Chapter 75
Viewers 6k

⛰️Chapter 75

ချွေးမ။




“ငါကအဲ့လိုပြောချင်တာမဟုတ်ဘူး‌ ချင်ချင်လာတာကို ငါကမပျော်ဘဲနေမလား”


ကျန်းရှုဟွားက အေးစက်စက်တုံ့ပြန်လိုက်ပြီးနောက် သူမ၏မြေးမလုယွင်ချင်အား ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ထို့နောက်သူမက လက်ယပ်ခေါ်လိုက်သည်။


“ချင်ချင် မြေး‌ ဒီကိုလာခဲ့လေ အဖွားဘေးမှာလာထိုင်ပါဦး”


သို့သော် လုယွင်ချင်ကမူ ကြားပုံမပေါ်ဘဲ အဖိုး၊အဖွားဟုဝိုးတိုးဝါးဝာားနှုတ်ဆက်ပြီးနောက် ရူပိဘေးတွင်ထိုင်ချလိုက်သည်။သူမအကြည့်များက စားပွဲပေါ်မှကားသော့ဆီရောက်လာ၏။သူမက လှမ်းယူကာရယ်လိုက်သည်။


“အဖိုး အဖွား ဒါကသမီးရဲ့ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့အတွက်လက်ဆောင်လား ကောင်းလိုက်တာ သမီးလည်းဒီကားကိုလိုချင်နေတာ အဖိုးတို့ကပြင်ပေးထားမယ်လို့မထင်ထားဘူး”


ထို့နောက် သူမက ကားသော့ကိုယူကာ သူမအိတ်ထဲထည့်လိုက်သည်။သူမကအရင်လကတည်းက ဒီကားကိုလိုချင်နေခဲ့သော်လည်း သူမအမေက အလွန်ဈေးကြီးသည်ဟုဆိုကာ မဝယ်ပေးပေ။သူမအဖေကျတော့လည်း အသက်အရမ်းငယ်သေးသည်ဟုဆို၏။အိမ်တွင်သူမကိုအကြိုအပို့လုပ်ပေးရန် ကားများစွာရှိသဖြင့် အသစ်ထပ်ဝယ်စရာမလိုပေ။ဤရက်ပိုင်းအတွင်းတွင် လုယွင်ချင်ကအမြဲပင်ဒေါသထွက်နေခဲ့ရသည်။


ပုံမှန်ဆို ရှေးဆန်တဲ့အဖိုးနဲ့အဖွားက သူမအတွက်ဝယ်ပေးလာမယ်လို့မထင်ထားဘူး။


ရူပိက သူမဘာသာမဝယ်ပေးချင်သော်လည်း ကားသော့ကိုမြင်သောအခါ သူမမျက်လုံးများကတောက်ပလာသည်။သူမကချက်ချင်းပင် သူတော်ကောင်းယောင်ဆောင်ကာ ပြုံးပြလိုက်သည်။


“အဖေနဲ့အမေက အရမ်းကြင်နာနေတော့တာဘဲ ကလေးတစ်ယောက်ကိုကားဝယ်ပေးပြီးဘာလုပ်မလို့လဲ ချင်ချင် သော့ကိုအမေ့ဆီယူလာခဲ့ အမေသမီးအတွက်သိမ်းထားပေးမယ်”


သူမသည်လည်း ၎င်းကနောက်ဆုံးပေါ်မော်ဒယ်ဖြစ်ကြောင်းသတိပြုမိပေသည်။သာမာန်ကားတစ်စီးကတင် ငါးမီလီယမ်ကျော်နေပြီဖြစ်သည်။လူအိုကြီးတို့စုံတွဲက ဒီတစ်ကြိမ်မှာတကယ်ကိုပိုက်ဆံအများကြီးသုံးထားတာဘဲ။

 

“ဒီကားက ချင်ချင်အတွက်မွေးနေ့လက်ဆောင်မဟုတ်ဘူး”


ကျန်းရှုဟွား၏မျက်နှာက မည်းမှောင်လာသည်။သူမကရူပိလက်ထဲမှ ကားသော့ကိုပြန်ယူလိုက်သည်။


“ငါကချင်ချင်ကို မွေးနေ့လက်ဆောင်မပေးလို့လား ၁၆နှစ်ဘဲရှိသေးတာကိုကားကလိုချင်နေသေးတယ်”


