🥰 Chapter 114 ✅
မကြာခင်တွင် ပင်လယ်စာပေါင်းများသည် စားပွဲပေါ်သို့ရောက်ရှိလာပြီး မင်လျိုရီကမြည်းကြည့်ဖို့ရာ စိတ်အားထက်သန်နေသည်။
ဦးစွာသူမသည် ပင်လယ်ခရုအကြီးကြီးကိုယူလိုက်ပြီး ရှန်းလွေ့၏နည်းအတိုင်း ခရင်းငယ်လေးစိုက်ကာ အထဲမှာအသားကိုလှည့်ပြီးကလော်ထုတ်လိုက်သည်။ မင်လျိုရီသည် ဂရုတစိုက်နှင့်လုပ်နေပြီး ခရုအသားက အထဲတွင်ပုံပျက်သွားမည်ကိုစိုးရိမ်နေခဲ့သည်။
အသားထုတ်ပြီးတော့ မင်လျိုရီသည်ကျေနပ်ပီတိဖြာသွားတော့သည်။ ဒါကကိုယ်တိုင်ပြုလုပ်ခြင်းကရတဲ့ ပျော်ရွှင်မှုပဲ...
မင်လျိုရီက ခရုရဲ့ကိုယ်တွင်းအင်္ဂါများကို ဖယ်ထုတ်လိုက်ပြီး ဆော့စ်ထဲသို့နှစ်ကာ ယောင်ကျိကျိုးကိုခွံ့ကျွေးလိုက်သည်။
ရှန်းလွေ့က ထိုအချဉ်းအရာကိုမြင်တော့ ဘာကြောင့်ရယ်မသိ စိတ်လှုပ်ရှားလာသည်။ သူက တံတွေးမြိုချလိုက်ပြီး ဥက္ကဌ၏တုန့်ပြန်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
ယောင်ကျိကျိုးက သဘာ၀ကျပင် ညင်ညင်သာသာဝါးကာမြိုချလိုက်သည်။ သူ၏အမူအရာက ပုံမှန်ပင်ဖြစ်သည်။
"ဘယ်လိုလဲ"
မင်လျိုရီက ရုတ်ချည်းမေးလိုက်သည်။
"ကောင်းလား"
ယောင်ကျိကျိုးက ပြုံးပြီးပြောလိုက်သည်။
"အရမ်းလတ်ဆတ်ပြီး အရသာရှိတယ် မင်းစားကြည့်"
မင်လျိုရီက သူမအတွက်ခရုတစ်ခုကို ယူလိုက်ပြီး တစ်ကိုက်ထဲနှင့်အကုန်စားလိုက်သည်။ ဝါးရတာ တထုတ်ထုတ်နှင့် လတ်ဆတ်သည့်အရသာက မင်လျိုရီအား ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားစေသည်။
ပုံမှန်အားဖြင့် ယောင်ကျိကျိုးသည် ကိုယ်တိုင်စားနိုင်သော်လည်း နောက်ရက်အနည်းငယ်အတွင်း သူစားမည့် ပင်လယ်စာများသည် အနည်းငယ်စားရခက်သောကြောင့် မင်လျိုရီခွံ့ကျွေးသည်ကိုသာ စောင့်ရတော့သည်။
ရှောင်ဖန်းနှင့်ကျောက်ချမ်းသည် သူတို့ဘေးတွင်ရှိသော်လည်း ထိုနှစ်ယောက်သည် အတွေ့အကြုံရင့်နေပြီဖြစ်ကာ သူတို့သခင်မ၏အလုပ်ကို "၀င်မလု" ကြပေ။
ရှန်းလွေ့သည် လုံး၀ကိုအံ့အားသင့်နေတော့သည်။ သူက 'မဒမ်က ငယ်ရွယ်ပြီးလှပတဲ့အပြင် လူတွေကိုလဲ ဂရုစိုက်တတ်တာပဲ' ဟု တွေးနေခဲ့သည်။
မင်လျိုရီက အလွန်ကိုဉာဏ်ကောင်းသည်။ သူမက ရှန်းလွေ့လုပ်ပြသွားသည်များကို တစ်ခါနှင့်မှတ်မိနေပြီး အချိန်တိုင်းဂရုတစိုက်နှင့် အခွံခွာခြင်းပြီး မစားရသည့်အပိုင်းများကိုလည်း ဖြည်းညှင်းစွာဖယ်ထုတ်ပြီး ယောင်ကျိကျိုးကို ခွံ့ကျွေးနေခဲ့သည်။
