👾Chapter 146
End
ဘဝသစ်တစ်ခု မကြာခင် မွေးဖွားလာပေတော့မည်။ ကလေးငယ်သည် ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ချစ်ခင်မှုတို့ဖြင့် ဝန်းရံခံရပေလိမ့်မည်။
နှင်းပန်းရနံ့များ ပျံ့လွင့်နေသည့် အခန်းငယ်အတွင်း၌ ဝမ်ကျောက်ကော ခပ်တိုးတိုး ပြောလိုက်သည်။
“အလျင်လိုစရာမလိုပါဘူး … ဒါပေမယ့် ဒီနေ့ …”
သို့သော် သူက စကားအဆုံးသတ်ခွင့် မရခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ့နှုတ်ခမ်းများအား အနမ်းဖြင့် ပိတ်ဆို့လိုက်၍ဖြစ်၏။
သူတို့နှစ်ဦးလုံး ပင်ပန်းသွားချိန်၌ ဝမ်ကျောက်ကောသည် တစ်ဖက်လူ၏ ရှက်ရွံ့နေသော အသံကို ကြားလိုက်ရသည်။
"ဒီလိုဆို ..."
သူမ၏ အသံက ဖြစ်သင့်သင့် အရာတစ်ခုအား ပြောနေသကဲ့သို့ရှိ၏။
"ကျွန်မ သူ့ကို နာမည်ပေးလို့ရလား … "
သူက ကြောင်အသွားကာ သူမအား အမြန်ဖက်လိုက်သည်။
"ကောင်းပြီ … မင်းပြောခွင့်ရှိပါတယ် ..."
"ကျွန်မရဲ့ စိတ်ဖတ်နိုင်စွမ်းက ဘယ်ကလာမှန်း ကျွန်မ မသိဘူး … အစက အဲဒါကြောင့် ကျွန်မ စိတ်ရှုပ်ခဲ့ရတယ် … "
“အမှောင်ထုထဲမှာ လမ်းပျောက်နေသလိုမျိုးလေ … ကျွန်မ အမှောင်ထုကို မကြိုက်ဘူး … ”
"ဒါ့ကြောင့် … "
သူမ၏ သွယ်လျသော လက်ချောင်းကလေးများသည် သူ့မျက်ခုံးတန်းများပေါ်သို့ ခပ်ဖွဖွ ရွေ့လျားသွားခဲ့သည်။
"ကျွန်မ ရှင့်နာမည်ကို တကယ်သဘောကျတယ် ..."
ကျွန်မအတွက် ရှင်က အဓိပ္ပာယ်ရှိတယ် …
ကျောက်သည် တောက်ပမှုကို ကိုယ်စားပြုသည်။
သူတို့၏ ကလေးသည် အံ့အားသင့်ဖွယ်ဘဝကို ပိုင်ဆိုင်ပေလိမ့်မည်။ ဘဝထဲ၌ အမှောင်ထုများ ဖုံးလွှမ်းနေသည့်တိုင် အလင်းကို အမြဲရှာတွေ့ပေလိမ့်မည်။
“သူ့ကို ဟန် လို့ခေါ်ရအောင် …”
ဝမ်ကျောက်ကောသည် နှင်းပန်းရနံ့များ ပြည့်နှက်နေသည့် လေထုအတွင်းရှိ တစ်ဖက်လူ၏ အချစ်ကို ခံစားမိလိုက်သည်။ သူနှင့် သူ့ချစ်သူ၏ အနာဂတ်သည် နူးညံ့မှုတို့ဖြင့် ထုံလွှမ်းနေပေလိမ့်မည်။ လက်ရှိအချိန်မှစ၍ ပျော်ရွှင်မှုများသည် သူ့ဘဝတွင်း၌ စိမ့်ဝင်လာပေလိမ့်မည်။
“ကောင်းပြီလေ …”
သူက ပြောလိုက်သည်။
“ကိုယ်မင်းကို မနက်ဖြန် အဓိကခန်းမမှာ စောင့်နေမယ် …”
နောက်ဆိုရင် မင်းနဲ့ကိုယ်က တသားတည်းဖြစ်တော့မယ် …
ကံမကောင်းစွာဖြင့် သူသည် ထိုနေရာ၌ အချိန်မည်မျှ ကြာအောင် စောင့်ဆိုင်းခဲ့မှန်းပင် မသိတော့ချေ။ မျှော်လင့်ချက်များသည် မယုံနိုင်ခြင်း၊ ထိုမှတဆင့် စိတ်ပျက်အားလျော့ခြင်းတို့ဖြင့် အစားထိုးခဲ့၏။
သူက သူမအား နေရာတိုင်းတွင် လိုက်ရှာခဲ့သည်။ သူမ၏ အတန်းဖော်များ … သူမ၏ ကျောင်း … အစရှိသည်ဖြင့် …
အားလုံးက ဘွဲ့ယူခြင်း အခမ်းအနားသည် အေးအေးဆေးဆေး ပြီးမြောက်ခဲ့သည်ဟု ဆိုကြ၏။ သူမသည် အားလုံးကို ပြုံးပြနှုတ်ဆက်ကာ သူမ အလေးစားရဆုံး ဆရာထံသို့ နောက်ဆုံးအကြိမ် နှုတ်ဆက်မည်ဟု ဆိုခဲ့၏။ ဝမ်ကျောက်ကော၏ လူများသည် ပရော်ဖက်ဆာ ရှုကျစ်ဟန်ကိုပင် တွေ့ခဲ့ကြသည်။
