ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၉)
အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ရှိသည်။
ကျွန်မ ဧကရာဇ်ကို မြင်ရသည်၊သို့သော် ...
ထိုနေရာတွင် ဧကရာဇ် သာ ရှိသည်မဟုတ်ပေ။အခန်းတစ်ခန်းလုံးတွင် ငှက်လှောင်အိမ်များ ရာနှင့်ချီ၍ ရှိနေပြီး လှောင်အိမ်တစ်ခုစီတွင် ငှက်အမျိုးအစားမျိုးစုံ အရေအတွက် မနည်းမနော ရှိနေလေသည်။ငှက်များ၏ ကျည်ကျည်ကျာကျာမြည်သံက ကျွန်မ၏နားထဲသို့ ထိုးဖောက်သွားလေသည်။
"ဒါက ဘာတွေ ..."
"တိတ်တိတ်နေလေ"
ဆိုဗက်စ်စတာက ကျွန်မ၏ လက်မောင်းကို ဆွဲလိုက်သည်။ကျွန်မလည်း အံ့ဩနေသည်ကို တည်ငြိမ်ရန် ကြိုးစားပြီး တံတွေးမြိုချလိုက်မိသည်။ငှက်များက စူးရှစွာ အော်နေကြပြီး အသံများက ပို၍ပင် ကျယ်လောင်လာ၏။ကျွန်မ၏ ခေါင်းမှာ ကိုက်လာသည်။ကျွန်မ စိတ်လွတ်သွားမိတော့မည်။
"မင်းတို့ ရောက်ပြီပဲ။"
ကျွန်မ၏ နောက်ဖက်မှ လာသော စကားသံတစ်ခုကို ကျွန်မ ကြားလိုက်ရသည်။ကျွန်မ ခေါင်းကို လှည့်ကြည့်လိုက်လျှင် ကြီးမားသော လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုသူမှာ ဧကရာဇ် ဖြစ်လေသည်။
"ကျွန်မတို့ အခစားဝင်ပါပြီ အရှင်။"
ကျွန််မ သူ့ကို အစွမ်းကုန် ရိုသေလေးစားစွာဖြင့် နှုတ်ဆက်ဂါရဝပြုလိုက်သည်။သို့သော် ကျွန်မကို ခေါင်းမော့ရန် မိန့်သည်ကို မကြားရပေ။
"ထတော့"
ဆိုဗက်စ်စတာကသာ ကျွန်မကို ထိုသို့ ထခိုင်းလိုက်လေသည်။ကျွန်မ ခေါင်းမော့လိုက်လျှင် ဧကရာဇ်က ရယ်စရာတစ်ခု တွေ့သည့်အတိုင်း ပြုံးနေသည်ကို သတိထားမိလိုက်သည်။
ဘာလဲဟ။နှုတ်ဆက်တာကို ဘာလို့ ရယ်နေရတာလဲ။
၎င်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းရကား ကျွန်မမှာ မသိလိုက်ပဲ နဖူးတွန့်လိုက်မိသည်။ထိုအခါ ဧကရာဇ်၏နှုတ်ခမ်းများမှာ ပို၍ပင် တွန့်ကွေးသွားလေသည်။
"မင်းလဲ မင်းရဲ့ဇနီးလိုပဲ ဒူးညွှတ်ပြီး နှုတ်ဆက်သင့်တယ်။"
ဧကရာဇ်က ဆိုဗက်စ်စတာကို ပြောလေသည်။
ဘာလဲ။ဘာပဲဖြစ်ဖြစ် ဆိုဗက်စ်စတာနဲ့ ငါ့ကို တစ်တန်းတည်း ထားလိုက်တာက အရမ်းများလွန်းတာ မဟုတ်ဘူးလား။
