💘Chapter 196
ဝေ့ချန်၏ မွေးနေ့
ဝေ့ချန်က အလုပ်ဆင်းပြီးသောအခါ အိမ်သို့ တန်းသွားလိုက်သည်။ ဝေ့ကျန်းရှုန်းရောက်ရှိလာမှုက သူ့အတွက် သက်ရောက်မှု တစ်စုံတစ်ရာမရှိသည့်ပုံပင်။
ဝေ့ချန်အိမ်ပြန်ရောက်သောအခါ ချန်လီလည်း ကျောင်းမှပြန်ရောက်နေပြီး စတူဒီယိုထဲတွင် လက်ရေးအလှ လေ့ကျင့်နေ၏။ ချန်လီ၏ဖိနပ်များကို အပေါက်ဝတွင်တွေ့လိုက်သောအခါ ချန်လီအိမ်ပြန်ရောက်နေကြောင်း ဝေ့ချန်သိလိုက်သည်။
ချန်လီက လက်ရေးလှလေ့ကျင့်ခြင်းတွင် စိတ်နစ်မြုပ်နေ၍ဖြစ်နိုင်သည်။ တံခါးဖွင့်သည့်အသံကို မကြားလိုက်ချေ။ ဝေ့ချန်က စတူဒီယိုဆီသို့လာ၍ ချန်လီကိုရှာလိုက်ည်။ ချန်လီ၏ စိတ်ဝင်တစားရှိနေသည့် အသွင်အပြင်ကို ကြည့်ရင်း ဝေ့ချန် သူ့ကိုယ်သူ စိတ်လျှော့ချလိုက်၏။
ဝေ့ကျန်းရှုန်းက အကြောင်းအရင်းအချို့ကြောင့် သူ့ကိုချဥ်းကပ်လာခဲ့ပြီး ဝေ့ချန်မနေနိုင်ဘဲ ဒေါသထွက်မိသည်။ သို့သော်လည်း အရင်ဘဝတွင် အများကြီးကြုံတွေ့ခဲ့ရပြီးနောက် ရင့်ကျက်သည့်အတွေးအမြင်များ ရရှိလာခဲ့သည်။ သူ့ကိုယ်သူ စိတ်လျှော့လိုက်ကာ ထိုကိစ္စကို ဆုပ်ကိုင်မထားရန်နှင့် မျှော်လင့်မထားရန် ဆုံးဖြတ်လိုက်သည်။
ဝေ့ချန်က စတူဒီယိုထဲတွင် ခဏရပ်နေသည့်အချိန်၌ ချန်လီက လက်ရေးအလှလေကျင့်၍ပြီးသွားသည်။ ထို့နောက် သူ့အကြည့်များက ဝေ့ချန်အပေါ်သို့ ကျရောက်လာ၏။ အကြည့်များက ယခင်ကနှင့်အတူတူပင် ဖြစ်သော်လည်း အနည်းငယ်ကွဲပြားနေသည်။ အရာအားလုံးကိုမြင်နိုင်သည့်အလား အကြည့်များက ကြည်လင်နေ၏။
“အားချန်...အားချန်မပျော်ဘူး”
သူ့ အသံတွင် သိချင်စိတ်တစ်စုံတစ်ရာမရှိဘဲ စိုးရိမ်မှုများဖြင့်သာပြည့်နေရင်း ချန်လီ တန်းပြောလိုက်သည်။
“ဟုတ်တယ်...ကိုယ်မပျော်ဘူး” ဝေ့ချန် မငြင်းလိုက်ချေ။ သူက အရှေ့သို့တိုး၍ ချန်လီကို ပွေ့ဖက်လိုက်သည်။ ခေါင်းကို ချန်လီ၏လည်ပင်းထံ တိုးဝှေ့လိုက်သည်။
ချန်လီက လက်မြှောက်လာ၍ အိပ်ပျော်တော့မည်ကလေးတစ်ယောက်ကို ချော့မြူနေသည့်အလား ဝေ့ချန်၏ ကျောကို ဖွဖွလေးပုတ်ပေးလိုက်သည်။ ဘာမှမပြောသော်လည်း ထိုအပြုအမူများက ဝေ့ချန်ကို အများကြီး စိတ်သက်သာရာရစေသည်။