ကားသော့ပြန်ယူသွားသည်ကိုမြင်သောအခါ လုယွင်ချင်ကချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာပြောလာသည်။


“သမီးမဟုတ်ရင် ကားကိုဘယ်သူမောင်းမှာလဲ အိမ်မှာဒရိုင်ဘာရှိပြီးသား သမီးမောင်းစရာမလိုဘူး သမီးကဒီကားကိုဘဲလိုချင်တာ သမီးရဲ့အတန်းဖော်တစ်ချို့ဆိုရင်ကိုယ်ပိုင်ကားတွေရှိကြတယ် သမီးမှာလည်းကိုယ်ပိုင်ကားရှိမှဖြစ်မယ်”


“ဟုတ်ပါတယ် အမေ အဖေ ချင်ချင်ကတစ်ခုခုလိုချင်တယ်ဆိုတာရှားရှားပါးပါးဘဲ သူ့လက်ထဲရောက်နေပြီကို ပြန်ယူလို့မကောင်းဘူးလေ မဟုတ်ဘူးလား”


ရူပိကလည်း သူမသမီးနောက်မှလိုက်ပြောလာသည်။ဤနှစ်များတွင် လုစုန့်နျန်က သူ့စုဆောင်းငွေများကို သူ့ဘာသာသိမ်းဆည်းထားခဲ့ပြီး အိမ်သုံးစရိတ်အတွက် လတိုင်းတွင် ပိုက်ဆံသိန်းအနည်းငယ်လောက်သာထုတ်ပေးလေသည်။ရှင်းရှင်းဆိုရလျှင် သူမလက်ထဲ၌ ပိုက်ဆံသိပ်မရှိပေ။သူမက မိဘအိမ်သို့ပြန်သောအခါ အရှက်ရမိသည်။

ထိုကားကအတော်လေးကောင်းမွန်ရာ သူမလက်ထဲရောက်လာပါက သူမ၏တူကိုပေးရန်အဆင်ပြေသွားပြီဖြစ်သည်။


ဤစကားပြောပုံ၊အပြုအမူများက အသိဉာဏ်မဲ့သည့်ကျေးလက်မှ မုဆိုးမလိုပင်ဖြစ်နေသည်။ကျန်းရှုဟွားက ဒေါသထွက်ရလွန်းသဖြင့် သူမမျက်နှာတောင်နီရဲလာသည်။လုနန်ရှန်းကလည်း ယောက္ခထီးတစ်ယောက်အနေဖြင့် ချွေးမကိုဆုံးမရန်မှာအဆင်မပြေပေ။


ဘေးတွင်ထိုင်နေသည့် လုဟယ်နျန်၏မျက်လုံးများကနက်မှောင်လာသည်။သူကချောင်းအသာဟန့်ပြီး အေးစက်စွာပြောလိုက်သည်။


“တော်လောက်ပြီ ရန်ဖြစ်ချင်ရင်ကိုယ့်အိမ်ကိုယ်ပြန်ကြ ဒါကလုမိသားစုအိမ်”


လုယွင်ချင်ကလူများကိုအဆုံးမရှိ ပူညံပူညံလုပ်တတ်သော်လည်း ဤမိသားစုတွင် လုဟယ်နျန်ကိုအကြောက်ဆုံးဖြစ်သည်။လုဟယ်နျန်၏စကားကိုကြားသောအခါ သူမကတုန်သွားပြီးချက်ချင်းပင် ပါးစပ်ကိုတင်းတင်းပိတ်လိုက်သည်။


သို့သော်ရူပိကမူ လုယွင်ချင်ထက် ပိုလျင်၏။သူမက လုဟယ်နျန်ဘေးတွင်ထိုင်ကာ သစ်သီးစားနေသည့်ယွင်ရုန်ကိုမြင်သောအခါ ဒီနေ့တွင် ထိုမိန်းကလေးရှိနေသဖြင့် လုဟယ်နျန်က သူမအပေါ်ဘာမှလုပ်မည်မဟုတ်ကြောင်း သူမရင်ထဲတွင်သဘောပေါက်သွားသည်။ရူပိကရယ်ကာပြောလိုက်သည်။


“ဟယ်နျန် နင်ဘာလို့ဒီတလောအတွင်းမှာ ကျန်းစီစီဆီသွားမလည်တာလဲ စီစီကအိပ်‌ရာပေါ်ကထနိုင်နေပြီ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က ငါသူ့ကိုသွားတွေ့သေးတယ် သူကနင့်ကိုသတိရနေတာတဲ့”


