ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၁၇)
မနက်ခင်းသို့ ရောက်ခဲ့လေပြီ။
ကျွန်မ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေချိန်တွင် ဆိုဗက်စ်စတာက သူ အရင်ဆုံး ထနှင့်မည်ဟု ပြောလာခဲ့သည်။
ကျွန်မလည်း အိပ်ချင်မူးတူးဖြင့် ပြန်ဖြေလိုက်လျှင် သူက ကျွန်မ၏နဖူးကို နမ်းလိုက်ပြီး အိပ်ရာပေါ်မှ ထသွားခဲ့သည်။
လုံးလုံးလျားလျား နိုးထလာချိန်တွင် သူက ရှက်စရာကောင်းသောကိစ္စကို ထပ်လုပ်ခဲ့မှန်း ကျွန်မ သိသွားရသည်။
အာ ... တကယ်ပါပဲနော်!
ထိုသူ၏အနွေးဓါတ်လေး စွဲကျန်နေဆဲဖြစ်သော နဖူးကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး ကျွန်မ နှုတ်ခမ်းဆူထားမိ၏။
မနေ့ညက ဆိုဗက်စ်စတာက ကျွန်မကို တစ်ညလုံး တင်းတင်းကြပ်ကြပ် ဖက်ထားပြီး အိပ်ပျော်သွားသဖြင့် ကျွန်မမှာ ကောင်းစွာ အိပ်မပျော်နိုင်ဘဲ ဖြစ်ခဲ့ရသည်။
ဆိုဗက်စ်စတာလည်း ကျွန်မနည်းတူ အိပ်မပျော်နိုင်လောက်ဟု ထင်ခဲ့သော်လည်း သူက ကောင်းကောင်းကြီး အိပ်ပျော်ခဲ့ပါ၏။
ထို့ကြောင့် ကျွန်မ သူ့ကို အနည်းငယ် မုန်းတီးမိတော့သည်။
"ကျစ်"
အကြောင်းပြချက်တစ်ချို့ကြောင့် ဆိုဗက်စ်စတာက အမြဲတမ်း လိုလို ရှေ့ဆက်မတိုးလာခဲ့ဟု ကျွန်မ တွေးမိသည်။
သို့သော် ကျွန်မ ယခု နောက်ပြန်လှည့်၍ မရတော့ပေ။
သူ့ကို ကြိုက်သည်ဟု ပြောခဲ့ပြီး ဖြစ်ရာ နောက်ပြန်မလှည့်နိုင်တော့ပါ။
ဒါကြောင့်မို့လို့ မကွာရှင်းဘဲ ကောင်းကောင်းမွန်မွန် နေနိုင်မဲ့ နည်းလမ်းကို ငါ ရှာရမယ်။
အဲ့ဒီတော့ ဘာလုပ်ရမလဲ။
မှော်အစီအရင်စက်ဝန်းကို ရှာရမှာပေါ့။
ကျွန်မ လက်သီးဆုပ်ထားပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။
ပြီးနောက် လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။မကြာခင် အိုင်ရင်း အထဲဝင်လာခဲ့သည်။
"ဟုတ်ကဲ့၊မဒမ် နိုးလာပါပြီလား။"
"အင်း"
ကျွန်မ အိပ်ရာပေါ်မှ ထပြီး ပြောလိုက်သည်။
"ငါ ဒီနေ့ အပြင်ထွက်မလို့၊ကျေးဇူးပြုပြီး ငါ့ကို အဆင်သင့် ပြင်ပေးပါဦး။"
"ဘုရားရေ ...ဒီနေ့ရောပဲလား။"
အိုင်ရင်းက ခေါင်းကို စောင်းလိုက်သည်။
"မဒမ် ဒီရက်ထဲမှာ အပြင်ကို ခဏ ခဏ သွားတယ်နော်။ဘယ်ကိုများ သွားတာပါလဲ။"
"ကြေးစားစစ်သားအစည်းအရုံးကို"
"ဟစ်"
ကျွန်မ ပြော၍ မပြီးသေးသည့်တိုင် အိုင်ရင်း ထိတ်လန့်သွားပြီး နောက်ဆုတ်သွားခဲ့သည်။
"မ ...မဒမ်က ကျွန်မကို အတူတူသွားဖို့ မခေါ်လောက်ပါဘူးနော်၊ဟုတ်တယ်မလား။"
ထိုသို့ပြောလာသဖြင့် ကျွန်မလည်း အကြောင်းပြချက်မရှိပါဘဲ စနောက်ချင်လာတော့သည်။
ကျွန်မ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"နင့်ကို ငါနဲ့အတူတူ လိုက်ခဲ့စေချင်တာလေ ... မရဘူးလား။"
"ဒါ ...ဒါပေမဲ့ !"
