Chapter 141
Viewers 49k

💘Chapter 141 

အပေးအယူမဟုတ်...။



အိမ်တော်ထိန်းကျန်း၏ လမ်းပြမှုနှင့်အတူ ဝေ့ချန် သခင်ကြီးဝေ့၏ စာကြည့်ခန်းဆီသို့ ရောက်လာခဲ့သည်။ အိမ်တော်ထိန်းကျန်းက စာကြည့်ခန်းတံခါးကို ခေါက်၍ ဆိုလာ၏။ 


“သခင်ကြီး...သခင်လေးချန် ရောက်ပါပြီ”


ခိုင်မာသည့်အသံတစ်သံက အခန်းထဲမှ ထွက်ပေါ်လာသည်။ “ဝင်လာခဲ့”


အိမ်တော်ထိန်းကျန်းက တံခါးကိုဖွင့်၍ ဝေ့ချန်အား အထဲသို့ ဝင်သွားရန် အမူအရာပြလိုက်သည်။ 


ဝေ့ချန် စာကြည့်ခန်းထဲသို့ ဝင်သွားပြီးနောက် အိမ်တော်ထိန်းကျန်းက သူနှင့်အတူ အထဲသို့ လိုက်မဝင်ပေ။ သူက စာကြည့်ခန်းတံခါးကိုပိတ်လိုက်ပြီး တံခါးအရှေ့တွင် မလှုပ်မယှက်ရပ်နေ၏။ ထိုအချိန်အတွင်း စာကြည့်ခန်းသို့ ရောက်လာသည့် မည်သူမဆို အိမ်တော်ထိန်းကျန်း၏ ငြင်းဆိုခြင်းကိုခံရလိမ့်မည်။ 


စာကြည့်ခန်းထဲတွင် သခင်ကြီးဝေ့က စစ်တုရင်ကစားပွဲအလယ်တွင် ရှိနေသည်။ စစ်တုရင်ဘုတ်ပြားက အနီရောင်နှင့် အနက်ရောင် အပိုင်းအစများနှင့် နှစ်ဖက်ကြားတွင် ရှင်းလင်းပြတ်သားသည့်ပုံစံကို ဖော်ပြထား၏။ 


“ထိုင်” သခင်ကြီးဝေ့က ဝေ့ချန်က ခြေသံကြားသော်လည်း မော့အကြည့်ဘဲ ပြောလိုက်သည်။ “ငါနဲ့ ဝင်ဆော့”


သူ့စကားများကို လိုက်နာ၍ ဝေ့ချန်က သခင်ကြီးဝေ့နှင့် မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်ပြီး အနက်ရောင် အပိုင်းအစများကို ယူလိုက်သည်။ 


ဤသို့နှင့် မြေးအဘိုးနှစ်ယောက် စကားတစ်ခွန်းမှ လဲလှယ်ခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့် စစ်တုရင်ကစားကြတော့သည်။ 


ဝေ့ချန်၏ စိတ်ထဲတွင် ချန်လီရှိနေပြီး ချန်လီအား အခန်းထဲတွင် တစ်ယောက်တည်းထားခဲ့ရသောကြောင့် ဖြစ်လာသည့် စိတ်မရှည်မှုက စစ်တုရင်ကစားသည့်အပေါ်သို့ သက်ရောက်လာ၏။ သိပ်မကြာခင်တွင် သခင်ကြီးဝေ့က သူ့အမှားကို ရှာတွေ့သွားခဲ့သည်။ အမှားတစ်ချက်လေးက ဂိမ်းတစ်ခုလုံးကို အရှုံးသို့ ဦးတည်စေကာ သခင်ကြီးဝေ့က သူ့ကို လျင်မြန်စွာနှင့် အနိုင်ယူသွားခဲ့သည်။ 


“မင်းက စိတ်မရှည်ဖြစ်လွန်းတာပဲ” သခင်ကြီးဝေ့က မျက်မှောင်ကြုတ်၍ ဝေ့ချန်ကိုကြည့်ရင်း ကောက်ချက်ချလိုက်သည်။ 


ဝေ့ချန်ကလည်း ပွင့်ပွင့်လင်းလင်းနှင့် ဝန်ခံလာ၏။ “ဟုတ်ကဲ့”


