Chapter 128
Viewers 49k

💘Chapter 128 

ဆက်လက်ပြောင်းပြန်လှန်ခြင်း



တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ ငြိမ်သက်သွားပြီးနောက် မကြာမီတွင် ကြည့်ရှုသူများ၏မျက်စိရှေ့တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။


[ငါ့ရဲ့အသက်ရှင်ချင်စိတ်ကိုတောက်လောင်စေခဲ့တဲ့ မင်းကို သံသယဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်]


ဤမက်ဆေ့ချ်က ပွဲကြည့်ပရိသတ်များ၏နှလုံးသားထဲက သံကြိုးများကို သော့ဖွင့်​​ပေးလိုက်ပုံရသည်။ တောင်းပန်စာများ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဖန်သားပြင်ပေါ်တွင် ပြည့်လျှံနေသည်။"အလင်းရောင်"ကို ဖန်တီးသူက ဤစာများကို မြင်နိုင်၏မ​မြင်နိုင်၏ကို သူတို့ မသိခဲ့ကြသလို သူတို့၏ အပြစ်ရှိစိတ်ကို ရိပ်စားမိပါ့မလားဆိုသည်ကိုလည်း မသိခဲ့ကြပေ။ ဤတောင်းပန်မှုက သူတို့၏နောင်တရမှုကို ဖော်ပြသည့်နည်းလမ်းမျှသာဖြစ်သည်။


လူအများအပြားက တိုက်ရိုက်ထုတ်လွှင့်သည့် စာမျက်နှာမှပင် ထွက်ကာ အိပ်မက်ဖလား၏ တရားဝင် Weibo အကောင့်သို့ သွား၍ တောင်းပန်ကြသည်။ လူတစ်ဦးမှဤသို့ရေးသားခဲ့သည်–


[ငါ 'အလင်းရောင်' ပန်းချီကားကို ကိုယ်တိုင်ကိုယ်ကျမြင်ဖူးပါတယ်... ပထမဆုံးအကြိမ်မြင်ရတုန်းက ခံစားရတဲ့ခံစားချက်တွေကို ဖော်ပြလို့တောင်မရပါဘူး...ဒါပေမဲ့ အဲဒီအခိုက်အတန့်ကတည်းက ဒီပန်းချီကားရဲ့ နက်နက်ရှိုင်းရှိုင်း ညှိ့ယူဖမ်းစားမှုကို ခံလိုက်ရတယ်ဆိုတာကို ငါသိလိုက်တယ်...ဘဝ၊ ခံနိုင်ရည်နဲ့ ဆန္ဒ​တွေအကြောင်း သင်ပေးခဲ့တဲ့အတွက် တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီပန်းချီကားကို ​မြတ်နိုးမိသွားတယ်...ဒါပေမဲ့ ကောလဟာလတွေ ပေါ်လာချိန်မှာ ငါ သံသယဝင်မိခဲ့တယ်...ဒီလောက် သူမတူအောင် ထူးခြားတဲ့အရာတစ်ခုက ဘယ်လိုလုပ်ကူးချထားတာဖြစ်မှာလဲ... ငါဘာလို့ သံသယဝင်မိခဲ့တာလဲ... အိပ်မက်ဖလားပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၊ ပြီးပြည့်စုံတဲ့လက်ရာဖြစ်တဲ့ 'အလင်းရောင်' နဲ့ပြီးတော့ အထူးသဖြင့် 'အလင်းရောင်' ကို ဖန်တီးခဲ့တဲ့ ကြီးမြတ်တဲ့ပန်းချီပညာရှင်ကို ဒီနေရာကနေ ငါတောင်းပန်ချင်ပါတယ်...တောင်းပန်ပါတယ်]


တောင်းပန်သည့် မှတ်ချက်များ များလာသည်နှင့်အမျှ လူများက လိုက်ပြီး တောင်းပန်သည်များ ပိုများလာခဲ့သည်။