ထိုစဉ်က ထိုအိုမီဂါ ပညာရှင်သည် ပန်းစည်းတစ်စည်းကို ကိုင်ဆောင်လျက် ပြောခဲ့၏။
“ အာ … အဲဒီ့ကျောင်းသူလား … သူမ ငါ့ကို နှုတ်ဆက်သွားတယ်လေ …”
နောက်ပိုင်းတွင် ဝမ်ကျောက်ကောသည် ထိုပရော်ဖက်ဆာအား အာရုံမရတော့ချေ။
တစ်ဖက်လူသည် ပါးလွှာသော လေထုအတွင်း၌ ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ဆုံးသွားခဲ့၏။
တစ်ခါတစ်ရံ သူမသည် သူ့အား ရွေးချယ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည့်တိုင် နောက်ဆုံး အခိုက်အတန့်၌ သံသယဝင်ခဲ့ခြင်းပေလောဟု သူတွေးမိခဲ့သည်။ ထိုသို့မဟုတ်ပါက ချက်စ်ဘုတ်မှအပ သူပေးခဲ့သည့် အရာအားလုံးကို ထားရစ်ကာ နှုတ်ဆက်စကားပင် မဆိုပဲ ထွက်သွားလိမ့်မည် မဟုတ်ပေ။
နှစ်ဝက်အကြာ၌ ဝမ်ကျောက်ကောသည် အဆင့်မြင့် ကုန်သွယ်ဈေးတစ်ခု၌ သူ သူမအား ပေးခဲ့သည့် ချက်စ်ဘုတ်ကို တွေ့ခဲ့ရသည်။
သူ၏ လက်အောက်ငယ်သားများက ၎င်းကို သူ့ထံသို့ ယူလာပေးခဲ့၏။
ချက်စ်ဘုတ်ပေါ်ရှိ တစ်ခုထဲသော ပြစ်ချက်မှာ ဘုရင်အရုပ်ဖြစ်၏။ ၎င်းက မူရင်းအရုပ်ကဲ့သို့ လက်ရာမြောက်ခြင်း မရှိချေ။
ဝမ်ကျောက်ကောသည် နယ်ရုပ်တစ်ရုပ်ကို ကိုင်ကာ အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။
သူက စွန့်ပစ်ခံလိုက်ရသည်ဟူသည့် အမှန်တရားကို လက်ခံရုံသာ တတ်နိုင်တော့၏။
ဝမ်ကျောက်ကော မျက်လွှာချကာ ပြောလိုက်သည်။
“အခမ်းအနားအတွက် ပြင်ဆင်ကြ …”
နန်းတက်ပွဲသည် မတော်တဆမှုကြောင့် ခန့်မှန်းထားသည်ထက် ပို၍ ကြာမြင့်သွားခဲ့၏။ သို့သော် ဝမ်ကျောက်ကောက သူထိုအရာကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း နားလည်ပေသည်။
အရပ်သားနယ်မြေများ မဆိုထားနှင့်၊ သူက ကျစ်ရှင်းသို့ပင် သွားရောက်ခဲ့သည့်တိုင် မည်သည့် သဲလွန်စကိုမှ မတွေ့ခဲ့ရချေ။
ဝမ်ထျန်းယောင်သည် ဝမ်ယွီ၏ မိသားစုအခွဲရှိ ကလေးတစ်ဦးဖြစ်သည်။
ဘုရင်မသည် လူများကို ပါးစပ်ပိတ်စေရန် ဝမ်ကျောက်ကော ရှာဖွေထားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် အမြဲလိုလို တိတ်တိတ်ဆိတ်ဆိတ် နေထိုင်လေ့ရှိ၏။ သူမအပေါ် ဝမ်ကျောက်ကောသည် မည်သည့်ခံစားချက်မှ မရှိခဲ့ချေ။ ထို့ကြောင့် သူမ၏ တိတ်တခိုးချစ်ဇာတ်လမ်းကိုလည်း သူက လျစ်လျူရှုခဲ့၏။
ဝမ်ကျောက်ကောသည် ဝမ်ထျန်းယောင် အရွယ်ရောက်လာချိန်၌ အရာအားလုံးကို ဝန်ခံခဲ့၏။ ထို့နောက် သူ့အား ရွေးချယ်ခွင့်ပြုခဲ့သည်။
သို့သော် ဝမ်ထျန်းယောင်သည် မင်းသား ဟူသည့် ဂုဏ်ပုဒ်ကို စွန့်လွှတ်ရန် တုံ့ဆိုင်းနေခဲ့လေသည်။ ဝမ်ကျောက်ကောသည် စိတ်တွင်း၌သာ သက်ပြင်းချခဲ့ရလေသည်။