ကျွန်မ ဧကရာဇ်ကို ကြည့်နေမိသည်။ဧကရာဇ်ကလည်း ကျွန််မကို ကြည့်လိုက်ပြီး ပြုံး၍ ဆိုဖာကို ညွှန်ပြသည်။
"ထိုင်၊ မင်းတို့မှာ ပြောစရာစကားတွေ အများကြီး ရှိတယ် မဟုတ်ဘူးလား။"
သူက ဆိုဖာပေါ် အရင်ထိုင်သည်။သူနှင့် မျက်နှာချင်းဆိုင် ဆိုဖာ၌ ဆိုဗက်စ်စတာက ဘာမှ မဖြစ်သည့်နှယ် ထိုင်ချလိုက်သဖြင့် ကျွန်မလည်း သူ့ဘေးတွင် ကသိကအောက်ဖြင့် ထိုင်လိုက်ရသည်။ထို့နောက် သူက ဧကရာဇ်ကို ကြည့်နေသည်။
ဧကရာဇ်သည် ခန့်ညားသော လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်သည်။သူသည် ခန့်ညားချောမောသော ကယ်လီယန်၏ ဖခင်ဖြစ်လေရာ သူ၏ခန့်ညားချောမောမှုက အတော်အသင့် ရှိလေသည်။
ငွေရောင်ဆိုးထားသော ဆံပင်များက ပခုံးပေါ်ထိအောင် ကျဆင်းနေသဖြင့် တစ်မျိုးတစ်ဖုံ ကြောက်စရာကောင်းသည့် ခံစားမှုကို ပေးနေသည်။သူ၏အစိမ်းရင့်ရောင် မျက်လုံးများက သူမ၏ အတွင်းထဲထိ စိုက်ကြည့်နေသလိုပင်။သူ၏နှာတံမြင့်မြင့်နှင့် မေးရိုးပါးပါးက ထက်မြက်သန်မာပုံပေါ်စေပြီး အရာအားလုံးကို ညီညွတ်မျှတစေချင်သော ဆန္ဒထက်သန်နေသည့်နှယ်။
ကြောက်စရာကောင်းလိုက်တာနော်။
ကျွန်မ အနည်းငယ် ကြောက်မိသည်။ထို့ကြောင့် ကျွန်မ မသိမသာ နှုတ်ခမ်းစေ့ထားမိသည်။
"အရှင်က ကျွန်တော်တို့ကို ရှာနေတယ်လို့ ကြားသိရပါတယ်။"
ဆိုဗက်စ်စတာက စ၍ စကားပြောသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ခင်ဗျာ၊ချက်ချင်းပဲ မနက်ဖြန် အခစားဝင်ခဲ့လို့ ပြောတာကတော့ မများလွန်းဘူးလားဗျ။ကျွန်တော်တို့မှာ အစီအစဥ်လေးတွေ ရှိနေပါတယ်။"
"ဟား"
ဧကရာဇ်က နှာမှုတ်လိုက်သည်။
"မင်းက ငါ ခေါ်တာ စောင့်မျှော်နေတယ်ဆိုတာ ငါ မသိဘူးလို့များ ထင်နေတာလား။"
"ကောင်းပါပြီဗျာ၊ဒါက ကိုယ့်ကိုကိုယ် အလွန်အကျွံ သတိရှိနေတာ မဟုတ်ပါလား။"
"အပြောဆိုးတဲ့ပါးစပ်က ရှိနေသေးတာပဲ။"
မှန်ပေ၏။ဆိုဗက်စ်စတာ၏ပါးစပ်မှာ အန္တရာယ်များသည်။ကျွန်မ ထိုသို့ ပြောလိုက်ချင်သည်ကို ထိန်းထားလိုက်ရသည်။၎င်းက ကျွန်မ ဝင်ပါသင့်သည် စကားဝိုင်း မဟုတ်ဟု တွေးမိသည်။
