Chapter 77
Viewers 5k

🌌Chapter 77



"အခု မင်းသဘောပေါက်ပြီးဆို ပြန်သွားလိုက်ပါ..."

လုမော့ ပြောလိုက်၏။


"ဟုတ်ကဲ့ပါ..."


မောလ်ကို တွေ့ပြီးနောက် လုမော့ ကုလားထိုင်ပေါ် လဲကျသွားပြီး လုံးဝအားကုန်သွား၏။


သူက ဤစကားဝိုင်းကို နားမလည်သော်လည်း ကြီးကြီးမားမား အံ့သြသွား၏။


သူ စနစ်အား အားနည်းစွာ မေးလိုက်၏။

"စနစ်...အရင်က ငါတို့ ဒီလိုလေးနက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ခဲ့သလား..."


စနစ်၏ အသံက သူ့ထက် ပိုစိတ်ရှုပ်သွားပုံပင်။

[ဒါက သာမန်ဆိုရင် လစ်ဟာနေတဲ့ ဇာတ်ညွှန်းလိုပဲ...]


လုမော့ ခဏတာ နှုတ်ဆိတ်နေပြီး ပြောခဲ့သည်။

"အရာရာက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ငါထင်တယ်...မဟုတ်ရင် ငါ့ကို ဘာလို့ အဆင့်မြှင့်ဖို့ အမြဲတမ်း တိုက်တွန်းချင်တာလဲ..."


စနစ်က အပြစ်ကင်းစွာပြောခဲ့၏။

[ဒါက ငါ့ရဲ့ ကျွမ်းကျင်မှုပဲလေ...]


လုမော့: […]


စနစ်- […]


နောက်ဆုံးတွင် စနစ်က ကိုးရိုးကားယား တိတ်ဆိတ်မှုကို ခက်ခက်ခဲခဲ ချိုးဖျက်လိုက်ပြီး အကြံပြုလိုက်၏။

[မဟုတ်ရင် ဇာ့ဂ်ဘုရင်မကို လုပ်ကြံဖို့ တာဝန်အစား ဇာ့ဂ်ဧကရာဇ်လုပ်ကြံဖို့ ပြောင်းလိုက်ရင်ကော ဘယ်လိုလဲ…]


[မင်းနောက်နေတာလား…]


【QQQ】


လုမော့ လက်ဆန့်၍ သူ့မျက်လုံးများကို ဖုံးအုပ်လိုက်၏။


"စနစ်…"

သူ ပြော၏။


စနစ်- [ဟင်…]


"ငါ အခုမှ သေမှာကို ကြောက်နေပြီ…"


[ဘာလို့လဲ…]


လုမော့၏ ပါးစပ်ထောင့်များ တွန့်သွားပြီး သူပြုံးချင်သော်လည်း အဆုံး၌ လက်လျှော့လိုက်ပြီး သက်ပြင်းချလိုက်၏။

[စနစ် ငါက အရမ်းအေးချမ်းတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့တာ…]


သို့သော် ထိုငြိမ်းချမ်းရေးက ပါးလျသော လေထုထဲတွင် ပျောက်ကွယ်သွားပုံပင်။


ထိုငြိမ်းချမ်းရေးကို ဖန်တီးရန်အတွက် သူ့လို ပုံမှန်လူ မည်မျှ အသက်ပေးလှူခဲ့ပြီး သူ့လို သာမန်လူက မနက်ဖြန် အသက်ရှင်နိုင်ပါ့မလားဆိုသည်ကို မစိုးရိမ်သလို သူ ယနေ့ည ချွတ်ထားသည့် ဖိနပ်ကို မနက်ဖြန် ဝတ်၍ရမည်လားလည်း မစိုးရိမ်ပေ။


သို့သော် ထိုဘိုးဘေးများက ကိုယ်ကျိုးစွန့်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို မသိခဲ့ကြပေ။


လုမော့က ငြင်သာစွာ ပြောလိုက်၏။

"ဒါက ကာတွန်းဇာတ်လမ်းမဟုတ်ဘူး...ငါကလည်း ဇာတ်လိုက်မဟုတ်ဘူးလေ... ချစ်ခြင်းမေတ္တာနဲ့ သတ္တိရှိသရွေ့ အောင်မြင်နိုင်မှာပါ..."


