Chapter 33
Viewers 15k

🥘Chapter-33



ယန်မင်၏မျက်နှာ အမည်း​ရောင်​ပြောင်းသွားပြီး 

သ​ရော်လိုက်သည်။

"ချမ်းသာ​​သလို ဟန်​ဆောင်မ​နေစမ်းပါနဲ့..."


ပိုင်ရှန်းကျစ် အပြုံး​ဖျော့​ဖျော့လေးနှင့်

"ခင်ဗျားကိစ္စ မဟုတ်ဘူး..."


ယန်မင် ပြန်​ပြောလိုက်သည်။

"မင်း!"


ယန်မင်၏ဘေးနားတွင် ထိုင်​နေသော စွင်းလန်ယိုက သူ့အင်္ကျီကိုဆွဲ၍ ညင်သာစွာ​ ပြောလိုက်သည်။

"​ကောင်းပြီ သွားကြစို့..."


သူမ၏နူးညံ့​သောအသံက ယန်မင်၏​ ဒေါသများကိုဖိနှိပ်လိုက်သည်။ သူ ပိုင်ရှန်းကျစ်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ စွင်းလန်ယိုနှင့်အတူ ထွက်သွားသည်။


သူတို့ထွက်သွားပြီး​နောက် ​လေထုက သိသိသာသာ

သန့်ရှင်းသွားသည်ဟု ကျန်အတန်း​ဖော်များက ခံစားလိုက်ရသည်။ သူတို့ ပိုင်ရှန်းကျစ်အနား​ ရောက်လာကာ ပြောလိုက်ကြသည်။


"ပိုင်, ငါတို့ကို မင်းရဲ့wechat ပေးဦး... ပြန်​ရောက်ရင် မင်းဆီကို​ ငွေပြန်လွှဲလိုက်မယ်..."


သူတ်ို့က ပိုင်ရှန်းကျစ်​ရှေ့ထွက်ကာ ​လေထုကို​ ​ဖြေရှင်းလိုက်သည်ကို ဝမ်းသာ​နေကြသည်။ သို့​စေကာမူ သူတို့က ပိုင်ရှန်းကျစ်၏ စကားများကို အမှန်တကယ် မယုံကြည်ကြ​ပေ။ တက္ကသိုလ်မှာရှိစဥ်က ပိုက်ဆံရရန် ပိုင်ရှန်းကျစ် မကြာခဏ အချိန်ပိုင်းအလုပ် လုပ်​လေ့ရှိသည်ကို သူတို့သိကြသည်။ ဘွဲ့ရပြီး လအနည်းငယ်သာ ရှိ​သေးသည်။ ယွမ် 20,000က သူ့အတွက် ပမာဏနည်းနည်း​လေး ဟူသည်မှာ မဖြစ်နိုင်​ပေ။ ထို့​​ကြောင့် သူတို့က ပိုင်ရှန်းကျစ်သည် ထိုစကားများကို ယန်မင်​ရှေ့တွင် မျက်နှာမပျက်ရရန်​ ပြောခဲ့သည်ဟု ယုံကြည်​နေကြသည်။ထိုသို့​ပြောခဲ့​သော်လည်း သူတို့ ပိုင်ရှန်းကျစ်ကို အမှန်တကယ် ​ယွမ် 20,000 တစ်​ယောက်တည်း​ပေးရန်ခွင့်မပြုနိုင်​ပေ။ 


"ပိုင်...ဒါမင်းရဲ့ wechat လား...မှန်ရင် ငါမင်းကိုတိုက်ရိုက် လွှဲလိုက်မယ်​နော်..."


