Chapter 42
Viewers 4k

⛰️Chapter 42

အသက်မငယ်တော့ဘူး။ 



လုဟွားနျန်က ကြောင်အစွာကြည့်နေမိပြီး သူမမောင်လေးနှင့်ယွင်ရုန်ကအလွန်သဟဇာတရှိမည်ဟုမထင်ထားခဲ့ပေ။အစတုန်းက မိန်းကလေးသည် လုဟယ်နျန်၏အေးစက်စက်သဘောထားကြောင့်နေရအဆင်မပြေမှာကိုစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။အချိန်တစ်ချို့ကုန်သွားပြီးနောက် သူမကတစ်ချက်ဝင်ကြည့်ခြင်းသာဖြစ်သည်။


“ဟွားနျန်ကျဲ”


ယွင်ရုန်ကခေါင်းမော့လိုက်သောအခါ တံခါးနား၌ရပ်နေသည့်လုဟွားနျန်ကိုမြင်သွားသဖြင့် အံ့ဩသွားသည်။သူမက လုဟွားနျန်ကိုကယ်တင်ရှင်ကြီးလိုကြည့်လာ၏။

 

ဒါရိုက်တာက အလွန်သဘောကောင်းကာ ပုစ္ဆာတစ်ခုကိုတစ်နာရီကျော်ရှင်းပြပေး၏။ယွင်ရုန်ကကျေးဇူးတင်သော်လည်း လူသားများ၏သင်္ချာပုစ္ဆာများက အလွန်ပျင်းစရာကောင်းလေသည်။သူမကခေါင်းခဲလာသည်အထိနားထောင်ခဲ့သော်လည်း အနည်းငယ်ကိုသာသ‌ဘောပေါက်နိုင်ခဲ့သည်။


ယွင်ရုန်က မှုန်ကုပ်ကုပ်ဖြင့် လက်ချောင်းများကိုလိမ်ကာ ဒါရိုက်တာ၏ဦးနှောက်ကဘယ်လိုများကြီးထွားနေတာလဲဟုတွေးလိုက်မိသည်။


လုဟယ်နျန်က စိတ်အားလျော့သည့်ယွင်ရုန်တစ်ယောက် လုဟွားနျန်ကိုမြင်မြင်ချင်းစိတ်အားတက်ကြွသည်ကိုမြင်လိုက်ရသောအခါ သူ့ရင်ထဲတွင်ချဉ်စုပ်လာသည်။


ဒီနှလုံးသားမရှိတဲ့ကောင်မလေးကတော့။


“အလုပ်ဝင်တဲ့ပထမဆုံးနေ့မှာ ဘယ်လိုခံစားရလဲ”

လုဟွားနျန်က သူမယူလာသောပစ္စည်းများကိုစားပွဲပေါ်တွင်ချရင်း ပြုံးကာမေးလိုက်သည်။

“ငါကုမ္ပဏီနားကဖြတ်သွားရင်းနဲ့ ကြက်ဥမုန့်နည်းနည်းယူလာပေးတာ ”


ကြက်ဥမုန့်များကနွေးနေဆဲပင်။အိတ်ကိုဖွင့်လိုက်သောအခါ အနံ့ချိုချိုလေးထွက်လာကာ ကုမိသားစုမှအိမ်အကူများ၏လက်ရာက တကယ်ကိုကောင်းလှ‌ပေသည်။သူမကသင်တန်းတက်ပြီး အနောက်တိုင်းစတိုင်ဟင်းလျာများချက်ပြုတ်ရာတွင် အသိအမှတ်ပြုလက်မှတ်တစ်ခုတောင်ယူထား‌သေးသည်။သူမ၏ကြက်ဥမုန့်များက စတိုးဆိုင်တွင်ရောင်းသည်များထပ်ပိုကောင်းသည်။သူမလုပ်သည့်ဂျုံမုန့်က ကြွပ်ရွသော်ငြားနူးညံ့မှုလည်းရှိ၏ 


