတဲ့အသားပုံစံကြီး ဖြစ်နေတာလဲ...သေသေချာ အရွယ်မပေါ်သေးခင် ဖြတ်ပိုင်းခံလိုက်ရတာလား မသိဘူး..."


ရန်ရှူ ဝေဖန်စိစစ်နေချိန်မှာပင် ပုပ်သိုးနေသည့်မွေးကင်းစကလေးလေးက ရုတ်တရက်အော်ငိုပြီး ရေချ်ိုးကန်ထဲမှ တွားသွားထွက်လာသည်ကို မြင်လိုက်ရသည်။ လှုပ်ရှားမှုက အလွန်မြန်၍ နောက်တစ်စက္ကန့်အတွင်းပင် သူ့အပေါ်ခုန်အုပ်နိုင်တော့မည် ထင်ရပေသည်။ ကလေးလေး တွားသွားထွက်လာချိန်တွင် သူ့ပါးပြင်မှအသားများက တွဲလောင်းကျနေသလိုထင်ရပြီး ဘေးဘယ်ညာလှုပ်ယိမ်းနေသည်ကို ကြည့်ရသည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။


ရန်ရှူ အလွန်တုန်လှုပ်ကြောက်လန့်သွားပြီး ကျွမ်းကျင်စွာဖြင့် သူ့ဂိမ်းဇာတ်ကောင်ကို ရေချိုးခန်းထဲမှ ထွက်လိုက်သည်။ သူ တံခါးကိုပိတ်ပြီးနောက်တွင် mouse ကိုလွှင့်ပစ်လိုက်ပေ၏။



📽️