သူ့အတန်းဖော်များကို ကြည့်လိုက်ပြီး ပိုင်ရှန်းကျစ် ပထမတုန်းက စု​ဝေးပွဲကို တက်မည်ဟု ဘာ​ကြောင့်သ​ဘောတူခဲ့သည်လဲကို သတိရသွားသည်----


သူတို့​ကြောင့်ပင်ဖြစ်သည်။ လည်ပင်းနာ​နေ​သော မာဝမ်ချန်းမှလွဲ၍ ​ငွေ​ကြေးစီမံအတန်းမှ ကျန်အတန်း​ဖော်များမှာ သာမာန်ဖြစ်ပြီး ဆင်ခြင်တုံတရားရှိကာ သင့်တင့်​လျောက်ပတ်စွာ​ ပေါင်းနိုင်သည်။ 4 နှစ်ကုန်ဆုံးပြီး​နောက် သူတို့အားလုံး နက်ရှိုင်းသည့်သူငယ်ချင်းဆက်ဆံ​ရေး တည်​ဆောက်ပြီးပြီဖြစ်သည်။


ဘွဲ့ယူတုန်းက စု​ဝေးပွဲ မတက်ခဲ့ရခြင်းကို​ တွေးမိပြီးယခုစု​ဝေးပွဲကိုပါ မတက်မိခဲ့လျှင် သူ​နောင်တရ​နေမည်ကို သိ​သော​ကြောင့် လာရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ စိတ်မသက်သာ​စေ​သော အဖြစ်ပျက်များဖယ်လိုက်လျှင် စု​ဝေးပွဲက တနည်းတဖုံ​ အောင်မြင်သည်ဟု​ ပြောနိုင်သည်။ လူတိုင်းက ထပ်ပြီးစု​ဝေးလာကာ ​​ပျော်ရွှင်စရာများ ပြော​နေကြသည်။


"အဲ့ဒါက အ​ရေးမကြီးပါဘူး...အစောက ငါ​ပြော​နေတာ​တွေက အမှန်ပဲ...ငါ့လုပ်ငန်းအဆင်​ပြေ​နေပြီးယွမ် 20,000 ဆိုတာ တကယ် ဘာမှမဟုတ်ဘူး..."


"မဟုတ်သေးဘူး...လောင်ပိုင်...မင်း အ​ကောင်းဆုံးလုပ်တယ်ဆိုတာ သိပါတယ်...ဒါ​ပေမဲ့ အမြဲတမ်း မင်းတစ်​ယောက်တည်းပဲ အကုန်တာဝန်ယူ​နေတာ...ငါတို့လည်း ဝိုင်​သောက်ခဲ့တာပဲ​လေ ဒါဆို ငါတို့လည်း​

ဘေလ်ကို အတူတူ မျှရှင်းသင့်တယ်.." 


"ငါတကယ် ဘာမှမဖြစ်...."


"​တော်​လောက်ပြီ ပိုင်...မင်းဆက်​ပြော​နေမယ်ဆို ငါတို့​နောက်တစ်ကြိမ် မင်းကိုမဖိတ်ဘူး​နော်! စု​ဝေးပွဲ​တွေကို လူတိုင်းမျှပြီး ရှင်းသင့်တယ်...မင်းတစ်​ယောက်တည်း အကုန်ရှင်းပြီး ငါတို့ကို အထင်​သေးတယ်လို့​ ပြောတာလား..."


ပိုင်ရှန်းကျစ် လက်​မြှောက်ပြီး အရှုံး​ပေးလိုက်ရသည်။

"ငါအဲ့လို ရည်ရွယ်တာမဟုတ်ပါဘူး..တကယ်ကိုမဟုတ်တာ.."


သူ့ကို ဤကဲ့သို့ ​တွေ့လိုက်ရ၍ ​ဘေးပတ်ပတ်လည်ကအတန်း​ဖော်အားလုံး ရယ်​မောသံ​တွေ​ ပေါက်ထွက်လာကြသည်။


ဟိုတယ်မှထွက်လာကြပြီး​​နောက် ည​နေပိုင်း​ရောက်​နေပြီကို သိလိုက်ကြသည်။ နှုတ်ဆက်စကားအနည်းငယ်​​ ပြောလိုက်ပြီး​နောက် ပိုင်ရှန်းကျစ်နှင့်ကျိတုန်းသာလျှင် အဝင်​ပေါက်၌ ကျန်ခဲ့သည်။ နှစ်​ယောက်သား အပြန်အလှန်ပြုံးပြလိုက်ပြီး သက်ပြင်းချလိုက်ကြကာ ဝင်သက်ထွက်သက်​နွေး​နွေး​လေးက​ ​လေထဲသို့ လွင့်ပါသွား​​တော့သည်။


"ငါအခုပြန်​တော့မယ်... မင်း​ရော,လောင်ပိုင်..."


