💘Chapter 144
နှစ်သစ်ကူးအကြို
နှစ်သစ်ကူးအကြိုစားသောက်ပွဲ၌ တက်ကြွလှုပ်ရှားနေသည်လေထုက အခန်းထဲတွင် ပြည့်နှက်နေ၏။ အခြားသူများနှင့်မတူဘဲ ဝေ့ချန်နှင့်ချန်လီတို့က သူတို့ကိုယ်ပိုင်ကမ္ဘာထဲတွင်ရှိနေကြပုံပင်။ သူတို့က ထမင်းစားပွဲ ပတ်ဝန်းကျင်ကို မေ့မေ့လျော့လျော့ဖြစ်နေကြလေသည်။ သူတို့ဘေးတွင်ထိုင်ရဲသည့် တစ်ကိုယ်တည်းသမားများကတော့ သိသာသည့် ထိုးနှက်ချက်များကို ခံရမည်မှာ မလွဲမသွေပင်။
ဝေ့ချန်ကို လာရောက်ဂုဏ်ပြုကြပြီး သူနှင့် ဆက်ဆံရေးများကို ဖန်တီးချင်နေသည့် သူများလည်းရှိသည်။ သို့သော်လည် ဝေ့ချန်ရှိနေသည့်စားပွဲသို့ရောက်လာသည့်အချိန်တွင် ချန်လီနှင့်ပြုမူနေပုံအားတွေ့ကြပြီးနောက် နောက်ကြောင်းသို့ ပြန်လှည့်သွားကြသည်။ သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးက အလွန်ခိုင်မာသောကြောင့် အခြားသူများပင် ဝင်ရောက်မထိုးဖောက်နိုင်ပေ။ အတင်းကာရော ဝင်လိုက်ပါက ပြစ်မှုတစ်ခုကို ကျူးလွန်မိခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့ကို ဂုဏ်ပြုချင်သည့်သူများက တစ်ချက်ကြည့်ပြီးနောက် လျင်မြန်စွာပဲ သူတို့၏ ထိုင်ခုံများဆီသို ပြန်သွားကြ၍ အခြားသူနှင့်သာ စကားပြောနေလိုက်ကြတော့သည်။
ဝေ့ဟွားနှင့် ဝေ့ယန်တို့လည်း ဂုဏ်ပြုသည်များကို လက်ခံရရှိကြသည်။ သို့သော်လည်း သူတို့က ကျွမ်းကျင်စွာဖြင့် ကိုင်တွယ်နိုင်ကြသည်။ တစ်ယောက်က ဟာသကိုအသုံးပြု၍ ရှောင်ရှားပြီး နောက်တစ်ယောက်ကတော့ အကြောင်းပြချက်ရှာကာ အရက်တစ်စက်လေးမှမဝင်ရန် တတ်နိုင်သမျှရှောင်ရှားကြသည်။
“ကျွန်တော်ဗိုက်ဝသွားပြီ” ချန်လီ၏အကြည့်များက ဝေ့ချန်ထည့်ပေးထားသည့် ဟင်းလျာကိုကြည့်၍ ပြောလိုက်သည်။ ဟင်းလျာက အနံ့အရသာကောင်းမွန်သော်လည်း သူ၏ ပြည့်ဖောင်းနေသည့် ဗိုက်ကလေးက ဆက်၍ မသုံးဆောင်နိုင်တော့ပေ။
ဝေ့ချန်က တူကိုချလိုက်ပြီး ချန်လီ၏ဗိုက်လေးကို စနောက်၍ ပွတ်သပ်လိုက်သည်။ “လုံးလုံးလေးနော်”
ချန်လီက သေချာခေါင်းညိတ်လာ၏။ “အင်း”
ဝေ့ချန်၏ မျက်လုံးများက အပြုံးလေးနှင့် တောက်ပသွားသည်။ “အစာကြေအောင် လမ်းလျှောက်ထွက်ရအောင်”
