ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၉) "ဟန်နီ" ကျွန်မ ဆိုဗက်စ်စတာကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။လက်ဖက်ရည်ဇွန်းကို ကွေးသွားစေပြီးနောက် ဆိုဗက်စ်စတာသည် ဇွန်းကို ငုံ့ကြည့်ကာ စားပွဲပေါ်သို့ ချက်ချင်း ပစ်တင်လိုက်ပြီးလျှင် မျက်မှောင်ကြုတ်လိုက်၏။ "ကိုယ့်စွမ်းအားကို မထိန်းနိုင်လိုက်ဘူး။" ရှင် ဒါကို သေချာ ကိုင်ထားရဲ့သားနဲ့ ရုတ်တရက်ကြီး စွမ်းအားမထိန်းနိုင်ဘူး ဖြစ်သွားရလား။ ၎င်းက ထူးဆန်းနေသော်လည်း ထိုကိစ္စကို အာရုံစိုက်နေဖို့ အချိန်မရှိပေ။ကျွန်မ ကယ်လီယန်ထံမှ ပထမဦးဆုံး ဖိတ်ကြားမှုတစ်ခု ရရှိလာသောကြောင့် ဖြစ်သည်။ ကျွန်မ စာကို အလျင်အမြန် ဖွင့်လိုက်သည်။ စာပါ အကြောင်းအရာမှာ ရိုးရှင်းလွန်း၏။ [ဒီကို အခုချက်ချင်း ပြေးလာခဲ့။] အိုး ဘုရားရေ၊သူက ဒီလောက်ထိ ရိုင်းပြတယ်လား။ ထိုခဏ၌ ကျွန်မမှာ ဆိုဗက်စ်စတာနှင့် ကယ်လီယန်တို့အနက် မည်သူက ပိုရိုင်းပြသည်ကို စဥ်းစားနေမိသည်။ အင်း မည်သို့ပင် ဆိုစေကာမူ အရိုင်းပြနိုင်ဆုံး ဆုကို ဆိုဗက်စ်စတာကသာ ပြန်လည်ဆွတ်ခူးသွားပုံ ရ၏။ သို့သော် အခုတွင် ကယ်လီယန်မှာ အရှက်မဲ့သော လူတစ်ယောက်သာ ဖြစ်နေသေးသည်။ ကျွန်မ အတွေးထဲ နစ်မြောနေချိန်တွင် ဆိုဗက်စ်စတာက စာကိုဆတ်ခနဲ ဆွဲယူလိုက်သည်။ "သူက မင်းကို ပြေးလာစေချင်တာလား။" ဟား သူ ဆံပင်ကို သပ်တင်လိုက်ပြီး ဗလာသက်သက် ရယ်မောလေသည်။ "ဘယ်လိုတောင် မောက်မာတဲ့ ငတုံးကောင်လဲ။သူက မင်းကိုတောင် ပြေးလာခိုင်းရဲသေးတယ်။" "ရှင်က ကျွန်မထက် အရင်ဦးသွားတာပဲ။" "ကိုယ် ပြောခဲ့တဲ့ စကားလား။" "အင်း" "ကိုယ်တို့က အိမ်ထောင်သည်လင်မယားတွေပဲလေ၊ အဆင်ပြေပါတယ်။" ဆိုဗက်စ်စတာက ချောင်းတစ်ချက် ဟန့်လိုက်ရင်း ကျွန်မ၏အကြည့်မှ ခိုးကြောင်ခိုးဝှက် ရှောင်ဖယ်နေခဲ့သည်။ "ဒါနဲ့ မင်း သွားဖို့ စီစဥ်မှာလား။" "အင်းလေ" ထူးဆန်းသော မေးခွန်းတစ်ခု ဖြစ်သည်။အဖြေ သိသာနေသည့် မေးခွန်းမျိုးကို သူ ဘာကြောင့် မေးနေရသနည်း။ "ဒါပေါ့၊ကျွန်မ သွားရမယ်။အရှင့်သားက ကျွန်မကို တိုက်ရိုက်လှမ်းခေါ်လိုက်တာလေ။" ဂျွတ် ဆိုဗက်စ်စတာရှေ့ရှိ လက်ဖက်ရည်ဇွန်းအသစ်မှာ ထပ်၍ ကွေးသွားပြန်သည်။ တကယ်ကြီး သူ ဘာဖြစ်နေတာလဲ။ "ကိုယ့်ရဲ့စွမ်းအားတွေကို ထိန်းချုပ်ဖို့ နောက်တစ်ကြိမ် ကျရှုံးသွားပြန်ပြီ။မင်း ဒါကို လျစ်လျူရှုထားလိုက်ချေ။" "ဒါက လျစ်လျူရှုဖို့ အရမ်းများနေတယ်လေ။" "ဒါဆို ပိုပြီး လျစ်လျူရှုပေးလိုက်။" ဆိုဗက်စ်စတာက ပြန်ဖြေရင်း သက်ပြင်းချလိုက်သည်။ ဆိုဗက်စ်စတာ ဘာကြောင့် ဤသို့ ဖြစ်နေသည်ကို ကျွန်မ တကယ်ပင် မခန့်မှန်းနိုင်ပါ။ သူက ကျွန်မကို ကယ်လီယန်ဆီ မသွားစေချင်ဟု ကျွန်မ မှန်းဆမိသော်လည်း ၎င်းက ထူးဆန်းနေသည်။ကယ်လီယန်ကို မြူဆွယ်ဖြားယောင်းရန် စပြောသူက ဆိုဗက်စ်စတာသာ ဖြစ်သည်။တစ်စုံတစ်ခုက သူ့စိတ်ကို ပြောင်းလဲသွားစေသည်လော။ အင်း ကျွန်မ သက်ပြင်းချရင်း ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ သူက ကျွန်မ ကြည့်နေသည်ကို ခံစားမိပုံဖြင့် ဆိုဗက်စ်စတာ အလျင်အမြန် တုံ့ပြန်၍ မျက်နှာအမူအရာကို ပြောင်းလဲလိုက်သည်။ "အင်း၊ကယ်လီယန်က မင်းကို လူကိုယ်တိုင် လာဖို့ ဖိတ်ထားတာဆိုတော့ သွားရမှာပေါ့။မသွားဘဲနေမှသာ ထူးဆန်းနေမယ်။" "ဟုတ်လား" အင်းလေ၊ဆိုဗက်စ်စတာ၊ ရှင် ဒီလိုပဲ ဖြစ်နေသင့်တယ်။ ကျွန်မ ပြုံးလိုက်ပြီး ဆိုဗက်စ်စတာရှေ့သို့ အနည်းငယ် ထပ်၍ ငုံ့ကိုင်းလိုက်မိသည်။ "ဒီတော့ ဟန်နီ၊ကျွန်မ ပြောချင်တာကလေ..." ကျွန်မ လက်ဖဝါးနှစ်ခုကို ပူး၍ ပန်းပွင့်ပုံစံ လုပ်လိုက်ပြီး ကျွန်မ၏ မေးစေ့ကို တင်လိုက်သည်။ "ရှင် ကျွန်မကို ပိုက်ဆံ ဘယ်တော့ ပေးမှာလဲ။" * အိုဖီလီယာကို ရွှေဒင်္ဂါးအပြား၃၀ ရှင်းပေးမည်ဟု ပြောပြီးနောက် ဆိုဗက်စ်စတာ ရှက်နေမိသည်။ သူ အိုဖီလီယာကို သေချာပေါက် မကြိုက်တော့ဟု သူ့ကိုယ်သူ ကြေညာနေပြန်၏။ အိုဖီလီယာက ကယ်လီယန်ကို သွားတွေ့လျှင်တောင်မှ သူ တည်ငြိမ်နေသင့်သည်။သို့သော် ထိုသို့ မဖြစ်ခဲ့ဘဲ ဇွန်းနှစ်ချောင်းကို ကွေးပစ်ခဲ့သည်။ ဆိုဗက်စ်စတာ သူ့ကိုယ်သူ အမှန်ပင် မုန်းတီးမိလေသည်။ သို့သော် အိုဖီလီယာက တကယ် ထက်မြက်သည်။ ရှင် ကျွန်မကို ပိုက်ဆံ ဘယ်တော့ ပေးမှာလဲ။ ထိုသို့ ပြောနေလေသည်။ အိုဖီလီယာကို ပိုက်ဆံပေးရသည်နှင့် ပတ်သက်ပြီး သူ ယုံကြည်မှုကင်းမဲ့လာသည်။ သူက ကယ်လီယန်ကို