အိုင်ရင်း၏မျက်လုံးများမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါနေခဲ့သည်။သူမက အသက်ကို လေးပင်စွာ ရှူရှိုက်လိုက်ရင်း ကျွန်မ၏မျက်လုံးထဲသို့ ကြည့်လာခဲ့သည်။
"ကောင်း...ကောင်းပါပြီ၊ကျ ...ကျွန်မ မဒမ်နဲ့အတူ လိုက်ခဲ့ပါမယ်။ဒါပေမဲ့ ကျွန်မ မဒမ်ရဲ့အနောက်မှာ ပုန်းနေပါရစေနော်!"
သူမက ထိုမျှ ကြောက်လန့်နေခဲ့သည်ဖြစ်ရာ ကျွန်မတို့ အတူတူသွားမည်ဟု မပြောနိုင်တော့ပေ။
သူမက ချစ်စရာကောင်းသော ယုန်ငယ်လေးနှင့် အလွန်တူနေခဲ့သည်။
ကျွန်မ ပြုံးပြီး ခေါင်းခါလိုက်သည်။
"နောက်နေတာပါ ... ငါ တစ်ယောက်တည်း ပဲ သွားမှာ။"
"အာ"
အိုင်ရင်းက ရင်ဘတ်ကို သပ်ချလိုက်ပြီး ယခုမှ အသက်ရှူပြန်ရှူနိုင်သကဲ့သို့ ပခုံးများကို ဖြေလျှော့ပစ်လိုက်သည်။
"မဒမ် ... ကျေးဇူးပြုပြီး ဒီလိုမျိုး စနောက်တာတွေ မကြာခဏ မလုပ်ပါနဲ့လား။ကျွန်မက အသည်းငယ်တတ်လို့ပါ!"
အရမ်းချစ်စရာကောင်းတာပဲ။
ကျွန်မ အားရပါးရ ရယ်မောပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အိုကေ အိုကေ၊ ဒီတော့ ငါ့ကို အဆင်သင့်ပြင်ပေးပါတော့။"
"ဟုတ်ကဲ့!"
အိုင်ရင်းက တက်ကြွစွာ ပြန်ဖြေသည်။
"အိုး ... အရင်တစ်ခါ မဒမ် ဝတ်သွားခဲ့တဲ့ အပေါ်ထပ်ဝတ်ရုံ လိုပါသေးလား။"
"အင်း ...အဲ့ဒါပါ တစ်ခါတည်း ယူလာပေးရင် ပိုကောင်းတာပေါ့။"
"ဟုတ်ကဲ့ပါ"
အိုင်ရင်းက ခန္ဓာကိုယ်ကို စတင်လှုပ်ရှားလိုက်ပြီး ကျွန်မကို မေးခဲ့သည်။
"မဒမ် ဒီနေ့ ဘာကိစ္စအတွက် သွားမှာပါလဲ။"
ကျွန်မ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ငါ တစ်ခုခု ရှာစရာ ရှိလို့ပါ။"
ယနေ့ ကျွန်မ ကြေးစားစစ်သားအစည်းအရုံးသို့ သွားပြီး မှော်အစီအရင်စက်ဝန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းရလိမ့်မည်။
"အဲ့ဒါက ကျွန်မ သိထားပြီးသားကိစ္စ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။"
နင်သာ သိထားပြီးသားကိစ္စဆိုရင်တော့ တကယ်ကို ဝမ်းသာဖို့ကောင်းတာပေါ့။အဲ့လို မဟုတ်ဘူးဆိုရင်...