ချန်လီခေါင်းညိတ်လိုက်သော်လည်း လှုပ်ရှားမလာဘဲ ထိုင်ခုံတွင်သာထိုင်နေ၏။ ဝေ့ချန် သူ့ကို ကူညီလာမည်ကို စောင့်နေခြင်းဖြစ်သည်။ ဝေ့ချန်က သူ့စိတ်ကို နားလည်လိုက်သောကြောင့် ထ၍ ချန်လီဆီသို့ လက်ကမ်းပေးလိုက်သည်။ ချန်လီက နာနာခံခံနှင့် ဝေ့ချန်၏လက်ထဲသို့ သူ့လက်ကိုထည့်ပေးလိုက်ပြီး ဝေ့ချန်ဆီမှ ခိုင်မာသည့် ဆွဲထူမှုနှင့်အတူ ထလိုက်လေသည်။ ထို့နောက် သူတို့၏ လက်ချောင်းများက သွယ်ယှက်သွားကြ၏။
သူတို့ အတူတကွထလာချိန်တွင် ထမင်းစားခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဝေ့ချန်၏ထွက်ခွာမှုက ဤကဲ့သို့ ဩဇာညောင်းသည့် အရောင်အဝါကို ထုတ်လွှတ်ပေးနိုင်သည်က အလွန်အံ့ဩဖွယ်ကောင်းလေသည်။
ပူးကပ်နေသည့်စုံတွဲထွက်သွားပြီးမှသာ ထမင်းစားခန်းကပြန်၍ သက်ဝင်လှုပ်ရှားလာသည်။ ဂုဏ်ပြုသံများ၊ ဂိမ်းဆော့နေကြသံများနှင့် ပျော်ရွှင်ကာ ပရမ်းပတာနိုင်နေကြ၏။ သို့သော်လည်း ဤအခိုက်အတန့်က ကြုံတွေ့ရန် ရှားပါးလှကြောင်းသိကြသည်။ နှစ်သစ်ကူးပြီးသည်နှင့် လူတိုင်းက ရှိကြတော့မည်မဟုတ်ပေ။
ဝေ့ဟွားက ထမင်းစားခန်းမှ ထွက်ခွာရန် အကြောင်းပြချက်ကို ရှာတွေ့ခဲ့ပြီး ပြန်မလာတော့ချေ။ ညစာစားပွဲ ပြီးသွားသည့်အချိန်၌ ကိုးနာရီပင် ထိုးလုနီးပြီဖြစ်သည်။ ကွတ်ကီးလေး စားပြီးရဲ့လားဟု ဝေ့ဟွားသိချင်နေမိ၏။
ဝေ့ဟွားက ကွတ်ကီးလေးကို စာပို့ရန်ကြိုးစားလိုက်သော်လည်း သူချုပ်တည်းလိုက်သည်။ နှစ်သစ်ကူးဆုတောင်းရန် သန်းခေါင်ယံအထိစောင့်သင့်သည်ဟု သူဆုံဖြတ်လိုက်သည်။
ခေါင်းပေါ်တွင် လုံးဝန်းနေသည့် လကိုကြည့်ရင်း သူအတွေးထဲသို့ နစ်မျောသွားသည်။ လေအေးတစ်ချက်က သူ့ကို ကြက်သီးထသွားစေပြီး လှည့်၍ အိမ်မကြီးဆီသို့ ပြန်သွားစေလိုက်သည်။
အိမ်မကြီး၏ ဧည့်ခန်းတွင် ဝေ့ဝေ့က ဖန်းယွင်အနောက်တွင် ပုန်းနေကာ မျက်လုံးလေးသာ ဖော်ထားပြီး ဝေ့ချန်ကို ကြည့်နေသည်။
ချန်လီကိုကျောက်ခဲနှင့်ပစ်ရန် သူခိုင်းစေခဲ့သည်က ပေါ်သွားမှန်း သူသိထားသည်။ ယခုတွင်တော့ ဝေ့ချန်က သူ့ကို ပြောဆိုတော့မည်။ ကံကောင်းစွာနှင့် ဖန်းယွင်က အိမ်တွင်ရှိနေသောကြောင့် ဖန်းယွင်အနောက်တွင် ရှိနေပါက ဝေ့ချန် သူ့ကိုဆူ၍မရမှန်း ဝေ့ဝေ့သိသည်။
တကယ်တမ်းတွင် ဝေ့ချန်က ဝေ့ဝေ့ကို အပြစ်မတင်ခဲ့ချေ။ ဝေ့ချန် သူ့ကိုမြင်သောအခါ ခဏလောက်ရပ်တန့်သွားပြီး ပြောလာသည်။ “နှစ်သစ်ကူးပြီးရင် ဝေ့ဝေ့အတွက် စစ်ဘက်လေ့ကျင့်ရေးစခန်းတစ်ခု စီစဥ်ပေးမယ်…နောက်နှစ်နည်းနည်းလောက် အဲ့ဒီစခန်းမှာ နေရလိမ့်မယ်”
