ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၄) "အာ၊ ရေမွှေးအနံ့က စူးနေတာပဲ။" ကျွန်မနှင့်အတူ ရေကန်သို့ လိုက်လာပေးသော ဂျက်စမင်က မျက်မှောင်ကြုတ်၍ ပြောသည်။ "ရှင် အခု ဒီနေရာလေးမှာ လက်ဆေးလို့ ရမယ် ထင်တယ်။" ဂျက်စမင်က ကျွန်မကို ရွှံ့ဗွက်မရှိသော မြေပြင်ပေါ်သို့ ခေါ်လာပေးသည်။သူမနောက်သို့ အေးအေးဆေးဆေး လိုက်လာပြီးနောက် ကျွန်မ၏ကိုယ်ကို ကိုင်းညွှတ်၍ ရေကန်ထဲသို့ လက်ကို နှစ်လိုက်သည်။ "စောနက..." ကျွန်မ လက်ဆေးရင်း ပြောလိုက်သည်။ "တစ်ခုခု ထူးဆန်းမနေဘူးလား။" "ဘာကိုလဲ မဒမ်" ဂျက်စမင်က ပြန်ဖြေသည်။ "သူမက ကျွန်မရဲ့ရှေ့မှာ ရေမွှေးပုလင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ချလိုက်သလိုပဲလို့။" "အိုင်း ၊မဖြစ်နိုင်တာပဲ။" ဂျက်စမင်က လက်ကို ယမ်းခါရင်း နှာခေါင်းရှုံ့လိူက်သည်။ "သူမက ဒီလိုလုပ်ရင်ရော ကောင့်မြို့စားကတော်က ဘာအကျိုးအမြတ် ရမှာမို့လို့လဲရှင်။ဒါက ဈေးကြီးတဲ့ ရေမွှေးတစ်ခု ဖြစ်ပုံပါပဲ။" "ဟုတ်လား" ကျွန်မ မျက်လုံးတစ်ဖက်ကို အနည်းငယ်မှိတ်၍ ပြောလိုက်သည်။ "ကျွန်မက အကဲဆတ်နေတာပေါ့၊အဲ့လိုလား။" "ဒါက ဒီအတိုင်း ဂရုတစိုက် ရှိတတ်တာလို့ ကျွန်မ ထင်တယ်။" ဂျက်စမင်က ထိုနည်းတူသာ ပြောလာသဖြင့် ကျွန်မ ထပ်၍ သံသယမများသင့်တော့ပေ။ကျွန်မ ပြောမိသလို လွန်လွန်ကဲကဲ တုံ့ပြန်မိခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ကျွန်မ ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။ "ကောင်းပြီ၊ကျွန်မ ဒါကို လျစ်လျူရှုထားလိုက်သင့်တယ်။" "အကြံကောင်းပါပဲရှင်။" ဂျက်စမင်က ပြုံး၍ ကျွန်မကို ပုတ်ပေးလိုက်သည်။ပြီးနောက် သူမက ဟိုကြည့်သည်ကြည့် လုပ်ရင်း 'အာ'ဟု အသံပြုလိုက်၏။ "အာ၊ ဟုတ်သားပဲ၊ကျွန်မ လက်ကိုင်ပဝါ မေ့ခဲ့ပြီ။ကျွန်မ ချက်ချင်း ပြန်လာပါ့မယ်။ဒီနေရာမှာပဲ နေနော် မဒမ်။" ဂျက်စမင်က ထွက်သွားပြီး ကျွန်မလည်း ရေစိုနေသော လက်များကို မြှောက်ထားရင်း ခေါင်းမော့လိုက်သည်။ရေမွှေးအနံ့က မပျောက်သွားဘဲ အခုထိ ရှိနေဆဲဖြစ်သည်။ကျွန်မ၏နှာခေါင်းမှာ မွှန်သွားရ၏။ သူမက ဒီလို အနံ့စူးတဲ့ရေမွှေးမျိုးကို ဘာကြောင့် ယူလာတာပါလိမ့်။ ဒါက ဖလဲရ် အမြဲလိုလို သုံးတတ်တဲ့ ရေမွှေးမဟုတ်ဘူး။ ထိုသို့တွေးကြည့်မှ ဖလဲရ်တွင် သိမ်မွေ့သော ပန်းရနံ့တစ်ခု ရှိသည်ကို