Chapter 147
Viewers 49k

💘Chapter 147 

တန်ဖိုးကို အသုံးချခြင်း




ဝေ့မိသားစုကို ပြန်ရောက်လာချိန် ချန်မိသားစုဝင်များက ဧည့်ခန်းထဲတွင် စောင့်နေသည်ကို မြင်လိုက်ရသောအခါ ဝေ့ချန် အံ့ဩမသွားမိချေ။


သူ လုံးဝ မအံ့ဩသွားသည်မျိုး‌တော့ မဟုတ်ပေ။ ဝေ့ချန်က ချန်မိသားစုများ ရောက်လာလိမ့်မည်ကိုတော့ ခန့်မှန်းထားခဲ့သည်။ 


ချန်ချင်းဆီမှ ဖုန်းလက်ခံရရှိပြီး ချန်လီအား ချန်မိသားစုသို့ ပြန်လာရန်ပြောလာသည့်အချိန်က ဝေ့ချန် စိတ်ရှုပ်ထွေးသွားခဲ့၏။ ချန်လီအား အမြဲလိုလို မထင်မရှားလူအဖြစ်သာ ဆက်ဆံခဲ့ကြသည့် ချန်မိသားစုက ရုတ်တရက်ကြီး ဘာကြောင့် ချန်လီကိုပြန်လာစေချင်ကြလဲ သူနားမလည်နိုင်ခဲ့ချေ။ ဝူကျိုက်လင်က ဝေ့ချန်အား ဖိတ်ကြားလွှာပေးလာသည့်အချိန်မှသာ ဝေ့ချန် သဘောပေါက်သွားခဲ့သည်။ 


ချန်မိသားစုက ချန်လီကိုလိုချင်နေကြသည့်အကြောင်းအရင်းမှာ ချန်လီက ယခုတွင် သူတို့အသုံးချနိုင်သည့် တန်ဖိုးတစ်ခု ရှိလာသောကြောင့်ဖြစ်သည်။ 


“အားချန်…နောက်ဆုံးတော့ ပြန်လာပြီပေါ့…ငါတို့အားလုံး မင်းတို့ကိုစောင့်နေတာ နည်းနည်းတောင်ကြာသွားပြီ”


 ချန်ချင်းက ဝေ့ချန်အား အပြုံးလေးနှင့် နှုတ်ဆက်လာပြီး မကျေနပ်ချက်များကို ဖုံးကွယ်ထားလိုက်သည်။ သို့သော်လည်း သူ့အကြည့်များက ဝေ့ချန်နှင့်ချန်လီတို့၏ လက်များသွယ်ယှက်ထားသည်ကို မြင်လိုက်ရသည့်အခါ မှောင်မိုက်သွားတော့သည်။ 


ချန်ချင်း၏ ရုတ်တရက်ဆန်သည့် နွေးထွေးပျူငှာမှုကို ဝေ့ချန်က လျစ်လျူရှု၍သာ တုံ့ပြန်လိုက်သည်။ သူက နှုတ်ဆက်သည့်အနေနှင့် ခေါင်းသာညိတ်ပြလိုက်သည်။ တစ်ဆက်တည်းမှာပင် သူကဘေးဘက်သို့တိုးလိုက်ပြီး ချန်လီကို ကာကွယ်နေသည့်ပုံစံနေရာယူလိုက်သည်။ 


ချန်လီ တစ်ခုခုဖြစ်နေကြောင်း ဝေ့ချန် ခံစားမိနေ၏။ ချန်လီ၏ အခြေအနေက လတ်တလောတွင် သိသိသာသာ တိုးတက်လာခဲ့သည်။ ဝေ့ချန်သာ အနားမှာရှိနေသရွေ့ ချန်လီက သူစိမ်းများနှင့်အခြားသူများ မနီးကပ်မလာခင်အထိ တုံ့ပြန်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ချန်လီက လုံးဝ တောင့်ခဲနေသည်။ သူ့ခန္ဓာကိုယ်မှ အပေါက်တစ်ခုချင်းစီက ပွင့်ဟလာသကဲ့သို့ ဆံပင်များလည်းထောင်လာကာ မျက်ဆံများလည်း ကျုံ့လာခဲ့သည်။ ထို့အပြင် အကြည့်များက တုန်လှုပ်နေ၏။ ချန်လီ အလွန်အမင်းကြောက်ရွံ့သည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။


