Chapter 220
Viewers 49k

💘Chapter 220 

စုံစမ်းစစ်ဆေးရန်ခေါ်ဆောင်သွား

  



ကျိုးထုံးဖမ်း၏အကွက်လေးက လှသည်။အကယ်၍ သူသာ သေချာမသိခဲ့လျှင် ကျိုးထုံဖမ်း၏လှည့်ကွက်ထဲကျသွားနိုင်သည်ဟု ရှန့်ကျားချီ စိတ်ထဲမှာတွေးလိုက်သည်။

  

ကျိုးထုံဖမ်းက သူ့မှာဝေ့ချန်ကိုတိုက်ခိုက်နိုင်မည့်သက်သေရှိနေသည်ဟုထင်ပြီး တမင်တကာ တစ်စုံတစ်ယောက်ကို ရှန့်ကျားချီကိုကြိုပြီးသတင်းပို့ခိုင်းခဲ့သည်။ယင်းက ရှန့်ကျားချီနှင့်ဝေ့ချန်ကြားက ဆက်ဆံရေးကိုပျက်ပြားစေရန်ရည်ရွယ်ရုံသာမက ပိုပြီးအရေးကြီးသည်က သူက ရှန့်ကျားချီကို သူ့ကို စုံစမ်းစစ်ဆေးနေခြင်းအားရပ်တန့်ရန် စည်းကမ်းထိန်းသိမ်းရေးဌာနကို အကြောင်းကြားအောင်လှုံ့ဆော်ချင်၍ဖြစ်သည်။

  

ကျိုးထုံဖမ်းကဝေ့ချန်ကိုအသုံးချပြီးရှန့်ကျားချီကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။ကျိုးထုံဖမ်း ရှန့်ကျားချီကို သိရှိစေချင်နေသည်က 'ဝေ့ချန်ကမင်းရဲ့ညာလက်ရုံးနော်...သူက ကုမ္ပဏီထဲဝင်ပြီးတစ်နှစ်တောင်မပြည့်သေးခင်မှာမင်းအတွက်အကျိုးအမြတ်တွေအများကြီးယူဆောင်လာပေးထားတာ...အခုငါ့လက်ထဲမှာ မင်းရဲ့ညာလက်ကိုဖြတ်ပစ်နိုင်တဲ့သက်သေရှိနေပြီ...မင်းရဲ့ညာလက်ရုံးကိုပဲဆက်ကာကွယ်ပြီး ငါ့ကိုလွှတ်ပေးမလား ဒါမှမဟုတ် ငါ့ကိုမင်းရဲ့ညာလက်ရုံးနဲ့အတူတူအသေခံမလားဆုံးဖြတ်'ဟူ၍ဖြစ်သည်။

  

ရှန့်ကျားချီက ဝေ့ချန်ကိုကာကွယ်ရန်အတွက် သူ့ကိုလွှတ်ပေးလိမ့်မည်ဟု ကျိုးထုံဖမ်းက သေချာပေါက်တွေးထားလောက်သည်။သို့ပေမဲ့ ထိုသို့ဆိုလျှင်ပင် ရှန့်ကျားချီက ဝေ့ချန်၏အကျင့်ပျက်ခြစားမှုကြောင့် ဝေ့ချန်ကိုအပြည့်အဝယုံကြည်တော့မှာမဟုတ်ဘဲ သူ၏စိတ်ဝမ်းကွဲမှုမျိုးစေ့ကို ချချင်သည့်ရည်ရွယ်ချက်က အောင်မြင်သွားမှာဖြစ်သည်။

  

မဟုတ်လျှင် ရှန့်ကျားချီက ကျိုးထုံဖမ်း၏အကွက်လေးကလှသည်ဟု မည်သို့တွေးပါလိမ့်မည်နည်း။သူက သူ့ကိုယ်သူ ကယ်တင်နိုင်ပြီး ဝေ့ချန်နှင့်သူ့(SJQ)ကိုစိတ်ဝမ်းကွဲအောင်လုပ်နိုင်မှာဖြစ်သည်။ဤသို့ခဲတစ်လုံးတည်းနှင့်ငှက်နှစ်ကောင်ပစ်ခြင်းက မည်သို့ဆိုးရွားနိုင်ပါလိမ့်မည်နည်း။

