⛰️Chapter 84
မျိုးဆက်ပြန့်ပွားရေး
“မင်းပြောတာက ဒါကိုဆောင်ထားလိုက်ရုံနဲ့ ကိုယ်ဝန်ရသွားအောင်လုပ်နိုင်တယ်ပေါ့”
ချန်ရှင်းယွီက ကြောင်အသွားပြီး အတော်ကြာမှပြန်မေးလာသည်။သူကတွန့်တွန့်ဆုတ်ဆုတ်ဖြင့် မေးလာကာ မယုံနိုင်ဟူသည့်စကားလုံးများက သူ့မျက်နှာပေါ်တွင် ထင်ရှားစွာရေးထားလေသည်။
“ဆောင်ထားရုံနဲ့တော့ ဘယ်ရမှာလဲ ကလေးဖြစ်လာဖို့ ယင်နဲ့ယန်ကိုလည်းပေါင်းစပ်ဖို့လိုတယ်လေ ယင်နဲ့ယန်ဘယ်လိုပေါင်းစပ်ရမလဲသိလား အဲ့ဒါက。。。。。”
ယွင်ရုန်က ချန်ရှင်းယွီတစ်ယောက် သေချာနားမလည်ဘဲ ကောင်းကောင်းမသုံးနိုင်မှာကိုစိုးရိမ်သဖြင့် သေချာရှင်းပြရန်လုပ်လိုက်သည်။
ဘေးမှလုဟယ်နျန်က သူမပြောလေလေပိုပိုပြီးကိုးရို့ကားယားဖြစ်လာလေကိုမြင်သောအခါ ကမန်းကတန်းဖြတ်ပြောလိုက်သည်။
“ယွင်ရုန်က ရွှမ်းမန်ကသူ သူမကအသုံးဝင်တယ်ပြောရင် တကယ်အသုံးဝင်လို့ဘဲ မင်းယူသွားပြီးဦးလေးနဲ့ဒေါ်လေးကိုဆောင်ထားခိုင်းကြည့်လိုက်လေ သိပ်မကြာခင်မှာဘဲ မင်းညီလေးမဟုတ်ရင်ညီမလေးရလာလိမ့်မယ်”
“ငါက အသက်သုံးဆယ်ဘဲပြည့်တော့မှာကို ကလေးဘယ်လိုယူရမလဲ မသိဘဲနေမလား မင်းကဘာလို့。。。。”
ချန်ရှင်းယွီက ပြန်တုံ့ပြန်တော့မည့်အချိန်တွင် လုဟယ်နျန်၏တည်ငြိမ်ကာ ယုံကြည်ချက်အပြည့်ရှိနေသောအမူအရာကိုမြင်လိုက်ရသဖြင့် အသံကတဖြေးဖြေးတိုးဝင်သွားပြီး သူ့လက်ထဲမှ လက်ဝါးအရွယ်အဝါရောင်အမွှေးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါကတကယ်ဘဲ ကလေးရအောင်လုပ်ပေးနိုင်တာလား”
“ရှင်ပြန်ယူသွားပြီး ဟုတ်မဟုတ်စမ်းကြည့်လိုက်လေ တကယ်လို့အသုံးမဝင်ရင် ကျွန်မကိုပြန်ပေးလို့ရတယ် အသုံးဝင်မှပိုက်ဆံပေး”
ယွင်ရုန်က သူမ၏ချန်ခွင်းအိတ်ထဲမှ ပစ္စည်းများအပေါ် ယုံကြည်ချက်အပြည့်ရှိ၏။
ပိုက်ဆံမပေးဘဲစမ်းကြည့်ပြီး တကယ်အသုံးဝင်မှပိုက်ဆံပေးရမှာလား။ချန်မိသားစုတွင်သာ နောက်ထပ်ညီလေး၊ညီမလေးများရှိလာနိုင်ပါက လူအိုကြီးလည်း သူ့ကိုတစ်ချိန်လုံးအာရုံစိုက်ပြီး မြန်မြန်လက်ထပ်ဖို့မပြောလောက်တော့ပေ။ထိုသို့တွေးကြည့်မိသွားသောအခါ ချန်ရှင်းယွီက အံကြိတ်ပြီးပြန်ဖြေလိုက်သည်။