"မင်းက ကျောင်းရှေ့မှာ ငါ့ရုပ်ထု ထားဖို့ လုပ်နေတယ်ဆို။"
ဧကရာဇ်၏ စကားကို ကြားလျှင် ဆိုဗက်စ်စတာက ခေါင်းငြိမ့်လိုက်ပြီး ပါးစပ်ဟလိုက်သည်။
"ဒါက ကျွန်တော့်ဇနီးရဲ့အတွေးပါ ခင်ဗျာ။"
"ဘာ"
သူက ငါ့ဆီကို ဒီလိုမျိုး ပုတ်ထုတ်ပစ်လိုက်ရလား။ဆိုဗက်စ်စတာ၊ ရှင်ကတော့။
"ဘုရားသခင်"
ဧကရာဇ်က စိတ်ဝင်စားမှုများ တဖျတ်ဖျတ် လက်နေသော မျက်လုံးပင် ကျွန်မကို ကြည့်လာသည်။ထို့ကြောင့် ကျွန််မ အားတင်း၍ ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်ရသည်။
"မင်းက ဒီအစီအစဥ်ကို လုပ်ခဲ့တာလား။"
ကျွန်မ ဧကရာဇ်နှင့် စကားစပြောပြီ ဆိုကတည်းက ကျွန်မ ကြွားဝါသင့်သည်ဟု ထင်မိသည်။ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"မှန်ပါတယ်။ကျောင်းဆောက်ဖို့က ကျွန်မရဲ့အကြံပါ ရှင်။"
"အိုးဟိုး"
ဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။
"အိုဖီလီယာ ရိုင်ဇန်၊မင်းက အမျိုးမျိုး အဖုံဖုံ ကျော်ကြားပါပေတယ်။ငါ မင်းရဲ့ နာမည်ကို အကြိမ်များစွာ ကြားဖူးတယ်။"
"အရှင့်ကို ကျေးဇူးတင်ပါတယ်။"
"ကျေးဇူးတင်စရာ ဘာမှ မရှိပါဘူး။ငါ ကြားသမျှကတော့ မင်းက မကောင်းမှုတွေ မှန်သမျှ ကျူးလွန်နေတဲ့ ယုတ်မာရက်စက်တဲ့ စုန်းမတစ်ယောက် ဆိုတာပဲ။"
"..."
ငါကို မြှောက်တင်ပြီးမှ ရိုက်ချပစ်လိုက်တာပဲ။
ကျွန်မ သူ့ကို မတားမြစ်နိုင်ဟု တွေးမိသည်။ကျွန်မ၏လုပ်ရပ်နှင့် အတူ ဖော်ပြရမည်။
"အရှင်က ဒီကောလာဟာလတွေ အကုန်လုံးကို မယုံလောက်ပါဘူး၊ မှန်ပါ့သလားရှင်။အရှင်ဧကရာဇ်မှာ မေးခွန်းတစ်ခု ရှိမယ်လို့ ကျွန်မ
ယုံကြည်မိပါတယ် ရှင့်။"
"မင်းက မင်းဘေးနားမှာ ထိုင်နေတဲ့ တစ်စုံတစ်ယောက်လိုမျိုး တကယ်ကို တစ်ခုခုရှိနေတာပဲ။"
သူက ပြောလိုက်ပြီး ခြေထောက်ကို ချိတ်၍ လက်ပိုက်လိုက်သည်။
"မင်းက ရုတ်တရက်ကြီး ဘာကြောင့် ပြောင်းလဲသွားရတာလဲ။
ဧကရာဇ်က ကျွန်မကို စိုက်ကြည့်လာသည်။
"အင်း၊မင်းက ဆင်းရဲသားရပ်ကွက်က ကလေးတစ်ယောက်ကို ကယ်တင်လိုက်တဲ့ အချိန်ပဲ။အဲ့ဒီအချိန်ကနေ စပြီး မင်းက ပြောင်းလဲသွားပြီလို့ ငါ အများကြီး ကြားခဲ့ရတယ်။ဒီငှက်တွေအားလုံးက ငါ့ကို ပြောကြတယ် ဆိုပေမဲ့ပေါ့။"