သူသည် တစ်ချိန်က သူ့ကိုယ်သူ အလွန်ကံကောင်းသည်ဟု ယူဆခဲ့သည်။ သို့သော် နှင်းပန်းကလေး ပျောက်ကွယ်သွားချိန်မှစ၍ ကံကောင်းခြင်းနတ်ဘုရားသည် သူ့အပေါ် လျစ်လျူရှုလိုက်သကဲ့သို့ သူခံစားခဲ့ရသည်။
သို့သော် သူက သေးငယ်သည့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင်။
တစ်ဖက်လူသည် သူ့အား မစွန့်ပစ်ခဲ့ပဲ သူတို့၏ ကလေးနှင့်အတူ တစ်နေရာရာ၌ နေထိုင်နေသည်လည်း ဖြစ်တန်ရာ၏။
သို့သော် သူသည် သူ၏ နှင်းပန်းကလေးအား ထပ်မံမရရှိတော့ချေ။
ဝမ်ကျောက်ကော မှတ်ဉာဏ်များထဲမှ ရုန်းထွက်လိုက်၏။
သူက အဓိကနယ်မြေရှိ ထောင်တစ်ခုအတွင်းသို့ လှမ်းလာခဲ့သည်။
အခြားထောင်များနှင့် မတူစွာ လက်ရှိထောင်သည် အထူးကျပ်မတ်သည့် ထောင်တစ်လုံး ဖြစ်သည်။ ဤထောင်ရှိ ပြစ်ဒဏ်များသည် အပြစ်သားများ၏ စိတ်ဝိဉာဉ်ကိုပင် သက်ရောက်စေနိုင်သည်။ သူတို့က ပြစ်ဒဏ်ကျခံချိန်တွင် ဆေးဝါးများပင် ထိုးသွင်းခံကြရ၏။
ရှုကျစ်ဟန်သည် ထိုဆေးဝါးအား သုတေသနပြုလုပ်စဉ်က ပါဝင်ခဲ့သည်။ သူသည် တစ်ချိန်ချိန်၌ ထိုဆေးဝါးနှင့် အပြစ်ပေးခံရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ချေ။
မူလက ဤအပြစ်ဒဏ်သည် အကျဉ်းသား၏ စိတ်တွင်း၌ ပုံရိပ်ယောင်ကမ္ဘာတစ်ခု ဖန်တီးစေကာ ထိုသူအား စိတ်ရောကိုယ်ပါ နာကျင်စေခြင်းဖြစ်၏။
သို့သော် ထိုဆေးရည်သည် ရှုကျစ်ဟန်၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားချိန်၌ မတော်တဆမှုတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ဝမ်ကျောက်ကောသည် ဆေးပညာရှင်များနှင့် အတန်ကြာ ဆွေးနွေးပြီးသည့်နောက် ရှုကျစ်ဟန်၏ ခန္ဓာကိုယ်တွင်းရှိ သားလောင်းသွေးရည်ကြည်သည် ထိုဆေးရည်ကြောင့် ထိခိုက်ခံရနိုင်ကြောင်း သိရှိလိုက်ရသည်။ ၎င်းသွေးရည်ကြည်သည် ယခင်ကဲ့သို့ စွမ်းဆောင်ရည်မျိုးအား ထပ်မံထုတ်ပြနိုင်မည် မဟုတ်တော့ချေ။ ဆေးရည်များ ထပ်မံထိုးသွင်းခံရပါက အဆိုပါ သွေးရည်ကြည်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အပြီးအပိုင် ပျောက်ကွယ်သွားမည်ဖြစ်၏။
သွေးရည်ကြည်ဖြင့် ထိန်းချုပ်ခံခဲ့ရသည့် သိပ္ပံပညာရှင်သည်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက လူတစ်ဦးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သူလုပ်ခဲ့သည့် အရာများကိုမူ ရှင်းရှင်းလင်းလင်း မှတ်မိနေဦးမည်သာ။
သူက ဂြိုဟ်တစ်ခုလုံးရှိ လူများကို သုတေသနအတွက် အသုံးချခဲ့သည်။ သူ ချစ်မြတ်နိုးသော်လည်း ထုတ်မပြဝံ့ခဲ့သည့် တပည့်အား အန္တရာယ် ပြုခဲ့မိသည်။ သူ ချစ်ရသည့် လိမ္မာရေးခြား ရှိလွှန်းသော မွေးစားသားအား သူ၏လက်များဖြင့် ကိုယ်တိုင်သတ်ဖြတ်ခဲ့မိသည်။
သူ့အတွက် ကလေးရရန်မှာလည်း မဖြစ်နိုင်တော့ချေ။ တစ်ဖက်လူသည် တတိယအကြိမ် အမှတ်အသား ပေးခံခဲ့ရချိန်က သူ၏ ဂလင်းကို ဖျက်ဆီးခဲ့သည်။ ဖယ်ရိုမုန်းများ၏ နှစ်သိမ့်ပေးခြင်း မရှိပါက အိုမီဂါတစ်ဦးသည် ကိုယ်ဝန်ဆောင်ရန် အလားအလာမရှိချေ။
