Chapter 171
Viewers 49k

💘Chapter 171

 မနာလိုတာလား




လေယာဥ်က မြို့တော်၏လေဆိပ်မှာ ထွက်ခွာပြီး ကျန်းနန်ပြည်နယ်၏ မြို့တော်တွင် ဆင်းသက်သည်။ ထိုမှတစ်ဆင့် သူတို့က Wရှေးဟောင်းမြို့သို့ ကားဆက်စီးရသည်။ ခရီးအဆုံးသို့ ရောက်သည့်အခါ ကောင်းကင်က မှောင်မိုက်နေပြီဖြစ်၏။


ကျန်းနန်၏ ညက မြို့တော်နှင့် ကွာခြားသည်။ ညချင်းအတူတူပင်ဖြစ်သော်လည်း ကျန်းနန်တွင်တော့ ပေကျင်းမြို့ကဲ့သို့ ခြောက်သွေ့မနေဘဲ လေထုထဲတွင် စိုစွတ်မှုပိုများလေသည်။ 


ချန်လီ၏ လက်ရှိတက်ရောက်နေသည့် အတန်းထဲမှ ကျောင်းသားများက ချန်လီကို ဂရုစိုက်ပေးခြင်းအား ကျေးဇူးတုံ့ပြန်လိုသောကြောင့် ‌ဝေ့ချန်က ဒီတစ်ခေါက်တွင် ရက်ရောပေးရန် ဆုံးဖြတ်ထား၏။ သူက Wရှေးဟောင်းမြို့အနီးရှိ ကြယ်အဆင့်ရှိသည့် ဟိုတယ်၌ အခန်းများကို ကြိုတင်အမှာတင်ထားလိုက်သည်။ 


ချန်လီ၏ အတန်းဖော်များက ဤဟိုတယ်မှာ အရမ်းကောင်းလိမ့်မည်မဟုတ်ဟု တွေးထားကြသော်လည်း အထဲသို့ ဝင်လိုက်ချိန်တွင်တော့ အတွေးအမြင်များ ပြောင်းလဲသွားကြသည်။ သူတို့ခံစားရသည်မှာ မနာလိုခြင်း၊ ဝန်တိုခြင်းတို့မဟုတ်ဘဲ အံ့ဩမှုသက်သက်သာဖြစ်၏။ 


Qတက္ကသိုလ်၏ အနုပညာဌာနမှ ကျောင်းသားအများစုက ကောင်းမွန်သည့်နောက်ခံမှ ဆင်းသက်လာကြသူများဖြစ်ပြီး ယခုထက် ပိုကောင်းသည့် ဟိုတယ်များမှာပင် နေခဲ့ဖူးကြသည်။ သူတို့ကို အံ့ဩသွားစေသည်က ဝေ့ချန်၏ အမြော်အမြင်ကြီးမှုကိုပင်။ 


သူတို့အပေါ် ဝေ့ချန်၏ ကျေးဇူးတုံ့ပြန်မှုက ခရီးတစ်လျှောက် အသေးစိတ်များ စီစဥ်ပေးထားမှုများကို ကြည့်လျှင် တကယ့်စိတ်ရင်းဖြစ်ကြောင်း ထင်သာမြင်သာရှိလှသည်။ ကြည့်ရသည်မှာ လူကြီးမင်းချန်က ချန်လီကို တကယ်ဂရုစိုက်သည့်ပုံပင်။ 


ချန်လီ အခြေအနေမကောင်းသည့်နေ့က လူကြီးမင်းချန် မည်သို့ လျင်လျင်မြန်မြန်ရောက်လာခဲ့ကြောင်း သူတို့အားလုံး မြင်ခဲ့၏။ သူ၏စိုးရိမ်ပူပန်မှုများက စစ်မှန်ပြီး အပေါ်ယံမဟုတ်ပေ။ 


ဖြစ်နိုင်တာက လူကြီးမင်းချန်ရှိနေလို့ ချန်လီက တစ်နေ့ထက်တစ်နေ့ ပိုပြီးကောင်းလာတာများလား....။