“လီလီ...ကိုယ်နည်းနည်း ပင်ပန်းနေတယ်” ချန်လီအရှေ့တွင်သာ ဝေ့ချန်က သူ့ပုံစံအစစ်မှန်ကို ချပြသည်။ သူဒီနေ့ ပင်ပန်းသလိုခံစားနေရ၏။ ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်ခြင်းမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပင်ပန်းခြင်းသာ ဖြစ်သည်။ သူအလုပ်ဆင်းလာကတည်းက သူ့စိတ်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခုရှိနေကာ စိတ်အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေလေသည်။
ပြန်လာသည့်လမ်းတွင် မီးပွိုင့်နီနေလား၊ စိမ်းနေလားပင် မသိခဲ့ချေ။ အနောက်ဘက်ရှိကားက ဟွန်းတီးမှသာ သူသတိဝင်လာခဲ့သည်။ သူ့ကိုယ်သူရိုက်လိုက်ပြီး အိမ်ပြန်နိုင်အောင် စိတ်စုစည်းလာခဲ့ရ၏။
ထိုခံစားချက်က ဒီနေ့ ဝေ့ကျန်းရှုန်းရောက်ရှိလာခြင်းကြောင့်မဟုတ်ပေ။ ပြန်လည် မွေးဖွားလာပြီးနောက်ပိုင်း အနာဂတ်အကြောင်းအရာများကိုသိနေသည့် ဝန်ထုပ်ဝန်ပိုးကြောင့်ဆိုလျှင် ပိုမှန်မည်။ ဝေ့ကျန်းရှုန်း ဒီနေ့ ရောက်ရှိလာမှုက ထိုခံစားချက်ကို ဓာတ်ကူအဖြစ်သက်ရောက်သွားသည်ပင်။
ဤမဖော်ပြနိုင်သည့် မကောင်းသောခံစားချက်များက ဝေ့ချန်၏နှလုံးသားထဲတွင် နက်ရှိုင်းစွာစွဲကပ်နေကာ သူ့ကို ပင်ပန်းနွမ်းနယ်နေစေသည်။
သို့သော်လည်း ပြန်လာပြီးနောက် ချန်လီကို တွေ့လိုက်သောအခါ ဝေ့ချန် စိတ်တည်ငြိမ်သွားသည်။ မကောင်းသော ခံစားချက်များက အပ်ဖြင့်အထိုးခံလိုက်ရသည့်ဘောလုံးလိုပင် ရုတ်တရက် ပြေလျှော့သွားခဲ့သည်။ သူစိတ်ငြိမ်သွားသည်နှင့် ပင်ပန်းနွမ်းနယ်သည့် ခံစားချက်က အားပြင်းစွာနှင့် ဝင်ရောက်လာခဲ့သည်။
“ပင်ပန်းနေရင်နားလိုက်လေ” ချန်လီက ကျောကို ဖွဖွလေးပုတ်ပေးနေပြီး ဝေ့ချန်၏ ခံစားချက်များကို ဖြေလျှော့နေဆဲဖြစ်သည်။ ထို့နောက် သူက ရုတ်တရက်တစ်ခုခုကို တွေးမိသွားပြီး ဆက်ပြောလိုက်၏။
“ကျွန်တော်ဒီမှာ အားချန်နဲ့အတူရှိနေပေးမယ်”
ထိုစကားက ချန်လီ တလေးတနက်ပြောလိုက်တာဖြစ်သည်။ သူ့မျက်လုံးများတွင် စိတ်ရင်းအမှန်များဖြင့် ပြည့်နေ၏။ သူတကယ်ကို ဝေ့ချန်နှင့် ထာဝရအမြဲတမ်းရှိသွားချင်သည်။