“ဒါဆို ငါစမ်းကြည့်လိုက်မယ်”
ချန်ရှင်းယွီက လုရှုအမွှေးကိုကိုင်ပြီးထွက်သွားသည်ကို ကြည့်ပြီးနောက် လုဟယ်နျန်က ယွင်ရုန်ဘက်လှည့်ကာမေးလိုက်သည်။
“အဲ့ဒါကတကယ်ဘဲအသုံးဝင်တာလား”
သူက ယွင်ရုန်ဆေးဖက်ဝင်မြက်ကိုထုတ်ပြပြီးစားပါကသက်တမ်းကိုဆွဲဆန့်ပေးနိုင်ကြောင်းပြောခဲ့သည့်အချိန်ကတည်းက ယုံကြည်သွားပြီဖြစ်သည်။သို့သော် အမွှေးလေးတစ်ခုက မျိုးဆက်ရအောင်လုပ်ပေးနိုင်သည်မှာ ရုပ်လွန်လောကထဲတွင်တောင်မကြားဖူးဘဲ လောကအမြင်ကိုကျော်လွန်နေပေသည်။
“တကယ်ပေါ့ ကျွန်မကလူတွေကိုမလိမ်တတ်ပါဘူး”
ယွင်ရုန်ကခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်သူမက အိတ်ထဲမှနောက်တစ်ခုထုတ်ပြီး လုဟယ်နျန်လက်ထဲထိုးထည့်ပေးလိုက်သည်။
“ဒုတိယအစ်ကို ဒါကတကယ်ရလဒ်ကောင်းတာနော် တစ်လနှစ်လအတွင်းမှာဘဲ ရလဒ်မြင်ရလိမ့်မယ် မယုံရင်စမ်းသုံးကြည့်”
လုဟယ်နျန်က လက်ထဲထိုးထည့်ပေးလာသော အမွှေးကိုကြည့်ကာ ကြောင်သွားသည်။သူဘာမှပြန်မပြောနိုင်သေးခင်မှာဘဲ ယွင်ရုန်ကအနားတဝိုက်ကိုဝေ့ကြည့်လိုက်ပြီးနောက် အသံတိုးကာပြောလာသည်။
“ကျွန်မရဲ့ချန်ခွင်းအိတ်ထဲမှာ အများကြီးရှိသေးတယ် ဒုတိယအစ်ကိုဆီကနေပိုက်ဆံမယူဘူး”
ကလေးယူဖို့ဆိုတာကလည်း လူနှစ်ယောက်လိုတယ်လေ။သူတစ်ယောက်တည်းဘယ်ကကလေးယူရမှာလဲ။
လုဟယ်နျန်က ရယ်ရမလား၊ဒေါသထွက်ရမလားတောင်မသိတော့ပေ။သူ့မျက်နှာက အမူအရာမျိုးစုံပြောင်းလဲနေကာ အဆုံးတွင်မဲမှောင်နေသောမျက်နှာဖြင့်ပြန်ပြောလိုက်သည်။
“ကိုယ်သုံးစရာနေရာမရှိဘူး”
“ဘယ်လိုဖြစ်ပြီးသုံးစရာမရှိရမှာလဲ မျိုးဆက်ဆိုတာက အရေးကြီးတဲ့ကိစ္စနော်”
ယွင်ရုန်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး လေးနက်စွာပြောလာသည်။
“ဒုတိယအစ်ကိုရဲ့ကံကြောင့် ကလေးယူဖို့မစဉ်းစားထားတာလား အဲ့လိုတွေးတာကမဟုတ်ဘူးနော် ဒုတိယအစ်ကိုကသားတစ်ယောက်ရလာမှာ အဲ့ဒါအပြင်ကို သားတစ်ယောက်နဲ့သမီးတစ်ယောက်ရမယ့်ကံမျိုး ကိုယ့်ကိုကိုယ်လက်လျှော့ထားလို့မဖြစ်ဘူးလေ”