၎င်းက လူတိုင်း တွေးမိကြသည့် အတွေးဖြစ်ပြီး မနေနိုင်ဘဲ အကြည့်များက ချန်လီနှင့် ဝေ့ချန်တို့ဆီသို့ ကျရောက်သွားကြတော့သည်။ တစ်ချက်ကြည့်ရုံနှင့်တင် လူကြီးမင်းဝေ့နှင့် ရှိနေသည့် အချိန်၌ ချန်လီက ကွဲပြားနေကြောင်း သူတို့ပြောနိုင်သည်။ သူက ကြောက်လန့်တွန်းကန်နေခြင်းမျိုးမရှိဘဲ သက်သက်သာသာဖြင့် သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌ ပိတ်မိမနေတော့သလိုပင်။ 


ချန်လီ၏ ထိုကဲ့သို့ ပုံစံက တက်ကြွပြီး တောက်ပလေနေသည်။ 


ဟွမ်ကျန်းကျန်းက အခန်းသော့ရပြီးနောက် လော်ဘီ၏ထောင့်တစ်နေရာတွင် ရပ်လိုက်သည်။ သူမ၏ အကြည့်များက ချန်လီနှင့် ဝေ့ချန်အပေါ်သို့ ကျ‌ရောက်သွား၏။ သူတို့၏ အပြန်အလှန်ဆက်ဆံမှုများကိုကြည့်ရင်း သူမ၏ အတွင်းဘက်ရှိ ဖူဂျိုရှီ စိတ်ဝိညာဥ်က ပြင်းထန်စွာ တောက်လောင်လာသည်ကို ခံစားလိုက်ရ၏။


သူမက ကျိုးကြောင်းဆင်ခြင်တတ်သည့်သူဖြစ်သည်။ ချဥ်းကပ်သွားပြီး သူတို့နှစ်ယောက်ကို အနှောင့်အယှက်ပေးလိမ့်မည်မဟုတ်ပေ။ အများဆုံးမှ သူမ၏ ချုပ်တည်းထားမှုများ ပြေလျော့လာလျှင် ခိုးကြည့်လိုက်ရုံသာလုပ်ပေမည်။ မည်သို့ စည်းချထားရမလဲ သူမသေချာသိ၏။


ဟွမ်ကျန်းကျန်း၏ အခန်းဖော်တဖြစ်လဲ အခင်ဆုံးသူငယ်ချင်းကလည်း အခန်းသော့ယူပြီး၍ ‌‌ရောက်လာလေသည်။ ဟွမ်ကျန်းကျန်း၏ အမူအရာများကို မြင်သောအခါ သူမစိတ်ထဲတွင် ဘာရှိနေမှန်း ချက်ချင်း သိလိုက်၏။ သူမက ဟွမ်ကျန်းကျန်း အရှေ့တွင် ရပ်၍ ပြောလိုက်သည်။ 


“အဲ့ဒီအတွေးတွေ မောင်းထုတ်လိုက်တော့...လူကြီးမင်းဝေ့နဲ့ချန်လီက နင်တွေးနေသလို ဆက်ဆံရေးမျိုးမဟုတ်ဘူး” သူမအခန်းဖော်၏ အသံက အချစ်တွင်နာကျင်မှုများအား ဝေမျှခံစားဖူးသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။


ဟွမ်ကျန်းကျန်းက သူမ၏အခန်းဖော်နှင့် မငြင်းခုံလိုက်ပေ။ အချို့အရာများက သူမနှလုံးသားထဲတွင် တိတ်တဆိတ် ပွင့်လန်းနိုင်သည်လေ။ လူကြီးမင်းဝေ့နှင့် ချန်လီတို့ ဘာကိုမှ မထုတ်ဖော်ပါက သူမလည်း သူတို့၏ ဆက်ဆံရေးအကြောင်းကို တစ်လုံးမှဟလိမ့်မည်မဟုတ်ချေ။ 


