Chapter 79
Viewers 5k

⛰️Chapter 79

:ဦးထုပ်စိမ်း။





သက်ရှိများထဲတွင် ယွင်ရုန်က ငှက်များကိုသဘောအကျဆုံးဖြစ်သည်။


အဲ့ဒီတော့ သူမကသူ့ပရိသတ်ဆိုတာသေချာတယ်။

ပိုင်မော့ကပိုလို့တောင်ယုံကြည်ချက်ရှိလာပြီး သူ့အပြုံးကလည်းပိုတောက်ပလာသည်။


“မစ္စတာပိုင်လို့မခေါ်ပါနဲ့ ပိုင်မော့လို့ခေါ်လို့ရတယ် ဒါနဲ့မင်းကပဲ ကိုယ့်နာမည်ကိုသိနေတာ ကိုယ်လည်းမင်းနာမည်ကိုသိခွင့်ရှိမလား”


ကြည့်ကောင်းသည့်အပြုံးတစ်ခုက အမြဲပင်စည်းမျဉ်းများကိုချိုးဖျက်နိုင်၏။ယွင်ရုန်က ငေးငိုင်သွားကာ သူမရှေ့မှပြုံးနေသောမျက်နှာက သူမအိပ်မက်ထဲမှမှုန်ဝါးဝါးအသွင်အပြင်နှင့်တစ်ထပ်တည်းကျလာလေသည်။သူမက အလိုအလျောက်ပြန်ဖြေလိုက်သည်။


“ကျွန်မနာမည်ကယွင်ရုန်ပါ”


“ယွင်ရုန်တဲ့လား မင်းနာမည်ကအရမ်းနားထောင်လို့ကောင်းလိုက်တာ ရေလှိုင်းလေးတွေလိုဘဲ ဝေ့စိုင်းနေတဲ့မြူတွေဆိုတဲ့အဓိပ္ပါယ်လား”


ပိုင်မော့ကယွင်ရုန်၏စိတ်လွင့်နေသောပုံစံကိုမြင်သောအခါ သူ့အပြုံးများကပိုနက်ရှိုင်းလာသည်။ 


ယွင်ရုန်၏အကြည့်များက မရေမရာဖြစ်နေကာ မှတ်ဉာဏ်တချို့ဆီနစ်မြုပ်နေသလိုပင်။သူမကမျက်မှောင်ကြုတ်ကာမေးလာ၏။


“ရှင်ကဘယ်လိုသိတာလဲ”


“ဒါပေါ့ကိုယ်သိတာပေါ့”


ပိုင်မော့က လက်ဆန့်လာပြီး ယွင်ရုန်၏ခပ်ပြေပြေကျနေသောဆံပင်များကို နားရွက်နောက်သို့ ညင်သာစွာသပ်ပေးလိုက်သည်။သူ့အပြုံးက လုံးဝပင် လူသတ်နိုင်လောက်သည်။


“ဘာလို့လဲဆိုတော့ ကိုယ်ကမင်းကိုအသိဆုံးမလို့လေ”


သူမကို အသိဆုံးသူလား။ယွင်ရုန်၏နှလုံးသားက တစ်ခုခုဖြင့်ထိုးဖောက်ခံလိုက်ရသလိုပင် ကိုက်ခဲထုံကျဉ်လာသည်။သူမကတောင်စောင့်နတ်တစ်ပါးဖြစ်ရာ သူမဖြစ်တည်လာကတည်းမှ တစ်ခါမှဝမ်းနည်းမှုကိုမခံစားခဲ့ဖူးပေ။သူမ ရင်ထဲမှာ ဘာလို့အရမ်းနာကျင်နေတာလဲ။


ယွင်ရုန်၏အကြည့်များကအေးစက်လာကာ ပိုင်မော့လက်ကိုလှမ်းဆွဲပြီး အလေးအနက်မေးလာသည်။


“ရှင်ဘာသိထားတာလဲ ကျွန်မကိုအကုန်ပြောပြပါ”