“ကိုယ့်ဘဝကံကြမ္မာမှာ သားတစ်ယောက်ရမယ်လို့ရေးထားတာလား”
လုဟယ်နျန်ကအံ့ဩသွားသည်။သူကအသက်သုံးဆယ်တောင်မကျော်နိုင်တာကို ဘယ်ကသားရလာမှာလဲ။
“ဟုတ်တယ်လေ”
ယွင်ရုန်ကခေါင်းငြိမ့်ပြလိုက်သည်။
“ဒီနေ့မနက်တုန်းက ကျွန်မကြည့်ကြည့်လိုက်တာ ဒုတိယအစ်ကိုရဲ့ကံတရားကနည်းနည်းပြောင်းလဲသွားပြီး အနာဂတ်မှာသားတစ်ယောက်ရလာမှာကိုမြင်လိုက်ရတယ်”
တကယ်တမ်းတွင် သူ့ကံကြမ္မာပြောင်းလဲသွားသော်လည်း သိပ်မရှင်းပေ။သို့သော်ယွင်ရုန်က လုဟယ်နျန်ကစိတ်ဓာတ်ကျသွားမည်ကိုစိုးရိမ်သဖြင့် အလွန်ယုံကြည်ချက်ရှိစွာပြန်ဖြေလိုက်သည်။
လုဟယ်နျန်ကအံ့ဩသွားကာ သူ့ရင်ထဲတွင်ပျော်လည်းပျော်သလို စိတ်ဓာတ်လည်းကျသွားသည်။သူကခဏလောက်ကြာပြီးမှ ထပ်မေးလိုက်သည်။
“ဒါဆို ကိုယ့်ဆီမှာ ကံကြမ္မာကသတ်မှတ်ထားတဲ့ အိမ်ထောင်ရေးရောရှိလားဟင်”
ကြည့်၊ ပါးစပ်က အချစ်ပန်းမပွင့်ချင်ဘူးဆိုနေတာ ရင်ထဲမှာတော့လိုချင်နေတာပဲ။
ယွင်ရုန်က လူသားများသည် တကယ်ပင်ကြောင်သူတော်များ၏ကိုယ်စားပြုဖြစ်သည်ဟုခံစားလိုက်ရသည်။သူမက လုဟယ်နျန်၏ပုခုံးကိုပုတ်ကာပြောလိုက်သည်။
“ရှိရမှာပေါ့ အဲ့ဒါကြောင့်မလို့ ဒုတိယအစ်ကိုစိတ်မလျှော့လိုက်နဲ့နော်”
လုဟယ်နျန်: …….
ယွင်ရုန်၏ပုံစံက မြုံနေသောယောက်ျားတစ်ယောက်ကို နှစ်သိမ့်နေသည့်အတိုင်းပင်။
လုဟယ်နျန်က နှုတ်ခမ်းစေ့လိုက်ကာ သူ့ကိုယ်ကလည်းအနည်းငယ်တောင့်တင်းသွားသည်။မည်သို့ပင်ဖြစ်စေ သူကလုရှုအမွှေးကိုယူပြီး အိတ်ကပ်ထဲထည့်လိုက်ဆဲဖြစ်သည်။
ရွက်လှေကို ကမ်းခြေတွင်ကျောက်ချထား၏။သူတို့နှစ်ယောက်က ရွက်လှေပေါ်သို့တက်လာပြီးနောက် လုဟယ်နျန်ကမောင်းနှင်ခန်းထဲဝင်ကာ ရွက်လှေကိုကမ်းမှခွာလိုက်သည်။ယွင်ရုန်က ဒါကပထမဆုံးအကြိမ်ရွက်လှေပေါ်ရောက်ဖူးခြင်းဖြစ်သဖြင့် သူမကသိချင်နေပြီး ဟိုဟိုဒီဒီလိုက်ထိကြည့်လိုက်သည်။ကုန်းပတ်ပေါ်မှအရာအားလုံးကိုကြည့်ပြီးသည့်နောက် သူမကရွက်လှေဝမ်းထဲဝင်ရန်လုပ်လိုက်သည်။