“ဟုတ်ပါပြီ...ဟုတ်ပါပြီ...ငါသိပါတယ်” ဟွမ်ကျန်းကျန်း၏ လုံးဝိုင်းနေသည့် မျက်နှာလေးက အပြုံးလေးဖြင့် တောက်ပသွားသည်။ သူမက အခန်းဖော်ကို ဓာတ်လှေကားထဲသို့ တွန်းထည့်၍ ပြောလိုက်၏။ “ငါ့ရဲ့ ရုပ်ပြစာအုပ် ထွက်လာပြီ...အခန်းထဲ ရောက်ရင်ပြမယ်” 


“ဟွမ်ကျန်းကျန်း...နင် ရှောင်ဟွမ် (smut) ဇာတ်လမ်းတွေ ဆွဲနေတုန်းလား...ဟမ်” သူမ၏ အခန်းဖော်က ရွှတ်နောက်နောက် အပြုံးလေးဖြင့် နောက်ပြောလိုက်သည်။ “နင့်ရဲ့ စိတ်က ညစ်ညမ်းတဲ့ အရာတွေနဲ့ ပြည့်နေတာပဲ”


“ကျစ်...ကျစ်...ကျစ်” ဟွမ်ကျန်းကျန်း စုတ်သပ်လိုက်၏။ “ပြောနေတာကြည့်ပါဦး...ဒီနေ့ ငါ့ဆီကနေ စာအုပ်တောင်းဖတ်ဖို့ စိတ်ကူးမနေနဲ့တော့” 


သူမ၏ အခန်းဖော်က ချက်ချင်း တောင်းပန်လာ၏။ “မဟုတ်ဘူး...မဟုတ်ဘူး...နင့်ရဲ့ စာအုပ်တွေက ငါ့စိတ်ဝိညာဥ်ရဲ့ အားဖြည့်ဆေးလေးတွေပါ”


ဓာတ်လှေကားကပိတ်သွားပြီး အပေါ်သို့ တက်သွားသည်နှင့် သူတို့၏ ဆွေးနွေးခြင်းကလည်း တဖြည်းဖြည်း တိုးညင်းသွားတော့သည်။ 


...


ကျောင်းသားတစ်ယောက်ချင်းစီတိုင်းက အခန်းသော့များရပြီးနောက် ဝေ့ချန်နှင့် ချန်လီတို့လည်း Check in လုပ်လိုက်ကြသည်။ သူတို့က ထိပ်ဆုံးအထပ်ရှိ အခန်းကို ယူလိုက်ကြ၏။ ဝေ့ဟွားက သူတို့နှစ်ယောက် နှစ်ယောက်ခန်း ယူနေကြသည်ကို ကြည့်ရင်း အနည်းငယ် မနာလိုဖြစ်လာခဲ့သည်။ သူရောကွတ်ကီးလေးနဲ့ ဘယ်တော့မှ အတူနေလို့ရမှာလဲ...။


ဝေ့ဟွား အတွေးထဲတွင် နစ်မျောနေစဥ် ကွက်ကီးက ဘီစကစ်လေးကို လက်တွဲ၍ ရောက်လာသည်။ သူက တစ်ယောက်ခန်းကိုသာ ယူလိုက်၏။ ဝေ့ဟွားနှင့် အတူနေရန် စိတ်ကူးမရှိသည်မှာ ထင်ရှားလှ၏။


သို့သော်လည်း အခြေအနေတို့က ထင်မှတ်မထားဘဲ ပြောင်းလဲသွားသည်။ ဟိုတယ်ဧည့်ကြိုကောင်တာမှ ဝန်ထမ်းလေးက ဒုက္ခများနေသည့်ပုံဖြင့် ပြောလာ၏။