သတိရသွားသည်။သို့သော် ထိုရေမွှေးက အနံ့ပြင်းလွန်းသဖြင့် သူမကိုပင် နှာခေါင်းရှုံ့သွားစေသည်။ ဖလဲရ်က ဒီလို ပစ္စည်းမျိုးကို ယူလာတယ်တဲ့လား။ ဒါက စိတ်မသက်မသာဖြစ်ရတယ်။ သို့သော်လည်း ယခုထိ ကျွန်မထံတွင် လက်ဆုပ်လက်ကိုင် ပြစရာ သက်သေ မရှိသေးသဖြင့် ကျွန်မ လုပ်နိုင်တာ တစ်ခုမှ မရှိပေ။ထို့ကြောင့် ဂျက်စမင် ပြန်လာသည်ကိုသာ ကျွန်မ အေးဆေးစွာ စောင့်နေရင်း ရေမွှေးအနံ့ သူ့အလိုလို ပျောက်သွားမည်ကိုသာ စောင့်နေရတော့၏။ ရေကန်ဝန်းကျင်၌ တိတ်ဆိတ်နေသည်။ လူတွေက ဤမျှ ဝေးဝေးအထိ မလာကြသည်က သဘာဝပင်။အဝေးရှိ ခြုံပုတ်များကို ကျော်လွန်၍ ကြည့်လိုက်လျှင် မှောင်မည်းနေသည်ကိုသာ မြင်ရ၏။ဤနေရာက ဘီလူးတောအုပ် ဖြစ်နေသောကြောင့် ဖြစ်လိမ့်မည်။ လေထုက ကြောက်မက်ဖွယ် ဖြစ်ပြီး ကြည့်လိုက်ရုံနှင့်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။မူလဇာတ်ကြောင်းတွင် ဖလဲရ်က ဤနေရာအထိ ဘယ်လို လာခဲ့ရပါသနည်း။သူမတွင် ကြောက်ရွံ့တတ်သော ကြောင်လို စရိုက်သဘာဝမျိုး ရှိသည်။ ဒါကို တွေးမိမှ ဖလဲရ် တောအုပ်ထဲ ဝင်မသွားအောင် ငါ တားဆီးရဦးမှာပဲ။ ရေစိုနေသော လက်များကို ဂါဝန်စဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး ကျွန်မ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။ယခုမတိုက်ခင်က ဤနေရာတွင် လူများ ရှိနေသဖြင့် သူမ တောအုပ်ထဲသို့ တိုက်ရိုက် ဝင်သွားနိုင်လိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် လူအများကြီး ရှိနေသောကြောင့်တည်း။ တစ်နည်းအားဖြင့် ဖလဲရ်သည် ဘီလူးတောအုပ်ထဲသို့ ခိုးကြောင်ခိုးဝှက်နှင့် ဝင်မည်ဆိုပါက ဤရေကန်ရှိရာကို သေချာပေါက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့ကြောင့် ကျွန်မ သတိထား၍ စောင့်ကြည့်ရမည်ဟု တွေးမိသည်။ "ဟမ်" ခြုံပုတ်များကြားတွင် အဖြူရောင် ဂါဝန်စကို ကျွန်မ မြင်လိုက်သည်။ဖလဲရ်မှာ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည် မဟုတ်ပါလော။ "ကောင့်မြို့စားကတော်!" သူမ တောအုပ်အတွင်း ဝင်သွားခြင်းကို တားဆီးရန် ကို ကျွန်မ အော်ခေါ်လိုက်သည်။သို့သော် ဂါဝန်အဖြူလေးမှာ အမှောင်ထုကြားတွင် ပျောက်ကွယ်သွား၏။ "ကျစ်" ကျွန်မ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။ "ဖလဲရ်!" ဖလဲရ်ကို အမှီလိုက်ပြီး တောအုပ်ထဲ ဝင်မသွားရန် တားဆီးဖို့ အကြံတစ်ခု ရလာသဖြင့် ကျွန်မ တောအုပ်ထဲသို့ ပြေးဝင်သွားမိ၏။ * "သူမ ဘယ်ကို သွားတာပါလိမ့်။" ဤနေရာမှာ ဖလဲရ် ဝင်သွားသည့် နေရာဖြစ်သည့်တိုင် ကျွန်မ သူမကို မမြင်ရပေ။ သူမ တောအုပ်ထဲ အတော်နက်နက်အထိ ပြေးဝင်သွားတာလား။ "ငါတော့ ကြောက်လာပြီ။" ကျွန်မမှာ မှောင်မည်းနေသော တောအုပ်ကြီးကို ကြည့်ရင်း တံတွေးမြိုချလိုက်မိသည်။ဤနေရာမှာ တောအုပ်အစပ်နားသာ ရှိသေးသဖြင့် ဘီလူးများ ရှိမနေပေ။သို့သော် ကြောက်စရာကောင်းနေဆဲပင် ဖြစ်၏။ မူလဇာတ်လမ်းထဲတွင် ဘီလူးများက မကြာခဏ ထွက်လာတတ်သည်ဟု ရေးထားသည်။ ကျွန်မ ယခင်က ပြောခဲ့သည့်အတိုင်း အမဲလိုက်ပြိုင်ပွဲအတွင်း ဘီလူးတစ်ကောင် ပေါ်လာပြီးနောက် ကယ်လီယန်နှင့်ဖလဲရ်၏ ဆက်ဆံရေးကို ခိုင်မာသွားစေခဲ့ပြီး၊ ဘီလူးများနှင့် စစ်ပွဲကို အနိုင်ရသဖြင့် ပြန်ရောက်လာသော ဒုတိယမင်းသားက ကယ်လီယန်၏ အိမ်ရှေ့စံမင်းသားရာထူးကို ကိုင်လှုပ်လာခဲ့သည်။ ထပ်ပြောရလျှင် ဘီလူးများကြောင့်သာ တစ်စုံတစ်ရာက ဆက်လက်ဖြစ်ပွားခြင်း ဖြစ်၏။ ထိုအချိန်က ဘီလူးများမှာ အလွန်ကြောက်မက်ဖွယ် ကောင်းသည်ဟု ရေးသားဖော်ပြထားသည်။၎င်းမှာ အသေးစိတ်အထိ ရေးသားထားသဖြင့် ကျွန်မ ဘီလူးများဖြင့် ဘယ်တော့မှ ရင်မဆိုင်ချင်ပေ။ထို့အပြင် အခွင့်အရေးရလျှင် ဘီလူးက ကျွန်မကို တိုက်ခိုက်လာနိုင်သည်။ ကြောက်စရာကောင်းလှ၏။ ထိုသို့တွေးနေရင်း ကျွန်မ လမ်းဆက်မလျှောက်ဘဲ ရပ်လိုက်ရသည်။ဤနေရာမှ ရှေ့ဆက်လျှောက်လျှင် အမှန်ပင် အန္တရာယ်ရှိလာနိုင်သည်ဟု စဥ်းစားမိသည်။ "ကျစ်၊ငါလဲ မသိတော့ဘူး။အဲ့တာက ဖလဲရ်ရော ဟုတ်ပါ့မလား။" ကျွန်မ အမှန်တရားကို လျစ်လျူရှုလိုက်ပြီး ခြေဦးပြန်လှည့်လိုက်သည်။ကြောက်စရာကောင်းသော ဤနေရာမှ ဖြစ်နိုင်သမျှ မြန်နြန်ဆန်ဆန် ထွက်ပြေးလွတ်မြောက်ချင်သည်။ သို့သော် ထိုအချိန်၌ "အားးး" ကျွန်မ သတိမထားမိဘဲ အော်မိသွား၏။ အနီရောင်မျက်လုံးများစွာက ကျွန်မကို ကြည့်၍ တဖြည်းဖြည်း နီးကပ်လာကြသောကြောင့်တည်း။ "ဘာ...ဘာတွေလဲ။" ကျွန်မ တွန့်ဆုတ်ဆုတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။သို့သော် မကြာခင်ဘဲ ခြေလှမ်းများက ရပ်တန့်သွားရသည်။ကျွန်မ၏နောက်ကျောဘက်တွင် တစ်ခုခု ရှိနေသည်ဟု အာရုံခံစားမိသည်။ ကျွန်မ ဖြည်းဖြည်းချင်း ခေါင်းကို လှည့်ကြည့်လိုက်မိလျှင်... ဘီလူးတစ်ကောင်က ပါးစပ်ဟ၍ လျှာသပ်ရင်း