ပိုင်မော့က သူ့လက်ကိုလာကိုင်သည့်လက်လေးကိုကြည့်လိုက်သည်။ရိုးရိုးလေးတစ်ချက်ထိလိုက်ရုံဖြင့်တင် များပြားလှသည့်ဝိညာဉ်စွမ်းအင်များကိုခံစားနေရ၏။သူကအသက်ရှူတစ်ရှိုက်တည်းနှင့်တောင် မစုပ်ယူနိုင်ပေ။သူ့မျက်ဝန်းအိမ်ထဲမှပုံစံအကွက်များက ပိုလို့တောင်ထင်ရှားလာကာ ပြန်ပြောလိုက်သည်။


“ဒီမှာစကားပြောဖို့အဆင်မပြေဘူး ညကျရင် မင်ကြွယ်ဟိုတယ်ကိုသွားပြီး ကိုယ့်ကိုစောင့်နေ အဲ့ဒီအချိန်ကျရင်ကိုယ်သိထားသမျှအရာအားလုံး မင်းကိုပြောပြမယ်”


ယွင်ရုန်က အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။လုဟယ်နျန်က သိပ်မကြာခင်တွင်အလုပ်ဆင်းတော့မှာဖြစ်သည်။ဒီနေရာကလည်း နေရာတိုင်းတွင်စောင့်ကြည့်ရေးမော်နီတာများရှိနေသည့်ရုံးဖြစ်နေသည်။


သူမ၏သရုပ်မှန်ကပုံမှန်မဟုတ်ရာ အခြားသူများကြားသွားပါကကောင်းမှာမဟုတ်ပေ။ထို့ကြောင့်သူမကခေါင်းငြိမ့်ပြလိုက်သည်။


“ကျွန်မသေချာပေါက်လာခဲ့ပါ့မယ်”


ဒီ ဒေါင်းပေါက်လေးသာ သူမကိုလိမ်ရဲလို့ကတော့ ဖင်ကအမွှေးတွေအကုန်ဆွဲနုတ်ပစ်မယ်။


ယွင်ရုန်ဧည့်ခန်းထဲမှထွက်လာသောအချိန်တွင် လုဟယ်နျန်ကလည်းအစည်းအဝေးခန်းမှထွက်လာ၏။သူမဘယ်ကထွက်လာသည်ကိုမြင်သောအခါ လုဟယ်နျန်ကမေးလိုက်သည်။


“ဧည့်ခန်းထဲမှာ ဘာသွားလုပ်တာလဲ”


“ဘရန်းရဲ့ပြောရေးဆိုခွင့်ရှိသူ ပိုင်မော့ရောက်လာလို့လေ အဲ့ဒါကြောင့်ရေသွားပို့ပေးတာပါ”

ယွင်ရုန်ကပြန်ဖြေလိုက်သည်။


“လီမင်းဟိုင်ကဘယ်မှာလဲ အဲ့ဒါတွေကိုလုပ်ဖို့ကသူ့တာဝန်မဟုတ်ဘူးလား”


လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။

သူက ယွင်ရုန်အလုပ်လုပ်နေ၍ဒေါသထွက်ခြင်းမဟုတ်ပေ။ပိုင်မော့ကအနုပညာအသိုင်းအဝိုင်းတွင် နာမည်ကောင်းမရှိသောကြောင့်သာဖြစ်သည်။ပိုင်မော့က နှလုံးသားရေးရာ၌ဆရာကျကာ မိန်းမငယ်နုနုထွတ်ထွတ်လေးများနှင့် ပတ်သက်ရသည်ကိုသဘောအကျဆုံးဖြစ်သည်။သူ၏မိန်းကလေးကဘာကိုမှနားမလည်သဖြင့် သူမကအခွင့်ကောင်းယူခံရသည်ကိုတောင်သိမှာမဟုတ်ပေ။


လုဟယ်နျန်က လူတိုင်းသည်ကိုယ့်ကိစ္စကိုယ်တာဝန်ယူသင့်သည်ဟု အလေးအနက်ထားလေသည်။ယွင်ရုန်အလုပ်လုပ်သည်မှာ အချိန်တစ်ခုထိရှိလာပြီဖြစ်သဖြင့် သူမက လုဟယ်နျန်၏ပုံစံကို နားလည်လာလေသည်။ထို့ကြောင့်သူမက ကမန်းကတန်းပြန်ဖြေလိုက်သည်။