အမှန်တွင် အင်တာနက်သုံးစွဲသူတော်တော်များများသည် စိတ်ရင်းခံကမဆိုးကြပါချေ။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် အခြားသူများ၏လွှမ်းမိုးမှုကို အလွယ်တကူခံရပြီး စိတ်ခံစားချက်အပေါ်အခြေခံ၍ ဆုံးဖြတ်ချက်များချကြသည်။သူတို့သည် အခြားသူများလက်ထဲက လက်နက်ကိရိယာများဖြစ်လာပြီး အလွယ်တကူကိုင်ဆောင်သုံးစွဲ၍ရသော ထက်မြသောလက်နက်များဖြစ်သည်။


သို့သော် ဤလူများသည် သူ တို့၏အမှားများကို သိရှိပြီးသည်နှင့် သူတို့သည် သူတို့၏ မှားယွင်းသောနည်းလမ်းများကို ခေါင်းမာမာဖြင့် ဖက်တွယ်မ​နေ​ကြ​ပေ။ထိုအစား၊သူတို့သည် မှားယွင်းသော အချက်အလက်များကို မရည်ရွယ်ဘဲအားပေးထောက်ခံမိသည့်အတွက် အပြစ်ရှိသလို ခံစားရပြီး တောင်းပန်ရန် ရွေးချယ်မည်ဖြစ်သည်။


အိပ်မက်ဖလား၏တရားဝင် Weibo အကောင့်မှ ဤဖြစ်စဉ်ကို သတိပြုမိပြီး မှတ်ချက်များထဲမှတစ်ခုကို ပြန်လည်ဖြေကြားခဲ့သည်–[တိုးတက်မှုဆိုသည်က မေးခွန်းထုတ်ခြင်းမှ ထွက်ပေါ်လာသည့်အတွက် အိပ်မက်ဖလားက လူမှုအလွှာပေါင်းစုံက ကြီးကြပ်မှုကို ကြိုဆိုပါသည်။ကျွန်ုပ်တို့၏မူများကို လိုက်နာပါမည်၊ သို့မှသာ အနုပညာအိပ်မက်ကို အကောင်အထည်ဖော်​​နေသူတိုင်း တစ်နေ့မှာ ၎င်းတို့၏ဆန္ဒများကို  အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။]


ဤWeibo ပို့စ်တင်ခြင်း၏ အကျိုးဆက်များ မည်သို့ပင်ရှိစေကာမူ အခပေးရေတပ်များနှင့် မားကတ်တင်းအကောင့်များသည် အပြတ်အသတ် တစ်ဖက်သတ်ဖြစ်​နေသည့် အခြေအနေကို မြင်နေရသည်။သူတို့သည် အထိပ်ထိပ်အပျာပျာဖြင့် ကီးဘုတ်များပေါ်တွင် အလောသုံးဆယ် စာရိုက်ကာ အခြေအနေကို ကိုင်တွယ်နေကြသည်။သို့သော် ထိုအချိန်တွင် သူတို့၏ တံခါးများ ခေါက်ခြင်းခံလိုက်ရသည်။


တံခါးသွားဖွင့်သည့်အခါ ယူနီဖောင်းဝတ် ရဲအရာရှိများက သူတို့ကိုလက်ထိပ်ခတ်လိုက်​ကြသည်။ ကောလာဟလနှင့် သတင်းမှားများ ဖြန့်ဝေမှုတို့က သူတို့က ရဲစခန်းတွင် ရက်အနည်းငယ်ကြာ ထိန်းသိမ်းထားရန် လုံလောက်​လေသည်။


မားကတ်တင်းအကောင့်များနှင့် ဇာတ်ကြောင်းကို ကြိုးကိုင်နေသည့် ရေတပ်များမရှိခြင်းကြောင့် အိပ်မက်ဖလား သတင်းစာ ရှင်းလင်းပွဲသည် တစ်ဝက်မျှသာ ကျင်းပရသေးသော်လည်း အွန်လိုင်းတွင် အပြတ်အသတ်တစ်ဖက်သတ် မြင်ကွင်းဖြစ်ပေါ်နေပြီဖြစ်သည်။"အလင်းရောင်"က ခိုးကူးလက်ရာဟု မည်သူမျှ မစွပ်စွဲကြတော့ပေ။


