⛰️Chapter 77
ဒေါင်းမိစ္ဆာ။
“ချင်ချင်ဘယ်မှာလဲ သူ့ကိုလာတွေ့ဖို့ပြောလိုက် ငါသူနဲ့ပြောစရာရှိတယ်”
“ချင်ချင်ဟုတ်လား ရှင့်ကိုယ်ရှင် သမီးတစ်ယောက်ရှိတာကိုတော့ သတိရသေးတယ်ပေါ့”
လုစုန့်နျန်က သူမကိုကြည့်တောင်မကြည့်လာသည်ကိုမြင်သောအခါ သူမရင်ထဲမှဒေါသများကကြီးမားလာသည်။ရူပိကရွဲ့ပြောလိုက်သည်။
“ကျွန်မက ရှင် အပြင်မှာ သားလိမ်မာ၊သမီးလိမ်မာလေးတွေရသွားပြီး အိမ်မှာဆယ်ကျော်သက်အရွယ်သမီးတစ်ယောက်ရှိသေးတယ်ဆိုတာကို မေ့သွားပြီထင်နေတာ”
လုစုန့်နျန်က စိတ်ထားနူးညံ့သူဖြစ်ကာ လုဟယ်နျန်၏အေးစက်စက်သဘောထားနှင့်လုံးဝဆန့်ကျင်ဘက်ပင်။သို့သော်ရူပိ၏ထပ်ခါတလဲလဲပြောဆိုနေမှုများက သူဘယ်လိုဘဲစိတ်ထားကောင်းပါစေ သည်းမခံနိုင်တော့ပေ။သူကမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“မင်းအောက်တန်းကျတဲ့စကားတွေကို မပြောဘဲမနေနိုင်ဘူးလား အပြင်မှာဘာမိန်းမမှမရှိဘူး တရားမဝင်သားသမီးရှိဖို့က ပိုလို့တောင်မဖြစ်နိုင်သေးတယ်”
လုစုန့်နျန်၏တုံ့ပြန်ချက်ကိုကြားသောအခါ ရူပိကဒေါသနည်းနည်းပြေသွားပြီး အေးစက်စွာနှာခေါင်းရှူံ့လိုက်သည်။
“ဘယ်သူသိမှာလဲ အပြင်မှာအခြားမိန်းမတွေမရှိဘူးဆိုရင် ဘာလို့အိမ်ကျပြန်မလာတာလဲ”
လုစုန့်နျန်က ရူပိနှင့်စကားမများချင်သောကြောင့် စိတ်မချမ်းသာစရာစကားများကိုမပြောလိုက်တော့ပေ။
“စီးပွားရေးကိစ္စနဲ့ခရီးထွက်တာက လွဲရင် ကျန်တဲ့အချိန်ဆိုရုံးမှာဘဲအိပ်တယ် မင်းမယုံရင်စုံစမ်းကြည့်လိုက် ရူပိမင်းအနေနဲ့ ငါ့ကို လင်မယားကြားမှာအခြေခံအကျဆုံးယုံကြည်မှုကိုပေးနိုင်ဖို့ ငါမျှော်လင့်တယ်”
လုစုန့်နျန်ဆီမှ လင်မယားဟူသောစကားလုံးက ရူပိရင်ကိုထိသွားစေ၏။သူမက မျက်ခုံးပင့်လိုက်ကာ ခံစားချက်လည်းအတော်လေးကောင်းလာသည်။သို့သော်သူမကအပေါ်စီးကနေထပ်ပြောလိုက်ဆဲဖြစ်သည်။
“ချင်ချင်က သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်”
“အခုက ညဆယ့်တစ်နာရီတောင်ခွဲနေပြီလေ သူငယ်ချင်းတွေနဲ့ ဘယ်ကိုသွားနေလို့ အခုထိပြန်မရောက်သေးတာလဲ ”