ပိုင်ရှန်းကျစ်: "ငါလည်းပြန်မှာ...ရက်နည်းနည်း​လောက် နားလိုက်ဦးမယ် ဒါ​ပေမဲ့ မကြာခင် စားသောက်ဆိုင် ပြန်ဖွင့်မှာ..."


ကျိတုန်းက အနည်းငယ် အိပ်မက်ဆန်သလို ခံစားလိုက်ရသည်။ ​တက္ကသိုလ်၌ ထင်ရှားသြဇာရှိ​သော ပိုင်ရှန်းကျစ်က ​နောက်ဆုံးတွင် စား​သောက်ဆိုင်ငယ်​လေးတစ်ခု ဖွင့်ခြင်းနှင့်သာ အဆုံးသတ်သွားသည်။

သူ့စိတ်ထဲတွင် ပိုင်ရှန်းကျစ်ကဲ့သို့ သူမျိုးသည် TV

ဒရာမာများထဲကကဲ့သို့ အထက်စီးဆန် သြဇာတိက္ကမ

နှင့်ပြည့်စုံ​ကာ စီးပွား​ရေးနယ်ပယ်ကို လွှမ်းမိုး​နေသင့်သည်။သူ မေးလိုက်သည်။


"လောင်ပိုင်...ငါ့ကိုမှန်မှန်​ပြော...စား​သောက်ဆိုင်ငယ်လေး တစ်ခု ဖွင့်တာက မင်း တကယ်လုပ်ချင်တဲ့အရာရော ဟုတ်ရဲ့လား...ဘဝကတို​တောင်းပါတယ် မင်း​ရဲ့ကျန်ဘဝတစ်​လျှောက်လုံး နောင်တရ​နေမယ့်အရာကို မလုပ်သင့်ဘူး..."


ပိုင်ရှန်းကျစ် သူ့တက္ကသိုလ်တုန်းက အတန်း​ဖော်​​ဟောင်းကြီးကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။

"လူအိုကြီးကျိ...ငါက ငါဆန္ဒမရှိတဲ့အရာကို လုပ်မယ့်သူတစ်​ယောက်မို့လို့လား...​ကျောင်းမှာဆို ငါလုပ်ချင်စိတ်မရှိတဲ့အရာကို တစ်​ယောက်​ယောက်က ဖိအား​ပေး လုပ်ခိုင်းနိုင်တာ ရှိခဲ့လို့လား..."


ကျိတုန်းက ရယ်​မောလိုက်သည်။

"မှန်တယ်...အားကစား​ကော်မတီကဆို မင်းကို မီတာ 3,000 အ​ပြေးပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ တွန်းအား​ပေးခဲ့တာ... ဒါ​ပေမဲ့ မင်းအဲ့ဒါကို တစ်ပတ်လုံး ​​ရှောင်​နေခဲ့တာ​​လေ..."


ပိုက်ရှန်းကျစ် ရယ်​လိုက်သည်။

"ဟုတ်တယ် အဲ့အချိန်တုန်းကဆို ငါ​နေ့တိုင်း ထွက်​ပြေးနေရတာ...အားကစားပွဲ​တော်အတွက် အချိန်​​တောင် မရှိခဲ့ဘူး..."


ရယ်လိုက်ပြီး​နောက် ကျိတုန်းက အ​လေးအနက် ထပ်​ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်း​ပျော်​နေသ​ရွေ့ ကိစ္စမရှိပါဘူး...စကားမစပ် ငါဒီနှစ် S မြို့ကို​ရွေ့​ပြောင်းခံရတယ်...မင်း အခက်အခဲတစ်ခုခု​တွေ့ရင်​ ငါ့ကို​ပြော...ငါတတ်နိုင်သ​လောက် ကူညီ​ပေးမယ်..."