လူများ သေကြေကြလိမ့်မည်။


လုမော့က သာမာန်လူသာမန်တစ်ယောက်သာဖြစ်၏။ သူက အရည်အချင်းကောင်းများမရှိသည့်အပြင် မိုင်ထောင်ချီဝေးကွာသော အစီအစဉ်များကို မပြုလုပ်နိုင်ကြောင်း သူကိုယ်တ်ိုင်သိသည်။


သူ မလုပ်နိုင်ဘူး—ဒါမှမဟုတ် မလုပ်ရဲဘူးလို့ ပြောသင့်တယ်…

သူက လူများစွာ၏ မျှော်လင့်ချက်ကို ပခုံးပြောင်းပြီး မထမ်းဆောင်ဝံ့ချေ။


ငါ လမ်းမှားသွားရင် ဘာဖြစ်မလဲ...ဘာတွေရော ဖြစ်လာမလဲ...


စနစ်က တုန်လှုပ်သွားသော်လည်း လုမော့ကို နှစ်သိမ့်ရန် စကားလုံးရှာမတွေ့ခဲ့ချေ။


သူ ယခင်က လမ်းပြပေးခဲ့သော ပိုင်ရှင်များက တိကျပြတ်သားပြီး ရည်မှန်းချက်ကြီးသူများဖြစ်သည်။ စနစ်က ဘေးမှ ကူညီရန်သာ လိုအပ်သည်။


လုမော့ကဲ့သို့ နူးညံ့ပြီး ကပ်တွယ်တတ်သူမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ့မှာ ခန္ဓာကိုယ်ရှိမည်ဆိုပါက  စနစ်က သူ့ခေါင်းကို အမြန်ကုတ်မိမည်ဖြစ်သည်။


အဆုံးတွင် စနစ်က ကို့ရိုးကားယား ပြောလိုက်၏။

[နည်းလမ်းတစ်ခုရှိရမှာပါ…]


လုမော့ စကားမပြောပေ။


သူနှင့် ပတ်သက်သည့် အရာအားလုံးက အတုအယောင်မိားဖြစ်သည်ကို ယခု သူ သတိပြုမိသွားပြီး သူက လူတိုင်းကို လှည့်စားခဲ့၏။


ထို့နောက် သူက ဤနေရာတွင် ထာဝရနေချင်ခဲ့၏။


——


လင်း ပြန်ရောက်သောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။


လုမော့က ကုတင်ပေါ်တွင် တည့်တည့်လှဲ၍ မျက်နှာကျက်ကို ဗလာအကြည့်ဖြင့် ကြည့်နေ၏။ ဘယ်ဘက်မျက်လုံးတွင် "ဝမ်းနည်းခြင်း" နှင့် ညာဘက်မျက်လုံးတွင် "ကံဆိုးခြင်း" ဟု ရေးသားထားပေသည်။


သူ လျှောက်သွားကာ ကုတင်ပေါ်တွင် ဒူးထောက်ထိုင်၍ လုမော့ကို ငုံ့ကြည့်လိုက်၏။

"အို...ဘာကိစ္စဖြစ်လို့လဲ ငါ့ရဲ့ချစ်ရတဲ့ အမျိုးသားသခင်လေး..."


လုမော့က စိတ်ဆိုးစွာဖြင့် ခေါင်းကို လှည့်လိုက်၏။

 "မင်း နားမလည်ပါဘူး..."


ယခင်ကဲ့သို့ ဟန်ဆောင်ထားသောလေသံက ပျောက်ကွယ်သွားခဲ့သည်။


လင်း အံ့သြသွားသည်။ သူက မျက်ခုံးပင့်လိုက်ပြီး လုမော့ကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်၍ နှစ်ယောက်သား ကုတင်ပေါ် လိမ့်ကာ ကျသွား၏။ 


လင်းက လုမော့၏ ပုခုံးပေါ် မေးစေ့ကို ဖိထား၏။ လုမော့က သူ့ကို အားနည်းစွာ တွန်းလိုက်သည်။

"မင်းက တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ..."