"နင် မသိဘူးဆိုရင် ငါ နင့်ကို သိခွင့်ပေးမှာပေါ့။"
ကျွန်မ သူမကို သိခွင့်ပေးရန် ပြင်ဆင်လိုက်သည်။
ဖွီး
ကျွန်မ မရိုးမသား ပြုံးလိုက်ပြီး ပခုံးတွန့်လိုက်သည်။
"မဒမ် ကျွန်မ ကြောက်တယ်နော်။"
အိုင်ရင်း၏စိုးရိမ်ထိတ်လန့်နေသော အသံကို လျစ်လျူရှုထားလိုက်သည်။
*
ဆိုဗက်စ်စတာ စိတ်ခံစားချက် ကောင်းနေခဲ့သည်။
ဘာကြောင့်လဲ။
ကျွန်မရဲ့ခင်ပွန်းကိုပဲ ကြိုက်ပါတယ်။
တကယ်ပါ ...စကားလုံးတွေ သုံးပြီး ဖော်ပြနိုင်တာထက် ပိုတဲ့အထိ ကျွန်မ သူ့ကို တကယ်ပဲ သဘောကျပါတယ်။
သူ အချိန်အကြာကြီး တောင့်တနေခဲ့ရတဲ့ ဖွင့်ပြောတာကို ကြားလိုက်ရမှတော့ ဘယ်လိုလုပ်ပြီး ခံစားချက်မကောင်းဘဲ ရှိပါတော့မလဲ။
ကောင်းကင်ပေါ်ကိုတောင် ပျံတက်နိုင်တော့မလို ခံစားနေရတယ်။
ဆိုဗက်စ်စတာမှာ နှုတ်ခမ်းကို ပိတ်၍ သီချင်းလေး ညည်းနေခဲ့ပြီး စာရွက်နောက်တစ်မျက်နှာကို လှန်လိုက်သည်။
ထိုသို့ ဖြစ်နေသော ဆိုဗက်စ်စတာကို အထင်သေးစွာ ကြည့်နေခဲ့သူက နေးလ်မှလွဲ၍ တခြားသူ မရှိပါပေ။
"သခင် အတော်လေး ပျော်နေပုံရပါလား။"
နေးလ်က ထေ့ငေါ့သောလေသံဖြင့် ပြောလေသည်။
"ကျွန်တော် ဒုတိယမင်းသားဆီက စာတစ်စောင် ရထားပါတယ်။အခု ဒီလိုဖြစ်နေရမဲ့အချိန် မဟုတ်ပါဘူး!"
သူက အော်ဟစ်ပြီး စာကို ဝှေ့ယမ်းပြလိုက်သည်။ဆိုဗက်စ်စတာက နေးလ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။
"မင်း အဲ့ဒါကို မမြင်ချင်ယောင်ဆောင်ပြီးသာ လွှင့်ပစ်လိုက်တော့။"
"..."
နေးလ် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"ဒါနဲ့ဆို သုံးကြိမ်တောင် ရှိနေပါပြီ။ကျွန်တော် အဲ့လို ထပ်မလုပ်နိုင်တော့ပါဘူး။"
ဘုရားရေ
နေးလ်က အတော်လေး အရည်အချင်းရှိကြောင်း ဆိုဗက်စ်စတာ အသိအမှတ်ပြုလိုက်ပြီး မလွှဲမရှောင်သာသော အသွင်အပြင်ဖြင့် လက်ကို ဆန့်ထုတ်လိုက်ရသည်။
"အဲ့ဒီစာ ငါ့ကိုပေး။"
"ဟုတ်ကဲ့"
နေးလ်က စာကို မြန်မြန်ဆန်ဆန်ပဲ ပေးလာခဲ့သည်။
ဆိုဗက်စ်စတာက စာအိတ်ကို ဓါးတစ်ချောင်းဖြင့် ဖွင့်ဖောက်ပြီး အထဲမှ စာကို ထုတ်ယူလိုက်သည်။
[မင်းရဲ့ဇနီး လျှောက်လုပ်နေတာကို ချက်ချင်း မပြင်ဆင်ပေးဘူးဆိုရင် မှော်အစီအရင်စက်ဝန်းကို မင်းမျက်စိရှေ့မှာပဲ ငါ မီးရှို့ပစ်မယ်။]
ထိုအကြောင်းသာ ဖြစ်မည်ဟု သူလည်း တွေးထားခဲ့ပါသည်။
အား ... ခေါင်းကိုက်လိုက်တာ။
ခေါင်းကိုက်နေသကဲ့သို့ နားထင်များကို လက်ဖြင့် ဖိထားရင်း ဆိုဗက်စ်စတာ သက်ပြင်းမောကြီး ချလိုက်မိသည်။
"မဒမ့်ကြောင့် ဒုတိယအရှင့်သား ဒေါသထွက်နေရတာ ဖြစ်မှာပါ၊မဟုတ်ဘူးလားဗျ။"
"အင်း"
ဆိုဗက်စ်စတာ ပြန်ဖြေလိုက်လျှင် နေးလ်က ထိုကိစ္စကို သိထားသည့်အတိုင်း လက်သီးဆုပ်လိုက်သည်။
"ဒီတော့ ဘာဖြစ်လို့ မဒမ်က ဒီလိုကိစ္စမျိုးကို လုပ်လိုက်ရတာလဲ!"
