⛰️Chapter 67
တိရိစ္ဆာန်။
ဖုန်းကဘာအရေးလဲ၊ ရည်းစားကရောဘာမလို့လဲ။မနေ့ညကတိုက်ရိုက်ထုတ်လွင့်မှုနဲ့တင်သူက အနည်းဆုံးယွမ်တစ်သိန်းလောက်ရလောက်တယ်။
ထိုသို့တွေးမိသွားသောအခါ ကောင်းမင်ကဆတ်ခနဲထပြီး ပျော်ရွှင်မှုအပြည့်၊မျှော်လင့်ချက်အပြည့်ဖြင့် ကွန်ပျူတာကိုဖွင့်ကာ သူ၏တိုက်ရိုက်ထုတ်လွင့်ခန်းထဲဝင်ကြည့်လိုက်လေသည်။
သို့သော်သူဘယ်နှစ်ခေါက်ပဲကြိုးစားပါစေ တိုက်ရိုက်ထုတ်လွင့်သည့်ပလက်ဖောင်းက သူဝင်ချင်သောအကောင့်မရှိကြောင်းသာ အကြောင်းကြားနေ၏။ကောင်းမင်က တိုက်ရိုက်ထုတ်လွင့်သည့်ချန်နယ်နာမည်ကိုရှာကြည့်လိုက်သော်လည်း အတူတူပင်ဖြစ်ပြီး သူ၏တိုက်ရိုက်ထုတ်လွင့်ခန်းကမရှိကြောင်းသာဖော်ပြနေ၏။
ကောင်းမင်ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားကာ အခြားနည်းလမ်းများဖြင့်ထပ်ရှာကြည့်လိုက်သည်။သို့သော် သူ၏တိုက်ရိုက်ထုတ်လွင့်ခန်းက တစ်ခါမှမတည်ရှိဖူးသလိုပင် အရိပ်အယောင်လေးတောင်ရှာမရပေ။
ကောင်းမင်ကထိတ်ထိတ်ပျာပျာဖြစ်လာသည်။ထိုတိုက်ရိုက်လွင့်သည့်အကောင့်ထဲတွင် မနေ့ကလက်ဆောင်များကိုထည့်မတွက်လျှင်တောင်မှ သူမထုတ်ရသေးသည့် ယွမ်သောင်းချီကျော်ရှိနေ၏။သူကခနလောက်အကြမ်းဖျင်းတွက်ကြည့်လိုက်သောအခါ မနေ့ညမှလက်ဆောင်များက ယွမ်တစ်သိန်းကျော်နေပြီဖြစ်သည်။၎င်းက ဒါဇင်ချီသည့်ထုတ်လွင့်မှုများနှင့်ယှဉ်နိုင်ပေသည်။
ကောင်းမင်က တစ်ခုခုမှားနေပြီဟုတွေးနေသည့်အချိန်မှာဘဲ အတန်းဖော်တစ်ဖြစ်လည်း အခန်းဖော်ကပြန်ရောက်လာ၏။သူကကောင်းမင်ကိုမြင်သောအခါ အံ့ဩသွားသည်။
“ကောင်းမင် မင်းကဘယ်လိုဖြစ်လို့ဒီရောက်နေတာလဲ ဆရာကမင်းကိုနေရာတိုင်းမှာလိုက်ရှာနေတာ အခုလေးတင်ငါပြန်လာတုန်းကမင်းဘယ်မှာလဲဆိုပြီး ငါ့ကိုလာမေးသွားသေးတယ်”
“သူကဘာလို့ငါ့ကိုရှာနေတာတဲ့လဲ”
ကောင်းမင်ကမေးလိုက်သည်။
“မင်းမသိသေးဘူးလား မင်းကနာမည်ကြီးနေပြီကွ”
သူ့အခန်းဖော်က ထိုင်ခုံတစ်ခုကိုဆွဲထိုင်ကာ ပြောပြလာသည်။
“မင်းဆူးလီမြစ်ကမ်းပါးမှာ တိုက်ရိုက်ထုတ်လွင့်ခဲ့တယ်မလား မင်းတိုက်ရိုက်လွင့်တဲ့ဗီဒီယိုကို ကြည့်တဲ့သူတွေကမှတ်တမ်းယူထားပြီး တကယ့်နတ်ဘုရားအစစ်တွေကိုမျက်မြင်တွေ့ရတယ်ဆိုပြီး အင်တာနက်ပေါ်မှာပြန်ရှဲကြတယ် အဲ့ဒါကweiboမှာ hot searchနံပါတ်တစ်ချိတ်နေပြီ”