“သူကအခုလေးတင် ဖုန်းဝင်လာလို့ပါ ချက်ချင်းပြန်ရောက်လာလိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ် ဒါကဒုက္ခများတဲ့ကိစ္စလည်းမဟုတ်ဘူးလေ ဒုတိယအစ်ကို ကျွန်မရုံးခန်းထဲပြန်နှင့်တော့မယ်နော်”


လုဟယ်နျန်က ယွင်ရုန်၏စကားကိုကြားသောအခါ ထွေထွေထူးထူးတွေးမနေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

“နေ့လယ်ကျရင် အပြင်မှာနေ့လယ်စာသွားစားကြတာပေါ့ ကိုယ်တို့အိမ်ပြန်ရောက်ရင် မင်းဘာစားချင်လဲ”


“အမ် ဘာဘဲဖြစ်ဖြစ်ပါ”


ယွင်ရုန်က ပိုင်မော့၏ကိစ္စကိုတွေးပူနေဆဲဖြစ်သဖြင့် စိတ်လွင့်လျက်သာခေါင်းငြိမ့်ပြလိုက်သည်။


ယွင်ရုန်ရုံးခန်းထဲသို့ပြန်ရောက်သောအခါ ပိုင်မော့အကြောင်းကိုဆက်တွေးနေဆဲဖြစ်သည်။


ပိုင်မော့ကအသိသာကြီးပင် အခုမှ အသက်နှစ်လေးရာမကျော်သေးသည့် ကလေးပေါက်စဖြစ်သည်။သူမကနှစ်သုံးထောင်ကျော်အိပ်ပျော်နေခဲ့ရာ သေချာပေါက်ပိုင်မော့နှင့်ဆက်စပ်နေစရာအကြောင်းမရှိပေ။ဘာလို့ သူ သူမကိုပြုံးပြလိုက်တိုင်းမှာ ရင်းနှီးတဲ့ခံစားချက်မျိုးရနေတာလဲ။


ထိုခံစားချက်က ခံစားရမကောင်းပေ။ယွင်ရုန်ထိုအကြောင်းကို တွေးကြည့်လိုက်တိုင်း သူမရင်ထဲဆို့နင့်လာ၏။သူမက လူသားများဆီမှနတ်ဘုရားတစ်ပါးအဖြစ်ကိုးကွယ်ခြင်းကိုခံရကာ နတ်ဘုရားများနှင့်တူတူနီးပါးဖြစ်ပြီး သူမဆီတွင်လူသားများ၏ခံစားချက်လေးခုမှာမရှိသလောက်ရှားလှသည်။သူမကိုယ်တိုင်ကဆန္ဒမရှိသရွေ့


ဘယ်သူကမှသူမ၏စိတ်ကိုမလှုပ်ခတ်စေနိုင်ပေ။

(Tn:လူသားများ၏ခံစားချက်လေးမျိုး-ပျော်ရွှင်မှု၊ဒေါသ၊ဝမ်းနည်းမှု၊အကြောက်တရား)


ထို့အပြင်ဟယ်ပေါ်နှင့်တိုက်ပွဲပြီးနောက် သူမကမကြာခနဆိုသလိုအိပ်မက်များမက်လာခဲ့သည်။

အဲ့ဒီအိပ်မက်တွေထဲက မှုန်ဝါးဝါးပုံရိပ်က တကယ်ကိုဘယ်သူများလဲ။

ယွင်ရုန်က ထိုကိစ္စသည်အရေးကြီးသည်ဟုခံစားချက်ရသဖြင့် သေချာနှံ့နှံ့စပ်စပ်နားလည်မှဖြစ်မည်။


ထိုကိစ္စများကို သူမရင်ထဲတွင်တွေးနေမိရာ ယွင်ရုန်ကတစ်နေ့တာလုံး စိတ်အားတက်ကြွမှုမရှိဘဲ ကုန်ဆုံးသွားသည်။


