Chapter 5+6
Viewers 4k

👨‍❤️‍👨Chapter 5

– ဇာတ်လိုက်နှင့် စကားစမြည်ပြောဆိုခြင်း




ရှီသွမ်းက လက်ထဲက စာရွက်စာတမ်းများကိုသာ ငုံကြည့်နေသော်လည်း သွမ့်ရှူးထုံ ဖုန်းကိုင်လိုက်ကတည်းက စာရွက်မလှန်မိပေ။


ဖုန်းတစ်ဖက်မှ လိရှောင်း "....."


သွမ့်ရှူးထုံမှာ ဝတ္ထုဖတ်နေချိန်က ကဖျက်ကယက်လုပ်ခံရသလို ခံစားခဲ့ရသည်။ သူက နောက်ဆုံး အခွင့်အရေး ရလာပြီဖြစ်၍ အမိအရဖမ်းဆုပ်ပြီး ပြတင်းပေါက်ဘက် မျက်နှာမူလိုက်ရင်း အသံတိုးတိုးနှင့် ဆက်ပြောလိုက်သည် " ဖိန်ရော့ဝိန်းက မနေ့က ဆေးရုံတက်လိုက်ရတာ မင်းမသိသေးလောက်ဘူး....သူမက လိမိသားစုမှာ အလုပ်လုပ်နေတာလေ....သူ့မှာ ဒီဇိုင်းလေးတစ်ခု ထုတ်ရဖို့အရေး ညနက်တဲ့အထိ အလုပ်လုပ်ခဲ့တာ အောက်တန်းစားကောင်တွေဆီက အဖျက်ဆီးခံရဖို့လား....နောက်ဆုံးတော့လည်း တာဝန်ရှိသူဆီက အဆူခံရပြီးတော့ လစာဖြတ်ခံလိုက်ရတယ်....မင်း အဲ့ဒီအကြောင်းလည်း သိမှာ မဟုတ်ဘူး...."   


[ လိရှစ် -လိက ဇာတ်လိုက် လိရှောင်းရဲ့ မျိုးရိုးနာမည် ရှစ်ရဲ့ အဓိပ္ပါယ်က "မျိုးရိုးနာမည်" ဆိုတော့ လိရှစ် =လိမျိုးရိုး | ဒါကြောင့် ဇာတ်လိုက်မက လိမိသားစုကုမ္ပဏီမှာ အလုပ်လုပ်နေတာလို့ ခန့်မှန်းလိုက်တာပါ]


လိရှောင်း " ....."


" မင်း ဘာမှမသိပဲနဲ့ ဘာလို့ မင်းဆီ ဖိန်ရော့ဝိန်းက ထူးထူးဆန်းဆန်းတွေ ပို့နေရတာလဲလို့ ငါ့ကို မေးရဲသေးတယ်ပေါ့...." 


လိရှောင်း "....."


" မင်းကမှ ရှုံးတဲ့သူ အစစ်...."


ဖုန်းတစ်ဖက်တွင် အသံတိတ်နေသည်။ တစ်စုံတစ်ယောက်၏ အသက်ပြင်းပြင်းရှူသံကိုသာ ကြားနေရသည်။


သွမ့်ရှူးထုံက ဤလူနှင့်အဓိပ္ပါယ်မရှိသည့်အရာများ ဆက်မပြောချင်တော့၍ ပြတ်ပြတ်သားသားပင် ဖုန်းချလိုက်သည်။


ဘာ နာကျင်အောင်လုပ်ပြီး သာယာတဲ့ ခံစားချက်လဲ....ဘာ နားလည်မှုလွဲနေတဲ့ စက်ကွင်းလဲ....ခေါက်ထားလိုက်စမ်းပါ....ဇာတ်လိုက်က လူမဖြစ်ချင်ဘူးဆိုမှတော့ သူလည်း ယဥ်ကျေးနေဖို့ မလိုဘူး...


ရှေ့ခုံတွင် ထိုင်နေသည့် ချန်နင်က သူ့ကို လက်ခုပ်တီးပေးချင်နေသည်။


ထင်မထားဘူး....အာ တကယ် ထင်မထားခဲ့ဘူး...သခင်လေးသွမ့်က ကာဆာနိုဗာလိုမျိုး ဆိုပေမယ့် လက်ထပ်မယ့်ကိစ္စမှာတော့ လူသားဆန်ဆန် သုံးသပ်ချက် ရှိနေတာပဲ....ထူးဆန်းတယ်...တကယ် ထူးဆန်းတယ်...