ချန်လီအတွက် ချန်မိသားစုက မဖြတ်ကျော်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုကို ကိုယ်စားပြုသည်။ ချန်လီ၏ စိတ်ဒဏ်ရာအများစုက ချန်မိသားစုမှအရင်းခံလာသည်ဟု ဆို၍ရနိုင်သည်။ ယခု ချန်မိသားစုဝင်များနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသည့်အခါ ချန်လီ၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များက တစ်ခဏလေးနှင့် ယိုင်နဲ့လာခဲ့သည်။ သူက ဝေ့ချန်အနောက်သို့ ကျုံ့ဝင်သွားပြီး တုန်ယင်နေတော့သည်။ ပတ်ဝန်းကျင်နှင့် အနီးနားရှိ လူများကိုလည်း သတိမမူမိတော့ချေ။ အဆုံးမဲ့သည့် အမှောင်ထုကြီးက မည်းမှောင်နေသည့် ဒီရေကဲ့သို့ သူ့ကို လွှမ်းခြုံရန် တိုးဝင်လာသလို ခံစားနေရသည်။


ချန်လီက ခေါင်းငုံ့ထားကာ သူခြေချောင်းများကိုသာ စိုက်ကြည့်နေသည်။ သူက ဝေ့ချန်၏လက်ကို နောက်ဆုံး ကောက်ရိုးမျှင်ကို ဆွဲထားသကဲ့သို့ တင်းကြပ်စွာ ကိုင်ထား၏။ သူ့လက်ထဲရှိ ထိုကောက်ရိုးမျှင်လေးနှင့်ဆိုလျှင် သူအသက်ရှင်နိုင်သည်ဟု ခံစားနေရသည်။ 


ချန်ချင်း တိုးကပ်လာလေ၊ ချန်လီ ကြောက်လန့်လာလေကို ခံစားမိသောကြောင့် ဝေ့ချန်က အေးစက်စွာ ပြောလိုက်သည်။ 


“တောင်းပန်ပါတယ်…ဒါပေမယ့် ကျွန်တော်တို့သွားမှဖြစ်မယ်” ပြောပြီးသည်နှင့် သူကလှည့်၍ ချန်လီကို ရင်ခွင်ထဲတွင် ချီလိုက်ကာ လှေကားပေါ်သို့ ခြေလှမ်းကျဲကြီးများနှင့် တက်သွားတော့သည်။


လှေကားထိပ်သို့ ရောက်သောအခါ ဝေ့ချန်က သခင်ကြီးဝေ့၊ ချန်ရှီဟွိုက်တို့နှင့် တွေ့လေသည်။ သူတို့နှစ်ယောက်က ဝေ့ချန်အား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြ၏။ သို့သော်လည်း ဝေ့ချန်က သူတို့ကို အာရုံမထားပေ။ သူက ချန်လီအား ရင်ခွင်ထဲတွင် ထည့်ထားရင်း လျင်မြန်စွာနှင့် သူတို့ကိုကျော်ဖြတ်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။ 


အခန်းတံခါးပိတ်သွားပြီး အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်နှင့် ဝေ့ချန်က ချန်လီအား ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။ သူက ချန်လီကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး ကျယ်ပြန့်သည့် လက်က ချန်လီ့၏ကျောကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ သူ့အသံက နက်ရှိုင်းပြီးနူးညံ့နေကာ မြတ်နိုးမှုများဖြင့် ပြည့်လျှံနေသည်။ 


“လီလီ…ကိုယ်ဒီမှာ ရှိတယ်”


ချန်လီက အကြောက်တရားတွင် ပိတ်မိနေဆဲဖြစ်ပြီး တုန်ယင်နေကာ အကြည့်များကလည်း အသက်မဲ့နေသည်။ 


“လီလီ…ကိုယ်ဒီမှာရှိတယ်”


“ကိုယ်ရှိတယ်”