ရူပိက အသီးစားနေသောမိန်းကလေး၏လှုပ်ရှားမှုများရပ်သွားသည်ကိုမြင်သောအခါ သူမလုပ်လိုက်သည်ကအောင်မြင်ကြောင်းသိသွားပြီး ပိုလို့တောင်ပြုံးလာသည်။သူမကတမင်ပြောလိုက်ခြင်းပင်။တံခါးဝမှာကတည်းက ဒေါ်လေးဝမ်သည်မီးဖိုချောင်ထဲ၌အလုပ်များနေသည်ကို မြင်ခဲ့၏။ကျောက်ပုဇွန်နှင့်ပင်လယ်ခရုများလည်းရှိ‌ရာ ထိုဟင်းလျာများကို ဤမိန်းကလေးအတွက်ပြင်ဆင်နေခြင်းဖြစ်လိမ့်မည်။


လူအိုကြီးနှစ်ယောက်ကမျက်နှာလိုက်ကြကာ အရာအားလုံးကိုလုဟယ်နျန်အတွက်ပုံပေးထား၏။လုဟယ်နျန်၏လက်တွဲဖော်အတွက် ပြင်ဆင်မှုများကတောင် သူမအတွက်ပြင်ပေးသည်များထက်သာလေသည်။သူမအလည်လာခဲ့သည့် ထိုအချိန်တုန်းကဆိုလျှင် သူတို့ကဘာမှမပြင်ထားခဲ့ပေ။သူတို့တစ်ယောက်စီတိုင်းက သူမမိသားစု၏စီးပွားရေးကိုအထင်သေးကြပေသည်။


ထို့အပြင် ကျန်းစီစီကသူမကိုယ်တိုင်မိတ်ဆက်ပေးထားသောသူဖြစ်သည်။လုဟယ်နျန်က သူ့မရီးကိုတောင်မျက်နှာသာမပေးချေ။သူကြင်ဖက်သွားမတွေ့သည်က အဆင်ပြေသေးသော်လည်း တစ်ဖက်လူကချော်ကျပြီးခြေထောက်ကျိုးသွားတာတောင်မှ သတင်းသွားမမေးပေ။ဟိုင်ရှီးတစ်မြို့လုံး ထိုအကြောင်းကိုသိသွားကြကာ ကျန်းမိသားစု၏သခင်မကလည်း သူမကိုအပြစ်တင်ခဲ့လေသည်။


အခုတော့မျက်စိတမှိတ်အတွင်းမှာဘဲ သူကမိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာခဲ့ချေသည်။ရူပိကဘာကိုမှမဖျက်စီးနိုင်သော်လည်း အရှုပ်အထွေးများကိုဖန်တီးနိုင်ပေသည်။


စီစီဆိုတာကဘယ်သူလဲ။ယွင်ရုန်က လုဟယ်နျန်ကိုနားမလည်နိုင်စွာကြည့်လိုက်သည်။


လုဟယ်နျန်က ယွင်ရုန်ကြည့်လာသည်ကိုမြင်သောအခါ ရင်ထဲထိတ်သွားသည်။သူကခေါင်းမော့ပြီး ရူပိကိုအေးစက်စွာကြည့်လိုက်သည်။


“ကျန်းစီစီက ဘယ်သူလဲ”


အစကရူပိသည် ပြောစရာစကားများစီထားသော်လည်း ထိုစကားတစ်ခွန်းတည်းဖြင့်အပိတ်ခံလိုက်ရသည်။သူမပြောချင်သည်များက လည်ချောင်းထဲတွင်တစ်သွားသည်။သူမရင်ထဲတွင်ဒေါသမီးများ တောက်လောင်လာ၏။သူမကတစ်ဖက်လှည့်ကာ ယွင်ရုန်ကိုလှမ်းမေးလိုက်သည်။


“ညီမလေး နင့်မိသားစုကဘာလုပ်တာလဲ”


ရူပိကအလျှော့မပေးလိုသေးသည်ကိုမြင်သောအခါ လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။သူထပ်ပြောတော့မည့်အချိန်မှာဘဲ ယွင်ရုန်ကခေါင်းမော့ပြီး ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။