ယွင်ရုန်က အနံ့ချိုချိုကိုရသောအခါ ချက်ချင်း‌ဗိုက်ဆာလာသည်။နေ့လယ်တုန်းက သူမကိုကြည့်နေသည့်သူအများအပြားရှိသဖြင့် များများစားရန်ရှက်ခဲ့ပေသည်။


“ကျေးဇူးပါ ဟွားနျန်ကျဲ”

ယွင်ရုန်က လှမ်းယူကာပြုံးပြလိုက်သည်။

“ကျွန်မတကယ်အဆင်ပြေပါတယ် ဒုတိယအစ်ကိုကအရမ်းဂရုစိုက်ပေးတယ် နေ့လယ်တုန်းကဆိုနေ့လယ်စာတောင်အတူတူလိုက်စားပေးတယ်”

သူသာသူမကိုစာလုပ်ဖို့မတိုက်တွန်းရင်တော့ပိုကောင်းတာပေါ့။


“နှစ်ယောက်အတူတူနေ့လယ်စာစားသွားကြတာလား”

လုဟွားနျန်ကမျက်ခုံးပင့်ကာ အမူအရာမဲ့စွာထိုင်နေသည့်လုဟယ်နျန်ကိုကြည့်လိုက်သည်။သူမရင်ထဲတွင်တစ်ခုခုဖြတ်ခနဲပေါ်လာ၏။


လုဟယ်နျန်က လုဟွားနျန်ကြည့်နေသည်ကိုသတိထားမိကာ တည်ငြိမ်စွာဖြင့်လှည့်ပြောလာသည်။

“ဒါကအလုပ်ဝင်တဲ့ပထမဆုံးနေ့မလို့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်ခေါ်သွားပေးတာပါ”


“ဟုတ်တယ် ကုမ္ပဏီနဲ့ရင်းနှီးဖို့ကလိုအပ်တယ်”

ထို့နောက်လုဟွားနျန်က စကားလမ်းကြောင်းလွှဲလိုက်သည်။

“ငါတို့ရဲ့ဒါရိုက်တာက အချိန်ပိုင်းဆရာလည်းလုပ်ပေးတာ ဘာလို့မသိခဲ့ပါလိမ့်”


“ဝန်ထမ်းတွေကိုကူညီပေးတာက ဒါရိုက်တာတစ်ယောက်အနေနဲ့လုပ်သင့်တာပါဘဲ”

လုဟယ်နျန်က ခနတန့်သွားပြီးမှ ဘာမှမထူးဆန်းသလိုပြန်ပြောလိုက်သည်။

“မားကသေချာပြောပြီးသားလေ ယွင်ရုန်ကိုဂရုစိုက်ပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ပဲ”


တာဝန်လား။လုဟွားနျန်က သူမမောင်လေးသည်အလွန်ရယ်ချင်စရာကောင်းလိမ့်မည်ဟုလုံးဝမသိခဲ့ပေ။

ဒါပေမယ့်လည်း ဘာမှမမှားသလိုပါဘဲ။သူမကဘယ်လိုပြန်ပြောရမလဲမသိတော့ပေ။


လုဟွားနျန်၏အကြည့်များက ယွင်ရုန်နှင့်လုဟယ်နျန်ကြားကူးခတ်နေကာ ထူးဆန်းသည့်ခံစားချက်တစ်ခုကသူမရင်ထဲဖြစ်ပေါ်လာသည်။သို့သော်သူမကဖြတ်သွားရင်းဝင်လာခြင်းဖြစ်ရာ သိပ်မတွေးလိုက်ပေ။အိမ်တွင်လုပ်စရာကိစ္စများရှိနေသဖြင့် သူမကကြာကြာမနေလိုက်ပေ။


“ဆက်မသင်ချင်တော့ဘူးလား”

လုဟယ်နျန်က သူ့အစ်မထွက်သွားပြီးနောက် ယွင်ရုန်နှင့်စားပွဲပေါ်မှစာအုပ်များကိုတစ်ချက်ကြည့်လာကာ ရယ်ချင်သွားသည်။


