Chapter 111
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၁) 

အိမ်တော်သို့ ပြန်ရောက်သည်နှင့် ထမင်းစားခန်းရှိရာသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။

ကျွန်မ ဗိုက်ဆာနေသောကြောင့် ဖြစ်၏။

သို့သော် ယခုလက်ရှိမှာ နေ့လည်စာ စားချိန်ဖြစ်လေရာ ထမင်းစားခန်းထဲတွင် ဆိုဗက်စ်စတာလည်း ရှိနေခဲ့သည်။

"မင်း ပြန်လာပြီလား။"

ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း လက်ကို ယမ်းပြခဲ့သည်။

"အင်း ... ကောင်းတဲ့ ခရီးစဥ်လေး ဖြစ်ခဲ့တယ်။"

ကျွန်မ သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။မကြာခင် အရသာရှိသော စားချင်စဖွယ် အမဲသားစတိတ်ခ်တစ်ပန်းကန်က ကျွန်မရှေ့သို့ ရောက်လာခဲ့၏။ကျွန်မလည်း ဓါးနှင့် ခက်ရင်းကို ယူ၍ စတိတ်ခ်ကို စတင်လှီးဖြတ်လိုက်သည်။

"အခြေအနေ ဘယ်လိုလဲ။"

ကျွန်မ စတိတ်ခ်ကို အေးအေးဆေးဆေး စားသောက်နေခဲ့ချိန်တွင် ဆိုဗက်စ်စတာက မေးလာခဲ့သည်။ထို့ကြောင့် ပါးစပ်ထဲတွင် ရှိနေသော အသားများကို မျိုချပြီးနောက် ပြန်ဖြေလိုက်၏။

"ရှင် ဘာကို မေးတာလဲတော့ ကျွန်မ မသိဘူး၊ဒါပေမဲ့ ဧကရာဇ်အရှင်က ရူးနေတုန်းပဲဆိုတာ အမှန်ပဲလို့ ကျွန်မ ပြောနိုင်တယ်။"

"ဟား ..."

ဆိုဗက်စ်စတာ နှာမှုတ်လိုက်သည်။

"ဧကရာဇ်ကို ရူးနေတယ်လို့ ပြောနိုင်တာ ကိုယ်နဲ့မင်း နှစ်ယောက်ပဲ ရှိလိမ့်မယ်။"

"သူ့နောက်ကွယ်မှာ လူတိုင်းက ကျိန်ဆဲနေတာမျိုးရော မဖြစ်နိုင်ဘူးလား။"

"ဒါလဲ ဖြစ်နိုင်တာပဲ။"

ဆိုဗက်စ်စတာက နာခံစွာ ခေါင်းငြိမ့်လိုက်လေသည်။

ပြီးနောက် မေးသည်။

"မင်း ဘာအကြောင်းတွေ ပြောခဲ့လဲ။"

နောက်ဆုံးလက်ကျန် စတိတ်ခ်ကို ပါးစပ်ထဲသို့ ထည့်ပြီးနောက် ကျွန်မ ပြန်ဖြေလိုက်သည်။

"ဒုတိယမင်းသားက မိုက်မဲတဲ့ကိစ္စတစ်ခု လုပ်ထားတယ်လို့ သူ့ကို ပြောပြလိုက်တယ်။"

ဂလု

ကျွန်မ စတိတ်ခ်ကို မျိုချလိုက်ပြီး ဆက်ပြောသည်။

"အခုကနေ စပြီး ဒုတိယမင်းသားက ကျွန်မကို မထိနိုင်တော့လောက်ဘူး။သူ့မှာ နားဖို့ အချိန်လုံလုံလောက်လောက်တောင် ရှိပါ့မလားပဲ။"

ဆိုဗက်စ်စတာ၏အမူအရာက ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည်။

အင်း ...ဟုတ်တာပေါ့။

လာဂိုအား ဧကရာဇ်ဖြစ်လာအောင် လုပ်ပေးသင့်သော်လည်း ထိုသူ၏မကောင်းမှုများက လက်ရှိဧကရာဇ်၏ရှေ့မှောက်တွင် ဘူးပေါ်သလို ပေါ်သွားရသည်။

သို့သော် ကျွန်မ မသိချင်ယောင် ဆောင်နေလိုက်ပြီး ပခုံးကို တွန့်ပြလိုက်သည်။

"မင်း ဘာပြောခဲ့လို့လဲ။"

ကျွန်မ ချက်ချင်း ပြန်ဖြေလိုက်သည်။

"သူက စစ်မြေပြင်မှာ စစ်သည်တစ်ယောက်ကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တယ်လေ။"

"ဘာ!!"