“ဘယ်မှာလဲ ငါ့ကိုပြကြည့်”
ကောင်းမင်က သူ့အခန်းဖော်စကားများကိုကြားသောအခါချက်ချင်းစိတ်လှုပ်ရှားလာသည်။သူ့ဗီဒီယိုကနာမည်ကြီးနေတာဆိုတော့ သူလည်းနာမည်ကြီးတော့မှာမဟုတ်ဘူးလား။သူသာဒီအခွင့်အရေးကိုအရယူပြီး အင်တာနက်ဆယ်လီဖြစ်အောင်လုပ်နိုင်ခဲ့ရင် အနာဂတ်မှာပိုက်ဆံရှာဖို့ကပိုလွယ်သွားမှာဘဲ။
သူ့အခန်းဖော်က ချက်ချင်းပင်ဖုန်းဖွင့်ပြလာသည်။သူမနက်တုန်းကမှမြင်ခဲ့ခြင်းဖြစ်သဖြင့် သူ၏browserထဲတွင်ရှိနေသေးသင့်ပေသည်။သို့သော်သူထိုရှာဖွေမှုမှတ်တမ်းထဲပြန်ဝင်ကြည့်လိုက်သောအခါ မနက်ကတင်အလွန်နာမည်ကြီးနေသည့်ဗီဒီယိုက အရိပ်လေးတောင်မကျန်ဘဲပျောက်ကွယ်သွားလေသည်။မှတ်ချက်နှင့်ဆွေးနွေးမှုများမပြောနှင့် အရိပ်အယောင်တစ်ခုလေးတောင်မကျန်ခဲ့ပေ။
“ဘယ်လိုဖြစ်ပြီးမရှိတော့တာလဲ”
သူ့အခန်းဖော်က နားမလည်နိုင်စွာခေါင်းကုတ်လိုက်သည်။
“ငါလူတွေအများကြီးပေးထားတဲ့မှတ်ချက်တွေကိုမြင်ထားတာ တစ်ချို့ကယုံတယ်၊တစ်ချို့ကျမင်းကိုလူလိမ်တဲ့၊ ကောင်းမင် ငါ့ကိုအမှန်တိုင်းပြောပြ အဲ့ဒီဗီဒီယိုထဲကဟာကတကယ်ဘဲလား”
“သေချာပေါက်တကယ်ပေါ့ဟ”
ကောင်းမင်က နှစ်ခါတောင်မတွေးဘဲပြန်ဖြေလိုက်သည်။ထိုသို့ဖြေလိုက်ပြီးနောက် သူ့ရင်ထဲတွင်လေးလံလာသည်။တကယ်ပင်နတ်ဘုရားများရှိပါက သူ့တိုက်ရိုက်လွင့်ခန်းပျောက်ကွယ်မှုနှင့် ဆွေးနွေးမှုများပျောက်ဆုံးမှုတို့သည် ထိုနတ်ဘုရားများလုပ်ခြင်းဖြစ်နေမလား။
“သူများကိုသွားကြွားလိုက် ဟုတ်ပြီလား မင်းကကိုယ့်အခန်းဖော်ကိုတောင်လိမ်ပြောနေတယ် ဒါပေမယ့်ဒီစိတ်ကူးယဉ်ဇာတ်က တော်တော်လေးကောင်းသားဘဲ ဟယ်ပေါ်နဲ့တောင်စောင့်နတ်。。。。”
သူ့အတန်းဖော်က စကားလုံးတစ်ချို့ရေရွတ်ပြီးနောက်ပစ္စည်းများကိုချပြီးထွက်သွားကာ ကောင်းမင်ကသာနေရာတွင်ကျောက်ချကျန်နေခဲ့၏။
အရင်က သူတိုက်ရိုက်လွင့်ရသည့်ပထမအကြောင်းပြချက်မှာ ပိုက်ဆံဖြစ်ပြီး ဒုတိယအချက်မှာ အယုံအကြည်မရှိသောကြောင့်ပင်။အစက ထိုအရာများကို ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ခုခုရိုက်နေခြင်းသာဖြစ်မည်ဟုထင်ထားခဲ့၏။သို့သော်နောက်ပိုင်းတွင် ဟယ်ပေါ်ကသူ့ဘေးနားကျလာသောအခါ သူ့နှာခေါင်းဝမှငါးညှီနံ့နှင့် ထိုဟယ်ပေါ်၏လူသတ်လိုသောအကြည့်များက ၎င်းသည်ရိုက်ကူးရေးလုပ်နေခြင်းမဟုတ်ကြောင်းသူ့ကိုသဘောပေါက်စေခဲ့သည်။ထိုအရာအားလုံးက အစစ်အမှန်များပင်။
