Chapter 54
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၅၄)

၎င်းမှာ အခွင့်အရေးပေးလိုက်ခြင်း ဖြစ်၏။

ကောင့်မြို့စားကတော်ကာဒယ်လ်က အိုဖီလီယာကို အခွင့်အရေးပေးလိုက်ခြင်း ဖြစ်သည်။အတိတ်က ဆိုးရွားခဲ့သော ဆက်ဆံရေးတစ်ခု ရှိခဲ့သည်ကို တွေးကြည့်ပါက ၎င်းမှာ ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လေသည်။

"တကယ်တော့ ကျွန်မကို ကန်ထုတ်ပစ်တော့မယ်လို့ တွေးနေမိတာ။"

အိုဖီလီယာက ပြောသည်။

"စကားမစပ် ကျွန်မကို ပန်းချီခန်းကို အခုလို ခေါ်ဆောင်လာတယ်ဆိုတော့ ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့သဘောထားက ကောင်းမွန်လာပြီလို့ ဆုံးဖြတ်မယ်ဆိုရင် အဆင်ပြေလား။"

"ဖြစ်နိုင်တာပေါ့ရှင်"

ဂျက်စမင်က ပြန်ဖြေလိုက်သည်။ 

"ကောင့်မြို့စားကတော်ကာဒယ်လ်က ပါးနပ်တဲ့သူတစ်ယောက်ပါ။သူက မဒမ့်အပေါ် အများကြီး အကြွေးတင်သွားပြီဆိုတာ ယုံကြည်ပါလိမ့်မယ်။ကြေးစားစစ်သားတွေကို အဝေးကြီး မောင်းထုတ်ပေးတဲ့ မဒမ့်ကို ကျေးဇူးတင်နေမှာပါ။"

"ဒါက အမှန်ပဲ။ကျွန်မသာ မရှိရင် သူမတို့ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်။"

ကြေးစားစစ်သားများမှာ ဥပဒေမဲ့ဒေသများမှာ လာသူများဖြစ်၍ ကိစ္စများက ဆိုးရွားသွားနိုင်လောက်သည်။ယခုကဲ့သို့ အခြေအနေမျိုးတွင် အိုဖီလီယာ ရောက်ရှိလာခဲ့မှုက ကောင့်မြို့စားကတော်ကာဒယ်လ်အတွက် အကြီးမားဆုံး အကူအညီဖြစ်သည်။

"စကားမစပ် ရှင် ဘယ်အချိန်က မှော်နက်ကို သင်ယူခဲ့တာလဲ။"

ဂျက်စမင်က မေးသည်။

အိုဖီလီယာ ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"လူတိုင်းက ကျွန်မ မှော်နက် အသုံးပြုတာကို  မျှော်လင့်နေမယ်လို့ တွေးမိခဲ့တာ။" 

"လူတိုင်း မဟုတ်ပါဘူး။"

ဂျက်စမင်က ခေါင်းကို အမြန်ရမ်းခါခဲ့သည်။

"မဒမ်က ကျိန်စာ ဘယ်လိုတိုက်ရမလဲပဲ သိတယ်လို့ လူတိုင်း သိထားကြတာပါ။ကျွန်မလဲ အတူတူပါပဲ။ပထမက ကောင့်မြို့စားကတော် ဖလဲရ်ကို ကျိန်စာတိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ကျွန်မတွေးထားခဲ့တာ။ဒါပေမဲ့ ဒီနေ့တော့ ...

ဂျက်စမင်က ပြောရင်းနှင့် ပခုံးများ တုန်ယင်သွားလေသည်။

"ဒါက တကယ်ကို ကြောက်စရာကောင်းပါတယ်၊ မဒမ်။"

အိုဖီလီယာမှာ သူမ၏ပါးစပ်ကို ပိတ်ထားလိုက်မိသည်။

မူလအိုဖီလီယာက ကျိန်စာမှော်ပညာကိုသာ အသုံးပြုခဲ့သည်။သူမ ယခု လုပ်သကဲ့သို့ အိုဖီလီယာ မှော်နက်အသုံးပြုခဲ့သည့် ဇာတ်ကွက်မှာ မူလဝတ္ထုထဲတွင် တစ်ခန်းမှ မပါဝင်ခဲ့ပေ။

ငါ အရာအားလုံး သိနေခဲ့လို့ ဝမ်းသာမိတယ်။

ငါ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်မဲ့ စွမ်းအား ရှိနေပြီ။

သို့သော် ဂျက်စမင်ကမူ ထိုသို့ တွေးမိပုံမရပေ။သူမက အိုဖီလီယာကို အနည်းငယ် အပြစ်တင်လိုသော လေသံဖြင့် ပြောလေသည်။