“ချန်လီကြောင့်လား” သခင်ကြီး‌ဝေ့ မေးလိုက်သည်။ 


ဒီတစ်ခေါက်တော့ ‌ဝေ့ချန် ခေါင်းညိတ်ရန် တွန့်ဆုတ်မနေပေ။ “ဟုတ်ကဲ့” သူ့အကြည့်များကတော့ တည်တည်ငြိမ်ငြိမ် ရှိနေ၏။


သခင်ကြီးဝေ့ တိတ်ဆိတ်သွားပြီး စစ်တုရင်စားပွဲမှထကာ သူ့စားပွဲခုံသို့ လျှောက်သွားသည်။ 


လေထုက လေးလံလာပြီး အခန်းထဲတွင် တုန်လှုပ်စရာကောင်းအောင် တိတ်ဆိတ်နေ၏။


ကြည့်ရသည်မှာ သခင်ကြီးဝေ့က ဝေ့ချန်၏ စိတ်ရှည်သည်းခံမှုများကို စမ်းသပ်နေသည့်ပုံပင်။ သူက ဝေ့ချန်အား ဆွေးနွေးစရာရှိသည်ဟု၍ ခေါ်လိုက်သော်လည်း စစ်တုရင်ကစား၍ ခဏတာဆွေးနွေးပြီးနောက်တွင် ဘာမှမပြောဘဲ ဆိတ်ဆိတ်နေနေလေသည်။ 


“ဘာကိစ္စမှမရှိတော့ရင် ကျွန်တော်သွားတော့မယ်” ဝေ့ချန်ပြောလိုက်၏။ ချန်လီအပေါ် စိတ်ပူနေမှုက သူ့ကိုစိတ်မရှည်ဖြစ်စေသည်။ သူက နှုတ်ဆက်၍ ပြန်သွားရန်ပြင်လိုက်သည်။


နောက်ဆုံးတော့ သခင်ကြီးဝေ့ စကားပြောလာ၏။ သူက ဝေ့ချန်ကို အမိန့်ပေးလိုက်၏။ “ထိုင်စမ်း...ဘယ်အချိန်က ဒီလိုမျိုး စိတ်မရှည်ဖြစ်သွားတာလဲ”


“ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုရှိနေလို့ပါ” ဝေ့ချန် မာဆတ်ဆတ်နှင့်ပဲ ပြန်ဖြေလိုက်သည်။ 


ဝေ့ချန်က ဤကဲ့သို့ တည့်တိုးနိုင်လိမ့်မည်ဟု သခင်ကြီးဝေ့ ထင်မထားခဲ့ချေ။ သူက တစ်ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြောလာသည်။ “မင်းစိတ်ထဲမှာ ရှိနေတာ ချန်လီလား”


“ဟုတ်တယ်”


“ဝေ့ချန်...ငါမင်းကို သင်ပေးထားတာတွေ မှတ်မိသေးရဲ့လား” သခင်ကြီးဝေ့၏ လက်ဆစ်များက စားပွဲခုံကို ညင်သာစွာ တီးခေါက်နေသည်။ 


ဒေါက်...ဒေါက်...ဒေါက်...


ဒေါက်...ဒေါက်...ဒေါက်...


၎င်းက တည်ငြိမ်အေးချမ်းသည့် သီချင်းတစ်ပုဒ်၏ စည်းချက်အတိုင်းညီညာငြိမ့်ညောင်းနေ၏။


ဝေ့ချန် မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖြေလာ၏။ “ရန်သူတွေကို ကိုယ့်ရဲ့အားနည်းချက်ရှာတွေ့မသွားစေနဲ့...အဲ့လိုဖြစ်မလာဖို့ အားနည်းချက်မရှိတဲ့အထိ သန်မာအောင်လုပ်တာက အကောင်းဆုံးပဲ” ၎င်းက ဝေ့ချန် ငယ်စဥ်ကပင် သခင်ကြီးဝေ့ ခဏခဏပြောခဲ့သည့် စကားများပင်။ 


