ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၀)
"..."
ကျွန်မ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
နင်က ငါ ဖလဲရ်ကို စော်ကားတယ်လို့ ပြောနေတာ၊ဟုတ်တယ်မလား။ဒါပေမဲ့ ဒီနေ့ ငါ ဖလဲရ်ကို အခုမှ ပထမဆုံး မြင်ရတာလေ။
ဒီလို ရူးချင်စရာကောင်းတဲ့ အခြေအနေက ဘာကြီးလဲ။
ကျွန်မ၏ သွေးများ ဆောင့်တက်လာသည်။ကျွန်မ၏ လည်ပင်းကို အနောက်ဖက်မှ တင်းတင်းကြပ်ကြပ် ဆောင့်ဆွဲနေသလိုပင်။
အာ ၊နင်က မျက်လုံးလေး မှိတ်ပြီး ငါ ရိုက်လာတာကို စောင့်နေတာပေါ့။ဒါပေမဲ့ ငါ ဒီလို မလုပ်ဘူး။ငါ ဒီနေရာမှာ ဖလဲရ်ကို ရိုက်လိုက်ရင် ငါနဲ့ အိမ်ရှေ့စံမင်းသားကြား ဆက်ဆံရေးက အရင်လို ဝေးကွာသွားလိမ့်မယ်။
ငါ ဒီအတိုင်း ထွက်သွားရင်ရော။ ပိုဆိုးသွားမယ် ထင်တယ်။
တစ်နည်းနည်းနဲ့ ဒီအခြေအနေကို ကျော်ဖြတ်ရမယ်။
ကျွန်မသည် သူမ အိမ်ရှေ့စံမင်းသားအား လိမ်လည် တိုင်ကြားမည်ကို စိုးရိမ်နေခဲ့သည်။သို့သော် ထိုအစား သူမက ဤနေရာတွင် ကျွန်မကို ဒုက္ခပေးရန် ကြိုးစားသည်။ဖလဲရ်၏ အစီအစဥ်အတွက် လက်ခုပ်ဩဘာ ချီးမြှင့်သင့်သည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
"ရှင်က ဖလဲရ်ကို ဘယ်လို ပြောဆိုပြီး ငိုအောင် လုပ်လိုက်ရတာလဲ။ကျွန်မကို ပြော။အားလုံးရဲ့ အရှေ့မှာ ကျွန်မကို ပြောပြစမ်းပါ။"
အမှန်တကယ်ပင် ဆန်စေ့နှင့် တူသည့်အပြင် အလွန် ဆူညံလွန်းသည်။ယခု ကျွန်မ အကြောင်းပြချက်တစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ ဘာမှ မပြောခဲ့ရပါဘူး။ကောင့်မြို့စားကတော်က ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ ကျွန်မ တကယ်ကို မသိတာပါ။"
"ရှင် ဘာမှ မပြောဘူးလား။"
မြို့စားမင်းကြီးကတော်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
"ဖလဲရ်၊ ပြောလိုက်။"
မျက်ရည်လည်ရွဲ ဖြစ်နေသော ဖလဲရ်သည် မျက်ရည်များကို သူမ၏ လက်ဖမိုးဖြင့် သုတ်လိုက်သည်။
"မြို့စားမင်းကြီးကတော်ရှင့်။ မြို့စားကြီးကတော်က ကျွန်မကို ကျွန်မအဆင့်ကို ကောင်းကောင်းသိဖို့ တစ်ခုပဲ ပြောခဲ့တာပါ။"
ဟေး ၊နင်က တော်တော် ယုတ်မာတဲ့ အရူးမပဲ။
"ဒါက မမှားပါဘူးရှင်။မြို့စားကြီးကတော် ပြောသလိုပါပဲ ကျွန်မလို အဆင့်နိမ့်ပြီး ကျေးဇူးမသိတတ်တဲ့ မိန်းမက အိမ်ရှေ့စံ အရှင့်သားနဲ့ အတူရှိရင် ..."