"နောက်တစ်ခါကျရင် မဒမ့်ရဲခွန်အားတွေကို အများကြီး ထုတ်မပြပါနဲ့။ကတော်တွေနဲ့ လေဒီငယ်လေးတွေက မှော်နက်ကို ကြောက်ကြတာကြောင့်ပါ။"

"အိုကေလေ။သူတို့ ဒီလောက်ထိ ငိုသွားမယ်လို့ ကျွန်မ မသိလို့ပါ။"

ကျစ်

သူမမှာ အကြောင်းပြချက် မရှိဘဲ စိတ်ပျက်သွားမိပြီး နှုတ်ခမ်းများကို ဆူလိုက်မိသည်။မဟုတ်ပေ။လူတိုင်းက ကျေးဇူးတင်သွားလိမ့်မည်ဟု သူမ တွေးခဲ့သည်။သူမတို့ ဤမျှ ကြောက်လန့်သွားမည်ကိုသာ သိလျှင် သူမ၏ခွန်အားကို အသုံးပြုခဲ့မည် မဟုတ်ပေ။

သူမ စိတ်ပျက်နေမိသော်လည်း မတတ်နိုင်ပေ။ကိစ္စများက ဖြစ်ပျက်ပြီးခဲ့ပြီ ဖြစ်၏။လေဒီလေးများ ပြန်သွားကြချိန်တွင် သူမတို့ အားလုံးက ထိုအကြောင်းကို တွေးနေကြလိမ့်မည်။

ငါက သူမတို့ကို ကယ်တင်ခဲ့တယ်။

ဤဖြစ်ရပ်ဖြင့် သူမ၏ဂုဏ်သတင်းကို မြှင့်တင်နိုင်ပါမည်လော။၎င်းမှာ ကြောက်စရာကောင်းနေသည့်တိုင် ဆိုးရွားခဲ့သည်တော့ မဟုတ်ပေ။အိုဖီလီယာ ပြုံးလိုက်မိသည်။

ထို့နောက်

"ရှင် စောင့်နေရတာ ကြာသွားပြီလား။"

ရင်းနှီးသော အသံကို ကြားရသည်။ထိုသူမှာ ကောင့်မြို့စားကတော်ကာဒယ်လ် ဖြစ်သည်။

"ကျွန်မ တောင်းပန်ပါတယ်။လေဒီငယ်လေးတွေကို နားချပြီး ပြန်လွှတ်လိုက်ဖို့က အချိန်နည်းနည်း ကြာသွားပါတယ်။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ထိုသို့ ပြောရင်း အိုဖီလီယာ၏ မျက်လုံးထဲသို့ ကြည့်လိုက်သည်။

ဂလု

ကောင့်မြို့စားကတော်ကာဒယ်လ် တံတွေးမြိုချလိုက်မိသည်။

"မဟုတ်တာပဲ"

အိုဖီလီယာက ပြန်ဖြေသည်။

"ရှင် အတော်ဗျာများသွားမှာပဲ၊ ဒါပေမဲ့ ရှင် ကြိုးစားခဲ့ပါတယ်။"

"ဟု...ဟုတ်ကဲ့"

ကောင့်မြို့စားကတော်ကာဒယ်လ်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

အိုဖီလီယာက ဒီလိုမျိုး ပြောတယ်။

ငါ နားကြားလွဲနေတာလား။

သူမ၏ အပြုအမူက မယဥ်ကျေးမှန်း သိသည့်တိုင် သူမသည် နားကို တစ်ချက် ရိုက်လိုက်မိသည်။သို့သော် အိုဖီလီယာ၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ရလျှင် သူမ ကြားခဲ့သည်က အမှားဖြစ်ပုံ မရပေ။

မဖြစ်နိုင်တာ...

အိုဖီလီယာတစ်ယောက် ပြောင်းလဲသွားသည် ဟူသော ကောလာဟာလများက အမှန် ဖြစ်နေမည်လားဟု သူမ သိချင်ခဲ့သည်။ယနေ့ ဖြစ်ပျက်ခဲ့သည်ကို ကြည့်လျှင် ၎င်းက အမှန် ဖြစ်နိုင်သလို မမှန်သည်လည်း ဖြစ်နိုင်သည်။ သူမ အခုထိ နားမလည်နိုင်ပေ။