ဒါပေမယ့် သေသေချာချာ စဥ်းစားကြည့်မယ်ဆိုရင် သခင်လေးသွမ့်က ရည်းစားကို တစ်လတစ်ခါလောက် ပြောင်းနေပေမယ့် ကောင်မလေးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း မတွဲခဲ့ဘူး....ပြီးတော့ ခံစားချက်တွေ အရမ်း ပြင်းထန်မနေပဲ လမ်းခွဲလိုက်ကြတာက များတယ်....


ကားလေးက အပန်းဖြေစံအိမ်ထဲ ဖြေးဖြေးချင်း မောင်းဝင်သွားပြီး စံအိမ်ရှေ့တွင် ရပ်လိုက်သည်။


သွမ့်ရှူးထုံက ဤနေရာကို မှတ်မိသည်။ မူလဇာတ်ကောင်က ကလေးဘဝတုန်းက ဤနေရာတွင် သူ့အဖိုးနှင့်အတူတူ နေခဲ့လေသည်။


သူက ကျေးဇူးတင်စကား ဆိုလိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။ ချန်နင်ကလည်း အထုပ်သယ်ကူရန် ကားပေါ်မှ ဆင်းလာသည်။ သွမ့်ရှူးထုံက ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်သည်။


ချန်နင်က ပြုံးပြီး စကားဆိုလာသည် " သခင်လေးသွမ့်က နွေဦးဆောင်းဦးခန်းမမှာ အလုပ်လုပ်တော့မှာ ဆိုတော့ ကျွန်တော်တို့နဲ့ လမ်းတူသွားပြီပဲ....အနာဂတ်မှာ ကျွန်တော်တို့ ခရီးအတူတူသွားကြရင်ရော ဘယ်လို သဘောရပါသလဲ...." 


သွမ့်ရှူးထုံက အံ့သြသွားရသည် " လက်ထောက်ချန်တို့က ဒီမှာ ဘယ်လောက်ကြာအောင် နေမှာလဲ...."


" နှစ်ဝက်လောက်ထိပေါ့...."


ရှီမိသားစုက ဤဒေသတွင် အရေးကြီးသည့် ပရောဂျက်တစ်ခုကို ရင်းနှီးမြုပ်နှံခဲ့၍ ရှီသွမ်းက ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲရန် ရောက်လာခြင်းဖြစ်သည်။ သူတို့က ဤနေရာတွင် နှစ်ဝက်လောက်ထိ နေရမည်ဟု ခန့်မှန်းမိသည်။


ထို့ပြင် သွမ့်ရှူးထုံ၏ ယဥ်မောင်းလိုင်စင်က ခြောက်လထိ ဆိုင်းငံ့ခံထားရသည်။ အချိန်က တော်တော်လေးသင့်နေသည်။ 


သို့သော်လည်း သူက ငြင်းဆန်လိုက်သည်။


 " ဒီနေရာကနေ နွေဦးဆောင်းဦးခန်းမက သိပ်မဝေးပါဘူး....ကျွန်တော်က နောက်ပိုင်း စက်ဘီးတစ်လောက် ဝယ်လိုက်မလို့လေ....အဲ့လိုဆို ကျွန်တော်လည်း နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တာပေါ့...."


နောက်မှန်တံခါးက နိမ့်ကျလာပြီး ရှီသွမ်း၏ မျက်နှာချောချောက ပေါ်လာသည်။


" ခဏနေရင် ရှောင်လျိုက မင်းစက်ဘီးဝယ်ဖို့ ပို့ပေးလိမ့်မယ်...." 


ဒရိုင်ဘာ ရှောင်လျိုက ပြတင်းပေါက်အပြင်ဘက် ခေါင်းထုတ်လာပြီး ဖော်ဖော်ရွေရွေ ပြုံးပြလာသည်


 " သခင်လေးသွမ့်....ကျွန်တော် ဥက္ကဌရှီကို အိမ်ပို့ပေးတာကို စောင့်ပေးပါဦး.....ပြီးရင် ကျွန်တော် ပို့ပေးပါ့မယ်ဗျ...." 