ရူပိ၏အဖြေကိုကြားသောအခါ လုစုန့်နျန်ကမျက်ခုံးပင့်လိုက်မိပြီး သူ့ရင်ထဲတွင်ပိုလို့တောင် တထင့်ထင့်ဖြစ်လာသည်။သူက ရူပိကိုအပြစ်တင်လိုက်သည်။
“မင်းက ကလေးကို ဒီလိုနောက်ကျတဲ့အချိန်ကျမှ ဘာလို့အပြင်ပေးသွားရတာလဲ”
လုစုန့်နျန်ပြောသည်ကိုကြားသောအခါ အခုလေးတင်ငြိမ်သွားသည့်ဒေါသများက တစ်ဖန်တောက်လောင်လာသည်။ရူပိက ဆတ်ခနဲထရပ်ပြီးပြောလာသည်။
“အဲ့ဒါက ရှင့်မိဘတွေကြောင့်လေ ဒီနေ့ကျွန်မတို့သားအမိက စေတနာနဲ့လက်ဆောင်တွေသွားပို့ပေးတာကို သူတို့ကအပြင်လူရှေ့မှာ ကျွန်မတို့ရဲ့မျက်နှာကိုတောင်မထောက်ဘူး ကျွန်မကဘာမှမဖြစ်ဘူး ဘယ်ယောက္ခမကများ ချွေးမအပေါ်ကောင်းပေးလို့လဲ အဲ့ဒါကမထူးဆန်းဘူး ဒါပေမယ့်ချင်ချင်ကသူတို့ရဲ့မြေးလေ ကိုယ့်မြေးကိုကျ ငါးမီလီယမ်တန်ကားမပေးချင်ဘဲ အပြင်လူကိုစေတနာပိုနေတယ် ချင်ချင်က အသက်ဆယ့်ခြောက်နှစ်ရှိနေပြီ ဒီလိုမျက်နှာလိုက်တာကအရမ်းလွန်လွန်းတယ်”
လုဟယ်နျန်က ထိုကိစ္စကိုသူ့ကိုပြောပြပြီးသားဖြစ်သည်။ရူပိက အရေးကြီးသည့်အချက်များကိုထည့်မပြောဘဲ သူများကိုသာအပြစ်တင်နေသဖြင့် လုစုန့်နျန်ကဒေါသမထိန်းနိုင်တော့ပေ။သူက လည်စည်းကိုလျှော့ကာပြောလိုက်သည်။
“ချင်ချင်က အသက်ဆယ့်ခြောက်နှစ်ဆိုတာကိုတော့ မင်းသတိရသေးတာလား ဆယ့်ခြောက်နှစ်အရွယ်ကလေးမလေးက ကားမောင်းချင်တယ်တဲ့လား၊ ဘယ်လိုဆယ့်ခြောက်နှစ်ကလေးက အပြင်ထွက်သွားပြီး အိမ်ပြန်မလာသေးတာမျိုးလုပ်လို့လဲ ရူပိ ချင်ချင်ရဲ့မျိုးရိုးကလု ကလေးကိုမင်းတို့ရူမိသားစုကစရိုက်တွေမသင်ပေးနဲ့”
ရူမိသားစုစရိုက်ဟူသောစကားလုံးက ရူပိရင်ထဲသို့ နက်ရှိုင်းစွာထိုးဖောက်သွားကာ ချက်ချင်းပင်ပေါက်ကွဲသွားသည်။သူမကလုစုန့်နျန်ဆီသို့ နှစ်လှမ်းသုံးလှမ်းလောက်တက်သွားလိုက်သည်။သူ့ရှေ့သို့ရောက်လာသောအခါ နက်တိုင်ကိုဆွဲပြီးပြောလာ၏။
“ရှင်ကကျွန်မကို အထင်သေးတာလား ကျွန်မကိုအထင်သေးရင် အစကတည်းကဘာလို့လက်ထပ်ခဲ့သေးလဲ... ကျွန်မသိပြီရှင်က လုမိသားစုရဲ့အကြီးဆုံးသခင်လေးဆိုတဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ ကျွန်မကိုလက်ထပ်ခဲ့တာ”