ကျွန်မအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။၎င်း၏ပွင့်နေသော ပါးစပ်မှ သွားရည်များ စီးကျနေလေသည်။ "အိုး ၊ဘုရားရေ၊ ဒုက္ခပါဘဲ။" ကျွန်မ တခြားဘက်သို့ ထွက်ပြေးရန် ကြည့်လိုက်၏။သို့သော် ထိုနေရာ၌လည်း ဘီလူးများ ရှိနေသည်။ကျန်သည့် နေရာများတွင်လည်း ရှိနေ၏။ဘီလူးများက ကျွန်မကို ပြေးမလွတ်အောင် ဝိုင်းထားကြပြီ ဖြစ်လေသည်။ သူတို့ ဒီနေရာကို ဘယ်အချိန်ထဲက ရောက်လာကြတာလဲ။ မဟုတ်သေးဘူး၊ဘီလူးတွေက တစ်ကောင်ချင်းစီ သွားလာနေထိုင်တတ်တယ်လို့ ပြောကြတယ်။ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ငါ့ဆီကို အုပ်စုလိုက်ကြီး ရောက်လာရတာလဲ။ "ဂရားးးး" ဘီလူးများ၏ အော်မြည်သံကြောင့် ကျွန်မ၏နားထဲတွင် စူးရှနာကျင်သွား၏။ကျွန်မ၏ခြေထောက်များပါ တုန်ယင်လာရသည်။ကျွန်မ မူးဝေလာပြီး မေ့လဲတော့မလိုပင်။သို့သော် ဤနေရာတွင် ကျွန်မ မေ့လဲသွားပါက ကျွန်မ၏ခန္ဓာကိုယ်ကို ဘီလူးများ ဝိုင်းကိုက်ကြလိမ့်မည်။ ကျွန်မ ဤပုံစံမျိုးနှင့် မသေဆုံးချင်ပေ။ကျွန်မ ဘာလုပ်ရမည်နည်း။ "ဂရားးး" ဘီလူးတစ်ကောင်က ကျွန်မဆီ အပြေးလာနေသည်။ "အမလေး" ကျွန်မ မြေပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီး ပွတ်သီကပ်သီဖြင့် ဘီလူး၏သွားစွယ်များကို ရှောင်လိုက်ရသည်။ဤတစ်ကြိမ်တွင် ကျွန်မ ကံကောင်းသွားသော်လည်း နောက်တစ်ကြိမ်တွင် ဤသို့ ရှောင်နိုင်မည်ဟု မသေချာပေ။ တွေးစမ်း၊တွေးကြည့်စမ်း။ ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုလွတ်အောင် လုပ်မလဲ တွေးကြည့်စမ်း။ဟမ် ... "နေဦး၊ငါ မှော်နက် ဘယ်လိုသုံးရလဲဆိုတာ သိနေတာပဲ။" ကျွန်မ မူးဝေလာရသည်။ ကျွန်မ စောစောက အမှန်ပင် ကြောက်ရွံ့နေခဲ့၏။သို့သော် ကျွန်မက သန်မာသည်။ယခု ကျွန််မ အသုံးပြုနိုင်သော စိတ်ခံစားချက်များမှာ ကြောက်ရွံ့ခြင်းနှင့် ဒေါသဖြစ်သည်။ကျွန်မ မှော်နက် အသုံးပြုရန် ဤခံစားချက်များကို အသုံးပြုရမည်။ "ဝေါင်းးးး" "နင် ဘာကို လာဟောင်နေတာလဲ။" ကျွန်မ ပါးစပ်ဟပြီး ထိုဘီလူး ရှိရာသို့ လက်ဆန့်လိုက်သည်။အနက်ရောင်စွမ်းအင်များက ကျွန်မ၏ လက်ချောင်းထိပ်မှ တိုးထွက်လာပြီး ချက်ချင်းပင် မြှားတစ်ချောင်းကဲ့သို့ ပြောင်းလဲသွားကာ ဘီလူးဆီသို့ ပျံသန်းသွားသည်။ စွမ်းအင်က ဘီလူး၏ ခေါင်းကို ထိမှန်သွားပြီးနောက် ချက်ချင်းဆိုသလို