သွမ့်ရှူးထုံက မငြင်းဆန်တော့ပေ။ သူက ပြုံးလိုက်ပြီး ကျေးဇူးတင်စကားဆိုကာ ဝတ္တရားကျေမေးလိုက်သည် " ဦးလေးရှီက ဘယ်မှာ နေမှာပါလဲ...."


ချန်နင်က အရှေ့ဘက်ဆီ အမူအရာပြလာသည် " ဟိုနားလေးတင်ပါ...."


ကြည့်ရတာ သူတို့က နေရမယ့် ပတ်ဝန်းကျင်တူနေတယ် ထင်တယ်...အား....


သူက အလေးအနက် စဥ်းစားလိုက်ပြီးနောက် မေးကြည့်လိုက်သည် " ဦးလေးရှီ အိမ်မှာ စားစရာတစ်ခုခုရှိလား...တကယ်လို့ မရှိရင် ကျွန်တော်တို့ စူပါမားကတ်သွားပြီး ဝယ်ထားလို့ရတယ်လေ...."


နေ့စဥ်စားမည့် အစားအစာအတွက် မှာစားရန် စီစဥ်ထားသော ချန်နင်က သူ့သူဌေးကို ကြည့်လာသည်။


ရှီသွမ်းက အနည်းငယ် အံ့သြသွား၍ မနေနိုင်ပဲ မေးလိုက်မိသည် " မင်းက ချက်တတ်တယ်လား..."


သွမ့်ရှူးထုံက နာနာခံခံလေး ခေါင်းညိမ့်ပြလာလေသည်။


သူက ဟင်းချက်တတ်ရုံတင်မကသေး ဆေးဖက်ဝင်သည့် ဟင်းလျာတို့ကိုပင် လုပ်တတ်သေးသည်။ ရှီသွမ်းလို ခန္ဓာကိုယ်မျိုးဆိုလျှင် အာဟာရရှိသော အစားအစာများနှင့် အားဖြည့်မှသာ သင့်လျော်လိမ့်မည်။


ကားခပြန်ပေးတယ်လို့ သဘောထားလိုက်ပေါ့....


ရှီသွမ်းက ခံစားချက်မရှိသော မျက်နှာနှင့် ပြန်ဖြေလာသည် " ဒါပေမယ့် ငါ ဟင်းမချက်တတ်ဘူး...."


ချန်နင် " ကျွန်တော်ရောပဲ..."


ဒရိုင်ဘာလျို " ကျွန်တော်ရော...."


သုံးယောက်သား သူ့ကို စိုးရိမ်တကြီး စောင့်မျှော်နေသည့် အကြည့်များနှင့် ကြည့်လာကြသည်။ 


သွမ့်ရှူးထုံက မနေနိုင်ပဲ ရယ်လိုက်မိသည်။ သူ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးလေးများက လခြမ်းပုံစံ ကွေးညွတ်သွားလေသည်။ 


" စိတ်မရှိရင် ကျွန်တော့်အိမ်မှာ လာစားကြပါလား....ကျွန်တော်တစ်ယောက်တည်း စားရရင် ပျင်းစရာကြီး..." 


ရှီသွမ်း၏ အမူအရာကင်းမဲ့သော မျက်နှာက နူးညံ့သည့် အရိပ်ရောင်တို့ ပြလာသည်


 " မင်းကို ဒုက္ခပေးရဦးမှာပဲ...."


ဆယ်မိနစ်အတွင်း စူပါမားကတ်သွားရန် သဘောတူလိုက်ပြီးနောက် သွမ့်ရှူးထုံက လက်ဆွဲအိတ်ကို အမြန်သယ်ပြီး တံခါးဖွင့်ကာ အိမ်ထဲ ဝင်သွားလိုက်သည်။ သူ့ရင်ထဲ မနေနိုင်ပဲ သက်ပြင်းချမိလေသည်။


ရုပ်ရည်ပဲဖြစ်ဖြစ် လုပ်ရည်ကိုင်ရည်ပဲဖြစ်ဖြစ် တတိယဇာတ်လိုက်က ပထမဇာတ်လိုက်ထက် အပုံကြီးသာနေတာ....


ဘာလို့ ဇာတ်လိုက်မက တတိယဇာတ်လိုက်ကို မရွေးပဲ ဇာတ်လိုက်နဲ့ပဲ အတူနေချင်ရတာလဲ....