သို့သော် သူ့ခွန်အားက အလွန်နည်းနေပြီး အလိုလိုက်ခံထားသလိုပင်။


လင်းက လုမော့၏ ဤကဲ့သို့သောပုံစံမျိုးကိုကိုင်တွယ်ရန် ဘာမှမလုပ်နိုင်ပေ။ အမှန်တွင် သူက လုမော့ကို မည်သည့်အခါကမှ မကိုင်တွယ်နိုင်‌ခဲ့ပေ။


နောက်အခိုက်အတန့်တွင် လင်းက စောင်ကို ဆွဲကိုင်လိုက်ပြီး သူ့ကိုယ်သူသာမက လုမော့ကိုပါ တင်းတင်းကြပ်ကြပ်ထုပ်ပိုးလိုက်၍ နှစ်ယောက်လုံး အသက်ရှူရခက်သွားကြ၏။


လင်း ခေါင်းမော့ပြီး လုမော့၏ မျက်နှာကို သူ့ပါးပြင်ဖြင့် ဖိလိုက်ပြီး ‌ပြောလိုက်၏။

"ဟမ်...မင်းက ငါ့ကို မကြိုက်ဘူးပေါ့..." 


လုမော့က ဒေါသတကြီးဖြင့် အော်လိုက်၏။

"ကိုယ် အရေးကြီးကိစ္စတွေးနေတာ...မင်း ကိုယ့်ရဲ့ အတွေးတွေကို နှောင့်ယှက်နေတာလေ..."


လင်းက တည်ငြိမ်စွာ မေး၏။

"မင်းရဲ့ အရေးကြီးဆုံးကိစ္စက..."


"ငါ့ကို လုပ်ဖို့ပဲ...ဟုတ်တယ်မလား..."


လုမော့ အေးခဲသွား၏။ 

"မင်း...မင်း..."


"ဟုတ်ပါပြီ...ဟုတ်ပါပြီ...ဟုတ်ပါပြီ..."

လင်းက ဆက်ပြော၏။

"ငါက အရှက်မရှိဘူး...ငါက လူယုတ်မာ၊ ယုတ်ညံ့တယ်၊ အောက်တန်းကျတယ်၊ ယုတ်မာတယ်... ငါက လူယုတ်မာပဲ..."


လုမော့: "..."


သူ အလွန်ဒေါသထွက်လာ၏။


လင်း၏ ပွေ့ဖက်မှုမှ သူရုန်းကန်ခဲ့ပြီး ဤမရိုးသားသော အမျိုးသမီးဇာ့ဂ်နှင့် ဝေးဝေးနေချင် သော်လည်း ဝမ်းနည်းစရာမှာ ယခု သူက S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်နေသော်လည်း သူ၏ ခွန်အားက လင်းထက်ပင် မသာသေးပေ။


လင်းက အောင်မြင်စွာ ပြုံးလိုက်သည်။


လုမော့ လင်း၏ နားရွက်ကို ဒေါသတကြီး ကိုက်လိုက်ရာ လင်း၏ မသဲမကွဲအသံကို ကြားလိုက်ရသည်။

"ခဏ...ခဏစောင့်ပါဦး..."


ဝေဝေဝါးဝါးလေထုနှင့်အတူ သူ့အသံက တုန်ရီနေ၏။


လုမော့ ရပ်သွားပြီး လင်းက သူ့နားရွက်ကို ဘယ်တော့မှ မထိမိအောင် ထိန်းထားတတ်ကြောင်း သိလိုက်ရ၏။


သူက မသိလိုက်မသိဘာသာ သူ့သွားစွယ်များဖြင့် ပွတ်သပ်လိုက်၏။ လင်းက တစ်ကိုယ်လုံးကို ခါယမ်းကာ သူ့လက်များကို အားလျှော့လိုက်၏။ ထိုအခွင့်အရေးကို ယူပြီး လုမော့က စောင်ကို ရုတ်တရက် လှန်လိုက်၏။


အပြင်ဘက်ရှိ ကောင်းကင်က မှိန်ဖျော့နေပြီး မိုးအဆက်မပြတ်ရွာနေ၏။ အခန်းထဲတွင် အလင်းရောင်က အလွန်မှိန်နေသော်လည်း လုမော့က လင်း၏ မျက်နှာကို ရှင်းရှင်း လင်းလင်းမြင်ရသေး၏။


လင်း၏ သူငယ်အိမ်များ ကျယ်လာပြီး နားရွက်များ နီရဲကာ သွေးထွက်လုမတတ်ပင်။ သူက တွန့်ကွေးကာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ အုပ်ထား၏။


လုမော့ လင်းကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း လင်းက အသက်ရှူပြင်းကာ တုန်ရီနေသည်ကို ကြည့်ပြီး မေးလိုက်၏။ 

"မင်း ဘာ...မင်းဘာဖြစ်နေတာလဲ..."