ဤအချိန်တွင် အိပ်မက်ဖလားသတင်းစာရှင်းလင်းပွဲက ဆက်လက်ကျင်းပ​နေခဲ့သည်။ဝမ်ဝေ့ရှန့်က သက်သေအားလုံးကို တင်ပြပြီး သူက ခိုးကူးသူဖြစ်ကြောင်း သက်သေပြနေချိန်တွင် ပရိသတ်ထဲရှိ သတင်းထောက်အချို့၏တုံ့ပြန်မှုမှာနှေးကွေးနေကြဆဲဖြစ်သည်။


ပြောင်းပြန်ကြီးဟ... အလှည့်အပြောင်းက မြန်လွန်းပြီး ဇာတ်ကြောင်းကို ရှေ့တက်ပြောင်းပြန်လှန်သူကလည်း ကာယကံရှင်ကိုယ်တိုင်ဖြစ်သည်။တုံ့ပြန်မှုမြန်သော သတင်းထောက်က မိုက်ကို မြှောက်ပြီး ဝမ်ဝေ့ရှန့်ကိုမေးလိုက်သည်။


"ဝေ့ချန်က မင်းခိုးကူးခဲ့တာကို သိပြီးသားဆိုရင် ပြိုင်ပွဲကနေ ဘာလို့ နုတ်မထွက်ခဲ့တာလဲ...နုတ်ထွက်လိုက်မယ်ဆိုရင် သည်ကနေ့မှာ ဒီလောက်ကြီးတဲ့ နားလည်မှုလွဲမှားမှုမျိုး ဖြစ်လာမည်မဟုတ်ဘူးလေ"

သတင်းထောက်၏မေးခွန်းက ချက်ကောင်းကို ထိမှန်သွားသည်။


"​လောဘဇောကြောင့်"

ဝမ်ဝေ့ရှန့်က ပြန်ဖြေသည်။ 


"ကျွန်တော်က 'အလင်းရောင်' ရဲ့ အနှစ်သာရကို နားမလည်ပေမဲ့ 'အလင်း' ရဲ့ နောက်ကွယ်က အယူအဆက အရမ်းကောင်းလွန်းလို့ အဲဒါကို လုံးလုံးနားမလည်ဘဲနဲ့တောင် ဒေသတွင်းပြိုင်ပွဲရဲ့ ဖိုင်နယ်အထိ ရောက်နိုင်ခဲ့တယ်... ဖိုင်နယ်ကိုရောက်ပြီးတာနဲ့ ငွေသားဆုပမာဏကြီးကြီးမားမားနဲ့ ပြပွဲအတွက် အခွင့်အရေးတစ်ခု ရလာမှာလေ... ဒါကြောင့် ​လောဘနောက်ကိုလိုက်ပြီး ဆက်​ပြိုင်မိခဲ့တာ"


သတင်းထောက်က ဆက်လက်မေးမြန်းသည်။

"ဝေ့ချန်မှာ သက်သေရှိနေပြီဆိုတာ သိပြီးကတည်းက မင်းကိုညွှန်ကြားသူကို ဘာလို့ အကြောင်းမကြားတာလဲ...ဘာလို့ ရှေ့ဆက်တိုးတာလဲ"


ဝမ်ဝေ့ရှန့်က မိမိကိုယ်ကို လှောင်ပြောင်သော အပြုံး ပြုံးကာဆိုလေသည်။ 

"ဒါတွေအားလုံးက ပိုက်ဆံကြောင့်ပဲလေ... မဟုတ်ရင် ကျွန်တော့်ကို ညွှန်ကြားတဲ့သူရဲ့လက်ထဲမှာ အဲဒီအသံဖိုင်ရဲ့ အငြင်းပွားစရာအပိုင်းကို ကိုင်ထားနိုင်ပါ့မလား"


သတင်းထောက်က ဝမ်ဝေ့ရှန့်ဆိုလိုသည်ကို နားလည်ပြီး ပြောလိုက်၏။

"ကောင်းပြီ ငါနားလည်ပြီ...မင်းရဲ့အဖြေတွေအတွက် ကျေးဇူးတင်ပါတယ်"


