Chapter 141
Viewers 11k

🥰 Charter 141 ✅


ကျောက်ချမ်းက မဆိုးလှသော်လည်း ဝမ်ခယ့်အာကို အမှန်တကယ်ဆွဲဆောင်သွားသောအရာက သူ၏တည်ငြိမ်မှုအောက်တွင် ဖုံးကွယ်ထားသော နူးညံ့ညင်သာမှုပင် ။ 


ကျောက်ချမ်း၏ ယောင်ကျိကျိုး နှင့် မင်လျိုရီ အပေါ်ဂရုစိုက်မှုများက အပေါ်ယံ အလုပ်ရှင်နှင့် အလုပ်သမားသာသာမဟုတ်ပေ။ ထိုသူ၏မျက်လုံးထဲ၌ စိတ်မရှည်မှုများ ရေပေါ်ဆီမြှောက်ပင့်ချင်းများ လားလားမျှမရှိပေ။ ထိုသူက စိတ်ရင်းအမှန်နှင့် သူတို့နှစ်ယောက်ကိုလည်း မိသားစုသဖွယ်စောင့်ရှောက်ပေးသည်။


ချမ်းသာသောမိသားစု၏ သမီးတစ်ယောက်အနေဖြင့် ဝမ်ခယ့်အာက လူမှုဆက်ဆံရေးသဘာဝ၏ အပြောင်းအလဲအများကို တွေ့မြင်နေကျဖြစ်သောကြောင့် ကိစ္စအသေးအဖွဲလေးများကအစ သူမ သတိထားမိသည်။ ဒါကပဲ ကျောက်ချမ်းအပေါ် သူမအလွန်စိတ်ဝင်စားမိသွားခြင်းဖြစ်သည်။


ဝမ်ခယ့်အာက ကျောက်ချမ်းအား ကြည့်နေသည်ကို မင်လျိုရီက သတိပြုမိသွားပြီး သူမချက်ချင်း သတိစွဲကပ်လိုက်မိသည် ။ 


'ဘာတွေဖြစ်နေတာလဲ '


မင်လျိုရီ၏အတွေးထဲ၌ အလွန်တုပ်လှုပ်ဖွယ်ရာဒရမ်မာ ဖြစ်ပေါ်လာသည်။


'တုန်လှုပ်စရာသတင်းပဲ... ကြွယ်ဝချမ်းသာပြီးအာဏာကြီးတဲ့သူတွေက ချောမောပြီးဂရုစိုက်မှုပေးတတ်တဲ့ယောက်ျားကို တကယ်တော့ လဲလှယ်ပြီး ကစားချင်နေတာပဲ... အဲ့ဒါက လူ့သဘာဝရဲ့ ဖောက်လွဲဖောက်ပြန်မှုလား... ဒါမှမဟုတ် သိက္ခာကိုဆုံးရှုံးလိုက်ရရုံပဲလား...'


မင်လျိုရီက ကျောက်ချမ်းကိုကြည့်ပြီး သူ မသက်မသာဖြစ်မည်ကို စိုးရိမ်နေမိသည် ။ သို့သော်လည်း ကျောက်ချမ်းက ထူးဆန်းသောအကြည့်ကိုမခံစားမိသည့်အလား ထိုနေရာတွင်သာတည်ငြိမ်စွာရပ်နေသည်။


မင်လျိုရီက ချောင်းအနည်းငယ်ဟန့်ကာ ပြောလိုက်သည်။ 


" ကျောက်ချမ်း... ရှင်သွားလို့ရပါပြီ "


ကျောက်ချမ်းလည်း ခေါင်းညိတ်ကာ ချက်ချင်းလှည့်ထွက်သွား၏။ ဝမ်ခယ့်အာက ကျောက်ချမ်းထွက်သွားတာကိုကြည့်ရင်း သက်ပြင်းချလိုက်သည် ။ 


ကျောက်ချမ်းက ယနေ့တွင် ဝတ်စုံအပြည့်မဝတ်ဆင်ထားပေ။ သူက သာမန်အလုပ်ယူနီဖောင်းကိုသာ ဝတ်ဆင်ထားသော်လည်း ကြည့်ကောင်းနေဆဲပင်။ ကျောက်ချမ်းထွက်သွားပြီးနောက် ဝမ်ခယ့်အာ သေချာဆက်ကြည့်ရန်ပင် အချိန်မရတော့ပေ။ သူမက အဝေးသို့ကြည့်ကာ မင်လျိုရီနှင့် ဆက်ပြီးစကားပြောနေလိုက်သည် ။


အခုက နောက်ကျနေပြီဖြစ်သောကြောင့် ဝမ်ခယ့်အာက ပြောလိုက်သည် ။ 


" အခုကနောက်ကျနေပြီ... ငါတို့ စကားကောင်းကောင်းပြောခဲ့ရတာပဲ...ငါတို့အချိန်ရရင် ထပ်တွေ့ကြတာပေါ့ "


မင်လျိုရီက ဝမ်ခယ့်အာ တံခါးမှထွက်သွားသည်ကို ကြည့်နေ၏။ ဝမ်ခယ့်အာ၏ကားထွက်သွားသည်ကို တွေ့ရသောအခါ မင်လျိုရီက တီးတိုးရေရွတ်လိုက်သည် ။ 


" သူမ မှားနေပြီ "


ယောင်ကျိကျိုး ":...."