ထိုလှပနီရဲသော မျက်လုံးများထဲတွင် ရင်းနှီးသော အလင်းရောင်တစ်ခု ရှိနေ၏။


လုမော့ ယခင်က ယ ဘာလဲဆိုသည်ကို မသိခဲ့သော်လည်း မကြာသေးမီကမှ သူ တဖြည်းဖြည်း နားလည်လာခဲ့၏။


လင်းက သူ့ကို ထွက်ပေါက်မှ ပြန်ဆွဲထုတ်လိုက်ချိန် လုမော့က ထိုအရာကို သေချာသိသွား၏။


လင်းက သူ့ကို လေးလေးနက်နက် ချစ်မြတ်နိုး၏။


"ကိုယ်…"

လုမော့၏ ထုံးစံအတိုင်း ပါးစပ်ပိတ်ကာ မာနကြီးဟန်ဆောင်ပြီး လင်းထံ မရေမတွက်နိုင်သော ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများ ပြုလုပ်မည်မှာ အသေအချာပင်။


လင်းကို ဟိုနည်း သည်နည်းများနှင့် နည်းလမ်းအမျိုးမျိုး ခိုင်းစေမည်ဖြစ်သည်။


သို့သော် ယခုအချိန်တွင် သူရုတ်တရက် မလုပ်ချင်တော့ချေ။


တစ်ယောက်ယောက်က ငါ့ကို ဒီမျက်လုံးမျိုးနဲ့ကြည့်တာ ဒါပထမဆုံးအကြိမ်ပဲ... ငါ့ရဲ့ ဆိုးရွားတဲ့ခံစားချက်အားလုံးကို သူတို့သည်းခံနိုင်လိမ့်မယ်လို့...


အကျယ်ကြီး ပြောလို့ရမလား...


"ကိုယ်…"


လုမော့က ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်၏။

"ကိုယ် မင်းကို လိမ်ခဲ့တယ်...ဒါပေမယ့် ကိုယ် မင်းကို အမှန်အတိုင်း မပြောနိုင်ဘူး..."


" ကိုယ် လူတိုင်းကို လိမ်ခဲ့တယ်...ဒါပေမယ့် ကိုယ် ဘာမှမတတ်နိုင်ဘူး..."


လုံးဝနားမလည်နိုင်သည့် အပိုင်းများစွာကို သူနေပြောသော်လည်း လင်းနားလည်ရန် မမျှော်လင့် ထားဘဲ သူ့ကိုယ်သူသာ ခပ်တိုးတိုးပြောနေ၏။


"လင်း ကိုယ်က အမှိုက်ကောင်လား..."

အင်း...ဒါအမှန်ပဲ...ငါက S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်ရင်တောင်မှ အမှိုက်ကောင်တစ်ကောင်ပဲလေ…


လင်း သက်ပြင်းချလိုက်၏။


"အဆင်ပြေတယ်...လုမော့..."

သူ လုမော့၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ထပ်ခါတလဲလဲ ပြောလေ၏။

"အဆင်ပြေပါတယ်..."


လုမော့ အလွန်စိတ်ဓာတ်ကျကာ ခေါင်းငုံ့လိုက်၏။ ၎င်းမှာ သူ အသွင်မပြောင်းလဲမီကကဲ့သို့ နူးညံ့ပြီး ခပ်ပျော့ပျော့အမျိုးသားဇာ့ဂ်ပုံဖြစ်၏။


လင်း လုမော့၏ပါးကို အခြားလက်ဖြင့် ထောက်ကာ မျက်နှာကို သူ့ဘက်သို့လှည့်ပြီး ပြောလိုက်၏။

 "ငါ စိတ်မဆိုးပါဘူး..."


"အတုဖြစ်ရင်တောင် ကိစ္စမရှိပါဘူး...မင်း ငါ့ကို လိမ်လည်ထားရင်တောင် အဆင်ပြေတယ်...ငါ ဘာကိုမှ စိတ်ထဲမထားပါဘူး...."


လုမော့က သူ့ကို ကြောင်အစွာ စိုက်ကြည့်နေ၏။

 "ဒါပေမယ့်..."


