> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး > Ch 56
"ဒါကဘာ…"
သူက သူမဘာလုပ်တာလဲဟုမေးတော့မည့်အချိန်မှာပဲ လူနာသည် ရှိရှိသမျှခွန်အားအပြည့်ဖြင့် ကားလ်တွန်၏ပါးကို ထပ်မံ ရိုက်လိုက်သည်။
ဖြောင်း-!
"ခဏလေး…!"
ပြီးတော့ သူမ နောက်တစ်ကြိမ် အားကုန်သုံးကာ သူ့ပါးကို ထပ်ရိုက်လိုက်သည်။
ဘာကြောင့်လဲဆိုတာ နားမလည်ဘဲ သုံးကြိမ်ဆက်တိုင် ပါးအရိုက်ခံလိုက်ရသော ကားလ်တွန်သည် နောက်တစ်ကြိမ် ပါးထပ်အချခံရတော့မည့်ပုံပေါ်သည်။ လူနာက သူ့ကို ရိုက်ဖို့ လက် မြှောက်လိုက်သည်။
"မင်း ဘာလုပ်တာလဲ!"
ကားလ်တွန်သည် သည်းမခံနိုင်တော့ဘဲ လက်တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း လှေကားထစ်မှ အမြန်ဆင်းလာသော အန်းသန့်စ်က သူ့လက်ကို ဖမ်းကိုင်လိုက်သည်။
"မင်းအခု ဘယ်သူ့ကို လက်ပြန်ရွယ်နေတာလဲ"
"အာ့!"
အဲ့ဒါက ရိုးရှင်းသော ဖမ်းဆုပ်မှု မဟုတ်ပေ။ ကားလ်တွန်သည် နာကျင်မှုကြောင့် အော်ဟစ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ထိုကဲ့သို့ မထင်မှတ်ထားသည့် အခြေအနေကို မြင်လိုက်ရတော့ လော်ရာကို စိတ်တည်ငြိမ်အောင် ကြိုးစားနေသော ရိုယာသည် ဖျော့တော့သွားခဲ့သည်။ အခြားအစေခံများလည်း ထိတ်လန့်စွာ ငေးကြည့်လာခဲ့ကြသည်။
လူနာသည် ဒေါသအကြည့်များဖြင့် ကားလ်တွန် လွတ်ကျခဲ့သော စာရွက်များကို ကောက်ယူပြီး ဖတ်လိုက်တော့သည်။
"မနက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ တာဝန်များ - ၀တ်စုံ ၁၀ ထည် လျှော်ပြီး၊စောင် ၁၃ ထည် လျှော်ဖွပ်ပြီး၊ခေါင်းအုံး ၁၅ လုံး သန့်စင်ပြီး၊ ပထမထပ် စင်္ကြံနဲ့ ခန်းမကို သန့်စင်ပြီး၊ ရေ ထုတ်ယူခဲ့..."
နေ့စဉ်အလုပ်များစာရင်းက ဆက်တိုက်ရှိနေခဲ့သည်။ ဒါက ဘာကိုဆိုလိုသလဲဆိုတာ သိသော အစေခံများသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
ရှည်လျားသောစာရင်းကိုဖတ်ပြီးနောက် လူနာသည် စာရွက်များကို ချေမွကာ ကားလ်တွန်ထံ ပစ်ပေါက်လိုက်သည်။
"အကြောင်းအရာကို အစီရင်ခံစာတင်ရတာက အရမ်းစိတ်အနှောင့်အယှက်ဖြစ်နေလား။ကျွန်မကို ရှင့်ကို ဤသည်မရွေး အစီရင်ခံဖို့ ပြောခဲ့လို့လား။ ဘာလို့လဲ။ ကျွန်မက အဆင့်မြင့်မြို့စားအနွယ်ဝင် မဟုတ်လို့လား။ကျွန်မက အဲ့လောက် ရယ်စရာကောင်းနေလား!"