သူမ သေချာ သိသည့် အရာတစ်ခုမှ ယနေ့ သူမ အိုဖီလီယာအပေါ် အကြွေးအများကြီး တင်သွားခဲ့သည် ဟူ၍။ကြေးစားစစ်သားများကို မောင်းထုတ်ပေးခဲ့သည် ဆိုသော လုပ်ရပ်မှာ ထပ်တလဲလဲ ကျေးဇူးတင်ရုံမျှနှင့် မလုံလောက်သေးပေ။ထိုသို့ ကျေးဇူးမတင်မိပါက ကောင့်မြို့စားကတော်ကာဒယ်လ်၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ကျဆင်းသွားလိမ့်မည်။

"ဒီနေ့အတွက် ရှင့်ကို ကျွန်မ ကျေးဇူးအများကြီး တင်ပါတယ်၊မဒမ်။ကျွန်မ ရှင့်အပေါ် အများကြီး အကြွေးတင်သွားရပါပြီ။"

အိုဖီလီယာက ပြန်မဖြေပေ။ ထိုအခါ ဂျက်စမင်က အိုဖီလီယာကို အလျင်အမြန် တို့လိုက်လေသည်။

"အာ ၊အိုး ၊မှန်ပါတယ်။အင်း ၊ကောင်းပါတယ်။ကျွန်မ လုပ်ဖို့လိုတာကိုသာ လုပ်ခဲ့ရုံပါ။"

ဂျက်စမင်က သူမကို ပြောထားသည့်အတိုင်း အိုဖီလီယာက အတိအကျ ပြောလိုက်လေသည်။ရထားလုံးတွင် ဂျက်စမင်က ပြောခဲ့သည်။

"မဒမ်ရဲ့စကားပြောတဲ့နည်းလမ်းက မရည်ရွယ်ပါဘဲ အခြားသူတွေကို နားလည်မှု လွဲသွားစေနိုင်ပါတယ်။ဒါကြောင့် ကျွန်မပြောတဲ့ အတိုင်းသာ ပြောလိုက်ပါ၊အဆင်ပြေပါရဲ့လား။"

သူမမှာ ထိုစကားကို နားထောင်သင့်၊မနားထောင်သင့် ချီတုံချတုံ စဥ်းစားနေခဲ့သည်။သို့သော် ကောင့်မြို့စားကတော်ကာဒယ်လ်၏ စိတ်ထိခိုက်နေသော မျက်နှာကို မြင်ရလျှင် ဂျက်စမင်၏ စကားကို နားထောင်လိုက်သည်က ပိုကောင်းသည်ဟု သူမ စဥ်းစားမိသည်။

အိုဖီလီယာ ပြုံးလိုက်ပြီး ဂျက်စမင်၏ပေါင်ကို ပုတ်လိုက်သည်။

"ရှင် အံ့ဩသွားမှာပဲ။အဆင်ပြေရဲ့လား။"

"ရှင်က ကျွန်မကို စိုးရိမ်ပေးနေတာပါလား။"

ကောင့်မြို့စားကတော်ကာဒယ်လ်၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားရသည်။

ဘုရားရေ၊ အိုဖီလီယာ ရိုင်ဇန်က မကြာခင် သေရတော့မယ် ထင်တယ်။အဲ့လိုသာ မဟုတ်ရင် လူတစ်ယောက်က ဒီလောက်အထိ ပြောင်းလဲသွားနိုင်ပါ့မလား။

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ သူမ၏ရှုပ်ထွေးနေသော အတွေးများကို ပြင်ဆင်ပြီး စိတ် မလွတ်သွားစေရန် ခဲရာခဲဆစ် ကြိုးပမ်းနေခဲ့သည်။

"ရှင် ...ရှင့်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

"ဒါပေါ့"

အိုဖီလီယာ တောက်ပစွာ ပြုံးလိုက်သည်။

အင်း ၊သူမ ပြုံးနေတယ် ၊အဲ့ဒီ အိုဖီလီယာ ရိုင်ဇန် ကလေ။

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ကြက်သေသေသွားပြီး အသက်ပင် မရှူသွင်းနိုင်ခဲ့ပေ။

"ကောင့်မြို့စားကတော်၊ ရှင် ဒါကို ကြားပြီးပြီလားတော့ မသိပေမဲ့ ကျွန်မက မြို့စားကြီးကတော်ရဲ့ အခြွေအရံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။"

ထိုအချိန်တွင် ဂျက်စမင်က စကားဖြတ်ပြောလိုက်သည်၊ထိုကိစ္စကို တွေးမိမှာ သူမ ကောလာဟာလတစ်ခု ကြားခဲ့မိသည်။ထို့ကြောင့် လူတိုင်းက စိတ်မကောင်းကြောင်း ဖော်ပြရင်း 'သနားစရာကောင်းတဲ့ ဂျက်စမင်'ဟု ပြောနေခဲ့ကြသည်။