  

သို့သော်လည်း ကျိုးထုံဖမ်းကအရာအားလုံးကိုတွက်ချက်ခဲ့ပေမဲ့ ချန်လီအကောင့်ထဲရောက်လာသည့်ငွေက ဝေ့ချန်နှင့်ဘာမှမဆိုင်ဘဲ ချန်လီရသင့်ရထိုက်သည့်ငွေဖြစ်နိုင်သည် ဟူသောအချက်ကို ထည့်မတွက်မိခဲ့ပေ။

  

ဤသည်က ရှက်စရာပင်။သူတွေးလေလေ ရယ်မိလေလေဖြစ်သည်။

  

ရှန့်ကျားချီက အတွင်းပိုင်းဖုန်းလိုင်းဖြင့်ဝေ့ချန်ကိုပင်ဖုန်းခေါ်ပြီး ဤဟာသကိုမျှဝေလိုက်သေးသည်။

 

ဝေ့ချန်က နားထောင်ပြီး အလျင်အမြန်မသိကျိုးကျွန်ပြုလိုက်ကာ မကြာခင်မှာပဲ ထိုအထဲကအလှည့်အပြောင်းများကိုသတိပြုမိသွားသည်။သို့ပေမဲ့ သူမှတ်ချက်မပေးခဲ့ပါချေ။

  

ရှန့်ကျားချီက ဝေ့ချန်ကိုဟာသကိုနားမလည်ဘူးဟု စနောက်လိုက်ပြီးနောက် ဖုန်းချလိုက်ပြီး ပြဇာတ်စမည်အား ငြိမ်ငြိမ်လေး စောင့်နေလိုက်သည်။


ရှန့်ကျားချီ ထင်သလိုပဲ သူ့ကိုသတင်းပေးခဲ့သူက ကျိုးထုံဖမ်းဖြစ်၏။ကျိုးထုံဖမ်းက သူနှင့်ချန်ယွင်ဇန်း၏စကားဝိုင်းအကြောင်းကို တစ်စုံတစ်ယောက်အားရှန့်ကျားချီဆီကိုသတင်းပေးခိုင်းပြီးနောက် USB driveကိုယူပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီကိုသွားလေသည်။

  

သူက တံခါးခေါက်ပြီးဝင်သွားသည်။ရုံးခန်းထဲမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကျိုးထုံဖမ်း၏အမှုကိုဆွေးနွေးနေကြသည်။ကျိုးထုံဖမ်းဝင်လာသည်ကိုမြင်ချိန်မှာ သူတို့ကချက်ချင်းပဲဖိုင်များကိုသိမ်းလိုက်သည်။

  

"ဒုဥက္ကဋ္ဌကျိုး ဘာအကြောင်းကြောင့်ရောက်လာတာပါလဲ"

ခေါင်းဆောင်ကမေးလိုက်သည်။

  

ကျိုးထုံဖမ်းက စားပွဲပေါ်ကဖိုင်များကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရပေ။ထို့ကြောင့်သူက သူ့အကြည့်ကိုပြန်ရုတ်သိမ်းပြီး USB driveကို သူ့ကိုမေးခွန်းမေးလိုက်သည့်လူကိုကမ်းပေးလိုက်သည်။


"ရဲဘော်ဝေ့ချန်ကို တိုင်ချင်လို့ပါ...ငါသူ့ပါတနာရဲ့အကောင့်ထဲမှာယွမ်သန်းသုံးဆယ်ကျော်တွေ့ခဲ့တယ်"


"ဒါက သူ့ပါတနာဝင်ငွေလေ...မသင်္ကါမှုထဲထည့်လို့မရဘူး"


စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်ကပြောလိုက်သည်။

  