လုဟယ်နျန်က ရွက်လှေမောင်းထွက်လာပြီးနောက် အပြင်ထွက်လာသောအခါ ယွင်ရုန်ကိုမတွေ့တော့ပေ။သူက အတွင်းဘက်သို့ဝင်သွားလိုက်သောအခါ ယွင်ရုန်ကငုံ့ပြီးတစ်ခုခုကိုထုပ်ပိုးနေသည်ကို မြင်သွားသည်။သူကမနေနိုင်ဘဲမေးလိုက်သည်။
“ဘာလုပ်နေတာလဲ”
“ကျွန်မပစ္စည်းထုပ်နေတာ ဒုတိယအစ်ကိုရဲ့သူငယ်ချင်းက သန့်ရှင်းရေးမလုပ်ထားတာများလား အခုလေးတင်အိပ်ရာပေါ်မှာ အရင်ကဧည့်သည်တွေရဲ့ အဝတ်အစားတွေရှိနေတယ်”
ယွင်ရုန်က ပစ္စည်းအားလုံးအိတ်ထဲထိုးထည့်ပြီး ဂရုမစိုက်စွာပြောလာ၏။
“ကျွန်မအကုန်သိမ်းပြီးသွားပြီ ပြန်ရောက်မှ သူ့ကိုပေးလိုက်ကြတာပေါ့”
“ဘာအဝတ်အစားတွေလဲ”
ရုတ်တရက်ဆိုသလိုပင် လုဟယ်နျန်ကချန်ရှင်းယွီတစ်ယောက် မျက်စိမှိတ်ပြခဲ့သည်ကို သတိရသွားကာ မျက်ခွံလှုပ်သွားသည်။သူ့ရင်ထဲတွင်အဆင်မပြေဖြစ်လာပြီး ခပ်လောလောဖြင့်မေးလိုက်သည်။
ယွင်ရုန်က အိတ်ထဲမှအဝတ်စများကိုကြည့်ကာ ခက်ခက်ခဲခဲဖြင့်အဝတ်ဟုသတ်မှတ်လိုက်ခြင်းဖြစ်သည်။သူမက အိတ်ကို လုဟယ်နျန်ဆီကမ်းပေးပြီး စက်ဆုပ်စွာပြောလာ၏။
“နွေရာသီကတော်တော်လေးပူပေမယ့် ဒီလောက်ထိတော့မပူသေးပါဘူး ဒုတိယအကိုဘဲကြည့်ကြည့်လိုက်တော့ အဝတ်ကအရမ်းကိုနည်းလွန်းတယ် အဲ့ဒါကဘာမှမဝတ်ဘဲနေတာနဲ့ဘာကွာသေးလို့လဲ”
ယွင်ရုန်စကားကိုကြားသောအခါ လုဟယ်နျန်ရင်ထဲတွင် စိတ်လေးသွားသည်။သူကအိတ်ကိုယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သောအခါ ဖဲကြိုးတစ်ချို့ဖြင့်အနက်ရောင်ဇာဝတ်စုံကိုမြင်လိုက်ရသည်။သူဝက်သားမစားဖူးသော်လည်း ဝက်ပြေးတာကိုတော့မြင်ဖူးပေသည်။
လုဟယ်နျန်က ၎င်းတို့သည်ဘယ်လိုအဝတ်များဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကာ သူ့မျက်နှာပေါ်တွင်သဘာဝမကျသောအမူအရာတစ်ခုပေါ်လာသည်။သူကအိတ်ကို တင်းတင်းချီလိုက်ပြီးနောက် ဘန်းခနဲထောင့်သို့ပစ်ထုတ်လိုက်သည်။သူကအံကြိတ်ကာပြောလိုက်သည်။
“ကိုယ်တို့ပြန်ရောက်မှာဘဲ သူ့ကိုပြောလိုက်မယ် ရွက်လှေကိုသန့်ရှင်းရေးမလုပ်ဘဲ ကိုယ်တို့ကိုငှားရတယ်လို့ကွာ”
