Chapter 190
Viewers 49k

💘Chapter 190 

ကောင်းမွန်သည့်ပွဲ




အစည်းအဝေးခန်းထဲတွင် လူအများစုက ထိုအတွေးများရှိနေကြသောကြောင့် သူတို့၏ သိချင်စိတ်များပြည့်နေသည့် မျက်လုံးများကို ဝေ့ချန်ဆီသို့ ရွှေ့လိုက်ကြသည်။ သူတို့က ကိုယ်စီတွေးလိုက်ကြ၏။ ‘တာဝန်တွေကို သေချာပြီးမြောက်နိုင်ခဲ့တဲ့ ဒါရိုက်တာဝေ့လည်း နောက်ဆုံးတော့ အရှက်ရမယ့် အချိန်ရောက်လာခဲ့ပြီ’


ကျိုးထုံဖမ်းက ပြုံး၍ ဝေ့ချန်ကို ပြောလိုက်သည်။ “ဟုတ်သားပဲ…ဒါရိုက်တာဝေ့…ပြီးခဲ့တဲ့အပတ်မှာ ဘာရခဲ့လဲ ဘာလို့မပြောပြတာလဲ…အရင်တစ်ပတ်လုံး အလုပ်ကိုမလာခဲ့ဘူးလို့ ကျုပ်ကြားခဲ့တယ်…ဒါရိုက်တာဝေ့…ကုမ္ပဏီအတွက်ရော ကိုယ့်ကိုကိုယ်အတွက်ပါ တန်ဖိုးရှိတဲ့ ရက်သတ္တပတ်တစ်ခုကို မဖြုန်းတီးသင့်ဘူး”


ကျိုးထုံဖမ်း၏ စောင်းမြောင်းနေသည့် စကားလုံးများက ဝေ့ချန်ကိုရော၊ ဝေ့ချန်အဖွဲ့ရှိ မည်သူ့ကိုမှ ဒေါသမထွက်သွားစေပေ။ ကျူးကောဖုန်းအပါအဝင် အခြားလူများက ခေါင်းငုံ့၍ ရယ်ချင်သည်များကို အောင့်အီးထားကြသည်။ 


ထိုအချိန်တွင် ကျိုးထုံဖမ်းနှင့် သူ၏အဖွဲ့က ပျော်ရွှင်နေကြသော်လည်း ဝေ့ချန်၏ သူတို့မျက်နှာများကို ရိုက်ချက်များက နာကျင်စေလိမ့်မည်ပင်။ 


အချို့သောသူများက နောက်ဆုံးအထိမပြီးသေးသည့်ကိစ္စများကို ထုတ်ဖော်ပြသရဲကြပြီး အဆုံးတွင်တော့ အဖြစ်မှန်ဖြင့် မျက်နှာကိုသာ ဖြတ်ရိုက်ခံရလေသည်။


လူတစ်ယောက်က ဝေ့ချန်ကဲ့သို့ အသံမထွက်ဘဲ တိတ်တဆိတ်နေကာ မည်သူကိုမျှမသိစေဘဲ မီလီယံချီသော စာချုပ်ကို ချုပ်ဆိုလာနိုင်သည့်သူမျိုးဖြစ်သင့်သည်။ 


သူတို့က ရယ်ချင်စိတ်များကို ဖိနှိပ်ပြီးနောက် ထိုလူများက ပွဲကြည့်ရန် ခေါင်းထောင်လာကြသည်။ သို့သော်လည်း သူတို့၏ အထင်အမြင်များက အခြားသူများနှင့် ကွာခြားလေသည်။ 


ဝေ့ချန်က အခြားသူများ၏အတွေးများကို ဂရုမစိုက်ပေ။ သူက တည်တည်ငြိမ်ငြိမ်နှင့် ရပ်နေပြီး အသံကလည်း တည်ကြည်နေကာ နှိမ့်ချခြင်း၊ မောက်မာတို့ရှိမနေချေ။ 


“ကျွန်တော်ဒီအပတ်မှာ များများစားစားမရခဲ့ပါဘူး…ဒီအတိုင်း မက်စ်ရဲ့ ဥက္ကဌနဲ့ စာချုပ်ချုပ်ခဲ့တာလောက်ပါပဲ” 