အန်းသန့်စ်နှင့် ရိုယာသည် မနေ့ညက အဖြစ်အပျက်ကို ပြန်အမှတ်ရမိသွားသည်။ ကားလ်တွန်သည် ယခုမှစပြီး အစီရင်ခံစာ အပြည့်အစုံကို တင်ပါ့မည်ဟု ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ လုပ်ဆောင်လာခဲ့သည်။ လူနာကို စိတ်အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ခဲ့သည်မှာ ထင်ရှားသည်။
"ကျွန်မ အိမ်ကြီးဝယ်တုန်းက အစေခံတွေကို ကောင်းကောင်းဆက်ဆံစရာ မလိုဘူးလို့ ရှင်ပြောခဲ့တယ်နော်။ သနားစရာကောင်းတဲ့ ဘယ်ရွန်စံအိမ်မှာနေတဲ့သူတွေက သူတို့တစ်သက်မှာဒီလို ဆက်ဆံမှုမျိုးကိုဘယ်တော့မှမကြုံရသင့်ဘူးလား။ ကျွန်မကိုမကျေနပ်လို့ အမ်မာကို တိုက်ခိုက်တာလား"
ကားလ်တွန်က ပြင်းထန်သော အသံဖြင့် သူ့ကိုယ်သူ အလျင်အမြန် ကာကွယ်ပြောဆိုလာခဲ့သည်။
"မဟုတ်ဘူး! ငါ မင်းညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့တာပဲလေ! မင်းပြောတဲ့အတိုင်း ငါအားလုံးသတင်းပို့ခဲ့တယ်။ မင်း ဘာလို့ဒီလိုလုပ်တာလဲ!"
"ကျွန်မ ရှင့်ကို အမ်မာကိုတိုက်ခိုက်ဖို့ ပြောခဲ့တာလား။ ကျွန်မ ခွင့်ပြုချက်မပါဘဲနဲ့ ကိစ္စတွေကို စိတ်တိုင်းကျ ကိုင်တွယ်ဖို့ ပြောခဲ့လို့လား။ ကျွန်မကို မလေးစားဖို့ပြောခဲ့လို့လား"
"မင်းက ငါတို့နဲ့ မသက်မသာဖြစ်ပုံရလို့ မင်းအတွက် ပိုလွယ်အောင် ငါကြိုးစားခဲ့တာလေ!"
ဘာလုပ်ပိုင်ခွင့်နဲ့ သူမှန်နေသလိုမျိုး ဒီလောက် မာန်တက်ပြနေတာလဲ။
လူနာသည် ကားလ်တွန်၏ပါးကို ထပ်မံရိုက်လိုက်သည်။ သူ့ဆင်ခြေဆင်လက်များ မည်သို့ပင်ရှိစေကာမူ လူနာကို အသိအမှတ်မပြုဘဲ သူ့ကိုယ်သူ အိမ်ပိုင်ရှင်လို ပြုမူခဲ့သည့်အချက်မှာ မပြောင်းလဲသွားပေ။
"သခင်မလေး!"
လူနာသည် ကားလ်တွန်ကို ထပ်မံရိုက်တော့မည့်အချိန်တွင် နောက်ကျမှရောက်လာသော အမ်မ်ာက ပြေးလာပြီး လူနာ၏ခါးကို ဖက်ကာတားလိုက်သည်။
အမ်မာ၏လက်များသည် အလွန်အေးစက်နေသဖြင့် လူနာ၏နှလုံးသားကို ဓားနဲ့ထိုးနေသလိုခံစားနေရသည်။ လူနာသည် သူမ၏ဒေါသကို မထိန်းနိုင်ဘဲ မီးဖိုချောင်ကဝန်ထမ်းများကို စိုက်ကြည့်လိုက်သည်။
"ကားလ်တွန်နဲ့ မီးဖိုချောင်ဝန်ထမ်းတွေအားလုံး အခုချက်ချင်း ထုပ်ပိုးပြီး ထွက်သွားကြစမ်း။ ငါ နင်တို့ကို လုံးဝမမြင်ချင်တော့ဘူး။ ပြီးတော့…"
လူနာ ခေတ္တရပ်ပြီး ခန်းမထဲ၌ စုဝေးနေကြသော တခြားအစေခံများကို တစ်ချက်ဝေ့ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"နင်တို့အားလုံးကို အလုပ်ထုတ်လိုက်ပြီ။ သခင်က ဘယ်သူလဲဆိုတာတောင် မသိတဲ့ အစေခံတွေကို ငါ မလိုဘူး။အားလုံး ထွက်သွားကြ!"
ပင့်သက်ရှိုက်သံများနှင့် ထိတ်လန့်တကြား အသံများက အခန်းတစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့သည်။
"ငါ..ငါတို့က ဘာမှမမှားဘူးလေ။ဘာလို့ ငါတို့ကိုပါ အလုပ်ထုတ်ရတာလဲ...!"