ထိုသို့ဖြင့် အမှန်တရားက ပေါ်ထွက်လာသည်။


"အလင်းရောင်" ၏ ပန်းချီဆရာက ကူးမချခဲ့သလို ဝေ့ချန်ကလည်း ဝမ်ဝေ့ရှန့်ကို မခြိမ်းခြောက်ခဲ့ပေ။ထိုအစား၊ သူက ဝမ်ဝေ့ရှန့်ကို ရပ်တန့်ရန် အကြံပေးခဲ့သည်။ သို့သော်လည်း လောဘကြောင့် ဝမ်ဝေ့ရှန့်က မရပ်တန့်ဘဲ အသံဖိုင်၏ အငြင်းပွားဖွယ်ရာ အပိုင်းကို ညွှန်ကြားသူထံပင် ပေးပို့ခဲ့သည်။


ဤအဖြစ်အပျက်များက မုန်တိုင်းတစ်ခုလုံးကို ဖြစ်ပေါ်စေခဲ့သည်။


"အလင်းရောင်"၏ ပန်းချီဆရာနှင့် ဝေချန်တို့က အပြစ်ကင်းသည်။ သူတို့သည် အခြားသူများ၏ကြိုးကိုင် ခြယ်လှယ်ခြင်းကို ခံရရုံသာဖြစ်သည်။


"လူ​ကြီးမင်းကျောက် ဒီမုန်တိုင်းရဲ့နောက်ကွယ်ကလူကို ထုတ်​ဖော်ပေးလို့ရမလား"

သတင်းထောက်တစ်ယောက်က မေးသည်။


ကျောက်လီယိုက ပြန်ဖြေသည်။ "သတင်းစာရှင်းလင်းပွဲပြီးရင် ဒီအထောက်အထားတွေကို ရဲတွေဆီ လွှဲပေးမှာဖြစ်ပြီး ဘယ်သူက ဘယ်သူလဲဆိုတာကို သူတို့ သိနိုင်မှာ ဖြစ်ပါတယ်...လူ​ကြီးမင်းတို့ရဲ့စိုးရိမ်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"


ဆိုလိုသည်မှာ ကြိုးကိုင်သူအား လူသိရှင်ကြားထုတ်ဖော်မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။


"လူ​ကြီးမင်းကျူးကော 'အလင်းရောင်' ကို ဖန်တီးသူက ခင်ဗျားရဲ့ ကျောင်းသားဆိုတော့ ခင်ဗျားရဲ့သူ့အပေါ် အကဲဖြတ်ချက်ကို မျှဝေပေးနိုင်မလား"


သတင်းစာရှင်းလင်းပွဲက မပြီးသေးပါချေ။ယခု အမှန်တရား ထွက်ပေါ်လာပြီဖြစ်၍ သတင်းထောက်များက ပန်းချီလောကထဲက ထွန်းသစ်စ ကြယ်ပွင့်အကြောင်း သိချင်နေကြသည်။မဟုတ်သေး၊ထွန်းသစ်စကြယ်ပွင့်ထက် တောက်ပနေသောကြယ်ပွင့်ဟုဆိုရပေမည်။


"အလင်းရောင်" ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုက လူတိုင်းအတွက် သိသာထင်ရှား​လေသည်။ အကြီးတန်းပန်းချီပညာရှင် ကျူးကောယွီမှာ အလားအလာရှိသော တပည့်တစ်ဦးရှိပြီး ကျူးကောယွီ၏ လမ်းညွှန်မှုဖြင့်ဆိုလျှင် ဤကြယ်ပွင့်က လောကတခွင် ပို၍ပင်တောက်ပနေမည်မှာ သေချာ​ပေသည်။


ချန်လီအတွက် ကျူးကောယွီ၏ ချီးကျူးမှုများက အမြဲရက်ရောခဲ့သည်။

"ငါ့ကျောင်းသားက အရမ်းတော်တယ်...သူက ပန်းချီဆွဲဖို့ မွေးဖွားလာသူပဲ"