မြူဆွယ်ခဲ့ဟူသော ခွေးလိုအရာမျိုးကို ဘာကြောင့် ပြောမိခဲ့ပါသနည်း။အိုဖီလီယာ၏ ပိုက်ဆံတောင်းဆိုမှုကို ဘာကြောင့် လက်ခံပေးခဲ့ပါသနည်း။ ခံစားချက်ကြောင့် ဖြစ်လာသော အတွေးများနှင့် သူမကို မကြိုက်သင့်ဟူသော ဆင်ခြင်တုံတရားကို အခြေခံသည့် အတွေးများကြောင့် ဆိုဗက်စ်စတာမှာ ရူးသွပ်သွားတော့မည်။ "ငါ ရူးတော့မှာပဲ။" ဆိုဗက်စ်စတာသည် ခေါင်းကို နောက်သို့ မှီထား၍ နဖူးပေါ်သို့ လက်တင်ထားမိသည်။ပြီးနောက် သူ မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားမိလေသည်။ "သခင်" ထိုအချိန်တွင် နေးလ်က ဆိုဗက်စ်စတာကို ခေါ်ခဲ့သည်။ ဆိုဗက်စ်စတာသည် မှိတ်ထားသော မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်၍ နေးလ်ကို ကြည့်လိုက်သည်။ "ဘာကိစ္စလဲ။" "မဟုတ်၊ဘာမှ မဟုတ်ပါဘူး။အိမ်ရှေ့စံမင်းသားက မဒမ့်ကို လှမ်းခေါ်တာနဲ့ ပတ်သက်ပြီး ကျွန်တော် သခင့်ကို တစ်ခုခု ပြောချင်လို့ပါ။" သူ ဒါကို တွေးရင်း ရူးမလို ဖြစ်နေတာကို ဒီအကြောင်း ထပ်ပြောဦးမလို့လား။ ဆိုဗက်စ်စတာ ဒေါသထွက်လာသည်။သို့သော် သူ ထိန်းထားဖို့ ကြိုးစားလိုက်သည်။ဤနေရာတွင် ဒေါသထွက်မိပါက သူ၏စိတ်သဘောထား သေးသိမ်မှုကို ထုတ်ပြမိသွားလိမ့်မည်။ "အဲ့ဒါက ဘာလဲ။" သို့သော်လည်း စူးရှနေသည့် အသံကို မဖုံးကွယ်နိုင်ခဲ့ပေ။ နေးလ်က အနည်းငယ် တုန်လှုပ်သွားသော အမူအရာဖြင့် ပါးစပ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။ "ကောင်းပါပြီ၊ဒီတစ်ခါက မဒမ့်ကို အရှင့်သား ဆင့်ခေါ်တဲ့ ပထမဆုံးအကြိမ် မဟုတ်ပါလား ခင်ဗျာ။သခင်တို့ နှစ်ယောက်ကို အတူတူ လာဖို့ခေါ်တဲ့ တစ်ကြိမ်က လွဲရင်လေ။" "မှန်တယ်" "ဒီတစ်ခါ သူက မကောင်းတဲ့ ကိစ္စတစ်ခုအတွက် သူမကို လှမ်းခေါ်တယ်လို့ ကျွန်တော် မထင်ဘူး။" "ဖြစ်နိုင်ပါတယ်" "ဒါကြောင့် ကျွန်တော် ပြောချင်တာက ..." နေးလ်က ဖြည်းဖြည်းချင်း ပြောသည်။ "သတင်းတစ်ခု ထုတ်ပြန်မယ် ဆိုရင်ရော ခင်ဗျ။" "သတင်း လား" "ဟုတ်ကဲ့" နေးလ်က ဆက်ပြောသည်။ " <အိမ်ရှေ့စံမင်းသားက နောက်ထပ် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထိခဲ့> အဲ့လိုဆို အဆင်ပြေလား ခင်ဗျ။သခင်က သာ ဒီလိုမျိုး