နင် စိတ်လွတ်သွားပြီလား ဟင်။
ကျွန်မမှာ ပါးစပ်ပင် ပြန် မပိတ်နိုင်သည်အထိ ဖြစ်သွားရသည်။
နင်က မျက်တောင် တစ်ချက်မခတ်ဘဲ ဘယ်လိုတောင် လိမ်ပြောနိုင်ရတာလဲ။အား... သွေးတိုးလာပြီ။ငါ့ ကုပ်ပိုးက။
"အိုး၊ဘုရားရေ ...ရှင်က ဒီလို ရက်စက်တဲ့စကားကို ပြောနိုင်လိုက်တာများ။"
"ကောင့်မြို့စားကတော်ခမျာ သနားစရာကောင်းလိုက်တာနော်။"
ကျွန်မအပေါ် တရားမျှတမှု မရှိသည့်တိုင် လူတွေက ဖလဲရ်၏စကားကိုသာ ယုံကြည်ကြသည်။အားနည်း သေးသွယ်ပြီး မျက်ရည်ကျရင်း စကားပြောနေသည့် ဖလဲရ်ကို မယုံကြည်မှသာ ပို၍ ထူးဆန်းပါဦးမည်။
"ငါ့ကို ရူးအောင် လုပ်နေကြတာပဲ။"
ကျွန်မ ဆံပင်ကို သပ်တင်လိုက်ပြီး မျက်လုံးလှိမ့်လိုက်မိသည်။
အား
စကားပြောနေသောသူများ ပါးစပ်ပိတ်သွားသည်။
"ကောင့်မြို့စားကတော်၊ ကျွန်မက ဒီလိုမျိုး ပြောခဲ့ပါတယ်ဆိုတဲ့ သက်သေ ရှင့်မှာ ရှိလား။"
ကျွန်မ ဖလဲရ်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
မျက်ရည်များ ကျဆင်းနေသော ဖလဲရ်သည် ခိုးကြောင်ခိုးဝှက်ဖြင့် ကျွန်မ၏ အကြည့်ကို ရှောင်လိုက်သည်။သူမက အခြေအနေမကောင်းဟု တွေးနေပုံရသည်။
"မြို့စားမင်းကြီးကတော်၊ ရှင့်မှာ သက်သေ မရှိဘဲနဲ့ ကျွန်မက ကောင့်မြို့စားကတော်ကို စော်ကားပြောဆိုတယ် ဆိုတဲ့ စကားကို ယုံကြည်ပေးလိုက်တာပဲလား။"
ဤအချိန်တွင် ကျွန််မ မြို့စားမင်းကြီးကို ကြည့်လိုက်သည်။
"ဒါက မြို့စားမင်းကြီး ရှေ့တန်းတင်နေကျ တရားမျှတမှုရဲ့ တန်ဖိုး ဆိုတာပါလား။"
မြို့စားမင်းကြီးကတော်၏ မျက်နှာမှာ ရှုံ့တွသွားတော့သည်။
"ရှင်က မြို့စားမင်းကြီးရဲ့ တန်ဖိုးကို အခုမှ ဆွေးနွေးချင်နေတာလား။"
"ကျွန်မ ဒီအတိုင်း ပြောလိုက်ရုံပါ။မြို့စားမင်းကြီး အဓိပ္ပါယ်ဖွင့်နေကျအတိုင်း ပြောရမယ်ဆိုရင် ဘယ်ကိစ္စမှာမဆို ရှင်းလင်းသိသာတဲ့ သက်သေတစ်ခုခု ရှိဖို့ လိုပါတယ်။ဒါပေမဲ့ အခု ဒါကို ကြည့်လိုက်ပါဦး။သက်သေ မယ်မယ်ရရ မရှိဘဲနဲ့ ကျွန်မကို ချောက်ချချင်နေတာ မဟုတ်ပါလား။"
"ရှင် တကယ် စိတ်လွတ်နေပြီပဲ..."
မြို့စားမင်းကြီးကတော်သည် ကျွန်မကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။သို့သော် ကျွန်မမှာ ယုံကြည်မှု အပြည့်ရှိသည်။ကျွန််မ ဖလဲရ်ကို ထိုသို့ တစ်ခါမှ မပြောဖူးပေ။ထို့အပြင် ဖလဲရ်တွင်လည်း ပြစရာ သက်သေမရှိပေ။ထိုကိစ္စနှင့် ပတ်သက်၍ ထွေထွေထူးထူး ပြောစရာမရှိပေ။
လူများက ခိုးကြောင်ခိုးဝှက်နှင့် တီးတိုးပြောနေသောကြောင့် ဖြစ်မည်။ကျွန်မ ပြောသောစကားများက မမှားပေ။သို့သော် ...