“တော်လောက်ပြီ”
သူတို့ရန်ဖြစ်သောအချိန်တိုင်းတွင် ဤဓာတ်ပြားဟောင်းကြီးက အမြဲပြန်ပါလာသည်။ဒါကလုစုန့်နျန်၏ဘဝတွင် နောင်တအရဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။သူက ရူပိ၏လက်ကိုဆွဲပြီးပြောလိုက်သည်။
“ငါမင်းနဲ့ ရန်ဖြစ်ဖို့အိမ်ပြန်လာတာမဟုတ်ဘူး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းကကိစ္စက ပြီးသွားပြီ ငါတို့နှစ်ယောက်လုံးအဲ့ဒီအကြောင်းကိုပြန်ထုတ်မပြောရဘူး မင်းနားလည်လား”
ထိုသို့ပြောပြီးနောက် သူကရူပိကိုလွှတ်ပေးပြီး ဆိုဖာပေါ်တွင်ထိုင်လိုက်ကာ လုယွင်ချင်ဆီဖုန်းခေါ်ကြည့်လိုက်သည်။သို့သော်သူသုံးခါတိတိခေါ်လိုက်သော်လည်း ဘယ်သူမှဖုန်းမကိုင်လာပေ။သူက လုဟယ်နျန်ပြောသည်ကိုတွေးမိသွားသောအခါ ရင်ထဲထိတ်သွားသည်။
“ဘာများဖြစ်မှာမလို့လဲ ချင်ချင်ကအတန်းဖော်ရဲ့အိမ်ကိုသွားရုံလေးလေ”
ရူပိက လုစုန့်နျန်၏စိတ်ပူနေသောပုံစံကိုမြင်သောအခါ မဲ့ပြုံးပြုံးပြီးလှောင်လိုက်သည်။
ပုံမှန်ဆိုလျှင် သူကစိတ်မပူသလို ဂရုလည်းမစိုက်ပေ။အခုတော့သူက စိတ်ပူတတ်တဲ့အဖေအိုကြီးပုံစံပေါက်နေပြီ။
ထို့အပြင်ချင်ချင်က ဘယ်လောက်အိမ်ပြန်နောက်ကျပါစေ ဘာမတော်တဆမှမဖြစ်ဖူးပေ။
လူကြီးပဲဖြစ်တော့မှာကို ဘယ်များဖြစ်နိုင်မှာမလို့လဲ။
သူမကပွစိပွစိလုပ်လာသည်။
“ရှင့်မိဘတွေကြောင့်သာမဟုတ်ရင်。。。。ချင်ချင်ကအသိအသာကြီးကို အဲ့ဒီကားကိုသဘောကျနေတာ ဒါပေမယ့်သူတို့ကတမင်တကာကို မပေးလိုက်ဘူး မဟုတ်ရင်ချင်ချင်ကဘာလို့ညလယ်ကြီးအပြင်ထွက်ချင်မှာလဲ တကယ်လို့တစ်ခုခုဖြစ်သွားခဲ့ရင် အပြစ်တင်ရမှာက。。。”
“ငါ့မိဘတွေက မင်းမိဘရောမဟုတ်လို့လား မင်းကလုမိသားစုရဲ့ချွေးမမဟုတ်ဘူးလား”
လုစုန့်နျန်က ဖုန်းကိုချလိုက်ပြီး ရူပိကိုအေးစက်စွာကြည့်ကာခွန်းတုံ့ပြန်လိုက်သည်။
“ရူပိ မင်းမဒမ်လုမဖြစ်ချင်တော့ဘူးဆိုရင် ငါနဲ့ကွာရှင်းလိုက်လို့ရတယ်”
ရူပိကမျက်လုံးပြူးသွားကာ လုစုန့်နျန်ကတကယ်ဒေါသထွက်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။သူမကဘာမှထပ်မပြောရဲတော့ဘဲ ရှက်ရှက်ဖြင့်ပြန်ပြင်ပြောလိုက်သည်။