မနေ့ညက သူသာ မာရှောင်လီကိုသူ့ရှေ့တွင်ကာပေးဖို့မဆွဲလိုက်ပါက ထိုနေရာတွင်ဘဲ သူသေသွားလောက်ပြီဖြစ်သည်။
မနေ့ညကအဖြစ်အပျက်များကိုပြန်တွေးလိုက်သောအခါ ကောင်းမင်၏ကိုယ်ကတုန်ယင်လာသည်။၎င်းက သူသေခြင်းတရားနှင့် အလွန်နီးကပ်သွားသည့်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။သူကတုန်ယင်လာက ကွန်ပျူတာ search boxတွင်တောင်စောင့်နတ်ဟူသောစကားလုံးနှစ်လုံးကိုထည့်သွင်းလိုက်သည်။ဝက်ပေ့ခ်ျက ချက်ချင်းလည်ပတ်လာသည်။
တောင်မိစ္ဆာ၊ တောင်စောင့်နတ်ဟုလည်းခေါ်ကြသည်။
ဒါဆိုမနေ့ညတုန်းက သူတကယ်ဘဲ နတ်ဘုရားတစ်ပါးကိုစော်ကားမိသွားတာလား။
တိုက်ရိုက်လွင့်ခန်းပျောက်ကွယ်မှု၊ အွန်လိုင်းအကောင့်ပျောက်ကွယ်မှု အဲ့ဒါတွေအားလုံးကနတ်ဘုရားပေးတဲ့အပြစ်ဒဏ်လား။
ကောင်းမင်ကကြောက်နေသည့်အချိန်မှာဘဲ အဆောင်တွင်သူ့ကိုလာရှာသည့်ဆရာရောက်လာ၏။သူကကောင်းမင်ကိုတွေ့သောအခါ ချက်ချင်းပင်မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းမင် အပြင်ခနလောက်ထွက်ခဲ့ ငါမင်းကိုပြောစရာရှိတယ်”
ကောင်းမင်က ထိုစကားကိုကြားသောအခါ အဆောင်ခန်းထဲမှ စိတ်လွင့်စွာထွက်လာပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“ဆရာက ဘာလို့ကျွန်တော့်ကိုရှာနေတာလဲ”
ကျောင်းအုပ်ကအခုလေးတင် ဆရာဖြစ်သူကိုသတိပေးချက်ထုတ်ခဲ့သဖြင့် သူ၏ရင်ထဲတွင်မီးတောက်နေကာ သူ့အပြုအမူများကသိပ်မကောင်းနေပေ။
“မင်းအခုချက်ချင်း အင်တာနက်ပေါ်မှာအများပြည်သူသိအောင်တောင်းပန်စာတင်ရမယ် မင်းသိလားမင်းရဲ့အဲ့ဒီဝါဒဖြန့်ဗီဒီယိုက အရမ်းဆိုးရွားလွန်းလို့ သက်ဆိုင်ရာဌာနတွေရဲ့စေ့စေ့စပ်စပ်စစ်ဆေးမှုကိုတောင်ဆွဲဆောင်နိုင်သွားတယ် ငါတို့ကျောင်းအပေါ်သက်ရောက်မှုအရမ်းကြီးတယ်ကွ”
“ငါမင်းကိုပြောဖူးတယ်မလား ကျောင်းမှာစာဘဲလာသင်ပါ အခြားပေါက်ကရတွေမလုပ်နဲ့ဆိုပြီး အခုဒီကိစ္စကြောင့် ဂုဏ်သရေရှိရွေးချယ်မှုကို ငါတို့ကျောင်းကရှူံးသွားပြီကွ ကျောင်းခေါင်းဆောင်တွေက အရမ်းစိတ်ဆိုးနေကြတယ်。。。。”