ဝေ့ချန်၏ အသံက ရာသီဥတုကဲ့သို့ အရေးမပါသည့်တစ်ခုခုကို ဆွေးနွေးနေသည့်အလား ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများ ပါဝင်မနေချေ။ 


သို့သော်လည်း အချို့လူများအတွက်ကတော့ ထိုစကားများက ဘယ်ကမှန်းမသိသည့် လျှပ်စီးကြောင်းကဲ့သို့ ဖြစ်ကာ ကြီးမားသည့်သက်ရောက်မှုကို ဖြစ်သွားစေလေသည်။ ဝေ့ချန် အရှက်ရခြင်းကို ကြည့်ချင်နေကြသည့် လူများစွာက လက်ကြီးကြီးတစ်ခုက သူတို့ကိုရိုက်လိုက်သကဲ့သို့ ရုတ်တရက်မျက်နှာတွင် စပ်ဖျဥ်းဖျဥ်းခံစားလိုက်ရသည်။  


အချို့က သူတို့နားများကိုပင် သံသယဝင်မိကြ၏။ သူတို့နားကြားမှားလိုက်တာလား…။ ဝေ့ချန်က ဘယ်လိုလုပ် မက်စ်နဲ့ စာချုပ်ချုပ်ခဲ့တာလဲ…။ မက်စ်ရဲ့ ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာက ကျိုးထုံဖမ်း၊ လီမင်ချန်းတို့နဲ့ အမြဲ အတူရှိနေခဲ့တာမဟုတ်ဘူးလား…။ ဝေ့ချန်က မက်စ်ရဲ့ ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးတောင် မရခဲ့တာကို…။ ဘယ်လိုလုပ် မက်စ်နဲ့ စာချုပ်ချုပ်နိုင်ခဲ့တာလဲ…။


မက်စ်ရဲ့ ဌာနချုပ်ကို ချဥ်းကပ်ပြီးစာချုပ်ချုပ်ဖို့ သူတကယ်ပဲ ယူအက်စ်ကိုလိုက်သွားခဲ့တာလား..။ ဖြစ်နိုင်ချေရှိတယ်…ဘာလို့လဲဆိုတော့ ဝေ့ချန်က အခုလေးတင် မက်စ်ရဲ့ ဥက္ကဌနဲ့ စာချုပ်ချုပ်ခဲ့တယ်လို့ ပြောလိုက်တာ…။


လူများစွာက ဝေ့ချန်အား မယုံနိုင်စွာဖြင့် ကြည့်လာကြသည်။ ၎င်းက သူတို့စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။


လီမင်ချန်းပင် စားပွဲခုံကိုထု၍ ဝေ့ချန်ကို မေးခွန်းထုတ်လာသည်။ “မဖြစ်နိုင်တာ...ဒါရိုက်တာဝေ့...ဇာတ်လမ်းတွေ ထွင်မနေနဲ့” မစ္စတာတွမ်က သူနှင့်စာချုပ်ချုပ်မည်ဟု ကတိပေးထားခဲ့သည်။ ဝေ့ချန်က ဘယ်လိုလုပ် ဒီစာချုပ်ကို ရလာခဲ့တာလဲ...


ရှန့်ကျားချီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “လက်ထောက်အထွေထွေမန်နေဂျာလီ...ကိုယ့်ကိုကိုယ် ထိန်းပါ” 


ထိုအခါမှသာ လီမင်ချန်းက စိတ်လိုက်မာန်ပါဖြစ်သွားမှန်း နားလည်သွားသည်။ သူက ချောင်းဟန့်လိုက်ပြီး အားထုတ်၍ ပြုံးကာ ပြောလိုက်၏။ “ဒါရိုက်တာဝေ့...မက်စ်နဲ့ စာချုပ်ချုပ်ပြီးပြီဆိုမှတော့ ကျုပ်တို့ကို ဘာလို့မပြတာလဲ”


၎င်းက လီမင်ချန်း၏ နောက်ဆုံးအကြိမ်ကြိုးစားမှုဖြစ်သည်။ လူတိုင်း၏ သိချင်စိတ်ပြင်းပြနေသည့် မျက်လုံးများတွင် ဝေ့ချန်က ဤကိစ္စကိုထုတ်ပြောလာရဲလျှင် သူတကယ်ကို မက်စ်နှင့်စာချုပ်ချုပ်ခဲ့သောကြောင့်မှန်း သေချာသိကြသည်။ ယခုတွင်တော့ အားလုံးက ဤအခြေအနေကို လီမင်ချန်း မည်သို့ကိုင်တွယ်မလဲ ကြည့်ချင်နေကြသည်။ 