ဆိုဗက်စ်စတာ အံ့အားသင့်သွားပြီး ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်မိ၏။

"ဒီအမှိုက်ကတော့ ...!"

သူ့မျက်နှာက နီရဲနေခဲ့သည်။ဒေါသဖြစ်နေသည်မှာ သိသာ၏။

ထိုသို့ ဖြစ်နေသော ဆိုဗက်စ်စတာကို ကျွန်မ သရော်လိုက်သည်။

"အဲ့ဒီအမှိုက်ကို ပံ့ပိုးပေးနေတာ ဘယ်သူများလဲ။"

"..."

"ရှင်ပဲလေ"

ဆိုဗက်စ်စတာ၏ပါးစပ်မှာ တင်းတင်းစေ့ပိတ်သွားပြီး မကြာခင်အောက်နှုတ်ခမ်းကို ကိုက်၍ အံကြိတ်ထားလေသည်။

"မတတ်နိုင်တော့ဘူး ...ကိုယ်တော့။"

"ဒီကမ္ဘာပေါ်မှာ ရှင် မတတ်နိုင်တဲ့အရာ ရှိသေးလို့လား။"

ကျွန်မ မျက်လုံးများကို မှေးကျဥ်းပြီး ဆိုဗက်စ်စတာအား ကြည့်လိုက်သည်။

"ဒီတော့ ကျွန်မကို ပြောပြ။"

"ဘာကိုလဲ"

"ဒုတိယမင်းသားဆီကနေ ရှင် ဘာရမှာမို့လို့လဲ။"

ဆိုဗက်စ်စတာ တွန့်ခနဲ ဖြစ်သွားရလေသည်။

ပြီးနောက် သူက ခန္ဓာကိုယ်ကို အနောက်ဘက်သို့ မှီလိုက်ပြီးစကားဆက်မပြောချင်တော့သည့်ပုံစံ ဖြစ်သွား၏။

ထို့ကြောင့် ကျွန်မ ထပ်ထည့်ပြောလိုက်သည်။

"ကျွန်မကို မပြောပြဘူးဆိုရင် ရှင့်ကို ပြန်မကြိုက်တော့ဘူးနော်။"

"မင်း ကိုယ့်ကို အဲ့ဒါနဲ့ပဲ ခြိမ်းခြောက်နေတော့မလို့လားကွာ။"

"ဒါကြောင့်ပဲ ကျွန်မကို ပြောပြလေ၊ရှင် သူ့ဆီကနေ ဘာများ ရမှာမို့လို့လဲ။"

"ဟား ..."

ဆိုဗက်စ်စတာက နဖူးကို ထိတွေ့ရင်း သက်ပြင်းချလိုက်သည်။

ပြီးမှ ကျွန်မ၏မျက်လုံးများထဲသို့ စိုက်ကြည့်ရင်း ပြောသင့်၊မပြောသင့် ဒွိဟဖြစ်နေပုံရလေသည်။

"ကျွန်မကို ပြောပြ ... မြန်မြန်လေး။"

ဟူး ...