ကြက်ဥမုန့်များကိုတစ်ကိုက်ကိုက်စားနေသည့် ယွင်ရုန်က ခေါင်းငြိမ့်ပြီးနူးညံ့စွာဖြေလာသည်။


“ဒုတိယအစ်ကိုရဲ့အလုပ်တွေကိုပဲလုပ်ပါ ဟုတ်ပြီလား ကျွန်မဘာသာလေ့လာလိုက်မယ်”

ထိုသို့ပြောပြီးနောက် သူမကသူအလုပ်သွားလုပ်မည်ဟုမျှော်လင့်ပြီး စိတ်လှုပ်ရှားစွာကြည့်လာသည်။


လုဟယ်နျန်ကနာရီတစ်ချက်ကြည့်လိုက်သည်။ရုံးဆင်းဖို့တစ်နာရီလောက်လိုသေးသဖြင့် သူကထရပ်ကာပြောလိုက်သည်။

“ကိုယ် video callနဲ့အစည်းအဝေးတစ်ခုတက်စရာရှိသေးတယ် စာမလုပ်ချင်တော့ရင်လဲ ခနလောက်နားလိုက်လေ အလုပ်ဆင်းရင်အတူတူညစာစားကြတာပေါ့”


“ဟုတ်ပြီလေ”

ထိုစကားများကိုကြားသောအခါ ယွင်ရုန်ကချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်သူမက သူ့ကိုလိုက်ပို့ပေးလာ၏။


မိန်းကလေး၏မျက်နှာ၌ ‘မြန်မြန်သွားပါတော့ ကျွန်မစာမလုပ်ချင်တော့ဘူး’ဟုရေးထားသည်ကိုမြင်လိုက်ရသောအခါ လုဟယ်နျန်ကရယ်ချင်လာပြီးခံစားချက်ကောင်းသွားသည်။သူက‌သူမခေါင်းကိုပွတ်ပေးလိုက်သည်။သူကရုံးခန်းထဲမှထွက်ရင်းပြောလိုက်သည်။

“မင်းရဲ့အခြေခံကသိပ်မကောင်းဘူး ထပ်ပြီးလေ့လာသင့်‌တယ် အလုပ်ဆင်းရင် လေ့ကျင့်ခန်းစာအုပ်ဝယ်ဖို့ကိုယ်မင်းနဲ့အဖော်လိုက်ပေးမယ်”


သူက ယွင်ရုန်ကိုစချင်သဖြင့်ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။မထင်ထားစွာဖြင့် ယွင်ရုန်ကထိုစကားကိုကြားသောအခါ အံ့ဩသွားလေသည်။သူမကပါးစပ်ထဲတွင်မုန့်တန်းလန်းဖြင့် သူ့ကို သနားစရာကောင်းစွာငေးကြည့်ကာပြောလာသည်။

“ဒုတိယအစ်ကို。。。。。”

လုဟယ်နျန်က သူမကောင်းဖို့လုပ်ပေးနေခြင်းမှန်းသိသည်။သို့သော်ဒါက တောင်မိစ္ဆာတစ်ယောက်အတွက်ခက်ခဲလှသည်။


ဤအချိန်တွင် ယွင်ရုန်ကနောင်တရလာသည်။သူမက အဲ့ဒီခွေးပြောတာကို နားမထောင်လိုက်သင့်ဘူး။သူမကလူသားများကြားထဲတွင်နေရန် အသင့်မဖြစ်သေးပေ။တန့်ချိုးတောင်အတွက် လိုအပ်သည့်ပိုက်ဆံရှာပြီးပါက တောင်ပေါ်သို့ပြန်တော့မှာဖြစ်သည်။အဲ့ဒါဆို သူမက ဘာလို့ဘွဲ့ယူစရာလိုဦးမှာလဲ။