 “တောင်းပန်ပါတယ်...ဒီနေ့အတွက် ထိပ်ဆုံးအထပ်က အခန်းတစ်ခန်းပဲကျန်ပါတော့တယ်...လူကြီးမင်းတို့စိတ်မရှိဘူးဆိုရင် ထိပ်ဆုံးအထိပ်က ကျန်နေတဲ့ အခန်းကို ကျွန်တော် စာရင်းသွင်းပေးနိုင်ပါတယ်” 


ဧည့်ကောင်တာမှ ဝန်ထမ်းလေး စကားပြောမပြီးသေးခင်မှာပင် ဝေ့ဟွားက လျင်မြန်စွာနှင့် ဝင်ပြောလိုက်သည်။ 


“ကျွန်တော်တို့ လုံးဝ စိတ်မရှိပါဘူး...လုံးဝပါပဲ” အိုး...ကောင်းကင်ဘုံကြီးရယ်...တကယ်ကို ငါ့ဘက်မှာ ရှိနေပေးတာပဲ...လိုချင်နေတဲ့အရာကို အတိအကျကို ပေးလိုက်တာပဲ...။


ကွက်ကီးက ဝေ့ဟွားကိုကြည့်လိုက်၍ ဝန်ထမ်းလေးကို မေးလိုက်သည်။ “အဲ့ဒီအခန်းမှာ ဧည့်ခန်းနဲ့ အိပ်ခန်း သပ်သပ်စီပါလား” 


ဝန်ထမ်းလေးက ခေါင်းညိတ်လာ၏။ “ဟုတ်ကဲ့”


“ဒါဆို...အဲ့အခန်းကို ယူလိုက်မယ်” ဒီကိုရောက်နေမှတော့ ကွတ်ကီးလည်း စိတ်အခြေအနေများကို မဖျက်ဆီးချင်တော့ပေ။ ၎င်းက အခန်းလေးတစ်ခန်းသာဖြစ်၏။


ကွက်ကီးသဘောတူလိုက်သည်ကို ကြားသောအခါ ဝေ့ဟွား ပျော်ရွှင်မှုများ ထုံလွှမ်းလာသည်ကို ခံစားလိုက်ရသည်။ သူက အပြုံးကြီးကြီးပြုံးလိုက်၏။ ၎င်းက မဖော်ပြနိုင်လောက်အောင် လှပလွန်းသည်။ သို့သော်လည်း သူရှုပ်ထွေးနေသေး၏။


 “ရှောင်ချီချီ...အခု ဘာလို့ ဧည့်ခန်းနဲ့ အိပ်ခန်းအကြောင်းကို မေးလိုက်တာလဲ”


ကွက်ကီးက ရင်ခွင်ထဲမှ ဘီစကစ်လေးကို နေရာပြောင်း၍ချီလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင်လုပ်လိုက်ကာ ဝေ့ဟွားကို မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ “မင်းက ဧည့်ခန်းမှာအိပ်...ငါကအိပ်ခန်းထဲမှာ အိပ်မယ်”


ထိုစကားတစ်ခွန်းက ဝေ့ဟွား၏ အိပ်ရာမျှအိပ်ချင်သည့် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည်ပင်။ 


သို့သော်လည်း ကိစ္စများကို အလျင်စလိုလုပ်ခြင်းက အလုပ်မဖြစ်ကြောင်း ဝေ့ဟွားသိပေသည်။ တစ်နေ့တွင်တော့ သူနှင့် ကွက်ကီး အဝတ်မပါဘဲ အိပ်ရာမျှအိပ်နိုင်ရမည်။ (ရည်မှန်းချက်ကြီးမား)


ဝေ့ဟွားက ရပ်၍ ထိုအိပ်မက်ထဲနစ်မျောနေချိန်တွင် ချိုမြိန်ပြီး နူးညံ့သည့်အသံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ 


“ထရီး”[Tree (ထွီး)ဆို တံတွေးတွေးတာဖြစ်နေမှာစိုးလို့🤭]