ဤမြင့်မားသောချီးမွမ်းစကားက ကျူး​ကောယွီ၏ သူ့ကျောင်းသားအပေါ် ကျေနပ်မှုကို ထင်ဟပ်စေသည်။သူ လုံးလုံးလျားချား ကျေနပ်အားရမှုမရှိလျှင် သူ့ကျောင်းသားကို မဲမပေးဖို့ရာ တုံ့ဆိုင်းနေမှာမဟုတ်ပေ။


သတင်းထောက်များက ၎င်းတို့၏ အဖြေများကို ရရှိပြီးနောက် စင်မြင့်ပေါ်ရှိ အထင်ကရ ပုဂ္ဂိုလ် ဆေးလ်ဗတ်စတာဘက်ကို အကြည့်ပို့ကာ လူတိုင်း သိချင်​နေသည့် မေးခွန်းကို မေးလိုက်သည်။

"မစ္စတာဆေးလ်ဗတ်စ်တာအနေနဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ဘာကြောင့် တက်​ရောက်တာပါလဲ" သတင်းထောက်၏အင်္ဂလိပ်စကားမှာ သွက်လက်ပြီး သူ့လေသံက လေးစားစရာကောင်းသည်။


ဆေးလ်ဗတ်စ်တာက စင်မြင့်ပေါ်တက်ချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို ဤမေးခွန်းမေးမည်ဆိုသည်ကို သိထား​သောကြောင့် သူပြောရန် စကားလုံးများကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။

"ဒါပေါ့...ငါ့ကျောင်းသားအတွက်ပေါ့... သူ အနိုင်ကျင့်ခံနေရတာလေ... သူ့အတွက် ငါ ရပ်တည်​ပေးချင်တယ်...ငါက သူ့အတွက် အများကြီး မစွမ်းဆောင်နိုင်ခဲ့ရင်တောင် သူ့ဆရာက သူ့ကို ယုံကြည်ပြီး ပံ့ပိုးပေးတယ်ဆိုတာ ကို သိစေချင်တယ်"


"အလင်းရောင်" ကိုဖန်တီးသူက ကျူးကောယွီ၏တပည့်ဖြစ်နေသည်က လူတိုင်းအတွက် အံ့သြစရာမဟုတ်သော်လည်း ​မော်ဒန်စိတ္တဇပန်းချီ၏ဖခင်ကြီး ဆေးလ်ဗတ်စ်တာကပါ မည်သို့မည်ပုံသူ၏ဆရာဖြစ်​​နေသည်ကို သိချင်နေကြသည်။


သို့သော် ဆင်ခြင်သုံးသပ်ကြည့်သောအခါတွင် ပုံမှန်ဖြစ်သည်ကို သူတို့တွေ့ရသည်။ သူတို့လို ဆရာနှစ်ယောက်ရှိနေမှတော့ "အလင်းရောင်"ကိုဖန်တီးသူက ယခုလိုပန်းချီကားမျိုးကိုဖန်တီးနိုင်သည်မှာ မဆန်းတော့ပေ။ထို့အပြင် ဤဆရာနှစ်ဦးရှိနေမှတော့ "အလင်းရောင်"ကိုဖန်တီးသူက သူများလက်ရာကို အားကိုးရန် အမှန်တကယ်လိုအပ်ပါ၏လော။


ဆေးလ်ဗတ်စ်တာက ချန်လီ၏ဆရာဖြစ်ကြောင်းပြောသည်ကိုကြားသောအခါ ကျူးကောယွီက ဆေးလ်ဗတ်စ်တာကို ပြင်းထန်စွာ စိုက်ကြည့်ပြီး အသံနိမ့်ကာ ကျိတ်ပြောလိုက်သည်။ "မင်းအရှက်မရှိဘူးလား...ရှောင်လီက ဘယ်တုန်းက မင်းရဲ့ကျောင်းသားဖြစ်သွားတာလဲ"


ဆေးလ်ဗတ်စ်တာက ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ငါ သူ့ကို သင်ပေးတုန်းက သူက ငါ့ရဲ့ ကျောင်းသားဖြစ်သွားတာ"