“မှတ်မိသေးတာလား” သခင်ကြီးဝေ့ ရွဲ့လိုက်သည်။ “ဒါဆို မင်းအခုဘာလုပ်နေတာလဲ...ချန်လီကြောင့် စိတ်လှုပ်ရှားနေတာလား...မင်း မင်းရဲ့ တည်ငြိမ်မှုတွေ ပျောက်ဆုံးနေပြီ....အခုငါမင်းကို အနိုင်ရချင်တယ်ဆိုရင် ချန်လီကို ဖမ်းလိုက်ရုံပဲ” 


“ကျွန်တော်က မသန်မာသေးဘူး” သခင်ကြီးဝေ့ကို ကြည့်လိုက်ချိန်တွင် ဝေ့ချန်၏အကြည့်များက ကြည်လင်နေ၏။ 


“ကျွန်တော် အခု လုံလောက်အောင် မသန်မာသေးဘူး... အားနည်းချက်တွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ဖျောက်ဖျက်ပစ်တာမျိုးမဟုတ်ဘဲ တခြားသူတွေရဲ့ တိုက်ခိုက်မှုတွေကို လျစ်လျူရှုနိုင်တဲ့အထိ အင်အားကြီးမားလာအောင်လုပ်တာပဲ”


သခင်ကြီးဝေ့က ဝေ့ချန်၏တုံ့ပြန်မှုကို ဒေါသထွက်မသွားချေ။ စကားလုံးများက လည်ချောင်းတစ်လျှောက် ပိတ်မိနေချိန်တွင် သူက အငြင်းပွားရန် ရွေးချယ်လိုက်တာဖြစ်သည်။ သူက စိတ်ပျက်အားလျှော့မှုများကို ဖိနှိပ်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။


 “ဒါက မင်းရဲ့ ရှင်းပြချက်လား...ဒီကမ္ဘာကြီးမှာ မင်းထက် သန်မာတဲ့သူတွေ အများကြီးရှိတယ်ဆိုတာမမေ့လိုက်နဲ့...လူသားတွေက စက်ပစ္စည်းတွေမဟုတ်ဘူး...ပေါ့ပေါ့ဆဆနေနေတဲ့ အချိန်တွေလည်းရှိလာမှာပဲ”


“အဆင်ပြေပါတယ်...တကယ်လို့ အဲ့ဒီနေ့ရောက်လာခဲ့ရင်....” ဝေ့ချန်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် တောက်ပမှုများရှိနေ၏။


 “တကယ်လို့ အဲ့ဒီနေ့ရောက်လာခဲ့ရင် အတားအဆီးအားလုံးကို ကျွန်တော်ဖျက်ဆီးပစ်မယ်...ပြီးတော့...ချန်လီက ကျွန်တော့်ရဲ့ အားနည်းချက်မဟုတ်ဘူး”


ညနေခင်း နေရောင်ခြည်က ပြတင်းပေါက်မှ ဖြတ်၍ ကျရောက်နေသည်။ ဝေ့ချန်၏မျက်နှာက အမူအရာမဲ့နေသော်လည်း သခင်ကြီးဝေ့က မနေနိုင်ဘဲ သူ့မျက်နှာအမူအရာများ နူးညံ့သွားသည်ကို သတိထားမိသွားသေးသည်။ ကြည့်ရသည်မှာ ဝေ့ချန်၏ အပြုအမူတစ်ခုချင်းစီတိုင်းက နူးညံ့လာသလိုပင်။ 


ထိုမြင်ကွင်းကို မြင်ပြီးနောက် သခင်ကြီးဝေ့၏ဆုံးဖြတ်ချက်များက ပို၍ခိုင်မာလာသည်။ သူက ဝေ့ချန်အား တည့်တိုးဆိုလာ၏။ သူ့အသံက ခပ်နိမ့်နိမ့်ဖြစ်ပြီး ဆွဲညှို့နိုင်စွမ်းရှိနေသည်။ “ချန်လီနဲ့ ကွာရှင်းလိုက်”


ဝေ့ချန်က အကြောက်တရားမဲ့စွာဖြင့် သခင်ကြီးဝေ့၏အကြည့်များကို ရင်ဆိုင်ရင်း ပြောလိုက်သည်။ “အဖိုး...ချန်လီနဲ့ ကျွန်တော့်အိမ်ထောင်ရေးက အပေးအယူတစ်ခုမဟုတ်ဘူး...သူက အဖိုးလက်ထဲက လဲလှယ်နိုင်တဲ့ ဒင်္ဂါးပြားမဟုတ်ဘူး”


