💘Chapter 125
သတင်းစာရှင်းလင်းပွဲကျင်းပခြင်း
လုရှို့ရန် တစ်ညလုံးမအိပ်ဘဲနေခဲ့သည်။ တစ်ညလုံးလုံး ကွန်ပြူတာစခရင်ကို စိုက်ကြည့်နေခဲ့ပြီး လုံးဝအိပ်ချင်စိတ်မရှိခဲ့ပေ။တစ်ချိန်က တဟုန်ထိုး တစ်ဖက်သတ် အမြင်များက တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ ဝေဖန်သည့် မှတ်ချက်များ ထွက်ပေါ်လာသည်ကို သူ စောင့်ကြည့်ခဲ့သည်။ အများပြည်သူ၏သဘောထားက ပုံပေါ်လာသည်နှင့်အမျှ သူ ပိုပို၍ စိတ်လှုပ်ရှားလာလေသည်။
ကွန်ပြူတာစခရင်ကို စိုက်ကြည့်ရင်း သူရထားခဲ့သော အခပေးရေတပ်နှင့် မားကတ်တင်းအကောင့်များမှတဆင့် ရံဖန်ရံခါတွင် အရည်ရွှမ်းသော အချက်အလက်အချို့ကို ထုတ်ပြန်ရန် မမေ့ခဲ့ပေ။ သူက ချန်လီကို စိတ်ပျက်အားငယ်စရာအခြေအနေတစ်ခုသို့ တွန်းပို့လိုပြီး ထိုစိတ်လှုပ်ရှားမှုက သူ့ကို ကွန်ပြူတာရှေ့ တစ်ညလုံး ထိုင်နေစေခဲ့သည်။ မနက်ခင်းရောက်သည့်တိုင် လုရှို့ရန် သူ့ထိုင်ခုံကနေ ထသွားမည့် ရည်ရွယ်ချက်ရှိပုံမရပေ။
ယခုဆိုလျှင်၊ချန်လီ၏ "အလင်းရောင်" ပန်းချီကား အိပ်မက်ဖလားဖိုင်နယ် ပြပွဲ၏ အလယ်ဗဟိုမှ ဖြုတ်ချခံရမည်ကိုပင် သူ စိတ်ကူးကြည့်နိုင်နေပြီဖြစ်သည်။ယနေ့အဖြစ်အပျက်များကြောင့် ချန်လီ၏ နာမည်ဂုဏ်သတင်းမှာ စွန်းထင်းသွားခဲ့ပြီဖြစ်၍ ယခုအချိန်မှစ၍ သူသည် ပြစ်တင်ရှုံ့ချခြင်းအမျိုးမျိုးကို ရင်ဆိုင်ရမည်ဖြစ်ပြီး သူတို့အသိုင်းအဝိုင်းတွင် သူ၏နာမည်ကို ဘယ်တော့မှ ပြန်လည်အဖတ်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် လုရှို့ရန်၏ဖုန်းမြည်လာသည်။လုရှို့ရန်၏ဝမ်းကွဲ ချန်ချင်းထံမှ ဖုန်းဖြစ်သည်။လုရှို့ရန်က ဖုန်းကိုင်လိုက်သည်။
"ဝမ်းကွဲအစ်ကို ဘာကိစ္စရှိလို့လဲ"
အမှန်တွင် လုရှို့ရန်နှင့်ချန်ချင်းတို့က ဆွေမျိုးတော်ကြသည်။လုရှို့ရန်၏အမေနှင့် ချန်ချင်း၏အမေ တုလီရွှင်းတို့သည် ညီအစ်မများဖြစ်သည်။လုရှို့ရန်က တုလီရွှင်းကို "အဒေါ်"ဟု ခေါ်သည့်အတွက် သဘာဝအတိုင်းပဲ ချန်ချင်းက လုရှို့ရန်၏ဝမ်းကွဲ ဖြစ်လာခဲ့၏။
"အွန်လိုင်းပေါ်မှာပွက်လောရိုက်နေတဲ့ကိစ္စကမင်းလုပ်ထားတာလား"
ချန်ချင်းက ဖုန်းချိတ်ဆက်သွားသည်နှင့်မေးလိုက်သည်။
"ဟုတ်တယ်"
လုရှို့ရန်က မငြင်းဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
ဖုန်း၏အခြားတစ်ဖက်တွင် ခဏတာတိတ်ဆိတ်နေပြီးမှ ချန်ချင်း၏အသံထွက်လာသည်။
"ဆက်လုပ်...လုပ်မယ်ဆိုရင်ပိုကြီးတဲ့အတိုင်းအတာနဲ့ လုပ်ရတယ်...ပြီးတော့ အဲဒီဝေ့ချန် မင်းရဲ့ ရေတပ်ကို သူ့ကို ပစ်မှတ်ထားခိုင်းလိုက်"