ကျိုးထုံဖမ်းက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။


"မင်းက ဝေ့ချန်ရဲ့ပါတနာက အော်တစ်ဇင်ရောဂါသည်ဆိုတာကို မသိဘူးနေမယ်...ပွင့်ပွင့်လင်းလင်းပြောရရင်သူကအရူးပဲ...ဘယ်လိုလုပ် အရူးတစ်ယောက်က ယွမ်သန်းသုံးဆယ်ကျော်ဝင်ငွေရှိမှာလဲ...ဒါကြောင့် ဒီယွမ်သန်းသုံးဆယ်ကျော်ဝင်ငွေကထူးဆန်းတယ်လို့ငါထင်တယ်...ငါတို့သာ ဒါကိုစုံစမ်းစစ်ဆေးလိုက်ရင် သေချာပေါက်ရဲဘော်ဝေ့ချန်ရဲ့အပြစ်ကျူးလွန်ထားတဲ့သက်သေကိုတွေ့မှာပဲ"

  

စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်က ကျိုးထုံဖမ်း၏USB driveကိုလက်ခံပြီး လေးလေးနက်နက်ပြောလိုက်သည်။


"ကျွန်တော်တို့ သေသေချာချာစုံစမ်းစစ်ဆေးလိုက်ပါ့မယ်...ဘယ်ပန်းသီးပုတ်မှမလွတ်စေရပါဘူး"

  

ကျိုးထုံးဖမ်းက စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏သဘောတူညီချက်ကိုရရှိပြီးနောက် ကျေနပ်အားရစွာထွက်ခွာသွားသည်။သို့ပေမဲ့ သူမထွက်ခင်မှာ စားပွဲပေါ်ကဖိုင်များကိုထပ်ပြီး လှမ်းကြည့်လိုက်သည်။ဤဖိုင်များက အကုန်လုံး သူ့အကြောင်းများချည်းဟုသူတချိန်လုံးခံစားနေရသည်။


ကျိုးထုံဖမ်းမထွက်သွားမချင်း ကော်မတီဝင်များက ဖိုင်များကိုပြန်မဖွင့်ခဲ့ပေ။ကျိုးထုံဖမ်းကိုမမြင်ရတော့ချိန်မှာ သူတို့ကအမှုကိုဆက်ပြီးဆွေးနွေးကြသည်။

  

အမှုကို ဆွေးနွေးပြီးနောက်မှာ ဒါရိုက်တာက ကျိုးထုံဖမ်းပေးခဲ့သော USB flash driveကိုကောက်ကိုင်ပြီး သူ့လက်အောက်ငယ်သားများကိုပြောလိုက်သည်။


"ကြည့်ကြည့်ကြမလား"

  

ကော်မတီဝင်များက သဘာဝအတိုင်းအထဲမှာဘာပါလဲဆိုသည်ကိုမြင်လိုစိတ်ပြင်းပြနေကြသဖြင့် အကုန်လုံးကြည့်ချင်ကြောင်းဖော်ပြလိုက်ကြသည်။ထို့ကြောင့် ဒါရိုက်တာက USB flash driveကိုကွန်ပြူတာထဲမှာထိုးလိုက်သည်။အထဲမှာ ငွေလွှဲမှတ်တမ်းနှစ်ခုရှိနေပြီး တစ်ခုကယွမ်ဆယ်သန်းခန့်ဖြစ်ကာ နောက်တစ်ခုကကျိုးထုံဖမ်းပြောသည့်အတိုင်း ယွမ်သန်းသုံးဆယ်ကျော်ဖြစ်လေသည်။လက်ခံသူက ဝေ့ချန်၏ပါတနာချန်လီဖြစ်၏။

 

ကျိုးထုံဖမ်း ပြောသလိုဝေ့ချန်ရဲ့ပါတနာကအသုံးမကျတဲ့အော်တစ်ဇင်ရောဂါသည်တစ်ယောက်ဆိုရင် ဘာလို့တစ်စုံတစ်ယောက်က ချန်လီဆီကို ဒီလောက်ငွေပမာဏအများကြီးလွှဲပေးရတာလဲ...ထိုအကြောင်းကိုသေသေချာချာစဥ်းစားပြီးနောက် အညီနံ့တစ်ခုခုရှိနေသလိုပင်။ထို့အပြင် ငွေလွှဲမှတ်တမ်းနှင့်တွဲလျက်ဖိုင်တစ်ခုလည်းပါရှိလေသည်။ထိုဖိုင်ထဲမှာ ငွေလွှဲမှတ်တမ်းနှစ်ခုနှင့်တချိန်တည်းရှိ ဝေ့ချန်၏လုပ်ငန်းနှင့်လုပ်ငန်းသဘောတူညီချက်များပါနေသည်။

  

ဝေ့ချန်က ဒီလူတွေဆီကပိုက်ဆံယူပြီး လုပ်ငန်းကိုသူတို့ကိုပေးလိုက်တာဖြစ်နိုင်လား...