“ကျွန်မက မတွေးဘဲပြောလိုက်မိတာပါ。。。。”
လက်ရှိတွင် ရူမိသားစု၏စီးပွားရေးအများအပြားက လုမိသားစု၏ထောက်ပံ့မှုအပေါ်မှီခိုထားရပေသည်။သူမကွာရှင်းခံလိုက်ရ၍မဖြစ်ပေ။သူမကခက်ခက်ခဲခဲဖြင့် ဤယောက်ျားကိုအရယူခဲ့ရခြင်းဖြစ်ရာ ကွာရှင်းမခံနိုင်ပေ။
လုစုန့်နျန်က အရာရာကိုတေးထားပြီး အလွှတ်မပေးနိုင်သောသူမျိုးမဟုတ်ပေ။ရူပိကရန်မလိုတော့သည်ကိုမြင်သောအခါ ဘာမှဆက်ပြောမနေတော့ဘဲ အပေါ်ထပ်သို့တက်သွားလိုက်သည်။
လုစုန့်နျန်၏နောက်ကျောကိုကြည့်ကာ ရူပိမျက်နှာပေါ်မှရန်လိုမှုများကလည်း တည်ငြိမ်သွားသည်။
သူကအမြဲတမ်းဒီလိုဘဲ၊ လက်ထပ်ပြီးတာဆယ်နှစ်ကျော်ပြီဆိုပေမယ့် သူမကိုနည်းနည်းလေးတောင်မချစ်ပေးချင်ဘူး။
**
နောက်တစ်နေ့စတင်ကာစ တစ်နာရီလောက်တွင် အပြင်ဘက်၌အမှောင်ထုဖြင့်ဖုံးလွှမ်းနေ၏။ဒီနေ့ညတွင်တိမ်ထူရာ ကောင်းကင်မှကြယ်များမပြောနှင့် လကိုတောင်မမြင်ရပေ။လမ်းမီးများသာမရှိပါက လုံးဝကိုမဲမှောင်ကျနေမှာဖြစ်သည်။
လုယွင်ချင်က အရက်နည်းနည်းသောက်ထားသဖြင့် သူမမျက်နှာကအနီရောင်တစ်လွှာအုပ်ထားသလို နီရဲနေသည်။သူမကဒယိမ်းဒယိုင်ဖြင့် ဘားထဲမှထွက်လာ၏။သူမကအသက်ဆယ့်ခြောက်နှစ်သာရှိသေးသော်လည်း သိုင်းကြိုးများနှင့်အနက်ရောင်ပိုးstockingsကိုဝတ်ထားပြီး 10cmမြင့်သည့်ဒေါက်ကိုစီးထားရာ ကသည့်နေရာမှ လူငယ်တစ်ချို့ကိုဆွဲဆောင်ထားနိုင်လေသည်။တစ်ချို့က မတည်ငြိမ်နိုင်တော့ဘဲ သူတို့လက်များကိုဆန့်ထုတ်လာကြသည်။
“ဖယ်စမ်း ငါ့မျိုးရိုးနာမည်ကဘာလဲနင်တို့သိလား ငါကိုထိရဲတယ်ပေါ့”
လုယွင်ချင်က ငြိမ်မခံပေ။သူမကမျက်မှောင်ကြုတ်ကာပြန်တုံ့ပြန်ပြီး ရှေ့ကိုဆက်သွားသည်။
ဒီနေရာတွင် တကယ်ချောမောသည့်ယောက်ျားတစ်ချို့ရှိသော်လည်း သူမအမေပြောထားသည်မှာ လုမိသားစု၏သခင်မလေးတစ်ယောက်အနေဖြင့် သူမ၏အချစ်ရေးက ဟိုင်ရှီးမှနာမည်ကြီးထိပ်တန်းမိသားစုများထဲမှဖြစ်ရမည်ဟုဆို၏။ဒုတိယဦးလေး၏ကံကြမ္မာကမကောင်းသဖြင့် လက်မထပ်နိုင်ပေ။သူကသားသမီးလည်းရှိလာနိုင်မှာမဟုတ်ပေ။အနာဂတ်တွင်လုမိသားစု၏အရာအားလုံးက သူမအပိုင်ဖြစ်လာလိမ့်မည်။ဤအဆင့်အတန်းနိမ့်သည့်ယောက်ျားများက သူမ၏ဖိနပ်ကိုသယ်ပေးရန်တောင်မထိုက်တန်ပေ။