သို့သော် သူမ ဂျက်စမင်ကို ကြည့်လိုက်ချိန်တွင် အလွန်အဆင်ပြေနေသည့်ပုံပေါက်သည်။သူမက ယခင်ထက်ပင် ပို၍ တောက်ပနေသေးသည်။အဝတ်အစားများကို ကြည့်လိုက်လျှင် ယခင်က ဝတ်နေကြ ဝတ်စုံအဟောင်းများ မဟုတ်တော့ပေ။

ဂျက်စမင်က မဒမ်ဂျိုနာ၏ အကန့်အသတ်ဖြင့် ထုတ်ထားသော ဝတ်စုံကို ဝတ်ထားသည်။ထို့အပြင် ပုလဲနားကပ်များ၊နီလာလည်ဆွဲနှင့် ပတ္တမြားလက်စွပ်တို့ကို ဆင်မြန်းထားသေးသည်။

မဖြစ်နိုင်တာပဲ။

ဒါတွေအားလုံးက မြို့စားကြီးကတော် အိုဖီလီယာ ဆင်ပေးထားတာလား။

ကောင့်မြို့စားကတော်ကာဒယ်လ်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။

"အခု မတိုင်ခင်အထိ မဒမ်က ဒီလောက်သဘောကောင်းမှန်း ကျွန်မ မသိခဲ့ရဘူး။ကျွန်မ နေ့တိုင်း ကောင်းကောင်းမွန်မွန် နေနိုင်ပြီမို့လို့ သူမကို ကျေးဇူးတင်နေရပါတယ်။"

ဘုရားရေ

မြို့စားကြီးကတော်က ဂျက်စမက်အတွက် အရာရာ လုပ်ပေးခဲ့သည့် ပုံပေါ်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။သူမမှာ ထိုသို့ တုံ့ပြန်ရုံက လွဲ၍ ဘာမှ မတတ်သာသော အခြေအနေဖြစ်နေသည်။

"ဒါနဲ့ ဒီမိန်းကလေးအတွက် ဝတ်စုံတွေ သွားဝယ်ပေးရင်း ကျွန်မရဲ့ မျက်စိထဲကို ရုတ်တရက် ဝင်လာတဲ့ တစ်စုံတစ်ရာ ရှိခဲ့တယ်။"

အိုဖီလီယာက ထိုသို့ ပြောရင်း ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ကျွန်မ အဲ့ဒါကို မြင်တော့ ရှင့်ကို သတိရမိတယ်။ဒါလေးက ရှင်နဲ့ဆို အရမ်းလိုက်ဖက်မယ် ဆိုပြီးလေ။"

ဂျက်စမင်က ရင်ထိုးထည့်ထားသော ဘူးကို ထုတ်ပေးလာသည်။သူမက ဘူးကို စားပွဲပေါ် တင်လိုက်ပြီး ကောင့်မြို့စားကတော်ကာဒယ်လ်ရှိရာဘက်သို့ တွန်းပို့ပေးသည်။

"အရင်တစ်ခါက ကျွန်မ ပန်းချီကားကို ယူသွားပြီး တန်ဖိုးအပြည့် မပေးခဲ့ဘူး။ဒါက တန်ဖိုးတစ်ခုရှိတာကြောင့် ဒါကို လက်ခံပေးပါ။"

ကောင့်မြို့စားကတော်ကာဒယ်လ်သည် သူမ ကြားနေရသည်ကို သဘောမပေါက်ပေ။ပထမဆုံး သူမ ဘူးကို ဖွင့်ကြည့်သင့်သည်ဟု တွေးမိသည်။

"မဒမ်!"

ဘူးကို ဖွင့်ကြည့်လိုက်သည်နှင့် ကောင့်မြို့စားကတော်က ထအော်လေသည်။သူမ ဤရင်ထိုးကို အမှန်တကယ် လိုချင်နေသောကြောင့် နေ့တိုင်း လှည့်ပတ် ရှာဖွေနေခဲ့ရသည်။

"ရှင် ...ရှင် ဒီလိုတန်ဖိုးရှိတဲ့အရာကို ကျွန်မဆီ ပေးမလို့လား။"

သူမ အခု မငြင်းတော့လောက်ဟု အိုဖီလီယာ တွေးမိသည်။ကောင့်မြို့စားကတော်ကာဒယ်လ်၏ မျက်လုံးများက အလွန်တောက်ပနေလေ၏။

အိုဖီလီယာ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်၊ဒီရင်ထိုးက ရှင့်အတွက်ပါ။"

"ဘုရားရေ!"