“ကျွန်မကဘာလို့ ရှင့်ကိုပြောပြရမှာလဲ”


၎င်းကရိုးရိုးတန်းတန်းစကားလေးတစ်ခွန်းသာဖြစ်သော်လည်း ရူပိ၏နားထဲသို့ဝင်‌လာသောအခါ ယွင်ရုန်ကသူမကိုအထင်သေးနေသည်ဟုခံစားမိသွားလေသည်။၎င်းက သူမ၏ဒေါသကိုစွပေးလိုက်ကာ ယွင်ရုန်ကိုငေါက်ငမ်းလာ၏။


“ဘာပြောတာလဲ နင်ကအပြုအမူမရှိပါလားဟမ် လုမိသားစုထဲကိုတောင်မဝင်ရသေးဘူး ကိုယ့်ကိုကိုယ်မိသားစုဝင်လို့ထင်နေပြီ ငါပြောလိုက်မယ် နင်ကလုမိသားစုထဲဝင်နိုင်မဝင်နိုင်ဆိုတာက မသေချာသေးပါဘူး အကယ်၍ဝင်လာနိုင်ခဲ့ရင်တောင် အသက်ရှင်မှ。。。。”

ထိုအရာကပြောရန်ခက်ခဲလှသည်။


“တော်လောက်ပြီ”

ရူပိပြော၍မပြီးသေးခင်မှာဘဲ လုနန်ရှန်းက‌ဒေါသတကြီးထရပ်လာသည်။သူက တံခါးဆီလက်ညှိုးထိုးကာ မောင်းထုတ်လာလေသည်။


“မင်းထွက်သွားလိုက်တော့”


လုနန်ရှန်းက ယွင်ရုန်ကိုကာကွယ်ရန်အတွက် ဤသို့ပြောလာခြင်းပင်။မိသားစုထဲမဝင်ရသေးသည့်မိန်းကလေးတစ်ယောက်အတွက် သူက သူမကိုမျက်နှာသာတောင်မပေးပေ။ရူပိကပိုလို့တောင်ဒေါပွသွားသည်။


အစကလုမိသားစုတွင် ချွေးမဟူ၍သူမတစ်ယောက်တည်းသာရှိသောကြောင့် ဘာမှမခံစားမိခဲ့ပေ။အခုတွင်နောက်တစ်ယောက်ပေါ်လာပြီး မိသားစုထဲမဝင်ရသေးခင်မှာဘဲ သူတို့က အဲ့ဒီမိန်းမအပေါ်မျက်နှာလိုက်နေကြပြီဖြစ်သည်။သူမကဘယ်လိုများသည်းခံနိုင်မှာလဲ။


သူမခေါင်းထဲတွင်ပူထူလာကာ ထွက်မသွားရုံတင်မကဘဲ ဆက်ပြီးအော်ဟစ်လာ၏။


“ကျွန်မပြောတဲ့ဘယ်စကားကများမှားနေလို့လဲ အဲ့ဒါကဟယ်နျန်ရဲ့ကံတရားဘဲလေ သူ့နားကိုနီးနီးကပ်ပြီးရပ်လို့တောင်မရတာကို အတူတူအိပ်ချင်နေသေးတာလား ကျွန်မထင်တာတော့ အဲ့ဒါကမိသားစုကောင်းကောင်းကမဟုတ်ဘဲ ပိုက်ဆံလိုချင်လို့ဆန္ဒရှိနေတာများမဖြစ်နိုင်ဘူးလား”


“နင့်ပါးစပ်က အရမ်းညစ်ပတ်လွန်းတယ်”


ရူပိထိုသို့ပြောလိုက်သည့်အချိန်မှာဘဲ ယွင်ရုန်ကမျက်မှောင်ကြုတ်ကာ တုံ့ပြန်လာသည်။သူမလက်ချောင်းများကအနည်းငယ်လှုပ်ရှားသွားပြီးနောက် ချက်ချင်းပင် အစိမ်းရောင်အလင်းဖျော့ဖျော့က ရူပိ၏ပါးစပ်ကိုထိသွားသည်။ရူပိက အားခနဲအော်ပြီး ပါးစပ်ကိုအုပ်လိုက်သည်။


“နင်ငါ့ကိုဘာလုပ်လိုက်တာလဲ”