ဝေ့ချန်က ထိုစကားကိုသာ အထပ်ထပ်အခါခါ ပြောပေးနေပြီး အသံကတော့ ခံစားချက်များ ပဲ့တင်ထပ်နေသကဲ့သို့ တုန်ယင်နေသည်။ သူ့နှလုံးသားမှာ လေးလံသည့် အလေးတုံးဖြင့် အထုခံနေရသလို နာကျင်လာတော့သည်။ 


ဝေ့ချန်၏ စိတ်ခံစားချက်များက ချန်လီ့အပေါ် သက်ရောက်သွားတာဖြစ်နိုင်သည်။ ဝေ့ချန်၏ ညင်သာသည့် ခေါ်သံက ချန်လီ၏ ကမ္ဘာပေါ်မှ အမှောင်ထုကို ဖယ်ရှားပေးလိုက်၏။ ချန်လီ၏လက်များ လှုပ်ရှားလာသည်။ သူက လက်ကို ဖြေးညင်းစွာ မြှောက်ပြီး ဝေ့ချန်၏ ခါးတစ်ဝိုက်ကို ရစ်ပတ်လိုက်ကာ အသံတိုးတိုးလေးနှင့် ပြောလာလေသည်။ 


“အားချန်”


“အားချန်”


ထိုစကားလုံးများကို ဝေ့ချန်ကြားသည့်အခါ ချက်ချင်း တုံ့ပြန်လိုက်သည်။


 “ဒီမှာ…ကိုယ်ဒီမှာရှိတယ်…လီလီ”


ဝေ့ချန်၏ နက်ရှိုင်းပြီး နူးညံ့သည့်အသံက ချန်လီ၏ နားထဲသို့ ရောက်လာသည့်အခါ ရုတ်တရက် တောက်ပနေသည့် အလင်းတန်းက ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းလာသလို ချန်လီ ခံစားလိုက်ရသည်။ သူ၏ ဆောက်တည်ရာမရဖြစ်နေသည့် နှလုံးသားက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ 


“အားချန်” ချန်လီ၏ ဝေ့ချန်၏ ပွေ့ဖက်ထားမှုမှ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဖြေးညင်းစွာနှင့် ဝေ့ချန်၏ ပုံရိပ်ကို ရောင်ပြန်ဟပ်ကာ တောက်ပလာခဲ့သည်။ 


“အားချန်” ချန်လီ နောက်တစ်ကြိမ် ထပ်ခေါ်လာသည်။ 


“ကိုယ်ဒီမှာ ရှိတယ်” ဝေ့ချန် ပြန်ပြောလိုက်သည်။ သူ့စကားများက အားတစ်ခုကဲ့သို့ အားကောင်းစွာဖြင့် ချန်လီ၏ နှလုံးသားထဲသို့ ဝင်ရောက်လာကာ ဒဏ်ရာရနေသည့်နှလုံးသားကို ပြုပြင်နေသကဲ့သို့ပင်။ 


ထို့နောက် နှစ်ယောက်သားက စကားတစ်ခွန်းမှ မဆိုဘဲ တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားကြသည်။ သို့သော်လည်း ၎င်းက စကားပေါင်းထောင်သောင်းထက် အများကြီး ပိုသာလေသည်။ 


“တော်ပါသေးရဲ့…အားချန် ရှိနေလို့” ထိုစကားလုံးများကို တီးတိုးဆိုလိုက်ပြီးနောက် ချန်လီက ဝေ့ချန်၏ ပွေ့ဖက်မှုကြားတွင် အိပ်မောကျသွားတော့သည်။ 


ဤပွေ့ဖက်ထားမှုက ချန်လီအတွက် အညင်သာဆုံးနှင့် အနွေးထွေးဆုံး နားခိုရာဖြစ်သည်။ ဝေ့ချန်သာ ရှိနေသရွေ့ ပြင်ပမှု ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များက သူ့အပေါ်သို့ မကျရောက်နိုင်ဟု သူခိုင်မြဲစွာ ယုံကြည်ထားသည်။ 