“ဆရာ ကျွန်တော်အဲ့ဒီဗီဒီယိုကိုဇာတ်လမ်းဆင်ထားတာမဟုတ်ပါဘူး”
ဆရာပြော၍မပြီးသေးခင်မှာဘဲ ကောင်းမင်ကလျင်မြန်စွာရှင်းပြလိုက်သည်။
“မင်းအဲ့ဒီဗီဒီယိုကို ဇာတ်လမ်းဆင်တာမဆင်တာက အရေးကြီးသေးလို့လား ဒီလိုတိုက်ရိုက်လွင့်တာမျိုးကိုလုပ်တာကတင် မှားနေပြီကွ မင်းကျောင်းသူမိန်းကလေးတစ်ယောက်နဲ့ တိတ်တဆိတ်တွဲနေတာကို ငါဘာမှပြောမှာမဟုတ်ဘူး အခုတော့ဒီလိုကိစ္စမျိုးထွက်လာပြီ”
ဆရာဖြစ်သူက စိတ်မရှည်စွာပြောလာသည်။
“ပြီးတော့ ကျောင်းက မင်းကိုစည်းကမ်းထိန်းသိမ်းရေးအနေနဲ့ ကျောင်းဝန်းထဲမှာနှစ်ဝက်လောက်မျက်စိဒေါက်ထောက်ကြည့်ဖို့စဉ်းစားနေတယ် ဒီနှစ်ဝက်အတွင်းမှာ မင်းငါ့ကို လုပ်ဆောင်မှုကောင်းတစ်ခု ပေးရလိမ့်မယ် နားလည်လား”
ကောင်းမင်ကချက်ချင်းပင် ကြောင်အသွားသည်။ကျောင်းမှစောင့်ကြည့်ခြင်းကိုခံရခြင်းသည် ကျောင်းထုတ်ခံရသည့်အဆင့်ရောက်ရန် ခြေတစ်လှမ်းလောက်သာလိုတော့၏။သူကအခုဆိုလျှင် တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ကာ နောက်နှစ်ဆိုပါက အလုပ်ခွင်ထဲဝင်ရတော့မှာဖြစ်သည်။သူ၏မှတ်တမ်းဖိုင်တွင်အမည်းစက်တစ်ခုခုရှိသွားပါက အလုပ်ရှာနိုင်မည့်အခွင့်အရေးများကိုလည်းပျက်စီးစေမှာဖြစ်သည်။
“ဆရာ ကျွန်တော်ရှင်းပြတာကိုနားထောင်ပါဦး 。。。。ဒီကိစ္စက ကျွန်တော်。。。。”
ကောင်းမင်ကရှင်းပြချင်သော်လည်း သူ့ဆရာကသူ့ကိုလျစ်လျူရှုကာ ချက်ချင်းထွက်သွားသည်။
ဤအချိန်တွင် weibo hot searchပေါ်၌ ဆောင်းပါးတစ်ခုက ဖြေးဖြေးချင်းအပေါ်တက်လာသည်။
#သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ချက်#
“ထုတ်ပြန်ချက်:အခုချိန်တွင် သက်ဆိုင်ရာဌာနမှ အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် တိုက်ရိုက်ထုတ်လွင့်မှုတစ်ခုကိုအာရုံစိုက်မိခဲ့ပါတယ်၊ ၎င်းဗီဒီယိုကအမှန်ဖြစ်ပြီး ဗီဒီယိုထဲမှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်၊ သို့သော်ငြား သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ ထိုသို့အင်တာနက်ပေါ်တွင်ဆူဆူညံညံဖြစ်ခြင်းကိုခွင့်မပြုပါသဖြင့် အရာအားလုံးကိုဖျက်ပစ်လိုက်ပါတယ်၊ ဤကိစ္စမှတစ်ဆင့် နောက်ထပ်ကောလဟလများထွက်ပေါ်လာပြီး ခေတ်မှီတိုးတက်နေသောအင်တာနက်ပတ်ဝန်းကျင်ဆီယူဆောင်မလာဖို့မျှော်လင့်မိပါတယ် @တရုတ်တာအိုဘာသာအစည်းအရုံး”