"ဘေးမှာပဲ ရပ်ကြည့်နေတာကရော အပြစ်တစ်ခုလို့ နင်တို့ မထင်ဘူးလား။ နင်တို့ ဒီကိစ္စကိုသိထားရင် ငါ့ကိုဘာလို့လာမပြောရတာလဲ။ နင်တို့ရဲ့ သခင်ကဘယ်သူလို့ထင်လဲ ဟမ်။ ငါသာရှာမတွေ့ခဲ့ရင် နင်တို့ ငါ့ကိုအမြဲတမ်းလှည့်စားသွားဖို့ စီစဉ်နေတာလား"
သိရဲ့သားနဲ့ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေခြင်းကလည်း ကိစ္စထဲကိုယ်တိုင်ပါဝင်ခြင်းကဲ့သို့ပင် အပြစ်ရှိသည်။ ကားလ်တွန်၏အကျင့်ပျက်မှုကို သိပါက သူတို့ သခင်ဖြစ်သော လူနာကိုအကြောင်းကြားသင့်သည်။
"ငါက အပြစ်ကင်းတယ်!ပြီးတော့ မင်း ဒီအိမ်ကြီးကို ဝယ်လိုက်ကတည်းက ငါတို့ရဲ့ အလုပ်သဘောတူစာချုပ်တွေကို အကန့်အသတ်မရှိ သက်တမ်းတိုးထားတာ မင်းမေ့သွားပြီလား!"
ကားလ်တွန်က မယုံကြည်နိုင်သေးဘဲ စာချုပ်က သူ့ကို ကာကွယ်ပေးမှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလာခဲ့သည်။ စာချုပ်တွင် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ပါက ကြီးမားသောအလုပ်သမားခလျော်ကြေးပေးဆောင်ရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။
လူနာ၏ ဒေါသများ ပျောက်သွားခဲ့သည်။
"စာချုပ်ရပ်ရတဲ့ အကြောင်းရင်းက ကျွန်မဘက်မှာရှိနေရင် ဒဏ်ငွေပေးစရာ မလိုဘူးဆိုတာ ရှင်မသိဘူးလား"
ရပ်စဲမှုအတွက် ခိုင်လုံသောအကြောင်းပြချက်ရှိပါက လျော်ကြေးပေးဆောင်ရန်မလိုအပ်ပေ။
အင်ပါယာ၏ ဥပဒေများက ဒီလိုပဲဖြစ်သည်။
သို့တိုင် ကားလ်တွန် ပြန်လည်ငြင်းခုံခဲ့သည်။
"ငါအရင်ကပြောခဲ့သလိုပဲ ငါက အပြစ်ကင်းတယ်။ မင်းငါ့ကို အလုပ်ထုတ်ရင် ငါက စာချုပ်ကို အခြေခံပြီး တရားဝင် ထုချေစာတင်မယ်။ အာ့!"
ဘုန်း!
သူ၏ စိတ်ပျက်မှုကို ထိန်းထားနေသော အန်းသန့်စ်က ကားလ်တွန်ကို အနောက်ကနေ ဆောင့်ကန်လိုက်သည်။
"မင်းက တကယ့်ကို ရူးနေတာပဲ!"။
အန်းသန့်စ်က ရှပ်အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လဲကျနေသော ကားလ်တွန် ကို ထပ်ကန်လိုက်သည်။
"အား!"
၎င်းက ကန်ချက်နှစ်ချက်သာ ဖြစ်သော်လည်း တစ်ဖက်လူမှာ အန်းသန့်စ် ဖြစ်နေသည်။ အားအပြည့်ထုတ်လိုက်ပါက တစ်ချက်တည်းနဲ့ပင် လူတစ်ယောက်ကို သေသွားစေနိုင်သည်။ အန်းသန့်စ်က ပြင်းထန်သော အကြမ်းဖက်မှုကို စတင်လုပ်ဆောင်လာသည်နှင့်အမျှ ရိုယာလည်း လျင်မြန်စွာ စွက်ဖက်ရတော့သည်။
"သခင်လေး အန်းသန့်စ်! စိတ်လျှော့ပါ။ ကျေးဇူးပြု! သခင်လေး သူ့ကိုသတ်ပစ်မိသွားနိုင်တယ်!"