ဝေ့ချန်က ချန်လီ၏ အသက်ရှူနှုန်း တည်ငြိမ်လာသည်ကို ခံစားမိလိုက်သည်။ သူက ညင်သာစွာဖြင့် ချန်လီကို အိပ်ရာပေါ်သို့ လှဲချပေးလိုက်သည်။ 


ရင်းနှီးနေသည့် ပွေ့ဖက်မှုလေး ပျောက်ကွယ်သွားခြင်းက ချန်လီကို ခြောက်ခြားစေပုံပင်။ ယခုလေးတင် ပိတ်သွားသည့် သူ့မျက်လုံးများက တစ်ဖန်ပြန်ပွင့်လာကာ ဝေ့ချန်၏အမည်ကို ခေါ်လာခဲ့သည်။ 


“ကိုယ်ဒီမှာ ရှိတယ်” ဝေ့ချန်၏ ချန်လီ၏လက်ကိုကိုင်၍ တီးတိုးလေးပြောလိုက်သည်။ 


ဝေ့ချန်၏ လက်မှ အနွေးဓာတ်ကို ခံစားရင်း ချန်လီပြန်အိပ်ပျော်သွားသည်။ ဝေ့ချန် သူ့ဘေးတွင် ရှိနေသည်ဟုသည့် အသိနှင့်တင် သူနောက်တစ်ကြိမ် စိတ်လျှော့ချနိုင်သွားသည်။ 


ဝေ့ချန်က ချန်လီဘေးတွင်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်အထိ အဖော်ပြုပေးခဲ့သည်။ ထိုအခါမှသာ ဝေ့ချန်က ချန်လီ၏လက်ထဲမှ သူ့လက်ကို ထုတ်လိုက်သည်။ ထိုအချိန်တွင် သူ့အကြည့်များက ရေခဲတမျှ အေးစက်သွားကာ ထက်မြနေသည့် ဓားတစ်ချောင်းကဲ့သို့ပင် အေးစက်ကာ အန္တရာယ်ကြီးသည့်ပုံပေါက်နေသည်။ 


ချန်မိသားစုဝင်များက ဧည့်ခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး မပြန်ကြသေးချေ။ ဝေ့ချန် ပြန်ဆင်းလာသည့်အခါ အဖိုးကြီးဝေ့အပါအဝင် သူတို့အားလုံး၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်လာကြသည်။  


“သခင်လေးဝေ့…ချန်လီကို အိမ်ပြန်ခေါ်လာခိုင်းဖို့ကို တကယ်မလွယ်ဘူးပဲ” ချန်ရှီဟွိုက်က ဝေ့ချန်ကိုကြည့်၍ ပြောလာသည်။ သူ့အမူအရာများက တင်းမာနေကာ အပြုံးတစ်စက်မှ ရှိမနေပေ။ သူ့မျက်လုံးများက ဩဇာအာဏာအပြည့်နှင့် ဝေ့ချန်ကိုစိုက်ကြည့်နေသည်။ 


“ကောင်းပြီ…ကြည့်ရတာ အဖိုးချန် ဒီတစ်ခေါက်လာလည်တာ အချည်းနှီးဖြစ်သွားတဲ့ပုံပဲ” ချန်ရှီဟွိုက်၏ ရှိန်လောက်စရာတည်ရှိမှုကို မတုန်မလှုပ်ဘဲ ပြန်ပြောလိုက်သည်။


ဝေ့ချန်၏ စကားလုံးများနှင့်အတူ အေးစက်သည့်လေထုတစ်ခုက ဧည့်ခန်းထဲသို့ လွှမ်းခြုံလာသည်။ ဝေ့ချန်၏ ရည်ရွယ်ချက်က ရှင်းသည်: ဒီနေ့အတွက် ချန်မိသားစုက အဖိုးကြီးကိုယ်တိုင်ရောက်လာခဲ့လျှင်တောင် ချန်လီကို သူတို့နှင့်ပြန်လိုက်သွားခွင့်မပြုပေ။ 