ရှုကျစ်ဟန်သည် အထပ်ထပ် စောင့်ကျပ်နေသည့် စစ်သားများအကြား နိုးလာခဲ့သည်။ သူက နိုးလာသည်နှင့် သူ့အသံများ ကွဲအက်လာသည်အထိ ငိုကြွေးခဲ့သည်။ သူက အကြိမ်ပေါင်းများစွာ သတိလစ်သွားခဲ့ပြီး မိမိကိုယ်ကိုယ် အပြစ်ရှိစိတ်များဖြင့် ပြန်နိုးလာရ၏။
လင်းဟန်သည် သူ့အား တစ်ကြိမ်ပင် လာမတွေ့ခဲ့ချေ။ ထိုသူ ကုသပေးခဲ့သည့် ချီကျားဇယ်သည် ပုံမှန်ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူက သူ့အား ထိခိုက်စေခဲ့သည့် မှတ်ဉာဏ်များကို မေ့လျော့သွားခဲ့သည်။ သူ့အပေါ် လေနှင့်မိုးများမှ ကာကွယ်ပေးခဲ့သည့် အစ်ကိုကြီး တစ်ဦးထဲကိုသာ အမှတ်ရနေခဲ့၏။
ချီကျားဇယ်သည် သူအိပ်မက်မက်ခဲ့ရသည့် ကြယ်တာရာပြခန်းထံ သွားနိုင်ခဲ့သည်။ သူ ထားလိုသည့် ပစ္စည်းမှာ ချီကျားမူ ပေးခဲ့သည့် သာမန်ကစားစရာတစ်ခု ဖြစ်၏။ သူက သူ့အစ်ကိုကြီးနှင့် သွေးသားတော်စပ်မှုမရှိကြောင်း သိရှိနေသည့်တိုင် တစ်ဖက်လူသည် သူ့အပေါ် မည်သည့်အခါမှ စွန့်ပစ်သွားမည် မဟုတ်ဟု အခိုင်အမာယုံကြည်နေခဲ့၏။
ဝမ်ကျောက်ကောသည် ရှုကျစ်ဟန်အား စောင့်ရှောက်နေသည့် လူယုံတော်အား မေးလိုက်၏။
“သူ ဘယ်လိုနေလဲ …”
“သူ ဘာမှ မစားဘူး … ဒီအတိုင်း ငိုနေတာပဲ … သူအသက်ရှင်ချင်စိတ် နည်းနေပြီလို့ ထင်ပါတယ် …”
“ ဒါဆို သူ့ကို အရည်အသွေးမြင့် ပျော်ရည်တွေ ကျွေးပါ … ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်တိုက်ပါ …”
ဝမ်ကျောက်ကော၏ အသံသည် အေးစက်နေပြီး နှစ်နှစ်ဆယ်ကျော် အမုန်းတရားများ သယ်ဆောင်ထားသကဲ့သို့ ရှိ၏။
“သူ သတိမရှိတော့တိုင်း သူ့ကို နှိုးရမယ် … သေခွင့်မပေးနဲ့ …”
သူတို့နှစ်ဦး၏ စကားသံက အတွင်းရှိလူကို ထိတ်လန့်သွားစေခဲ့သည်။
ရှုကျစ်ဟန်သည် ဖူးယောင်နေသော မျက်လုံးများအား ဖွင့်လိုက်သည်။ သူ၏ ခြေလက်များသည် သွေးတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ သူ၏ စာတတ်ပေတတ် ပုံပန်းသွင်ပြင်နှင့် သွေးရည်ကြည်၏ ထိန်းချုပ်ခံရသော အရူးတစ်ဦး အသွင်အပြင်တို့သည် ပျောက်ကွယ်သွားလေပြီ။ သူ့အနီးရှိ လေထုတွင် သေခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေ၏။ သူ၏ မီးခိုးရောင် ဆံနွယ်တို့၌ သွေးတို့က စိုရွှဲလျက်ရှိသည်။
သူက ဝမ်ကျောက်ကောကို ကြည့်လိုက်သည်။
တစ်ချိန်ထဲမှာပင် သူက လင်းလန်၏ အမည်ကို တွေးမိလိုက်၏။ သို့သော် သူဘာမှ မပြောနိုင်ခင် သန်မာလှသည့် အယ်လ်ဖာ ဖယ်ရိုမုန်းများက သူ့အား ဖိနှိပ်လာခဲ့သည်။
ရှုကျစ်ဟန်၏ ဒူးများသည် ပျော့ခွေသွားခဲ့သည်။ သို့သော် သူ ပြုလုပ်ခဲ့သည့် အပြစ်များနှင့် ယှဉ်ပါက ဤအရာသည် မပြောပလောက်ချေ။
"သူ့(မ)နာမည်ကို ခင်ဗျား ဘယ်တော့မှ ခေါ်ခွင့်မရှိစေရဘူး ..."