"မြို့စားမင်းကြီးကတော် ၊ ဒါက ကျွန်မ အမှားပါ။ကျွန်မ တောင်းပန်ပါတယ်ရှင်။"
ရုတ်တရက် ဖလဲရ်က ဒူးထောက်လိုက်လေရာ လေထုတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"ဒါက မှန်ပါတယ်။မြို့စားကြီးကတော်က ကျွန်မကို ဘာတစ်ခုမှ မပြောခဲ့ပါဘူး။ကျွန်မ အရာအားလုံးကို မေ့သွားမှာပါ။မြို့စားကြီးကတော်က ကျွန်မကို ရိုက်ဖို့ ကြိုးစားတဲ့ ကိစ္စအားလုံးရယ်၊သူမရဲ့ စကားတွေနဲ့ အနိုင်ကျင့်ပြီး အထင်အမြင်သေးခဲ့တာတွေရယ် အကုန် မေ့သွားမှာပါ။"
ဒူးထောက်ရင်း မျက်ရည်ကျနေသော ဖလဲရ်သည် အမှန်တကယ်ပင် သနားစရာ ပုံစံ ဖြစ်နေပါ၏။
"ကျွန်မက အဆင်ပြေပါတယ်။တစ်ခါ၊နှစ်ခါ လဲ မဟုတ်တော့ဘူးလေ။ဘာမှ မဖြစ်ခဲ့ဖူးသလို တွေးပြီး ကျွန်မ မေ့ပစ်လိုက်ပါ့မယ်။"
ဖလဲရ် ပြော၍ ပြီးသွားသည်နှင့် လူများက ကျွန်မကို လက်ညှိုးငေါက်ငေါက် ထိုးလာကြတော့သည်။ယုတ်မာသော မိန်းမ၊ကြမ်းတမ်းရက်စက်သော မိန်းမ၊မိုးကောင်းကင်က အပြစ်ပေးခြင်းကို ခံရမည့် မိန်းမ စသဖြင့်။အဆိုပါ ဆိုးရွားသော စကားလုံးများက ကျွန်မကို တရိပ်ရိပ် မူးဝေလာစေခဲ့သည်။
ငါ ရူးတော့မယ်။
ကျွန်မမှာ ဒေါသဖြစ်ရလွန်းသဖြင့် သေတော့မည်ဟု ခံစားနေရသည်။ကျွန်မ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီလာသည်။
အား
ငါ အသက်ကောင်းကောင်း ရှူလို့ မရဘူး။ဘုရားသခင်၊ကျွန်မ ဒီလို စိတ်ပျက်စရာ အခြေအနေကြီးကို ဘယ်လို ဖြေရှင်းနိုင်မလဲ။
"မြို့စားကြီးကတော်၊ရှင် အခုထိ မတောင်းပန်သေးဘူးလား။"
မြို့စားမင်းကြီးကတော်က ကျွန်မကို အော်လိုက်သည်။
"ဘယ်အချိန်ထိ အရှက်အကြောက်မရှိဘဲ နေနေဦးမှာလဲ။ကျွန်မက အကြီးအကဲတစ်ယောက် အနေနဲ့ ရှင့်ကို လမ်းညွှန်ပေးနေတာတောင် ရှင်က ဒါကို မလုပ်တာလား။"
"ဒါက ဘာဖြစ်လို့ ကျွန်မက ..."
ထို့နောက်တွင် ကျွန်မ၏နှလုံးသားထဲမှ တစ်စုံတစ်ရာက ဆူကွက်လာသည်ကို ခံစားရသည်။အစက ဒီအတိုင်း ဒေါသထွက်နေသည်ဟု ကျွန်မ ထင်ခဲ့သည်။သို့သော် ၎င်းက ဒေါသထွက်သည်နှင့် အလွန်ကွာခြားသည်။၎င်းက ...