သို့သော် အန်းသန့်စ်သည် တစ်စုံတစ်ဦး၏ စကားကြောင့် အလွယ်တကူ ချုပ်နှောင်ခံမည့် လူစားမျိုးဆိုပါက ယခုကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားနေလိမ့်မည် မဟုတ်ပေ။
ထို့နောက် လူနာသည် အန်းသန့်စ်၏ ရှေ့သို့ လျှောက်လာခဲ့သည်။ သူမလည်း အန်းသန့်စ်ကို လူသတ်သမား မဖြစ်စေချင်ပေ။
"အန်းသန့်စ် ရပ်လိုက်!"
လူနာ၏ကြားဝင်ပေးသောကျေးဇူးကြောင့် လက်သီးပစ်သွင်းတော့မည့် အန်းသန့်စ်သည် အံ့အားသင့်စရာကောင်းစွာ ရပ်သွားခဲ့သည်။
အန်းသန့်စ်အား အလွယ်တကူ ငြိမ်သက်သွားအောင် လုပ်နိုင်ခဲ့သော လူနာသည် အံ့အားသင့်နေသော အစေခံများကို အမြန်ထွက်ခွာသွားကြရန် အမိန့်ထုတ်လိုက်သည်။
"နင်တို့အားလုံးထွက်သွားဖို့ အချိန်တစ်နာရီရမယ်။ ကျန်နေခဲ့သူ ဘယ်သူမဆို ဥပဒေအရ ထောင်ချခံရမယ်။ ဒီတော့ နင်တို့ရဲ့ပစ္စည်းတွေကို မြန်မြန်ထုပ်ပိုးပြီး ထွက်သွားကြတော့"
သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။ တစ်ချိန်တည်းမှာပင် အော်သံငိုသံများ ထွက်ပေါ်လာခဲ့သည်။ ဤအရာများကြား၌ ယုတ်မာသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသေးသော ကားလ်တွန်သည် နောက်ဆုံးတစ်ကြိမ် ကျိန်ဆဲလိုက်လေသည်။
"မင်း ဒီအကြမ်းဖက်မှုကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား!"
"ဘာလဲ။ကျွန်မကို တရားစွဲမလို့လား။လုပ်လေ ဆက်လုပ်။ ကျွန်မ ရှင့်ကို သေလုမျောပါး ရိုက်ရင်တောင်မှ အလွန်ဆုံးရှိလှ ဒဏ်ငွေပဲ ရိုက်ခံရမှာ။ပြီးတော့ ကျွန်မက ဒီတိုင်းပဲရပ်ကြည့်နေမယ်လို့ ရှင်ထင်လို့လား။ကျွန်မကို လှည့်စားပြီး စံအိမ်ကြီးကို ဖျက်စီးတဲ့အတွက် ရှင် ပြန်ပြီးပေးဆပ်ရအောင် ကျွန်မ သေချာပေါက်လုပ်မှာ"
သူတို့မိသားစုက ဘယ်လောက်ပဲ နိမ့်ကျနေပါစေ မြင့်မြတ်သည့် မြို့စားအနွယ်ဝင်အဆင့်အတန်းရှိနေဆဲဖြစ်သည်။ သာမန်လူကို အကြိမ်အနည်းငယ် ရိုက်နှက်ခြင်းက ကြီးကြီးမားမား ကိစ္စတစ်ခုမဟုတ်ပေ။ ထို့အပြင် ကားလ်တွန်မှ လူနာ အား လှည့်ဖြားရန်ကြိုးစားခြင်းသည် လူနာက သူ့ကိုပါးရိုက်ခြင်းထက်ပို၍ကြီးမားသောရာဇ၀တ်မှုဖြစ်သည်။ သူတို့၏ အဆင့်အတန်း ကွာခြားမှုများကြောင့် ရလဒ်က ရှင်းနေပြီးသားဖြစ်သည်။
လူနာသည် အမ်မာ နှင့် အန်းသန့်စ်တို့၏ လက်များကိုကိုင်ဆွဲကာ မှန်ဥယျာဉ်သို့ မသွားခင် ထိုစကားလုံးများကို ချန်ထားခဲ့လိုက်သည်။
အန်းသန့်စ်သည် ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရသော သူ့လက်ကို အံ့အားသင့်စွာ ငုံ့ကြည့်ပြီး သူ့ကိုယ်သူ လူနာ၏ ဦးဆောင်မှုနောက်သို့ လိုက်ခွင့်ပြုလိုက်သည်။
၎င်းတို၏ ကိုယ်ပိုင်ပစ္စည်းများကို အလျင်အမြန်ထုပ်ပိုးပြီး ငိုကြွေးနေကြသော အစေခံများကြားတွင် ကားလ်တွန် သည် သူ့ကို အလုပ်ခန့်ခဲ့သော မားကွစ်မြို့စားနှင့် သူ၏ရင်းနှီးသောမိတ်ဆွေဖြစ်သည့် မားကွစ်အိမ်တော်ထိန်း အကြောင်းကို တွေးလိုက်သည်။
ဟုတ်တယ်! သူတို့အကူအညီကို ရှာရမယ်။သူ့ မကျေနပ်ချက်တွေကို ထုတ်ပြောတာနဲ့ သူတို့ကူညီမယ်ဆိုတာ သေချာတယ်!