"ကောင်းပြီ ငါနားလည်ပြီး... ငါသူတို့ကို ချက်ချင်းအကြောင်းကြားလိုက်မယ်"
လုရှို့ရန်က ချန်ချင်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း၊ သူက သူ့ဝမ်းကွဲ၏ ညွှန်ကြားချက်ကို လိုက်နာဆဲဖြစ်၏။
"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ချန်ချင်းက ထိုသို့ပြောလိုက်သော်လည်း သူ့အကြည့်များက မှုန်မှိုင်းနေပုံရသည်။
ဝေ့မိသားစုမှခွဲထွက်ပြီး ချန်လီနှင့် လွတ်လွတ်လပ်လပ်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ဝေ့ချန်ကို သူသိစေလိုသည်။ချန်ချင်းရှိနေသရွေ့ ဝေ့ချန်က ဝေ့မိသားစု၏ အစီအစဉ်များကို နာခံပြီး ချန်မိသားစု၏ လက်အောက်ခံတစ်ယောက်ဖြစ်လာရမှာဖြစ်သည်။
သို့သော် ယနေ့ ဆုတ်ယုတ်မှုများသည်ဝေ့ချန်ကို ချေမှုန်းရန် လုံလောက်မည်မဟုတ်ကြောင်း ချန်ချင်း သိလေသည်။ဒါပေမဲ့ အနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုဘယ်သူသိမှာလဲ... ဝေ့ချန် တစ်ယောက်တည်း မြို့တော်မှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ...
ဝေ့ချန် တောင့်မခံနိုင်တော့ဘဲ သူ၏မာရေကျောရေမျက်နှာကို အောက်ကျိူ့ပြီး အကူအညီတောင်းမည့်အချိန်ကိုတွေးပြီး ချန်ချင်း၏နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် တဒုန်းဒုန်းခုန်လာကာ တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"ရပါတယ်"
လုရှို့ရန် ချန်ချင်းဘာတွေတွေးနေမှန်း မသိပေမဲ့ ယခုအချိန်မှာတော့ သူ့မျက်နှာထက်ကအပြုံးက လုံးဝ ပျောက်ကွယ်မသွားပါချေ။
လုမိသားစုက စာပေပညာရှင်မိသားစုဖြစ်သောကြောင့်သာမက ချန်မိသားစုနှင့်ပါ ဆက်နွယ်နေသောကြောင့် မြို့တော်တွင် အဆင့်အတန်းတချို့ရှိသည်။ ဤချန်မိသားစုက ရှန်ဟိုင်းမှ ဖြစ်သော်လည်း၊ ရှန်ဟိုင်းရှိ ချန်မိသားစုနှင့် မြို့တော်ရှိ ချန်မိသားစုတို့က နှလုံးသားချင်း တူညီကြသည်ကို လူတိုင်းသိကြသည်။
ချန်ချင်းနှင့် သူ၏ဆက်ဆံရေးကို တိုးတက်အောင်လုပ်နိုင်သရွေ့ လုမိသားစုက ကြောက်စရာမရှိပါချေ။သူတို့နှစ်ဦးသည် လျင်မြန်စွာ သဘောတူညီမှုရရှိခဲ့ပြီး ဝေ့ချန်နှင့် ချန်လီအား ချောက်ထဲသို့ မည်သို့တွန်းပို့ရမည်ကို ဆွေးနွေးကာ တရင်းတနှီးစကားပြောခဲ့ကြသည်။သူတို့ဖုန်းချလိုက်ချိန်မှာ နာရီဝက်ကျော်သွားပြီဖြစ်၏။ဝမ်းကွဲနှစ်ယောက်ကြားက ခံစားချက်များက ဤအခိုက်အတန့်မှာ သဟဇာတအဖြစ်ဆုံးအခြေအနေကို ရောက်သွားသည်။ယခင်တုန်းက သူတို့မှာ ယခုလို ကောင်းမွန်သည့် ဆက်ဆံရေးမျိုး မရှိခဲ့ပါချေ။