ဆိုဗက်စ်စတာ သက်ပြင်းချလိုက်မိပြန်သည်။

ပြီးမှ တွန့်ဆုတ်နေသော အသံလေးဖြင့် ပြောလာသည်။

"မှော်အစီအရင်စက်ဝန်းတစ်ခု"

"မှော်အစီအရင်စက်ဝန်းလား"

"အင်း ...ကိုယ် အဲ့ဒါကိုပဲ ပြောတာလေ။"

ဒုတိယမင်းသားက မှော်အစီအရင်စက်ဝန်းများကို ရှာဖွေနေခဲ့ကြောင်း ကျွန်မ ကြားမိသည်။ရှာတွေ့သော အစီအရင်များထဲမှ တစ်ခုမှာ ဆိုဗက်စ်စတာနှင့် သက်ဆိုင်နေခြင်း ဖြစ်ပေလိမ့်မည်။

ဖူး ...

လူ့အသက်တစ်ချောင်းသာ ဖြစ်နေပါက မည်သို့လုပ်ရမည်နည်းဟု ကျွန်မ တွေးကြည့်နေမိသည်။သို့သော် သက်မဲ့အရာတစ်ခုသာ ဖြစ်နေခဲ့သည့်အတွက် ဝမ်းသာမိပါ၏။

ကျွန်မ မျက်တောင်ခတ်လိုက်သည်။

"ကျွန်မ ရှင့်ဆီ အဲ့ဒီအရာကို ယူလာပေးရင် ရှင့်အနေနဲ့ ဒုတိယမင်းသားကို ပံ့ပိုးပေးနေစရာ အကြောင်းမရှိတော့ဘူး မဟုတ်လား။"

"ဟား..."

ဆိုဗက်စ်စတာ နှာမှုတ်လိုက်သည်။

"မင်း အဲ့ဒါကို ဘယ်လိုလုပ်ပြီး ရနိုင်ပါ့မလဲ။ဒုတိယမင်းသားက ဖွက်ထားမှာ အသေအချာပဲလေ။"

"ကျွန်မလဲ မသိဘူး။"

ကျွန်မ အမှန်တကယ်ကို မသိပါ။

ယခုမှ အစီအစဥ်တစ်ခုဆွဲရန် လိုအပ်လာသည်။

သို့သော် ကျွန်မအနေဖြင့် သေချာပါသည်။

မှော်အစီအရင်စက်ဝန်းကို ခိုးယူနိုင်လိမ့်မည်။

ထို့ကြောင့် ဆိုဗက်စ်စတာထံသို့ ကျွန်မ၏လက်သန်းလေးကို ထိုးပေးလိုက်သည်။

"ဒါပေမဲ့ ကျွန်မကို ကတိပေး။"

"ဘာကတိလဲ"

"ကျွန်မ မှော်အစီအရင်စက်ဝန်းကို ယူလာပေးတာနဲ့ ရှင်က ဒုတိယမင်းသားကို ထပ်ပြီး မပံ့ပိုးပေးတော့ပါဘူးဆိုတဲ့ ကတိ။"

ဆိုဗက်စ်စတာက ကျွန်မ၏ဆန့်ထုတ်ထားသော လက်သန်းလေးကို ငုံ့ကြည့်လိုက်သည်။

ပြီးနောက် သူက လှောင်ပြုံးလေး ပြုံးလေသည်။

ကျွန်မ ထိုသို့ လုပ်ပေးနိုင်မည်ဟု သူ မတွေးထားခြင်း ဖြစ်လိမ့်မည်။

"ကိုယ် ကတိပေးတယ်။"

ဒါဆို ဘာဖြစ်လို့ ကျွန်မရဲ့လက်သန်းကို ရှင့်လက်သန်းနဲ့ မချိတ်ရတာလဲ။

ကျွန်မလည်း ဆိုဗက်စ်စတာ၏လက်ကို ဆွဲယူလိုက်ပြီး လက်သန်းချင်း ချိတ်လိုက်သည်။

"အိုကေ ... အခု အပေးအယူဖြစ်သွားပြီနော်။"

ဆိုဗက်စ်စတာက ခေါင်းငြိမ့်သည်။

ကောင်းလိုက်တာ။

ငါ မှော်အစီအရင်စက်ဝန်းကိုသာ ရလိုက်တာနဲ့ ပျော်စရာအဆုံးသတ် ဖြစ်သွားပြီ။

ကျွန်မ နှုတ်ခမ်းများကို တွန့်ကွေး၍ ပြုံးလိုက်သည်။

"ပြီးတော့ရော တခြားဘာမှ ထပ်မဖြစ်ခဲ့ဘူးလား။"