သူမက လုမိသားစု၏တစ်ဦးတည်းသောမြေးဖြစ်သည်။သို့သော်ဟိုလူအိုကြီးနှစ်ယောက်က အမြဲတမ်းဘက်လိုက်ကြသည်။
ငါးမီလီယမ်တန်ကားကိုတောင် သူမကိုမပေးချင်ကြဘူး။သူမသူငယ်ချင်းတွေအများကြီးက ကိုယ်ပိုင်ကားတွေရှိနေကြပြီ။သူမကျဘာလို့မရနိုင်တာလဲ။
လုယွင်ချင်ကတွေးလေလေ ဒေါသထွက်လာလေပင်။ဒီနေ့တွင်သူမကဒေါသထွက်ထွက်နှင့် ဒရိုင်ဘာမခေါ်ဘဲထွက်လာခဲ့မိသည်။အခုချိန်တွင်သူမက taxiစီးချင်သော်လည်း သူမကိုယ်သူမကtaxiစီးပြီးအိမ်ပြန်သွားရမည်ကိုတွေးကြည့်လိုက်သောအခါ စက်ဆုပ်မှုလှိုင်းလုံးကြီးကသူမကိုရိုက်ခတ်လာသည်။
အဲ့ဒါက အရမ်းမျက်နှာပျက်စရာကြီး။
လုယွင်ချင်က taxiမစီးချင်တော့ပေ။ဒေါက်ဖိနပ်စီးထားသည့်သူမခြေထောက်များကလည်းကိုက်ခဲလာ၏။သူမကမျက်မှောင်ကြုတ်ကာ အယုတ္တအနတ္တစကားများကိုဆဲဆိုလိုက်သည်။သူမကဖိနပ်ချွတ်ဖို့လုပ်သော်လည်း အရက်ကြောင့်မတည်မငြိမ်ဖြစ်ကာ မြေကြီးပေါ်သို့လဲကျသွားသည်။
“**!”
တစ်နေ့ထဲတွင်နှစ်ခါလဲကျခဲ့သဖြင့် လုယွင်ချင်၏ဒူးများကဒဏ်ရာရသွားသည်။သူမကဒေါသထွက်ထွက်ဖြင့် ဖိနပ်များကိုတစ်ဖက်သို့လွင့်ပစ်လိုက်ပြီး လက်ထောက်ပြီးထရပ်ရန်လုပ်လိုက်သည်။သို့သော်သူမလက်က မြေကြီးအပေါ်ထောက်ရမည့်အစား ပလက်စတစ်အိတ်တစ်လုံးကိုထိမိသွားသည်။
“ဘယ်လိုလူကများ ညသန်းခေါင်ကြီး လမ်းမအလယ်မှာအမှိုက်ပစ်ထားတာလဲ”
သူမကမကျေမနပ်ရေရွတ်ပြီး ပလက်စတစ်အိတ်ကိုလွင့်ပစ်ရန်လုပ်လိုက်သည်။သို့သော်သူမအင်အားရှိသမျှဖြင့်ဆွဲယူလိုက်သည်မှာသိသာပါသော်ငြား ပလက်စတစ်အိတ်ကရွေ့တောင်မရွေ့ပေ။သူမကအိတ်ထဲမှမာကြောသည့်အရာနှင့်တိုက်မိသောကြောင့်နာကျင်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာမို့လို့ အရမ်းလေးနေတာလဲ”
ဒါကသေချာပေါက်အမှိုက်မဟုတ်တော့ဘူး။
လုယွင်ချင်ကသူမဘာသာရေရွတ်ရင်း ပလက်စတစ်အိတ်ကိုဖွင့်ကြည့်လိုက်သည်။ထို့နောက်ချက်ချင်းပင်သူမကနေရာမှာဘဲ ကျောက်ရုပ်ဖြစ်သွားသည်။