ညနေခင်းတွင်ဆောင်းဦးမေပယ်ဗီလာသို့သူမပြန်ရောက်သောအချိန်၌ အိမ်အကူဒေါ်လေးက ဧည့်သည်ခန်းကိုစနစ်တကျစီစဉ်ပြီးနေပြီဖြစ်သည်။ယွင်ရုန်ကအခန်းထဲတန်းဝင်တော့မည်ကိုမြင်သောအခါ လုဟယ်နျန်ကမနေနိုင်တော့ဘဲမေးလိုက်သည်။


“ယွင်ရုန် တစ်ခုခုဖြစ်လို့လား”


ယွင်ရုန်ကအံ့ဩသွားကာ အလိုလိုပင်ပိုင်မော့ကိစ္စကိုထုတ်မပြောလိုက်မိချေ။သူမကပြုံးပြလိုက်သည်။


“ဘာမှမဟုတ်ပါဘူး ဒုတိယအစ်ကို စောစောနားတော့လေ ညကျရင်ကျွန်မကဒုတိယအစ်ကိုကို တက်ဖိမိမှာမဟုတ်တော့ ကောင်းကောင်းအိပ်လို့ရသွားမှာပါ”


ငတုံးမလေး သူကောင်းကောင်းအိပ်မပျော်တာက သူမသူ့အပေါ် ဖိအိပ်လို့မဟုတ်ဘူးလေ။


လုဟယ်နျန်က ကူကယ်ရာမဲ့စွာဖြင့်ရယ်လိုက်ပြီး ယွင်ရုန်၏ခေါင်းကိုအသာပွတ်လိုက်သည်။

“တစ်ခုခုဆိုရင် ကိုယ့်ကိုပြောနော် ဒုတိယအစ်ကိုကမင်းကိုကူညီပေးမယ်”


“အင်း အင်း”

ယွင်ရုန်က ချစ်စရာကောင်းစွာခေါင်းငြိမ့်ပြလာသည်။

လုဟယ်နျန်က ဒီကိစ္စကိုတော့ကူညီနိုင်မှာမဟုတ်ပေ။


လူနှစ်ယောက်က သူတို့၏ကိုယ်စီအခန်းများထဲဝင်သွားကြသည်။ညဆယ့်နှစ်ကျော်ပြီးနောက်တွင် အိပ်ရာပေါ်လှဲနေသည့်ယွင်ရုန်က မျက်လုံးပွင့်လာသည်။သူမကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဒီအချိန်ဆိုပါက လုဟယ်နျန်အိပ်ပျော်နေလောက်ပြီဟုတွေးလိုက်သည်။

ထို့နောက်သူမက ကိုယ်ကိုအရွယ်ချုံ့ပြီး ဗီလာဝန်းကျင်မှထွက်လာကာ ကားငှားစီးရန်လမ်းမကြီးပေါ်သို့တက်လိုက်သည်။အစက သူမက ကိုယ်ကိုချုံ့ထားလျက်ပုံစံနှင့်သာသွားချင်သော်လည်း မင်ကြွယ်ဟိုတယ်ကိုတစ်ခါမှမရောက်ဖူးသဖြင့် လိပ်စာသိမနေပေ။


ဆောင်းဦးမေပယ်ဗီလာမှာ ဘယ်သူကများ ကားကိုယ်ပိုင်မရှိလို့လဲ။ထို့အပြင်အခုကညသန်းခေါင်ကြီးဖြစ်ရာ ဖြတ်သွားနေသောကားဟူ၍သိပ်မရှိတော့ပေ။သူမကလမ်းဘေးတွင်နာရီဝက်လောက်စောင့်ပြီးမှသာ ကားတစ်စီးတားနိုင်သွားသည်။ထို့နောက်တွင်မင်ကြွယ်ဟိုတယ်သို့ရောက်ရန် နောက်ထပ်နာရီဝက်လောက်ထပ်စီးသွားရသည်။ကားခမေးလိုက်သောအခါ ဒါရိုက်တာကယွမ်ငါးဆယ်တောင်တောင်းလာသဖြင့် ယွင်ရုန်ကဒေါသထွက်ချင်သွားသည်။