မိန်းမငယ်လေး၏အသံက နူးညံ့ကာချိုသာနေ၏။၎င်းက အလိုလိုက်ခံရသည့်ကလေးတစ်ယောက်လိုဟန်ကိုလည်း မတော်တဆဖုံးကွယ်ထားလေသည်။လုဟယ်နျန်ကတံခါးဖွင့်နေရင်းတန်းလန်းရပ်သွားကာ ဖော်ပြရခက်ခဲသည့်ယားယံမှုတစ်ခုက သူ့ရင်ထဲတွင်ဖြစ်ပေါ်လာကာ ပြန်ပြောလိုက်သည်။


“အသနားခံနေလို့အသုံးမဝင်ဘူး”


ထိုသို့ပြောပြီးနောက်သူက ယွင်ရုန်၏မျက်လုံးများကိုမကြည့်ရဲတော့သဖြင့် ချက်ချင်းလှည့်ထွက်သွားလိုက်‌သည်။


လုဟယ်နျန်၏ကျောပြင်ကိုကြည့်ကာ ယွင်ရုန်ကနှုတ်ခမ်းမဲ့ပြီးသက်ပြင်းချလိုက်သည်။အလွန်အမင်းတာဝန်ကျေကာ ထက်မြက်သည့်ဘော့စ်တစ်ယောက်ရှိခြင်းမှာလည်းမကောင်းပေ။


* * *

အလုပ်ဆင်းသည့်အချိန်ကခြောက်နာရီဖြစ်သည်။အလုပ်ဆင်းချိန်ရောက်သောအခါ လင်းရှောင်မန်ကကွန်ပျူတာကိုပိတ်လိုက်ပြီး အရာအားလုံးကိုအစီအစဉ်တကျပြန်ထားကာ သူမပစ္စည်းများကိုထုပ်ပိုးပြီး အလုပ်ဆင်းရန်ပြင်လိုက်သည်။ကုမ္ပဏီဝင်ပေါက်သို့ရောက်သောအခါ သူမကခေါင်းမော့ပြီးငါးထပ်မြောက်မှရုံးခန်းကိုကြည့်လိုက်မိသည်။ညနေခင်းနေရောင်က တောက်ပကြည်လင်နေသောမှန်သားပေါ်တွင်တောက်ပနေသည်မှာ ကြည့်ကောင်းလှပြီးထိုထက်လှသောအရာဟူ၍မရှိနိုင်တော့ပေ။


လင်းရှောင်မန်က နှုတ်ခမ်းစေ့လိုက်ကာ ခေါင်းလှည့်ကာ သူမအိမ်ရှိရာသို့ဦးတည်သွားသည်။သူမကပုခုံးပေါ်တွင်လွယ်ထားသည့်အိတ်ကိုတင်းတင်းဆုပ်ထားလိုက်သည်။အိတ်ထဲတွင် သူမ၏အိမ်သော့၊တစ်ရှူးနှင့် အလှကုန်များမှလွဲ၍ အခြားဘာမှမရှိပေ။အခြားကျန်တာဟူ၍ လက်ဝါးအရွယ်မိတ်ကပ်မှန်လေးသာရှိသည်။သူမလက်ချောင်းများက မိတ်ကပ်မှန်အစွန်းကိုစမ်းမိသွားသည်။ထိုထိတွေ့မှုကရုတ်တရက်ပင် သူမကိုစိတ်အေးသွားစေသည်။   


သူမကတောင့်တင်းသည့်အပြုံးတစ်ခုကိုဖော်ပြလာသည်။သို့သော်ငြားသူမအကြည့်များက မည်းမှောင်ကာဆုံးဖြတ်ချက်ချပြီးသည့်ပုံပေါ်လေသည်။


လင်းရှောင်မန်က ဟိုင်ရှီးနယ်ခံမဟုတ်ဘဲ တက္ကသိုလ်တက်ရန်အတွက်သာရောက်လာခြင်းဖြစ်သည်။အစကသူမဘွဲ့ရပြီးသောအခါ မွေးရပ်ပြန်ပြီးအလုပ်လုပ်ဖို့စီစဉ်ထား၏။သို့သော်ငြားဟိုင်ရှီးတက္ကသိုလ်တွင် သင်ခန်းစာတစ်ခုပို့ချပေးရန်ရောက်လာသည့် လုဟယ်နျန်ကိုတွေ့လိုက်ရသောအခါ မြင်မြင်ချင်းပင် သူမက လုကော်ပိုရေးရှင်းသို့ဝင်ရန်ဆုံးဖြတ်လိုက်သည်။သူမကထိုကဲ့သို့ ထူးချွန်ထက်မြက်သည့် ယောက်ျားဘေးတွင်ရပ်ချင်မိသည်။