“တရုတ်တာအိုဘာသာအစည်းအရုံး: //ထောက်ခံပါတယ် ထုတ်ပြန်ချက်:ထုတ်ပြန်ချက်:အခုချိန်တွင် သက်ဆိုင်ရာဌာနမှ အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် တိုက်ရိုက်ထုတ်လွင့်မှုတစ်ခုကိုအာရုံစိုက်မိခဲ့ပါတယ်၊ ၎င်းဗီဒီယိုကအမှန်ဖြစ်ပြီး ဗီဒီယိုထဲမှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေရဲ့ကျေးဇူးကြောင့်。。。。”
ထို့နောက်တွင် လိုက်ခ်လုပ်သူအများအပြားရှိလာ၏။:ထန်မင်းဆက်အခေါင်းပေါက်ဒင်္ဂါးပြားများအစည်းအရုံး၊ ပြိုင်ဘက်ကင်းထန်ဂိုဏ်း၊ တရုတ်ဗုဒ္ဓဘာသာအစည်းအရုံး၊ဟိုင်ရှီးအထူးရုံးခွဲ၊ တာအိုကျင့်ကြံသူအစည်းအရုံး၊ခုန်းမင်ဗုဒ္ခခန်းမဆောင်。。。အစရှိသည်တို့က Likeလုပ်ထားကြလေသည်။
အင်တာနက်သုံးစွဲသူများက ထိုအရာများကိုမြင်လိုက်ရသောအခါ တခဏလောက်အံ့ဩမှင်သက်သွားကြသည်။ပုံမှန်အားဖြင့်လူတိုင်းက သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ချက်ဆိုပါက ထိုသို့သောဌာနများရှိနေမည်ဟုမထင်ထားမိကြပေ။အသိအမှတ်ပြုမှုများကိုကြည့်လိုက်သောအခါတွင် ထိုဌာနများက နိုင်ငံတော်လက်အောက်ခံအလုပ်ဌာနများထဲတွင်ပါဝင်နေသဖြင့် မတတ်နိုင်ဘဲယုံကြည်ရတော့မည်ဖြစ်သည်။
weiboပေါ်ရှိပို့စ်က ဇဝေဇဝါးဖြစ်နေသော်လည်း မနက်ကဗွီဒီယိုကိုကြည့်ထားသည့် အင်တာနက်သုံးစွဲသူများကမူ ချက်ချင်းသဘောပေါက်သွားကြသည်။အစက သူတို့ကိုအင်တာနက်ပေါ်တွင်လွတ်လွတ်လပ်လပ်ဝေဖန်ခွင့်မပြုသည့်အတွင် ဆူငေါက်နေကြသော်လည်း weiboပို့စ်ကိုမြင်သွားသောအခါရင်တုန်သွားကြသည်။
အဲ့ဒီဗွီဒီယိုက တကယ်ဖြစ်နေပေမယ့် သူတို့မျှဝေလို့မရဖြစ်နေတယ်။သူတို့ကဘာလို့ @တရုတ်တာအိုဘာသာအစည်းအရုံးကိုTagတွဲထားတာလဲ။ပြီးတော့ချက်ချင်းဘဲ ရုပ်လွန်လောကနဲ့ပတ်သက်တဲ့အစည်းအရုံးတွေက Likeဝင်ပေးသွားကြတယ်။
ရုတ်ချည်းဆိုသလိုပင် အင်တာနက်သုံးစွဲသူများက သူတို့၏အတွေးများကိုဖြေချလာကြသည်။。。。
——မနေ့ညက တကယ်ဘဲ အစစ်အမှန်မသေမျိုးတစ်ယောက်တိုက်ခိုက်နေခဲ့တာလား။လက်စသတ်တော့ မသေမျိုးတွေဆိုတာက တကယ်ပဲ。。。。