“ကောင်းပြီ...လီလီ...ကိုယ်နဲ့ အမြဲအတူတူနေပေး” ဝေ့ချန်က ချန်လီ၏ကတိကို လက်ခံလိုက်သည်။ ထိုအချိန်တွင် ယခုနှင့် အနာဂတ်တွင် သူလုပ်နေသည့်အရာအားလုံးက ဤစကားနှင့်ယှဥ်လိုက်လျှင် ဘာမှမဟုတ်တော့ကြောင်း ဝေ့ချန် ခံစားလိုက်ရသည်။
တစ်ခါတရံတွင် သူ၏ပြန်လည်မွေးဖွားလာရသည့် အရေးကြီးဆုံးအချက်က ချန်လီနှင့်အတူတကွ ရှိနေရန်ဟုပင် ဝေ့ချန် တွေးမိသည်။ ဝေ့မိသားစုကို ကယ်တင်ခြင်းက လမ်းတစ်လျှောက် ဖြစ်လာမည့်အရာဖြစ်သည်။ ဝေ့မိသားစု၏ မျိုးဆက်တစ်ယောက်အနေနှင့် ဝေ့မိသားစုမပျက်ဆီးစေရန် သူ့တွင် တာဝန်ရှိ၏။
ချန်လီနှင့် အတူရှိနေရခြင်းကတော့ အမြဲထာဝရအတူရှိနေခြင်းက သူပြန်လည်မွေးဖွားလာခြင်း၏ တကယ့်အကြောင်းအရင်းဖြစ်ပေလိမ့်မည်။
...
မျက်စိတစ်မှိတ်လေးအတွင်းမှာပင် ဝေ့ချန်၏ မွေးနေ့သို့ ရောက်ရှိလာခဲ့သည်။
ဒီတစ်ခေါက်တွင်တော့ ဝေ့ဟွားက ဝေ့ချန်၏မွေးနေ့ပွဲကို ကွတ်ကီး၏ကော်ဖီဆိုင်တွင် လုပ်ရန် ပြင်ဆင်ထား၏။ တစ်ရက်ကြို၍ ကွက်ကီးနှင့်ဝေ့ဟွားတို့က ကော်ဖီဆိုင်ကို ပြင်ဆင်ကြသည်။
ဝေ့ချန်က တခမ်းတနားလုပ်သည်ကိုမကြိုက်သောကြောင့် သူတို့က နေရာတစ်ခုလုံးကို ခမ်းခမ်းနားနား၊ ပြောင်ပြောင်လက်လက်ဖြင့် ပြင်ဆင်ထားလေသည်။
အဓိကအရောင်က ပင်လယ်ကဲ့သို့ အပြာရောင်ဖြစ်ကာ အရောင်အသွေးစုံလင်သည့် ရေနေသတ္တဝါများဖြင့် ဖြည့်ထားလေသည်။ အရောင်စုံသည့် ပင်လယ်ဘောလုံးများကိုလည်း ကြမ်းပြင်ပေါ်တွင် ကျဲထား၏။ ကော်ဖီဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ခြေထောက်များက “ပင်လယ်” ထဲသို့ နစ်မြုပ်သွားသလို ခံစားရလိမ့်မည်။
ဝေ့ဟွား၏ အမြင်အရ ဝေ့ချန်က ခမ်းနားသည့်အရာများကို မနှစ်သက်သည်မျိုးမဟုတ်ပေ။ သူ့ဘဝတွင် ထိုအရာများကို မခံစားဖူးရုံသာဖြစ်သည်။ ထို့ကြောင့် ဒီတစ်ခေါက် ဝေ့ချန်၏မွေးနေ့အား အရောင်အသွေးစုံသည့် နတ်သမီးကမ္ဘာအား ခံစားစေချင်သည်။
ကွတ်ကီးက ဝေ့ဟွား၏အကြံအား အလုံးစုံသဘောမတူသော်လည်း အလှဆင်ခြင်းကိုတော့ ကူလုပ်ပေးနေ၏။ ဝေ့ချန်က ဝေ့ဟွား၏ ညီအစ်ကိုဖြစ်သောကြာင့် သူက ဝေ့ဟွား၏ အစီအစဥ်အတိုင်းသာ သွားလိုက်သည်။ သူ့အပေါ်သို့ အများကြီးသက်ရောက်သွားလိမ့်မည်မဟုတ်ပေ။
...