ပိုင်ရှန်းကျစ် သူ့ကို လက်သီးနဲ့ ရင်းရင်းနှီးနှီး ထိုးလိုက်ပြီး

"​ကျေးဇူးပါကွာ...ငါတစ်ခုခုလိုအပ်ရင် မင်းဆီလာပါ့မယ်...ဒါနဲ့မင်းက S  မြို့​မှာဆို​​တော့ ဆိုင်ကို တစ်ချိန်ချိန်​လောက်လာပြီး ငါ့ဟင်းချက်လက်ရာကို မြည်းကြည့်​ပေါ့..."


ကျိတုန်းက စိတ်လှုပ်ရှားသွားသည်။

"​သေချာတာ​ပေါ့! ငါတို့​ပေါင်းတဲ့​လေးနှစ်မှာ မင်းလုပ်တဲ့ အသင့်စား​ခေါက်ဆွဲပဲ စားဖူး​သေးတယ်...မင်းချက်တဲ့ တစ်ခြားဟာ​တွေ မစားဖူးဘူး...ငါသဘက်ခါလာခဲ့မယ်...​ဟေး..မင်းသဘက်ခါရှိလား?"


ပိုင်ရှန်းကျစ် ပြန်ပြောလိုက်သည်။

"​အင်း မင်းကို​နောက်မှ ​လိပ်စာပို့လိုက်မယ်...တိုက်ရိုက်သာ လာခဲ့လိုက်..."


"​​ကောင်းပြီ!"


တစ်ရက်ကြာပြီး ပိုင်ရှန်းကျစ် ဂိမ်းကစားနေစဥ်

ကျိတုန်း ရောက်လာခဲ့သည်။ ​စော​နေ​သေးသည့်အတွက် ဖုန်းကိုမချမီ ဂိမ်းသုံးပွဲခန့် အတူတူ ကစားခဲ့ကြသည်။ ပိုင်ရှန်းကျစ် ကျိတုန်းကို​ မေးလိုက်သည်။

"မင်း ဘာစားမလဲ...စာရင်းထဲမှာရှိတဲ့ တစ်ခုခု​ရွေးလိုက် ငါလုပ်​ပေးမယ်..."


ကျိတုန်းက အစားကြီးတဲ့သူ မဟုတ်သည့်အတွက် အသားအ​သောက်စာရင်းကို တစ်ချက်ကြည့်ပြီး​ ပြောလိုက်သည်။

"ဟင်းပွဲနည်းနည်းသာ ချက်လိုက်ပါ...အမ်းး 

ဝက်သားအရွက်​​မွှေကြော်နဲ့ ခရမ်းချဥ်သီးကြက်ဥစွတ်ပြုတ်ဆိုရင်ရော..."


(T/N- ဝက်သားကို အသီးအရွက်​​​​တွေနဲ့​ ရော​ကြော်ထားတာကို​ ပြောတာပါ)


ပိုင်ရှန်းကျစ်​ ခေါင်းညိတ်လိုက်သည်။

"အို​ကေ...အဲ့နား ခဏ​ထိုင်​စောင့်လိုက်ဦး...နာရီဝက်​နေရင် ရပြီ..."


ကျိတုန်းက မထိုင်​သေးဘဲ ပိုင်ရှန်းကျစ်​အားကူညီရန်မီးဖို​ချောင်ထဲ လိုက်သွားခဲ့သည်။သို့​သော် ပိုင်ရှန်းကျစ် အသီးအနှံ​တွေကို ကျွမ်းကျင်စွာ​ ဆေး​ကြောပြီးလှီးဖြတ်​နေသည်ကို​ တွေ့ပြီး အံ့သြသွားခဲ့သည်။ သူ့မျက်လုံးများနဲ့ မြင်ရ၍သာမဟုတ်လျှင် သူ့​ရှေ့တွင် ရှိ​သောသူက သူ​လေးနှစ်လုံး သိလာခဲ့သည့် ပိုင်ရှန်းကျစ် ဆိုသည်ကို ယုံနိုင်မည် မဟုတ်​ပေ။ 


"ဝိုးးးးအံ့သြစရာပဲ...လူအိုကြီးပိုင်! မင်းမှာ ဖိုမှူးတစ်​ယောက်ရဲ့ အစွမ်းအစရှိသားပဲ!"