ဝေ့ချန်က ချန်ရှီဟွိုက်အား လိုက်လျောလိမ့်မည်ဟု သူတွေးထားသော်လည်း ဝေ့ချန်က မတုန်မလှုပ်ဘဲ ရပ်နေခဲ့သည်။ ချန်ချင်းက ဝေ့ချန်အား မယုံနိုင်သည့်အမူအရာဖြင့် ကြည့်လာ၏။ ချန်လီ့အတွက်ကြောင့် ဝေ့ချန်က သူ့အဖိုးကို မတုန်မလှုပ်ဘဲ တိုက်ရိုက်ရင်ဆိုင်ရဲသည်ကို သူမယုံနိုင်ချေ။ 


သခင်ကြီးဝေ့က ထိုင်ခုံတွင် ထိုင်နေပြီး အရှေ့ရှိမြင်ကွင်းကို စိတ်ဝင်တစားကြည့်နေသည့်ပုံပေါ်နေသည်။ 


“သခင်လေးဝေ့…မင်းဘယ်သူ့ကို စကားပြောနေတယ်ဆိုတာသိရဲ့လား” ချန်ရှီဟွိုက်၏ မျက်ခုံးများက တွန့်ချိုးသွားပြီး အကြည့်များက ထက်ရှလာသည်။ သူ့ကို ယခုလို ပြောရဲဆိုရဲသည်မှာ ဝေ့ချန်က ပထမဆုံးပင်။ 


ဝေ့ချန်က ချန်ရှီဟွိုက်ကို လျစ်လျူရှုလိုက်ပြီး အိမ်တော်ထိန်ကျန်းကို လှည့်ပြောလိုက်သည်။ “ဦးလေးကျန်း…သခင်ကြီးချန်နဲ့ တခြားလူတွေ ကိစ္စမရှိတော့ဘူးဆိုရင် ပြန်လိုက်ပို့ပေးလိုက်ပါ”


ဤကိစ္စအပေါ် ဝေ့ချန်၏ ဆုံးဖြတ်ချက်က ရှင်းလင်းသည်။ ချန်လီက ချန်မိသားစုသို့ ပြန်မသွားရပေ။ 


ထိုစကားများကို ပြောပြီးနောက် ဝေ့ချန်က လှည့်၍ အပေါ်ထပ်သို့ တက်သွားတော့သည်။ သူ့အတွေးများတွင် ချန်လီသာရှိနေကာ ချန်မိသားစုကိုကိုင်တွယ်ရန် အချိန်မရှိချေ။ 


ဒေါသကို မထိန်းနိုင်တော့ဘဲ ချန်ရှီဟွိုက် ထရပ်လိုက်သည်။ “ဝေ့ချန်” သူ့အသံက ဒေါသများဖြင့် ပြည့်နေပြီး ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း ဝေ့ချန်၏ ဆုံးဖြတ်ချက်ပြတ်သားနေသည်ကတော့ မယိုင်လဲဘဲ ကျန်ရှိနေတုန်းပင်။


ဝေ့ချန်၏ပုံရိပ်က ‌ထောင့်တစ်နေရာတွင် ပျောက်သွးသည့်အခါ ချန်ရှီဟွိုက်လည်း သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။ ထို့နောက်သူက သခင်ကြီးဝေ့ဆီသို့ လှည့်လိုက်သည်။ 


“မင်းရဲ့ မြေးပီသပါတယ်...ဘယ်လိုမှ ကိုင်လှုပ်လို့မရတဲ့သူပဲ”


သခင်ကြီးဝေ့က ပြုံး၍ ပြောလာသည်။ “အိုး...လုပ်ပါကွာ...ဒါလေးက ဘာမှမဟုတ်ပါဘူး” ထို့နောက် သူက အိမ်တော်ထိန်းကျန်းကို လှည့်ကြည့်၍ ပြောလိုက်သည်။ “လောင်ကျန်း...ဧည့်သည်တွေကို ပြန်လိုက်ပို့လိုက်တော့” 


ဝေ့ချန်နှင့် သခင်ကြီးဝေ့ နှစ်ယောက်လုံးထံမှ အမိန့်များ ရပြီးသည့်နောက် အိမ်တော်ထိန်းကျန်းက ချန်ရှီဟွိုက်ဆီသို့ လျှောက်သွားလိုက်သည်။ “သခင်ကြီးချန်...သခင်လေးချန်...ကြွပါ”