အဆုံးတွင်လုအုပ်စု၌အလုပ်လုပ်ချင်သည့် သူမဆန္ဒပြည့်လာခဲ့သည်။လုကော်ပိုရေးရှင်း၌ အလုပ်လုပ်ရသည့်အကျိုးများမှာအလွန်ကောင်းပြီး ဧည့်ကြိုကောင်တာမှအလုပ်များကသိပ်မခက်ပေ။မြို့ခံမဟုတ်သည့်မိန်းကလေးတစ်ယောက်က ယောက်ျားလေးများသာရှိသည့်ရုံး၌အလုပ်လုပ်ရာ သူမတွင်သူငယ်ချင်းမရှိလုနီးပါးပင်ဖြစ်သည်။


သူမ၏motivationအားလုံးက လုဟယ်နျန်ပေါ်တွင်သာမူတည်နေခဲ့သည်။သို့သော်သူမဘယ်လိုဘဲဝတ်ဆင်ပြီး သူ၏အာရုံကိုဆွဲဆောင်ဖို့ဘယ်လိုဘဲကြိုးစားပါစေ လုဟယ်နျန်ကသူမအပေါ်မကျရှူံးလာပေ။


သူကအလွန်မြင့်မားသည့်နေရာ၌ရှိသည့်ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သူမကမူဧည့်ကြိုဝန်ထမ်းလေးတစ်ယောက်သာဖြစ်သည်။


လင်းရှောင်မန်က တွေးရင်းဖြင့်မျက်ရည်ကျလာလေသည်။ဘာကြောင့်လဲ။သူမကကြည့်မကောင်းပြီး သူမမိသားစုကသာမာန်ဘဲမလို့လား။သူမသာပိုကြည့်ကောင်းခဲ့ရင်၊ သောင်းကျော်တန်တဲ့စကပ်ကိုဝတ်နိုင်ပြီး ရာကျော်တန်ဖိုးရှိတဲ့လက်ဝတ်ရတနာတွေကိုသာဝတ်နိုင်မယ်ဆိုရင် အဲ့ဒီဂုဏ်သရေရှိမိန်းကလေးတွေ နဲ့ဘာမှသိပ်ကွာမှာမဟုတ်ဘူး။


လင်းရှောင်မန်ကအိမ်ပြန်ရောက်သောအခါ သူမခေါင်းထဲတွင် လုဟယ်နျန်အတွက်တမ်းတခြင်းများနှင့်သာပြည့်နေ၏။သူမနှလုံးသားက အပူချိန်မြင့်ဒယ်အိုးထဲအထည့်ခံလိုက်ရသလိုပင် ထပ်ခါတလဲလဲခံစားနေရသည်။သူမကသူမဘဝ၏အနိမ့်ဆုံးအမှတ်၌ရှိဖူးသော်လည်း လက်ရှိအချိန်နဲ့ယှဉ်ရင်ဘာများကွာလို့လဲ။


သူမကထပ်ပြီးမဖိနှိပ်နိုင်တော့ပေ။လင်းရှောင်မန်က မနက်တုန်းကမှန်ထဲမှပြောခဲ့သည်များကိုတွေးလိုက်မိသည်။

နင်လှချင်လား။နင်ခန္ဓာကိုယ်လှလှလေးရှိချင်လား။မိသားစုနောက်ခံကောင်းကောင်းလိုချင်လား။