ဟမ့်...



👨‍❤️‍👨



👨‍❤️‍👨Chapter 6 

– မနက်စာပို့ပေးခြင်း



ရှီသွမ်းက အလုပ်များနေ၍ သူတို့နှင့်အတူ စျေးမလိုက်တော့ပေ။ 


ကံကောင်း၍ ဂိုဒေါင်ထဲတွင် ကားတစ်စီး ရှိနေသေးသည်။ ရှီသွမ်းဒရိုင်ဘာ ရှောင်လျိုက သွမ့်ရှူးထုံစျေးဝယ်ထွက်ရန် လိုက်ပို့ပေးခဲ့ပြီး သူနှင့် ချန်နင်က အခြားတစ်စီးယူပြီး ထွက်သွားကြသည်။


ပြန်ရောက်ပြီးနောက် မကြာခင် အစာစားချိန် ရောက်လာသည်။ သွမ့်ရှူးထုံက ရှောင်လျိုကို စားဖို့ဖိတ်လိုက်သော်လည်း ရှောင်လျို့က ဖုန်းဆက်ခေါ်ခံလိုက်ရသည်။


ချက်ရသည်က မသက်သာလှပေ။ 


စျေးဝယ်ထွက်ခြင်းက ကိုယ်လက်လှုပ်ရှားခြင်းတစ်မျိုး ဖြစ်၍ သွမ့်ရှူးထုံက အနည်းငယ် ပင်ပန်းနေသည်။ ထို့ပြင် စားမည့်သူက သူတစ်ယောက်တည်းသာရှိ၍ အအေးခံထားသော အသားပေါင်းလောက်သာ အလွယ်လုပ်လိုက်သည်။


သွမ့်ရှူးထုံက သက်ပြင်းဖွဖွချလိုက်ပြီးနောက် စျေးဝယ်စင်တာရှိ ဆိုင်တန်းများတွင် နွေဦးဆောင်းဦးခန်းမထုတ် ပစ္စည်းများ မရှိမှန်း တွေးမိသွားသည်။


ရေသေအိုင်ဟု ခေါ်ခြင်းက နွေဦးဆောင်းဦးခန်းမကို တော်တော်လေး သက်ညာပေးထားခြင်းပင်။ အမှန်တွင်ဖြင့် ထိုခန်းမက ရေလေးတစ်စက်ပင် ဟုတ်မနေပေ။


မျက်နှာလိမ်းခရင်များ မဆိုထားနှင့် ရိုးရိုးလက်လိမ်းခရင်ပင် မထုတ်နိုင်သေးပေ။


စားသောက်ပြီးနောက် သူက အစာချေရန်အတွက် လမ်းလျှောက်ထွက်လိုက်သည်။ လမ်းလျှောက်ထွက်ရင်း ဆံသဆိုင်ဝင်ပြီး ဆံပင်ကို တစ်လက်မခန့်တိုချလိုက်ပြီးနောက် ရှော့ပင်းမောဝင်ကာ ပုံမှန်အဝတ်အစား သုံးလေးစုံခန့် ဝယ်ခဲ့သည်။


သူက စံအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ခုံပေါ်မှီရင်း နွေဦးဆောင်းဦးခန်းမ၏ အနာဂတ်ဖွံ့ဖြိုးရေး စီမံကိန်းများဆွဲကာ အချိန်ဖြုန်းနေလိုက်သည်။ ရေးရင်းရေးရင်း သက်ပြင်းအသွင်သွင်ချနေမိသည်။ 


ထားလိုက်ပါတော့....တစ်ကိုက်တည်းစားရုံနဲ့တော့ ဝမလာနိုင်ဘူးလေ....တစ်ဆင့်ချင်းသွားရတော့မှာပေါ့....


သွမ့်ရှူးထုံက နွေဦးဆောင်းဦးခန်းမ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အစီအစဥ်ဆွဲနေသည့်အချိန် အောက်ခြေအဆင့်အသင်း အွန်လိုင်းဖိုရမ်ကဖြင့် စကားသံများဖြင့် စီစီဝေနေလေပြီ။


[ မင်းတို့ ကြားပြီးပြီလား....ယန်မြို့တော်ကနေ အကောင်းကြီးကြီးတွေ လာကြမှာတဲ့....]