ပိုင်ရှန်းကျစ် သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်သည်။

"တက္ကသိုလ်တုန်းက ငါ ဘယ်မှာအလုပ်လုပ်ခဲ့လဲဆိုတာ မင်းကို​ပြောပြမိ​သေးလား.."


ကျိတုန်း သူ့​ခေါင်းကိုခါလိုက်သည်။

"မင်းပြန်လာတဲ့အချိန်တိုင်း အရမ်းပင်ပန်း​နေပုံ​ ပေါက်လို့ ငါမ​မေးခဲ့ဘူး..."


ပိုင်ရှန်းကျစ် ပြောလိုက်သည်။

"တကယ်​တော့ ငါဟိုတယ်တစ်ခုရဲ့ မီးဖို​ချောင်မှာအလုပ်လုပ်ခဲ့တာ..."


ကျိတုန်း တုန်လှုပ်သွားခဲ့သည်။

"မီးဖို​ချောင်မှာ?! ဒီစား​သောက်ဆိုင်​လေးကို လက်လွှဲယူဖို့ စီစဥ်ထားခဲ့တာလား..."

"မဟုတ်ပါဘူး..."

​​နောက်ကျ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူကခန့်မှန်းနိုင်မှာလဲ....


"မင်းက​ရော...မင်းဒီအလုပ်ကိုကြိုက်ရဲ့လား.."

ကျိတုန်းကိုယ်တိုင်ပင် သူ​မေးလိုက်သည့်​ မေးခွန်းက ရယ်စရာ​ကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့​သော် ပိုင်ရှန်းကျစ်က ​ခေါင်းညိတ်ပြလိုက်သည်။


သူ​ ခေါင်းညိတ်လိုက်တယ်?!


"အင်း.. ငါငယ်ငယ်ကတည်းက စားဖိုမှူးတစ်​ယောက်အမြဲတမ်းဖြစ်ချင်ခဲ့တာ..."


ကျိတုန်း: " !!!! "

ဘုရား​ရေ...စီးပွား​ရေးနဲ့စီမံခန့်ခွဲမှု​ကျောင်းက လူတစ်​ယောက်က​ပြော​နေတာ သူ့အိပ်မက်က စားဖိုမှူးတစ်​ယောက်ဖြစ်လာဖို့တဲ့!


15 စက္ကန့်ကြာပြီး​နောက် ကျိတုန်းက သက်ပြင်းချလိုက်သည်။

"မင်း​ပျော်​နေသ​ရွေ့ မင်းအိပ်မက်ကိုအ​ကောင်အထည်​​ဖော်နိုင်တာက ​ပျော်ရွှင်စရာတစ်ခုပါပဲကွာ.."


ကျိတုန်းက သူ့​ရွေးချယ်မှုကို အပြည့်အဝ နားမလည်နိုင်သည်ကို ပိုင်ရှန်းကျစ်သိသည်။ သို့​သော် သူတွန်းအားမ​ပေးခဲ့​ပေ။ ဘဝနှင့် အိပ်မက်ဟူသည်မှာ ကိုယ်ပိုင်ကိစ္စရပ်များ ဖြစ်ပြီး သက်ဆိုင်သည့်သူသာလျှင် အမှန်တကယ် ဘာကိုဆန္ဒရှိသည်ကို သိသည်။ ကိုယ်တိုင်​ တွေ့ကြုံခံစားမှုမရှိဘဲ အခြားသူများက ဘယ်​​ငေါအခါမှ အပြည့်အဝ နားလည်မည် မဟုတ်​ပေ။


နာရီဝက်ကြာပြီး​နောက် ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက်က အဆင်သင့်ဖြစ်သွားသည်။ ဝက်အရွက်​​မွှေကြော်၊ ​ရေ​နွေး​ငွေ့နှင့် ပေါင်းထား​သော ဝက်အူ​ချောင်းများနှင့် ခရမ်းချဥ်သီးကြက်ဥစွတ်ပြုတ်ကြီးတစ်ခွက်က ​မွှေးကြိုင်​နေ​သောထမင်းနှင့်​ရောက်လာခဲ့သည်။ ပိုင်ရှန်းကျစ် စွပ်ပြုတ်ကို မပြီး​ ကျိတုန်းကိုပြောလိုက်သည်။


"လုအိုကြီးကျိ...မြည်းကြည့်လိုက်..."