ယွင်ရုန်က လက်ထဲတွင် တက်စီခဖြတ်ပိုင်းကိုကိုင်ရင်း မျက်မှောင်ကြုတ်လျက်ဟိုတယ်ထဲသို့ဝင်လာခဲ့သည်။သူမ၏ပိုက်ဆံယွမ်ငါးဆယ်ကုန်သွားသဖြင့် ထိုဒေါင်းမိစ္ဆာပေါက်စလေးသာသေချာမပြောပြနိုင်ပါက သူမကလွယ်လွယ်နှင့်လွှတ်ပေးမည်မဟုတ်ပေ။


ယွင်ရုန်ဟိုတယ်ထဲသို့ဝင်လာလာချင်းပင် ပိုင်မော့၏လက်ထောက်ရှောင်ဝူကသူမကိုမြင်သွားပြီး ကမန်းကတန်းနှုတ်ဆက်လာသည်။


“မစ်ယွင် ဘော့စ်က ကျွန်တော့်ကိုမစ်ယွင်ကိုလာကြိုခိုင်းထားတာပါ”


“အိုး ဒါဆိုလည်းသွားကြတာပေါ့”

ယွင်ရုန်ကသူ့ကိုမှတ်မိသည်။နေ့လယ်က အသည်းအသန်ချောင်းဆိုးခဲ့သည့်လက်ထောက်ပင်။သူကခေါင်းငြိမ့်ကာ သူမရှေ့မှလမ်းပြလာသည်။


လက်ထောက်ရှောင်ဝူက ယွင်ရုန်ကိုအပေါ်အောက်စုံဆန်ကြည့်လိုက်သည်။သူမ၏လုံးဝဖြူစင်နေသည့်အသားအရေ၊ နူးညံ့ပျော့ပြောင်းနေသောမျက်နှာနှင့် အသက်နှစ်ဆယ်မကျော်သေးပုံရသည့် လူငယ်တစ်ယောက်၏တောက်ပမှုများကိုမြင်လိုက်ရသောအခါ လက်ထောက်ကမနေနိုင်တော့ဘဲမေးလာသည်။


“မစ်ယွင် တကယ်ဘဲအပေါ်တက်သွားချင်တာလား”


ရှောင်ဝူက ဒီလိုကိစ္စမျိုးကိုအကြိမ်တချို့လုပ်ခဲ့ဖူးသော်လည်း ဒီတစ်ကြိမ်တွင်မူ သူကအပြစ်ရှိသလိုခံစားချက်မျိုးဝင်လာ၏။


သူမကအခုမှမိန်းမပျိုပေါက်စလေးဘဲရှိသေးတာလေ။ပိုင်မော့က ဘယ်လိုစိတ်နဲ့များ သူမအပေါ်လက်တင်ချင်တာလဲ။


သူဆုံးဖြတ်လိုက်ပြီ၊တကယ်လို့အခုချိန်မှာဒီမိန်းကလေးကပြန်ချင်တယ်လို့ပြောလာတာနဲ့ သေချာပေါက်သူမကိုတားမှာမဟုတ်ဘူး။ပိုင်မော့ကို မစ်ယွင်ရောက်မလာဘူးလို့ဘဲပြောလိုက်မယ်။


ယွင်ရုန်က နားမလည်နိုင်ဖြစ်သွားသည်။သူမကခေါင်းငြိမ့်ပြကာဖြေလာ၏။


“အပေါ်မသွားရင် ဒီကိုဘာလို့လာနေဦးမှာလဲ”


ဒီမိန်းကလေးက ဘာလို့သူအကြံပေးတာကို နားမထောင်ရတာလဲ။


ရှောင်ဝူတွင်လည်း ကောင်မလေးရှိပေသည်။သူက ဒီလိုရိုးအကာသန့်စင်သည့်မိန်းမငယ်လေးတစ်ယောက်စွန်းထင်းခံရမှာကို မကြည့်ရက်ပေ။သူကခြေလှမ်းကိုနှေးလိုက်ပြီး ထပ်ပြောလိုက်သည်။