ဝေ့ချန်၏ မွေးနေ့က ပိတ်ရက်တွင်ဖြစ်သည်။ ဝေ့ချန် အလုပ်မသွားရသလို ချန်လီလည်း ကျောင်းမသွားရချေ။ အံ့ဩစရာကောင်းစွာနှင့် သူတို့ဒီနေ့ စောစောမနိုးကြချေ။ နိုးလာပြီးနောက်တွင်လည်း တစ်ယောက်ကိုတစ်ယောက် ဖက်အိပ်နေကာ အိပ်ရာမထသေးခင် အကြာကြီးနေလိုက်ကြသည်။
သူတို့ မနက်စာနှင့်နေ့လည်စာ ပေါင်းစားလိုက်ကြသည်။ နေ့လည်စာစားပြီးနောက် ဝေ့ချန်ကို ချန်လီကိုခေါ်၍ ကွက်ကီး၏ ဘလူးစ်ကော်ဖီဆိုင်သို့ သွားလိုက်သည်။
ချန်လီ၏အမူအရာများက ဒီနေ့မှာ ဝေ့ချန်၏မွေးနေ့ဖြစ်သည်ကို မမှတ်မိသည့်အလား ငူငူငိုင်ငိုင်လေးဖြစ်နေသည်။
ကော်ဖီဆိုင်သို့ရောက်၍ တံခါးကိုဖွင့်၍ ဝင်လိုက်သည့်အခါ ဘန်းဆိုသည့်အသံနှင့်အတူ များစွာသော ဖဲကြိုးများက သူတို့အပေါ်ကိုကျလာလေသည်။ ဖဲကြိုးများ ကုန်သွားသည့်အခါ ဝေ့ချန်နှင့်ချန်လီတို့မှာ ကော်ဖီဆိုင်အတွင်း ပြင်ဆင်မှုများကို တွေ့သွားတော့သည်။
၎င်းက အရောင်အသွေးစုံလင်သည့် ကလေးကမ္ဘာကြီး ကောင်းကင်ပေါ်တွင် မျောနေသလိုပင်။ သူတို့က ယခုလေးတင် ဆိုင်ထဲသို့ ဝင်လာသော်လည်း များပြားသည့် ပင်လယ်ဘောလုံးများက သူတို့ခြေထောက်ကို ရိုက်ခတ်လာလေသည်။
အရိုးသားဆုံးပြောရလျှင် ဝေ့ချန် ထိုမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်ရှုပ်ထွေးသွားသော်လည်း ပင်လယ်ဘောလုံးများဖြင့် ပြည့်နေသည့် ကမ္ဘာထဲသို့ တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်ဝင်သွားလိုက်သည်။
“ဟားဟားဟား…အားချန်…ပျော်ရွှင်စရာမွေးနေ့ပါ” ဝေ့ဟွားက ဖဲကြိုးများပစ်လွှတ်ပြီးနောက် ကျန်ခဲ့သည့် ဘူးအခွံကို ပစ်၍ အကြီးကြီးပြုံးကာ ပြောလာသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ” ကွတ်ကီးကလည်း ဝေ့ဟွားနှင့်အတူ အပြုံးလေးနှင့်ပေါ်လာလေသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ...ဦးဦးဝေ့ချန်” ဘီစကစ်လေးကို ကွက်ကီးက ချီထား၏။ ကြမ်းပြင်ပေါ်မှ များပြားသည့် ပင်လယ်ဘောလုံးများကြောင့် သူမတ်တပ်ရပ်နေလျှင်တောင် ကိုယ်တစ်ဝက်က ဘောလုံးများကြားတွင် မြုပ်နေပြီး လမ်းလျှောက်ရခက်နေလိမ့်မည်။