မှော်နက်အစွမ်းလား။
ဝူးးး
အနက်ရောင်စွမ်းအင်များသည် ကျွန်မ၏ လက်များ၊ခြေထောက်များကို ဖြတ်သန်း၍ စီးဆင်းစ ပြုလာသည်။
"အား"
"ဘာ...ဘာကြီးလဲ"
ကျွန်မထံမှ ထွက်လာသော အနက်ရောင်စွမ်းအင်များသည် ကြမ်းပြင်တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။လူများက ကြောက်လန့်တကြားနှင့် ကျွန်မ၏အဝေးကို ထွက်ပြေးရင်း အလုပ်များနေကြလေသည်။
"ရှင်က ကျွန်မရဲ့ရှေ့မှာ မှော်နက်သုံးရဲတယ်ပေါ့။ရူးနေပြီ။ရှင် စိတ်လွတ်သွားပြီပဲ။"
၎င်းက ကျွန်မ၏ဆန္ဒ မပါပေ။ ကျွန်မ ထိုသို့ ပြောလိုက်ချင်သော်လည်း မပြောနိုင်ခဲ့ပေ။အနက်ရောင် စွမ်းအင်များသည် ကျွန်မ၏လည်ပင်းတစ်ခုလုံး မြုပ်သည်အထိ ထွက်လာသောကြောင့် ဖြစ်၏။ကျွန်မ၏ မေးရိုးကိုလည်း ဖျစ်ညှစ်ခံထားရသည်။တစ်ခြားဖက်တွင် ကျွန်မ၏ နှလုံးသားကို ဖောက်ထုတ်၍ ဆွဲဖြဲပစ်လိုက်သလို ခံစားနေရသည်။
ပူထူနေသော ခေါင်းမှာ တဖြည်းဖြည်း အပူကျဆင်းလာခဲ့သည်။
ဒါဆို ဒါက မှော်နက်ပေါ့။
အား
ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ်ကို ကွေးညွှတ်ထားမိသည်။အလွန်အကျွံ စီးဆင်းနေသော အနက်ရောင်စွမ်းအင်များက ကျွန်မဆီသို့ ချက်ချင်း စုဝေးရောက်ရှိလာခဲ့သည်။ကျွန်မ အလျင်အမြန် ထရပ်လိုက်မိသည်။ကျွန်မ၏ လက်နှစ်ဖက်လုံးတွင် အနက်ရောင်စွမ်းအင်များက ပြည့်နှက်နေသည်။
"ဟူး..."
ကျွန်မ အသက်ဝဝ ရှူလိုက်ရသည်။
ထို့နောက် ကျွန်မသည် ဒူးထောက်ထိုင်နေဆဲ ဖြစ်သော ဖလဲရ်ကို ကြည့်လိုက်သည်။သူမ၏ မျက်နှာမှာ ပြာနှမ်းနေသည်။အကယ်၍ ကျွန်မသာ ဤနေရာတွင် သူမအပေါ် မှော်နက် အသုံးပြုလိုက်လျှင် ဘာဖြစ်မည်နည်း။အဆိုပါ ကျိုးပဲ့ပျက်စီးလွယ်သော မိန်းမသည် မည်သို့ ဖြစ်သွားမည်နည်း။
ငါ လုပ်သင့်လား။
ငါ ဒါကို ကြိုးစားကြည့်သင့်လား။
ကျွန်မသည် ကိုယ့်ကိုကိုယ် သတိမထားလိုက်မိဘဲ ဖလဲရ်ဆီသို့ တဖြည်းဖြည်း လက်လှမ်းလိုက်မိသည်။
"မြို့စားကြီးကတော်၊ရပ်လိုက်ပါတော့။"
"အား"
ထို့နောက်တွင်
"အိုဖီလီယာ!"
တစ်စုံတစ်ယောက်က ကျွန်မ၏လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။ထိုသူမှာ ဆိုဗက်စ်စတာဖြစ်သည်။ဆိုဗက်စ်စတာ၏ လက်က ကျွန်မကို ထိလိုက်သည်နှင့် အနက်ရောင်စွမ်းအင်များ ပျောက်ကွယ်သွားသည်ကို ကျွန်မ ခံစားမိလိုက်သည်။ကျွန်မ အခု ဘာတွေ တွေးနေခဲ့ပါသနည်း။ကျွန်မကိုယ် ကျွန်မ နားမလည်နိုင် ဖြစ်နေရာ ကျွန်မမှာ ငေးကြောင်ကြောင် ပုံစံဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ဆိုဗက်စ်စတာ၏ မျက်နှာမှာ တွန့်ရှုံ့နေသည့် အသွင် ဖြစ်နေသည်။