သို့ပေမဲ့ သူတို့မသိခဲ့သည်က ဤအချိန်မှာ သူတို့ဘာတွေစီစဉ်ထားသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ပြီးပြည့်စုံသည်ဟုထင်နေပါစေ အိပ်မက်ဖလား၏ နေ့လည်ခင်းသတင်းစာရှင်းလင်းပွဲအပြီးမှာ အရာအားလုံးက အချည်းနှီဖြစ်ကုန်မည်ကိုပင်။
တစ်ခါတလေမှာ မျှော်လင့်ချက် ကြီးလေလေ စိတ်ပျက်ရလေလေဖြစ်သည်။စိတ်သဘောထားသေးသိမ်သူများအတွက် စိတ်ပျက်အားငယ်ရသောအခါတွင် နာကျင်ရုံသာမက ဒေါသနှင့် ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်ခံသလိုပါခံစားရပြီး အဆုံးမရှိ အရှက်ရစေလေသည်။
အရှက်ရဆုံးအရာမှာ ဤအရှက်ရမှု၏ အရင်းအမြစ်က သူတို့ကိုယ်တိုင်မှလွဲ၍ အခြားမရှိခြင်းပင်ဖြစ်သည်။
*
အိပ်မက်ဖလားအတွက် သတင်းစာရှင်းလင်းပွဲကို အိပ်မက်ဖလားပြိုင်ပွဲကျင်းပရေးကော်မတီ တည်ရှိရာ အဆောက်အဦး၏ ပင်မခန်းမတွင် နေ့လည် ၂ နာရီခွဲမှာ ကျင်းပရန် စီစဉ်ထားသည်။
သို့သော် တစ်နာရီမထိုးခင်မှာပင် သတင်းစာရှင်းလင်းပွဲလုပ်မည့် ခန်းမတွင် သတင်းထောက်များစွာဖြင့် ပြည့်နေပြီဖြစ်သည်။သတင်းစာရှင်းလင်းပွဲအတွက် စင်မြင့်ပင် အပြည့်အ၀ မသတ်မှတ်ရသေးသလို ဝန်ထမ်းများကလည်း ပြင်ဆင်မှုများလုပ်ရင်း အလုပ်ရှုပ်နေကြသည်။
မိုက်ခရိုဖုန်းများနှင့် ကင်မရာများ ကိုင်ဆောင်ထားသည့် အဆိုပါ သတင်းထောက်များသည် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူတို့သည် သွေးနံ့ကို ရသွားသော ဝံပုလွေတစ်အုပ်နှင့်တူသည်၊ သူတို့၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တလက်လက်တောက်ပနေကြပြီး သားကောင်ကို ခုန်အုပ်ရန် စောင့်ဆိုင်းနေကြသည်။မှန်ပေသည်၊ သူတို့နှင့် တကယ့်ဝံပုလွေအုပ်ကြားမှာ ခြားနားချက်တစ်ခု ရှိလေသည်။အနည်းဆုံး ဝံပုလွေတစ်အုပ်တွင် ခေါင်းဆောင် အယ်ဖာတစ်ကောင်ရှိသော်လည်း အဆိုပါသတင်းထောက်များတွင် ခေါင်းဆောင်ဟူ၍မရှိပေ။တစ်ယောက်ချင်းစီက သူတို့ဘာသာ တွေးခေါ်လှုပ်ရှားပြီး မငြိမ်မသက်ဖြစ်သည့်အခါ ဝံပုလွေတစ်အုပ်ထက်ပင် ပိုကြောက်စရာကောင်းလေသည်။
အိပ်မက်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများထဲတွင် နယ်ပယ်အသီးသီးမှ သတင်းထောက်များပါရှိပြီး ဖျော်ဖြေရေးလောကနှင့်ပန်းချီလောကမှသတင်းထောက်များသာမက CCTV သတင်းထောက်များပင်လျှင်ပါလေသည်။
ဤအချက်သည် နိုင်ငံတွင်းရှိ အိပ်မက်ဖလား၏ အရေးပါမှုနှင့် ဝေ့ချန်နှင့် ချန်လီတို့၏ အဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုကို ဖော်ပြ၍နေသည်။