“ကျေးဇူးပဲ” ဝေ့ချန်က သူ့ဘဝ၏ ပထမဆုံးမွေးနေ့ပွဲကို နွေးထွေးစွာ ကြိုဆိုနေကြသည့် မိသားစုသုံးယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
ရုတ်တရက် ဝေ့ချန်၏နှုတ်ခမ်းတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ချန်လီက ခြေဖျားထောက်၍ သူ့နှုတ်ခမ်းများကို နမ်းလာခြင်းပင်။
သူတို့နှုတ်ခမ်းများထိသွားသည်နှင့် ချန်လီ၏ မျက်ဝန်းဝိုင်းများက ဝေ့ချန်ကိုစိုက်ကြည့်နေ၏။ ပန်းချီဆွဲနေသည့် အချိန်ထက်ပို၍ လေးနက်သောအာရုံစူးစိုက်မှုများက အကြည့်များတွင်ပြသနေလေသည်။
“အားချန်…ပျော်ရွှင်စရာမွေးနေ့ပါ” ချန်လီပြောလိုက်သည်။ ဝေ့ချန်အား ထိုကဲ့သို့ မွေးနေ့ဆုတောင်းပေးခြင်းမှာ ပထမဆုံးဖြစ်ပြီး ၎င်းက အစသာရှိသေးသည်။ လာမည့်နှစ်တိုင်းတွင် သူ ဝေ့ချန်အား လူကိုယ်တိုင် မွေးနေ့ဆုတောင်း ပေးချင်၏။
“ကျေးဇူးပဲနော်” ဝေ့ချန်၏ အကြည့်များ နူးညံ့သွားတော့သည်။ သူက လက်ဆန့်ထုတ်လိုက်၍ ချန်လီကို ရင်ခွင်ထဲသို့ သွင်းပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။
မရေမတွက်နိုင်သည့် အနာဂတ်ရှိမွေးနေ့များမှာလည်း ချန်လီ သူ့အနားတွင်ရှိနေရန် မျှော်လင့်မိသည်။
ယခုက မွေးနေ့ပွဲဖြစ်၏။ “လူအိုကြီး” ဝေ့ချန်က စိတ်မလှုပ်ရှားသော်လည်း ဝေ့ဟွား၏ ဦးဆောင်မှုနှင့်အတူ ပင်လယ်ဘောလုံးများဖြင့် ပြည့်နေသည့် ကော်ဖီဆိုင်ထဲတွင် ဟိုသွားဒီသွားလုပ်နေရသည်။
အနည်းငယ် ထိတွေ့ဆက်ဆံပြီးနောက် ချန်လီက ဘီစကစ်လေးနှင့်ရင်းနှီးသွားသည်။ အခုတွင် သူတို့က ပင်လယ်ဘောလုံးများဖြင့် ပြည့်နေသည့် အခန်းထဲတွင် တူတူပုန်းတိုင်းဆော့နေကြ၏။ ကစားရတာပျင်းလာသည့်အခါ သူတို့နှစ်ယောက်က တီဗီအရှေ့တွင်ထိုင်၍ ကာတွန်းကားကြည့်ကြသည်။ ဇာတ်လမ်းအချို့ကိုပင် ဆွေးနွေးနေကြသေး၏။
“ဘီစကစ်လေးက ချန်လီနဲ့ အဆင်ပြေတာပဲ” တီဗီအရှေ့ရှိ နှစ်ယောက်ကိုကြည့်ရင်း ဝေ့ဟွားက ဘေးတွင် ရပ်နေသည့် ဝေ့ချန်ကိုပြောလိုက်သည်။