"မင်း စိတ်လွတ်သွားပြီလား။မင်းက ဒီနေရာမှာ မှော်နက်သုံးမလို့ လုပ်နေတယ်ပေါ့။"
"ကျွန်မရဲ့ ဆန္ဒ မပါဘူး။"
ဆိုဗက်စ်စတာသည် သံသယဝင်နေသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်လာသည်။ထို့နောက် သူက သက်ပြင်းချလိုက်ပြီး ကျွန်မကို သူ၏ခန္ဓာကိုယ် နောက်ကျောဘက်သို့ ပုန်းနေစေခဲ့သည်။
"ဘာဖြစ်သွားတာလဲ။"
သူက မြို့စားမင်းကြီးကတော်ကို စကားပြောလိုက်သည်။သူက ပြန်ဖြေသည်ကို စောင့်နေချိန်တွင် မြို့စားမင်းကြီးကတော်က အော်ဟစ်လိုက်သည်။
"ဘာဖြစ်ရမှာလဲ။ရှင် မမြင်ဘူးလား။စုန်းမက မှော်နက်ကို သုံးနေတာလေ။ရှင် အကုန်လုံး မြင်လိုက်ရတယ်လေ၊ဟုတ်တယ်မလား။"
သူမက လူများဆီသို့ လက်များကို အကျယ်ကြီး ဖွင့်ပြ၍ ပြောလိုက်သည်။လူတိုင်းက သူမ၏ စကားကို လက်ခံကြသည်။
"အမှန်ပဲ၊မြို့စားကြီးကတော် မှော်နက်သုံးနေတာကို ကျွန်မ မြင်လိုက်တယ်။"
"စွမ်းအားတွေက ကျွန်မဆီကိုလဲ ရောက်လာတယ်။ကြောက်စရာကြီး။"
ဆိုဗက်စ်စတာက နဖူးကြောများကို တွန့်လိုက်သည်။
"ကျွန်တော် ဒါကို သိတယ်။"
သူက ပြောရင်း ကျွန်မကို သူ့ခန္ဓာကိုယ်နောက်တွင် အသေအချာ ပုန်းကွယ်နေစေလိုက်သည်။
"ဘာဖြစ်သွားတာလဲလို့ ကျွန်တော် မေးရတာက အိုဖီလီယာကို မှော်နက်ထုတ်သုံးလာအောင် ဘာက လုပ်လိုက်တာလဲလို့ ဆိုလိုတာပဲ။"
"ကျွန်မမှာ ပြောစရာ အများကြီး ရှိတယ်။"
မြို့စားမင်းကြီးကတော်က ဆက်ပြောသည်။
"ဒီနေ့ မြို့စားကြီးကတော်က ကောင့်မြို့စားကတော်ကို အများကြီး အနိုင်ကျင့်ခဲ့ပါတယ်။ဒါကြောင့် ကျွန်မက သူမကို ဆူပူကြိမ်းမောင်းနေတာပဲ။မြို့စားကြီး ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ပါဘူး။ဒါက ကတော်တွေ ကြားထဲက ပြဿနာပါ။"
ဆိုဗက်စ်စတာက နောက်လှည့်၍ ကျွန်မကို ကြည့်လာသည်။
ကျွန်မ မဟုတ်ပါဘူး။ ဒါက အမှန်မဟုတ်ဘူး။
ကျွန်မ မကျေမချမ်း ဖြစ်နေသဖြင့် ခေါင်းကို ခါပြလိုက်သည်။ဆိုဗက်စ်စတာက ရှေ့သို့ ပြန်လှည့်သွားပြန်သည်။
"ခင်ဗျားက ဒီနေ့လို့ ပြောခဲ့တာနော်။"
"အမှန်ပဲ"
"ပြောရတာ ထူးဆန်းလိုက်တာ။ကျွန်တော့်ဇနီးနှင့် ကျွန်တော်က ဒီနေ့တစ်နေကုန် အတူရှိနေကြတာပါ။"
"ဘာ"
မြို့စားမင်းကြီးကတော်၏ မျက်လုံးများမှာ တုန်ယင်သွားသည်။
"ဒါပေမဲ့ ဖလဲရ်က ..."