ထိုသို့ဆိုလျှင်တောင် သူတို့ ကျိုးထုံဖမ်းကိုမကြည့်ဘဲ မနေနိုင်ချေ။ ထိုအခိုက်အတန့်တွင် ကျိုးထုံဖမ်း၏ အမူအရာက အိုးဖင်ကဲ့သို့ မည်းမှောင်နေလေသည်။ သူတို့ကိုယ်သူတို့ နောက်ဆုံး အကျိုးအမြတ်ရပြီဟု တွေးထင်ခဲ့သော်လည်း ဝေ့ချန်က သူတို့ထက်စော၍ စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ဘာမှရတော့မည်မဟုတ်ချေ။


သိပ်မကြာသေးခင်ကပင် ကျိုးထုံဖမ်းက စောင်းစောင်းမြောင်းမြောင်းများ ပြောနေခဲ့သော်လည်း ယခုတွင်တော့ တိတ်ဆိတ်နေသည်။ သူ စကားမပြောရဲတာဖြစ်နိုင်၏။


တစ်ဖက်တွင်တော့ အားလုံးက သူတို့၏ အာရုံများကို ဝေ့ချန်ဆီသို့ ပြန်ပို့လိုက်ကြသည်။ ဝေ့ချန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုက တကယ်ကို အထင်ကြီးစရာပင်။ သူက အနိုင်ရသော်လည်း ကျိုးကျိုးနွံနွံနေကာ အရှုံးနှင့်ရင်ဆိုင်ရသည့်အခါတွင်တော့ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ ဤအခိုက်အတန့်တွင် ဝေ့ချန်၏ မျက်နှာပေါ်၌ အောင်ပွဲခံနေသည့် အရိပ်အယောင်များ ရှိမနေချေ။ ထိုကဲ့သို့ ကြီးမားသည့် ပရောဂျက်ကို တိတ်တဆိတ် ရယူနိုင်ခဲ့သည်မှာ အံ့ဩစရာမကောင်းပေ။ 


ဝေ့ချန်က နောက်တစ်ကြိမ် ထိုလူများကို အထင်ကြီးစေကာ ဤလူငယ်လေးအား အထင်သေး၍မရကြောင်း သဘောပေါက်သွားစေလိုက်သည်။  


လူတိုင်း အံ့ဩနေကြချိန်တွင် ပရိုဂျက်တာတွင် လီမင်ချန်းမျှော်လင့်ထားသကဲ့သို့ မက်စ်နှင့်စာချုပ်ပုံကို ပြသလာခဲ့သည်။ ဖိုင်များကို စစ်ဆေးပြီးနောက်တွင် လူတိုင်း တအံ့တဩဖြင့် ပင့်သက်ရှိုက်လိုက်ကြ၏။ 


စာချုပ်က ပြီးပြည့်စုံလွန်းနေ၏။ ချန်ဖုန်း၏ ရှုထောင့်မှ စစ်ဆေးသည့်တိုင် မည်သို့သောအပြစ်အနာအဆာမှ ရှာမတွေ့ချေ။ ပို၍အံ့ဩစရာကောင်းသည်က မက်စ်၏ရှုထောင့်မှ ကြည့်လျှင်လည်း အမှားတစ်စုံတစ်ရာ ရှာမတွေ့ချေ။ ၎င်းက အံ့ဩစရာကောင်းလွန်းသည်။ 


လူတိုင်း စိတ်ထဲတွင် အတွေးများနေကြ၏။ သို့သော်လည်း စာချုပ်သက်တမ်းကို မြင်လိုက်ချိန်တွင် ပြောစရာစကားမဲ့သွားရကာ အကြည့်များက ‌ဝေ့ချန်အား မကောင်းဆိုးဝါးကိုကြည့်နေသကဲ့သို့ ကြည့်လာကြသည်။ 


ဝေ့ချန်က မက်စ်ရဲ့ဥက္ကဌကို နောက်အနှစ်နှစ်ဆယ်အတွက် ချန်ဖုန်းက တရုတ်နိုင်ငံမှာ မက်စ်ရဲ့ သီးသန့်ကိုယ်စားလှယ်ဖြစ်ဖို့ ဘယ်လိုတောင် စည်းရုံးနိုင်ခဲ့တာလဲ...။