ကျလိ ကျလိ ကျလိ
ကျွန်မ ငှက်များ၏ တစ်ပြိုင်နက်တည်း အော်သံကို ကြားလိုက်ရသည်။ကျွန်မ၏နားများမှာ အရာရာထက် နာကျင်လာရ၏။
မဟုတ်သေးပါဘူး။ပင်မနန်းဆောင်ကိုတော့ မတရား တိတ်ဆိတ်နေအောင် လုပ်ထားပြီး ၊ဒီနေရာကျတော့ စျေးထဲ ရောက်နေရသလို လုပ်ထားတာပဲ။
ကျွန်မလည်း ဧကရာဇ်၏ အတွေးများကို လိုက်မမှီတော့ပေ။
ဆိုဗက်စ်စတာပြောခဲ့သည့်အတိုင်း သူက ရူးနေသည့် လူနှင့် တူပုံရသည်။
"ဒါပေမဲ့ ဒီတစ်ကြိမ်ကျတော့ ကျောင်းရှေ့မှာ ငါ့ရဲ့ ပုံတူ ကျောက်ဆစ်ရုပ်တုတဲ့လား။မင်း ဘာတွေ တွေးနေတာလဲ။"
ကျွန်မ ဘာပြောသင့်ပါသနည်း။ကျွန်မ၏ခေါင်းထဲတွင် မူးဝေလာခဲ့သည်။ကျွန်မ ဤနေရာတွင် ဧကရာဇ်၏စိတ်ဆန္ဒကို ဆန့်ကျင်၍ ပြောဆိုရန် မသင့်ပေ။သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို ကျွန်မ သိသည်ဟု ဆိုလို၏။
ထပ်ပြီး ငါ ဒီလိုတွေ လုပ်လို့မရဘူးနော်။
ထို့ကြောင့် ကျွန်မ ပြောလိုက်သည်မှာ
"ဒီအကြောင်းကို အရှင်က ပိုသိလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။"
ဤကိစ္စကို ဖော်ပြရန် ထိုတစ်နည်းသာ ရှိပေသည်။ကျွန်မ၏စကားများက အဖြေဖြစ်သည့်တိုင် ဧကရာဇ်၏နှုတ်ခမ်းများက ပွင့်ဟသွားပြီး ဆိုဗက်စ်စတာရှိရာသို့ ကြည့်လိုက်လေသည်။
"မြို့စားကြီးရိုင်ဇန်၊ ငါ့ကို ပြောစမ်းပါ။မင်းက ငါ့အပေါ် သစ္စာစောင့်သိတဲ့အကြောင်း ရည်စူးဖော်ပြဖို့ ကြိုးစားနေတာလား။"
ဆိုဗက်စ်စတာက ပခုံးကို တွန့်လိုက်သည်။
"ကျွန်တော်က အထက်တန်းလွှာ မင်းဆွေစိုးမျိုးတွေရဲ့ အကြီးအမှူးတစ်ယောက်ပါ။အခု ကျွန်တော်က အရှင့်အပေါ် သစ္စာစောင့်သိပါတယ်ဆိုပြီး ကြေညာလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။"
ဧကရာဇ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားလေသည်။
"မင်းက ငါ့လက်ကို ဖမ်းဆုပ်ချင်တယ်လို့ ဆိုလိုတာပေါ့။ဒါပေမဲ့ မင်းက ဒါကို ထုတ်မပြချင်ဘူး။"
"ဟုတ်ကဲ့၊ မှန်ပါတယ် ခင်ဗျာ။"
"ဒါပေမဲ့ ကျောင်းမှာတော့ ပုံတူရုပ်ထု ထားချင်တယ်ဆိုတော့ တစ်ကမ္ဘာလုံးသိအောင် ထုတ်ပြလိုက်တာပဲပေါ့။"