ဝေ့ချန်က တိုက်ရိုက်မဖော်ပြလိုက်သော်လည်း သခင်ကြီးဝေ့က သူ့ဆိုလိုရင်းကို သ‌ဘောပေါက်လိုက်သည်။ ဝေ့ချန်က သူနှင့် ချန်လီတို့ အိမ်ထောင်ရေးက ဝင်ရောက်နှောင့်ယှက်နိုင်သည်မျိုးမဟုတ်ကြောင်း ဖော်ပြချင်နေတာဖြစ်သည်။ သူက သူ၏ဆုံးဖြတ်ချက်များကို အခြားသူများက လွှမ်းမိုးသည်မျိုး လက်ခံလိမ့်မည်မဟုတ်ပေ။ လက်ထပ်ရန်ပြောသည်နှင့် လက်ထပ်သည်မျိုး၊ ကွာရှင်းရန်ပြောလျှင် ကွာရှင်းသည်မျိုးတို့ကို ဝေ့ချန် ထပ်ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။ 


သခင်ကြီးဝေ့၏ အမူအရာများ ချက်ချင်း မည်းမှောင်သွားသည်။ “မင်းဘာပြောနေတယ်ဆိုတာကိုရော သိရဲ့လား”


“သိတယ်” ဝေ့ချန် တစ်ချက်လေးမှ တုန်လှုပ်မသွားချေ။ 


“အဲ့ဒီအတွက် ဝေ့မိသားစုရဲ့ အမွေဆက်ခံခွင့်ကို ဆုံးရှုံးရမယ်ဆိုရင်တောင်လား” သခင်ကြီးဝေ့၏ အသံက အေးခဲတမျှအေးစက်လာပြီး ဖိအားများပါလာသည်။ 


“ဟုတ်တယ်” ဝေ့ချန်၏ တုံ့ပြန်ချက်ကလည်း တိကျပြတ်သား၏။


သခင်ကြီးဝေ့ နောက်တစ်ကြိမ် တိတ်ဆိတ်သွားရသည်။ သူ့အကြည့်များက ဝေ့ချန်အပေါ်တွင်သာ အချိန်တစ်ခုထိ ရှိနေပြီး သူ့မျက်နှာ‌ပေါ်တွင် တွန့်ဆုတ်မှုအရိပ်အယောင်များကို ရှာနေသည်။ ဝေ့ချန်အား ဝေ့မိသားစု၏ အမွေဆက်ခံနိုင်ခွင့်အတွက် ချန်လီကိုစွန့်လွှတ်ဖို့ နားချနိုင်ရန် တွန့်ဆုတ်မှု နည်းနည်းလေးကိုသာ ရှာတွေ့ရန် မျှော်လင့်နေမိ၏။ 


သို့သော်လည်း ယခုအခိုက်အတန့်တွင် ဝေ့ချန်မျက်နှာပေါ်၌ တွန့်ဆုတ်မှု တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ဖြစ်နေသည်။ ထိုအချိန်မှသာ သခင်ကြီးဝေ့ သဘောပေါက်သွားတော့သည်။ ဝေ့ချန်က ဝေ့မိသားစု၏ အမွေများကို လုံးဝစိတ်မဝင်စားချေ။ လုံးဝကိုပင်။ ဝေ့မိသားစုနှင့် ရေစက်ဖြတ်ပစ်ရမည်ဆိုရင်တောင်မှ ဝေ့ချန်က တွန့်ဆုတ်မှုမရှိဘဲ လုပ်လိမ့်မည်။


“မင်းရဲ့ အတောင်တွေက သန်မာနေပြီပဲ...ငါမင်းကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး” အဆုံးတွင်တော့ သခင်ကြီးက သက်ပြင်းအရှည်ကြီးချ၍ လက်လျှော့လိုက်သည်။ 