ဘီလူး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ "ဘုရားရေ" မျက်စိတစ်မှိတ်အတွင်း၌ ဘီလူးတစ်ကောင် ပျောက်ကွယ်သွား၏။အစအနလေးပင် မကျန်ခဲ့ပေ။ "ဟမ့်၊ငါက အမြဲတမ်း ဒီလိုမျိုး သန်မာနေတာလား။" ကျွန်မ ညည်းညူနေရင်း အနောက်ဖက်မှ ဘီလူးတစ်ကောင်၏ အော်သံကို ကြားရသည်။ "ဂရူးးး" ဘီလူး၏ခြေထောက်က ကျွန််မ ရှိရာသို့ လွှဲယမ်းလာသည်။ကျွန်မ လက်ဖဝါးများကို အလျင်အမြန် ဖြန့်လိုက်ရ၏။ ဂျလွတ် ကျွန်မ၏လက်ထဲမှ ထွက်လာသော အနက်ရောင်စွမ်းအင်က ဘီလူး၏မျက်နှာသို့ ထိမှန်သွားပြီး ဘီလူးမှာ အမှုန့်အဖြစ်သို့ ပြောင်းသွားပြီး တစ်စစီ လွင့်ပျံသွားလေသည်။ "ဝါး..." ကျွန်မ လက်သီးဆုပ်လိုက်၊ဖြန့်လိုက် ထပ်တလဲလဲ လုပ်နေမိသည်။ ဒါက ... "ပျော်စရာကောင်းလား" ကျွန်မ ပြုံးလိုက်ပြီး ဘီလူးများ ရှိရာသို့ လှည့်လိုက်သည်။ပြီးနောက် ကျွန်မ ခေါင်းငြိမ့်လိုက်၏။ "လာကြလေ" ဂရားးး ဘီလူးများ အလျင်အမြန် ပြေးဝင်လာကြလေသည်။ * "အိုဖီလီယာ!" ဆိုဗက်စ်စတာက ခြုံပုတ်များကြားထဲသို့ အပြေးအလွှား တိုးဝင်လာခဲ့သည်။ မလှမ်းမကမ်း၌ ဘီလူးအော်သံကို ကြားနေရပြီး ထိုနေရာမှ အိုဖီလီယာ၏ အော်သံ ထွက်လာပုံရသည်။ ဘီလူးတွေကို ဘယ်နေရာမှာမှ မတွေ့ရဘူးဆိုတာက သူတို့ ဒီနေရာမှာ အားလုံး စုဝေးနေကြလို့ပေါ့။ဒါက ဘာကြောင့်များလဲ။ အဝေးမှ ရေမွှေးနံ့တစ်ခုက ဆိုဗက်စ်စတာ၏နှာခေါင်းထဲသို့ ရောက်လာချိန်တွင် သူ အကြောင်းရင်းကို နားလည်သွားခဲ့သည်။ထိုအနံ့မှာ ကာဘန်ပန်းရနံ့ ဖြစ်သည်က ကျိန်းသေ၏။ ကာဘန်ပန်းနံ့ကို ဘီလူးများက အလွန်ကြိုက်သည်။ထို့ကြောင့် ဘီလူးများနှင့် တိုက်ခိုက်သော စစ်ပွဲတွင် ၎င်းတို့ကို သွေးဆောင်ရန် ဤပန်းအနံ့ကို အသုံးပြုလေ့ရှိသည်။ သို့သော် ထိုပန်းရနံ့မှာ ယခုအချိန်၌ ဘာကြောင့် ထွက်လာရသနည်း။ ဆိုဗက်စ်စတာမှာ စိတ်ရှုပ်နေသော်လည်း လက်ရှိ၌ အဓိကအရေးကြီးသည်က အိုဖီလီယာကို ကယ်တင်ရန် ဖြစ်၏။ "အိုဖီလီယာ ! ကိုယ့်ကို ပြန်ဖြေဦး။" သူ အားကုန်ထုတ်၍ ပြေးလာခဲ့သည်။နောက်ဆုံးခြုံပုတ်တစ်ခုကို သူ ကျော်ဖြတ်ပြီးချိန်တွင် အလွန်တရာ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။ထိုအရာမှာ ... "ဝေးဝေးသွားကြစမ်း!" ၎င်းမှာ အိုဖီလီယာက မှော်နက်သုံး၍ ဘီလူးများကို တိုကိခိုက်နေသည့် မြင်ကွင်း ဖြစ်လေသည်။ဆိုဗက်စ်စတာသည် သူ့ဘဝတစ်လျှောက်လုံးတွင် တစ်စုံတစ်ယောက်က မှော်နက်သုံးသည်ကို