[ ဘယ်လိုမျိုးလဲ....ရင်းနှီးမြုပ်နှံဖို့ လာကြတာလား....မနက်ဖြန် ငါတို့ သန့်ရှင်းရေးလုပ်ထားလိုက်ရမလား....]


[ ဘာရင်းနှီးမြုပ်နှံတာလဲ....သူတို့က အောက်ခြေအဆင့်ကနေ လေ့ကျင့်ရေးဆင်းဖို့ လာကြတာကွ...ငါကြားတာ သုတေသနဌာနကို သွားမယ်ဆိုလားပဲ....အဲဒါဆို ဒါရိုက်တာဟယ်ရဲ့နေရာကို ယူတော့မှာ မဟုတ်ဘူးလား....@သုတေသနဌာန - ရှောင်ဝမ် : မင်းတို့ဒါရိုက်တာ ဒီနေ့ ဘယ်လိုဖြစ်နေလဲ....]


[ သူက အမြဲတမ်း ခေါင်းတလားလို မျက်နှာနဲ့ မဟုတ်ဘူးလား....သူ ဘယ်လိုခံစားနေလဲ ပြောပြဖို့က ဖြစ်မှမဖြစ်နိုင်တာ....ဒါပေမယ့် ကြည့်ရတာ တစ်ယောက်ယောက်တော့ လာတဲ့ပုံပဲ....ဘယ်ဌာနမှာ လုပ်မလဲဆိုတာကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိသေးဘူး....]


[ မင်းတို့ ဘာလို့ သတင်းရတာ မြန်ကြတာလဲ....ငါ့မှာ ဘာမှမသိသေးဘူးရော...]


[ ငါ့မှာ ယန်မြို့တော်ရဲ့ သွမ့်မိသားစုမှာ အလုပ်လုပ်တဲ့ အတန်းဖော်တွေ ရှိတယ်လေ...]


[ငါ့မှာတော့ အဲ့ဒီမှာ အလုပ်လုပ်တဲ့ အမျိုးတွေရှိတာ....သူတို့ရဲ့ စကားပြောဂရုကြီးကတော့ အားလပ်ရက်ရနေသလိုပဲ ပွက်ပွက်ကိုညံလို့....] 


[ မင်း ဘာကို ပြောချင်တာလဲ....ဒီတစ်ယောက်က သိပ်သဘောကျစရာမကောင်းတဲ့ သူမျိုးမို့လား....]


[ အိုးမိုင်ဂေါ့....တကယ်ပဲ ဘယ်သူမို့လို့ ငါဘာလို့ ချမ်းစိမ့်စိမ့် ခံစားနေရတာပါလိမ့်....ဒီနေရာမှာ ငါတို့က ဘုရားကျောင်းလေးတစ်ခု သာသာပါပဲ....ဒီဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူနဲ့ဆို ဆန့်မှာမဟုတ်ဘူး....]


[ ငါတော့ သတင်းအတိအကျရထားတာဟေ့....အကောင်ကြီးကြီးဆိုတာ သခင်လေးသွမ့်ပဲ....[အမွှေးနံ့သာနဲ့ ပူဇော်ကြ] [အမွှေးနံ့သာနဲ့ ပူဇော်ကြ] [ အမွှေးနံ့သာနဲ့ ပူဇော်ကြ] ]


[လူ့စွမ်းအားရင်းမြစ်ဌာနက အစ်မကြီး....အခုပြောနေတဲ့ သခင်လေးသွမ့်က ဟိုသခင်လေးသွမ့်များလား....]


[ အင်းးးးးးးးးးသူ တကယ်ကြီး ဒီကို အလုပ်လုပ်ဖို့ လာတာ....ဒီတစ်ခေါက်တော့ မာနကြီးပြီးတော့ အလုပ်ကို အချောင်ခိုတဲ့သူ ရောက်လာတာပဲ....သုတေသနဌာနက လူတိုင်းကို သနားမိတယ်....]


.....