ယွင်ရုန်က လုဟယ်နျန်ဒေါသထွက်သွားသည်ဟုထင်ကာ ကမန်းကတန်းပြန်ပြောလာ၏။
“တကယ်တော့ အခန်းကသန့်ပါတယ် ဒီအဝတ်တွေကစောင်ပေါ်မှာရှိနေတာ သူတို့သန့်ရှင်းရေးလုပ်နေတုန်း မမြင်သွားတာဖြစ်မယ်”
လုဟယ်နျန်ကဘာများပြောနိုင်ဦးမှာလဲ။သူက ချန်ရှင်းယွီကိုဆူဆဲချင်လာသည်။ချန်ရှင်းယွီ သူ့ဘာသာတစ်ယောက်တည်းဖြစ်ရုံဆိုထားတော့၊အခုက သူ့ရဲ့မိန်းကလေးကိုပါလမ်းမှားရောက်အောင်လုပ်လိုက်တာဘဲ။နောက်တစ်ခါဦးလေးတို့လင်မယား ချန်ရှင်းယွီကိုလက်ထပ်ဖို့တွန်းအားပေးလာရင် သူကူပြောပေးမယ်မထင်နဲ့။
လုဟယ်နျန်က စိတ်ဝင်စားစရာအတွင်းဝတ်ကိုမြင်လိုက်ရပြီးနောက် ယွင်ရုန်နှင့်အကြည့်မဆုံရဲတော့ပေ။သူကတစ်ဖက်လှည့်ပြီးပြောလိုက်သည်။
“ကိုယ်တို့ ငါးသွားမျှားရအောင် နေ့လယ်ကျရင် ကိုယ် လတ်လတ်ဆတ်ဆတ်ငါးနဲ့ဟင်းပွဲတွေလုပ်ပေးမယ်”
“ကောင်းပြီလေ”
ယွင်ရုန်ကသူ့စကားကိုနားထောင်ကာ အဝတ်ကိစ္စအား ဟိုးအနောက်ဆုံးသို့ပစ်ထုတ်ပြီး လုဟယ်နျန်နောက်မှလိုက်သွားလိုက်သည်။
လုဟယ်နျန်၏ငါးဖမ်းစကေးက အလွန်ကောင်း၏။ထို့အပြင်ယွင်ရုန်၏ကံကောင်းမှုပါထည့်ပေါင်းလိုက်သောအခါ သူတို့ကအချိန်တိုလေးအတွင်းမှာဘဲ လက်မောင်းအရွယ်ငါးများစွာကိုဖမ်းမိလာလေသည်။
ရွက်လှေပေါ်တွင် ချက်ပြုတ်စရာအသုံးအဆောင်များအသင့်ရှိသဖြင့် သိပ်မကြာခင်မှာဘဲ လုဟယ်နျန်က ငါးဟင်းပွဲများကိုပြင်ပြီးသွားသည်။စားပွဲပေါ်မှငါးဟင်းပွဲမျိုးစုံကိုကြည့်ကာ ယွင်ရုန်ကအံ့ဩတကြီးပြောလာ၏။
“ဒုတိယအစ်ကို လူသားဒါရိုက်တာတိုင်းက အရမ်းအံ့ဩဖို့ကောင်းတာဘဲလားဟင်”
လုဟယ်နျန်က သူမကိုနားမလည်နိုင်စွာကြည့်လိုက်ချိန်မှာဘဲ ယွင်ရုန်ကဆက်ပြောလာ၏။
“ဒုတိယအစ်ကိုက စီးပွားရေးလုပ်တတ်ရုံတင်မကဘူး ချက်တဲ့စားစရာတိုင်းကလည်းအရသာရှိတယ် စာလည်းတော်တယ် စိတ်ထားလည်းကောင်းတယ် ကျွန်မလေ ဒုတိယအကိုလိုအံ့ဩစရာကောင်းတဲ့လူသားမျိုးတစ်ခါမှမတွေ့ဖူးဘူး”
ဘယ်သူမဆိုချီးကျူးခံရပါက ပျော်ကြ၏။သူချစ်ရသောမိန်းကလေးချီးကျူးလာတာကိုမူ ပြောပြနေစရာတောင်မလိုတော့ပေ။လုဟယ်နျန်ကပြုံးလိုက်သည်။