သူမက အေးအေးဆေးဆေး ရှိနေသော လာဂိုကို သွားထိခဲ့ပုံ ရလေသည်။
ဘာဖြစ်လို့ ခင်ဗျားက ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ!
သူ ထပ်အော်လိုက်မိပါ၏။
"သူမသာ အေးအေးဆေးဆေး နေလိုက်ရင် သခင်လည်း ကိုယ့်အလုပ်ကိုယ် အဆင်ပြေပြေ ဆက်လုပ်နိုင်မှာပဲ။မဒမ်က အမြဲတမ်း ဒုက္ခပေးလွန်းတယ်!"
"အခု ..."
ထိုအချိန်တွင် နေးလ်၏နားထဲသို့ ဆိုဗက်စ်စတာ၏အေးစက်သောအသံက ဝင်ရောက်လာခဲ့သည်။
"မင်း အိုဖီလီယာကို ကျိန်ဆဲနေတာလား။"
"ဗျာ"
နေးလ်က ခေါင်းပြန်လှည့်ပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ဆိုဗက်စ်စတာ၏မျက်နှာမှာ အခိုင်အမာပင် ဒေါသထွက်နေခဲ့ပုံ ရလေသည်။
နေးလ် အလျင်အမြန်ပဲ လက်ကို ယမ်းခါလိုက်ရသည်။
"မဟုတ်ပါဘူး၊ဘယ်သူက သူမကို ကျိန်ဆဲနိုင်မှာလဲ။ဒါက ဖြစ်နိုင်လို့လားဗျာ။"
ဆိုဗက်စ်စတာ မျက်လုံးများကို မှေးကျဥ်းလိုက်လျှင် နေးလ်က ထပ်၍ လက်ခါခါ ခြေခါခါ လုပ်ပြန်သည်။
"ကျွန်တော် မဒမ့်ကို တစ်ခါလေးတောင်မှ မကျိန်ဆဲရဲပါဘူးဗျာ။အဲ့လို ဘယ်သူက ပြောတာလဲ၊ဆိုးသွမ်းလိုက်တဲ့ လူပဲ။"
ယခုမှသာ ဆိုဗက်စ်စတာ၏အမူအရာက အနည်းငယ် ပြေလျော့သွားရသည်။ပြီးနောက် သူက စာကို ငုံ့ကြည့်လိုက်၏။
"ဒုတိယမင်းသား တော်တော်လေးကို ဒေါသဖြစ်နေပုံရတယ်။"
ရွေးချယ်စရာမရှိဘဲ ထိုသို့ လုပ်ရလိမ့်မည်။
ဆိုဗက်စ်စတာ၏ဇနီး အိုဖီလီယာ ကိုယ်တိုင်က သူ့ကို ဒုက္ခရောက်အောင် လုပ်နေခဲ့သည်။
အစပိုင်းတွင် ဧကရာဇ်၏အမိန့်အရ အကျယ်ချုပ်ကျနေခဲ့သဖြင့် သူ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပေ။သို့သော် အကျယ်ချုပ်ပြစ်ဒဏ်မှ ကင်းလွတ်သွားပြီး နောက်ပိုင်းတွင် သူ မည်သို့လုပ်လာမည်ကို မသိနိုင်ပါ။
ထို့ကြောင့် ထိုသို့ဖြစ်မလာခင် သူ အရင်ဆုံး လက်ဦးမှု ရယူထားသင့်သည်။
အိုဖီလီယာကရော အဲ့ဒါကို လုပ်နိုင်ပါ့မလား။
"ဒါကြောင့်ပဲ ငါ့ရဲ့ဇနီးက ငါ့အတွက် တစ်ခုခုလုပ်ပေးဖို့ လိုနေတာ။"
ဆိုဗက်စ်စတာက ညည်းညူလိုက်ရင်း စားပွဲခုံကို လက်ချောင်းလေးများဖြင့် ခေါက်နေခဲ့သည်။
"အခုအတွက်တော့ သတင်းအချက်အလက်ကွန်ရက်ကို ထုတ်သုံးလိုက်။"