* * *
"သခင်မလေး… ကျွန်မ တောင်းပန်ပါတယ်။ အစကတည်းက ပိုကောင်းကောင်း ပြုမူခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး…"
လူနာသည် မျက်နှာကို လက်ဖဝါးထဲတွင် မြှုပ်ထားရင်း မျက်ရည်များ ကျနေသော အမ်မာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"အမ်မာ၊ နင်က ခံရသူလေ။ ကိုယ့်ကိုကိုယ် ဘာလို့ အပြစ်တင်နေတာလဲ။ ဒီအရှုပ်အထွေးကို ဖန်တီးတဲ့သူတွေကမှ တကယ့်အမှိုက်တွေပဲ"
"ဒါပေမယ့် ကျွန်မ စိတ်မကောင်းဖြစ်မိတုန်းပဲရယ်..."
"ဒါဆိုရင် ငါလည်း ဒီလိုဆင်းရဲတဲ့ မိသားစုထဲ မွေးဖွားလာတဲ့အတွက် တောင်းပန်သင့်တယ်။ နင် အဲ့ဒါကိုကြားချင်လား"
လူနာ၏ မိမိကိုယ်ကို နှိမ့်ချပြောဆိုမှုကြောင့် လန့်ဖျပ်သွားပြီး အမ်မာသည် ချက်ချင်း ခေါင်းခါပြလိုက်သည်။
"ဒါဆို ဒီအကြောင်းကို ထားလိုက်ကြရအောင်။ ငါသူတို့အားလုံးကို အခုအလုပ်ထုတ်ပစ်လိုက်ပြီ။ အနာဂတ်မှာ ငါတို့ သင့်တင့်လျောက်ပတ်တဲ့လူတွေကို အလုပ်ခန့်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပဲ ကျန်တော့တယ်"
လူနာသည် သူတို့အကြောင်း မပြောချင်တော့ပေ။ သူတို့အကြောင်း တွေးလိုက်ရုံနဲ့တင် သူမ သွေးများ ဆူပွက်လာရသည်။
သူတို့ တရားစွဲလာပါက သူမဘက်မှ တရားဥပဒေအာဏာ၊ အဆင့်အတန်း၊ အခွင့်အာဏာတို့ကို အသုံးချပြီး ကိုင်တွယ်လိုက်လို့ရသည်။ ဒါက လူကိုယ်တိုင်ဒေါသထွက်တာထက်ပင် ပို၍ထိရောက်သည်။
"မင်းရဲ့အမူအရာကိုကြည့်ရသလောက်တော့ နောင်တရနေပုံမပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် တရားစွဲခံရတော့မှာကို အနည်းဆုံးတော့ အရိုးတစ်ချောင်းလောက် ချိုးလိုက်တာက ပိုမကောင်းဘူးလား"
အန်းသန့်စ်က သူတို့ပြန်သွားပြီး လက် သို့မဟုတ် ခြေထောက်ကို ချိုးပစ်သင့်သည်ဟု အကြံပေးလာကာ သူ့ထိုင်ခုံမှ ထရပ်လိုက်သော်လည်း လူနာ သူ့လက်ကို ဆုပ်ကိုင်၍ ပြန်ထိုင်ခိုင်းလိုက်သည်။
"ဒီတိုင်းပဲနေ။ ရိုက်ရမယ်ရှိလည်း ကျွန်မဘာသာလုပ်မယ်။ လူတွေကိုရိုက်ရုံနဲ့တင် ကိစ္စတွေပြေလည်သွားမယ်ဆိုရင် ရှင် အဓိကဇာတ်လိုက်ဖြစ်နေမှာကြာပေါ့"