လင်း လုမော့ကို ကြင်နာစွာ ကြည့်လိုက်၏။


"မင်း တကယ်လို့ ငါ့ကို လိမ်ပြောခဲ့တယ်ဆိုရင်လည်း ဆက်ပြီးလှည့်စားနေလိုက်ပါ…ငါတို့အားလုံး နတ်ဘုရားဇာ့ဂ်ရင်ခွင်ထဲကို ပြန်မရောက်မချင်း လှည့်စားနေပါ..."


"မင်း ဘယ်လိုလူပဲဖြစ်ဖြစ် ငါ မင်းကို ချစ်တယ်..."


လုမော့က သူ့နှလုံးသားကို လက်ဖြင့် ဖိလိုက်ပြီး အသံက ခပ်အက်အက်ဖြစ်နေ၏။

"ဒါပေမယ့် ကိုယ် ဘာမှမတတ်နိုင်ဘူးလေ..."


လင်းက အသံတိုးတိုးဖြင့် ရယ်လိုက်ပြီး ထိုရယ်မောသံက ချိုမြိန်သော တယောသံလိုပင်။ လုမော့လက်တစ်ဖက်ကို ယူကာ ရင်ဘတ်ပေါ် ဖိလိုက်သည်။


"ဘယ်သူပြောတာလဲ မင်းမလုပ်ခဲ့ဘူးလို့..."


"မင်း ငါ့ကို ကယ်ခဲ့တယ်လေ..."


"တခြားအရာတွေ အတွက်ကောပေါ့..."

လင်းက လုမော့အနားကို မှီပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

 "လုမော့ ငါတကယ်အဆင်ပြေတယ်..."


"မင်း လုပ်ချင်တာရှိသလောက် ငါလုပ်ပေးနိုင်တယ်..."


လုမော့က သူ့ခေါင်းကို ငုံ့ထားပြီး ရေတစ်စက်က သူ့အင်္ကျီပေါ် ကျဆင်းလာ၏။ လင်း၏ ရင်ဘတ်ကို ဖိထားသည့် သူ့လက်များက အနည်းငယ် တုန်ခါသွား၏။


ဤနေရာတွင်နေခဲ့ရန် ရွေးချယ်ရခြင်းက အလွန်ကောင်းမွန်၏။


——


ပြတင်းပေါက် အပြင်ဘက်တွင် အဆုံးမရှိ လေပြင်းနှင့် မိုးရေများ ရွာသွန်းနေကာ တစ်ကမ္ဘာလုံး မိုးရွာနေသကဲ့သို့ပင်။


မီးရောင်များ တဖျပ်ဖျပ်လက်နေပြီး အခန်းက မွှေးရနံ့များနှင့် ပြည့်နေ၏။


တစ်ညကြာပြီးနောက် လေနှင့် လှိုင်းများက တဖြည်းဖြည်း ငြိမ်သွား၏။


လုမော့က ငှက်များ၏ သီချင်းကို ကြားသောအခါတွင် မျက်လုံးမှေးမှိန်မှိန်မှိတ်ဖွင့်လိုက်ရာ ပြတင်းပေါက်မှ ကြည့်နေသော ငှက်ငယ်လေးတစ်ကောင်ကို မြင်လိုက်ရပြီး ပျံထွက်သွားသည်။


နွေရာသီ၏ နောက်ဆုံးမိုးက ရပ်သွားပြီဖြစ်သည်။


နွေရာသီ ကုန်ဆုံးသွားပေပြီ။


------------


မိခင်ဇာ့ဂ်၏ ကျေးဇူးတော်ပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း အတူတူပင်။


ဇာ့ဂ်ဧကရာဇ်၏ ကောင်းချီးမင်္ဂလာကို ခံယူပြီးနောက် အမျိုးသမီးဇာ့ဂ်အား ဇာ့ဂ်ဘုရင်မ၏ ကျေးဇူးတော်ကို လက်ခံကာ ဗိမာန်တော်ထဲသို့ ဝင်ခွင့်ပြုခဲ့၏။


ထိုကျေးဇူးတော်ပေးခြင်းက ဇာ့ဂ်ဘုရင်မ၏ သွေးပင်။


ထိုသွေးထဲတွင် မှော်အစွမ်းရှိပြီး သောက်သုံးပြီးနောက် အမျိုးသမီးဇာ့ဂ်များက ကျန်းမာသန်စွမ်းပြီး သန်မာသော အမျိုးသားဇာ့ဂ်မျိုးဆက်များကို မွေးဖွားနိုင်၏။