ဤသည်က စည်းကမ်းထိန်းသိမ်းရေးဌာနရှိလူတိုင်း၏စိတ်ထဲမှာပေါ်လာသောအတွေးပင်။


"ပြဿနာရှိနေတယ်...သေချာပေါက် တစ်ခုခုရှိနေတယ်"


အတော်လေးငယ်သော လူငယ်တစ်ယောက်ကပြောလိုက်သည်။သူက စည်းကမ်းထိန်းသိမ်းရေဌာနထဲရောက်ခါစဖြစ်၍ မျက်လုံးထဲသဲဝင်သည့်ဒဏ်ကိုသည်းမခံနိုင်ပေ။ထိုကဲ့သို့သိသာထင်ရှားသောပြဿနာကိုမြင်လျှင် သူက အနည်းငယ် မခံမရပ်နိုင်ဖြစ်နေသည်။ 


"ဒါရိုက်တာ ဝေ့ချန်ကို စုံစမ်းစစ်ဆေးရေးအတွက် သွားခေါ်ခဲ့ရမလား"

  

စည်းကမ်းထိန်းသိမ်းရေးဌာန၏ဒါရိုက်တာက အချိန်အတော်ကြာစဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။

"ခေါ်ခဲ့လိုက်...ဒါပေမဲ့ ယဥ်ယဥ်ကျေးကျေးခေါ်ခဲ့နော်...ဘယ်လိုပဲဖြစ်ဖြစ် ကောက်ချက်ချရသေးတာမဟုတ်ဘူး"

  

လူငယ်သည် ဝေ့ချန်က သူ့ကို သန်းဆယ်ချီရာချီ၍အကြွေးတင်နေသည့်အတိုင်း တန်း စိတ်အားထက်သန်၍လာသည်။

  

သူ၏စိတ်လိုက်မာန်ပါအမူအရာကိုမြင်လျှင် ထိုလူငယ် အခြေအနေကိုအရမ်းကြီးရုပ်ပေါက်အောင်မလုပ်မိစေရန် စည်းကမ်းထိန်းသိမ်းရေးဌာန၏ဒါရိုက်တာက အလျင်အမြန်ပဲ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကို သူနောက်ကိုလိုက်ခိုင်းလိုက်သည်။ 


လူလတ်ပိုင်းအမျိုးသားက လိမ္မာပါးနပ်ပြီး မကြာမီပဲ လူငယ်လေးကိုမီသွားသည်။နှစ်ယောက်သား ဝေ့ချန်၏ရုံးခန်းဆီအတူတူလျှောက်လာခဲ့ကြသည်။ 


စည်းကမ်းထိန်းသိမ်းရေးဌာနထဲမှာ စည်းကမ်ကမ်းထိန်းသိမ်းရေးဒါရိုက်တာက နည်းပညာဝန်ထမ်းကို ငွေပေးချေမှုနှစ်ခု၏အရင်းအမြစ်ကိုစစ်ဆေးခိုင်းလိုက်သည်။သူကဝေ့ချန်နှင့်အကြိမ်ရေအနည်းငယ်တွေ့ဖူးပြီး ဝေ့ချန်၏အပေါ်မှာအထင်အမြင်ကောင်းရှိလေသည်။

  

သူ၏ပုဂ္ဂိုလ်ရေးအမြင်အရ ဤလူက ထိုကဲ့သို့သောတုံးအမိုက်မဲသည့်အရာမျိုးကိုမလုပ်လောက်ဟု ခံစားရသည်။သို့သော်လည်းသး သူ့ရာထူးမှာ သူ၏ကိုယ်ရေးကိုယ်တာခံစားချက်များအရပြော၍မရပေမဲ့ သက်သေအရသာသွား၍ရသည်။သက်သေကသူ့ကိုပြောသောအရာကအမှန်တရားဖြစ်ပြီး ထိုသည်ကသာ အရေးပါသည်။