“မစ်ယွင် ဘော့စ်ဆီသွားတွေ့တာကမကောင်းဘူးလို့မထင်ဘူးလား မစ်ယွင်သေချာစဉ်းစားဖို့လိုတယ်ဗျ”


ယွင်ရုန်က အံ့ဩသွားသည်။တွေးကြည့်ရမည်ဆိုပါက ဒေါင်းပေါက်စလေးသည် လူသားများ၏ဆယ်လီဖြစ်နေ၏။

လက်ထောက်က သူမထွက်သွားပြီးနောက်တွင် မဆင်မခြင်ပြောဆိုပြီး ပိုင်မော့၏ဂုဏ်သတင်းဖျက်စီးခံရမှာကို စိုးရိမ်နေခြင်းဖြစ်လိမ့်မည်။

သူမက ခိုင်မာစွာအာမခံလိုက်သည်။


“စိတ်မပူပါနဲ့ ကျွန်မပြန်သွားပြီးရင်မဆင်မခြင်လျှောက်ပြောမှာမဟုတ်ဘူး ပိုင်မော့နဲ့တွေ့ခဲ့တယ်ဆိုပြီးလည်းမပြောဘူး မြန်မြန်သွားကြမယ်”


ဒီလောက်တောင်လောနေတာလား။

ဒီနေ့ခေတ်မိန်းမပျိုလေးတွေက လုံးဝကိုထိန်းထိန်းသိမ်းသိမ်းမရှိတော့ပါလားနော်။


ယွင်ရုန်ကထိုသို့ပြောလာပြီဖြစ်ရာ ရှောင်ဝူကဘာများပြောနိုင်ဦးမှာလဲ။

ဒီကိစ္စတွင်နှစ်ဦးနှစ်ဖက်လုံးက ဆန္ဒရှိနေသဖြင့် သူကထပ်ဖြောင်းဖြပါက သူ၏အလွန်သာဖြစ်သွားလိမ့်မည်။ရှောင်ဝူပင် ချက်ချင်းပင်စကားစကိုဖြတ်လိုက်ကာ အပေါ်ထပ်သို့ရှေ့မှဦးဆောင်သွားသည်။


ပိုင်မော့က အလွန်တွေးခေါ်တတ်ဆဲဖြစ်ကာ presidential suiteအခန်းကိုဘိုကင်ချိတ်ထား၏။ရှောင်ဝူက ယွင်ရုန်ရှေ့မှလမ်းပြသွားပြီး တံခါးခေါက်လိုက်သည်။ပိုင်မော့က မြန်ဆန်စွာတံခါးဖွင့်လာပြီး ယွင်ရုန်ကိုအထဲသို့ဆွဲခေါ်လိုက်သည်။ထို့နောက်သူကရှောင်ဝူကိုပြောလိုက်သည်။

“အခုချက်ချင်းဘဲပြန်သွားလိုက်တော့ ငါကိစ္စပြီးရင်ငါ့ဘာသာငါပြန်လာခဲ့မယ်”


ဒီလိုဝိညာဉ်စွမ်းအင်များဖြင့်ပြည့်နှက်နေသော သရေစာကို သူကလုံးဝအပြည့်အဝနှစ်ခြိုက်ခံစားချင်၏။


“ဘော့စ်。。。ဖို့လို。。。”

ရှောင်ဝူက ပိုင်မော့စိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါ ဖြောင်းဖြဖို့စကားနည်းနည်းပြောချင်သွားသည်။


ပိုင်မော့ကဖြတ်ပြောလာ၏။

“ငါအခြေအနေကိုသဘောပေါက်တယ်”

ထို့နောက်သူက တံခါးကိုဘန်းခနဲပိတ်ချသွားသည်။


 ****

ဆောင်းဦးမေပယ်ဗီလာထဲတွင် လုဟယ်နျန်ကရုတ်တရက်အိပ်ရာနိုးလာပြီး သူ့ဘေးမှနေရာကိုလှမ်းစမ်းလိုက်သည်။သို့သော်သူက နေရာလွတ်ကြီးကိုစမ်းမိသွားလေသည်။ ထို့နောက်တွင်မှ ယွင်ရုန်ကအခုကစပြီး ဧည့်သည်ခန်းထဲတွင်အိပ်တော့မည်ကိုပြန်သတိရသွားသည်။သူ့ရင်ထဲတွင် ဆုံးရှုံးသွားသည့်ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။