စီးပွားရေးမဂ္ဂဇင်းမှ သတင်းထောက် ဂျက်ပင်လျှင် ဤသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့လေသည်။
အခြားသတင်းထောက်များနှင့်မတူဘဲ၊ ဂျက်က ယခင်က ဝေ့ချန် နှင့်တွေ့ဆုံဖူးသည့် တစ်ဦးတည်းသောသူဖြစ်သည်။ စီးပွားရေးမဂ္ဂဇင်း၏ နောက်ဆုံးထွက်မျက်နှာဖုံးမှာဝေ့ချန်ကို ဖော်ပြခဲ့ပြီး သူ၏ အင်တာဗျူးက ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အတော်လေးလှုပ်ခတ်သွားစေခဲ့သညိ။
အခြားသတင်းထောက်များက ဂျက်ကိုတွေ့လိုက်သည်နှင့်တပြိုင်နက် သူတို့၏အကြည့်များက အနည်းငယ် သိမ်မွေ့သွားကြသည်။ဂျက်ကလည်း အတူတူ့ သတင်းထောက်တစ်ယောက်ပင်ဖြစ်သော်လည်း ဝေ့ချန်နှင့် ပတ်သက်သော သီးသန့်အချက်အလက်များရရန် တစ်ချို့က သူ့ကို ချဉ်းကပ်ကြသည်။
"ဟေး ဂျက် အဲဒီခြိမ်းခြောက်တဲ့အသံဖိုင်ထဲက ဝေ့ချန်ရဲ့အသံကို မှတ်မိလို့ ဒီနေ့ ဒီကိုလာခဲ့တာလား...ဝေ့ချန်ကို အင်တာဗျူးပြီး သူ့ကို ပိုမြင့်တဲ့ အဆင့်ရောက်အောင် တွန်းပို့ခဲ့တာကို မင်း နောင်တရနေလား"
သတင်းထောက်တစ်ယောက်က တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်ကာ သူ့အိတ်ကပ်ထဲမှာ ဝှက်ထားသော အသံဖမ်းစက်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
ဂျက်က ထိုသတင်းထောက်ကို တစ်ချက်ကြည့်လိုက်ရာ ထိုသတင်းထောက်က အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ရာတွင် လူသိများသော သတင်းစာတိုက်တစ်ခုမှဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက အေးစက်စွာ တုံ့ပြန်လိုက်၏။
"မင်း ငါ့ဆီကနေ သတင်းရှာနေစရာ မလိုဘူး...စကားမစပ် မင်းအိတ်ကပ်ထဲက အသံဖမ်းစက်ကို ပိတ်လိုက်"
ဂျက်၏တည့်တိုးပြောဆိုမှုကြောင့် ထိုသတင်းထောက် ထိတ်လန့်သွားပြီး ရူးချင်ယောင်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။သို့သော် ဂျက်မမြင်နိုင်သည့်နေရာအရောက်တွင် ထိုသတင်းထောက်ကဆိုလိုက်၏။
"ဖွီ...ဒီမီဒီယာအကြီးကြီးကလူတွေက သူတို့ကိုယ်သူတို့ ဘယ်သူလို့ထင်နေကြတာလဲ...ဘာတွေများရှိလို့ ဒီလောက်မောက်မာနေကြတယ်မသိ"
ဂျက်က ထိုမှတ်ချက်ကို ကြားသော်လည်း လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။ သူက ထိုသတင်းစာ၏ လုပ်ရည်ကိုင်ရည်နှင့် သတင်းထောက်များကို သိသည်။ သူတို့မှာ သမာဓိရှိရန် မျှော်လင့်စရာမရှိပါချေ။ထို့အပြင်၊ သူ့ကို ဟောင်သည့်ခွေးတိုင်းကို အဖက်လုပ်ထကြည့်မနေသင့်ပေ။