ဝေ့ချန်က သဘောတူသည့်အနေနှင့် ခေါင်းညိတ်လာ၏။ ယခုအချိန်အထိ သူမှလြဲ၍ ဘီစကစ်လေးက ချန်လီကို သတိအပြည့်မကပ်စေဘဲ လွယ်လွယ်ကူကူဆက်ဆံနိုင်သည့်သူဖြစ်သည်။ ဘီစကစ်လေးက ကလေးဖြစ်သောကြောင့် ဖြစ်နိုင်သည်။
“ဒီတော့ ချန်လီနဲ့ ကလေးမွေးစားဖို့ ပြင်ဆင်ထားလား…ကလေးနဲ့အချိန်ကုန်တာက ချန်လီကို မြန်မြန်သက်သာလာစေနိုင်မလား မသိနိုင်ဘူးလေ” ဝေ့ဟွားက ဘီစကစ်ကို နမူနာယူ၍ ပြောလိုက်၏။ ကလေးများက အပြစ်ကင်းစင်ပြီး ချန်လီကိုကူညီပေးနိုင်သည်။ သူအတွက် အကျိုးရှိကောင်း ရှိသွားနိုင်လိမ့်မည်။
သို့သော်လည်း ဝေ့ချန်က ခေါင်းခါပြလာသည်။ “ငါအဲ့အကြောင်း မတွေးရသေးဘူး…ဘီစကစ်လေးက ပုံမှန်ကလေးတွေနဲ့ မတူဘူး…ကလေးတွေအကုန်လုံးက ဘီစကစ်လေးလို ခံစားချက်အသိဉာဏ်မရှိကြဘူး”
ဘီစကစ်လေး၏ ခံစားချက်အသိဉာဏ်က အထူးစွမ်းရည်ရှိနေသကဲ့သို့ သာမန်ထက်ကျော်လွန်သည်။ ထိုကဲ့သို့ ငယ်ရွယ်သည့် အသက်အရွယ်မှာပင် လူများနှင့် မည်သို့ပေါင်းသင်းဆက်ဆံရမလဲသိကာ မည်သို့ချဥ်းကပ်ရမည်ကိုလည်း သိသည်။ ချန်လီကိုပင် စိတ်သက်တောင့်သက်သာဖြစ်စေကာ သူနှင့် သေချာဆက်ဆံစေနိုင်လေသည်။ ဘီစကစ်လေးက ထိုသို့လုပ်နိုင်သည်နှင့် အခြားကလေးများလည်း ထိုသို့လုပ်နိုင်လိမ့်မည်ဟု မဆိုလိုချေ။
ဤအခြေအနေတွင်တော့ ချန်လီအား နှလုံးသားတစ်ခုလုံးမြှုပ်နှံ၍ ဂရုစိုက်ခြင်းကိုသာ အာရုံစိုက်ထားနိုင်ကြောင်း ဝေ့ချန်တွေးမိသည်။ ကလေးတစ်ယောက်တိုးလာပါက သူကိုင်တွယ်နိုင်ပါ့မလား သံသယဝင်မိသည်။
သို့သော်လည်း အနာဂတ်၏ တစ်ရက်ရက်တွင် ဝေ့ဟွား၏ အကြံပြုချက်က အမှန်တကယ်ဖြစ်လာခဲ့ပြီး ထိုကလေး ရောက်ရှိလာမှုကြောင့်ပဲ ချန်လီ၏ အခြေအနေများက မည်သူမှ ခန်မှန်းမထားနိုင်သည့် လားရာသို့ ရောက်သွားလိမ့်မည်ဟု သူတို့ မျှော်မှန်းမထားခဲ့ကြပေ။