သူမလိုချင်တယ်၊အိပ်မက်ထဲမှာတောင်မှလိုချင်တယ်။


ထိုအကြံက သူမနှလုံးသားကိုရစ်ပတ်လာသည့်အဆိပ်ရှိမြွေတစ်ကောင်လိုပင် တဖြေးဖြေးတင်းကြပ်လာ၏။လင်းရှောင်မန်၏ရင်ထဲတွင် ပြင်းထန်စွာတုန်လှုပ်လာသည်။သူမကညဆယ့်တစ်နာရီအထိထိုင်နေပြီးနောက် အဆုံးတွင်နှုတ်ခမ်းကိုက်ပြီး ထရပ်လိုက်သည်။သူမကဘေးမှမိတ်ကပ်မှန်ကိုလှမ်းယူကာ ပြေးထွက်သွားသည်။


သူမဒီညမသွားလိုက်ပါက တစ်ဘဝလုံးနောင်တရ‌နေမည်ဟူသည့်ခံစားချက်မျိုးရနေ၏။


ဆူးလီမြစ်က ဟိုင်ရှီးမြို့ပြင်ဘက်တွင်တည်ရှိသည်။လင်းရှောင်မန်က မြစ်ကမ်းဘေးသို့taxiစီးသွားရာ ညသန်းခေါင်မတိုင်မီငါးမိနစ်အလိုတွင်ရောက်သွားသည်။ညလေအေး‌ကသူမကိုတိုက်လာသောအခါ အပူတက်နေသောဦးနှောက်က အနည်းငယ်အေးလာသည်။သူမကတလိမ့်လိမ့်စီးဆင်းနေသည့်မြစ်ရေကိုကြည့်ကာ တစ်ကိုယ်လုံးတုန်ယင်လာပြီး အကြောက်တရားဖျော့ဖျော့ကသူမရင်ထဲတွင်ဖြစ်ပေါ်လာသည်။


သူမပြန်ဆုတ်တော့မည့်အချိန်တွင် သူမလက်ထဲမှမှန်ကဆွဲဆောင်နိုင်သည့်အသံဖြင့်ပြောလာသည်။


“ရှေ့ကိုတည့်တည့်လျှောက်သွား နောက်တစ်လှမ်းလှမ်းလိုက်ရုံနဲ့ နင်အလိုရှိတာတွေဖြစ်လာမှာနော် နင်အဖြစ်ချင်ဆုံးအရာတွေဖြစ်လာလိမ့်မယ် နင်ချစ်ရတဲ့သူနဲ့အတူတူရှိနိုင်တော့မှာ。。。”


လင်းရှောင်မန်၏မျက်လုံးကငေးငိုင်လာကာ ရူးကြောင်ကြောင်ရယ်လိုက်ပြီး ဆူးလီမြစ်ဆီသို့တလှမ်းပြီးတလှမ်းလျှောက်သွားသည်။သူမကအိပ်မက်ထဲတွင်လျှောက်နေသလိုပင်ဖြစ်ကာ သူမရှေ့၌မြစ်ရေများတလိမ့်လိမ့်မတက်နေသလိုမျိုး၊ သူမအသွားချင်ဆုံးနေရာကိုသွားနေသလိုမျိုးလျှောက်သွားလေသည်။


* * *

လုဟယ်နျန်ထွက်သွားပြီးနောက် ယွင်ရုန်ကကြက်ဥမုန့်များကိုကုန်အောင်စားကာ တီဗီခနကြည့်လိုက်သည်။သူမကဆိုဖာပေါ်တွင်မှီကာအိပ်ငိုက်လာ၏။သူမနိုးထလာကတည်းက သူမ၏ဝိဉာဉ်စွမ်းအင်နှင့် ကျင့်ကြံမှုသည်အရင်ကနှင့်မတူတော့သလိုခံစားမိသည်။အစပိုင်းတွင်သူမကအကြာကြီးအိပ်ခဲ့သဖြင့် ဝိဉာဉ်စွမ်းအင်များပျောက်ကွယ်သွားကာ ခနလောက်တော့ပြန်ရဦးမှာမဟုတ်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။သို့သော်အခုတွင်ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ဘာမှမထူးလာပေ။