ထို့အပြင် ယောင်ကျိကျိုးကို အရင်ခွံ့ကျွေးနေသော်လည်း သူမကိုယ်တိုင်လဲ နောက်ကျမကျန်နေခဲ့ချေ။ သူတို့နှစ်ဦးသည် တစ်ယောက်ချင်းစီအလှည့်ကျစားနေခဲ့ပြီး ကြင်စဦးများကဲ့သို့ အချင်းချင်းဂရုတစိုက်ရှိကြသည်။
ယခုတစ်ကြိမ်ကတော့ မင်လျိုရီသည်ယောင်ကျိကျိုး၏ လက်အောက်ငယ်သားများဆီမှ ကိုးကြိမ်မြောက် သတိပြုခံရခြင်းဖြစ်သည်။
ရှန်းလွေ့မြင်ဖူးသည့် ဥက္ကဌသည်ပြတ်သားပြီး ယုံကြည်မှုရှိသူဖြစ်သည်။ ထိုလူသည် ကတိတည်သူဖြစ်သောကြောင့် သူ၏လက်အောက်ငယ်သားများက လေးစားကြသည်။ သို့သော်လည်း ဥက္ကဌ အောက်ပိုင်းသေပြီးနောက် အိမ်ထောင်ပြုခဲ့ခြင်းက သူတို့အားလုံးထိတ်လန့်သွားစေခဲ့သည်။ သူတို့က လူချမ်းသာတွေသာ နားလည်နိုင်မည့်လျှို့ဝှက်ချက်များရှိလောက်မည်ဟုပင် ခန့်မှန်းခဲ့ကြသည်။
ဒါပေါ့...လက်အောက်ငယ်သားတွေက သူတို့ဥက္ကဌရဲ့ကျန်းမာရေးမကောင်းတဲ့အပေါ် မဒမ်က ငြူစူပြီး ဥက္ကဌစိတ်မချမ်းမသာဖြစ်မည်ကို စိုးရိမ်ခဲ့ကြသည်ကိုလဲ ငြင်းလို့မရပေ။
ရှန်းလွေ့သည် သူ့အရှေ့မှမဒမ်နှင့်ဥက္ကဌကိုကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် ရင်းနှီးလွန်းကာ ဘာကြောင့်ရယ်မသိ ငိုချင်သလိုခံစားလာရသည်။ ရှန်းလွေ့သည် ခပ်မြန်မြန်ပဲ အကြောင်းပြချက်တစ်ခုပြကာ တံခါးနားတွင်သာ စောင့်ကြည့်ပေးတော့သည်။
စားသောက်ပြီးနောက် အားလုံးသည် ကမ်းခြေသို့ ပျော်ပါးရန်ထွက်ခဲ့ကြတော့သည်။ လျိုရီသည် လှပသည့်ဂါ၀န်တစ်ထည်လဲ၀တ်ခဲ့ပြီး ကျစ်ဆံမြီးကျစ်ကာ ကောက်ရိုးဦးထုပ်ဝိုင်းလေးဆောင်းထားခဲ့သည်။ သူမက ခြံထဲဆင်းကာ ယောင်ကျိကျိုးဆင်းအလာကို စောင့်နေခဲ့သည်။
ခြံထဲမှစံပယ်ပန်းများသည် ပွင့်ဖူးစဖြစ်ပြီး မင်လျိုရီသည် ကြွေကျနေသည့်အပင်အောက်မှ ဖြတ်လျှောက်လာခဲ့သည်။ သူမက ခူးယူလိုက်ပြီး ဆံနွယ်များကြား ပန်ဆင်လိုက်သည်။
ရှောင်ဖန်းဆင်းလာပြီး မင်ချိုရီအားတွေ့တော့ သူမမျက်လုံးများက လက်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
"သခင်မလေးက သိပ်လှတာပဲ"
ကျောက်ချမ်းက ယောင်ကျိကျိုးကို ပေါ့ပေါ့ပါးပါးအ၀တ်တစ်စုံလဲပေးပြီး အပြင်မှာနေသာနေတာတွေ့တော့ မေးလိုက်သည်။
"ဆရာ နေကာခရင်မ်လိမ်းဦးမလား"
"မလိုပါဘူး"
ယောင်ကျိကျိုးက ပြောလိုက်သည်။
ယောင်ကျိကျိုး၏ ငြင်းပယ်သံကိုကြားတော့ ကျောက်ချမ်းက ထပ်မပြောတော့ဘဲ အခန်းအပြင်ဘက်ကို တွန်းလာခဲ့သည်။