ဝေ့ဟွား မတုံ့ပြန်နိုင်သေးခင်မှာပင် မွှေးကြူသည့် ရနံ့တစ်ခုက သင်းပျံ့လာကာ လက်သည်းနီ အနီရဲရဲဆိုးထားသည့် လက်တစ်ဖက်က သူ့ပခုံးပေါ်တွင် ပေါ်လာခဲ့သည်။ 


“ထရီး...ကျွန်မဒီမှာရှိနေတာကိုသိပြီး တွေ့ဖို့ တမင်ရောက်လာတာလား” ထိုမိန်းမက ဝေ့ဟွား၏လက်ကို ချိတ်လာကာ အမေရိကန်အင်္ဂလိပ်အား ကျွမ်းကျင်စွာ ပြောလာလေသည်။ ရွှေရောင် ဆံပင်အလိပ်များဖြင့် ထင်သာမြင်သာရှိသည့် အစိတ်အပိုင်းများရှိကာ မျက်လုံးများကလည်း နက်ရှိုင်းပြီး ခန္ဓာကိုယ်ကလည်း နေရာမှန်များတွင် အမို့အမောက်များဖြင့် ဖြစ်၏။ တကယ်ကို လှပသည်ပင်။ 


ထရီးက ဝေ့ဟွား၏ အင်္ဂလိပ်အမည်ဖြစ်သည်။ နာမည်ပေးရမည်ကို ပျင်းရိသောကြောင့် သူ့နာမည်မှ “ဟွား”က သစ်ပင်ဟု အဓိပ္ပာယ်ရသည်ကို ယူ၍ ထရီးဟုသာ ပေးလိုက်ခြင်းဖြစ်သည်။


တရုတ်သို့ ပြန်လာပြီးနောက် သူ့ကို မည်သူမှက ထိုအင်္ဂလိပ်နာမည်အား မခေါ်ခဲ့ကြချေ။ တရုတ်တွင် ထိုသို့ အခေါ်ခံရလိမ့်မည်ဟု သူထင်မထားခဲ့ချေ။ ဤ လီနာမော်ရေးဆိုသည့် မိန်းမဆီမှ မပြောနှင့်...ယူအက်စ်က သူ့သူငယ်ချင်းဆီမှတောင်ပင် မျှော်လင့်မထားခဲ့ချေ။ ယူအက်စ်တွင်နေခဲ့သည့်နှစ်များတွင် လီနာကသူ့ကို မရပ်မနား လိုက်နေခဲ့၏။ သူက သူမကို ကြောက်ရွံ့လာသောကြောင့် တရုတ်သို့ ပြန်လာသည့်အချိန်၌ သူ့သူငယ်ချင်းများအား လီနာကို သိခွင့်မပေးရန် တောင်းဆိုထားခဲ့သည်။ မဟုတ်ပါက သူဒုက္ခရောက်လိမ့်မည်။


“လီနာ...မတွေ့ရတာတောင်ကြာပြီ” ဝေ့ဟွားက လီနာဖက်တွယ်ထားသည်ကို အားပြင်းပြင်းနှင့် ဖြုတ်ချလိုက်၏။ ထိုသို့ လုပ်လိုက်ချိန်တွင် သူက ကွက်ကီးကိုကြည့်လိုက်ပြီး တစ်ခုခုကိုနားလည်မှုမလွဲရန်မျှော်လင့်နေမိသည်။ 


သို့သော်လည်း ကွက်ကီးက တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်။ အကြည့်ချင်းဆုံသွားသည့်အခါ အနှောင့်အယှက် လုံးဝ မဖြစ်သကဲ့သို့ ပြုံးပင်ပြလိုက်သေးသည်။ 


“ဝေ့ဟွား…ငါအရင်သွားနှင့်မယ်…မင်းကတော့…” ကွက်ကီးက ဝေ့ဟွားကို ကပ်နေသည့် ရင်သပ်ရှုမောဖွယ်ရာ မိန်းမအား ကြည့်၍ အပြုံးလေးနှင့် ပြောလိုက်သည်။ “မင်းဘာသာ ပျော်နေလိုက်ဦး”