ဝေ့ချန်က အစကတည်းက ပျိုး‌ထောင်ခံရလာရသည့်သူဖြစ်သည်။ ဝေ့ချန်ကို အခြားသူများထက် ပိုနားလည်ဟု သူ့ကိုယ်သူ ထင်ခဲ့မိသည်။ ဝေ့ချန်က ရည်မှန်းချက်မြင့်မားပြီး ဝေ့မိသားစုအတွက် စိတ်ခွန်အားတစ်ခုဖြစ်ကြောင်း သူယုံကြည်ခဲ့သည်။ ‌ဝေ့ချန် ချန်လီကိုလက်ထပ်ခဲ့သည်မှာ ဝေ့မိသားစု၏ အမွေဆက်ခံသူနေရာတွင် သူ့နေရာကို မြဲလို၍ဟု တွေးပင်တွေးခဲ့သည်။ 


သို့သော် ယခုတော့ သူ၏ယူဆချက်အားလုံးက ရယ်စရာများဖြစ်သွားသည့်ပုံပင်။ သူ့မြေးကိုသေချာသိသည်ဟု ထင်နေခဲ့သောသူက အရာအားလုံးကို မမြင်နိုင်ခဲ့သည်ပင်။ ဝေ့မိသားစုတစ်ခုလုံးကိုတောင်မှ ဝေ့ချန် စိတ်ဝင်စားမှု မပြခဲ့ပေ။ 


ထိုရလဒ်က သခင်ကြီးဝေ့အတွက် ထင်မှတ်မထားစရာဖြစ်ပြီး သူမျက်မြင်တွေ့ချင်သည့် နောက်ဆုံးအရာလည်း ဖြစ်သည်။ သူက အရာအားလုံးသူ့ထိန်းချုပ်မှုအောက်တွင် ထားရသည်ကို နှစ်ခြိုက်သည်။ ဝေ့ချန်က ဝေ့မိသားစု၏ အမွေဆက်ခံခွင့်အား တပ်မက်မှုရှိနေသရွေ့ သခင်ကြီးဝေ့က ဝေ့ချန်အား သူ့လက်အောက်တွင် အားထုတ်စရာမလိုဘဲ ထိန်းချုပ်ထားနိုင်သည်။ 


သို့သော်လည်း ယခုတွင်တော့ ဝေ့ချန်အပေါ်တွင် ထိန်းချုပ်မရတော့ကြောင်း နားလည်သဘောပေါက်သွားရသည်။ သူ ယခင်က ဝေ့ချန်ကို ပြောခဲ့သည့်အတိုင်း သူ့အတောင်များက တကယ်ကို သန်သန်မာမာနှင့် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ အမြင့်သို့တက်ရန် ဝေ့မိသားစု၏ အကူအညီကိုတောင် မလိုတော့ပေ။ ထို့ကြောင့် ဝေ့ချန်က သူ၏ ခြိမ်းခြောက်မှုများကို မတုန်လှုပ်တော့တာဖြစ်သည်။


အသံမဲ့နေသည့် သက်ပြင်းချသံက သခင်ကြီးဝေ့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လာသည်။ သူက ပြောလိုက်၏။ 


“ဒါဆိုလည်းကောင်းပြီ...အားချန်...သဘောတူညီချက်တစ်ခုလုပ်ရအောင်...မင်းအောင်မြင်ရင် ချန်လီနဲ့ မင်းရဲ့ ဆက်ဆံရေးကို ရှေ့ဆက်ဖို့ သဘောတူပေးမယ်...မအောင်မြင်ခဲ့ရင်‌တော့ မင်းသူနဲ့ ကွာရှင်းရမယ်”


“အဖိုး...ကျွန်တော်ပြောပြီးပြီ...ကျွန်တော်နဲ့ချန်လီရဲ့ အိမ်‌ထောင်ရေးက အပေးအယူတစ်ခုမဟုတ်ဘူး” ဝေ့ချန်က ငြင်းဆန်လိုက်၏။


“သဘောတူညီချက်က ဘာလဲတောင် မပြောရသေးဘူး...မင်းကကြောက်နေပြီလား” သခင်ကြီးဝေ့က ပြက်ရယ်ပြုလိုက်၏။ “အားချန်...ဘယ်အချိန်က အခုလို ကြောက်တတ်သွားတာလဲ”