  

လူငယ်နှင့်လူလတ်ပိုင်းအမျိုးသားတို့ ဝေ့ချန်၏ရုံးခန်းကိုရောက်ချိန်မှာ လူငယ်က တံခါးကိုတွန်းဖွင့်တော့မည်ပြုပေမဲ့ လူလတ်ပိုင်းအမျိုးသားက တားလိုက်သည်။လူလတ်ပိုင်းအမျိုးသားက လူငယ်၏နားနားကပ်ကာတီးတိုးပြောလိုက်သည်။


"အဖြစ်မှန်ပေါ်မလာသေးခင်မှာ စိတ်လိုက်မာန်ပါမလုပ်စမ်းနဲ့...မင်းမြင်နေရတာက တကယ်အမှန်တရားဟုတ်မဟုတ်ဘယ်သူသိမှာလဲ"

  

လူလတ်ပိုင်းအမျိုးသားက စကားပြောပြီးနောက် ဝေ့ချန်၏ရုံးခန်းတံခါးကိုခေါက်လိုက်သည်။အထဲက "ဝင်ခဲ့ပါ"ဟူသည့် အသံနိမ့်နိမ့်ထွက်လာခါမှ လူလတ်ပိုင်းအမျိုးသားက တံခါးကိုတွနဖွင့်ပြီးဝင်လေသည်။

  

လူငယ်က လူလတ်ပိုင်းအမျိုးသားပြောသည့်စကားကို အထင်အမြင်သေးကာစိတ်တိုနေပြီး လူလတ်ပိုင်းအမျိုးသားကို သတ္တိကြောင်ပြီးကြောက်တတ်သူဟုထင်နေသည်။

  

သို့သော်လည်း လူငယ်က ဒေါသထွက်နေပေငြား သူ့စီနီယာများကို လေးစားဆဲဖြစ်သည်။စီနီယာကသူနှင့်အတူပါလာသဖြင့် နောက်ဆုတ်ပြီးစီနီယာကိုကိုင်တွယ်ခွင့်ပေးလိုက်သည်။

  

"လက်ထောက်အထွေထွေမန်နေဂျာဝေ့ ...ကျွန်တော်တို့ အများပြည်သူဆီကနေ ခင်ဗျားကိုအကျင့်ပျက်ခြစားမှုနဲ့လာဘ်ပေးလာဘ်ယူမှုအတွက် သံသယရှိကြောင်း တိုင်ကြားချက်ရထားပါတယ်...အခု ကျွန်တော်တို့နဲ့လိုက်ခဲ့ပြီး ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းဆောင်ရွက်ပေးပါ"


လူလတ်ပိုင်းအမျိုးသားက ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။

  

ဝေ့ချန်က ထရပ်ပြီး ကြွပါဆိုသည့်ဟန်အမူအရာပြုလုပ်လိုက်သည်။

"ကျေးဇူးပြုပြီး"

 

အနှီလူကြီးလူကောင်းဆန်ပြီးပွင့်လင်းသောပုံစံက လူငယ်ကိုသည်းမခံနိုင်ဖြစ်စေသည်။သူက အကျင့်ပျက်ခြစားပြီး လာဘ်စားထားတာကို ဘာလို့ဒီလိုမျိုးဟန်ဆောင်နေသေးတာလဲ...ပြီးမှသက်သေကိုပြတဲ့အခါကျ ဆက်ပြီးဟန်ဆောင်နိုင်ဦးမလားကြည့်ရသေးတာပေါ့...