“ရှောင်ချီချီ…အထင်မလွဲပါနဲ့” ကွက်ကီး၏အမူအရာများက မှားယွင်းမနေသော်လည်း စိတ်ဆိုးနေသည်ကို ဝေ့ဟွား ခံစားနိုင်သည်။ သူက လျင်မြန်စွာပဲ လီနာကို ခါထုတ်လိုက်ပြီး အမီလိုက်ရန်ပြင်လိုက်သည်။ 


သို့သော် လီနာကို သူ့ကိုဖက်တွယ်လာပြန်၏။ 


“ထရီး…နိုင်ငံကိုပြန်လာတာ ဘာလို့ ကျွန်မကို မပြောရတာလဲ…အဲ့နေ့က ရှင့်ကို ကျွန်မဘယ်လောက်တောင် စောင့်နေခဲ့ရလဲ သိရဲ့လား”


လီနာ၏အသံက သာယာချိုမြိန်သော်လည်း ယခုတွင်တော့ ဝေ့ဟွားက အစမှအဆုံးအထိ သူမကို ကောင်းကောင်း မဆက်ဆံခဲ့သည့်အလား ဝမ်းနည်းနေသည်။ 


ဝေ့ဟွားက လီနာ၏ ပွေ့ဖက်မှုများကြားမှ ထွက်လိုက်ပြီး အကွာအဝေးတစ်ခုလောက် ခြား၍ပြောလိုက်သည်။ “မစ္စမော်ရေး…ကျွန်တော်တို့မှာ ဘယ်လိုဆက်ဆံရေးမျိုးမှ မရှိကြပါဘူး…ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် လေးစားသမှုရှိပါ” 


ထိုအချိန်တွင် ကွက်ကီးက ဘီစကစ်လေးကိုချီ၍ ဓာတ်လှေကားထဲသို့ ရောက်သွားပြီဖြစ်သည်။ ဘီစကစ်လေးက ကွက်ကီး၏ လည်ပင်းကို ဖက်တွယ်ထားပြီး သူ့အဖေ ပျော်ရွှင်မနေကြောင်း သတိထားမိလိုက်သည်။ အဲ့ဒါက ဦးလေးဝေ့ကို ကပ်တွယ်နေတဲ့ မိန်းမကြောင့်များလား…။ ဘီစကစ်လေးက ခေါင်းကိုစောင်း၍ ခဏလောက် တွေးလိုက်ပြီး ကွက်ကီး၏ချီပွေ့ထားမှုများမှ ရုန်းထွက်လိုက်၏။


“ဖေဖေ…သားကို အောက်ချပေး…သား ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တယ်” ဘီစကစ်လေးက နူးညံ့သည့် အသံလေးနှင့် ပြောလာသည်။ 


ကွက်ကီးက ဘီစကစ်လေးကို အောက်သို့ချလိုက်သည်။ ထင်မှတ်မထားစွာပင် မြေပြင်နှင့် ခြေထောက်ထိလိုက်သည်နှင့် ဘီစကစ်လေးက ဝေ့ဟွားဆီသို့ ပြေးသွားတော့သည်။ အရွယ်အစားလေးက သေးငယ်သော်လည်း အတော်လေးလျင်မြန်၏။ ကွက်ကီးက သူ့ကိုဖမ်းချင်သော်လည်း နောက်ကျသွားခဲ့သည်။ ဘီစကစ်လေးက ဝေ့ဟွားဆီသို့ ပြေးသွားပြီး ပေါင်ကိုဖက်၍ မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းများကို မော့ကြည့်နေသည်ကို ကွက်ကီးမှာ ကူကယ်ရာမဲ့စွာဖြင့်သာ ရပ်ကြည့်နေရ၏။ ထို့နောက် ဘီစကစ်လေး၏ နူးညံ့သည့် အသံက ငိုရှိုက်သံများဖြင့် ရောနှော၍ထွက်လာလေ၏။ 


“ဖေဖေကြီး…သားနဲ့ဖေဖေ့ကို မလိုချင်တော့ဘူးလား”