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ ပါးစပ်ကို အုပ်ထားမိလိုက်သည်။ထို့နောက် သူမက 'အာ'ဟု ရေရွတ်ပြီး မျက်လုံးများ တုန်လှုပ်နေသည်။

"ရှင်က ကျွန်မကို ဒါ ပေးပြီးတော့ ကျွန်မဆီက တခြားတစ်ခု ပြန်ယူမလို့ စဥ်းစားထားတယ် ဆိုရင်..."

"အဲ့လိုမျိုး မဟုတ်ပါဘူး၊ဒါက လက်ဆောင်ပါ။"

"လ...လက်ဆောင်!"

ကောင့်မြို့စားကတော်က မျက်လုံးများကို လှိမ့်လိုက်မိသည်။အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် လက်ဆောင်တစ်ခု လက်ခံမိပါက ထိုလက်ဆောင်အတွက် တစ်ခုခု ပြန်ပေးရတတ်သည်။

အိုဖီလီယာ ရိုင်ဇန်က သူမဆီ ဒီရင်ထိုးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ပေးလိမ့်မည် မဟုတ်ပေ။

ရှင် ဘာတွေ လုပ်မလို့လဲ။

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ အိုဖီလီယာ ထပ်ပြောလာမည့် စကားများကို စောင့်ဆိုင်းနေမိသည်။

"ဒါက အနာဂတ်မှာ ကျွန်မတို့ ခင်မင်ရင်းနှီးလာနိုင်ဖို့အတွက် လက်ဆောင်တစ်ခုပါ။"

"..."

"ရှင်က ပါးနပ်တဲ့သူဆိုတော့ ကျွန်မ ဆိုလိုချင်တာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။"

ဂလု

ကောင့်မြို့စားကတော်ကာဒယ်လ် တံတွေးမြိုချလိုက်မိသည်။အစက အိုဖီလီယာ သူမကို ရိုက်နှက်မည် ဆိုလျှင်ပင် ဤပစ္စည်းကို လက်မခံနိုင်ဟု သူမ ပြောမည် လုပ်ထားခဲ့သည်။

သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည်ကို အခြေခံ၍ ဂျက်စမင်၏ ထည်ဝါသားနားသော အသွင်အပြင်ကို ကြည့်လိုက်မိလျှင် အိုဖီလီယာက တစ်စုံတစ်ရာအတွက် သူမ၏ စိတ်သဘောထားကို ပြင်ဆင်နေပုံ ရလေသည်။ထိုအဓိပ္ပါယ်က လူထုအသိုင်းအဝိုင်းတွင် လွှမ်းမိုးမှု ကြီးကြီးမားမား ရှိနိုင်သည်ဟု ဆိုလိုနေ၏။

ယခုလိုအချိန်တွင် သူမ မည်သို့ ပြုမူသင့်သနည်း။

ငါ့ခင်ပွန်းကလဲ မြို့စားကြီးနဲ့ တအား ရင်းနှီးတာ။

ထို့ကြောင့် သူမသည်လည်း မြို့စားကြီးကတော်နှင့် ရင်းနှီးရန် လိုသည်။အတိတ်တွင် သူမက အလွန်ကြောက်နေသဖြင့် မြို့စားကြီးကတော်နှင့် မနီးကပ်ရဲပေ။သို့သော် ယခုတွင် ဖြစ်နိုင်ချေ ရှိလာခဲ့သည်။

ထို့အပြင် အိုဖီလီယာက ဤသို့ ပြောင်းလဲသွားပြီ ဖြစ်လေရာ

"မဒမ်"

ကောင့်မြို့စားကတော်ကာဒယ်လ်က တောက်ပသော မျက်လုံးများဖြင့် ပြောသည်။

"ရှင် ဒီနေ့ လုပ်ခဲ့တာတွေကို လူထုကြီး သိသွားအောင် ကျွန်မ ပြသပေးပါမယ်။"

ထို့ကြောင့် သူမ၏ လုပ်နိုင်စွမ်းကို အပြည့်အဝ ထုတ်ပြရမည်။

"ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပါ။"

အိုဖီလီယာနှင့် ဂျက်စမင်မှာ မျက်လုံးချင်း ဆုံလိုက်ကြသည်။

ပြီးနောက် ပြုံးလိုက်ကြ၏။

သူမတို့၏ အစီအစဥ်က အောင်မြင်သွားခဲ့သည်။


TK Team
++++++++