ဝေ့ဟွားပြောသည်နှင့် ကွဲပြားသွားသည့် တစ်ခုတည်းသောအရာက အနာဂတ်တွင် ရလာမည့်ကလေးက ဝေ့ချန်နှင့် ချန်လီတို့ မွေးစားခဲ့ခြင်းမဟုတ်ပေ။ ထိုအစား ကလေးက ဝေ့ချန်နှင့်ချန်လီတို့၏ အနီးကပ်ဆုံးနှင့် ခွဲမရသည့်ဆက်ဆံရေးမှ ရလာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင်တော့ ကလေးလေးရောက်ရှိလာမှုက ချန်လီအပေါ်အနည်းနှင့်အများ သက်ရောက်မှုရှိလာပေလိမ့်မည်။
…
ဝေ့ဟွား၏ အားပြင်းသည့် နည်းလမ်းများအောက်တွင် တက်ကြွပြီးနွေးထွေးသည့် လေထုက တစ်နေ့ခင်းလုံး ရှိနေလေသည်။
ညနေခင်းတွင် ရှန့်မိသားစုမှ အစေခံများက ညစာအဆင်သင့်ဖြစ်ကြောင်းနှင့် ညစာလာစားရန် အကြောင်းကြားလားသည်။
တိုက်ဆိုင်စွာပင် ရှန့်ကျားချီကလည်း ဒီနေ့က ဝေ့ချန်၏မွေးနေ့ဖြစ်ကြောင်း သိနေပြီး ဝေ့ချန်အတွက် မွေးနေ့ပွဲကျင်းပရန် ပြင်ထားတာဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာနှင့်ပင် သူတို့ နေရာရွှေ့ရတော့သည်။
သို့သော် သူတို့မသွားခင်တွင် ကိစ္စအသေးလေး ပေါ်လာခဲ့သည်။ ဝေ့ချန်၏ဖုန်းကမြည်လာကာ ရင်းနှီးနေသည့် နံပါတ်က မျက်နှာပြင်တွင်ပေါ်နေ၏။
ဤနံပါတ်က ဝေ့ချန် ယခင်ဘဝတည်းက ရင်းနှီးနေကာ ဂဏန်းများကို နောက်ပြန်ပင် ပြန်ရွှတ်နိုင်လေသည်။ သူက အနည်းဆုံးတစ်ကြိမ်လောက် ထိုနံပါတ်ခေါ်ဆိုလာမည်ကို နေ့တိုင်းစောင့်မျှော်မိခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုက သူနှလုံးသားကို နှစ်သိမ့်နိုင်လိမ့်မည်ဟု ဝေ့ချန်အမြဲခံစားခဲ့ရသည်။
သို့သော်လည်း အရင်ဘဝတွင် သူသေဆုံးသွားသည်အထိ ထိုနံပါတ်က တစ်ကြိမ်တစ်ခါလေးမှ ခေါ်မလာခဲ့ချေ။ စာပင်မပို့ခဲ့ချေ။ ဒီတစ်ခေါက် ထိုဖုန်းနံပါတ်ကိုမြင်သောအခါ ဝေ့ချန် လုံးဝအံ့ဩမသွားပေ။ ဝေ့ကျန်းရှုန်း မနေ့ကလာ၍ သူ့ကိုရှာသွားကတည်းက ထိုနံပါတ်မှဖုန်းခေါ်လာလိမ့်မည်ဟု ဝေ့ချန် သိနေပြီးသားဖြစ်သည်။
ဝေ့ချန်က ဖုန်းကိုင်တော့မည့်အချိန်တွင် လက်တစ်ဖက်က သူ့ထက်လျင်မြန်စွာရောက်လာပြီး ဖုန်းကိုချလိုက်သည်။
ဝေ့ချန်မော့ကြည့်လိုက်ရာ ချန်လီ၏အကြည့်များနှင့် ဆုံသွားသည်။ ချန်လီက တလေးတနက်နှင့်ပြောလာသည်။
“အားချန်…မကိုင်ချင်ရင် မကိုင်လိုက်နဲ့”
💘