ဝေ့ချန်က လူငယ်၏ဒေါသတကြီးအကြည့်ကိုခံစားမိပြီး လှည့်ကြည့်လိုက်သည်။မျက်မှန်အောက်ကမျက်ဝန်းများက အလွန်အမင်းအေးစက်နေခဲ့ပြီး လူငယ်ကိုကျောစိမ့်သွားစေခဲ့သည်။သူက မသိစိတ်ဖြင့်အလိုလိုဝေ့ချန်ဓအကြည့်ကိုရှောင်လိုက်မိသည်။  


ယခု လူငယ်က လုံးလုံးလျားလျား ဒေါသပုန်ထနေပြီဖြစ်သည်။


"ဘာတွေဒီလောက်စိတ်ကြီးဝင်နေတာလဲ...ကိုယ့်ကိုကိုယ်အမှားလုပ်ခဲ့မှန်းသိလား...အမှားလုပ်ထားပြီးနောင်တမရဘူး...ကောင်းကောင်းမွန်မွန်နဲ့ အမှားတွေကို ဝန်ခံရင် အပြစ်ဒဏ်လျော့ပေါ့ပေးမယ်" 


တစ်ကမ္ဘာလုံးကို ဝေ့ချန်လာဘ်စားထားကြောင်း၊ဝေ့ချန်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏စုံစမ်းစစ်ဆေးမှုကိုခံယူနေရကြောင်းနှင့်ဝေ့ချန်မကြာမီဆွဲချခံရတော့မှာဖြစ်ကြောင်းသိစေရန်အတွက် လူငယ်ကအသံကိုတမင်တကာမြှင့်ထားလေသည်။  


လူလတ်ပိုင်းအမျိုးသားဖြစ်သူ ဦးရေများတင်းလာသည်။လူငယ်ကိုတားရန် နောက်ကျလွန်းနေပြီဖြစ်သည်။သူ လူငယ်ကို ခက်မာမာစိုက်ကြည့်လိုက်ရုံသာတတ်နိုင်သည်။လူငယ်က ကလန်ကဆန်နှင့်ပြန်ကြည့်လာပြီး 'ငါ့လက်ထဲမှာအမှန်တရားကိုကိုင်ထားတာ ငါဘာမှမကြောက်ဘူး'ဟုသော အငွေ့အသက်ကိုပေးနေသည်။  

 

လူလတ်ပိုင်းအမျိုးသား အတော်လေးအကူအညီမဲ့သွားရသည်။သူက ဝေ့ချန်ကိုပဲတောင်းပန်လိုစွာကြည့်လိုက်ပြီး ဝေ့ချန်ကိုစည်းကမ်းထိန်းသိမ်းရေးဌာနသို့ တလေးတစားဖိတ်ခေါ်သွားသည်။

 

လူငယ်၏အသံကျယ်ကျယ်ကျေးဇူးတော်ကြောင့် ဝေ့ချန်စည်းကမ်းထိန်းသိမ်းရေးဌာနထဲသို့ခြေချလိုက်သည်နှင့် သတင်းကချန်ဖုန်းအုပ်စုတစ်ခုလုံးကိုပျံ့နှံ့သွားလေသည်။


ဝေ့ချန် စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတယ်တဲ့...


ဝေ့ချန်အမှားလုပ်ထားတယ်...

 

ဝေ့ချန် မကြာခင်ပြုတ်ကျတော့မယ်...  


သတင်းက အကြော်ဒယ်အိုးထဲရေထည့်လိုက်သလိုပင်၊ချန်ဖုန်းအုပ်စုတစ်ခုလုံး တခဏတွင်းချင်း ဆူညံပွက်လောရိုက်သွားသည်။တချို့လူများက မယုံကြည်ကြပေ၊တချို့လူများက မယုံနိုင်စရာကောင်းသည်ဟုခံစားကြရသည်၊တချို့လူများက လူတစ်ယောက်ရဲ့ မျက်နှာကို မြင်ရပေမဲ့အတွင်းစိတ်ကိုမမြင်ရဘူးပဲဟု သက်ပြင်းချကြပြီး ဝေ့ချန်ကိုစိတ်ပျက်သွားကြသည်။တချို့လူများက ကိုယ့်ကိုကိုယ် ပွဲကြည့်ပရိတ်သတ်လိုပဲသတ်မှတ်ကြပြီး သည်အတိုင်း ပွဲကြည့်နေကြပြီး မတော်မတရားစိတ်လှုပ်ရှားစရာကောင်းသည်ဟုခံစားနေကြရသည်။

 