ဥပမာပြောရလျှင် လုဟယ်နျန်အတွက်နတ်ဆိုးဖိနှိပ်ရေးအဆောင်ဆွဲပေးရာတွင်ဖြစ်သည်။အရင်တုန်းကဆိုလျှင် အဆောင်ရှစ်ခုမှဆယ်ခုအထိဆွဲလျှင်တောင်မှ ဘာပြသနာမှမရှိပေ။ဒီနေ့တွင်မူ အဆောင်တစ်ခုသာဆွဲပေးလိုက်သော်လည်း သူမ၏ဝိဉာဉ်စွမ်းအင်ကအပြည့်အဝမရှိသလိုခံစားနေရ၏။


လုဟယ်နျန်၏ကိုယ်ထဲမှအရှိန်အဝါကလည်း တစ်မျိုးတစ်ဖုံထူးဆန်းနေသည်။ထိုကဲ့သို့ပြင်းထန်သောအရှိန်အဝါကို သာမာန်မိစ္ဆာများကခံနိုင်မှာမဟုတ်ပေ။လူသားများကိုမူပြောနေစရာတောင်မလိုတော့ပေ။အစောကြီးကတည်းက သူတို့ခန္ဓာကိုယ်များပေါက်ကွဲပြီးသေသွားနိုင်၏။


သို့သော်လုဟယ်နျန်ကမူ ပေါက်ကွဲပြီးမသေရုံသာမက ခန္ဓာကိုယ်ကကျန်းကျန်းမာမာရှိကာ စိတ်လည်းထက်ရှနေဆဲဖြစ်သည်။အသက်သုံးဆယ်ပြည့်တော့မည်ဖြစ်သော်လည်း ဒေါင်ဒေါင်မြည်နေဆဲပင်။သူမကဒီလိုကိစ္စမျိုးကို တစ်ခါမှမကြုံဖူးပေ။


လုဟယ်နျန်က အင်အားကြီးတဲ့သူတစ်ယောက်ယောက်ရဲ့ လူဝင်စားများဖြစ်နေမလား။


ယွင်ရုန်ကတွေးနေရင်း‌အိပ်ပျော်သွားသည်။သူမနိုးလာသောအခါ အပြင်ဘက်၌မှောင်နေပြီဖြစ်သည်။သူမထထိုင်လိုက်သောအခါ သိပ်မဝေးသောနေရာရှိလုဟယ်နျန်ကိုမြင်သွားသည်။


“ဒုတိယအစ်ကို”

ယွင်ရုန်ကခေါ်လိုက်သည်။

“အခုဘယ်အချိန်ရှိပြီလဲ”


“ဆယ်နာရီကျော်လောက်ပြီ မင်းကလေးနာရီလောက်အိပ်ပျော်သွားတာ”


ယွင်ရုန်၏အသံကိုကြားသောအခါ လုဟယ်နျန်ကအတွေးထဲမှထွက်လာသည်။သူကရွှေကိုင်းမျက်မှန်ကိုပင့်တင်လိုက်ကာ သူ့စိတ်အခြေအနေကို မျက်မှန်နောက်တွင်ဖုံးကွယ်လိုက်ပြီး သူမကိုပြန်ဖြေလိုက်သည်။


“ဘယ်လိုဖြစ်လို့အဲ့လောက်တောင်အိပ်သွားမိတာလဲ အလုပ်ဆင်းမယ့်အချိန်ရောက်ပြီလား”


ယွင်ရုန်ကမျက်လုံးကိုပွတ်လိုက်သည်။သူမကအခုမှနိုးလာရာ အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သည်။


“အလုပ်ဆင်းရမယ့်အချိန်က အစောကြီးကတည်းကရောက်နေပြီ ရုံးမှာကိုယ်တို့နှစ်ယောက်ဘဲကျန်တော့တယ်”


လုဟယ်နျန်ကပြန်ဖြေလိုက်သည်။

“မင်းအိပ်ပျော်နေလို့ ကိုယ်လည်းမနှိုးတော့တာ ဗိုက်ဆာနေပြီလား တစ်ခုခုသွားစားရအောင်”