ဖန်းယွင်က ထိုစခန်း၏ သဘောသဘောဝကိုသိသည်။ ဝေ့ချန်က သူ၏မူလတန်းနှစ်များကို ထိုစခန်း၌ ကုန်ဆုံးခဲ့သည်။ ထိုနေရာက တန်ဖိုး ရေရေရာရာ မသိရသည့် ကြမ်းတမ်းသည့်နေရာတစ်ခုသာဖြစ်သည်။ ဝေ့ဝေ့က ဒီလောက်ငယ်သေးတာ ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ…။
“ငါ့သူ့ကိုမလွှတ်နိုင်ဘူး” ဖန်းယွင်၏ မျက်ခုံးများ တွန့်သွားသ်ည။ ဝေ့ဝေ့က သူမ၏အဖိုးတန်ကလေးဖြစ်ပြီး လေ့ကျင့်ရေးစခန်းတွင် ခံစားရုန်းကန်နေရမည်ကို သူမ ကြည့်မနေနိုင်ချေ။
ဝေ့ချန်က ဖန်းယွင်နှင့် မငြင်းခုံလိုက်ပေ။ သူက ရိုးရှင်းစွာနှင့် ပြောလိုက်သည်။ “ဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ဖြစ်သလို အဖိုးရဲ့ ဆုံးဖြတ်ချက်လည်းဖြစ်တယ်”
သခင်ကြီးဝေ့၏ အမည်ကိုကြားပြီးနောက် ညှိနှိုင်းစရာအခန်းကဏ္ဍမရှိကြောင်း ဖန်းယွင်သဘောပေါက်လိုက်သည်။ ဝေ့ချန်က သခင်ကြီးဝေ့၏ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မှန်း သူမ သေချာနားလည်သည်။ မဟုတ်ပါက သခင်ကြီးဝေ့၏ ဝေ့ဝေ့အပေါ် ချစ်ခင်နှစ်သက်မှုတို့နှင့်ဆိုလျှင် ထိုကဲ့သို့ ပင်ပန်းဆင်းရဲမှုမျိုးကို ဝေ့ဝေ့အား ခံစားလိမ့်မည်မဟုတ်ချေ။
“ဝေ့ချန်…ငါ့ကို ဖိအားပေးဖို့ သခင်ကြီးဝေ့ကို အသုံးမချနဲ့…မင်း မင်းရဲ့ညီလေးကို ကောင်းကောင်းမဆက်ဆံဘူး ဆိုတဲ့ သတင်းတွေပျံ့သွားရင် မင်းအတွက်လည်း အကျိုးမရှိနိုင်ဘူး” ဖန်းယွင်က ဝေ့ချန်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း ဝေ့ချန်က သူမ၏ကလေးမဟုတ်ဘဲ ရန်သူဖြစ်နေသည့်အလား မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လာတော့သည်။
လှေကားကိုတက်တော့မည့်အချိန်တွင် ဝေ့ချန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက လှည့်လာ၍ ရေခဲတမျှ အေးစက်နေသည့် အကြည့်များက ဖန်းယွင်၏ နှာတံအပေါ်သို့ ကျရောက်သွားသည်။ ထိုအချိန်တွင် သူမ၏ အကြည့်များက ဝေ့ချန်အပေါ်သို့ သက်ရောက်မှုမရှိတော့ပေ။
“သခင်မဖန်း…ခင်ဗျားမှာ ပညာရေးဆိုတာဘာလဲဆိုတဲ့ အသိရှိနေခဲ့ရင် ကျွန်တော် ဝေ့ဝေ့ကို လေ့ကျင့်ရေးစခန်းဆီ ပို့ဖြစ်မှာမဟုတ်ဘူး…ဝေ့မိသားစုက ယောက်ျားတွေက ဘယ်တုန်းကမှ ထောင်လွှားမောက်မာတာမျိုးမလုပ်ကြဘူး” “အမေ” ဆိုသည့် အခေါ်အဝေါ်က အတိတ်ဘဝတွင် ပျော်ဝင်နစ်မြုပ် ကျန်နေခဲ့ပြီဖြစ်သည်။ ဖန်းယွင်က သူ့အား သားတစ်ယောက်အဖြစ် နောက်တစ်ခေါက် အသိအမှတ်ပြုလာရန်လည်း မျှော်လင့်ချက်တစ်စုံတစ်ရာရှိမနေပေ။