“ကျွန်တော်၊ ဝေ့ချန် သေရမယ်ဆိုရင်တောင်၊ ကိစ္စတွေကို ပြန်လှည့်ဖို့ အခွင့်အရေးမရှိဘူးဆိုရင်တောင် ကျွန်တော်နဲ့ လီလီရဲ့အိမ်ထောင်ရေးကို ဘယ်တော့မှ အပေးအယူလုပ်တဲ့ စားပွဲပေါ်တင်မှာမဟုတ်ဘူး” ဝေ့ချန်က ရင်ကော့၍ ယုံကြည်ချက်ရှိရှိပြောလိုက်၏။ 


သခင်ကြီးဝေ့၏ ကမ်းလှမ်းချက်က မည်မျှ ခက်ခဲပြင်းထန်နေပါစေ၊ ဝေ့ချန်ကတော့ ချန်လီနှင့် သူ၏အိမ်ထောင်ရေးအား အပေးအယူလုပ်လို့ရသည့် ဒဂါးတစ်ခုအဖြစ် အသုံးပြုလိမ့်မည်မဟုတ်ချေ။


“မင်း…” သခင်ကြီးဝေ့က ဝေ့ချန်ကို လက်ညှိုးထိုးရင်း တစ်ခုခုကို ပြောလိုက်ချင်သော်လည်း စကားလုံးများက သူ့လည်ချောင်းတွင်သာ ပိတ်ဆို့နေပြီး ထွက်လာရန်ငြင်းဆန်နေကြသည်။ 


ဒီတစ်ကြိမ်တွင်တော့ ဝေ့ချန်က ‘ကျွန်တော်ခင်ဗျားကို နောက်တစ်ခေါက် ထပ်ငြင်းတယ်’ ဆိုသည့် သဘောဖြင့် မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ 


ဝေ့ချန်က ချန်လီကို ကောင်းမွန်စွာ ဆက်ဆံပေးပြီး ဝေ့ချန်မြို့တော်သို့ ပြောင်းရွှေ့သွားခြင်းက ဖီဆန်ခြင်းမရှိဘဲ လက်ထပ်ရန်သဘောတူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ ထိုကဲ့သို့မဟုတ်သည့်ပုံပင်။ ချန်လီကိုလက်ထပ်လိုက်ခြင်းက ဝေ့ချန်အတွက် ကောင်းမွန်သော ကိစ္စသာဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းကို သူကိုယ်သူအကျိုးပြုသော အပေးအယူတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခွင့်မပြုဘဲ ပြတ်ပြတ်သားသားရပ်တည်နေလိမ့်မည်မဟုတ်ပေ။


သခင်ကြီး၏ ဒေါသကိုရင်ဆိုင်ရာတွင် ဝေ့ချန် တုန်လှုပ်မနေပေ။ သူက သူ့အဖိုးကို သေချာကြည်၍ပြောလာသည်။ “အဖိုး…ကျွန်တော် အဖိုးရဲ့ သဘောတူညီမှုကမ်းလှမ်းချက်ကို ဘယ်လောက်ခက်တာပဲဖြစ်ဖြစ် လက်ခံပေးမယ်…ဒါပေမယ့် လောင်းကြေးတွေကိုတော့ ပြောင်းရလိမ့်မယ်”


“လောင်းကြေးတွေကို ပြောင်းမယ်? မင်းဘာကိုဆိုလိုတာလဲ” သခင်ကြီးက အသက်အောင့်ထားသည်ကို ပြေလျှော့လိုက်ပြီး ဝေ့ချန်ကိုကြည့်လာ၏။


“လောင်းကြေးက ကျွန်တော့်အတွက် သုံးနှစ်တာ လွတ်လပ်ခွင့်ဖြစ်ရမယ်” ဝေ့ချန်ပြောလိုက်၏။ “အဖိုးတောင်းဆိုတာကို ဖြည့်ဆည်းပေးနိုင်ရင် မြို့တော်ထဲမှာ အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးနှစ် လွှတ်ပေးထားရမယ်…တကယ်လို့ မဖြည့်ဆည်းနိုင်ခဲ့ရင် ရှန်ဟိုင်းမှာ လုပ်ငန်းတွေကိုဦးစီးဖို့ ဒီနှစ်အတွင်းပြန်လာခဲ့မယ်”