"ကျုပ်မှားသွားတယ် ပရော်ဖက်ဆာရှု … "
ဝမ်ကျောက်ကောသည် သူ့အား ကြည့်ရင်း စကားတစ်လုံးချင်း ပြောလိုက်၏။
"အစကတော့ ကျုပ်ခင်ဗျားကို ဘယ်လိုသတ်မလဲဆိုတာ ခင်ဗျားကိုယ်တိုင် နားထောင်စေချင်ခဲ့တာ ..."
ရှုကျစ်ဟန်၏ သွားများသည် တုန်ယင်လာ၏။ သို့သော် သူက ဖိနှိပ်ခံရမှုကြောင့် စကားတစ်ခွန်းကိုပင် မပြောနိုင်ခဲ့ချေ။ သူက သူ့အရှေ့ရှိ အမျိုးသားထံမှ စကားသံထွက်လာသည်ကိုသာ စောင့်နေခဲ့သည်။
“ကျုပ် အခုခင်ဗျားကို မသေစေချင်ဘူး …”
သူက နံဘေးရှိ လူများအကို ဝမ်ကျောက်ကော အမိန့်ပေးနေသည်အား တွေ့လိုက်ရ၏။
"စိတ်ထွေပါးဆေးတွေကို နှစ်ဆထိုးလိုက်ပါ … ဦးနှောက်က တုံ့ပြန်မလာသရွေ့ သွေးလေချောက်ခြားစေတဲ့ ဆေးတွေကို ထိုးစရာမလိုဘူး ..."
သူသည် စိတ်ကူးယဉ်ကမ္ဘာထဲ၌ မချိတင်ကဲ ဝေဒနာကို တစ်နှစ်ပတ်လုံး ခံစားရမည်ဖြစ်ပြီး အစစ်အမှန်ကမ္ဘာ၌ တစ်နာရီသာ နေရပေလိမ့်မည်။ သူက တစ်သက်လုံး ထိုအတိုင်း အသက်ရှင်သွားရမည်သာ။
သို့သော် ရှုကျစ်ဟန်သည် နောက်ထပ် စိတ်ကယောင်ခြောက်ခြား ဖြစ်စေမည့် ဆေးများကို ထိုးသွင်းရန် မလိုအပ်တော့ချေ။ အဆုံးသတ်တွင် သူဖန်တီးခဲ့သည့် ပုံရိပ်ယောင်ကပင် သူ့အတွက် ငရဲဖြစ်နေလေပြီ။
ဝမ်ကျောက်ကော လှည့်ထွက်သွားခဲ့သည်။
"အကြာကြီး နေပါ … ပရော်ဖက်ဆာရှု … "
ထိုအဖြစ်အပျက်များအားလုံး ပြီးဆုံးသွားချိန်၌ လင်းဟန်သည် သုတေသနဌာနသို့ ပြန်လာခဲ့လိုက်သည်။
လေသင်္ဘောသည် ဌာန၏ တံခါးဝ၌ စောင့်နေလေ့ရှိ၏။ ၎င်းက ထွက်ပေါ်လာတိုင်း လူများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။
ယာဉ်တွင်းရှိ အမျိုးသားသည် ရံဖန်ရံခါမှသာ ထွက်လာလေ့ရှိသည်။ အနက်ရောင် အလုံးလေးသည် အမျိုးသား၏ ပခုံးထက်၌ ရှိနေတတ်၏။ လင်းဟန်သည် မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလျက် ‘ကျွန်တော် လာပြီ’ ဟု ပြောပေလိမ့်မည်။ ထို့နောက် အားလုံး၏ အရှေ့အောက်၌ပင် ထိုသူ့ထံသို့ လျှောက်သွားပေလိမ့်မည်။
သို့သော် လတ်တလော၌ သူသည် အချိန်ပို ဆင်းနေရ၏။
ဗိုလ်ချုပ်ကြီး၏ M2742 သည် စကြဝဠာ၏ တစ်နေရာ၌ လောင်စာအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သူက နောက်ထပ် မက်ခါတစ်ခု ပြုလုပ်ရန် လိုအပ်နေ၏။
ဗိုလ်ချုပ်ကိုယ်တိုင်က အလျင်လိုရန် မလိုအပ်ကြောင်း ပြောခဲ့သည်။ သို့သော် မင်းသားငယ် ဦးဆောင်သည့် အဖွဲ့တစ်ခုလုံးက နှောင့်နှေးခြင်းမရှိပဲ အလုပ်စနေကြပြီဖြစ်၏။
“သွားရအောင် …”
လင်းဟန်သည် လေသင်္ဘောပေါ်သို့ တက်ပြီးနောက် ကူးလုလု၏ နူးညံ့သော အမွှေးများကို ထိလိုက်သည်။ ဖက်ထုပ်လုံးလေးသည် သူ၏ လက်ဖဝါးအား ပျော်ရွှင်စွာ ပွတ်သပ်ရင်း တိုးဝင်လာခဲ့၏။