အိမ်ရှင်၏ သဘောထားက ရှင်းလင်းနေသည်ကို မြင်ပြီးနောက် ချန်ရှီဟွိုက်လည်း ဆက်နေစရာအကြောင်းမရှိတော့ပေ။ 


“အားချင်း...သွားရအောင်” ချန်ရှီဟွိုက် ဒေါသမပြေသေးဘဲ ထရပ်လိုက်သည်။ 


“ဟုတ်ကဲ့” ချန်ချင်း၏ စိတ်အခြေအနေလည်း ကောင်းမွန်မနေပေ။ ချန်လီအပေါ် ဝေ့ချန်၏ ကာကွယ်နေသည့် မြင်ကွင်းက အနည်းငယ် မျက်စိဆံပင်မွှေးစူးစေသည်။ 


အိမ်တော်ထိန်းကျန်း၏ လမ်းညွှန်မှုအောက်တွင် သူတို့နှစ်ယောက်လုံးက ဝေ့အိမ်မှ ထွက်လာလိုက်ကြသည်။ အိမ်တော်ထိန်းကျန်း ပြန်ရောက်လာသည့်အခါ သခင်ကြီးဝေ့က အခန်းဆီသို့ ပြန်မသွားသေးပေ။ သူက ဆိုဖာပေါ်တွင် ထိုင်နေရင်း တက်ကြွနေကာ မျက်နှာပေါ်တွင် အပြုံးလေးရှိနေသည်။ သူဘာတွေးနေသည်ကိုတော့ ခန့်မှန်းရခက်၏။


“သခင်ကြီး” အိမ်တော်ထိန်းကျန်းက သခင်ကြီးဝေ့ဆီသို့ လေးလေးစားစားဖြင့် လာလိုက်သည်။ 


“လောင်ကျန်း...မြင်လိုက်လား” သခင်ကြီးဝေ့က စိတ်အခြေအနေကောင်းနေကာ အပြုံးလေးနှင့် ပြောလာသည်။ “ချန်ရှီဟွိုက် ဒီလိုအရှက်ခွဲမခံရတာ ဘယ်လောက်ကြာပြီလဲ...အားချန်က တကယ်ကို ငါ့မြေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ” 


“သခင်လေးဝေ့က အမြဲထူးချွန်ပြီးသားပါ...” အိမ်တော်ထိန်းကျန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဝေ့ချန်ကို မြှောက်ပင့်လိုက်သည်။ 


ဝေ့ချန်အကြောင်းပြောနေရင်း သခင်ကြီးဝေ့၏မျက်နှာမှ အပြုံးလေးပျောက်ကွယ်သွားသည်။ သူက အခု ချန်ရှီဟွိုက်ကို လှောင်ပြောင်နေသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်၌ သူ့မြေးကိုယ်တိုင်က သူ့ကိုပင် ဖော်ဖော်ရွေရွေ မရှိခဲ့ချေ။ 


အိမ်တော်ထိန်းကျန်းက သခင်ကြီးဘာတွေးနေလဲမသိသောကြောင့် သူကဘေးတွင်သာ တိတ်တဆိတ်နေလိုက်သည်။ 


“လောင်ကျန်း...ပြောပါဦး...ချန်မိသားစုက ဘာလို့ ချန်လီကို ရုတ်တရက် ပြန်လာစေချင်ရတာလဲ” သခင်ကြီးဝေ့က လက်ချောင်းနှင့် ဒူးကိုတောက်နေကာ အိမ်တော်ထိန်းကျန်းကို မေးလိုက်သည်။ သို့သော်လည်း တကယ်တမ်းတွင် သူက သူ့ကိုယ်သူသာ မေးလိုက်ခြင်းဖြစ်၏။ 


ချန်ရှီဟွိုက်နှင့် နှစ်ပေါင်းများစွာ ပြိုင်ဘက်ဖြစ်လာပြီးနောက် သခင်ကြီးဝေ့က ချန်ရှီဟွိုက်၏ အကျင့်စရိုက်ကို နားလည်လာသည်။ ချန်လီက ချန်မိသားစု၏ အပယ်ခံထားရသည့်သူဖြစ်ပြီး သူ၏တစ်ခုတည်းသော တန်ဖိုးက ဝေ့ချန်ကို လက်ထပ်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုတန်ဖိုးနှင့် သူတို့ ပင်ပန်းလာသည်နှင့်အမျှ ချန်မိသားစုက သူတို့ကို စိတ်ဝင်စားတော့မည်မဟုတ်ချေ။