လီမင်ချန်းက ခုံပေါ်သို့ ထိုင်ချလိုက်ကာ ပရိုဂျက်တာပေါ်တွင်ပြနေသည့် ပုံကိုသာကြည့်နေမိသည်။ တစ်ခုခုကို သူ့လည်ပင်းတွင် ဆို့နေသကဲ့သို့ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။ ပါးစပ်အပြည့် သွေးတစ်ပွက်အန်တော့မလိုပင် ပါးစပ်ထဲတွင် ငံကျိကျိအရသာကိုပင် ခံစားလာရသည်။ 


‌ဝေ့ချန်၏စာချုပ်နှင့်ယှဥ်လျှင် သူစီစဥ်ထားခဲ့သည်က တကယ်ကိုနိမ့်ကျလွန်းသည်ပင်။ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိအောင် မဖန်တီးနိုင်ခဲ့ရုံသာမက မက်စ်အား အမြတ်၏အချို့အဝက်ကိုလည်း ပေးရန် လိုအပ်ခဲ့သေးသည်။ 


စာချုပ်နှစ်ခုကို နှိုင်းယှဥ်လိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေမှန်း လီမင်ချန်းတောင်မှ သိသည်။ ဒီတစ်ကြိမ်တွင်တော့ သူက ရှုံးနိမ့်သွားသည်သာမက မျက်နှာလည်းပျက်ရသည်။ 


စားပွဲအောက်တွင် ကျိုးထုံဖမ်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ သူ့လက်ထဲတွင် ဘဲတစ်ကောင် ဖမ်းမိထားသည်ဟု ထင်ခဲ့သော်လည်း လက်ထဲမှ ပျံထွက်သွားသည်သာမက ရန်သူ၏ ပါးစပ်ထဲတွင်တောင် အဆုံးသတ်သွားခဲ့လေသည်။ ထိုကဲ့သို့သော ရလဒ်မျိုးက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ သူ့ပါးများနှင့် သွားဖုံးများတောင်မှ နာကျင်နေသလိုခံစားရကာ ဝင်သက်ထွက်သက်တိုင်းက သူ့ကို ဓားနှင့်ပိုင်းဖြတ်နေသည့်အလား အသက်ရှူအောင့်ထားမိသည်။ ပါးစပ်ထဲတွင် သွေးအရသာကိုပင် ခံစားလာရ၏။


သို့သော်လည်း သိပ်မကြာခင်တွင် ကျိုးထုံဖမ်းက ထိုအရာများကို ကိစ္စငယ်လေးများဟု တွေးလိုက်သည်။ အကြောင်းမှာ ဝေ့ချန်နှင့် မက်စ်၏ဥက္ကဌဖင်ဂယ်လ်မော်ရေးတို့ စာချုပ်ချုပ်ထားသည့်ရက်ကို တွေ့လိုက်သောကြောင့်ပင်။ ၎င်းက လွန်ခဲ့သည့် အင်္ဂါနေ့ကဖြစ်၏။ 


ထိုအချိန်အတွင်းနှင့် နောက်ရက်များတွင်တောင် သူနှင့် လီမင်ချန်းက မက်စ်၏ ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာ မစ္စတာတွမ်အရှေ့တွင် ကျိုးကျိုးနွံနွံနေခဲ့ကြသည်ပင်။


မစ္စတာတွမ်က မက်စ်မှာချန်ဖုန်းနှင့် စာချုပ်ချုပ်ဆိုလိမ့်မည်မှန်း ကြိုသိခဲ့လိမ့်မည်။ ထို့ကြောင့်သာ မနေ့က သူ့ကိုလိုက်ပို့ချိန်၌ မက်စ်က ချန်ဖုန်းနှင့် သေချာပေါက် စာချုပ်ချုပ်ဆိုလိမ့်မည်ဟု အာမခံသွားတာဖြစ်သည်။ 


မစ္စတာတွမ်၏ ဆိုလိုရင်းက ချန်ဖုန်းနှင့်စာချုပ်ချုပ်ဆိုရန် သူ အထက်လူကြီးများကို စည်းရုံးလိမ့်မည်မဟုတ်ပေ။ သို့‌သော်လည်း မက်စ်က ချန်ဖုန်းနှင့် စာချုပ်ချုပ်ဆိုပြီးမှန်း သူသိနေခဲ့သည်။ 