“မင်းကလည်း ကိုယ်တွေ့ဖူးသမျှထဲမှာ ပါးစပ်အချိုဆုံးမိန်းကလေးပဲ”
ပင်လယ်ပေါ်မှနေရောင်များကနွေးထွေးနေကာ လေအေးလေးကလည်းညင်သာစွာတိုက်ခတ်လာ၏။ဒီလိုအရသာရှိသည့်စားစရာကိုစားနေရသောအခါ သူတို့နှစ်ယောက်ကစားလိုက်၊စကားပြောလိုက်ဖြင့် အချိန်ကလျင်မြန်စွာကုန်ဆုံးသွားသည်။ပုံမှန်ဆိုပါက နေဝင်တာကိုကြည့်ပြီးမှပြန်ဖို့လုပ်ထားသော်လည်း နေ့လယ်စာစားပြီးသောအခါ လုဟယ်နျန်ဆီသို့ ကျန်းရှုဟွားဖုန်းခေါ်လာလေသည်။
“ဟယ်နျန် ယွင်ရုန်က သားနဲ့အတူရှိနေတာလား”
ဖုန်းတစ်ဖက်မှ ကျန်းရှုဟွား၏အသံကစိုးရိမ်သလိုဖြစ်နေ၏။
“ကျွန်တော်နဲ့ရှိနေတာပါ ဒီနေ့ကျွန်တော်တို့ ရွက်လှေနဲ့ပင်လယ်ထဲထွက်လာကြတာ”
လုဟယ်နျန်က ရေကစားနေသောယွင်ရုန်ကိုတစ်ချက်လှမ်းကြည့်ကာ ပြန်မေးလိုက်သည်။
“မား အိမ်မှာတစ်ခုခုဖြစ်လို့လား”
ကျန်းရှုဟွားက လုဟယ်နျန်စကားကိုကြားသောအခါ သူတို့နှစ်ယောက်ကချိန်းတွေ့နေသည့်အလယ်၌ဖြစ်မည်ဟုတွေးမိသွားပြီး နည်းနည်းအားနာသွားသည်။
“ဟယ်နျန် ချင်ချင်တစ်ခုခုဖြစ်သွားတယ် အခုချင်ချင်ကသတိမေ့နေတယ် မား သူ့အခန်းထဲဝင်ပြီးတစ်ချက်သွားကြည့်လိုက်တဲ့အချိန်မှာ ယွင်ရုန်ပေးထားတဲ့ဘေးကင်းအဆောင်က ချက်ချင်းမဲသွားလို့ ချင်ချင်က တစ်ခုခုမကောင်းတာကြုံနေရတယ်လို့ ထင်လားဟင် သားယွင်ရုန်ကိုတစ်ချက်လောက်ပြောပြပြီး ချင်ချင်ကိုလာကြည့်ခိုင်းလို့ရမလား”
အစက ကျန်းရှုဟွားကသိပ်မပြောချင်သော်လည်း ရူပိကတော်တော်လွန်သွားပြီဖြစ်သည်။ဒီနေ့မနက်ခင်းတွင် လုယွင်ချင်ကမနက်စာစားပြီး အပြင်ထွက်သွားသည်။နာရီဝက်ကြာပြီးနောက် သူမက ဂိတ်တံခါးဝ၌မေ့လဲသွားပြီး အိမ်ရာလုံခြုံရေးက ချက်ချင်းပင်လုမိသားစုကိုအကြောင်းကြားလာသည်။သို့သော် ရူပိက မာကျောက်ကစားနေသဖြင့် ပြန်မလာချင်သေးပေ။အဆုံးတွင်အိမ်မှဒေါ်လေးထောင်နှင့်ဒရိုင်ဘာတို့ကသာ လုယွင်ချင်ကိုဆေးရုံသို့ခေါ်သွားလိုက်ရသည်။