သို့သော် ယခုတွင်တော့ သူတို့က ချန်လီအား ချန်မိသားစုသို့ ပြန်လာရန် ထပ်ခါထပ်ခါ တိုက်တွန်းနေသည်။ ၎င်းက မူမမှန်သည်ပင်။ ချန်မိသားစုက ချန်လီ့ရဲ့ တခြားတန်ဖိုးတစ်ခုကိုများ ရှာတွေ့သွားတာလား...။


သခင်ကြီးဝေ့၏ အကြည့်များက ကျဥ်းမြောင်းသွားပြီး မျက်ဝန်းထဲတွင် သိချင်စိတ်များဖြင့် ပြည့်နေသည်။ 


အိမ်တော်ထိန်းကျန်းက ဘေးတွင် ရပ်နေကာ မျက်လုံးချင်းဆိုင်ရန် ရှောင်ရှားနေပြီး တလေးတစားဖြင့် ရပ်နေသည်။ 


သခင်ကြီးဝေ့က တိတ်တဆိတ်လေးတွေးတောနေသော်လည်း ဘာဖြစ်နေလဲမသိနိုင်ဖြစ်နေသည်။ သူက ဆက်မတွေးရန် ဆုံးဖြတ်လိုက်ပြီး အိမ်တော်ထိန်းကျန်းကို လှည့်မေးလိုက်သည်။ “အဲ့ဒီလူရဲ့ မွေးနေ့က နောက်ရက်နည်းနည်းနေရင်လာ‌‌တော့မှာမလား...ဖိတ်ကြားလွှာရော ရပြီလား” 


အိမ်တော်ထိန်းကျန်းက ခေါင်းခါလိုက်သည်။ “အဲ့ဒီလူက ပွဲကြီးကြီးမားမား လုပ်တတ်တဲ့သူမျိုးမဟုတ်ဘူးလို့ ပြောကြပါတယ်...မိတ်ဆွေအရင်းတွေကိုသာ ဖိတ်ကြားလွှာတွေ ပို့တယ်လို့ကြားမိပါတယ်”


ထိုဖိတ်ကြားလွှာကိုရရန်က ခက်ခဲကြောင်း သခင်ကြီးဝေ့သိသည်။ ချန်မိသားစုက ပေကျင်းမြို့ရှိ ချန်မိသားစုမှ တစ်ဆင့် ဖိတ်ကြားလွှာကိုရနိုင်ခဲ့သည်။ ထိုအကြောင်းကို မနှစ်ကတည်းက စုံစမ်းနေခဲ့သော်လည်း ဖိတ်ကြားလွှာကိုရရန်တော့ နည်းလမ်းရှာမတွေ့သေးချေ။ 


“ထားပါတော့...ရှိစေတော့” သခင်ကြီးဝေ့က လက်ခါပြရင်း ထိုဖိတ်ကြားလွှာအကြောင်း မတွေးရန် ဆုံးဖြတ်လိုက်သည်။ ထိုလူ၏ အကျင့်စရိုက်နှင့်ဆိုလျှင် ပွဲတက်ပြီးလက်ဆောင်များပေးလျှင်တောင်မှ ခြားနားသည့် ဆုံးဖြတ်ချက်မျိုး ရလိမ့်မည်မဟုတ်ချေ။ 


သူ ဝေ့ချန်ကို ယုံကြည်ထားမှတော့ ဝေ့ချန်အပေါ်ကိုသာ အလုံးစုံ အပ်နှံထားလိုက်တော့မည်။ နောက်ဆုံးတော့လည်း သူ့မြေးက ဤကိစ္စအပေါ်တွင် သုံးနှစ်တာလွတ်လပ်ခွင့်ကို လောင်းကြေးတင်ခဲ့သည်ပင်။



💘