ကျူးကောယွီက ဆေးလ်ဗတ်စ်တာကို မျက်နှာလွှဲလိုက်ပြီး ထိုကိစ္စကို ဆက်မပြောတော့ပေ။ဆေးလ်ဗတ်စ်တာ၏ ပံ့ပိုးမှုဖြင့် ချန်လီ၏ပန်းချီလမ်းကြောင်းက ပို၍ပင်ချောမွေ့လာမှာဖြစ်ပြီး သူ၎င်းကို ငြင်းဆန်ရန် မလိုအပ်ပေ။


ကျူးကောယွီက ဆိတ်ဆိတ်​နေခြင်းဖြင့် သဘောတူလိုက်ကြောင်း ဆေးလ်ဗတ်စ်တာက သိသောကြောင့် သူစိတ်ကောင်းဝင်နေခဲ့သည်။ချန်လီပြန်လာသောအခါတွင်၊သူ့တပည့်ဖြစ်လာအောင် ဆွဲဆောင်နိုင်မှာသေချာသည်။ထိုသို့သော ကျောင်းသားကို သင်ကြားပေးရခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်။


ဆယ်မိနစ်ခန့်ကြာပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားသည်။


သခင်းထောက်များက ပစ္စည်းများသိမ်းဆည်းပြီး ထွက်သွားသည်။ သူတို့ဆီတွင် ယနေ့အတွက် သူတို့၏ ဇာတ်လမ်းများ ရှိ​နေပြီဖြစ်ပြီး အမှန်တရားကို အသေးစိတ် မှတ်တမ်းတင်ထားသောကြောင့် "အလင်းရောင်"က ပြောင်မြောက်သောလက်ရာတစ်ခုဖြစ်ပြီး ကူးချထားမှုမပါဝင်ကြောင်း အမှောင်ထဲတွင် ရှိနေသူများကို သိစေမည်ဖြစ်သည်။


"ဟေး မင်းစာမူကျနေတယ်"

သတင်း​ထောက်တစ်ယောက်က လုရှို့ရန် လာဘ်ထိုးခဲ့သော သတင်းထောက်ကိုလှမ်းခေါ်လိုက်သည်။


သို့သော် ထိုသတင်းထောက်က ခေါ်သံကို လျစ်လျူရှုပြီး ကင်မရာမင်းနှင့်အတူ ဝမ်းနည်းညှိုးငယ်စွာ ထွက်ခွာသွားခဲ့သည်။ယခင်က တထောင်ထောင်နှင့်ရန်လိုနေခဲ့ပေမဲ့ ယခုအချိန်မှာ သူ့ပုံစံကအတော်လေးသနားစရာကောင်းနေ၏။


စာမူကို​ကောက်တွေ့သော သတင်းထောက်က ခေါင်းတခါခါနှင့် ထေ့ငေါ့ကာ ရယ်မောလိုက်သည်။

"အရှုံးသမားပဲ"


သတင်းစာရှင်းလင်းပွဲပြီးဆုံးခါနီးတွင် ချန်ဖုန်းအုပ်စု၏တရားဝင် Weibo အကောင့်မှ ကောလာဟလများဖြန့်ကာ ဝေ့ချန်ကို အပုပ်ချသူများကို တရားစွဲဆိုခဲ့သည်။ ကြေညာချက်တွင် ၎င်းတို့သည် ဤလူများ၏ အကောင့်များကို ဖော်ပြထားခဲ့သည်။


ဤကြေညာချက်တွင် ရှေ့နေစာပူးတွဲပါရှိပြီး ချန်ဖုန်းအုပ်စုက ကောလာဟလဖြန့်သူများကို တရားဆွဲဆိုပြီးပြီဖြစ်ကာ ရှေ့နေတစ်ဦးနှင့်စေ့စပ်ညှိနှိုင်းထားပြီး အချိန်မရွေး တရားဥပဒေအရ အရေးယူရန် အဆင်သင့်ဖြစ်​နေကြောင်း ဖော်ပြထားသည်။


တရားလိုက ဝေ့ချန်မဟုတ်ဘဲ ချန်ဖုန်းအုပ်စုဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သတိပြုမိကြသည်။ တစ်နည်းဆိုရသော်၊ရှေ့​နေပေးစာက ချန်ဖုန်းအုပ်စု၏နာမည်နှင့်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကုမ္ပဏီက ဝေ့ချန်ကို အပြည့်အဝယုံကြည်ပြီး ကောလာဟလလုပ်ရပ်များတွင် သူပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြသ​နေသည်။သူတို့က သူ့အတွက် ရပ်တည်​ပေးလိုစိတ်ရှိခဲ့ကြသည်။