သူမက ဖလဲရ်ကို ငုံ့ကြည့်လိုက်သည်။ဖလဲရ်ကတော့ မြေကြီးထဲ နစ်ဝင်မတတ် ခေါင်းငုံ့ထားလေသည်။
"ကျွန်တော်က လိမ်ပြောနေတဲ့ ပုံစံ ဖြစ်နေလို့လား။"
ဆိုဗက်စ်စတာက မေးသည်။
မြို့စားမင်းကြီးကတော်မှာ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားခဲ့သည်။သူမက ဖလဲရ်အတွက် ယခုထက်ပို၍ ခုခံပြောဆိုပေးနေလျှင် မြို့စားကြီး၏ စကားကို သူမက သံသယဝင်သလို ဖြစ်သွားလိမ့်မည်။ထိုအခါ ဤကိစ္စမှာ ကတော်တွေ ကြားထဲက ဇာတ်လမ်းတစ်ခု ဆက်မဖြစ်နိုင်တော့ပေ။
၎င်းက မိသားစုကြားမှ ပြဿနာတစ်ခု ဖြစ်သွားလိမ့်မည်။
"မှန်ပါတယ်။ရှင်က ဒီလို မပြောလောက်ပါဘူး။"
ထို့ကြောင့် မြို့စားမင်းကြီးကတော်မှာ ရွေးချယ်စရာ မရှိတော့ဘဲ အမြီးကုပ်သွားတော့သည်။
"ဖလဲရ်၊ အခု ထတော့။"
သူမက ဖလဲရ်ဆီသို့ လက်ကမ်းပေးလိုက်သည်။ဖလဲရ်သည် ကြေကွဲစွာဖြင့် သူမ၏လက်ကို ဆန့်လိုက်ပြီး မြို့စားမင်းကြီးကတော်၏ လက်ကို လှမ်းဆွဲလိုက်သည်။သူမ ထလာသည်ကို မြင်ရသည်မှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းနေလေရာ လူတိုင်းက သူမအပေါ် ဂရုဏာသက်လာသည် အထိပင်။
သူမက သရုပ်ဆောင်တဲ့နေရာမှာ နတ်ဘုရားအဆင့်ပဲ။
ကျွန်မ သူမကို တစ်ချက်လောက် ဒုက္ခမပေးလိုက်မိသဖြင့် စိတ်မကောင်းဖြစ်နေမိသည်။သို့သော် အိမ်ရှေ့စံမင်းသားနှင့် ကျွန်မကြားရှိ ဆက်ဆံရေးအကြောင်းကို စဥ်းစားကြည့်လျှင် ဤသို့ လုပ်ခဲ့သည်ကသာ အကောင်းဆုံးဖြစ်သည်။ထို့အပြင် ဆိုဗက်စ်စတာကလည်း ရှေ့ထွက်လာခဲ့သဖြင့် အချိန်အတော်ကြာသည်အထိ ဖလဲရ် ငြိမ်သက်နေလိမ့်မည်။
ဒီငတုံးလေး
သူ ကျွန်မကို ထပ်ပြီး ကူညီခဲ့ပြန်သည်။
ကျွန်မသည် အားပေးနှစ်သိမ့်သည့် အထိမ်းအမှတ်အနေဖြင့် ဆိုဗက်စ်စတာ၏ပခုံးကို တဖတ်ဖတ်နှင့် ပုတ်ပေးလိုက်သည်။
"ကိုယ့်ကို မရိုက်နဲ့။ကိုယ် စိတ်တိုနေတယ်။"
အင်း
ဆိုဗက်စ်စတာက ထိုကဲ့သို့ ငတုံးလေးပင်။ကျွန်မ၏လက်များကို သူ့အပေါ်မှ ဖယ်ပေးလိုက်သည်။
"မြို့စားကြီးကတော်"
မြို့စားမင်းကြီးကတော်က ကျွန်မကို ခေါ်လိုက်သည်။ကျွန်မ ခေါင်းကို လှည့်လိုက်ပြီး မြို့စားမင်းကြီးကတော်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
"ကျွန်မတို့က ဒီလောက်နဲ့ မေ့ပစ်ပေးလိုက်မယ်ဆိုပြီး ရှင် မထင်ထားဖို့ ကျွန်မ မျှော်လင့်တယ်။"
သူမက စကားလုံး တစ်လုံးစီကို မာန်အပြည့်နှင့် ပြောသည်။
"ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက ခံစားရတဲ့အတိုင်း တစ်ထပ်တည်း ပြန်ပေးတတ်တဲ့ လူမျိုး ဖြစ်နေလို့ပဲ။"
ထို့နောက် သူမက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး တခြားဖက်သို့ ထွက်သွားခဲ့သည်။
မြို့စားမင်းကြီးကတော်၏ နောက်ကျောဖက်ကို ကြည့်နေရင်း ကျွန်မ တွေးနေမိသည်။
ငါလဲ အတူတူပဲ။
ဒီတစ်ကြိမ်တော့ ငါ ခံစားပေးလိုက်ဦးမယ်။ဒါပေမဲ့ နောက်ထပ် တစ်ကြိမ် ထပ်မရှိစေရတော့ဘူး။ ဖလဲရ်၊ငါ အခိုင်အမာ ဆုံးဖြတ်ထားလိုက်ပြီ။
TK Team
++++++++