လေင်္ဘောသည် အပေါ်သို့ မြင့်တက်လာသည်။ ဟယ့်ယွင်ထင်သည် တစ်ဖက်လူအား နမ်းရှိုက်လိုက်ရင်း သူ၏ ချစ်မြတ်နိုးမှုကို လျှာနှင့် နှုတ်ခမ်းတို့အား သုံးလျက် ဖော်ပြလိုက်၏။
သူတို့ သွားနေသည့် နေရာမှာ ကြယ်စုဝေးဖြစ်သည်။
သိမ်းဆည်းသူသည် မသေဆုံးခင် သူမ၏ ပစ္စည်းများကို သူမဆွေမျိုးများ လာရောက် ထုတ်ယူခြင်းအပေါ် ခွင့်ပြုခဲ့ပါက တစ်ဖက်လူသည် သိမ်းဆည်းသူနှင့် သွေးသားတော်စပ်မှုအပေါ် မူတည်၍ ထိုအရာအား နှစ်ပေါင်းများစွာ အကြာ၌ လာရောက်ထုတ်ယူနိုင်၏။
လင်းဟန်သည် ဟယ့်ယွင်ထင်အား ထိုစိတ်ကူးအကြောင်း ပြောပြခဲ့သည်။ သူက ၎င်းကို အကောင်အထည် ဖော်လိုခဲ့၏။
လင်းဟန်ထံမှ သိမ်းဆည်းသူ၏ အမည်ကို သိရှိပြီးသည့်နောက် ပြခန်း၏ တာဝန်ရှိသူက လိုအပ်ချက် နှစ်ခုအား ထုတ်ပြောလာခဲ့သည်။ တစ်ခုသည် လင်းဟန်၏ မျိုးရိုးဗီဇဖြစ်ပြီး တစ်ခုကမူ နှင်းပန်း၏ အချက်အလက်ဖြစ်၏။
သူမ သေဆုံးသွားသည့်နောက် သူမ၏ အချက်အလက်သည် ဝမ်ကျောက်ကောထံ၌သာ ကျန်ရှိခဲ့လေသည်။
သူမသည် သူတို့နှစ်ဦး ဖြည်းဖြည်းချင်း ဆုံတွေ့သွားမည်ကို သိနေသည့်အလားပင်။
လေသင်္ဘော ဆိုက်ကပ်လာချိန်၌ ဝမ်ကျောက်ကောသည် ပြခန်းတွင် ရောက်နေပြီဖြစ်၏။
ထိုသူသည် စိတ်လှုပ်ရှားနေပြီး စိတ်ပူနေကြောင်း လင်းဟန် တွေ့လိုက်ရ၏။
ထိုအချိန်၌ သူတို့နှစ်ဦးလုံး မည်သည့်စကားကိုမှ မဆိုကြတော့ချေ။ သူမ ထားခဲ့သည့် သူမ၏အမည်နှင့် သေတ္တာကိုသာ ဖွင့်လိုက်ကြ၏။
သူမ ဘာကိုများ ထားခဲ့ပါလိမ့် …
အသံခပ်တိုးတိုးနှင့်အတူ သူမ၏ သေတ္တာသည် ပွင့်သွားခဲ့၏။
သေတ္တာထဲ၌ ချက်စ်ရုပ်တစ်ခုနှင့် စာတစ်စောင်ရှိနေ၏။
ချက်စ်ရုပ်သည် ပျောက်ဆုံးနေသည့် ဘုရင်ရုပ်ဖြစ်သည်။ ဝမ်ကျောက်ကောသည် အရုပ်ကို မြင်ချိန်၌ မနေနိုင်ပဲ မျက်လုံးများ မှိတ်ချလိုက်မိ၏။
စာကမူ အလွန်ရိုးရှင်းလှသည်။
စာအိတ်ပေါ်၌ ဟန်ဟန်သို့ ဟူ၍ ရေးသားထား၏။ စာအိတ်အား ဖွင့်လိုက်ချိန်တွင် တွန့်ကြေနေသည့် စာတစ်စောင်အား တွေ့လိုက်ရသည်။ စာ၏ အချို့နေရာများ၌ ရေစိုသွားသကဲ့သို့ မထင်မရှားဖြစ်နေ၏။
၎င်းက မျက်ရည်ရာများ ဖြစ်ကြသည်။
သို့သော် စာရေးနေစဉ် သူမ၏ စိတ်အခြေအနေကိုမူ မည်သူမှ မသိနိုင်ကြချေ။
ဟန်ဟန်သို့ …
သား ဒါကိုဖတ်နေတဲ့ အချိန်မှာ မေမေ ထွက်သွားတာ အတော်လေးကြာခဲ့ပြီလို့ ထင်ပါတယ် …
သားက ဘယ်သူမှန်းရော သိပြီးပြီလားဟင် …
ကိစ္စတွေက အရမ်း အလျင်လိုသွားမလား မေမေ မပြောတတ်ဘူး … ဒါပေမယ့် သား ဒါကို သိတဲ့အခါ မငိုဖို့ မေမေ မျှော်လင့်ပါတယ် … မေမေ သားကို မခွဲနိုင်ခဲ့ဘူး …