သခင်ကြီးဝေ့က ဝေ့ချန်၏ ယုံကြည်ချက်ရှိသည့် အသံကို ပြက်ရယ်ပြုလိုက်၏။ “မင်းရဲ့တောင်းဆိုချက်တွေကို ငါကဘာလို့ သဘောတူရမှာလဲ…အနှေးနဲ့အမြန် မင်းက ဝေ့မိသားစုကို အမွေဆက်ခံခွင့်ရှိတော့မှာ မဟုတ်ဘူး” 


“ဘာလို့ဆို ဝေ့မိသားစုက ကျွန်တော်မရှိဘဲ မရပ်တည်နိုင်လို့ပဲ” ဝေ့ချန်၏ အကြည့်များက သခင်ကြီးဝေ့အပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ သူပြောလိုက်သည်များက ဖော်ပြထားသည့် အမှန်တရားများသာဖြစ်နေသကဲ့သို့ပင်။


၎င်းက ဝေ့ချန်၏ ယုံကြည်မှုဖြစ်၏။


သူက ဘယ်တုန်းကမှ ဝေ့မိသားစုနှင့် ရေစက်ဖြတ်ရန် မရည်ရွယ်ခဲ့ပေ။ အထူးသဖြင့် မိသားစုဆီသို့ ကျရောက်လာမည့် ကပ်ဆိုးကြီးအား သိနေသည့်အခါတွင် ထိုကဲ့သို့ လုံးဝမတွေးခဲ့ချေ။ သူ ဝေ့မိသားစုကို ပစ်မထားနိုင်ချေ။ သူ့မျိုးရိုးအမည်က ဝေ့ဖြစ်နေသရွေ့ ဝေ့မိသားစုအတွက် သူ့တွင် တာဝန်ရှိနေသေးသည်။ ယခုတွင် ထိုတာဝန်ကို မယူသည်က ကပ်ဆိုးကြီးရောက်လာသည့်အခါလည်း တာဝန်မယူဘဲ နေလိမ့်မည်ဟု မဆိုလိုပေ။ 


တစ်ခဏလောက် သခင်ကြီးဝေ့က ဝေ့ချန်၏စကားများကို ပြန်မဖြေနိုင်တော့မှန်း သိလိုက်ရသည်။ ဝေ့ချန် ပြောသည့် စကားများက အမှန်များသာဖြစ်ကြောင်း သူသိသည်။ ထို့အပြင် ဝေ့မိသားစုက အမြင့်ကိုမျှော်မှန်းပါက ဝေ့ချန်အပြင် အခြားရွေးချယ်စရာမရှိကြောင်းကိုလည်း သူသိသည်။ 


သခင်ကြီးဝေ့က မည်သည့်အချိန်တွင် ဝေ့ချန် ဒါကိုသဘောပေါက်သွားသည်မသိသော်လည်း ယခုတော့ သူက ထိုကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေပြီး ကိစ္စများအားထိန်းချုပ်နေသည်ကို ပြသနေသည်။ ၎င်းကို သခင်ကြီးဝေ့ သဘောပေါက်မိချိန်တွင် စကားဝိုင်း၌ သူ၏လွှမ်းမိုးနိုင်စွမ်းကို ဆုံးရှုံးသွားပြီဖြစ်သည်။ 


“အားချန်…ငါ့ရဲ့အားချန်…မင်းကတကယ်ကို ငါကိုယ်တိုင်ပျိုးထောင်လာခဲ့တဲ့ သူပဲ” ထိုအချိန်တွင်တော့ သခင်ကြီးဝေ့က အငြင်းပွားနေသည်ကို ရပ်တန့်လိုက်သည်။ “တကယ်ရအောင်လုပ်နိုင်ရင် မင်းကမ်းလှမ်းတာကို ငြင်းစရာအကြောင်းမရှိဘူး” 


“အဖိုး…ဘာလုပ်ရမယ်ဆိုတာကိုပြောပါ” ဝေ့ချန်က ဂုဏ်ယူနေမှုတစိုးတစိထုတ်မပြဘဲ ယုံကြည်ချက်အပြည့်ဖြင့်သာ ပြောလာသည်။ 


“ဝေ့မိသားစုကို A Zone ပရောဂျက်ရအောင် ကူညီပေး…အဲ့ဒါဆို မင်းကို သုံးနှစ် လွတ်လပ်ခွင့်ပေးမယ်” သခင်ကြီးဝေ့က ဝေ့ချန်အား ခက်ခဲသည့်အခြေအနေသို့ တွန်းပို့နေသည်ဟု မခံစားရဘဲ အေးအေးလူလူနှင့် ပြောလိုက်သည်။