မင်လျိုရီ နောက်လှည့်ကြည့်လိုက်တော့ ယောင်ကျိကျိုးကို မြင်လိုက်ရသည်။ ထိုလူ၏မျက်နှာသည် အေးစက်နေပြီး နေကာမျက်မှန်တပ်ထားသောကြောင့် တင်းကြပ်သည့်ပုံရိပ်ကို ဖုံးကွယ်ထားနိုင်သော်လည်း ကိုယ်ပေါ်မှ ထွက်နေသည့်အထက်တန်းဆန်သည့် အငွေ့အသက်ကိုတော့ ဖုံးကွယ်ထားရန်ခက်လေသည်။
သူက အဖြူရောင်တီရှပ်နှင့် ဘောင်းဘီပွတစ်ထည်ကို ၀တ်ထားခဲ့သည်။ ကြည့်ရတာ သက်တောင့်သက်ရာရှိပြီး ပုံမှန်ဆန်သော်လည်း သခင်ငယ်လေးတစ်ယောက်၏ ခံစားချက်ကိုပေးစွမ်းနေသည်။
မင်လျိုရီနှင့် ရှောင်ဖန်းသည် ကမ်းခြေတွင် လမ်းလျှောက်နေကြပြီး ယောင်ကျိကျိုးကတော့ သူ၏ဝှီးချဲပေါ်တွင်ထိုင်နေကာ မစ္စတာဟဲတင်ပြသည့် ရှန်ဟိုင်းပရောဂျက်၏ လှုပ်ဆောင်မှုများကို နားထောင်နေခဲ့သည်။
မင်လျိုရီ ကစားရတာမောလာတော့ သူမက အအေးသောက်ဖို့ပြန်ရောက်လာခဲ့သည်။
ယောင်ကျိကျိုး၏ဖြူဖွေးသည့်အသားရည်က နေရောင်ကြောင့် အနည်းငယ်နီလာသည်ကိုတွေ့တော့ သူမကပြောလိုက်သည်။
"နေရောင်ကာ ခရင်မ်မလိမ်းခဲ့ဘူးလား"
"မလိမ်းခဲ့ဘူး"
ယောင်ကျိကျိုးက လျင်မြန်စွာအဖြေပေးလိုက်သည်။
မင်လျိုရီက သက်ပြင်းချကာ သူမဘေးမှခရင်မ်ကိုယူလိုက်ပြီး လက်ထဲသို့ညှစ်ကာ ယောင်ကျိကျိုးကို လိမ်းပေးလိုက်သည်။ ယောင်ကျိကျိုးသည် လိမ်လိမ်မာမာနှင့် နေကာမျက်မှန်ကိုချွတ်ကာ သူ၏ဇနီးလေးကို မျက်နှာကိုပါလိမ်းပေးခိုင်းလိုက်သည်။
မစ္စတာဟဲသည် ထိုအချစ်ငှက်နှစ်ကောင်ကို ထိုင်မကြည့်နေနိုင်၍ အမြန်ပြောလိုက်သည်။
"ဒီမှာ အုန်းသီးတွေကျန်နေသေးတယ် ကျွန်တော် မဒမ်အတွက် သွားယူလိုက်ပါ့မယ်"
ယောင်ကျိကျိုးက အေးစက်စက် နှာရှုံ့ရင်း ပြောလိုက်သည်။
"မင်းက ဘာလို့ဒီမှာရှိနေသေးတာလဲ မြန်မြန်သွားတော့လေ"
မင်လျိုရီက ယောင်ကျိကျိုးမျက်နှာပေါ်သို့ ခရင်မ်လိမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ခေါင်းမော့ဦး လည်ပင်းကိုလိမ်းပေးမလို့"
ယောင်ကျိကျိုးကနာခံစွာနဲ့ ခေါင်းမော့ပေးလိုက်ကာ သူ၏လည်ပင်းသွယ်သွယ်က မင်လျိုရီရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအရာက ခွေးဝံပုလွေများကဲ့သို့ အယုံကြည်ရဆုံးလူကိုသာ သူတို့၏တန်ဖိုးရှိသည့်နေရာကို ပြတတ်သည့်သဘောကို ရုတ်တရက်တွေးမိသွားစေသည်။
မင်လျိုရီက ယောင်ကျိကျိုး၏လည်ပင်းကို ညင်သာစွာလိမ်းပေးလိုက်ပြီး မသိလိုက်ဘဲ တံတွေးမြိုချမိသွားသည်။
🥰