ရူပိ၏ပါးစပ်က ငရုတ်ဆီအလိမ်းခံထားရသလိုပူလောင်လာပြီး တဒုတ်ဒုတ်ဖြစ်လာလေသည်။သူမကလန့်ဖျတ်သွားကာ ယွင်ရုန်ကိုကြည့်လိုက်သည်။


“ငါကနင့်ပါးစပ်ကို တစ်ချက်လောက်ရိုက်ပေးတာလေ”

ယွင်ရုန်ကအေးစက်စွာပြန်ဖြေ၏။


“ဆက်ပြီးပေါက်ကရတွေပြောနေဦးမယ်ဆိုရင် ရိုက်ရုံနဲ့ပြီးသွားမှာမဟုတ်ဘူး”


ရူပိက ယွင်ရုန်ကိုကြောက်လန့်တကြားကြည့်လိုက်မိသည်။အခုလေးတင် သူမကထိုင်ရာကနေရွှေ့တောင်မရွှေ့တာကို ဘယ်လိုများရိုက်နိုင်တာလဲ။


ကျန်းရှုဟွားနှင့် လုနန်ရှန်းတို့ကလည်း ဤမြင်ကွင်းကြောင့်ထိတ်လန့်သွားကာ နေရာမှာတင်တောင့်တင်းသွားကြသည်။သို့သော်ယွင်ရုန်သည် ရွှမ်းမန်ကသူတစ်ယောက်ဖြစ်မှန်းသူတို့သိထားပေသည်။ဖြစ်နိုင်တာက အဲ့ဒါကရွှမ်းမန်ကသူတွေသုံးတဲ့နည်းလမ်းများလား။


လုဟယ်နျန်ကအစမှအဆုံး ယွင်ရုန်ကို‌သာအာရုံစိုက်နေခဲ့သဖြင့် သူမလက်လှုပ်လိုက်သည်ကိုမြင်ခဲ့ပေသည်။သူက အသာပြုံးလိုက်မိသည်။


“နင်ကဘာလဲ ငါ့အမေ့ကိုရိုက်ရဲတယ်လား”


တစ်ဖက်တွင် အခုမှဖုန်းဆော့ပြီးသွားသည့် လုယွင်ချင်ကမူ ထိုမြင်ကွင်းကိုမမြင်သွားပေ။ရူပိအရိုက်ခံလိုက်ရသည်ကိုကြားသောအခါ ဒေါသတကြီးထရပ်ပြီး ယွင်ရုန်ကိုပြေးထိုးရန်လုပ်လာ၏။


လုဟယ်နျန်က တားဖို့လုပ်လိုက်သော်လည်း လုယွင်ချင်ကယွင်ရုန်ရှေ့မရောက်သေးခင်မှာပင် တစ်ခုခုဖြင့်ငြိသွားသလိုပင် ဘုန်းခနဲအသံဖြင့် ကြမ်းပြင်ပေါ်သို့မှောက်လျက်ကြီးလဲကျသွားသည်။


ယွင်ရုန်က ရူပိကိုကြည့်ကာပြောလိုက်သည်။


“ကိုယ့်ကလေးကိုယ် မဆုံးမနိုင်မှတော့ ငါပဲ နင့်အစားဆုံးမပေးမယ်”


ရူပိကအံ့ဩသွားသည်။သူမရှေ့မှမိန်းကလေးမှာ အသိအသာပင်မိန်းမငယ်လေးဖြစ်သော်လည်း သူမမျက်လုံးထဲမှဂရုမစိုက်မှုများက ရေခဲတုံးများလိုပင်ဖြစ်လေသည်။၎င်းကချက်ချင်းပင် သူမရင်ကိုတုန်လှုပ်သွားစေ၏။တကယ်တမ်းဆိုရလျှင်သူမက ထိုမိန်းကလေးကို နည်းနည်းကြောက်လာသည်။


လုဟယ်နျန်က တကယ်ကိုဒေါသထွက်သွားသည်။ဒါကယွင်ရုန်သူတို့အိမ်သို့ဒုတိယအကြိမ်အလည်လာခြင်းဖြစ်သော်လည်း အကြောင်းရင်းမရှိ ဒီလိုစိတ်အနှောင့်အယှက်ပေးသည်ကိုခံလိုက်ရ၏။သူကမျက်လွှာချကာ အင်္ကျီလက်အနားစကိုထိလိုက်သည်။