A Zone ပရောဂျက်က ဒီနှစ်တွင် ရှန်ဟိုင်း၌ အကြီးဆုံးပရောဂျက်ဖြစ်သည်။ ချန်မိသားစုနှင့် ဝေ့မိသားစုတို့အပါအဝင် ရှန်ဟိုင်းတွင် ရှိနေသည့် လုပ်ငန်းအားလုံးက ၎င်းကိုရရန် ကြိုးစားနေကြသည်။ ချန်မိသားစုနှင့် ဝေ့မိသားစုကဲ့သို့ ကြီးမားသည့်လုပ်ငန်းစုများပင် ပရောဂျက်ကို ရနိုင်မရနိုင် အာမမခံနိုင်ဖြစ်နေကြသည်ပင်။ ထိုပရောဂျက်အား ရှန်ဟိုင်း၏ အသစ်ခန့်အပ်ထားသည့် မြို့တော်ကော်မတီ အတွင်းရေးမှူးက တင်ပြခဲ့ခြင်းဖြစ်၏။


ထိုအတွင်းရေးမှူးအသစ်က တင်းကြပ်ပြီး သမာသမတ်ကျသည်ဟု ဆိုရနိုင်သည်။ မြို့တော်ကော်မတီ၏ အတွင်းရေးမှူးဖြစ်လာသည့်လမ်းတစ်လျှောက်တွင် လူတော်တော်များများကို စော်ကားခဲ့သော်လည်း ပြည်သူများအတွက် အကျိုးကျေးဇူးများကိုတော့ ယူဆောင်လာခဲ့ပြီး ပြည်သူများကြားတွင် နာမည်ကောင်းရလာခဲ့သည်။ 


မြို့တော်ထဲရှိ ချန်မိသားစုမှလူများကဲ့သို့ အဆက်အသွယ်များနှင့်တောင် အတွင်းရေးမှူးအား သူတို့ကို မျက်နှာသာပေးရန် မဆွဲဆောင်နိုင်ကြချေ။ သူက ရှန်ဟိုင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးအရှိဆုံးကို ရွေးချယ်ကာ လုပ်ငန်းအမျိုးမျိုးမှ အဆိုပြုချက်များကို အခိုင်အမာပြောကြားခဲ့သည်။ 


၎င်းက တရားမျှတမှုကို ဖြစ်ပေါ်စေသော်လည်း ပရောဂျက်ရရှိရန် ကြိုးပမ်းမှုကို ပို၍ခက်ခဲစေသွားသည်။ သေချာစဥ်းစားပြီးနောက် ဝေ့ချန်တစ်ယောက်သာ ၎င်းကိုရနိုင်ကြောင်း သခင်ကြီးဝေ့ယုံကြည်ခဲ့သည်။ ဝေ့ချန်ကသာ ဤပရောဂျက်ကို ရနိုင်သည့် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သူယုံကြည်သည်။ 


သခင်ကြီးဝေ့တန်ဖိုးထားသည်က ထိုပရောဂျက်ကမှ ယူဆောင်လာမည့် အကျိုးအမြတ်များတင်မကဘဲ ရောက်ရှိလာမည့် အခွင့်အလမ်းများနှင့် မြို့တော်ကော်မတီအတွင်းရေးမှူးအသစ်နှင့် အဆက်အသွယ်များ ဖန်တီးနိုင်လိမ့်မည်ဟု သေချာသိသည်။ 


ဤအတွင်းရေးမှူးက ရှန့်မိသားစု၏ဘိုးဘေးဖြစ်သည့် ပေကျင်းရှိ ရှန့်မိသားစုနှင့် နီးကပ်စွာ ဆက်ဆံရေးရှိသည်ဟု ဆိုသည်။ 


“ကောင်းပြီ” ဝေ့ချန် သဘောတူလိုက်၏။ 


ဝေ့ချန်က A Zone ပရောဂျက်ကိုရရန် ခက်ခဲမှန်းသိသော်လည်း ရနိုင်သည့်စွမ်းရည်ရှိသည်ဟု သူ့ကိုယ်သူယုံကြည်သည်။



💘