 

အမှောင်ထဲတွင်ခနလောက်လှဲနေပြီးနောက် လုဟယ်နျန်ကပြန်အိပ်မပျော်တော့ပေ။သူကထထိုင်လိုက်ကာ ယွင်ရုန်နှင့်အတူအိပ်ခဲ့သည့်နေ့ရက်များကိုသတိရလာသည်။


လုဟယ်နျန်ကအိပ်ရာပေါ်တွင်ခနလောက်ထိုင်နေပြီးနောက် မနေနိုင်တော့ဘဲ ကုတင်ပေါ်မှဆင်းလာသည်။


ယွင်ရုန်က အိပ်နေတဲ့အချိန်ဆိုစောင်ကိုကန်ထုတ်တတ်တယ်၊ အအေးမိသွားရင် မကောင်းဘူး။

သူမအခန်းထဲသွားပြီး သေချာစောင်ခြုံပေးပြီးမှဘဲ သူပြန်အိပ်တော့မယ်။


လုဟယ်နျန်ကယွင်ရုန်၏အခန်းသို့ ခြေသံဖွဖွဖြင့်လျှောက်သွားသည်။တံခါးနားသို့ရောက်သောအခါ သူကခနလောက်တွန့်ဆုတ်သွားပြီးမှ အဆုံးတွင်တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။အခန်းထဲရှိမီးရောင်က အတော်လေးလင်းထိန်နေဆဲဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အခန်း၏အနေအထားကိုရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။လုဟယ်နျန်ကတစ်ချက်သာကြည့်လိုက်ရပြီး ချက်ချင်းလန့်ဖျပ်သွားသည်။အခန်းထဲတွင် ယွင်ရုန်၏အရိပ်အယောင်မရှိဘဲ အိပ်ရာပေါ်မှစောင်ကလည်း သပ်ရပ်နေပေသည်။


လုဟယ်နျန်ကအခြားအခန်းများကိုလိုက်ကြည့်လိုက်သော်လည်း ယွင်ရုန်ကိုမတွေ့ပေ။သူကချက်ချင်းဆိုသလိုပင် ညနေခင်းတုန်းကယွင်ရုန်၏မူမမှန်မှုများကိုပြန်တွေးမိသွားသည်။


သူမကသေချာပေါက်အပြင်ထွက်သွားတာဖြစ်မယ်။


ဘယ်လိုကိစ္စမျိုးမလို့ သူ့ကိုဖုံးကွယ်ထားဖို့လိုအပ်တာလဲ။ညသန်းခေါင်ကြီးမှာ ဘာတစ်ခွန်းမှမပြောဘဲ အပြင်ထွက်သွားတယ်။


လုဟယ်နျန်က ရင်လေးသွားကာ စိုးရိမ်ပူပန်မှုတစ်ခုကသူ့ရင်ထဲတွင်ဖြစ်ပေါ်လာသည်။


ခနလောက်စဉ်းစားနေပြီးနောက် သူကစာကြည့်ခန်းထဲသွားကာ စောင့်ကြည့်ရေးကင်မရာများကိုကြည့်ရန်လုပ်လိုက်သည်။


ဆောင်းဦးမေပယ်ဗီလာသည် တကယ်တမ်းတွင်‌လုကော်ပိုရေးရှင်း၏ပိုင်ဆိုင်မှုဖြစ်သည်။လုဟယ်နျန်က ဗီလာတစ်ခုလုံး၏စောင့်ကြည့်ရေးကင်မရာများကို ကြည့်ပိုင်ခွင့်ရှိပေသည်။သူကဘာမှသိပ်မမျှော်လင့်ထားသော်လည်း ဗီလာပတ်ဝန်းကျင်မှ လမ်းတစ်ခုချင်းစီတိုင်းကို သေချာစစ်ဆေးကြည့်လိုက်သည်။အဆုံးတွင် မော်နီတာမှတစ်ဆင့် ဗီလာဂိတ်ဝနားမှအမြင်ကွယ်ရာရောက်နေသည့်နေရာတစ်ခု၌ ပန်းရောင်အိမ်စီးဖိနပ်သေးသေးလေးများကိုမြင်လိုက်ရလေသည်။