“ဝေ့ချန်” ဖန်းယွင်က ဝေ့ချန်အား လွမ်းဆွတ်တသမှု တစိုးတစိမရှိဘဲ ကြည့်လိုက်သည်။ သူမ အထဲမှ တစ်ခုခုက ချိုးဖောက်ထွက်လာတော့မလိုပင်။ သူမ၏ ဆန္ဒမပါဘဲ ဝေ့ဝေ့၏အနာဂတ်ကို ဆုံးဖြတ်သည့်အတွက်သော်လည်းကောင်း၊ လွတ်ထွက်သွားသည့် တစ်ခုခုအား ဖမ်းဆုပ်ရန် ကြိုးစားချင်၍သော်လည်းကောင်း ဝေ့ချန်ကို ဒေါသတကြီးဖြင့် အော်လိုက်သည်။
ဝေ့ချန်က နောက်ပြန်လှည့်မကြည့်လာပေ။ ချန်လီ၏လက်ကိုကိုင်၍ ထောင့်တစ်ထောင့်၏ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ဖန်းယွင်က မျက်နှာကိုအုပ်၍ နာနာကျင်ကျင်ဖြင့် ငိုတော့သည်။
သူ့အမေ ဝမ်းနည်းတကြီးနှင့် ငိုကြွေးသည်ကို ဝေ့ဝေ့ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူ ကူကယ်ရာမဲ့စွာ ခံစားလာရပြီး ဝေ့ချန်နှင့် သူ့အမေကြားမှ စကားများကို နားမလည်နိုင်ဖြစ်နေသည်။ သို့သော်လည်း ဝေဝါးသည့် အသိတစ်ခုက အပူအပင်ကင်းကင်းနေနိုင်သည့် ရက်များက ကုန်ဆုံးတော့မည်ဟု ပြောပြနေ၏။
ကိုယ့်ကိုကိုယ် စာနာသနားလာပြီးနောက် ဝေ့ဝေ့လည်း ဖန်းယွင်၏ လက်ထဲသို့ ဝင်၍ ငိုတော့သည်။
ဝေ့ကျန်းရှုန်း ဝင်လာသည့်အခါ အမေနှင့်သား ငိုနေသည့်မြင်ကွင်းကို မြင်လိုက်ရသည်။ သူ့ရင်တွင်း၌ မီးတောက်တစ်ခု တောက်လောင်လာပြီး အစပျိုးနေသည့် ဒေါသအပေါ်သို့ ထပ်တိုးကျရောက်လာလေသည်။ သူက အခန်းထဲတွင် လျှောက်သွားနေမိပြီး ငိုကြွေးသံများကို သည်းမခံနိုင်ဖြစ်လာတော့သည်။ ထို့နောက် ချော့မော့ခြင်းမရှိဘဲ အခန်းထဲမှ ထွက်သွားတော့သည်။
ဤနှစ်သစ်ကူးအကြိုက အားလုံးမျှော်လင့်ထားသလိုမျိုး ပျော်စရာမကောာင်းခဲ့ချေ။ သို့သော်လည်း ၎င်းက ဝေ့ချန်၊ ချန်လီတို့နှင့် သက်ဆိုင်မှုမရှိတော့ပေ။ သူတို့က အခန်းဆီသို့ ပြန်လာကြပြီး အဝတ်အစားများလဲကာ ကားဂိုဒေါင်သို့ ထွက်လာလိုက်ကြသည်။ သူတို့ကားကို မောင်းရင်း ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် နှစ်သစ်ကူးအကြိုပွဲအား ကျင်းပသည့်အချိန်အခါဖြစ်နေ၏။ အချိန်ခဏလေးပင် မကျန်တော့ပေ။ လူများစွာက နှစ်သစ်ကိုကြိုဆိုရန် လမ်းမပေါ်သို့ထွက်ကြ၍ လူအုပ်ကြီးနှင့် ပူးပေါင်းရင်း ပျော်ရွှင်စွာ စုဝေးနေကြသည်။