နောက်တစ်နေ့ မနက်ခင်းစောစော အချိန်ခါတွင် မိုးကုတ်စက်ဝိုင်းကြီးက အဖြူရောင်သန်းလာသည်နှင့် သွမ့်ရှူးထုံက စံအိမ်နားတစ်ဝိုက်ကို ပတ်ပြေးရန် သွားလိုက်သည်။


ဤနေရာတွင် လူနေနည်းပြီး လမ်းမ၏ ဘေးနှစ်ဖက်လုံးတွင် သစ်ပင်ကြီးများ ပေါက်ရောက်နေသည်။ မနက်ခင်းစောစော အပြေးလေ့ကျင့်ရန်အတွက် သင့်တော်လှသည်။ သူက လမ်းတွင်စားရန် မုန့်အချို့လည်း ယူလာခဲ့သည်။


ရေချိုးလိုက်ပြီးနောက် ယာဂုအိုးလည်း ကျက်သွားပြီဖြစ်ကာ အချိန်က ခြောက်နာရီခွဲသာ ရှိသေးသည်။ သူက တစ်ချက်စဥ်းစားလိုက်ပြီး ချန်နင်ဆီ မက်ဆေ့ချ်ပို့လိုက်သည်။ 


ချန်နင်နှင့် ရှောင်လျိုက ရှီသွမ်းနှင့်အတူတူနေသည်။ ယနေ့တွင် အလုပ်များ ပိနေအောင်ရှိ၍ လုပ်ငန်းခွင်သို့ မနက်ခုနစ်နာရီ သွားရမည်ဖြစ်သော်လည်း မနေ့က သူတို့မှာ ညနက်သည်ထိ အိမ်မပြန်ခဲ့ရပေ။ သူတို့တွင် အိပ်ချိန်နည်းနည်းလေးသာ ရသည်။ သူတို့ အိပ်ယာနိုးလာသည့်အချိန် စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် အိပ်ချင်နေသည်။ 


မနက်စာအတွက်က ဘာမှလည်း မရှိပေ။ လုပ်ဖို့လည်း အချိန်မရှိပေ။


သူတို့က အပြင်ထွက်ရန်ပြင်လိုက်သည်နှင့် ချန်နင်က သွမ့်ရှူးထုံဆီမှ ဝီချတ်မက်ဆေ့ချ်တစ်စောင် ရရှိခဲ့သည်။


သခင်လေးသွမ့် : နိုးကြပြီလားဗျ....မနက်စာရော စားပြီးကြပြီလား....ကျွန်တော် ယာဂုတွေ ပိုလုပ်ထားတယ်ဗျ...ပြီးတော့ အသားပေါင်းတွေလည်း ဝယ်ထားသေးလို့....


ချန်နင်က ရှီသွမ်းကို မက်ဆေ့ချ်ပြလိုက်သည်။


ရှီသွမ်း " သွားကြစို့...." သူ့တွင် မနက်စာစားဖို့ အချိန်မရှိချေ။


ချန်နင်က စာပြန်ပို့လိုက်ရသည် : ကြင်နာမှုအတွက် ကျေးဇူးပါ သခင်လေးသွမ့်....ဒါပေမယ့် ကျွန်တော်တို့က အခုထွက်မှ ဖြစ်မှာမို့လို့ပါ....


သခင်လေးသွမ့် : လက်ထောက်ချန်တို့ ထွက်တဲ့အချိန်ကျ ကျွန်တော့်အိမ်ရှေ့က ဖြတ်မှာပဲမို့လား....ခဏလောက် ကားရပ်ပေးရုံပဲလေ....


ချန်နင်က ရှီသွမ်းကို ပြန်မေးလိုက်သည်။


ရှီသွမ်းက ခေါင်းညိမ့်ပြလိုက်သည်။ နည်းနည်းလောက် ရပ်ပေးလိုက်တာက သူတို့အတွက် အနှောင့်အယှက် မဖြစ်သွားပါဘူးလေ...


ကားလေးက သွမ့်စံအိမ်ဆီ မောင်းဝင်သွားသည်နှင့် ချန်နင်က တံခါးနားက လူငယ်လေးတစ်ယောက်ကို ချက်ချင်း အကြည့်ရောက်သွားလေသည်။ ထိုကောင်လေးက ရိုးရိုးတီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ခြံဝန်းရှေ့တွင် ရပ်နေကာ သူတို့ကို စောင့်မျှော်နေလေသည်။


ဒါက သခင်လေးသွမ့်လား....ဆေးဆိုးထားတဲ့ ဆံပင်တွေ ဘယ်ရောက်ကုန်ပြီလဲ....ဦးခေါင်းခွံရုပ် အင်္ကျီတွေကရော....




👨‍❤️‍👨