မင်လျိုရီက ဝမ်းနည်းစွာပြောလာ၏ ။ 


"လူချမ်းသာတွေက တကယ်ကြောက်ဖို့ကောင်းတာပဲ ... တကယ်ကြောက်ဖို့ကောင်းတယ်... ကျွန်မတို့အိမ်မှာ ဒီလိုကိစ္စမျိုး ဖြစ်လာမှာကို ခွင့်မပြုနိုင်ဘူး... ကျွန်မတို့ ကျောက်ချမ်းကို ကာကွယ်မှ ဖြစ်မယ်..."


" ဘာတွေဖြစ်နေတာလဲ " 


ယောင်ကျိကျိုးက နားမလည်နိုင်သလို မေးလာ၏။


" ကျောက်ချမ်းကို ဝမ်ခယ့်အာ ကြည့်တဲ့ပုံစံက မဟုတ်သေးဘူး... သူမက သူ့ကိုလှောင်ရယ်နေပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာပဲ... "


" အဲ့ဒါက မဖြစ်နိုင်ပါဘူး... မင်းအတွေးလွန်နေတာ မဟုတ်ဘူးလား " 


ယောင်ကျိကျိုးက ပြောလိုက်သည် ။


မင်လျိုရီက ပြန်မေးလိုက်သည် ။


" တကယ်လား " 


'လူချမ်းသာမိသားစုတွေမှာ အစေခံခြင်းလဲလှယ်တာမျိုးက တကယ်မရှိဘူးလား '


ယောင်ကျိကျိုးက သူမကိုမယုံနိုင်သလို ကြည့်လာသည် ။


" ကိုယ်တို့က ဒီမှာ တရားဝင်အလုပ်လုပ်နေတာပါ... ပြီးတော့ ကျောက်ချမ်းကလည်း အရွယ်ရောက်ပြီးသားသူပဲ... သူ မလုပ်ချင်တာကို ကိုယ်တို့မှာ တွန်းအားပေးပြီး လုပ်ခိုင်းပိုင်ခွင့်မရှိပါဘူ... အချစ်ရေ... မင်းခေါင်းထဲမှာ တကယ်ထူးဆန်းတဲ့ အတွေးတွေ ရှိနေတာပဲ... မင်းအဲ့ဒါကို အင်တာနက်အသုံးပြုသူတွေဆီကနေ သင်ယူလာတာပဲလား "


မင်လျိုရီ ချက်ချင်းစိတ်သက်သာရာရသွား၏။ ကျောက်ချမ်းသာ လူချမ်းသာတွေဆီက အဖိအနှိပ်မခံရသ၍ အဲ့ဒါကအဆင်ပြေသည် ။ 


မကြာသေးခင်က သူမကို လူချမ်းသာအသိုင်းအဝိုင်းတွင် ရှင်သန်ရန်နည်းလမ်းများကို လေ့လာဖို့ ယိုလင်လင်က ပြောခဲ့ပြီး မင်လျိုရီအတွက် ချမ်းသာသောမိသားစုမှ ဥက္ကဋ္ဌ၏အချစ်ဝတ္ထုများကိုပင် ပို့ပေးခဲ့သေးသည် ။ 


မင်လျိုရီက ပြောလိုက်သည် ။


"ဒါက ဝတ္ထုတွေထဲမှာရှိတဲ့ လူချမ်းသာမိသားစုရဲ့ ဥက္ကဋ္ဌပုံစံမျိုးပဲလေ... ပြီးတော့ အဲ့ဒီထဲမှာ ချမ်းသာတဲ့သခင်မလေးတွေအတွက် ကစားလို့ရတဲ့ကောင်လေးဆိုတာမျိုးတွေတောင် ပါသေးတယ် "


" မင်းဘာတွေဖတ်နေတာလဲ "


ယောင်ကျိကျိုးက မေးလာ၏ ။ 


" 'ချမ်းသာပြီး နာမကျန်းဖြစ်နေတဲ့ ဥက္ကဋ္ဌ' ဆိုတဲ့ဝတ္ထုနဲ့ 'ယုံကြည်မှုလွန်ကဲနေတဲ့ စီအိုးအိုယောက်ျားနဲ့ချစ်မိသွားပြီ' ဆိုတဲ့ဟာ"


ယောင်ကျိကျိုးတစ်ခဏလောက် ပြောစရာစကားမဲ့သွားသည်။ သူက ချက်ချင်းပဲသတိကပ်ကာ မေးလိုက်သည်။ 