သူကလေအေးများထဲမှ အေးစက်နေသောအသံဖြင့်ပြောလာသည်။


“ရူပိ ငါကြားတာတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က မင်း အောင်းချန်ကိုသွားခဲ့တယ်တဲ့。。。。”


 လုဟယ်နျန်ပြောလို့မဆုံးသေးခင်မှာဘဲ ရူပိကခေါင်းအစခြေအဆုံးတုန်ယင်သွားသည်။သူမကမျက်နှာပျက်သည်၊မပျက်သည်ကိုဂရုမစိုက်နိုင်တော့ဘဲ သူမသမီးကိုဆွဲထူကာပြောလိုက်သည်။


“ကျွန်မပြန်နှင့်တော့。。。。”


“ဒီတလောအတွင်းမှာ ကျိုးကော်တုန်းကအရမ်းကိုသာယာနေတာဘဲ。。。”


လုဟယ်နျန်က သူမကိုအလွှတ်မပေးလိုဘဲ တံခါးဆီသွားနေသည့် ရူပိကိုကြည့်ကာပြောလိုက်သည်။


ကျိုးကော်တုန်းက ရူပိ၏မောင်ဝမ်းကွဲပင်။ထိုအချိန်တုန်းက ရူမိသားစုသည်မချမ်းသာသေးသလို ရူပိ၏အဒေါ်က ကျိုးမိသားစုခေါင်းဆောင်၏မယားငယ်ဖြစ်သည်။ကျိုးကော်တုန်းက ထိုမယားငယ်နှင့်ရခဲ့သည့် တရားမဝင်သားပင်။အခုတွင်သူက ကျိုးမိသားစုသို့ပြန်ရောက်လာကာ အစကတည်းက သူသည်ကျိုးမိသားစု၏တရားဝင်ဆက်ခံသူနှင့် အတူတူတည်ရှိနိုင်မှာမဟုတ်ပေ။အခုချိန်တွင် ကျိုးကော်တုန်းက ဘာမတော်တဆမှုမှဖြစ်သွားလို့မရပေ။


ရူမိသားစုက ကျိုးကော်တုန်းအပေါ် တိုကင်များစွာရင်းနှီးထားပေသည်။


ရူပိကမတတ်နိုင်တော့ဘဲ ရပ်လိုက်ရကာ နောက်ပြန်လှည့်လာသည်။ထို့နောက်သူမကအံကြိတ်ကာပြောလိုက်သည်။


“ဟယ်နျန် ခုနတုန်းကမရီးစကားအပြောမတတ်ဖြစ်သွားတယ် နင်ရောနင့်မိန်းကလေးရော ငါပြောခဲ့မိတာတွေကိုအရမ်းအလေးအနက်မထားကြပါနဲ့ အမေ အဖေ သမီးပြန်နှင့်တော့မယ်”


ထိုသို့ပြောပြီးနောက် သူမကဖြူတလှည့်နီတလှည့်ဖြစ်နေသောမျက်နှာဖြင့် ထွက်သွားလေသည်။


ရူပိပြန်သွားသော်လည်း လူတိုင်း၏ခံစားချက်ကောင်းများကမရှိတော့ပေ။ကျန်းရှုဟွားက လေထုကိုပြေလျော့သွားစေရန် စကားအနည်းငယ်ပြောပြီးနောက်သိချင်စွာမေးလာသည်။


“ရှောင်ယွင် ခုနတုန်းကရူပိနဲ့ချင်ချင်ဖြစ်သွားတာကို တကယ်ဘဲသမီးလုပ်လိုက်တာလား”


သူတို့ကလုမိသားစု၏ အကြီးဆုံးချွေးမနှင့်အကြီးဆုံးမြေးဖြစ်သော်လည်း လုမိသားစု၏မိဘနှစ်ပါးက သူတို့ကိုသဘောမကျပေ။ထို့အတွက်အကြောင်းရင်းလည်းရှိပေသည်။လွန်ခဲ့သည့်ဆယ်နှစ်ကျော်လောက်က ရူမိသားစုသည်သာမာန်စီးပွားရေးလုပ်ငန်းငယ်လေးသာရှိနေဆဲဖြစ်သည်။သူတို့ပထမဆုံးတွေ့သည့်နေ့တွင် လုစုန့်နျန်ကအရက်မူးပြီး ရူပိနှင့်ဖြစ်ပျက်သွားခဲ့သည်။မျက်လုံးပါသည့်ဘယ်သူမဆို ၎င်းကရူမိသားစု၏အကြံဖြစ်ကြောင်းမြင်နိုင်၏။သို့သော်အဆုံးတွင် မိန်းကလေးဘက်ကသာနစ်နာရသဖြင့် လုမိသားစုကငြင်းဆန်မနေဘဲ သူတို့ကိုကွယ်ရာတွင်သာ သတိပေးခဲ့ကြသည်။