လုယွင်ချင်ကို ဆေးရုံရောက်သည်နှင့် စစ်ဆေးကြည့်လိုက်သော်လည်း နေမကောင်းသည့်လက္ခဏာတစ်ခုမှမတွေ့ရပေ။ဤအချိန်မှသာ ရူပိကဆေးရုံကိုရောက်လာပြီး ဆရာဝန်အဖြေကိုကြားသွားကာ ဒေါသထွက်သွားလေသည်။
သူမက လုယွင်ချင်ကိုတကယ်နေမကောင်းတာမဟုတ်ဘဲ နေမကောင်းယောင်ဆောင်သည်ဟုထင်သွားကာ အိမ်သို့ပြန်ခေါ်လာခဲ့သည်။
ရူပိက ကလေးကိုအိမ်ပြန်ခေါ်လာပြီးနောက်မှာဘဲ သူမသူငယ်ချင်းများနှင့်အတူ တစ်ကိုယ်ရည်ထိန်းသိမ်းမှုလုပ်ရန် ပြန်ထွက်သွားကာ လုယွင်ချင်သေသေရှင်ရှင်ကိုနည်းနည်းလေးတောင်ဂရုမစိုက်ခဲ့ပေ။
အဆုံးတွင် လုယွင်ချင်၏အခြေအနေပိုပိုဆိုးလာသည်ကို ဒေါ်လေးထောင်ကသတိထားမိသွားသဖြင့် သူမကိုဖုန်းဆက်လာခဲ့သည်။ကျန်းရှုဟွားက သူ့မြေးမလေးအကြောင်းကိုကြားလိုက်ရသောအခါ လုစုန့်နျန်၏အိမ်သို့အမြန်ဆုံးသွားလိုက်သည်။ထိုအချိန်တွင် လုယွင်ချင်၏အသားအရောင်က မီးခိုးရောင်သန်းနေပြီး အသက်ရှူငွေ့ကလည်း ခပ်မျှင်းမျှင်းသာရှိတော့သည်။
မည်သို့ပင်ဖြစ်စေ လုယွင်ချင်ကသူမ၏တစ်ဦးတည်းသောမြေးမလေးဖြစ်သည်။အစကျန်းရှုဟွားလည်းဒေါသထွက်သွားကာ ရူပိနှင့်ထိပ်တိုက်စကားများချင်နေသော်လည်း ထိုအစားလုယွင်ချင်ကိုဆေးရုံကိုနောက်တစ်ခါထပ်ခေါ်သွားလိုက်သည်။အဆုံးတွင်ဆေးစစ်ချက်များက သူမနေမကောင်းမဖြစ်ဟုသာ အဖြေထွက်လာ၏။
လူကဒီလိုတောင်ဖြစ်နေပြီကို ဘာမှမဖြစ်ဘူးတဲ့လား။ကျန်းရှုဟွားကတွေးကြည့်လေလေ တစ်ခုခုလွဲနေပြီဟုခံစားမိလေပင်။ထို့ကြောင့်သူမက လုစုန့်နျန်ကိုဖုန်းခေါ်လိုက်သည်။လုစုန့်နျန်သည်လည်း ချက်ချင်းပင်လုဟယ်နျန်သတိပေးထားသည်ကို သတိရသွားပြီး ကမန်းကတန်းအိမ်ပြန်ရန်လက်မှတ်ဖြတ်လိုက်သည်။
ကျန်းရှုဟွားက လုဟယ်နျန်သတိပေးခဲ့သည်ဟုကြားလိုက်ရသောအခါ ချက်ချင်းပင်ယွင်ရုန်ကိုတွေးမိသွားသည်။အကယ်၍ချင်ချင်သာ တကယ်ပဲမကောင်းတာတစ်ခုခုနှင့်ကြုံခဲ့ရပါက ဆရာသခင်ကျန်းလည်းဒီမှာမရှိသဖြင့် ယွင်ရုန်တစ်ယောက်တည်းကသာ ကူညီနိုင်လိမ့်မည်။
“အရင်တစ်ခါတုန်းက ချင်ချင် ယွင်ရုန့်အပေါ်ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့တာကို မားလည်းသိပါတယ် ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ချင်ချင်က မားတို့ရဲ့。。。。သားယွင်ရုန်ကိုပြောကြည့်ပေးပါဦးကွယ်”