ချန်ဖုန်းအုပ်စု၏ထုတ်ပြန်ချက်အပြီးတွင် Qစီးပွား​ရေးတက္ကသိုလ်မှလည်း ၎င်းတို့၏ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။


Qစီးပွား​ရေးတက္ကသိုလ်၏တရားဝင် Weiboက ဝေ့ချန်၏တက္ကသိုလ်နေ့ရက်များအတွင်း အောင်မြင်မှုများ၊ လှုပ်ရှားမှုများ၊ ပြိုင်ပွဲများနှင့် ဆုများကိုဖော်ပြကာ  ပွင့်ပွင့်လင်းလင်း တိုက်ရိုက်မေးမြန်းထားသည်။

"ဒီလိုမျိုး စာနဲ့လှုပ်ရှားမှုတွေနဲ့လုံးပန်းနေရချိန်မှာ ကောလာဟလတွေထဲမှာ ပြောထားသလိုလုပ်ဖို့ ဘယ်မှာ အချိန်ရမှာလဲ"


Qစီးပွားရေးတက္ကသိုလ်က ၎င်းကိုပြန်လည်မျှဝေပြီး မှတ်ချက်ပေးခဲ့သည်–

"ဝေ့ချန်က ပြည်တွင်းမှာဆက်နေဖို့ နာမည်ကြီး နိုင်ငံခြားတက္ကသိုလ်တွေကနေ ပညာသင်ဆုအပြည့်အ၀ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ဘွဲ့ရတစ်ယောက်ပါ...သူက အရမ်း​တော်တဲ့ Qတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဂုဏ်​​ဆောင်လည်းဖြစ်ပါတယ်"


ပေကျင်း ယာဥ်ထိန်းရဲ၏တရားဝင် Weibo အကောင့်ကပင် ၎င်းကို ပြန်လည်မျှ​ဝေခဲ့သည်– 

"ဒီယာဉ်ထိန်းရဲအရာရှိတောင်မှ ဝေ့ချန်ရဲ့ အရက်မူးပြီး ကားမောင်းပြီး လူတိုက်ထွက်ပြေးတဲ့ အဖြစ်အပျက်ကို မသိခဲ့ဘူး... မင်းဘယ်လိုသိလိုက်တာလဲ"


အခြားသော အဓိကကုမ္ပဏီကြီးများ၏ တရားဝင် Weibo အကောင့်အများအပြားသည် Qတက္ကသိုလ်၏ ပို့စ်ကို အလားတူမှတ်ချက်များဖြင့် ပြန်လည်မျှ​ဝေခဲ့သည်–

"ကျွန်​တော်တို့ကုမ္ပဏီရဲ့ CEO က ဝေ့ချန်က ထူးချွန်တဲ့သူတစ်ယောက်လို့ ပြောပါတယ်... ဒီထူးချွန်မှုက သူ့ရဲ့ အရည်အချင်းတွေတင်သာမကဘဲ သူ့ရဲ့ စရိုက်လက္ခဏာမှာပါရှိတာပါ"


ယုံကြည်ရသော တရားဝင်အကောင့်များက  ဝေ့ချန်နှင့် ပတ်သက်သော ကောလာဟလများကို ဖယ်ရှားရန် တစ်ခုပြီးတစ်ခု ရောက်လာ​သောကြောင့် ပွဲကြည့်နေသူများ အံ့အားသင့်သွားခဲ့ကြသည်။


ညနေပိုင်းမှာတော့ လူထုနေ့စဥ်၏ တရားဝင် Weibo အကောင့်မှာ Weibo မှာ ကောလာဟလများဖြန့်ပြီး ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည့် လူအများအပြားကို ပေကျင်းရဲများက ဖမ်းဆီးခဲ့သည်ဟူသော သတင်းကိုတင်လိုက်လေသည်။


<< >>


💘