ထိုအချိန်တွင် ဆိုဗက်စ်စတာက မေးလာခဲ့သည်။

ကျွန်မ ခေါင်းစောင်းကြည့်လိုက်၏။

"ရှင် ဘာကို ပြောချင်တာလဲ။"

"ကိုယ် မေးချင်တာက ဧကရာဇ်က ဘာမှထပ်ပြီး မပြောတော့ဘူးလားလို့။"

"ဒါက ..."

ဧကရာဇ် ပြောခဲ့သည့်စကားများကို ကျွန်မ ပြန်သတိရသွားသည်။

မင်း တကယ်ပဲ ငါ့ရဲ့ပထမသားတော်နဲ့ လက်ထပ်ဖို့ အစီအစဥ်မရှိဘူးလား။

မင်းမှာ အတွေးတစ်ခုခု ရှိရင် ငါ့ကိုပြော၊ငါ အတည်ပြောနေတာ။

အင်း ... ငါ ဒီအကြောင်းကိုသာ ပြောပြလိုက်ရင် သူ ထပြီး ရေးကြီးခွင်ကျယ် လုပ်နေလောက်တယ် မဟုတ်လား။

မသိချင်ယောင်ဆောင်နေလိုက်မယ်။

"အင်း ... ဘာမှ မရှိတော့ဘူး။"

"အဲ့လိုလား"

ဆိုဗက်စ်စတာက ထိုစကားကို မယုံကြည်သေးသည့်တိုင် မကြာခင်ပဲ သူ့အမူအရာက အနည်းငယ် ပြေလျော့သွားပြီး ခေါင်းငြိမ့်လိုက်သည်။

"တော်သေးတာပေါ့ကွာ။"

သူက သူ့ပန်းကန်ထဲတွင် ကျန်နေသော စတိတ်ခ်ကို လှီးဖြတ်နေခဲ့သည်။

"ရော့ ... ဒီမှာ"

ပြီးနောက် သူက စတိတ်ခ်အတုံးလေးကို ကျွန်မဆီသို့ ထိုးပေးလာခဲ့သည်။

"အာ ..."

"ဘာလဲ"

ထိုအသားတုံးက ကျွန်မ၏ပါးစပ်နားဆီသို့ တည့်တည့် ရောက်လာသည်ကို ကြည့်ရင်း ကြောင်အနေမိသည်။

ရှင် အခု ဘာတွေ လုပ်နေတာလဲ။

ကျွန်မကို ခွံကျွေးနေတာလား။

ဘာဖြစ်လို့လဲ။

ကျွန်မ မှင်တက်သွားသည်။

"ဘာဖြစ်လို့လဲ။"

"ဘာကို ဘာဖြစ်ရမှာလဲကွာ။"

ကျွန်မ၏မေးခွန်းက ရယ်ချင်စရာဖြစ်နေသကဲ့သို့ ဆိုဗက်စ်စတာက ပြန်မေးလာခဲ့သည်။

"မင်းက အရမ်းပိန်လွန်းတယ်၊များများစားဖို့ လိုတယ်လေ။ဒီတော့ အာ.... စားလိုက်ပါဦး။"

ဟမ်

ကျွန်မ ပါးစပ်ဖွင့်ပေးလိုက်ရသည်။

"အာ ...."

"ဟုတ်ပြီ"

ဆိုဗက်စ်စတာက အသားကို ကျွန်မ၏ပါးစပ်ထဲသို့ ခွံ့ပေးပြီး နှုတ်ခမ်းထောင့်လေးများကို လက်ကိုင်ပဝါဖြင့် သုတ်ပေး၏။

ပြီးနောက် သူက တောက်တောက်ပပလေး ပြုံးလိုက်ပြီး စကားတစ်ခွန်းကို ပြောခဲ့သည်။

"လှတယ်"

လှတယ်တဲ့လား။

"..."