မေမေ သေချာ မလုပ်နိုင်ခဲ့ဘူးလို့ အမြဲတွေးနေမိတယ် …
ဒါပေမယ့် မေမေ့ ကလေးလေး ပျော်ရွှင်နေမယ်လို့ မေမေ ယုံကြည်ပါတယ် …
မေမေ့ ကလေးလေးက အမြဲပျော်ရွှင်နေသင့်တယ် …
မေမေက သူရဲဘောကြောင်တဲ့ လူပဲ … မေမေ့ဂလင်းတွေက ပျက်စီးခဲ့တဲ့အပြင် ဆိုးဝါးတဲ့ အတွေ့အကြုံတွေကိုလည်း တွေ့ခဲ့ရတယ် … မေမေ ထပ်ပြီး ပျော်ရွှင်မှုကို မတောင်းဆိုဝံ့ပါဘူး …
မေမေက သူခိုးတစ်ယောက် ဖြစ်နေတုန်းပါပဲ … မေမေက သူပေးခဲ့တဲ့ ချက်စ်ဘုတ်ကို မင်းကို ပျိုးထောင်ဖို့ အကြောင်းပြချက်နဲ့ ရောင်းချခဲ့တယ်လေ …
အဲဒါကြောင့် မေမေတို့ အရပ်သားနယ်မြေမှာ အတော်ကြာအောင် နေခဲ့ရတယ် … ဒါပေမယ့် ဒါက မေမေ့ကိုယ်မေမေ လှည့်ဖြားနေရုံပါပဲ …
ဒါပေမယ့် မေမေ့ရဲ့ ဟန်ဟန်လေးက သေချာပေါက် ကောင်းမွန်တဲ့ ဘဝမှာနေရမှာပါ …
သားလေး ပျော်ရွှင်နေမယ်လို့ မေမေ ယုံကြည်ပါတယ် …
မေမေ ဒါကိုပဲ အထပ်ထပ်ပြောနေမိတယ် …
မေမေက အရမ်း စကားများတယ်လို့ ထင်နေမလားပဲ …
သားက အခုဆိုရင် သားလိုချင်တဲ့နေရာကို ရောက်နေလောက်ပြီ … မေမေ သားအတွက် အရမ်းဂုဏ်ယူမိတယ် …
မေမေ ထွက်မသွားချင်ဘူး … ဒါပေမယ့် မေမေ့ခန္ဓာကိုယ်က ထပ်ပြီးမခံနိုင်တော့ဘူး …
ဖြစ်နိုင်ရင် သားလေးကို ဘယ်တော့မှ ဒါတွေမသိစေချင်ဘူး …
မေမေ့သားလေးက ပြုံးနေရင် အလှဆုံးပဲ …
မေမေဘာတွေ လျှောက်ရေးနေမိပါလိမ့် …
ထားလိုက်ပါတော့ … သားဒီစာကို တွေ့ပါ့မလားပဲ … ဒါဆို ဒီစကားတွေက မေမေ့ကိုယ်မေမေ ပြောနေသလို ဖြစ်သွားမှာပေါ့နော် …
ဒီစာကို ဘယ်သူမှမတွေ့ဘူးလို့ စဉ်းစားရုံနဲ့တင် စိတ်မကောင်းဖြစ်စရာပဲ …
ဟန်ဟန် ဒါကို တွေ့ပါ့မလား …
တကယ်တော့လေ မေမေ့မှာ ဟန်ဟန့်ကို ပြောစရာရှိတယ် …
မေမေက အမြဲတမ်း တောင့်ခံနိုင်ခဲ့တာမဟုတ်ပါဘူး … မေမေ အကြိမ်ပေါင်းများစွာ သား မသိအောင် ငိုကြွေးခဲ့ပါတယ် …
သားက အရမ်းငယ်သေးတော့ ဒါကို မမှတ်မိလောက်ဘူးထင်တယ် …
အဲဒီ့တုန်းက မေမေက သူ့ရဲ့နန်းတက်ပွဲကို ဖန်သားပြင်ကတစ်ဆင့် ကြည့်နေခဲ့တယ်လေ … မေမေ မရှိတာတောင် သူက ခန့်ညားနေတုန်းပဲ …
သူနဲ့အတူတူ ဒီနေရာမှာ မေမေ ဘယ်လိုများ နေနိုင်မှာလဲ …
သားသိလား … မေမေ ဒူးတွေကို ပိုက်ထားရင်း သူနန်းတက်တာကို ကြည့်နေခဲ့တယ် … သူက သူ့ရဲ့ပြည်သူတွေကို ပြုံးပြနေခဲ့တယ် … မသိရင် မေမေ့ကို ပြုံးပြနေသလိုမျိုး …
သူက အရမ်းခန့်ညားတာပဲ … မေမေသူ့ကို သိပ်သဘောကျတယ် …
အခုတွေးမိတော့ သုံးလစောင့်နေခဲ့တာဟာ အချိန်ဖြုန်းခဲ့မိသလို ခံစားရတယ် …
အကြာကြီး အချိန်ဖြုန်းခဲ့မိတာ …
ဟန်ဟန့်ကြောင့် မေမေ့မျက်ရည်တွေ စဲခဲ့ရတာပါ ..