အုန်း…။


ကွက်ကီးက ခေါင်းထဲတွင် တစ်ခုခု ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူက ငူငူငိုင်ငိုင်ဖြင့် လော်ဘီထဲတွင် ရှိနေသည့် ပုံရိပ်နှစ်ခုကို ကြည့်လိုက်သည်။ သူ့အကြည့်များဝေဝါးလာ၏။ ထိုအချိန်တွင်ပဲ ဓာတ်လှေကားက ရောက်လာခဲ့သည်။ ကွက်ကီးက ဓာတ်လှေကားထဲသို့ ကမန်းကတန်း ပြေးဝင်ကာ စိတ်ရှုပ်စွာဖြင့် သူ့အခန်းဆီသို့ သွားလိုက်သည်။ 


အံ့ဩသွားသူမှာ ကွက်ကီးတစ်ယောက်တည်းသာမဟုတ်ဘဲ ဝေ့ဟွားလည်းအလားတူပင်ဖြစ်သည်။ 


“ဖေဖေကြီး” ဆိုသည့် စကားလုံးများက ဘီစကစ်လေး၏ ပါးစပ်မှ ထွက်လာသည့်အခါ နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ အံ့ဩသွားခဲ့သည်။ ဘီစကစ်လေးက သူ့ကို အဖေဟု ခေါ်လိုက်ချိန်တွင် ဘာကြောင့် ပျော်ရွှင်သွားရလဲ သူကိုယ်တိုင်တောင် မသိချေ။ စိတ်လှုပ်ရှားလွန်းသောကြောင့် လက်ဖဝါးများတောင် တုန်လှုပ်လာ၏။ ဘီစကစ်လေးက သူ့ကို ကူညီရန် ခေါ်လိုက်သည်ကိုတော့ သေချာသိသည်။ 


ဝေ့ဟွားက သူ့ပေါင်ကို ဖက်နေသည့် ဘီစကစ်လေးကို ချီ၍ ပြည့်ဖောင်းနေသည့် မျက်နှာကို မထိန်းချုပ်နိုင်တော့ဘဲ နမ်းကြူလိုက်ပြီး နူးညံ့သည့် အသံဖြင့် ပြောလိုက်သည်။ “ဘီစကစ်လေး…လိမ္မာနော်…ဖေဖေကြီး လိုက်လာခဲ့မယ်” 


ငိုရှိုက်လိုက်ရင်း ဘီစကစ်လေးက သနားကမားဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့”


ဘီစကစ်လေးကို ချော့မြူပြီးနောက် ဝေ့ဟွားက လီနာကို ပြောလိုက်သည်။ “မစ္စမော်ရေး…မြင်တဲ့အတိုင်းပဲ…ကျွန်တော့်မိသားစုက ကျွန်တော့်ကို ရှာနေပြီ…ဒီတော့ ခွင့်ပြုပါဦး” ဝေ့ဟွားက ပြော၍ လှည့်ထွက်လိုက်သည်။ 


“ထရီး” လီနာက နောက်လှည့်သွားသည့် ဝေ့ဟွား၏ နောက်ကျောကိုကြည့်၍ ပြောလိုက်သည်။ 


“ရှင် လက်ထပ်ထားလည်း ကျွန်မလက်မလျှော့ဘူး”


ဘီစကစ်လေးက ဝေ့ဟွား၏လည်ပင်းကို ဖက်တွယ်ထားရင်း လီနာပြောလိုက်သည့်များကို သေချာနားမလည်လိုက်ချေ။ သူက လီနာကို ပြောင်ပြလိုက်ကာ လျှာပင်ထုတ်ပြလိုက်သေး၏။


လီနာက ဘီစကစ်လေး၏ အပြုအမူကြောင့် ဒေါသထွက်သွားကာ ခြေထောက်ကိုဆောင့်၍ ဒေါက်ဖိနပ်သံ တဂွက်ဂွက်ဖြင့် ထွက်သွားတော့သည်။ 



