အပိုင်း၁၁၈
Viewers 11k

🥰 Chapter 118 ✅


ရှန်းလွေ့က ကမ်းခြေကို အလှဆင်ရန်လူငှားခဲ့သည်။ ကမ်းခြေတွင် နှင်းဆီပန်းရောင်များနှင့် အဖြူရောင်ဖဲပြားများ၀န်းရံထားသည့် စတိတ်စင်အသေးစားလေး ပြုလုပ်ထားသည်။ 


အသားကင်မည့်နေရာတွင်တော့ နှစ်ထပ်အကင်စက်နှင့် ဘီယာ၊ အအေးများကို ရေခဲပုံးများဖြင့် အပြည့်ဖြည့်ထားသည်။ 


မနီးမဝေးတွင် စားပွဲခင်းအုပ်ထားသည့် စားပွဲအရှည်ကြီးရှိပြီး အလယ်တွင်ဖယောင်းတိုင်များ၊ အချိုပွဲလှလှလေးများနှင့် သစ်သီးလတ်လတ်ဆတ်ဆတ်များရှိကာ နေရာတိုင်းတွင် ရိုမန့်တစ်ဆန်သည့် အငွေ့အသက်များနှင့် ပြည့်နှက်လို့နေသည်။ 


မင်လျိုရီသည် ဂါ၀န်ရှည်ကိုလဲ၀တ်လိုက်သည်။ ပင်လယ်လေပြေများတိုက်ခက်နေသောကြောင့် တလွင့်လွင့်မျောနေသောဂါ၀န်က သူမအားပို၍ပင် ချစ်စဖွယ်ပုံရိပ်ကို ပေးစွမ်းနေလေသည်။  ယောင်ကျိကျိုးသည် ပုံမှန်ပွဲတက်၀တ်စုံဖြင့် ဝှီလ်းချဲတွင်ထိုင်ကာ ချောမောခန့်ညားလျက်ရှိသည်။ 


လူတိုင်းနေရာတကျဖြစ်ပြီးနောက်တွင် လူနှစ်ယောက်ပါ၀င်သည့် တီးဝိုင်းလေးကစတင်လေပြီ။ တီးဝိုင်းသည် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ပါ၀င်ပြီး ချစ်သူများဖြစ်ပုံရသည်။ 


ထိုလူက ဂစ်တာတစ်လက်ကိုသယ်ကာ အဆိုပိုင်းကို တာ၀န်ယူပြီး ဆံပင်များကို ကျစ်ဆံမြီးကျစ်ထားသည်။ အမျိုးသမီးက ဂတုံးဆံပင်ပေါက်ကေဖြင့် သူမ၏မျက်နှာကအလွန်လှပသည်။ သူမက ခေါင်းလေးငုံ့ကာ သူမရဲ့အီလက်ထရောနစ် ကီးဘုတ်ကို တီးခတ်လိုက်သည်။ 


ရှောင်ဖန်းက တီးတိုးပြောလိုက်သည်။ 


"မဒမ် ကြည့်ကြည့်ပါဦး... သူတို့က အရမ်းမိုက်တာပဲ... အဲအမျိုးသမီးက တအားခန့်တာပဲ" 


မင်လျိုရီသည် ထိုနှစ်ယောက်​၏ပုံပန်းသဏ္ဌာန်ကို ယောင်ကျိကျိုးအား အသံနိမ့်ကာ ပြောပြလိုက်ပြီး ယောင်ကျိကျိုးက ငြိမ်ငြိမ်လေးနားထောင်နေခဲ့သည်။ 


မကြာမီတွင် တီးဝိုင်းလေးသည် တူရိယာများကိုထိန်းညှိပြီး ဖျော်ဖြေရေးစတော့သည်။ အမျိုးသားတွင် ကြည်လင်ပြီးငယ်ရွယ်သည့် အသံမျိုးရှိသည်။ အသံက အနည်းငယ်နှေးတာကြောင့် အလွန် နားထောင်ကောင်းလှသည်။ 


စားဖိုမှူးများကလဲ အသားများကို စတင်ကင်လိုက်ပြီး အကင်အနံ့က နေရာတိုင်းကိုပျံ့နှံ့သွားတော့သည်။ 


မင်လျိုရီသည် ကျက်ပြီးသားကြက်သွန်ဖြူ အနက်ရောင်ကျားပုစွန်ကို ယောင်ကျိကျိုးကို ပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ ကမာအနည်းငယ်စားလိုက်သည်။ 


"အရမ်းအရသာရှိတာပဲ" 