——အခုငါ့ဦးနှောက်ထဲမှာ စကားတစ်ခွန်းဘဲရှိတော့တယ်:ဒီလောကကြီးကအရမ်းရူးသွပ်နေပြီ ကြွက်ကငါ့ရဲ့သတို့သမီးအရံလုပ်နေတယ်
(သူကကာရံလိုက်ပြီးပြောလိုက်တာမျိုးပါ)
——အပေါ်ထပ်ကတစ်ယောက် မင်းကာရံတွေပါထွက်လာပြီလား မဖြစ်ဘူး အစကတည်းကအဲ့ဒါကတစ်ခုတည်းကိုဘဲပတ်လည်ရိုက်နေတာ။
……
——ငါကတော့ဒီကိစ္စက တော်တော်လေးကိုမယုံနိုင်စရာလို့ခံစားနေရတယ် မနက်တုန်းကဗွီဒီယိုကိုမြင်လိုက်တော့ ငါကဒီလိုဘက်ဂျက်နိမ့်နိမ့်ကိုသုံးပြီး လူတွေကိုလိမ်နေတယ်လို့တောင်ပြောလိုက်သေးတယ် အဆုံးမှာတော့ ဘယ်လိုဖြစ်သွားတယ်ထင်လဲ ငါအပြင်ထွက်လာရုံဘဲရှိသေးတယ် အပေါ်ထပ်ကလူခြေထောက်ဆေးထားတဲ့ရေတွေနဲ့ခေါင်းပေါ်လောင်းချခံလိုက်ရတယ် အခုထိခြေထောက်နံ့ကိုရနေတုန်း။
——အပေါ်ထပ်ကသူရေ တကယ်ကိုမလိုအပ်ပါဘူးနော် ကိုယ့်ကိုကိုယ်ဟာသလုပ်ဖို့အဲ့လောက်ထိရူးမိုက်တာမျိုးကိုလုပ်စရာမလိုပါဘူး
——အဲ့ဒီညီအစ်ကိုတွေကိုငါယုံတယ်၊ငါကမင်းထက်တောင်ကံပိုဆိုးသေးတယ် ဒီနေ့ငါအပြင်ထွက်လာတော့ ဖုန်းကြည့်ရင်းရေဆိုးပေါက်ပေါ်ကဖြတ်လာတာ အဲ့မှာရေဆိုးပေါက်ရဲ့အဖုံးကဟပြီး ငါ့ဖုန်းကအထဲကိုပြုတ်ကျသွားတယ် ငါအဲ့ဒီဖုန်းကိုဝယ်ထားတာ တစ်ပတ်လောက်ဘဲရှိသေးတာ အရစ်ကျပေးဖို့က၁၂လစာတောင်ကျန်သေးတယ် အဲ့တော့အဲ့ဖုန်းနေရာကိုအစားထပ်ယူလို့ရလား မရနိုင်ဘူးလား
——မင်းတို့တွေက ငါ့လောက်သနားစရာကောင်းနိုင်သေးလား။ငါကဒီနေ့ ကြင်ဖက်တွေ့ဖို့ကောင်းကောင်းမွန်မွန်ဝတ်စားထားခဲ့တာ လမ်းတစ်ဝက်လည်းရောက်ရော နွားချေးမြေဩဇာကားကြီးက ငါ့ဘေးကဖြတ်လာတယ် ပြီးတော့ဘာဆက်ဖြစ်သွားလဲမင်းတို့သိလား အဲ့ဒီကားကပေါက်ကွဲသွားတယ်ကွ ပေါက်ကွဲသွားတာ စောက်ကျိုးနည်းနွားချေးမြေဩဇာတွေတင်ထားတာကွ ငါအဲ့နေရာမှာတင်လဲသေချင်စိတ်ပေါက်သွားတယ်။
……
အင်တာနက်သုံးစွဲသူများစွာက တစ်ယောက်ပြီးတစ်ယောက် ဒီနေ့တွင်ကြုံခဲ့ရသည့်ကံဆိုးမှုများကိုမျှဝေလာကြ၏။တစ်ယောက်တစ်လေဆိုပါက တိုက်ဆိုင်သည်ဟုယူဆနိုင်သော်လည်း အခုတွင်လူများစွာကအတူတူဖြစ်သွားကြရာ ထူးဆန်းလှသည်။ထို့အပြင်ထိုကံဆိုးသောသူများမှာ ဗွီဒီယိုထဲမှ အမျိုးသမီးကိုဝေဖန်သောသူများဖြစ်နေ၏။ထိုထဲမှအမျိုးသမီးက တောင်မိစ္ဆာဟုခေါ်ပေသည်။