ခေါင်းစီးနဲ့သတင်းကို ထုတ်ဝေခဲ့မယ်ဆိုရင် အိမ်ရှေ့စံမင်းသားရဲ့ ဂုဏ်သတင်းကို ကျဆင်းသွားအောင် ကူညီပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။" ၎င်းက အကြံဆိုးတစ်ခု မဟုတ်ပေ။ မဟုတ်သေး၊၎င်းက မှန်ကန်သည်။ အလွန်ကောင်းမွန်သော အကြံတစ်ခု ဖြစ်၏။ ထိုသို့သော သတင်းမျိုး ထွက်လာပါက ကယ်လီယန်၏ ဂုဏ်သတင်းမှ အောက်ဆုံးထိ ကျသွားလိမ့်မည်။ သို့သော် အိုဖီလီယာ ကရော။ ဆိုဗက်စ်စတာ အံကြိတ်လိုက်သည်။ "ဒီလိုသတင်းမျိုး ထွက်လာရင် အိုဖီလီယာက ဘာဖြစ်သွားမလဲ။" "ခင်ဗျာ" နေးလ်က မျက်မှောင်ကြုတ်၍ ခေါင်းကို စောင်းငဲ့လိုက်သည်။ "သခင်က မဒမ့်ရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်ဘူး မဟုတ်ပါလား ခင်ဗျာ။" "..." "မဒမ့်ရဲ့ ဂုဏ်သိက္ခာကျဆင်းသွားလေ၊သခင့်အတွက် ပိုကောင်းလေပါ။မဟုတ်ပါဘူးလား။" ၎င်းကလည်း အလွန် မှန်ကန်နေသည်။ ဆိုဗက်စ်စတာသည် အိုဖီလီယာ၏နာမည် ဂုဏ်သတင်းကို အမြဲတမ်း ကျဆင်းဆုံးရှုံးသွားစေချင်ခဲ့သည်။ ထိုနည်းဖြင့်သာ သူမ၏နောက်ကွယ်တွင် သူ၏မကောင်းမှုများကို လူမသိ သူမသိ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။ ဆိုဗက်စ်စတာသည် ထိုသို့သာ အမြဲဖြစ်ခဲ့သည်။၎င်းမှာ အတိတ်က ကိစ္စများ ဖြစ်လေသည်။သို့သော် ယခုတော့ ... မဟုတ်ဘူး၊မရဘူး။ ဆိုဗက်စ်စတာသည် သူ့စိတ်ကို ပြန်လည် စုစည်းခဲ့သည်။ အိုဖီလီယာကို သူ မကြိုက်တော့ဟု သူ အခု ကျိန်ဆိုသည်။ထိုဆုံးဖြတ်ချက်ကို သူ ပျက်ယွင်းစေ၍ မရပါ။ ဟူး ဆိုဗက်စ်စတာက အကြာကြီးနေမှ အသက်ရှူထုတ်လိုက်သည်။ ပြီးနောက် နေးလ်ကို သူပြောသည်။ "မင်းက အရမ်းတော်တဲ့ လက်ထောက်တစ်ယောက်ပဲ။" နေးလ်က ပြုံးသည်။ဆိုဗက်စ်စတာက ထေ့ငေါ့နေသည်ဟု သူ မတွေးမိပုံ ရ၏။ ထို့ကြောင့် ဆိုဗက်စ်စတာက သက်ပြင်း နောက်တစ်ကြိမ် ချ၍ ဆံပင်ကို ကြမ်းတမ်းစွာ သပ်တင်လိုက်သည်။ "မလုပ်နဲ့။" "ခင်ဗျာ" "ငါ မလုပ်နဲ့လို့ ပြောနေတာ။အိုဖီလီယာကို ထိခိုက်စေမဲ့ ကိစ္စတွေ ဘယ်တော့မှ ထပ်မလုပ်နဲ့တော့။ သူက ပြောပြီးနောက် ကျစ်ခနဲ စုတ်သပ်လိုက်သည်။နေးလ်မှာ ဦးနှောက်ခြောက်သွားလေသည်။ "ဒါပေမဲ့ ..." "မလုပ်နဲ့လို့ ငါ ပြောနေတယ်လေ။" ဆိုဗက်စ်စတာ၏အသံက