သူ မေးစေ့ကို ပင့်လိုက်သည်။
"ဒုတိယမင်းသား နှစ်ပေါင်းများစွာ ကြာအောင် စုဆောင်းနေခဲ့တဲ့ မှော်အစီအရင်စက်ဝန်းတွေ အားလုံးအကြောင်းကို သိအောင်လုပ်။"
"ဟုတ်ကဲ့ပါ"
"ပြီးတော့ ငါတို့ ရနိုင်တဲ့ မှော်အစီအရင်စက်ဝန်းတွေ အကြောင်းရောပဲ။"
"အာ ... ဘာကြောင့်လဲဗျ။"
"ငါ သုံးမလို့။"
ဆိုဗက်စ်စတာ ပြုံးလိုက်သည်။
"အဲ့ဒီမှာ အရေးပေါ်ကိစ္စ တစ်ခုခုများ မရှိဘူးလား မသိဘူး။"
သူက ထိုသို့ရေရွတ်ရင်း စာကို လက်ချောင်းများကြားတွင် ညှပ်ထားလိုက်သည်။ပြီးနောက် မီးလင်းဖိုအတွင်းသို့ စာကို လွှင့်ပစ်လိုက်၏။
စာက တဖြည်းဖြည်း လောင်ကျွမ်းသွားတော့သည်။
မီးလောင်နေသော စာကို ငုံ့ကြည့်ရင်း ဆိုဗက်စ်စတာ ပြုံးလိုက်လေသည်။
*
ကလင်
ကြေးစားစစ်သားအစည်းအရုံး၏ ဆိုင်တံခါးကို ဖွင့်လိုက်ချိန်တွင် ရွှင်မြူးဖွယ်ရာ ခေါင်းလောင်းသံက ကျွန်မကို ဆီးကြိုနေခဲ့သည်။
ကျွန်မလည်း အပေါ်ထပ်ဝတ်ရုံကို တင်းတင်းဆွဲခြုံ၍ ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်။
လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်ပြီး မကြာခင်ပဲ ဂျိုးဆက် ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျား ဒီကို ထပ်လာပြန်ပြီလား။"
ဂျိုးဆက်က ပြောသည်။
"နင်သာ စာကို မြန်မြန်ပြန်ခဲ့ရင် ငါ မလာပါဘူး။"
"အိုး ... တောင်းပန်ပါတယ်။ကျွန်တော် အရမ်းအလုပ်များနေခဲ့လို့ပါ။"
"နင်က အလုပ်များနေတယ်တဲ့လား။"
ကျွန်မ ရယ်လိုက်မိသည်။
"နင်က ဘာဖြစ်လို့များ အလုပ်များနေရတာလဲ။ဒီဆိုင်ကို ပုံမှန်အတိုင်း ဖွင့်ရုံပဲ မဟုတ်ဘူးလား။"
"အိုး ... ကျွန်တော် တကယ်ပဲ အလုပ်များနေခဲ့တာပါ။ယူဂျင် မသိရသေးတဲ့ တစ်စုံတစ်ရာ ရှိပါတယ်။"
ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။
သူ ထိုသို့ ပြောလာသည်ကို ကြည့်လျှင် ဆိုးဆိုးရွားရွား တစ်စုံတစ်ရာ ဖြစ်ခဲ့ပုံ ရသည်။
ကျွန်မ သိချင်သွားရ၏။
"နင် ဘာအကြောင်းကို ပြောတာလဲ။"
ကျွန်မ ကောင်တာရှိရာသို့ ခြေတစ်လှမ်း ထပ်တိုးပြီး ပြောလိုက်သည်။
"ငါ့ကို ပြော။"
"..."