"ဂျက် ငါလည်း ဒီမေးခွန်းတွေကို သိချင်နေတယ်"
ဂျက်၏ အခြားသတင်းထောက် သူငယ်ချင်းဖြစ်သူက ပခုံးပေါ် လက်ဖြင့် ပုတ်ကာ ပြောသည်။ဂျက်က လူထုနေ့စဥ်အဖွဲ့လက်အောက်ရှိ စီးပွားရေးမဂ္ဂဇင်းတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး သူ၏သူငယ်ချင်းမှာ လူထုနေ့စဥ်သတင်းစာကသတင်းထောက်ဖြစ်သဖြင့် သူတို့အား လုပ်ဖော်ကိုင်ဖက်များဟု ယူဆနိုင်သည်။
"ဒါရိုက်တာဝေ့ဆီကနေ သတင်းရှာဖို့မျှော်လင့်နေကြတဲ့ ဒီနေ့ဒီကိုလာခဲ့တဲ့ သတင်းထောက်တွေရဲ့ ရယ်စရာကောင်းတဲ့ပုံစံတွေကို မြင်ချင်လို့"
ဂျက်က သရော်သံစွက်နေသာအသံဖြင့် ပြောလိုက်၏။
သူ့သူငယ်ချင်းက မျက်ခုံးပင့်လိုက်ရင်း မယုံနိုင်ဖြစ်သွားသည်။
"ဂျက် မင်းက ခြိမ်းချောက်တဲ့အသံဖိုင်ထဲကအသံက တကယ်ဝေ့ချန်အသံမဟုတ်ဘူး ဆိုလိုတာလား"
"အသံဖိုင်ထဲက အသံက ဒါရိုက်တာဝေ့ရဲ့အသံ"
ဂျက်က ဘာမှ မဖုံးကွယ်ဘဲ ပြန်ဖြေလိုက်၏။ဝေ့ချန်၏ အသံက အလွန်နားထောင်၍ကောင်းပြီး တစ်ကြိမ်ကြားဖူးရုံနှင့် တိကျစွာ မှတ်မိနိုင်လေသည်။သူဆိုသည်က လုံးဝမမှားပေ။
"ဒီလိုဆိုရင် မင်း ဘာလို့ ဝေ့ချန်ကို ယုံနေသေးတာလဲ"
သူ့သူငယ်ချင်းက အံ့သြတကြီးမေး၏။ အထောက်အထားတွေက ထွက်လာပြီလေ ဂျက်ကဘာလို့တစ်ယောက်တည်းဒီရေကိုဆန့်ကျင်ချင်နေသေးရတာတုန်း...
ဂျက်က ရယ်မောလိုက်ပြီး ဆိုသည်။
"အသံဖိုင်ကို သေချာနားထောင်ပြီးပြီလား"
သူ့သူငယ်ချင်းက ခေါင်းညိတ်ပြီးဆို၏။
"ဒါပေါ့ နာထောင်ပြီးပြီ"
ဤသတင်းစာရှင်းလင်းပွဲကို မတက်ခင်မှာ သူအိမ်စာများ လုပ်ခဲ့သည်။ဤကိစ္စက အတော်လေးကိုပေါက်သွားသဖြင့် ၎င်းကို သိပ်ဂရုမစိုက်သည့်သူများပင် ကြားဖူးကြမှာဖြစ်၏။
"ဒါဆို ဝေ့ချန်က 'အလင်းရောင်'ကိုဖန်တီးတဲ့သူက ကူးချခဲ့တာပါလို့ ဝန်ခံတာ ကြားမိလား"
ဂျက်က ပြန်မေးလိုက်သည်။
သူ့ သူငယ်ချင်းက အသံဖိုင်ကို ပြန်နားထောင်လိုက်ပြီး အသံဖိုင်တစ်ခုလုံးမှာ ဝေ့ချန်က 'အလင်းရောင်' ကို ဖန်တီးသူက ကူးချထားတာပါဟု အတိအလင်း ဝန်ခံမထားသလို သူက ၎င်းကိုစောင်းပါးရိပ်ခြည်ပင်ပြောမထားသည်ကို သဘောပေါက်သွားသည်။တကယ်တမ်း ပြန်တွေးကြည့်သည့်အခါ ဝေ့ချန်၏ လေသံက အတော်လေးကို တည်ငြိမ်နေသည်။သူ့ကိုယ်သူ ခံရသူသားကောင်အဖြစ် ပုံဖော်ထားသော 'ပြန်လည်မွေးဖွားခြင်းကို တောင့်တခြင်း' ကို ဖန်တီးသူကြောင့်သာမဟုတ်လျှင် လူတော်တော်များများက ၎င်းကို ခြိမ်းခြောက်မှုဟုပင် အဓိပ္ပာယ်ဖော်ကြမှာမဟုတ်ပေ။