သူမက ရေရွတ်လိုက်သည်။ 


ပရော်ဖက်ရှင်နယ် စားဖိုမှူးများပြင်ဆင်ပေးသည့် အစားအသောက်များမှရနံ့များသည် လူတိုင်းကိုသွားရည်ကျသွားစေသည်။ အသားများသည်ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် လတ်ဆတ်နူးညံ့ကာ အရည်ရွှမ်းရွှမ်းလေးနှင့်ဖြစ်သည်။


မင်လျိုရီ ကမာကိုစားပြီးချိန်တွင် ယောင်ကျိကျိုးက အနက်ရောင်ကျားပုစွန်ကို စားနေတုန်းဖြစ်သည်။ 


ပုစွန်သည်အလွန်ကြီးမားပြီး ယောင်ကျိကျိုး၏ လက်ထက်ပင်ကြီးလေသည်။ ထိုလူသည် ဖြည်းညင်းစွာစားနေပြီး ဖြစ်စဉ်တစ်ခုလုံးသည် မျက်စိပဒေသာဖြစ်လှသည်။ မင်လျိုရီသည် သူမဖုန်းကို ချက်ချင်းထုတ်ယူလိုက်သည်။ 


ယောင်ကျိကျိုးစားနေသည့် အနက်ရောင်ကျားပုစွန်အားကြည့်ရင်း မင်လျိုရီသည် ကမာထက် ပုစွန်ကအရသာပိုရှိလောက်မည်ဟု ခံစားလိုက်ရသောကြောင့် အကင်ကိုလှမ်းယူလိုက်သည်။


တစ်ကိုက်တည်းနှင့်ပင် လတ်ဆတ်သည့် ချိုမြိန်မှုက သူမလျှာတွင်စွဲသွားပြီး မျက်လုံးမှိတ်ကာ ကျေနပ်ပီတိဖြာနေတော့သည်။ သူမက မတတ်သာဘဲပြောလိုက်သည်။


"ပုစွန်တွေက အရမ်းကောင်းလွန်းတယ်" 


ယောင်ကျိကျိုးက မင်လျိုရီ၏အသံကိုကြားပြီး မတတ်နိုင်ဘဲ ပြုံးလိုက်သည်။ 


မင်လျိုရီက ကမာကို အပိုင်းလေးနှစ်ပိုင်းပိုင်းကာ ယောင်ကျိကျိုးအား ခွံ့ကျွေးလိုက်သည်။ သူစားတစ်လုတ်စားပြီးသည်နှင့် သူမက မေးလိုက်သည်။ 


"ဘယ်ဟာပိုကောင်းလဲ ပုစွန်လား ကမာလား" 


"ကမာ" 


ယောင်ကျိကျိုးက ဆို၏။ 


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" 


မင်လျိုရီက မေးလိုက်သည်။ 


"ကျွန်မကတော့ ပုစွန်ကအကောင်းဆုံးလို့ ထင်တာပဲ" 


"မင်းခွံ့ကျွေးရင် ပိုစားကောင်းတယ်" 


ယောင်ကျိကျိုးက ပြောလိုက်သည်။ 


မင်လျိုရီကား ပြောစရာမဲ့သွားသည်။


ဒါကြီးက မြူဆွယ်နေတာလား...


မင်လျိုရီ၏ မျက်နှာသည်ရဲလာပြီး သူမအသံက အနည်းငယ်အားပါလာသည်။


"စားစရာရှိတာစား စကားမပြောနဲ့" 


"မဒမ်..." 


ရှောင်ဖန်းက လေသံလေးဖြင့် ပြောလိုက်သည်။ 


"သခင်က မဒမ်မေးလို့ဖြေတာလေ" 


မင်လျိုရီက သူမကိုစိုက်ကြည့်ကာ စကားပြောရန် ဆွံ့အနေခဲ့သည်။ 


"လျိုရီ ကိုယ်ဆေးလိပ်သောက်ချင်တယ်" 


ယောင်ကျိကျိုးက ပြောလိုက်၏။ 


မင်လျိုရီက ခဏလောက် တန့်သွားပြီးမှ ဖြေလိုက်သည်။ 


"ဒါပေမဲ့ ဒီမှာဆေးလိပ်မတွေ့မိဘူးရော်"


"ကိုယ်တို့အခန်းရဲ့ ကုတင်ထိပ်မှာ စီးကရက်တစ်ဘူးရှိတယ် သွားယူပေးပါလား တစ်လိပ်လောက်သောက်ချင်လို့" 