သာမာန်ဆန်သည့်အနက်ရောင်ပလက်စတစ်အိတ်ထဲတွင် အဖိုးမော်ရုပ်ပုံပါသည့် ပိုက်ဆံအထပ်လိုက်ရှိနေ၏။ပိုက်ဆံများကခေါက်ရာလေးတောင်မပါဘဲ အသစ်ချွတ်ချွတ်များဖြစ်သည်။တစ်ချက်ကြည့်ရုံဖြင့်တင် လောလောလတ်လတ်ဘဏ်မှထုတ်လာခဲ့ခြင်းဖြစ်ကြောင်းပြောနိုင်၏။ပိုက်ဆံအပြင် ကတ္တီပါရတနာဘူးနှစ်ဘူးကိုလည်း ဘေးတွင်ထည့်ထားသည်။
လုယွင်ချင်ကဖွင့်ကြည့်လိုက်သည်။ကတ္တီပါဘူးနှစ်ဘူးထဲမှ တစ်ခုတွင် လက်မလောက်အထူရှိသည့် နဂါးနှင့်ဖီးနစ်လက်ကောက်တစ်စုံရှိနေ၏။ကျန်တစ်ဘူးထဲတွင်မူ စိန်လက်စွပ်တစ်ကွင်းရှိနေသည်။စိန်ကအနည်းဆုံး တစ်ကာရက်လောက်ရှိပေသည်။
ဒီထဲမှာရှိတဲ့ပစ္စည်းတွေက မီလီယမ်နဲ့ချီတန်တယ်။
လုမိသားစု၏အနေအထားကကောင်းမွန်သော်လည်း သူတို့က လုယွင်ချင်ကိုမုန့်ဖိုးအများကြီးမပေးတတ်ပေ။ထို့ကြောင့်လုယွင်ချင်က ပိုက်ဆံအများအပြားကိုမြင်လိုက်ရသောအခါ အသက်ရှူမြန်လာမိသည်။သူမကအနားတစ်ဝိုက်ကိုလိုက်ကြည့်လိုက်သော်လည်း ဘယ်သူမှမရှိပေ။ဒီနေရာတွင်လမ်းသွယ်လေးတစ်ခုသာရှိသဖြင့်ညဘက်တွင်လူများဖြတ်သွားလေ့မရှ်ိပေ။ဘေးတွင်သစ်ပင်ကြီးတစ်ပင်ရှိနေသောကြောင့် စီစီတီဗီ၏မြင်ကွင်းကိုလည်း ကာထားသလိုဖြစ်နေသည်။
လုယွင်ချင်ကအူမြူးသွားကာ ပလက်စတစ်အိတ်ကိုဆွဲမပြီး ရင်ခွင်ထဲပိုက်လိုက်သည်။သိန်းချီသည့်ပိုက်ဆံထပ်များက အတော်လေးရာ သူမကခက်ခက်ခဲခဲဖြင့်ပိုက်ထားရသည်။ထို့နောက်သူမကမြေကြီးပေါ်မှဒေါက်ဖိနပ်ကိုတောင် အရေးမစိုက်နိုင်တော့ဘဲ အိမ်ကိုအမြန်ဆုံးပြန်သွားလိုက်သည်။
လုယွင်ချင်ကမီတာအနည်းငယ်အဝေးသို့ရောက်သွားသောအခါ သက်လတ်ပိုင်းအရွယ်လင်မယားနှစ်ယောက်က ပျော်ရွှင်နေသောအမူအရာဖြင့်ချုံပုတ်ထဲမှထွက်လာကြသည်။သူတို့က လုယွင်ချင်ထားခဲ့သည့်ဒေါက်ဖိနပ်ကို ကမန်းကတန်းပြေးကောက်ပြီးနောက် အိတ်တစ်လုံးထဲသို့ဂရုတစိုက်ထည့်လိုက်သည်။ထို့နောက်သူတို့က ညအမှောင်ထဲသို့ပျောက်ကွယ်သွားလေတော့သည်။