ချက်ချင်းပင်လူတိုင်းကကျောချမ်းလာကြသည်။ဤတိုက်ဆိုင်မှုများကအလွန်များလွန်းသဖြင့် ဖြစ်ရပ်မှန်အဖြစ်ပြောင်းလဲလာလေသည်။
——အဲ့လိုဆိုမှ မနေ့ညတုန်းက ဟိုင်ရှီးမိုးလေဝသဌာနကလည်း အရမ်းထူးဆန်းတယ် လူတိုင်းအံ့သြသွားလောက်အောင် တိုင်ဖုန်းမုန်တိုင်းသတိပေးချက်ထုတ်ပြီး ဟိုရှီးမြို့ခံတွေကိုအပြင်မထွက်ဖို့ ကြေညာခဲ့ကြတာ၊ တကယ်ဆိုဟိုင်ရှီးက မုန်တိုင်းဝင်တတ်တဲ့နေရာမှမဟုတ်တာလေ။
——ငါအဲ့ဒါကိုသက်သေခံပေးနိုင်တယ်၊ ငါကဟိုင်ရှီးမှာနေတာ ဒီမှာမုန်တိုင်းမပြောနဲ့ မိုးပေါက်လေးတောင်မကျဘူး ညသန်းခေါင်ကျော်လောက်မှာတော့ ဆူးလီမြစ်ကမ်းဘက်မှာ မိုးကြိုးကြီးတစ်ခုပစ်သွားတယ် ငါသာသန့်စင်ခန်းထမသွားရင်မြင်လိုက်မှာတောင်မဟုတ်ဘူး။
——WTF အပေါ်ထပ်ကသူရေ ငါ့ကိုမခြောက်ပါနဲ့။
——မိုးလေဝသဌာနက ငါတို့အပြင်ထွက်တာကိုတမင်တားဆီးဖို့တော့ သတင်းအမှားထုတ်မှာမဟုတ်ဘူး မနက်တုန်းကကြည့်လိုက်တဲ့ အဲ့ဒီဗွီဒီယိုကနေရာကလည်း ဆူးလီမြစ်ကမ်းဘေးမှာဘဲ။ပြီးတော့မိုးကြိုးအကြီးကြီးပစ်တာအပြင် လတ်တလောမှာဆယ်ကျော်သက်ကလေးတွေပျောက်တဲ့ကိစ္စကလည်းရှိသေးတယ် ဒါတွေအားလုံးကဘာကိုဆိုလိုချင်နေတာလဲ။
တစ်ခါတလေတွင်တချို့အရာများကို အလွန်ရှင်းလင်းစွာပြောပြဖို့မလိုပေ။အတွေးနဲ့တင် လူများကိုကြောက်သွားစေနိုင်၏။လူတစ်ယောက်ကထိုသို့ပြောလာရာ ကိစ္စတစ်ခုစီတိုင်းကဆက်စပ်သွားသလိုပင်။ထို့နောက်သူတို့က ဒီနေ့မနက်တွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကိုတွေးမိသွားသည်။ထိုထဲတွင် ဆယ်ကျော်သက်များပျောက်ဆုံးသည့်ကိစ္စကိုဖြေရှင်းပြီးပြီဖြစ်ကာ သံသယရှိသူကိုလည်း တရားမျှတမှုရယူရန်ခေါ်ဆောင်လာခဲ့ပြီဟုဆိုထား၏။သို့သော်သံသယရှိသူ၏သတင်းတစ်ခုကိုမှမတွေ့ရပေ။
ဘာလို့ထုတ်ဖော်ပြလို့မရတာလဲ။သံသယရှိသူက လူသားမဟုတ်လို့လား။
တရုတ်နိုင်ငံ၏ နှစ်ထောင်ချီဒဏ္ဍာရီယုံတမ်းများနှင့် အင်တာနက်သုံးစွဲသူများသည် သူတို့၏လောကအမြင်က တစ်ဖန်သစ်လွင်လာသလိုခံစားမိလာကြသည်။ခနတာလောက် ကံကောင်းစေသည့်Koiငါးပုံများက အင်တာနက်ပေါ်တွင်ပြဲပြဲစင်သွားကာ ကံကောင်းစေရန်အတွက်တောင်စောင့်နတ်ပုံကိုလည်း တစ်ယောက်နှင့်တစ်ယောက်မျှဝေလာကြသည်။