ယောင်ကျိကျိုးက ပြန်ဖြေလိုက်သည်။ 


မင်လျိုရီက သူမနှုတ်ခမ်းကိုကိုက်ကာ ငြင်းဆန်ချင်ခဲ့သည်။ ယောင်ကျိကျိုး၏ ခန္ဓာကိုယ်က လုံး၀ကြီးမကောင်းသေးပေ။ သို့သော်လည်း ဒီနေ့ပတ်၀န်းကျင်နှင့်လေထုသည် ကောင်းမွန်လွန်းတာကြောင့် ယောင်ကျိကျိုး၏ ပျော်ရွှင်နေသည့်စိတ်ကို မဖျက်ဆီးချင်ပေ။ 


မင်လျိုရီက သူတို့နှစ်ယောက်၏ အခန်းကိုပြေးသွားလိုက်ပြီး အံဆွဲကိုဖွင့်လိုက်သည်။ အထဲတွင် ဈေးကြီးသည့်‌ သေတ္တာလေးတစ်ခုရှိပြီး အလယ်တွင် စာကဒ်လေးတစ်ခုရှိသည်။ 


[ လျိုရီအတွက် လက်ဆောင် ] 


မင်လျိုရီ၏ရင်ခုန်သံများ မြန်ဆန်လာကာ စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်သည်။ သေတ္တာပွင့်သွားသည်နှင့် မင်လျိုရီ အသက်အောင့်ထားမိလိုက်သည်။ 


ပန်းရောင်ကျောက်များဖြင့် ပြုလုပ်ထားသည့် နားကပ်တစ်ရံပင်။ အလယ်ရှိ ပန်းရောင်ကျောက်လေး၏ ပတ်ပတ်လည်တွင် စိန်ပွင့်များဝိုင်းရံထားပြီး လကို ခြံရံထားသည့် အဆုံးမဲ့ကြယ်ပွင့်များနှင့် ဆင်တူလေသည်။ 


မင်လျိုရီသည် နားကပ်ကိုထုတ်ကာ၀တ်ဆင်လိုက်သည်။ နားကပ်များက သူမရဲ့ အနီရောင်၀တ်စုံဖြင့် ပနံသင့်လှသည်။ 


ထို့နောက် သူမဆက်ရှာကြည့်လိုက်တော့ ဘာစီးကရက်မှ ရှိမနေချေ။ 


ထိုအခါမှ မင်လျိုရီသည် သူမကို ယောင်ကျိကျိုးက စပရိုက်တိုက်ရန် အထူးတလည်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိသွားသည်။ သူမက ကမ်းခြေကို ချက်ချင်းပြန်ပြေးသွားလိုက်သည်။ 


မင်လျိုရီက ယောင်ကျိကျိုးဘေးတွင်ထိုင်ပြီး အနားနားကပ်ကာပြောလိုက်သည်။ 


"စပရိုက်အတွက် ကျေးဇူးပါ သဘောကျတယ်သိလား" 


ယောင်ကျိကျိုးက လက်ဆန့်ကာ မင်လျိုရီ၏နားကိုထိကြည့်လိုက်သည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏ အထိအတွေ့ကို sensitive ဖြစ်သောကြောင့် ချက်ချင်းပင် နီရဲသွားတော့သည်။ မင်လျိုရီတောင် မသိလိုက်ဘဲ ရှက်သွေးဖြာသွားခဲ့သည်။ 


ယောင်ကျိကျိုးသည် သူ၏ဇနီးလေးက ထိုနားကပ်များနှင့် ပိုလို့တောင်လှပနေမည်ကို သိပြီးသားပင်။ သို့သော် သူမ ဘယ်ပုံဘယ်ပန်းရှိနေမည်ကိုတော့ ပုံဖော်ကြည့်၍မရပေ။


ပင်လယ်လေညှင်းများက လူကိုသက်တောင့်သက်သာရှိစေသည်။ ဂီတသံဟာလဲ ကောင်းမွန်ကာ အစားအသောက်အများကလဲ အရသာရှိပြီး အချစ်ရဆုံးလူက အနားတွင်ရှိနေသည်။ 


ဒီလောက်နှင့်ပင် ယောင်ကျိကျိုး ဘာကိုမှ‌ ထပ်မတောင်းဆိုချင်တော့သော်လည်း ဒီအခိုက်အတန့်တွင် သူ သူမကို တကယ်မြင်ချင်နေမိသည်။ 


အကယ်၍ သူသာ သူမကိုပဲ ဒီညမြင်ခွင့်ရမည်ဆို တကယ်ကို မြင်ချင်ပါသည်။



🥰