***
ယွင်ရုန် စားစရာအနံ့ကြောင့်အိပ်ရာနိုးလာခဲ့သည်။သူမကမျက်လုံးပိတ်လျက်ရှိသော်လည်း နှာခေါင်းကမူလောဘတကြီးအနံ့ခံနေ၏။
သူမ ဆက်အိပ်ရမလား၊ အရသာရှိသည်များကိုဘဲထစားရမလားဟု နှစ်မိနစ်လောက်စဉ်းစားနေပြီးနောက် အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်တွင်ထထိုင်လိုက်သည်။
“အိပ်ရာထပြီး မနက်စာလာစားတော့”
လုဟယ်နျန်က ကုတင်ဘေးတွင်ရပ်ပြီး အိပ်ချင်နေသေးသည့်မိန်းကလေးကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။
ယွင်ရုန်က အိပ်ချင်မူးတူးဖြစ်နေသဖြင့် သူမဘာပြောလိုက်မှန်းတောင်မသိဘဲ စိတ်ထဲရှိရာကိုလွှတ်ခနဲထုတ်ပြောလိုက်သည်။
“ငါကအားဟယ်ခွံ့ကျွေးတာကိုလိုချင်တာ မသေမျိုးမြက်က လုံးဝကိုအရသာမရှိဘူး。。。”
လုဟယ်နျန်ကအံ့ဩသွားကာ မသက်သာသည့်ခံစားချက်တစ်ခုက သူ့ရင်ထဲတွင်ဖြစ်ပေါ်လာသည်။အားဟယ်ဆိုသည့်အမည်ကို ဒါနှင့်ဆိုလျှင်သူကြားဖူးသည်မှာ နှစ်ခါရှိပြီဖြစ်သည်။ထိုနာမည်က အသိအသာပင်ယောက်ျားတစ်ယောက်၏အမည်ဖြစ်သည်။အဲ့ဒီယောက်ျားကဘယ်သူလဲ။
သူ့မျက်လုံးများကမဲမှောင်သွားကာ ယွင်ရုန်နားကပ်သွားပြီးမေးလိုက်သည်။
“အားဟယ်ကဘယ်သူလဲ”
အိပ်ချင်နေသေးသည့်ယွင်ရုန်က ချက်ချင်းပင်မျက်မှောင်ကြုတ်သွားပြီး မပျော်မရွှင်ဖြင့်ရေရွတ်လာသည်။
“အားဟယ်က အားဟယ်လေ”
လုဟယ်နျန်ကသူမမျက်မှောင်ကြုတ်သွားသည်ကိုမြင်သောအခါ ထပ်မမေးရက်တော့ပေ။သူက သူမမျက်ခုံးနှစ်ခုကြားနေရာကို အသာပွတ်ပေးလိုက်သည်။
“ကောင်မလေး အိပ်ရာထပြီးမနက်စာစားရမယ့်အချိန်ရောက်ပြီ。。。。”
နွေးထွေးသည့်အသက်ရှူငွေ့က ယွင်ရုန်၏မျက်နှာပေါ်သို့ရိုက်ခတ်လာရာ ခနအကြာတွင်သူမကမျက်လုံးဖွင့်လိုက်သည်။ချက်ချင်းဆိုသလိုပင် လုဟယ်နျန်၏ခန့်ညားသောမျက်နှာကို သူမရှေ့၌မြင်လိုက်ရပြီး သူ့မျက်နှာကိုလက်ဆန့်ကာထိချင်မိသွားသည်။သူမကပြုံးကာနှုတ်ဆက်လိုက်သည်။
“ဒုတိယအစ်ကို Good morning”
“မင်းဘာလုပ်နေတာလဲ”
လုဟယ်နျန်၏မျက်နှာက မဲမှောင်သွားသည်။ဒီလက်မထပ်ရသေးတဲ့မိန်းမပျိုလေးက ဘာလို့မနက်စောစောကြီးမှာ အသားယူချင်နေတာလဲ။
“အာ ကျွန်မကဒုတိယအစ်ကိုရဲ့မျက်နှာကိုနှိပ်ပေးနေတာပါ”