နှစ်သစ်ကူးအကြိုကို ဆင်နွှဲရန် ဝေ့ချန်ကချန်လီကိုခေါ်၍ ထွက်လာလိုက်သည်။ ရှန်ဟိုင်းမြို့တွင် နှစ်သစ်ရောက်သည်နှင့် မီးရှူးမီးပန်းများစွာ ထုတ်လွှတ်သည်ကို သူမှတ်မိသည်။ မှောင်မိုက်နေသည့် ညကောင်းကင်က အရောင်အသွေးစုံလင်သည့် မီးရှူးမီးပန်းများနှင့် ပေါင်းစပ်သွားသောအခါ နွေဦးပွဲတော်အတွက် အကောင်းဆုံးမြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်သည်ပင်။
လမ်းမပေါ်တွင် လူများ တက်ကြွလှုပ်ရှားနေကြသည်။ ဝေ့ချန်၏ကားက ရင်ပြင်သို့ ရောက်အောင်ပင်မသွားနိုင်ပေ။ အရှေ့ရှိ လူအုပ်ကြီးကိုကြည့်ရင်း ဝေ့ချန် နေရာပြောင်းရန် ဆုံးဖြတ်လိုက်သည်။ ချန်လီက လူများသည့်နေရာများတွင် ရှိနေခြင်းကို မကြိုက်သောကြောင့် မလိုအပ်သောတိုက်မိမှုများကို ရှောင်ရှားရင်း မောင်းလာလိုက်သည်။
ဝေ့ချန်က ကားကို ပြန်လှည့်လိုက်ပြီး ချန်လီအတွက် နောက်ထပ်နေရာရှာပေးလိုက်သည်။
နေ့ဘက်တွင် လူရှင်းနေခဲ့သည့်နေရာများက ညဘက်တွင် လူများဖြင့် ပြည့်နေ၏။ လူသိများသည့် ရင်ပြင်တိုင်းတွင် လူများက စုဝေးနေကြပြီး တက်ကြွလှုပ်ရှားနေကြသည့် မြင်ကွင်းကို ဖန်တီးထားသည်။
နှစ်သစ်ကူးအကြိုအား ဆင်နွှဲရန် ချန်လီကိုခေါ်ထားခြင်းအား အမှားတစ်ခုဟု ဝေ့ချန်ခံစားလိုက်ရသည်။ သူတို့က နှစ်သစ်ကူးကိုဆင်နွှဲရန် ထွက်လာကြခြင်းမဟုတ်ပေ။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရန် ထွက်လာကြခြင်းသာဖြစ်သည်။
အိမ်ပြန်တော့မည်ဟု ဝေ့ချန်တွေးလိုက်ချိန်တွင် ဆယ့်တစ်နာရီပင် ကျော်နေကြောင်း သတိထားမိသွားသည်။ မကြာခင်တွင် နှစ်သစ်ကူး၏ခေါင်းလောင်းများ မြည်လာတော့မည်။
များများစားစားမတွေးလိုက်ဘဲ ဝေ့ချန်က ကားရပ်ရန်နေရာရှာလိုက်ကာ ချန်လီကို ကုတ်ထပ်ဝတ်ပေးပြီး ကားထဲမှ ထွက်လာလိုက်သည်။ သူတို့က မြို့၏အရှည်ဆုံး ပုလဲတာဝါအရှေ့တည့်တည့်တွင် ရပ်နေကြသည်။ အရောင်အသွေးစုံလင်သည့် မီးဆိုင်းများက တာဝါမှလင်းလက်နေကြပြီး တစ်ဝိုက်ရှိ နီယွန်မီးများက ပို၍ အလှဖြည့်ပေးနေသည်။
ကြည့်ရသည်မှာ နွေဦးပွဲတော်က တာဝါအောက်တွင် ကျင်းပမည့်ပုံပင်။ သီချင်းဆိုသံများနှင့် ကခုန်သံများက လေထုထဲတွင် ပျံ့နှံ့နေ၏။ ဝေ့ချန်နှင့် ချန်လီတို့က မြစ်တစ်ဖက်ကမ်းတွင် ရပ်နေသည်ကိုတောင် ပျော်ရွှင်ဖွယ်ကောင်းသည့် သီချင်းသံများကို ကြားနေရသည်။