မထင်မှတ်ထားစွာဖြင့်ထိုတစ်ကြိမ်တစ်ခါအမှားအယွင်းကပင် ရူပိကိုကိုယ်ဝန်ရသွားစေပြီး ထိုအကြောင်းအားနေရာတိုင်းတွင်လိုက်ကြေငြာခဲ့သည်။လုစုန့်နျန်ကတာဝန်သိတတ်သောယောက်ျားဖြစ်ကာ ဘာမှမပြောဘဲ ရူပိကိုလက်ထပ်ယူခဲ့သည်။အပေါ်ယံမှဆိုလျှင် သူတို့လင်မယားကကောင်းမွန်သော်လည်း တကယ်တမ်းတွင်မူ သူတို့ကအစောပိုင်းကတည်းက သဘောထားကွဲလွဲခဲ့ကြပေသည်။


ဒီလိုမိန်းမမျိုးကို လုအိမ်ကလူတွေသဘောကျမှသာ ထူးဆန်းနေမှာပင်။ 


ယွင်ရုန်ကခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ်”


လုနန်ရှန်းနှင့် ကျန်းရှုဟွားတို့က သူမအဖြေကိုကြားသောအခါ အချင်းချင်းတုန်လှုပ်ချောက်ချားစွာကြည့်လိုက်မိကြသည်။သူတို့ကိုယ်တိုင်မြင်လိုက်ရသည်က အခြားသူများဆီမှကြားရသည်ထက်ပိုကောင်းလေသည်။လူတိုင်းက ယွင်ရုန်ကို ဆရာသခင်ကြီးဟုဆိုကြသော်လည်း သူတို့မျက်လုံးထဲတွင်မူ သူမကမိန်းမငယ်လေးသာဖြစ်နေခဲ့သည်။ဤအဖြစ်အပျက်က သူတို့ကိုမျက်စိပွင့်သွားစေပြီး တစ်ချိန်တည်းတွင်စိတ်ချမ်းသာသလို သတိလည်းရှိလာမိသည်။


သူတို့စကားပြောနေချိန်တွင် ဒေါ်လေးဝမ်က ညစာအသင့်ဖြစ်ကြောင်းပြောလာသဖြင့် တစ်မိသားစုလုံးက ထမင်းစားခန်းထဲဝင်သွားကြသည်။ဒီနေ့ညအတွက်ပြင်ဆင်ထားသည်များမှာ များပြားလှပြီး အကုန်လုံးကအရသာရှိသည်။လုဟယ်နျန်က ယွင်ရုန်ရင်ထဲခုနေမှာကိုစိုးရိမ်သဖြင့် ခုနကတည်းကသူမ၏အပြုအမူများကိုအကဲခတ်နေခဲ့သည်။သူက သူမအကြည့်ရောက်သွားသည့်ဟင်းပွဲတိုင်းကို သူမအတွက်ယူပေးလေသည်။ဤသို့ဖြင့်ယွင်ရုန်ကညစာကို ပျော်ပျော်ကြီးစားခဲ့ရလေသည်။

 

တစ်ဖက်ရှိ ကျန်းရှုဟွားကမူ အနည်းငယ်ရင်တုန်နေ၏။

“အစာကြေဆေးပြားလိုချင်သေးလား”

သူမအတွက် မိန်းမငယ်လေးတစ်ယောက် အများကြီးစားသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။


ယွင်ရုန်က ကျောက်ပုဇွန်ကိုဝါးနေရင်းတန်းလန်း အာရုံပြောင်းသွားသည်။သူမက ရှက်ရှက်ဖြင့်လုဟယ်နျန်ကိုလှမ်းကြည့်လိုက်သည်။


လုဟယ်နျန်ကပြန်ဖြေပေးလိုက်သည်။

“မလိုပါဘူး သူမရဲ့စားနိုင်စွမ်းက တော်တော်လေးကောင်းတယ်”



⛰️