ယွင်ရုန်က အလွန်ရိုးသားသလိုပြန်ဖြေလိုက်သည်။
“ဒုတိယအစ်ကို နေရတာဘယ်လိုနေလဲ ကျွန်မကဝိညာဉ်စွမ်းအင်တွေထည့်ပေးနေတာနော် ဒီလိုဆိုဒုတိယအစ်ကိုရဲ့မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတော့မှာမဟုတ်ဘူး”
သူမကအမှန်တိုင်းပြောနေခြင်းမဟုတ်ပေ။အခုလေးတင်သူမကကောင်းကောင်းအိပ်ရာမနိုးသေးဘဲ သူ့မျက်နှာကိုထိမိလိုက်ခြင်းဖြစ်သည်။ထို့ကြောင့်သူမကဇာတ်လမ်းတစ်ပုဒ်ဖန်တီးလိုက်သည်။
ယွင်ရုန်၏လက်များက သူ့မျက်နှာပေါ်တွင်ဟိုထိဒီထိလုပ်နေ၏။လုဟယ်နျန်၏သူ့မျက်နှာတစ်ခုလုံးပူထူလာသည်ကိုခံစားနေရပြီး လျှပ်စီးကြောင်းများဖြတ်ပြေးနေသလိုပင်။သူ့ရင်ထဲတွင် သံသယဝင်လာ၏။ဝိညာဉ်စွမ်းအင်ရဲ့သက်ရောက်မှုကြောင့်များလား။
ပြီးတော့ သူ့မျက်နှာပေါ်မှအရေးအကြောင်းရှိလို့လား။ဒီနေ့မနက်သူမျက်နှာသစ်တုန်းက သူ့မျက်နှာကိုကြည့်လိုက်သေးတယ် ဘာအရေးကြောင်းမှမရှိပါဘူး။သူဘဲသေချာမမြင်လိုက်တာလား။
မည်သို့ပင်ဖြစ်စေ လုဟယ်နျန်ကသူအိုနေပြီဟုဝန်ခံမှာမဟုတ်ပေ။သူကအံကြိတ်ကာပြောလိုက်သည်။
“မင်းကကိုယ့်ကိုအိုနေပြီလို့ထင်တာလား”
ဒါကအန္တာရာယ်ရှိတဲ့မေးခွန်းဘဲ၊ ယွင်ရုန်ကချက်ချင်းပင် သူမလက်များကိုပြန်ရုတ်ပြီးပြောလိုက်သည်။
“ဒုတိယအစ်ကိုက လုံးဝကိုအသက်မကြီးသေးပါဘူးနော် လူသားတွေမှာဆိုရိုးတစ်ခုရှိတယ်မလား ယောက်ျားတွေကအသက်လေးဆယ်လောက်မှစတင်ပွင့်လန်းတာတဲ့ ဒုတိယအစ်ကိုကအခုမှသုံးဆယ်ဘဲရှိသေးတာဆိုတော့ အဖူးလေးဘဲရှိသေးတယ်ဟုတ်တယ်မလား”
ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ပေါက်ကရတွေလဲ။
လုဟယ်နျန်၏မျက်နှာကပိုလို့တောင်မဲမှောင်လာပြီး တစ်ဖက်လှည့်ကာထွက်သွားလိုက်သည်။
“အိပ်ရာမြန်မြန်ထတော့ မနက်စာစားပြီးရင် ကိုယ်တို့ရုံးသွားကြမယ်”
လုဟယ်နျန်မသိလိုက်သည်မှာ သူထွက်သွားပြီးနောက်တွင် ယွင်ရုန်ကအတွေးထဲနစ်သွားသလိုပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။နှစ်စက္ကန့်လောက်ကြာပြီးနောက်သူမက အိပ်ရာပေါ်မှဆင်းလာလိုက်သည်။
⛰️