ထိုသို့ပြောလိုက်ရသောအခါ ကျန်းရှုဟွားကပိုလို့တောင်အရှက်ရသွားသည်။
“တစ်ခုခုဖြစ်သွားတာလား”
လုဟယ်နျန်က ကျန်းရှုဟွားကိုဘာမှပြန်မဖြေရသေးခင်မှာဘဲ ယွင်ရုန်ကဘေးမှဝင်မေးလာသည်။
“ချင်ချင်တစ်ခုခုဖြစ်သွားလို့”
လုဟယ်နျန်ကပြန်ဖြေသည်။
“ကိုယ့်အမေဖုန်းဆက်တာ မင်းများတစ်ချက်လောက်ကြည့်ပေးနိုင်မလားဆိုပြီး。。。。”
အခြားသူဆိုပါက လုဟယ်နျန်က ထုတ်ပြောလိုက်မှာမဟုတ်ပေ။သို့သော်တစ်ဖက်လူကလုယွင်ချင်ဖြစ်နေ၏။သူကခနရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။
“တကယ်လို့ မင်း。。。。”
“ကောင်းပြီလေ ဒါဆိုလည်းပြန်ကြတာပေါ့”
ထိုကလေးမလေးက ဘာယဉ်ကျေးမှုမှမရှိသလို သူမ၏နာမည်အက္ခရာများကလည်းမကောင်းပေ။သို့သော်ယွင်ရုန်ကစိတ်ထားကောင်းမွန်သဖြင့် ကလေးတစ်ယောက်ကိုအငြိုးမထားသင့်ပေ။လုဟယ်နျန်ပြောပြီးသည်ကိုစောင့်ပြီးနောက် သူမကချက်ချင်းပြန်ဖြေလိုက်သည်။
“ယွင်ရုန် ကျေးဇူးပါဘဲ”
လုဟယ်နျန်ကရိုးသားစွာပြောလိုက်သည်။
ယွင်ရုန်ကပြုံးကာ လက်ခါပြလိုက်သည်။
“ဒုတိယအစ်ကို ကျေးဇူးတင်စရာမလိုပါဘူး ကျွန်မတောင်အောက်ဆင်းလာကတည်းက နားမလည်တဲ့အရာတွေအများကြီးရှိခဲ့တယ် ဒုတိယအစ်ကိုသာမရှိရင် ကျွန်မဘယ်နှစ်ကြိမ်လောက်တောင် အလိမ်ခံနေရမလဲမသိဘူး ဒါကဒီအတိုင်း。。。”
သာမာန်ကိစ္စလေးပါ။
သူမပြော၍မပြီးသေးခင်မှာဘဲ စိတ်ထဲကိစ္စတစ်ခုပေါ်လာ၏။ယွင်ရုန်ကမျက်မှောင်ကြုတ်ပြီး လေးနက်စွာပြောလိုက်သည်။
“ကျွန်မ သေခြင်းတရားရဲ့အနံ့ကိုရလိုက်တယ် လုယွင်ချင်အခြေအနေမကောင်းတော့ဘူး ဒုတိယအစ်ကို ကျွန်မတို့မြန်မြန်ပြန်ကြတာပေါ့”
လုဟယ်နျန်ကသူမစကားကိုကြားသောအခါ အမြန်ဆုံးလှေကိုစမောင်းလိုက်သည်။ကမ်းပေါ်ရောက်သည်နှင့် သူတို့ကလုစုန့်နျန်၏အိမ်သို့မြန်မြန်သွားလိုက်ကြသည်။လမ်းတစ်လျှောက်တွင် သူတို့ကမီးနီအနည်းငယ်ကိုဖြတ်မောင်းခဲ့ပြီး ညနေသုံးနာရီတွင်ရောက်လာကြလေသည်။
⛰️