" ဟမ်... အချစ်က စီအီးအိုတွေကို အဲ့လောက်တောင်သဘောကျလား ။"


မင်လျိုရီက အံ့အားသင့်စွာဖြင့် ယောင်ကျိကျိုးကို ကြည့်လိုက်သည် ။


"စီအီးအိုတွေကို အဲ့လောက်တောင် သဘောကျတယ်ဆိုရင် အိမ်မှာတစ်ယောက်ရှိပြီးသားပဲ မဟုတ်ဘူးလား" 


ယောင်ကျိကျိုးက ရယ်လိုက်သည်။


"ဘာလို့ တစ်ခြားတစ်ယောက်ရှာနေသေးတာလဲ"


စီအီးအိုတွေကို သဘောကျတာက မင်လျိုရီတစ်ယောက်တည်း မဟုတ်ချေ....


...


ချိုက်ရီရှီးလည်း ယောင်ကျိရန်အား ယောင်ကော်ပိုရေးရှင်း၏ စီအီးအိုဖြစ်လာရန် အမှန်တကယ်မျှော်လင့်နေမိသည် ။ သူမ အဖေ၏မွေးနေ့ဧည့်ခံပွဲကတည်းက သူမ၏မျှော်လင့်ချက်များ ပိုလို့ပြင်းပျလာသည်။ သို့သော်လည်း ပါတီပွဲပြီးကတည်းက ချိုက်ရီရှီးအပေါ် ယောင်ကျိယန်၏ အပြုအမူများက သိသိသာသာ အေးစက်လာခဲ့သည် ။ ဒီနေ့တွင် ချိုက်ရီရှီး အကြိမ်များစွာ ယောင်ကျိယန်ကို ခေါ်ခဲ့တာတောင် သူ့အတွင်းရေးမှူးကသာ ဖုန်းပြန်ဖြေကြားလာ၏။


သူမက စာပို့လျှင် ယောင်ကျိရန်က ရံဖန်ရံခါမှသာ 'ကိုယ်အလုပ်များနေတယ်' ၊ 'ကိုယ်အစည်းအဝေးခန်းထဲမှာ' ဟုသာ ပြန်ဖြေတတ်သည် ။


ထိုတုန့်ပြန်ချက်က ချိုက်ရီရှီး၏နှလုံးသားကို အေးစက်သွားစေသည်။ အရင်တစ်နေ့က အားလုံး၏ရှေ့တွင် သူတို့၏လက်ထပ်ပွဲကို ကြေညာခဲ့စဥ်က ချိုက်အဖွဲ့အစည်းကို ရယူလိုကြောင်း ယောင်ကျိကျိုးကပြောလာပြီး သူတို့၏အရင်အစီစဥ်များအားလုံးကို ဖျက်ဆီးခဲ့သည်။


ချိုက်ရီရှီးလည်း ထိုမှသာ သူမ မှားသွားပြီဆိုတာကို သိလိုက်သည်။ ထိုအချိန်က သူမအနည်းငယ်လက်လွန်သွားခဲ့မိသည်။


ထိုကဲ့သို့ အကျပ်အတည်းကာလတွင် ယောင်ကျိရန်သာ ထိပ်သို့တက်ချင်ပါက ချိုက်မိသားစု၏ အကူအညီကို သူလိုအပ်ပေလိမ့်မည် ။နှစ်ယောက်လုံးက တစ်လှေတည်းစီးနေရပြီး သခင်လေးယောင်ကျိကျိုးတွင် ဘယ်လိုစိတ်သဘောထားမျိုး ရှိနေမလဲဆိုတာ မည်သူမှမသိကြပေ။


သို့သော်လည်း သူမ မှားနေတာကို သိသောအခါ ချိုက်ရီရှီးက သူမ၏မာန်မာနများကိုခဝါချ၍ သူမကိုယ်တိုင်လုပ်ထားသော စွတ်ပြုတ်ဖြင့် ယောင်ကျိရန်၏ နေရာသို့ရောက်လာ၏ ။ 


....


ယောင်ကျိရန်က မိုးချုပ်သည်အထိအိမ်မပြန်ပေ။ သူက ခြေကုန်လက်ပန်းကျနေသည်။


သူတို့၏ အကြံအစည်များအားလုံးက ဖျက်ဆီးခံလိုက်ရသည် ။ ချိုက်အဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ပရောဂျက်အမြောက်အများက ယခုအချိန်တွင် ဖိအားပေး ရပ်ဆိုင်းခံထားရသည်။ ထိုအခြေအနေတွင် ထိပ်ဆုံးနေရာအတွက် တိုက်ပွဲကပိုခက်ခဲလာပြီး သူတို့အားလုံးက သေချာဂရုစိုက်ဖို့လိုအပ်သည် ။ မဟုတ်ပါက သူတို့အပြီးတိုင်ပျက်စီးကိန်း ဆိုက်သွားလိမ့်မည် ။



🥰