ဝေ့ဟွားက ဘီစကစ်လေးကို ဓာတ်လှေကားထဲသို့ ဝင်လိုက်ကာ လီနာကို ချန်ရစ်ခဲ့လိုက်သည်။ သူက ဘီစကစ်လေးက ကျေးဇူးတင်စွာဖြင့် ချက်ချင်းပြောလိုက်၏။ “ဘီစကစ်လေး…တော်လိုက်တာ…ဒီတစ်ကြိမ်တော့ ဦးဦး မင်းကို ကျေးဇူးတင်ရမယ်…လိုချင်တာရှိရင် နောက်ရက်တွေကျ ဦးဦးဝယ်ပေးမယ်”


ဘီစကစ်လေးက မျက်နှာကို ဝေ့ဟွား၏ လည်ပင်းဆီသို့ တိုးဝှေ့လိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလာသည်။ “ဖေဖေ့ကို မပျော်မရွှင်မဖြစ်စေချင်ဘူး”


“ဖေဖေက မပျော်ဘူး?” ဝေ့ဟွားက စိတ်လှုပ်ရှားသွားသောကြောင့် အသံမှာ ထိန်းချုပ်၍မရဘဲ တုန်ယင်သွားသည်။ ကွက်ကီးက မပျော်ဘူးတဲ့လား…အဲ့ဒါက သူ့ကို နည်းနည်းကြိုက်နေတယ်လို့ ဆိုလိုတာလား…သဝန်တိုတဲ့သဘောများလား…။


ဘီစကစ်လေးက ခေါင်းညိတ်လိုက်၏။ “ဖေဖေက ခုဏအန်တီ ဦးဦးဝေ့ကိုဖက်လိုက်တဲ့အချိန်မှာ မပျော်မရွှင်ဖြစ်သွားတာပဲ…အဲ့ဒါကြောင့် ဦးဦးဝေ့ အဲ့ဒီအန်တီနဲ့ အတူရှိမနေနဲ့နော်”


ဝေ့ဟွားက ချက်ချင်း ခေါင်းညိတ်၍ ကတိပေးလိုက်သည်။ “ကောင်းပြီ…ဦးဦး သူမနဲ့ အတူရှိမနေတော့ဘူး…ဦးဦးက ဘီစကစ်လေးနဲ့ ဘီစကစ်လေးရဲ့ ဖေဖေနဲ့ပဲ အတူရှိချင်တာ”


ထိုအခါမှသာ ဘီစကစ်လေးက ပြုံးရွှင်လာကာ ဝေ့ဟွားဆီသို့ လက်သန်းလေးဆန့်ပေးလာသည်။ “ဦးဦးဝေ့…လက်သန်းချင်းချိတ်ပြီး ကတိပေးရအောင်”


ဝေ့ဟွားက ဘီစကစ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း အခြားလက်တစ်ဖက်ကိုမြှောက်၍ ဘီစကစ်လေး၏ လက်သန်းကို သူ၏ ကျစ်လျစ်နေသည့်လက်သန်းဖြင့် ချိတ်နှောင်လိုက်သည်။ ထို့နောက် ပြုံး၍ ပြောလိုက်၏။ “ကောင်းပြီ…နှစ်တစ်ရာကြာရင်တောင် မပြောင်းလဲဘူးလို့ ကတိပေးကြတာပေါ့”


“ဟုတ်တယ်…မပြောင်းလဲဘူး” ဘီစကစ်လေးက အပြုံးလေးနှင့် ပြောလိုက်၏။


မျက်နှာနှစ်ခုက တူညီသောပုံစံဖြင့် ပုံသွင်းထားသကဲ့သို့ လုံးဝလိုက်ဖက်ပုံပေါက်နေသည့် အမူအရာများဖြင့် ပြုံးနေလေသည်။ 


မြင်သူတိုင်းက သူတို့ကို သားအဖဟုမြင်ကြမည်မှာ မသေအချာပင်။



💘