မာသွားသည်နှင့် နေးလ် ဆက်မပြောတော့ပေ။ သို့သော်လည်း နေးလ်သည် သူ့သခင်အတွက် အရာအားလုံးကို လုပ်ပေးသူတစ်ယောက် ဖြစ်သည့်အပြင် သူ့သခင်၏အမိန့်များကို လိုက်နာလိုစိတ် မရှိသော လူတစ်ယောက်လည်း ဖြစ်လေသည်။ * လူးလူး လားလာ ရွှေဒင်္ဂါး အပြား၃၀ ရပြီးနောက် ကျွန်မမှာ ပေါ့ပါးသော ခြေလှမ်းများဖြင့် အိမ်ရှေ့စံမင်းသားနန်းတော်သို့ ဦးတည်လာခဲ့သည်။ ကယ်လီယန် ကျွန်မကို ဘာကြောင့် ခေါ်သည်က အရေးမကြီးပေ။ သူက အရေးမပါသော ဇာတ်လမ်းတစ်ခု ပြောရန် ကျွန်မကို ခေါ်သည်ဟု မှန်းဆမိသည်။ ပို၍ အရေးကြီးသည်က ကျွန်မ ရွှေဒင်္ဂါး အပြား၃၀ ရခဲ့သည်။ ငါ့ကို ရွှေဒင်္ဂါးတွေ ပေးရလို့ ဆိုဗက်စ်စတာက သိပ်မပျော်သလိုပဲ။ သူ့ပိုက်ဆံတွေ ဆုံးရှုံးခဲ့တာဆိုတော့ သူ ခံစားချက် မကောင်းဘူး နေမှာပေါ့။ ဒါပေမဲ့ အဲ့ဒါ ငါ့ကိစ္စ မဟုတ်ဘူး။ ငါ သူ့ပိုက်ဆံကို တရားသဖြင့် ရယူခဲ့တာလေ။ ဟိုး ဟိုး ဟိုး ငါ ဘယ်လောက်ရသွားပြီလဲ။ ကျွန်မ ပြန်သွားပြီး ပိုက်ဆံရေသင့်သည်ဟု တွေးမိသည်။ ကျွန်မ အတော်များများ စုဆောင်းမိနေပြီ ဖြစ်၏။ အဓိပ္ပါယ်မှာ ကျွန်မ ထွက်သွားပြီးနောက် ငတ်ပြတ်၍ မသေနိုင်တော့ဟု ဆိုလိုသည်။ ငါ များများ ပိုစုဆောင်းထားရမယ်။ သို့မှသာ ယခုကဲ့သို့ ကျွန်မ အစေခံတစ်ယောက်နှင့်အတူ ငြိမ်းချမ်းစွာ နေနိုင်ပေလိမ့်မည်။ ပထမတွင် အိုင်ရင်း၏အသုံးတော်ခံမှုကို ဝန်လေးနေမိသည်။သို့သော် ယခုအချိန်တွင် ထိုသို့ ပြုလုပ်ပေးမည့်သူ မရှိဘဲ နေထိုင်လှုပ်ရှားရန် အနည်းငယ် ပိုခက်ခဲလာသည်။မည်သို့ပင် ဆိုစေကာမူ လူသားများသည် လိုက်လျောညီထွေနေနိုင်သော သတ္တဝါများ ဖြစ်လေသည်။ ထို့ကြောင့် ကျွန်မ ပိုက်ဆံ ပိုစုဆောင်းရန် ဆုံးဖြတ်လိုက်ရသည်။အနာဂတ်တွင် ကျွန်မက ကယ်လီယန်၏မျက်စိထဲတွငိ ပိုကြည့်ကောင်းနေသင့်သည်ဟု တွေးမိသည်။ထိုမှသာ ဆိုဗက်စ်စတာက ကျွန်မကို ကြည့်ရှုပြီး ရွှေဒင်္ဂါးပြားများ ပေးလိမ့်မည်။ ငါ ဒီနှစ်အတွင်း ပြီးအောင် လုပ်ရမယ်။ မူလဇာတ်ကြောင်း ပို၍ တိုးတက်မလာခင် ကျွန်မ ရှောင်ထွက်သွားချင်သည်။ ယခုအချိန်တွင် မူလဇာတ်ကြောင်း၏ အလယ်တွင်သာ ရှိသေးသဖြင့် ကိစ္စ ကြီးကြီးမားမား မဖြစ်သေးပေ။ဇာတ်လမ်း၌ သုံးပုံ နှစ်ပုံသို့ ရောက်လာလျှင် သွေးထွက်သံယိုနှင့် ဩဇာအာဏာ ယှဥ်ပြိုင်မှုများက အလွန်များပြားလာလိမ့်မည်။ သွေးထွက်သံယို ကိစ္စများကြားတွင် အိုဖီလီယာလည်း ပါဝင်နေသည်။ကျွန်မ ပခုံးတွန့်လိုက်မိ၏။ အသက်ဆက်ရှင်ရအောင်။ ပြီးတော့ ကောင်းကောင်းမွန်မွန် နေထိုင်သွားရမယ်။ ကျွန်မ စိတ်ကို စုစည်းပြီး ကယ်လီယန်ရှိနေသော ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ "အရှင့်သား၊ကျွန်မ ဝင်လာလို့ ရပါသလား။" မကြာခင်ပင် ကျွန်မကို ဝင်လာရန် ပြောခဲ့သည်။ ကျွန်မ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သဘာဝကျစွာဖြင့် သူ တစ်ယောက်တည်း ရှိသည် အထင်နှင့် ကျွန်မ သူ့ကို စကားပြောလိုက်သည်။ "အရှင့်သား ကျွန်မကို သတိရနေတာပဲ ဖြစ်ရမယ်။မတွေ့ရသေးတာ တစ်နေ့တည်းနဲ့ ကျွန်မကို လှမ်းခေါ်လိုက်တယ် ဆိုတော့လေ။" သို့သော် "ဖွီး..." ကျွန်မ မရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။၎င်းမှာ ရယ်သံတစ်ခု ဖြစ်သည်။ကျွန်မ ခေါင်းလှည့်ကြည့်လိုက်လျှင် အခန်းထောင့်တွင် ရပ်နေသော တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ ကယ်လီယန်ကဲ့သို့ ငွေရောင်ဆိုးထားသော ဆံပင်နှင့် ယောကျ်ားတစ်ယောက် ဖြစ်သည်။သို့သော် ထိုသူ၏ပုံပန်းသွင်ပြင်က ကယ်လီယန်နှင့် အလွန်ကွာခြားသည်။ ကယ်လီယန်က စူးရှထက်မြက်ပြီး ကြောက်စရာကောင်းသည့် ပုံစံဖြစ်လျှင် ကျွန်မ ရှေ့က လူမှာ အနည်းငယ် ပို၍ သိမ်မွေ့ညင်သာပုံပေါက်သည်။ သူက ဘယ်သူလဲ။ ကျွန်မ အံ့ဩစွာဖြင့် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားမိသည်။ "ဘယ်သူ ..." "အာ" ထိုလူက ပြုံး၍ ကျွန်မဘက်သို့ လှည့်လာသည်။ "မင်းက ငါ့မျက်နှာကို မသိဘူးပဲ။" ထို့နောက် သူက ကျွန်မအနားသို့ တိုးလာခဲ့သည်။ကျွန်မအရှေ့တွင် ရပ်နေပြီး ကျွန်မကို ငုံ့ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ "လာဂို ဗွန် ရီဂျင်းန်" ဘုရားရေ ကျွန်မ ထိုသူကို သိသည်။ ကျွန်မ မသိစရာ အကြောင်း မရှိပေ။ "ငါ ဒီလို ပြောလိုက်ရင် မင်း နားလည်မှာပါ၊ဟုတ်တယ်မလား။" ဤဝတ္ထု၏ ဗီလိန် သူက ဒုတိယမင်းသား ဖြစ်လေသည်။ TK Team ++++++++