မတိုင်ခင်က ကျွန်မ တွေးမိထားသော အရာတစ်ခု ရှိသည်။

ကျွန်မ ဆိုဗက်စ်စတာကို ကြိုက်နေသည်လား မသိပါ။

ထိုကိစ္စကို အနည်းငယ်ပို၍ သေသေချာချာ တွေးကြည့်ရန်လိုသည်ဟု စဥ်းစားမိ၏။

ယခု ကျွန်မ၏နှလုံးသားက အရူးတစ်ယောက်ကဲ့သို့ ခုန်ပေါက်နေခဲ့သည်။

ငါ ဘာလုပ်သင့်လဲ ... တကယ်ပါပဲ။ 

ကျွန်မ ရေချိုးဇလုံထဲသို့ ဝင်ပြီး နှာခေါင်းလေးသာ ဖော်၍ ရေစိမ်နေခဲ့သည်။

ရေနွေးနွေးလေးက ခန္ဓာကိုယ်ကို ထွေးပွေ့ထားခဲ့သဖြင့် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများက အလုံးစုံ အရည်ပျော်ကျသွားရသည်။

"အား ... အခုမှပဲ အသက်ရှင်နေသလို ခံစားရတော့တယ်။"

ကျွန်မ ခေါင်းပြန်ဖော်လိုက်ပြီး ရေချိုးဇလုံကို ခေါင်းမှီထားရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ယနေ့တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။

ဧကရာဇ်ထံ အခစားဝင်ခဲ့ခြင်းမှ အစပြု၍။

မည်သို့ပင် တွေးကြည့်သည်ဖြစ်စေ ဧကရာဇ်မှာ အမှန်ပင် ရူးသွပ်နေပုံရလေသည်။

ထို့ကြောင့် အသုံးချရန် လွယ်ကူခဲ့၏။

သို့သော် ဧကရာဇ်က ကျွန်မ၏အသုံးချမှုကို ရည်ရွယ်ချက်ရှိရှိ လိုက်လျောပေးခဲ့ခြင်း ဖြစ်ပုံရသည်။သူက ထိုမျှ အထင်ကြီးလောက်စရာလူတစ်ယောက် မဖြစ်နိုင်လောက်ပေ။

အိုး ... ငါက နည်းနည်းလေး ပိုလှနေလို့ သူ လိုက်လျောပေးနေတာ ဖြစ်နိုင်တယ်။

ထိုသို့ တွေးမိကာမှ အနာဂတ်မှာ အနည်းငယ် မှောင်မိုက်သွားရသည်။

လာဂိုကို ပိုပြီး ချောင်ပိတ်မိသွားအောင် ငါ ဘယ်လိုလုပ်နိုင်မလဲ။

ပြီးတော့ လာဂိုဆီက မှော်အစီအရင်စက်ဝန်းကို ရအောင် ဘယ်လိုလုပ်ရမလဲ။

ထိုအကြောင်းကို အနည်းငယ် ပိုတွေးသင့်သည်ဟု ထင်မိ၏။

ထို့အပြင် စဥ်းစားစရာ နောက်တစ်ခု ရှိနေသေးသည်။

ဆိုဗက်စ်စတာပဲ။

အာ ...

သူ တောက်တောက်ပပလေး ပြုံးပြနေသည်ကို ပြန်စဥ်းစားရင်း ကျွန်မ အတွေးလွန်ဆွဲနေခဲ့သည်။

ကျွန်မက လှတယ်ဆိုတာ ဘာများလဲ။

ရှင်ကသာ ပိုလှတာ!

ထိုသို့ အော်ချမိလုနီးပါးပင်။

သို့သော် ထုတ်မပြောမိအောင် အားကုန်သုံး၍ ထိန်းထားလိုက်ရသည်။

ကျွန်မလည်း မျက်နှာပါသော လူတစ်ယောက် ဖြစ်နေသည်လေ။

"ဟူး..."

ဆိုဗက်စ်စတာနှင့်ပတ်သက်၍ ခံစားရသည်များက သိပ်မသေချာသေးပေ။

သေချာသည်က သူနှင့်ပတ်သက်သော ခံစားချက်ကောင်းများ ရှိနေသည်ဟုသာ။

သူ့ကို ကြိုက်၊မကြိုက် အခုထိ မသိနိုင်သေးပေ။

အမှန်တော့ ထိုသို့ မဖြစ်ချင်ဘဲ ဖြစ်နေရခြင်း ဖြစ်၏။

ကျွန်မမှာ ဆေးရုံအခန်းထဲမှ မထွက်နိုင်သော လူနာတစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် လူများနှင့် ထိတွေ့ဆက်ဆံမှု မရှိသလောက် နည်းပြီး မွေးကတည်းက single သာ ဖြစ်နေခဲ့ရသည်။

ဘယ်အရာက ကြိုက်သည်ဆိုသော ခံစားချက်၊ဘယ်အရာက ချစ်သည်ဆိုသော ခံစားချက်ဟူ၍ သိနိုင်စရာအကြောင်း မရှိခဲ့ပေ။

ထို့ကြောင့်သာ အခု ဆိုဗက်စ်စတာအပေါ် တွင် ဖြစ်တည်နေသော ခံစားချက်များကို အတိအကျ ဝေခွဲနိုင်စွမ်းမရှိ ဖြစ်နေရသည်။

ဒါပေမဲ့ ငါ့စိတ်ကို ပြန်ပြင်ဆင်ထားသင့်တယ် ထင်တယ်။

ဟား ... မသိတော့ဘူး။

ဒီနေ့တော့ နားလိုက်ကြရအောင်။

ထိုသို့ တွေးလိုက်ပြီး အပြင်ဘက်တွင် စောင့်နေသော အိုင်ရင်းကို လှမ်းခေါ်လိုက်သည်။

"မဒမ် ရေချိုးလို့ ပြီးပါပြီလား။"

အထဲဝင်လာသော အိုင်ရင်းက ကျွန်မ၏ခန္ဓာကိုယ်ကို ရေသုတ်ပေးပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ပေးသည်။

ညအိပ်ဝတ်စုံ ဝတ်ပြီးနောက်တွင် ကျွန်မ၏မျက်လုံးများက မှိတ်နေခဲ့လေပြီ။ခန္ဓာကိုယ်ကလည်း ပင်ပန်းနေ၏။

"မဒမ် အရင်ဆုံး ထွက်သွားလိုက်ပါ။"

သို့သော် အိုင်ရင်းက ကျွန်မ၏ကျောကနေ တွန်းထုတ်ပေးလာ၏။

သူမက ငါနဲ့အတူတူ ထွက်ပြီး အိပ်ရာပြင်ပေးနေကျပါ။ဒီတော့ အခုကျမှ ဘာလို့များပါလိမ့်။

ကျွန်မ သိချင်နေသည့်တိုင် အလွန်အိပ်ချင်နေသဖြင့် ရေချိုးခန်းထဲမှ အရင်ဆုံး ထွက်လာလိုက်သည်။

ထိုသို့ ထွက်လာခဲ့ချိန်တွင် တစ်စုံတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။

"ဟန်နီ"

ထိုသူမှာ ဆိုဗက်စ်စတာ ဖြစ်၏။

သူက အိပ်ရာပေါ်တွင် ထိုင်ရင်း ကျွန်မကို ကြည့်နေခဲ့သည်။သူ့ကိုယ်ပေါ်တွင် ပါးလွှာသော ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ထား၏။

"မင်း ရေချိုးနေတဲ့အချိန်မှာ ကိုယ်လဲ ရေချိုးပြီးသွားပြီနော်။"

သူ့မေးရိုးတစ်လျှောက်မှ တစက်စက်ကျနေသော ရေစက်ကလေးများကို မြင်နေရသဖြင့် သူ ပြောသည်က အမှန်ဖြစ်မှန်း သိနိုင်ပေသည်။