ဆိုဗက်စ်စတာက ထိုစကားကို စောင့်နေသကဲ့သို့ ပြုံးလိုက်လေသည်။
"ဒါကြောင့် အရှင့်ဘက်က ရင်းနှီးမြှုပ်နှံမှုအချို့ လုပ်သင့်ပါတယ် ခင်ဗျာ။"
"ရင်းနှီးမြှုပ်နှံမှု ဟုတ်လား။"
"မှန်ပါတယ်။အရှင်က ကျောင်းဆောက်တဲ့ အထဲမှာ ရင်းနှီးမြုပ်နှံခဲ့တာကြောင့် ပုံတူရုပ်ထု ထုပေးခဲ့တာပါဆိုပြီး ကျွန်တော် အထက်တန်းလွှာတွေကို ပြောစရာအကြောင်းပြချက်တစ်ခု ရစေဖို့ပါ။"
"ဟား"
ဧကရာဇ်က စိတ်လှုပ်ရှားနေသည့်အတိုင်း စူးရှရှ အသံတစ်ခုကို ပြုလိုက်သည်။
"ငါက ငြင်းခဲ့ရင်ရော"
"ဒါဆို ကျောက်ရုပ်ထုက ရှိမလာနိုင်တော့ဘူးပေါ့ ခင်ဗျာ။မရိုးရှင်းပါဘူးလား။"
"မင်းက အရမ်းမောက်မာလွန်းတယ်။"
ဧကရာဇ်က မျက်လုံးကို မှေးကျဥ်းပြီး ပြောလိုက်သည်။ကျွန်မလည်း ဆူးပုံပေါ်တွင် တက်ထိုင်နေရသကဲ့သို့ ခံစားရလေသည်။
သူတို့နှစ်ယောက်လုံးက သန်မာလိုက်ကြတာ။ကြောက်စရာပါလား။
ကျွန်မ တံတွေး မြိုချလိုက်ပြီး ဧကရာဇ်ကို တစ်လှည့်၊ဆိုဗက်စ်စတာကို တစ်လှည့် အပြန်ပြန် အလှန်လှန် ကြည့်နေမိသည်။
"မင်းက နောက်ကွယ်မှာ ငါ့ကို ထောက်ခံနေပြီး ရှေ့မှာတော့ အထက်တန်းလွှာတွေရဲ့ အကြီးအမှူးအဖြစ် အကောင်းဆုံး လုပ်မယ်ပေါ့လေ။ဘယ်လိုတောင် ဥာဏ်နီဥာဏ်နက်များတဲ့ လူပါလိမ့်။"
"ကျွန်တော်က အရှင့်ဆီက အရာအားလုံးကို သင်ယူထားတာကြောင့်ပါ ခင်ဗျာ။"
မဟုတ်သေးဘူး။သူက ငါ့ကိုတော့ စကားကြည့်ပြောဖို့ ပြောထားပြီး သူကတော့ မတရား လျှာစောင်းထက်ပြနေတာပဲ။
ကျွန်မ ဆိုဗက်စ်စတာ၏ဘေးမှ နည်းနည်းစီ ဖြည်းဖြည်းချင်း ခွာနေလိုက်သည်။ဘယ်အချိန်တွင် ဧကရာဇ်က မည်သို့မည်ပုံ တိုက်ခိုက်လာမည်ကို ကျွန်မ မသိသောကြောင့် ဖြစ်ပါသည်။
"ငါ မင်းကို တကယ် မတားနိုင်ဘူးပဲ။"
အံ့ဩစရာကောင်းစွာပင် ဧကရာဇ်က ရယ်မောလေသည်။အတော်ကျယ်လောင်စွာ ရယ်နေပါ၏။
ဘယ်လိုတောင်လဲ။သူက နာကျင်ရတာကို သဘောကျတဲ့ လူလား။ဝေဖန်ပြောဆိုခံရတာကို ကြိုက်နေတယ်ပေါ့။
ကျွန်မ အနည်းငယ် နားမလည်နိုင်ပေ။ထို့ကြောင့် ကျွန်မ သူတို့ကို ကြည့်နေမိလေသည်။