သူတို့အားလုံးက ကြိုတင်မှန်းဆထားသောအတွေးအကြံများ၏ လွှမ်းမိုးမှုခံခဲ့ရသည်။ အသံဖိုင်ကို တင်သူက ခြိမ်းခြောက်မှုကို အလေးပေးထားသောအခါ၊ အားနည်းသောအနေအထားရှိသူတစ်ဦးက ခြိမ်းခြောက်ခံနေရသည်ဟု အလိုအလျောက် ယူဆလိုက်မိကြသည်။ အမှန်တကယ်တွင်၊သေသေချာချာ နားထောင်ကြည့်သည့်အခါ အသံဖိုင်က ခြိမ်းခြောက်မှုတစ်ခုအဖြစ်သာမက အကြံဉာဏ်ပေးမှုတစ်ခုအဖြစ်ပါ သတ်မှတ်နိုင်သည်။
'ပြန်လည်မွေးဖွားခြင်းကို တောင့်တခြင်း' ကို ဖန်တီးသူအား သူ၏အမှားကို ဝန်ခံရန် အကြံပေးခဲ့ခြင်းဖြစ်လေသည်၊မဟုတ်လျှင် အမှန်တရား ပေါ်လာသည်နှင့် သူသည် ဤလုပ်ငန်းတွင် ဆက်နေရန် မဖြစ်နိုင်တော့ပေ။ခိုးကူးမှုကပင် သည်းမခံနိုင်စရာကောင်းသော လုပ်ရပ်တစ်ခု ဖြစ်နေပြီဖြစ်သည်ကို ခိုးကူးရုံသာမက မူရင်းဖန်တီးသူအပေါ်ကိုပါ အပြစ်ပုံချရန် ကြိုးစားခြင်းသည် ပို၍ပင် ရှက်စရာကောင်းလေသည်။
အသံဖိုင်ကို သေချာလေ့လာသုံးသပ်ပြီးနောက်တွင် ရှင်းလင်းနေသင့်သည့်အရာက ယခုအခါတွင် မသဲမကွဲနှင့်ဝေ့ဝါး၍သွားပြီး ရလဒ်ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့သလို သူငယ်ချင်းက ခံစားလိုက်ရသည်။
"ဂျက် ဝေ့ချန်ကို မင်းတကယ်ယုံတာလား"
သူ့သူငယ်ချင်းက ထိုသို့ မေးလိုက်ပေမဲ့ သူ့စိတ်ထဲမှာ အဖြေရှိပြီးသားဖြစ်လေသည်။
"ယုံတယ်"
ဂျက်က အခိုင်အမာပြောသည်။
"ဘာလို့လဲ"
သူ့သူငယ်ချင်းက နားမလည်ဖြစ်နေဆဲပင်။နှစ်ကြိမ်ပဲတွေ့ဖူးတာမဟုတ်ဘူးလား...
"ဘာလို့လဲဆိုတာကိုငါမသိဘူး"
ဂျက်က ရိုးရိုးသားသားပြောလိုက်သည်။
"မင်း ငါ့ကို အကြောင်းပြချက်တစ်ခု ပေးစေချင်ရင် ဒါက ဝမ်းတွင်းအသိပဲ...ဝေ့ချန်နဲ့ ထိတွေ့ဆက်က်ဆံဖူးသူတိုင်း ဒီလိုမျိုးခံစားရလိမ့်မယ်ထင်တယ်... သူ့ရဲ့ညို့ဓာတ်က စကားလုံးတွေနဲ့ ဖော်ပြရခက်ပေမဲ့ လူတွေသူ့ကို ရင်ထဲအသည်းထဲက ယုံကြည်လာအောင်လုပ်နိုင်တယ်"
သူ့သူငယ်ချင်းက အနည်းငယ် အံ့အားသင့်သွားသည်။
"လူတစ်ယောက်ကို မင်းဒီလိုမျိုး ချီးကျူးတာ တစ်ခါမှ မတွေ့ဖူးဘူး"
"တကယ်လား...ငါ သူ့ကို ချီးကျူးနေတာလား...ငါက အဖြစ်မှန်တွေကို ပြောပြရုံပါ"
ဂျက်က ရိုးသားစွာ ပြောလိုက်သည်။ သူကအမှန်တကယ် အဖြစ်မှန်များကိုပြောပြခဲ့ခြင်းဖြစ်သည်။ဝေ့ချန်၏ ထူးချွန်မှုကို သူတကယ်ချီးမွမ်းလိုလျှင် စကားလုံးအနည်းငယ်မျှနှင့်ပြီးလိမ့်မည်မဟုတ်ပေ။
သူ့သူငယ်ချင်းက တစ်ခုခုပြောတော့မည်ပြုချိန်မှာ စင်ပေါ်မှ အသံတစ်ခုထွက်လာသည်။အိပ်မက်ဖလား၏ခေါင်းဆောင်တဖြစ်လဲ လက်ရေးလှနှင့်ပန်းချီအသင်း၏ဥက္ကဋ္ဌ နှင့် ဖိုင်နယ် အကဲဖြတ်ဒိုင်အချို့ စင်ပေါ် တက်လာသည်။
သတင်းစာရှင်းလင်းပွဲ စတင်တော့ပေမည်။
<< >>
💘