တစ်ရေးအိပ်ပြီး၍လန်းဆန်းလာရမည့်အစား ယွင်ရုန်ကခေါင်းမူးနေသည်။သူမကခေါင်းငြိမ့်လိုက်ကာ ဆိုဖာပေါ်မှကုန်းထပြီး ပျင်းကြောဆွဲလိုက်သည်။


“သွားကြတာပေါ့ ကျွန်မတောင်းပန်ပါတယ် ဒုတိယအစ်ကိုကိုအကြာကြီးစောင့်ခိုင်းမိတယ်”


“တစ်နေရာရာက အဆင်မပြေဖြစ်နေလို့လား”

လုဟယ်နျန်က ထရပ်လာပြီးနောက် ယွင်ရုန်၏ပင်ပန်းနေသောပုံစံကိုမြင်လိုက်ရရာ စိုးရိမ်တကြီးမေးလာ၏။


“အဆင်ပြေပါတယ် နေ့လယ်ကအဆောင်ဆွဲတုန်းက ဝိဉာဉ်စွမ်းအင်နည်းနည်းသုံးလိုက်မိလို့ပါ ရက်နည်းနည်းကြာရင်ပြန်ပြည့်လာလိမ့်မယ်”


ယွင်ရုန်က မစဉ်းစားပဲပြောပြလိုက်သည်။သူမကမျက်နှာကိုပုတ်ကာ ‌ဆက်ပြောလာသည်။

“သွားရအောင် ကျွန်မဗိုက်ဆာနေပြီ”


လုဟယ်နျန်က ခနရပ်သွားသည်။

“အဆောင်ဆွဲတာက ဝိဉာဉ်စွမ်းအင်အများကြီးလိုလား”


“အဲ့လိုလည်းမဟုတ်ဘူး ပုံမှန်အဆောင်တွေက ဝိဉာဉ်စွမ်းအင်ကို အရမ်းကိုမှနည်းနည်းလေးဘဲလိုတာ ဒါပေမယ့်ဒုတိယအစ်ကိုက နတ်ဆိုးအရှိန်အဝါနဲ့မွေးဖွားလာတဲ့သူမလို့ ဝိဉာဉ်စွမ်းအင်ကိုနည်းနည်းပိုလိုတယ်”


ယွင်ရုန်ကရှင်းပြလာသည်။


လုဟယ်နျန်က သူမကိုလေးနက်စွာပြောလာသည်။

“အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်ကိုသက်ရောက်မှုရှိမယ်ဆိုရင် အဆောင်ဆွဲပေးဖို့မလိုဘူး တကယ်တော့ ကိုယ်က ဆရာသခင်ကျန်းလုပ်ပေးတဲ့ ကျောက်စိမ်းအဆောင်ကိုသုံးလို့ရတယ်လေ”


သူကထိုကျောက်စိမ်းအဆောင်များကို နှစ်ပေါင်းများစွာသုံးခဲ့သဖြင့် နေသားကျနေပြီဖြစ်သည်။သူ့အတွက်လူများနှင့်ထိတွေ့ဆက်ဆံခြင်းကိုရှောင်ရရုံသာဖြစ်သည်။


အဆောင်တစ်ခုဆွဲလျှင် 300,000ရမှာဖြစ်ပြီး သူမသာအဆောင်မဆွဲပေးလျှင် ဘယ်တော့မှပိုက်ဆံပြည့်အောင်စုနိုင်မှာလဲ။ယွင်ရုန်က သူ့စကားကိုကြားသောအခါ ချက်ချင်းခေါင်းမူးပြေသွားပြီး နှစ်သိမ့်လိုက်သည်။



“ဒုတိယအစ်ကို အဲ့ဒါကတကယ်အဆင်ပြေပါတယ် တစ်လတစ်ခါလုပ်ပေးဖို့ ဘာပြသနာမှမရှိဘူး”




⛰️