နာရီလက်တံများက သန်းခေါင်ယံသို့ နီးကပ်လာသည်နှင့်အမျှ ဝေ့ချန်နှင့် ချန်လီတို့လည်း မြစ်တစ်ဖက်ကမ်းတွင် လက်ချင်းယှက်လိုက်ကြသည်။ ဆောင်းလေအေးလေးက ကြက်သီးထစေကာ သူတို့နှစ်ယောက်လုံးကို အေးစိမ့်သွားစေသည်။ သို့သော် နှစ်ယောက်သားက လက်တွဲဖြုတ်ရန် ငြင်းဆန်ထားကြပြီး တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာဆုပ်ကိုင်ထားကြပြီး အပူငွေ့များကို ထိန်းသိမ်းထားကြသည်။
မြစ်တစ်ဖက်ကမ်းရှိ ပုလဲတာဝါမှသည် နံပါတ်ရေတွက်မှုက စတင်တော့သည်။ ဝေ့ချန်နှင့် ချန်လီတို့က နောက်ဆုတ်လာသည့် နံပါတ်များကိုကြည့်ရင်း ကောင်းကင်ပေါ်သို့ မီးရှူးမီးပန်းများ ပျံလာမည်ကို စောင့်နေလိုက်သည်။
“ကိုး”
“ရှစ်”
နှစ်သစ်ကူးခေါင်းလောင်းသံထွက်လာချိန်တွင် ဝေ့ချန်နှင့်ချန်လီတို့က ကြိုတင်စီစဥ်ထားသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က တစ်ပြိုင်နက်ပြောလိုက်ကြ၏။ “ပျော်ရွှင်စရာနှစ်သစ်ကူးပါ”
သူတို့၏ အကြည့်များက မလှုပ်မယှက်ရှိနေကြပြီး ကောင်းကင်မှ အရောင်အသွေးစုံသည့် မီးရောင်များက သူတို့၏ မျက်နှာများပေါ်သို့ ကျရောက်နေကာ မျက်လုံးများကို တောက်ပနေစေသည်။
မည်သူစလိုက်လဲမသိသော်လည်း နှစ်ယောက်က တဖြည်းဖြည်းနီးကပ်လာကြပြီး နှုတ်ခမ်းများက နက်ရှိုင်းသည့် အချစ်စိတ်များနှင့် ထုံလွှမ်းကာ ပြင်းပြသည့်အနမ်းတစ်ခုကို ဖန်တီးကြတော့သည်။
မြစ်တစ်ဖက်ကမ်းမှ သီချင်းသံများနှင့် ကခုန်သံများက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ရောင်စုံမီးရောင်များ၏ အောက်တွင် ဝေ့ချန်နှင့် ချန်လီတို့၏ပုံရိပ်များက တစ်သားတည်းပေါင်းစပ်သွားသကဲ့သို့ အရိပ်ထင်နေလေသည်။
တစ်သက်တာလောက်ကြာသည်ဟု ခံစားမိပြီးနောက်တွင် နှစ်ယောက်လုံး ပြန်ခွာ၍ နဖူးချင်းထိထားလိုက်သည်။ နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် အပြုံးများရောင်ပြန်ဟပ်နေ၏။
“လီလီ...ပျော်ရွှင်စရာနှစ်သစ်ပါ”
“အားချန်...ပျော်ရွှင်စရာနှစ်သစ်ပါ”
အလှမ်းဝေးသည့်နေရာတွင် ထူးခြားသည့်ပုံစံရှိသည့် ကောင်းကင်ပေါ်တွင် ကျယ်လောင်သည့် အသံဖြင့် ထွက်ပေါ်လာသည်။ မှောင်မိုက်နေသည့်ညက ထွန်းလင်းခံလိုက်ရကာ တရုတ်လူမျိုးများ၏ နှစ်သစ်ကို စတင်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် နာရီက ညဆယ့်နှစ်နာရီထိုးသည်နှင့် ဝေ့ဟွားက ကွတ်ကီးလေးအား နှစ်သစ်ဆုတောင်းစကား ပို့လိုက်သည်။