ကျိတုန်း သူ​​ရှေ့တွင်ရှိ​သော အရာများကို မယုံကြည်နိုင် ဖြစ်​နေမိသည်----အနံ့ရရုံမျှဖြင့် ဟင်းပွဲများကအရသာရှိမည်ဟု သူသိ​နေသည်။


ပိုင်ရှန်းကျစ်က တက္ကသိုလ်တွင်မီးဖို​ချောင်၌ အလုပ်လုပ်ခဲ့ပြီး စား​သောင်ဆိုင်ငယ်​လေး လက်လွှဲယူခဲ့သည်ကို ကျိတုန်းသိ​သော်လည်း ပိုင်ရှန်းကျစ် ချက်ပြုတ်ထား​သော ဟင်းသုံးပွဲကိုမြင်၍ အနံ့ရမှသာလျှင် အစစ်အမှန်ဟု ခံစားလိုက်ရသည်။


သူ့​ကျောင်းတုန်းက အတန်း​ဖော်က စားဖိုမှူးတစ်​ယောက်ဖြစ်လာတယ်...


သူ ဝက်သားအရွက်​မွှေ​ကြော် တစ်ဇွန်းကို​ မြှောက်ကာ ဂရုတစိုက် အရသာခံလိုက်သည်။ တစိမ့်စိမ့်ဝါးပြီးနောက် ကျိတုန်းက လက်မ​ထောင်ကာ ​ဗလုံးဗ​ထွေး​ပြောလိုက်သည်။

"အံ့သြစရာပဲ! လူအိုကြီးပိုင်...မင်း တကယ့်ကို မယုံနိုင်စရာပဲ! ဟင်း​တွေက အရမ်းအရသာရှိတယ်..."


​ပြောပြီး​​နောက် ကျိတုန်းက အခြားဟင်းနှစ်ပွဲကိုပါ စားဖို့မ​​စောင့်နိုင်ပဲ စစား​တော့သည်။ သူ့ပါးစပ်က စားရင်းအလုပ်များလျက် စကားပင် မ​ပြောနိုင်​တော့​ပေ။

ဟင်းသုံးပွဲလုံးစာပြီး​မှ သူ့ခုံ၌ပြန်ထိုင်ကာ ဗိုက်ကို​ကျေနပ်စွာ ပွတ်သပ်​နေပြီး​ ပြောလိုက်သည်။


"အရမ်း စိတ်​ကျေနပ်ဖို့​ကောင်းတယ်....လောင်ပိုင်..မင်းရဲ့ဟင်းချက်လက်ရာက တကယ်အထင်ကြီးစရာပဲ...ငယ်ငယ်ကတည်းက​နေ အခုအရွယ်ထိ ဒီ​လောက်အရသာရှိတာကို တစ်ခါမှ မစားဖူးဘူးကွာ...

မင်းဟင်းချက်ရတာကို တကယ်ကြိုက်တယ်ဆိုတာ ငါအခု တကယ်ယုံသွားပြီ...မင်းမကြိုက်ဘဲ အားစိုက်မထုတ်ဘဲနဲ့ဆို ဟင်း​တွေက ဒီ​လောက်အရသာရှိမှာမဟုတ်ဘူး..."


သူက​ လေ​တောင် တက်လိုက်​သေးသည်။


ပိုင်ရှန်းကျစ် ရယ်လိုက်သည်။

"​ကောင်းပါပြီ လာအိုကြီးကျိ...ငါလုပ်ခဲ့တဲ့ အရာတိုင်းအတွက်​ တောင်းပန်ပါတယ်... မင်းကို ထပ်ပြီးမလိမ်​တော့ပါဘူး..."