သားလေးက အဲဒီ့တုန်းက အရမ်းချစ်စရာကောင်းတယ် … ကလေးသံလေးနဲ့ လျှောက်ပြောနေခဲ့တာ … ငိုတာ ရယ်တာရဲ့ အဓိပ္ပာယ်ကို မသိပဲနဲ့လေ …
သားက ဖန်သားပြင်ပေါ်က သူ့ကိုညွှန်ပြပြီး ပြောခဲ့တယ် …
မေမေ … အားလုံးက ရယ်နေကြတာ … မေမေရော ရယ်နေတာလား …
မေမေက ခေါင်းညိတ်ခဲ့တယ် … သားကို ညာခဲ့တယ် …
သားက မေမေပြောတာကို ယုံသွားတယ် … နောက်တော့ ထပ်ပြောတယ် … မေမေ့ အပြုံးက သူများတွေနဲ့ မတူဘူးတဲ့ …
မေမေက အရမ်းအံ့အားသင့်စရာကောင်းတာပဲ … မေမေ ပြုံးတဲ့အခါ မျက်လုံးထဲမှာ ကြယ်လေးတွေ ထွက်လာတယ် … ဟန်ဟန်ကြီးလာရင် မေမေ့လိုဖြစ်လာမှာလား … တဲ့ …
မေမေ သူ့ကို လွမ်းနေတုန်းပဲ …
မေမေ စာရွက်ကို စိုအောင် လုပ်မိပြန်ပြီ …
မေမေ သွားတော့မယ် …
ဟန်ဟန် … သားက အချစ်တွေအများကြီး ရလာမှာပါ …
သားကို မေမေချစ်တာထက် ပိုချစ်မယ့် လူတစ်ဦး ရှိလာပါလိမ့်မယ် …
သားလေးက ကြယ်တွေကြည့်ရတာ ကြိုက်တယ်မဟုတ်လား ....
ခေါင်းမော့ကြည့်ပြီး ပြုံးဖို့ အမှတ်ရပါ …
သားစိတ်တွေ ရှုပ်ထွေးနေရင်လည်း ကိစ္စမရှိပါဘူး … ကြယ်တွေထဲမှာ သားကို လမ်းပြပေးမယ့် ကြယ်တစ်လုံး အမြဲရှိနေမယ်လို့ သားယုံကြည်ထားရမယ် …
ကြည့်ပါဦး … အာရုံတက်ချိန်တောင် ရောက်နေပြီ …
******
စာရေးသူမှာ ပြောစရာရှိပါတယ်:
"ကြယ်တွေအများကြီးထဲက ကြယ်တစ်လုံးက ငါ့ဘဝကို မသိခြင်းအမှောင်ထုထဲမှာ လမ်းပြပေးလိမ့်မယ်လို့ ငါစိတ်ကူးပါရစေ." - Rabindranath Tagore
ဝူး … ဝူး … ငါနောက်ကျသွားတယ် … ငါစာရေးရင်း ငိုနေတာလေ … နောက်တော့ ငါဆက်ရေးခဲ့တယ် … စာရေးနေတုန်း ငါက Rainbow Choir ရဲ့ အရမ်းနွေးထွေးတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်နေခဲ့တာ …
ငါ lily of the valley ကို နာမည်အနေနဲ့ ထည့်မရေးခဲ့ဘူး … ဘာလို့ဆို သူ့အတိုင်းကိုက အရမ်းလှပတဲ့ နာမည်ဖြစ်နေလို့ပဲ …
မင်မင့်မှာလည်းပြောစရာရှိ
ဒီနေရာကို main story end လို့ မပြောထားခဲ့တဲ့အတွက် သတိမထားခဲ့မိလိုက်ဘူး
အခု နောက်အပိုင်းကိုကြည့်တော့မှ နောက်လာမဲ့ ဇာတ်လမ်းက ပြောင်းသွားပြီ ဒါက main story end လိုမျိုးဖြစ်နေပါတယ် စာက အဆက်စပ်မရှိထင်နေမှာစိုးလို့ ကြိုပြောပြထားတာပါ
👾