တစ်ခါမှ မမြင်ဖူးပေ။ထို့ကြောင့် ဘီလူးများ အမှုန့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်ကို ယခုမှသာ သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ မှော်နက်ကို လွတ်လပ်ပေါ့ပါးစွာ အသုံးပြုနေသော အိုဖီလီယာက ယခင်ထက်ပင် ပို၍ လှပနေလေသည်။ သူမ၏ ရှုပ်ပွနေသော ဆံနွယ်များနှင့် စုတ်ပြဲနေသော ဂါဝန်က လှုပ်ရှားလိုက်တိုင်း ဝေ့ဝဲနေပြီး သူမ၏ ချွေးစက်များကအစ နှစ်သက်ဖွယ်ရာအတိဖြင့် လွန်စွာ လှပသည်။ "ဟား" ဆိုဗက်စ်စတာသည် သူ့လက်ထဲက ဓါးကို တင်းတင်း ဆုပ်ကိုင်ထားမိ၏။ ရွှပ် အိုဖီလီယာ၏ နောက်ကျောကို တိုက်ခိုက်ရန် ကြိုးစားနေသော ဘီလူးတစ်ကောင်ကို သူ တစ်ချက်တည်းနှင့် ခုတ်ပိုင်းပစ်လိုက်သည်။ "ဟမ်" ထိုအခါတွင် အိုဖီလီယာက နောက်လှည့်ကြည့်လာသည်။ "အာ၊ရှင် ဘာကြောင့် ဒီလောက် နောက်ကျနေရတာလဲ။ကျွန်မ တစ်ယောက်ထဲ ခက်ခဲလိုက်တာနော်။" သူမက ဆိုဗက်စ်စတာကို တွေ့သည်နှင့် အော်ဟစ်တော့သည်။ဆိုဗက်စ်စတာမှာ မတတ်သာပဲ ပြုံးလိုက်ရပြီး အိုဖီလီယာကို သူ့နောက်ကျောသို့ ဆွဲခေါ်ထားလိုက်၏။ ဇွပ် ထို့နောက် နောက်ဆုံး ဘီလူးတစ်ကောင်၏ ရင်ဘတ်ထဲသို့ ဓါးက စိုက်ဝင်သွားလေသည်။ ဘုန်း ဘီလူးက လဲကျသွားလေသည်။ ဆိုဗက်စ်စတာက ဓါးကို ဆွဲထုတ်၍ မျက်နှာကို မော့လိုက်ပြီး အိုဖီလီယာကို ကြည့်သည်။ "မင်း ထိခိုက်မိသွားသေးလား။" "ကျွန်မရဲ့မျက်လုံးတွေ ထိခိုက်သွားပြီ။ပုံပျက်ပန်းပျက် သတ္တဝါတွေ မြင်လိုက်ရလို့ ကျွန်မရဲ့မျက်လုံးတွေ ထိခိုက်ကုန်ပြီ။" ဆိုဗက်စ်စတာမှာ ကိုးရို့ကားယားဖြင့် ထပ်ရယ်လိုက်မိသည်။သူက အိုဖီလီယာကို ကယ်တင်နေသည့် သူ့ပုံရိပ်ကို စိတ်ကူးယဥ်ထားခဲ့သည်။သို့သော် အမှန်တရားက တခြားစီ ဖြစ်နေသည်။ အိုဖီလီယာသည် သူမ လုပ်ရမည့် အရာကို သူမဘာသာ သိသော သန်မာသည့် မိန်းမတစ်ယောက် ဖြစ်သည်။ "အိုဖီလီယာ" သူ အိုဖီလီယာကို ငုံ့ကြည့်ရင်း ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်သည်။ သူ ဘာကြောင့် အိုဖီလီယာနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်နေရပါသနည်း။သူက သူမ၏ လှုပ်ရှားမှုတိုင်းကို အဘယ့်ကြောင့် အာရုံစိုက်မိနေရပါသနည်း။ယခု သူ အဖြေကို သိခဲ့ပြီ ဖြစ်၏။ ဖြစ်ရပ်အားလုံးက တစ်ခုတည်းသော အဖြေကိုသာ ဦးတည်နေကြသည်။ သူက သူမကို နှစ်သက်သဘောကျနေ၍သာ ဖြစ်လေသည်။ TK Team ++++++++