ကျူးကောဖုန်းက သတင်းကိုကြားချိန်မှာ အတော်လေးအံ့ဩသွားပြီး ရှန့်ကျားချီကို တန်းဖုန်းခေါ်လိုက်သည်။သို့သော်လည်း ရှန့်ကျားချီက သူ့ကိုပွဲကြည့်ပရိတ်သတ်တစ်ယောက်မျှသာသဘောထားပြီး ပွဲထိုင်ကြည့်နေလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။

 

"ကျူးကော စိတ်မပူနဲ့...ဒီပြဇာတ်က အရမ်းစိတ်လှုပ်ရှားစရာကောင်းတာနော်"


ရှန့်ကျားချီက ရယ်ရယ်မောမောပြောလိုက်သည်။

  

ရှန့်ကျားချီ၏သဘောထားကိုမြင်လျှင် သူအလဟဿစိတ်ပူမိသွားမှန်း ကျူးကောဖုန်းသိလိုက်၏။ရှန့်ကျားချီနှင့်စကားအနည်းငယ်ပြောပြီးနောက် သူကဖုန်းချပြီး ထိုင်ခုံမှာကျကျနနမှီကာ ပြဇာတ်စမည်ကို စောင့်နေလိုက်သည်။

   

ကျူးကောဖုန်းက ဖရဲစေ့တစ်ပေါင်လောက်ဝယ်ပြီး အခြေအနေတိုးတက်မှုကို ဖရဲစေ့စားရင်းစောင့်ကြည့်ရမလားဟုပင်တွေးနေခဲ့သည်။


ကုမ္ပဏီရှိတခြားသူများနှင့် လားလားမှမတူသော သဘောထားရှိသူက သဘာဝအတိုင်း ဝီစီမှုတ်သမားကျိုးထုံဖမ်းပဲဖြစ်ပေတော့သည်။

  

ဝေ့ချန်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးရန်ခေါ်သွားကြောင်းကြားရချိန်မှာ ကျိုးထုံဖမ်းတစ်ယောက် ရုံးခန်းထဲမှာ စိတ်လှုပ်ရှားစွာထခုန်လိုက်မိပြီး ဝမ်းသာအားရထကမိလုနီးပါးပင်။

  

သို့ပေမဲ့ မကြာခင်မှာပဲ ကျိုးထုံဖမ်း သူ့ကိုယ်သူထိန်းလိုက်သည်။မျက်နှာကျက်ကနေကြမ်းပြင်အထိရှည်သောမှန်ပြတင်း၏ရောင်ပြန်အလင်းထဲမှာ သူ့အဝတ်အစားများကို သပ်ရပ်အောင်ချိန်ညှိလိုက်ပြီး ဥက္ကဋ္ဌရုံးခန်းဆီသို့ သီချင်းလေးတညည်းညည်းဖြင့်လျှောက်သွားခဲ့လေသည်။

  

ထိုအချိန်မှာ ရှန့်ကျားချီက ရုံးခန်းထဲမှာ စာရွက်စာတမ်းများကိုကိုင်တွယ်နေသည်။ကျိုးထုံဖမ်းဝင်လာချိန်မှာ ရှန့်ကျားချီ၏အေးဆေးသပ်ရပ်သောပုံစံကိုမြင်လျှင် စိတ်ထဲမှာ သရော်လိုက်၏။ဘယ်လိုတောင် ဟန်များတာလဲ...

  

"ဒုဥက္ကဋ္ဌကျိုး တစ်ခုခုပြောစရာရှိလို့လား"

ရှန့်ကျားချီက စာရွက်စာတမ်းများဆီကခေါင်းမော့ကာ ကျိုးထုံဖမ်းကိုပြုံးပြလိုက်သည်။

  

ကျိုးထုံးဖမ်းကလည်း ပြုံးလိုက်သည်။

"ဥက္ကဋ္ဌရှန့် ဝေ့ချန်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးဖို့ခေါ်သွားတယ်ဆို"

  

ရှန့်ကျားချီ၏အမူအရာက မပြောင်းမလဲဘဲရှိနေဆဲပင်။

"ဟုတ်တယ်...စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကျွန်တော့်ကို အခုပဲဖုန်းဆက်ပြီးအခြေအနေရှင်းပြလာတယ်"