 

၎င်းကယွင်ရုန်၏ဖိနပ်များပင်။အိမ်အကူဒေါ်လေးက ဒီနေ့မှဝယ်လာခဲ့ခြင်းဖြစ်သည်။


ညဆယ့်နှစ်နာရီခွဲလောက်တွင် ယွင်ရုန်ကဗီလာထဲမှထွက်သွားသည်။


လုဟယ်နျန်ကအချိန်ကိုတစ်ချက်ကြည့်လိုက်ရာ တစ်နာရီခွဲနေပြီဖြစ်သည်။


တစ်နာရီကြာသွားတာတောင် သူမပြန်မရောက်လာသေးပေ။သူကဖုန်းခေါ်ကြည့်တော့မည့်အချိန်တွင် ဆိုဖာပေါ်မှယွင်ရုန်၏ဖုန်းကိုမြင်သွားလေသည်။သူမကဖုန်းမယူသွားပေ။


လုဟယ်နျန်ရင်ထဲလေးလံလာ၏။သူကခနလောက်တွေးလိုက်ပြီးနောက် အဆုံးတွင်ဖုန်းတစ်ချက်ခေါ်ကာစကားအနည်းငယ်ပြောပြီးဖုန်းချလိုက်သည်။ငါးမိနစ်ကြာပြီးနောက် သူ့ဖုန်းမြည်လာကာ ယောက်ျားတစ်ယောက်၏အသံထွက်လာ၏။


“‌ဒါရိုက်တာ ကျွန်တော်အနားတစ်ဝိုက်က‌ဆိုင်တွေဆီက CCTVမှတ်တမ်းကိုရသွားပြီ ဆိုင်တစ်ဆိုင်ရဲ့ CCTVဆီမှာ မစ်ယွင်ကိုရိုက်မိထားတယ် ခနကြာပြီးတဲ့နောက်မစ်ယွင်က ကားငှားစီးပြီး မင်ကြွယ်ဟိုတယ်မှာဆင်းသွားပါတယ်”


“သူမက မင်ကြွယ်ဟိုတယ်ကိုသွားတာလား”

လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။

“ပြီးတော့ အခုထိပြန်ထွက်မလာသေးဘူးပေါ့ ”


“ဟုတ်ပါတယ် မင်ကြွယ်ဟိုတယ်ကလည်း လုကော်ပိုရေးရှင်းရဲ့စီးပွားရေးတစ်ခုပါဘဲ ကျွန်တော်အခုပဲသူတို့ကိုဆက်သွယ်ပြီးသွားပြီ မစ်ယွင်က လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကရောက်လာပါတယ် ယောက်ျားတစ်ယောက်ကသူမကိုလာကြိုပြီး အပေါ်ထပ်ကိုခေါ်သွားပါတယ်တဲ့ ဟိုတယ်ရဲ့ CCTVအရဆို မစ်ယွင်က presidential suiteအခန်းတစ်ခန်းထဲကိုဝင်သွားတာပါ အဲ့ဒီအခန်းကိုဘိုကင်တင်ထားတဲ့သူကတော့ ပိုင်မော့ပါ”


ဖုန်းတစ်ဖက်မှသူက အလုံးစုံတင်ပြလာ၏။


ပိုင်မော့လား။


လုဟယ်နျန်ကအံ့ဩသွားသည်။သူကယွင်ရုန်ကအန္တရာယ်တစ်ခုခုကြုံမှာကိုစိုးရိမ်နေခဲ့သော်လည်း တကယ်တမ်းတွင်သူမက ကောင်ချောလေးတစ်ကောင်ကို သွားခိုးတွေ့ခြင်းဖြစ်နေ၏။



⛰️