နန်းတော်ထဲ စောင့်နေသည့်အချိန်အတောအတွင်း ကျေးဇူးတော်လက်ခံချိန်တွင် ကျင့်သုံးရမည့် ကျင့်ဝတ်အားလုံးကို သွန်သင်ပေးမည့် အထူးပုရောဟိတ်များ ရှိပေသည်။


အခန်းထဲတွင် နေရသော လုမော့နှင့်မတူဘဲ လင်းက ယခုရက်ပိုင်းတွင် အလုပ်များနေသည်ဟု ဆိုနိုင်၏။ ပြန်လာပြီးနောက် သူက လုမော့၏ ကလေးဆန်မှုနှင့် မောက်မာသောစွပ်စွဲချက်များကို ရင်ဆိုင်မည်ပင်။


အကန့်အသတ်မရှိပင်။


လင်း စာဖတ်နေချိန်တွင် လုမော့က သူ့လက်ထဲမှစာအုပ်ကို တွန်းဖယ်လိုက်ပြီး ကုတင်ပေါ်ကို ဆွဲတင်လိုက်၏။


သူက ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

"တကယ်ပဲ...  ဒီအချိန်မှာ လုပ်ချင်နေတာလား..."


လုမော့က သူ့မေးစေ့ကို မော့လိုက်ပြီး မျက်ခုံးမွှေးများက တအံ့တသြ ပျံထွက်လုနီးပါးဖြစ်သွားသည်။

"ချစ်လှစွာသော အိမ်သူဘုရင်မလေးရေ...မင်း ကိုယ့်ကို ပျားရည်ဆမ်းခရီးတစ်လျှောက်လုံး အကြာကြီး အနှောင့်အယှက်ပေးခဲ့တာလေ...အရင်ကတော့ မရပ်မနား သွေးဆောင်ဖြားယောင်းပြီး လာလာစပြီးတော့ နောက်ဆုံး ကိုယ့်ဘက်က တုံ့ပြန်လာတော့ မင်းက ငြင်းတယ်ပေါ့...ဒီလိုသဘောထားမျိုးကို ဘယ်လိုခေါ်လဲ သိလား..."


လင်း၏မျက်နှာ နီရဲသွား၏။

"ဘယ်လိုလဲ…"


လုမော့က အေးအေးဆေးဆေး ပြောလိုက်၏။

"အဲဒါကို အမှိုက်လို့ ခေါ်တယ်..."


လင်း ညည်းတွားပြီး သူ့မျက်နှာကို စာအုပ်ဖြင့် အုပ်လိုက်၏။

 "အို ဇာ့ဂ်နတ်ဘုရားရေ... အဲဒါ ငါ မင်းကို နှစ်သိမ့်ဖို့ သက်သက်ပဲလေ..."


လုမော့က S အဆင့်အမျိုးသားဇာ့ဂ်အဖြစ်သို့ ပြောင်းလဲပြီးနောက် အမှိုက်ကောင်အစစ်အမှန် ဖြစ်လာရန် ထိုက်တန်လာခဲ့သည်။

ငါက နှလုံးသားမဲ့တယ်...ရက်စက်တယ်...ကျိုးကြောင်းမသင့်ဘူး...


လင်း၏ ပျော့ညံ့သောငြင်းဆန်မှုကို သူ ရိုးရိုးရှင်းရှင်း လျစ်လျူရှုပြီး လင်းမျက်နှာပေါ်မှ စာအုပ်ကိုပစ်ချကာ သူ့လက်ကို ဆုပ်ကိုင်ပြီး ကုတင်ပေါ်သို့ လျှောက်သွားလိုက်၏။


သူတို့ ခဏမျှ ကုတင်ပေါ်မှာ ထိုင်ကြ၏။


ထို့နောက် ခဏမျှ ထိုင်ခုံမှာ ထိုင်ကြ၏။


ထို့နောက် ခဏမျှ ကြမ်းပြင်ပေါ်မှာ ထိုင်ကြ၏။


လင်းက တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

"မဟုတ်...မဟုတ်ဘူး...မင်း မြေကြီးပေါ်မှာ ထိုင်လို့မရဘူး...အေးလွန်းတယ်..."


လုမော့ ရပ်သွား၏။

"ဒါဆို လသာဆောင်မှာ ထိုင်ရင်ကော...နေရောင်က အရမ်းကောင်းတယ်လေ..."