  

ကျိုးထုံဖမ်းက ချက်ချင်း မခံမရပ်နိုင်ဖြစ်နေဟန်ဆောင်လိုက်သည်။


"ဒီဝေ့ချန်ကလည်း မျက်လုံးဖြူဝံပုလွေပဲလို့ ကျွန်တော်ထင်တယ်...ကုမ္ပဏီက သူ့ကို ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့လက်ထောက်အထွေထွေမန်နေဂျာဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့တာလေ...ဘာလို့သူကဒီလိုမျိုးကုမ္ပဏီရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အရာတွေလုပ်ရတာလဲ...ရုပ်ကိုကြည့်ပြီးအတွင်းစိတ်ကိုမသိနိုင်ဘူးဆိုတဲ့စကားကအမှန်ပဲ...ဥက္ကဋ္ဌရှန့်ရေ ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုတွေအလကားဖြစ်ကုန်ပြီဗျာ"


ရှန့်ကျားချီက ကျိုးထုံဖမ်း၏ကောင်းမွန်လှသောဖျော်ဖြေမှုကို ပြုံး၍သာ ကြည့်နေသည်။ကျိုးထုံးဖမ်းရောက်လာခြင်း၏ရည်ရွယ်ချက်ကို သူနားလည်သည်။ကျိုးထုံဖမ်းက ဝေ့ချန်ဖြင့် သူ့ကိုခြိမ်းခြောက်နိုင်မည်ဟုထင်ပြီး လာဟန်ရေးပြရင်း တလက်စတည်း ရှန့်ကျားချီကို သူ့ကိုလွှတ်ပေးခိုင်းရန်ဖြစ်သည်။

 

သို့သော်လည်းရှန့်ကျားချီက ကျိုးထုံးဖမ်း၏ဆုတောင်းများကို မလိုက်လျောခဲ့ပေ။သူက ယခုလိုသာပြောလိုက်၏။


"ရလဒ်ကဘာပဲဖြစ်နေပါစေ၊စည်းကမ်းထိန်းသိမ်းရေးဌာနကိုအမှန်တရားအတိုင်းသွားခိုင်းလိုက်ပါ...ဝေ့ချန်ကတကယ် ကုမ္ပဏီကိုဆန့်ကျင့်ဖို့တစ်ခုခုလုပ်ခဲ့တယ်ဆိုရင် ထိုက်သင့်သလိုစီရင်မှာပါ...ကျွန်တော်က ဝေ့ချန်ကိုလျော့လျော့ပေါ့ပေါ့စီရင်မှာကို ဒုဥက္ကဋ္ဌကျိုးစိတ်မပူပါနဲ့...ဒါပေါ့ ကုမ္ပဏီကဘယ်သူ့ကိုမဆိုဒီနည်းအတိုင်းပဲကျင့်သုံးသွားမှာပါ"  


ကျိုးထုံဖမ်း၏မျက်နှာပေါ်က အပြုံးက ခေတ္တမျှအေးခဲသွားပြီး ရင်ထဲမှာဒေါသများလှိုက်တက်လာသည်။


"ရှန့်ကျားချီ မင်းသိပ်တော်တယ်" 

 

ထိုသို့ပြောပြီးချိန်မှာ ကျိုးထုံဖမ်းကလှည့်ပြန်သွားသည်။ဝေ့ချန်ကို စီရင်ချက်ချပြီးလျှင် ရှန့်ကျားချီသူ့စကားများကိုတည်နိုင်ဦးမလား သူကြည့်ချင်သည်။


ရှန့်ကျားချီက ဒေါသတကြီးထွက်ခွာသွားသည့် ကျိုးထုံဖမ်း၏ပုံရိပ်ကိုကြည့်ပြီး ခေါင်းခါလိုက်၏။  


တချို့လူများက လမ်းတဆုံးသွားချင်ပြီး ဘယ်သောအခါမှနောက်ပြန်လှည့်မကြည့်သလို ဘယ်သောအခါမှလည်းနောင်တမရကြဘဲ အဆုံးမှာတော့ လုံးလုံးလျားလျား တစ်စစီပျက်စီးသွားကြလေသည်။



<< >>

💘