ဂလု

ကျွန်မ တံတွေးမြိုချလိုက်မိသည်။ဝတ်ရုံ အဟကြားမှ အဝတ်မကပ်ဘဲ အတိုင်းသားမြင်နေရသော ရင်အုပ်များကြောင့် မဟုတ်ပေ။

အဲ့ဒါကြောင့် မဟုတ်ဘူးလို့။

"အဲ့ ...အဲ့ဒီတော့"

ကျွန်မ အသံကို မနည်းထိန်းထားပြီး ပြောလိုက်ရသည်။

"အင်း"

ဆိုဗက်စ်စတာက ပြန်ဖြေရင်း ဆံပင်ကို သပ်တင်လိုက်သည်။

ပြီးမှ ကျွန်မကို ဖြည်းဖြည်းချင်း ငေးကြည့်နေခဲ့သည်။ တစ်စုံတစ်ရာကို လိုချင်နေသည့်အတိုင်း ကြည့်နေခဲ့၏။

ကျွန်မလည်း ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ယှက်၍ ကာကွယ်ထားလိုက်သည်။

မရဘူး ...အခုတော့ မရဘူး!

"အဲ့ဒါကြောင့်မို့လို့ ..."

အဲ့ဒါကြောင့်မို့လို့ ဘာလဲ။

"အိပ်ကြရအောင်"

"..."

ဘာလဲဟ။

"ကိုယ် အရမ်းအိပ်ချင်နေပြီ။"

အိုး ... သူက အိပ်ရုံပဲ အိပ်ချင်တာ။

အိုကေ အိုကေ

ကျွန်မ ရှေ့သို့ တိုးလာလိုက်သည်။

ကသိကအောက်ဖြစ်နေရင်း ဆိုဗက်စ်စတာအနားသို့ ရောက်သွားရသည်။ပြီးမှ သူ့ဘေးတွင် ထိုင်လိုက်၏။

"ရှင် တခြားဘာမှ မမျှော်လင့်ထားပါဘူးနော်၊ ဟုတ်တယ်မလား။"

"ဘာကိုလဲ!"

"ကျွန်မ နောက်လိုက်တာပါ၊ဘာလို့ ဒီလောက်အထိ အံ့ဩသွားရတာလဲ။"

ဆိုဗက်စ်စတာက ပြုံး၍ သူ့လက်ကို ကျွန်မ၏ခေါင်းပေါ်သို့ တင်လိုက်သည်။

ပြီးနောက် ကျွန်မ၏ခေါင်းကို ဆွဲယူလိုက်ပြီး သူ့ဘက်သို့ စောင်းငဲ့စေလိုက်သည်။

"မင်း ကိုယ့်ကို ကြိုက်လာပြီဆိုတော့မှ ကိုယ် မင်းကို နမ်းမှာပါ။"

သူက ကျွန်မ၏စိုစွတ်နေသော ဆံပင်များကို ပွတ်သပ်ပေးရင်း ပြောခဲ့သည်။

"အဲ့ဒီအချိန် ရောက်မလာခင်အထိတော့ ဒါလေးနဲ့ပဲ ကျေနပ်တော့နော်။"

ပြီးနောက် ကျွန်မ၏နဖူးကို ညင်ညင်သာသာလေး နမ်းလိုက်လေသည်။

အေးစက်သောလက်များနှင့် ခြားနားလှစွာ ပူနွေးနေခဲ့သော ထွက်သက်လေများကို ကျွန်မ ခံစားမိလိုက်သည်။

သူ့နှုတ်ခမ်းများ ပြန်မခွာသွားလျှင် ကောင်းမည်ဟု ကျွန်မ ရုတ်တရက်ကြီး တွေးမိလိုက်လေသည်။

သိုသော် သူက ချက်ချင်းဆိုသလို ပြန်ခွာသွားခဲ့သည်။

ဆိုးလိုက်တာ။

"ကောင်းသောညပါ။"

အနွေးဓါတ်လေး ပျောက်ပျက်မသွားခဲ့ပါ။

ကျွန်မတို့ အတူတကွ လဲလျောင်းပြီး အိပ်စက်လိုက်ချိန်အထိ။


TK Team
++++++++