အစက သူတို့ကဒီအတိုင်းအပျော်သဘောသာလုပ်ကြည့်လိုက်ခြင်းဖြစ်သည်။သို့သော်သူတို့ဆုတောင်းသည်များက အဆင့်အမျိုးမျိုးကွဲပြားပြီးပြည့်လာသည်ကိုတွေ့ကြုံလိုက်ရသောအခါ အင်တာနက်သုံးစွဲသူများက ထိတ်လန့်သွားပြီး ပိုလို့တောင်လေးစားကြည်ညိုလာကြသည်။
***
မနက်ခုနစ်နာရီ။
လုဟယ်နျန်က သူ၏ဇီဝနာရီအတိုင်းအချိန်မှန်အိပ်ရာနိုးလာ၏။ပုံမှန်အားဖြင့်ဒီအချိန်တွင် သူကအိပ်ရာထပြီး မနက်ခင်းထပြေးနေပြီဖြစ်သည်။သို့သော်သူအခုအိပ်ရာနိုးလာသောအခါ ဆံပင်ရှည်များရှိသည့်ခေါင်းလေးကသူ့ရင်ဘတ်ပေါ်တွင်ဖိနေကာ လက်နှစ်ဖက်ကလည်း သူ့ခါးကိုတင်းတင်းဖက်ထားလေသည်။
လုဟယ်နျန်က ခနလောက်ကြောင်အသွားပြီးမှ သူယွင်ရုန်နှင့်အတူတူအိပ်ခဲ့သည်ကိုသတိပြန်ရသွားသည်။အစကစိတ်အေးလက်အေးဖြစ်နေသောသူ့ခန္ဓာကိုယ်ကချက်ချင်းတောင့်တင်းလာလေသည်။
မိန်းကလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာ နွေးထွေးသည့်အထိအတွေ့က သူ၏ကျန်သည့်ကိုယ်တစ်ဝက်ထိပါပြန့်နှံ့သွားပြီး နူးညံ့လန်းဆန်းသောခံစားချက်တစ်မျိုးကိုဖြစ်ပေါ်လာစေ၏။
အသိသာပင်လေအေးပေးစက်ကို ဖွင့်ထားသော်လည်း လုဟယ်နျန်ကခြောက်ကပ်သလိုခံစားနေရဆဲဖြစ်သည်။မနက်ခင်းတွင် အမျိုးသားများကအထူးပင်တက်ကြွကြ၏။သူ့မျက်ဝန်းများကနက်မှောင်လာကာ သူ့ခန္ဓာကိုယ်မှတုံ့ပြန်မှုဖျော့ဖျော့ကိုခံစားမိသွားသည်။
လုဟယ်နျန်က ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲမှမိန်းကလေးကိုအသေအချာကြည့်လိုက်သည်။သူ့ရှုထောင့်မှဆိုလျှင် ယွင်ရုန်၏မျက်နှာကို အသေးစိတ်မြင်နေရ၏။သူမ၏နှာခေါင်းရှည်ရှည်လေး၊နှင်းဆီဖူးလိုနှုတ်ခမ်းလေး။သူ့ရင်ဘတ်ကိုဖိအိပ်ထားသဖြင့် သူမ၏နှုတ်ခမ်းများက အနည်းငယ်ဟနေကာ အထဲမှအနီရောင်ဖျော့ဖျော့ကိုမြင်နိုင်သည်။
မိန်းမပျိုလေးက အိပ်နေသောအခါပိုလို့တောင်ငယ်ရွယ်သွားသလိုပင်။
လူရမ်းကား။
လုဟယ်နျန်က သူ့ကိုယ်သူကျိန်ဆဲလိုက်မိပြီး သူ့ကိုယ်နောက်ဘက်တွင်ပိုပိုပူလာသဖြင့် ချွေးထွက်လာသည်ကိုခံစားမိလာသည်။သူက သူမလက်ကိုနူးညံ့စွာကိုင်ပြီး အသာရွှေ့လိုက်ကာ ဖြေးဖြေးချင်းဖယ်လိုက်ပြီးမှ အသက်ရှူနိုင်တော့သည်။သူက သန့်စင်ခန်းဆီသို့လေးလံစွာကြည့်ကာ ထသွားလိုက်လေတော့သည်။
⛰️