စားပြီး​​နောက် သူတို့​နောက်ထပ် ဂိမ်းပွဲအနည်းငယ်ကစားခဲ့ကြသည်။ ည​နေ​ရောက်လာ​သောအခါ ကျိတုန်း ပိုင်ရှန်းကျစ်ကို နှုတ်ဆက်လိုက်ပြီး သုံး​ထောင်စားတော်ဆက်မှ ထွက်လာခဲ့သည်။ 


ကျိတုန်းထွက်သွားတာကိုကြည့်ပြီး ပိုင်ရှန်းကျစ် တံခါးပိတ်လိုက်ကာ စိတ်အ​ခြေနေ​ကောင်း​နေခဲ့သည်။ မီးဖို​ချောင်ထဲ၌​ ဆေး​ကြောပြီး​နောက် တံခါးလိပ် အပြင်ဘက်မှ ဆူညံသံကြားလိုက်ရသည်။  သူ အ​ရှေ့ကို​​ ပြေးသွားပြီး ​မေးလိုက်သည်။


"အပြင်ကဘယ်သူလဲ..."


အပြင်မှဆူညံသံများ​ လျော့ကျသွားပြီး အသံတစ်ခုက​ပြောလိုက်သည်။

"သူ​​ဌေး ...ကျွန်​​တော်ပါ တုလင်းလင်း..."(တုလင်းလင်းလို့ သုံးသွားပါမယ်နော်)


တုလင်းလင်း? သူ့ကို အားလပ်ရက်​ ပေးထားတာ မဟုတ်ဘူးလား...ဘာလို့ ဒီ​ရောက်နေတာလဲ...


ပိုင်ရှန်းကျစ် တံခါးရွက်ကို မလိုက်​သောအခါ ​သေချာ​ပေါက်ပင် အပြင်က တုလင်းလင်းဖြစ်ပြီး အသက်အရွယ်ကြီးသော သူတစ်ယောက်ပါ ရှိ​နေသည်။ သူတို့နှစ်​ယောက်လုံး ဆံပင်များရှုပ်ပွ​နေလျက် အင်္ကျီများလည်း တွန့်​ကြေကာ အိတ်ကြီးများကို သယ်ထားကြသည်။ ပိုင်ရှန်းကျစ် သူတို့ကို အိမ်ထဲသို့ဖိတ်လိုက်ပြီး ထိုင်ခုံ​ပေါ်ထိုင်ခိုင်းကာ စူးစမ်းလိုက်သည်။


"လင်းလင်း...ဘာ​တွေဖြစ်လာကြတာလဲ..."


တုလင်းလင်းကြည့်ရသည်မှာ ပျာယာခတ်​နေလျက် မျက်လုံးများကလည်း ရဲတွတ်​နေသည်။ သူအတင်းအကြပ် ပြုံးလိုက်ပြီး ​ပြောလိုက်သည်။

"ဘာ ဘာမှမဟုတ်ပါဘူး ​ဘော့စ်...အဖွားနဲ့ ကျွန်​တော် ဒီမှာ ရက်နည်းနည်း​လောက်​...နေလို့ရလားဟင်...သားရဲကမ္ဘာမှာ​ ကျွန်​တော်​ နေစရာရှာတုန်း ရက်နည်းနည်း​လောက်ပါပဲ...ရှာ​​တွေ့​တာနဲ့ ချက်ခြင်း ကျွန်​တော်တို့ ထွက်သွားပါ့မယ်..."


ထင်ရှားစွာပဲ တုလင်းလင်းက သူတို့ဖြစ်ပျက်ခဲ့သမျှကိုအများကြီး မ​ပြောချင်​နေ​ပေ။ ပိုင်ရှန်းကျစ်လည်း ဖိအားမ​ပေးဘဲ ​ပြောလိုက်သည်။

"အ​ပေါ်ထပ်မှာ အခန်းလွတ် တစ်ခန်းရှိတယ်...မင်းတို့ကြိုက်တဲ့အချိန်ထိ​ နေလို့ရတယ်...စကားမစပ် နှစ်​ယောက်လုံး စားပြီးသွားပြီလား..."


"စားပြီးပါပြီ..."


"ဂွီ~ ဂွီ~~"


ပိုင်ရှန်းကျစ် ပထမစာ​ကြောင်းကို မကြားချင်​ယောင်​ဆောင်လျက် 

"မီးဖို​ချောင်ထဲမှာ ဖက်ထုပ်​တွေ ရှိ​သေးတယ်...မင်းနဲ့မင်းအဖွားအတွက် ပြုတ်ပေးမယ်..."