"ဘာပဲ ဖြစ်ဖြစ်ပါ၊ မင်းဘက်က အရင်ဆုံး လက်ဦးမှု ယူလိုက်တဲ့အတွက် ငါ မင်းကို ချီးကျူးဂုဏ်ပြုရမလိုပါပဲ။မင်းကို ကျေးဇူးတင်ရမှာပဲ။အာဏာအတွက် ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူး။"
ဧကရာဇ်၏စကားများကြောင့် မျက်မှောင်ကြုတ်သွားသော ဆိုဗက်စ်စတာက ကျွန်မဆီသို့ ခေါင်းကို တိမ်းညွှတ်လာခဲ့သည်။
"အိုဖီလီယာ"
"ဟုတ်ကဲ့"
"ဒါက ထေ့ငေါ့နေတာ ဟုတ်လား၊မဟုတ်ဘူးလား။"
"..."
အာ ၊ဆိုဗက်စ်စတာက ကွဲပြားမှုကို မပြောနိုင်တဲ့ လူပဲ။
"အရှင်က ထေ့ငေါ့နေတယ်လို့ ကျွန်မ မထင်ပါဘူး။"
"မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော့်ရဲ့ အတွေးက မှန်နေတာပဲ။"
ဆိုဗက်စ်စတာက ဧကရာဇ်ကို ဂုဏ်ယူဝံ့ကြွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။"
"ငါလဲ မင်းရဲ့ဇနီးကို ကျေးဇူးတင်ကြောင်း ဖော်ပြချင်ပါတယ်။ငါ့ရဲ့ အင်အားတွေကို အသုံးမဝင်တဲ့ အရာတွေပေါ်မှာ အသုံးပြုခွင့် မပေးခဲ့တဲ့အတွက်။"
ငါ့ကိုလား
ကျွန်မကို ကျွန်မ လက်ညှိုးထိုးပြလိုက်လျှင် ဧကရာဇ်က ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မ ဘာမှ မလုပ်ခဲ့ရပါဘူး။အင်ပါယာရဲ့ ပြည်သူတစ်ယောက်အနေနဲ့ အရှင့်အပေါ် သစ္စာစောင့်သိတာက သဘာဝပါပဲ ရှင်။"
"..."
ဧကရာဇ်က ပြန်ဖြေမည့်အစား ကျွန်မကို ကြည့်လာသည်။ထို့နောက်မှ သူက ပါးစပ်ဖွင့်လာခဲ့သည်။
"မင်းက မာဂရက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်နော်။"
မာဂရက်
၎င်းမှာ ယခင်ဧကရီဟောင်း၏ အမည် ဖြစ်သည်။ကျွန်မ ထိုအကြောင်းကို များများစားစား မသိသဖြင့် တိတ်ဆိတ်စွာ နေလိုက်ရသည်။
"မာဂရက်က လူတွေကို ကောင်းကောင်းကြည့်တတ်တယ်။"
ဧကရာဇ်က သူ့ဘာသာ ထရပ်လိုက်သည်။ထို့နောက် သူက ငှက်လှောင်အိမ်ကြီးတစ်ခုဆီသို့ နှေးကွေးစွာ လမ်းလျှောက်သွားပြီး လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်လေသည်။အတွင်း၌ ရှိသော ငှက်က ပျံထွက်လာပြီး မျက်နှာကြက်ပေါ်တွင် ပျံဝဲနေလေသည်။
"သူမက ဒီလို ချစ်စရာအမျိုးသမီးဆိုတာ ငါသာ သိခဲ့ရင် ..."