ထိုအကြောင်းကြောင့်ပဲ မစ္စတာတွမ်က ယုံကြည်ချက်ရှိနေခဲ့တာဖြစ်သည်။ နောက်ဆုံးတော့ ဘယ်သူက မသေချာတဲ့ အရာတစ်ခုကို အာမခံမှာလဲ...။


ထိုအခါမှသာ ကျိုးထုံဖမ်းက မက်စ် ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာ၏ ကစားခြင်းခံလိုက်ရကြောင်း သဘောပေါက်သွားတော့သည်။ သူက သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံကာ မရေမတွက်နိုင်သည့် အကျိုးအမြတ်များဖြင့် ထောက်ပံ့ပေးပြီး သူ့အာဏာများကို အသုံးပြုခွင့်ပင် ပေးထားခဲ့သည့်တိုင် မက်စ်က စာချုပ်ချုပ်ဆိုပြီးသွားသည်ကို မပြောခဲ့ချေ။ သူက သူနှင့်လီမင်ချန်းကို ဆက်လက်လှည့်စားနေခဲ့သည်။ 


၎င်းက ကျိုးထုံဖမ်းကို အရူးတစ်ယောက်လို ဆက်ဆံလိုက်တာပင်။ 


ပြီးတော့ ဝေ့ချန်...သူ့မှာ စာချုပ်ရှိနေရင်လည်း ဘာလို့ ငြိမ်နေတာလဲ...။ သူနဲ့ လီမင်ချန်းကို လှည့်စားဖို့ သူလည်း မစ္စတာတွမ်နဲ့ ပူးပေါင်းထားတာလား...။ တကယ်ကို အထင်ကြီးစရာပါပဲ...ဝေ့ချန်...မင်းကတကယ်ကို အထင်ကြီးစရာပါပဲ...။


ကျိုးထုံဖမ်း မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်ကာ မျက်လုံးများကို လှန်လိုက်ပြီး အနောက်သို့လဲကျသွားတော့သည်။ 


အစည်းအဝေးခန်းထဲတွင် ကျယ်လောင်သည့်အသံထွက်ပေါ်လာကာ ကြည့်လိုက်ချိန်တွင် ကျိုးထုံဖမ်းက ကြမ်းပြင်ပေါ်၌ လဲကျနေသည်။ ဒီတစ်ကြိမ်တွင် သူက လုံးဝ သတိမေ့သွားခြင်းဖြစ်၏။


တစ်ခဏလောက် အစည်းအဝေးခန်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ 


ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် တစ်ယောက်ယောက်က ဝေ့ချန်အား မေးခွန်းမေးရန် အားယားနေသည်လေ။ 


“ဒါရိုက်တာဝေ့...ဒီစာချုပ်ကို ညှိနှိုင်းဖို့အတွက် ယူအက်စ်ကို ကိုယ်တိုင်သွားခဲ့တာတော့ မဟုတ်ဘူးမလား”


ဝေ့ချန် ပြန်ဖြေလိုက်၏။ “ကျွန်တော် Wရှေးဟောင်းမြို့ကို ခရီးထွက်နေတဲ့အချိန် မက်စ်အုပ်စုရဲ့ ဥက္ကဌ၊ မစ္စတာမော်ရေးနဲ့ တွေ့ဆုံခဲ့ပြီး စကားပြောဖြစ်ခဲ့တာပါ” ၎င်းက ချဲ့ကားထားသည်မျိုးမရှိဘဲ အမှန်တရား သက်သက်သာဖြစ်သည်။ 


သေချာသည်ကတော့ အခြားသူများက ဒီအတိုင်းယုံကြည်လိမ့်မည်မဟုတ်ချေ။ ဝေ့ချန်က မစ္စတာမော်ရေး မည်သည့်နေရာတွင် ရှိနေသည်ကို တစ်နည်းနည်းဖြင့်ရခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် Wရှေးဟောင်းမြို့သို့ သွားခဲ့ခြင်းဖြစ်လိမ့်မည်ဟု တွေးကြသည်။ 