10 မိနစ်ကြားပြီး​​နောက် ဖက်ထုပ်နံ့​​လေးများက သုံး​ထောင်စား​တော်ဆက်တစ်ဆိုင်လုံး ပြည့်နှက်သွားသည်။ ပိုင်ရှန်းကျစ် သူ့မျက်နှာချင်းဆိုင်က တုလင်းလင်းနဲ့အဖွားအိုတို့ ဖက်ထုပ်ကို အားရပါးရစားနေသည်ကို ကြည့်​နေသည်။ ကြည့်ရသည်မှာ အရမ်းဗိုက်ဆာ​နေပုံ​ပေါ်သည်။ သို့​သော် ယခုဆိုလျှင် တုလင်းလင်းက လစာရပြီး စား​သောက်ဆိုင်မှ အစားအစာများပါ နှစ်သစ်ကူးအတွက် ပြန်ယူသွား​ခဲ့သေးသည်။ သူတို့စားစရာမရှိတာ မဖြစ်နိုင်​ပေ။


ပိုင်ရှန်းကျစ် ပ​ဟေဠိဖြစ်သွား​သော်လည်း မ​မေးလိုက်​ပေ။ တုလင်းလင်း၏​ ယခု​လေးမှ တုံ့ပြန်မှုအရထိုအ​ကြောင်းနှင့်ပတ်သတ်ပြီး ပြောချင်ပုံ မ​ပေါ်​​သော​​ကြောင့် ပိုင်ရှန်းကျစ် သူ့ဆုံးဖြတ်ချက်ကို အ​လေးထားကာ ထပ်မ​မေး​တော့​ပေ။


သူ့စား​သောက်ဆိုင်၏ လုံခြုံ​ရေးအတွက်​မူ ပိုင်ရှန်းကျစ် လုံးဝစိတ်မပူ​ပေ။ တုလင်းလင်း၏​ ပြောင်းလဲလာမှုကို သူ့မျက်လုံးများနှင့် ​တွေ့ပြီးသားဖြစ်သည်။

သူစိမ်းများကို စကားမ​​ပြောနိုင်ဘဲ ထုံထုံထိုင်းထိုင်း ဖြစ်​​နေရာမှ ​နောက်ပိုင်းတွင်  အခက်အခဲမရှိ ဆက်သွယ်​ပြောဆိုလာပြီး ယခုဆိုလျှင်သုံး​ထောင်စား​​တော်ဆက်တွင် အလုပ်လုပ်ပြီးနောက် ပုံမှန်​ဖောက်သည်များနှင့်ပါ ဟာသများ​ ပြောတတ်နေပြီဖြစ်သည်။


သူ့အချိန်အများစုကို အိမ်မှလွဲ၍ သုံး​ထောင်စား​တော်ဆက်တွင် ကုန်ဆုံး​နေသည်ဟုပင်​ ပြောနိုင်သည်။ သူ့အဖွားအပြင် ပိုင်ရှန်းကျစ်သည် သူ

အယုံကြည်ဆုံး လူတစ်​ယောက်ဖြစ်သည်။


သူတို့နှစ်​ယောက်ဆက်ဆံ​ရေးက ဆရာနှင့်တပည့် ဆက်ဆံ​ရေးနှင့် အလားတူသည်။ သုံး​ထောင်စား​တော်ဆက်၏ ကာကွယ်မှု​အောက်တွင် တုလင်းလင်းက စိတ်သက်သာရာရကာ ပြောင်းလဲတိုးတက်လာခဲ့ပြီး ပိုင်ရှန်းကျစ်က သူ့ကြီးပြင်းလာမှုကို မျက်မြင်​တွေ့ခဲ့သည်။ အချိန်က တို​တောင်း​သော်လည်း တုလင်းလင်းသည် ယုံကြည်ထိုက်သူတစ်​ယောက်ဖြစ်သည်ကို ပိုင်ရှန်းကျစ်သိပေသည်။



🥘