"အဲဒါက... ဘာကိုဆိုလိုတာလဲ"
လူနာ၏ အဓိကဇာတ်လိုက်ဟု ရုတ်တရက်ဖော်ပြလာခြင်းကြောင့် စိတ်ရှုပ်ထွေးသွားပြီး အန်းသန့်စ်သည် မျက်ခုံးပင့်လိုက်သည်။
တုံ့ပြန်သည့်အနေဖြင့် လူနာသည် အလျင်စလို ဆင်ခြေတစ်ခုကောက်ရှာပြီး ရိုယာကို တစ်နည်းနည်းဖြင့် ဆွဲထည့်လိုက်သည်။
"ရှင် ရိုယာ့ရဲ့ အမူအရာကို မမြင်ဘူးလား။ရှင် တစ်ခုခုလုပ်တဲ့အခါတိုင်း သူက ပိုထိတ်လန့်သွားတာကြီး"
လူတိုင်း၏အကြည့်များသည် ရိုယာဘက်သို့လှည့်သွားသော်လည်း မမျှော်လင့်စွာပဲ ရိုယာကတော့ အန်းသန့်စ်၏လက်ကိုကိုင်ထားသော လူနာအား အာရုံစိုက်နေခဲ့သည်။
"အဲ့ဒီ ချဉ်နေတဲ့မျက်နှာဘေးက ဘာလဲ"
အန်းသန့်စ်၏ ထက်ရှ ဝေဖန်မှုကြောင့် ရိုယာ၏ အကြည့်များသည် လူနာ နှင့် အန်းသန့်စ်တို့၏ ယှက်သန်းနေသော လက်များဆီမှ ဖယ်ခွာသွားခဲ့သည်။
"မဟုတ်ဘူး၊ ကျွန်တော်က ဒီလိုမျိုး အဆက်အသွယ်ရလို့ ဘယ်လောက်ကံကောင်းလိုက်လဲလို့ တွေးနေတာပါ။ ဒါပေမယ့် လေဒီလူနာ မင်းရဲ့လက်…"
ရိုယာသည် လူနာ၏ လက်ကို ညွှန်ပြလိုက်သည်။
"အဲ့ဒါက အရမ်းနီပြီး သွေးထွက်တော့မလိုပဲ။ အဆင်ပြေရဲ့လား"
"…!"
သူမ၏ လက်ဖဝါးမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ရုတ်တရက် လူနာ၏ မျက်နှာက နီရဲလာခဲ့သည်။
"အောက်ခ်ျ! နာလိုက်တာ! အရမ်းနာတာပဲ!"
"သခင်မလေး!"
"လော်ရာ! အခုချက်ချင်း ရေအေးတစ်ခွက်သွားယူလိုက်။ ပြီးတော့ မျက်နှာသုတ်ပုဝါရောပဲ!"
မကြာသေးမီက လူတိုင်းသည် သတ်ပစ်ရန် အဆင်သင့်ဖြစ်နေခဲ့ကြသော်လည်း ယခုတော့ အားလုံး အထိတ်တလန့် ဖြစ်နေကြသည်။
အန်းသန့်စ်က အေးသောအရာတစ်ခုကို အလျင်အမြန် ရှာဖွေနေသည်ကို ကြည့်ရင်း ရိုယာသည် မပြုံးဘဲ မနေနိုင်တော့ပေ။ ဒီအခြေအနေအရ အနာဂတ်တွင် သူစောင့်မျှော်ရကျိုးနပ်လိမ့်မည်ဖြစ်သည်။
"ပြုံးနေမယ့်အစား မင်းလည်း ရေတစ်ချို့သွားယူပေးသင့်တယ်"
ထင်သည့်အတိုင်း ရိုယာသည် အန်းသန့်စ်ထံမှ အငေါက်ခံလိုက်ရသဖြင့် ဖန်ဥယျာဉ်ထဲမှထွက်ကာ လော်ရာနောက်သို့ အမြန်လိုက်သွားခဲ့တော့သည်။
TK Team