အခွင့်အရေးက အ‌ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်...။ အဲ့လိုကံကောင်းတဲ့ တိုက်ဆိုင်မှုမျိုးက ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ်ရှိမှာလဲ...။


သို့သော်လည်း ၎င်းက ဝေ့ချန်ကွန်ရက်၏ သန်မာမှုကို ဖော်ပြလိုက်ခြင်းပင်။ ထိုကဲ့သို့သော အဆက်အသွယ်၊ အရည်အချင်းများဖြင့် လူတစ်ယောက်က သူ့အရှေ့တွင် အကန့်အသတ်မရှိသည့် အနာဂတ်ကရှိနေလေသည်။ 


ထို့ကြောင့် ထိုကဲ့သို့ အထိန်းအကွပ်မရှိသည့် အရည်အချင်းများနှင့် လူငယ်လေးအား တကယ်ပဲ ဆန့်ကျင်ချင်နေကြသည်လား...။


လူများစွာ၏ မျက်နှာအမူအရာများမှာ တည်ငြိမ်လာကြပြီး ၎င်းကိုလီမင်ချန်း သတိထားမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက အလွန့်အလွန် ဆတ်ဆတ်ထိမခံဖြစ်နေလေသည်။ ထိုလူများက ဝေ့ချန်အား ကြည့်သည့်အခါ မြှောက်ပင့်နေသည့် အကြည့်များဖြင့် ကြည့်နေပြီး သူ့ကိုတော့ စက်ဆုပ်မှု၊ လှောင်ပြောင်မှုများဖြင့် ကြည့်နေကြောင်း ခံစားနေရ၏။


လည်ချောင်းထဲသို့ ဆန်တက်လာသည့် သွေးအရသာများကို ခံစားရင်း လီမင်ချန်း ထိန်းမထားနိုင်တော့ချေ။ နောက်တစ်စက္ကန့်တွင် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ထို့နောက် ကျိုးထုံဖမ်းကဲ့သို့ပင် မျက်လုံးလှန်၍ အနောက်သို့ လဲကျသွားတော့သည်။ 


လီမင်ချန်းက ကျိုးထုံဖမ်းနှင့်အတူ သတိလစ်သွားလေသည်။ ရုန်းရင်းဆန်ခတ်မှုများနှင့် ပြေးလွှားနေကြချိန်တွင် အားလုံးကမနေနိုင်ဘဲ တစ်မျိုးတစ်ဖုံတော့ ရယ်စရာကောင်းကြောင်း ခံစားလိုက်ရသည်။ 


ထိုနှစ်ယောက်က အဖွဲ့ဖွဲ့၍ ဝေ့ချန်ကို ဖိနှိပ်ချင်သော်လည်း ဖိနှိပ်ရန်ကျဆုံးသွားသည်သာမက သူတို့ပင် သတိမေ့သွားခဲ့ရသည်။ အဓိကအချက်မှာ ဝေ့ချန်က သူတို့ကို ဘာမှမလုပ်ရသလို၊ လုပ်ရန်လည်း စိတ်ကူးမရှိခဲ့သည်ပင်။ 


လီမင်ချန်းနှင့် ကျိုးထုံဖမ်းတို့က တစ်ကိုယ်တော်ရှိုးကျင်းပနေခဲ့သည်လေ။ ဝေ့ချန်အရှေ့တွင် ခုန်လိုက်ပေါက်လိုက်ဖြင့် လုပ်ခဲ့ကြ၏။ အဆုံးတွင်တော့ ထိုတစ်ကိုယ်တော်ရှိုးက ဟာသပြဇာတ်အဖြစ်ပြောင်းလဲသွားကာ နှစ်ယောက်လုံးဆေးရုံသို့ ‌ရောက်ရတော့သည်။


တကယ်ကိုကောင်းမွန်သည့်ရှိုးပင်။ 


လူနာတင်ယာဥ်က လျင်လျင်မြန်မြန်ရောက်လာခဲ့ပြီး သတိမေ့နေသည့် လူနှစ်ယောက်အား ဆေးရုံသို့ ခေါ်သွားလိုက်သည်။ ထိုအံ့ဩမှုကို သည်းခံနိုင်ဦးမလားကတော့ မသေမချာဖြင့် ကျန်ရစ်နေဆဲဖြစ်သည်။ သို့သော်လည်း ဤရလဒ်က သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။




💘