ဧကရာဇ်က ပျံသန်းနေသော ငှက်ကို ကြည့်နေရင်းမှ ကျွန်မဆီသို့ အကြည့်လွှဲလိုက်လေသည်။
"သူမကို ကယ်လီယန်နဲ့ စီစဥ်ပေးလိုက်မိမှာ။"
ဘာ
"နှမြောစရာပဲ။"
ကျွန်မလည်း ဘာပြောရမည်ကို မသိ၍ ပါးစပ်သာ ပိတ်ထားလိုက်ရသည်။ထိုအချိန်၌ ဆိုဗက်စ်စတာက စကားဖြတ်ပြောလာခဲ့၏။
"သူမက ကျွန်တော့်ရဲ့ဇနီးပါ။"
သူက ထိုသို့ပြောရင်း ကျွန်မ၏ပခုံးကို သူ့လက်များဖြင့် ရစ်ပတ်ဖက်တွယ်လိုက်သည်။ဧကရာဇ်၏နှုတ်ခမ်းများမှာ တွန့်ကွေးသွားလေ၏။
"ဒါပေမဲ့ မင်းရဲ့ဇနီးက ကယ်လီယန်ကို နှစ်သက်နေတာ မဟုတ်ဘူးလား။"
ဧကရာဇ်က ကျွန်မဆီသို့ ကြည့်ပြီး ပြောသည်။
"ဟုတ်တယ်မလား။"
သူ၏ ရက်စက်ကြမ်းတမ်းသော မျက်လုံးများကြောင့် ကျွန်မ မဟုတ်ပါဟု မပြောလိုက်သင့်ကြောင်း တွေးမိသည်။
"ဟုတ်ကဲ့၊ဖြစ်နိုင်ပါတယ်ရှင့်။"
"ဖြစ်နိုင်ပါတယ် ဟုတ်လား။"
အာ၊ ဒါကလေ ...
"မင်း သေချာလား။"
"ဟုတ်ကဲ့"
ဧကရာဇ်က ကျေနပ်ဝမ်းမြောက်စွာ ပြုံးလေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဆိုဗက်စ်စတာ၏မျက်နှာမှာ ရှုံ့မဲ့သွားရသည်။
"မင်းမှာ တခြားတွေးထားတာ ရှိရင် ငါ့ကို ပြောပေါ့။"
ငှက်သည် မျက်နှာကြက်တွင် ပျံဝဲနေဆဲဖြစ်သည်။အရောင် ငါးရောင်စပ် အမွေးအတောင်များနှင့် ထိုငှက်သည် တစ်ကြိမ် ပျံဝဲလိုက်ပြီးနောက် ရုတ်တရက် ကျွန်မရှိရာဆီသို့ တောင်ပံများကို ခတ်၍ ဆင်းလာခဲ့သည်။
"ဘုရားသခင်"
ငှက်က ကျွန်မ၏ ပေါင်ပေါ်တွင် သက်ဆင်းလိုက်၏။
ဒါ ... ဒါက ဘာလဲ။
ကျွန်မ စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံး လှိမ့်လိုက်မိသည်။
"ငါ့ရဲ့ကလေးတွေကလဲ မင်းကို သဘောကျတဲ့ပုံပဲ။"
ဧကရာဇ်က ကျယ်လောင်စွာ ရယ်ပြီး ပြောလာခဲ့သည်။
အာ
ဧကရာဇ်၏ မျက်လုံးထဲတွင် ကျွန်မ စာမေးပွဲ အောင်သွားပြီဖြစ်၍ ကျွန်မ ပျော်ရွှင်သွားပြီး အများကြီး ပြုံးမိလေသည်။
ထို့ကြောင့် ကျွန်မကို ဆိုဗက်စ်စတာက ဒေါသထွက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်ကို လုံးဝ သတိမထားလိုက်မိချေ။
TK Team
++++++++