"ကျွန်တော် ခင်ဗျားအတွက် အဲ့ဒီကိစ္စကို ရှင်းပြပေးမှာပါ။"
ဂျိုးဆက်က မျက်မှောင်ကြုတ်လိုက်သည်။ပြီးနောက် ကျွန်မ ရှိရာဘက်သို့ ငုံ့ကိုင်းလာခဲ့၏။
"အဲ့ဒါက ..."
သူက အသံသေးသေးလေးဖြင့် တီးတိုးပြောခဲ့သည်။
"မကြာသေးခင်က ဒီနေရာကို လူတစ်ယောက် ရောက်လာပြီး နည်းနည်းလေး ထူးဆန်းနေ ..."
ကလင်
ထိုအချိန်တွင် တံခါး ပွင့်လာခဲ့သည်။
ကျွန်မနှင့်ဂျိုးဆက်လည်း တံခါးပေါက်ရှိရာသို့ ပြိုင်တူ လှည့်ကြည့်လိုက်မိ၏။
ထိုနေရာတွင် ...
"အရှင့်သားပါလား။"
ကယ်လီယန်
အိမ်ရှေ့စံမင်းသား ရှိနေခဲ့သည်။
"အိုဖီလီယာလား။"
ကယ်လီယန်ကလည်း ကျွန်မကို တွေ့လိုက်ရသဖြင့် အံ့ဩပြီး မျက်လုံးပြူးသွားခဲ့သည်။
ထို့နောက် သူက စတင်ပြီး လက်ညှိုးထိုးတော့သည်။
"မင်း ... မင်း!"
သူက တစ်ခုခုကို ရှင်းရှင်းလင်းလင်း နားလည်သွားပုံဖြင့် တအံ့တဩ ဖြစ်နေခဲ့သည်။
"မင်းက သတင်းအချက်အလက်တွေကို ဒီနေရာကနေ တစ်ချိန်လုံး ရနေခဲ့တာပေါ့၊ဟုတ်တယ်မလား။"
အဲဒါ ဘာကို ဆိုလိုတာလဲ။
သူ ထပ်ပြောလာမည့်စကားများကို ကျွန်မ နားထောင်နေခဲ့သည်။
"ဒီနေရာမှာ သတင်းအချက်အလက် ရနိုင်လောက်မယ်လို့ ငါ ထင်ခဲ့တယ်။ဒါပေမဲ့ ဒီလူက တောက်လျှောက်ငြင်းနေခဲ့တာ။အဲ့ဒါကြောင့်ပဲ ဒီနေ့ ထပ်လာခဲ့မိတယ်။ထင်ထားတဲ့အတိုင်းပါလား။"
အာ
ဒီတော့ ဒီနေရာက သတင်းအချက်အလက် လဲလှယ်နိုင်တယ်လို့ ခန့်မှန်းမိပြီး ကယ်လီယန်က ဂျိုးဆက်ကို ထပ်တလဲလဲ နှောင့်ယှက်နေခဲ့တာပေါ့။
ဂျိုးဆက်ကတော့ အပေးအယူမလုပ်ဘဲ တောင့်ခံထားတုန်းပဲ။
အခု ငါ အခြေအနေကို သဘောပေါက်သွားပြီ။
"အခု ...ငါ ပြောတာ မှန်တယ်မလား။"
ကယ်လီယန်က ဂုဏ်ယူဝံ့ကြွားသော မျက်နှာထားဖြငိ့ ဂျိုးဆက်ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
"ဒီတော့ ငါ့ကို သတင်းအချက်အလက်တွေ ပေးတော့။"
ဂျိုးဆက်မှာ ဦးနှောက်ခြောက်နေသည့် အမူအရာကိုပင် ဖုံးကွယ်မထားနိုင်တော့ပေ။
ကျွန်မ သူတို့ကြားသို့ ကြားဝင်နှောင့်ယှက်လိုက်ရသည်။
"အရှင့်သား ဘာတွေ ပြောနေတာပါလဲ။"
TK Team (Chapter 117)
++++++++