“ကွတ်ကီးလေး...ပျော်ရွှင်စရာနှစ်သစ်ပါ” မက်ဆေ့ချ်ပို့ပြီးသည့် ချက်ချင်းတွင် ကွတ်ကီးလေးက စာပြန်လာ၏။ “ပျော်ရွှင်စရာနှစ်သစ်ပါ” ၎င်းက ကွတ်ကီးလေးစာပြန်ရုံသာမဟုတ်။ ဝေ့ဟွားကို နှစ်သစ်ဆုတောင်းပေးရန် သူလည်း အချိန်ကိုက်ကို စောင့်နေသည်ဟု ဆိုလိုသည်။
ထိုအတွေးက ဝေ့ဟွား၏ အမူအရာမှ တင်းမာမှုများကို ပြေလျော့သွားစေသည်။ ထို့နောက် သူက နောက်စာတစ်စောင်ကို ခပ်မြန်မြန်လေး ရိုက်လိုက်သည်။
“အချစ်လေး...မင်းလည်း ကိုယ့်ကို နှစ်သစ်ဆုတောင်းပေးဖို့ စောင့်နေတာလား...ဟုတ်တယ်ဆိုတဲ့ အဖြေတစ်ခုကိုပဲ လက်ခံမှာနော်...သေချာဖြေပေး”
ထိုမက်ဆေ့ချ်ကိုမြင်သောအခါ ကွက်ကီးလေးနှုတ်ခမ်းများ မြင့်တက်သွားသည်။
“လူအများကြီးကိုတောင် နှုတ်ဆက်ပြီးပြီ...အတွေးလွန်မနေနဲ့” ထိုသို့တုံ့ပြန်လိုက်သော်လည်း တကယ်တမ်းတွင် ကွက်ကီးက ဝေ့ဟွားတစ်ယောက်တည်းကိုသာ အချိန်အတိအကျတွင် ဆုတောင်းပေးတာဖြစ်သည်။ နှစ်သစ်ဆုတောင်းပို့ခြင်းက သူ့တွင် အကျင့်မရှိသော်လည်း ဒီနေ့ကတော့ ခြွင်းချက်ဖြစ်သည်။ သူက ဆုတောင်းပေးရန်အချိန်ကိုက်နေရင်း ဝေ့ဟွား၏စာကိုလည်း စောင့်နေခဲ့တာဖြစ်သည်။
သေချာပေါက် ၎င်းကိုတော့ ကွက်ကီးဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ချေ။
ထိုအချိန်တွင် ရှန်ဟိုင်း၌ ဝေ့ဟွားက “လူအများကြီး” ဆိုသည့်စကားကို လျစ်လျူရှုရင်း အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးဖြီးကြီးဖြစ်နေလေသည်။ ထို့နောက် သူက နောက်စာတစ်စောင် ထပ်ရိုက်လိုက်သည်။
“နှစ်သစ်ရောက်လာပြီ...နောက်ကျနေပြီ...စောစောနားတော့...ကိုယ်မြို့တော်ကို ပြန်ရောက်ရင် ဒိတ်ကြရအောင်” သူက အဆုံးတွင် ချစ်ခြင်းဝေစွာဖြင့် ဝှေ့ယမ်းနေသည့် အီမိုဂျီလေးကိုပါ ထည့်လိုက်သေးသည်။
ထိုမက်ဆေ့ချ်ကို တွေ့ပြီးနောက် ကွတ်ကီးကဖုန်းကိုချ၍ အခန်းထဲသို့ ပြန်သွားလိုက်သည်။ သူက ဝေ့ဟွားကို လျစ်လျူရှုလိုက်သော်လည်း ဒိတ်ကြမည်ကိုတော့ ငြင်းဆန်ရန် အစီအစဥ်မရှိချေ။
ကွတ်ကီးက သတိမထားမိတာသော်လည်းကောင်း၊ တမင်လျစ်လျူလိုက်တာသော်လည်းကောင်း ဖြစ်နိုင်သည်။ တစ်ဖက်တွင်တော့ ဝေ့ဟွားက ကွတ်ကီးတုံ့ပြန်မလာသည်ကို ခွင့်ပြုသည့်သဘောဟု ယူဆလိုက်သည်။
ထိုညတွင် ဝေ့ဟွားက စိတ်လှုပ်ရှားမှုကြောင့် ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မရဘဲရှိတော့လေသည်။
💘