လင်း၏မျက်နှာ နီသွားပြီး သူက ထိုအရာကို မသင့်တော်ဟု တွေးမိသော်လည်း လုမော့၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ပြီး သူ့မျက်စိမှိတ်လိုက်ကာ အလိုလိုက်ရတော့၏။ 


ပထမတွင် သူအနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း နောက်ဆုံး စိတ်သက်သာရာရသွား၏။ သူတို့ သပ်သပ်ရပ်ရပ် ထိုင်သည်ဖြစ်စေ မထိုင်သည်ဖြစ်စေ သူအာရုံမစိုက်နိုင်တော့ပေ။ လင်း၏ အကြီးကျယ်ဆုံးသော အားထုတ်မှုက ထိုနေရာတွင် မမေ့မြောသွားရန်ပင်။


မည်သူမှ အသေးစိတ်ကို မသိသော်လည်း သူတို့က လင်းကို ဤသို့ လေးစားစွာ မေးကြမည်ဖြစ်၏။

"ဗိုလ်မှူး...မင်းတကယ် အလုပ်ကြိုးစားတာပဲ..."


ဒီလို အမျိုးသားဇာ့ဂ်မျိုးက အရမ်းမိုက်တာပဲ...အရမ်း အမိုက်ဆန်လွန်းလို့ လက်မခံနိုင်လောက်အောင်ပဲ...


--------


"ငါလည်း သွားရမှာလား..."


ထမင်းစားပွဲတွင် လုမော့က ပေါင်မုန့်တစ်ကိုက်ကို မျိုချလိုက်ပြီး လင်းကို တအံ့တသြကြည့်ရင်း ပြောလိုက်သည်။ 

"အရင်က ဖြစ်ဖူးလို့လား..."


ယနေ့တွင် လင်းက သတင်းဆိုးတစ်ခု ယူဆောင်လာ၏။


နှစ်ထောင်ပေါင်းများစွာကြာပြီနောက် S အမျိုးသားဇာ့ဂ်တစ်ဦးက ဇာ့ဂ်မျိုးနွယ်တွင် ပေါ်လာခဲ့၏။ ထိုပျော်ရွှင်စရာပွဲကို ကျင်းပရန်အတွက် ဇာ့ဂ်ဘုရင်မက လုမော့နှင့် လင်းကို တစ်ချိန်တည်း ကျေးဇူးတော်ပေးမည်ဟု ဆုံးဖြတ်ခဲ့၏။


ဆိုလိုသည်မှာ အခုချိန်မှစပြီး လုမော့က သူ၏ ဇိမ်ခံသောက်စားပျော်ပါးသည့်၊ အလုပ်လက်မဲ့ နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်သည်။ သူ ကိစ္စအမျိုးမျိုးနှင့် အလုပ်များတော့မည်ဖြစ်၏။ 


လုမော့ ဒေါသတကြီးဖြင့် မုန့်ကို အပေါက်များ ပေါက်အောင် ထိုးလိုက်၏။


ငါ့မှာ စိတ်ကူးတွေ အများကြီးရှိသေးတယ်လေ...


စနစ်က သူ့စိတ်ထဲ ပင့်သက်ရှိုက်လိုက်၏။

 [မင်းအရင်က ဒီလိုမဟုတ်ဘူးလားလို့...]


သူ လင်းကိုရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲပင်။


လုမော့ရဲ့မျက်နှာက အလေးအနက်ပုံဖြင့် ပြောလိုက်သည်။

" အဲဒါကြောင့်ဖြစ်နိုင်တယ်…နောက်ဆုံးတော့ ငါက လူသားတစ်ယောက်လို မပြုမူတော့ဘူးလေ..."


စနစ်- […...]


သူက ဒီ S အဆင့်ကို ဂုဏ်ယူစရာလို့ ဆိုချင်တာလား...


ဇာ့ဂ်မျိုးနွယ်က အမှန်တကယ် ခန့်မှန်းမရလောက်အောင်ပင်။


အချုပ်အားဖြင့်ဆိုရသော် ယခုနှစ် ကျေးဇူးတော်ပေးအခမ်းအနားတွင် အပြောင်းအလဲ အနည်းငယ် ရှိခဲ့၏။ လင်းက ကျေးဇူးတော်ကို လက်ခံမယူမီ ဇာ့ဂ်ဘုရင်မက သူမ၏ကောင်းချီးကို လုမော့ထံ ပထမဆုံးပေးအပ်မည်ဖြစ်၏။



🌌🌌🌌