Chapter 38
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၈)


နဂါးလက်သည်း



၎င်းမှာ မူလဇာတ်ကြောင်းတွင် ထွက်ပေါ်လာခဲ့သော အရာတစ်ခု ဖြစ်သည်။ဖလဲရ်မှ တစ်ဆင့် အိမ်ရှေ့စံမင်းသားသည် ကြေးစားစစ်သည် အဖွဲ့အစည်းနှင့် ပတ်သက်ခဲ့ရပြီး နဂါးများ ကျက်စားနေထိုင်ရာ နေရာသို့ သွားခဲ့သည့် ကြေးစားစစ်သားတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။နဂါးများ ကျက်စားနေထိုင်ရာ နေရာသို့ ရောက်ခဲ့သည်ကို သက်သေပြသည့်အနေဖြင့် ထို စစ်သားက နဂါးလက်သည်းများကို ထုတ်ပြလာခဲ့သည်။



အိမ်ရှေ့စံမင်းသား၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပသွားခဲ့သည်။သူက ဧကရာဇ်ကို လှည့်စားရန် သက်သေတစ်ခု အနေဖြင့် ၎င်းကို အသုံးပြုနိုင်မည်ဟု ယုံကြည်ထားသည်။



အိမ်ရှေ့စံမင်းသားက နဂါးလက်သည်းကို ဝယ်ယူခဲ့သည့်တိုင်၊ အရင်က သူသည် နဂါးများ ကျက်စားနေထိုင်ရာ နေရာသို့ သွားခဲ့ပြီး ထိုအခါက နဂါးလက်သည်း ရရှိလာသည်ဟု ဧကရာဇ်ကို လိမ်လည်လိုက်သည်။နဂါးများ ကျက်စားရာ နေရာသို့ သွားရောက်နိုင်ရန် အလွန်တရာ ကြီးမားသောသတ္တိနှင့် ခွန်အားတို့ လိုအပ်သည် ဖြစ်ရာ ဧကရာဇ်သည် ကြီးမားစွာ ကျေနပ်ပီတိ ဖြစ်ရပြီး အိမ်ရှေ့စံမင်းသား၏ ရဲရင့်မှုကို ချီးမွမ်းခဲ့သည်။ရလဒ်အနေဖြင့် အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကို ပိုရရှိလာလေသည်။



ငါလည်း ဒီလိုအရာကို ဒီအတိုင်း ပေးလိုက်ဖို့ စိတ်ကူး မရှိဘူး။



နဂါးလက်သည်းကို ယခုကဲ့သို့ အသုံးပြုလိုက်ခြင်းက ဖြုန်းတီးရာရောက်သည်ဟု အိုဖီလီယာ ခံစားမိသည်။မည်သို့ပင် ဖြစ်စေ ဧကရာဇ်သည် အစပိုင်း၌သာ အံ့ဩတကြီး ဖြစ်နေခဲ့ပြီး နောက်ပိုင်းတွင် နဂါးလက်သည်းကို နိုင်ငံ့ရတနာစာရင်းထဲသို့ ထည့်လိုက်ကာ ကြည့်ပင် မကြည့်တော့ပေ။ထိုထက်စာလျှင် ဤအရာကို အမှန်တကယ် လိုအပ်နေသည့် မြို့စားမင်းကြီးကို ပေးလိုက်သည်က ပို၍ ကောင်းသေးသည်။မြို့စားမင်းကြီး၏ နှစ်သက်မှုနှင့် ကျေးဇူးတင်ခံရမှုတို့ကို အပိုဆုအဖြစ် ရလာလိမ့်မည်။



ထိုသို့ တမျှော်တခေါ် တွေးနေပြီးမှ သူမကို ရွှန်းလဲ့စွာ ကြည့်နေသော မြို့စားမင်းကြီးထံသို့ ပြောလိုက်သည်။



"ကျွန်မရဲ့ အိမ်မှာ သီယိုဆိုတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။သူက နောက်ဖေးလမ်းကြားမှာ နေခဲ့ပြီးတော့ နဂါးတွေ ကျက်စားတဲ့နေရာကို သွားတတ်တဲ့ ကြေးစားစစ်သားတစ်ယောက်နဲ့ ရင်းနှီးခဲ့တာလား ကျွန်မလဲ မသေချာပါဘူး။ဒါကြောင့် ကျွန်မ သူနဲ့ တစ်ကြိမ် တွေ့ဆုံခဲ့ချိန်မှာ သူက ကျွန်မကို နဂါးလက်သည်းအကြောင်း ထုတ်ပြောလာပါတယ်။"



ဆိုဗက်စ်စတာ၏မျက်ခုံးများ မြင့်တက်သွားသည်။



သူမက သီယိုနဲ့ ဒီလိုမျိုး စကားစမြည် ပြောခဲ့သေးတာလား။



သူ သံသယဖြစ်လာမိသည်။သို့သော် အိုဖီလီယာက ယုံကြည်မှုအပြည့် ရှိနေသည်။သူမက ထိုအကြောင်းကို သီယိုထံ ကြိုတင်ပြောထားပြီးသား ဖြစ်၍ပင်။



သူတို့ မေးရင် ငါက နဂါးလက်သည်းအကြောင်းကို နင့်ဆီကနေ သိလာတာလို့ ဖြေရမယ်နော်။ဟုတ်ပြီလား။



ဟုတ်ကဲ့၊မစိုးရိမ်ပါနဲ့။ကျွန်တော်က လိမ်ပြောတဲ့နေရာမှာ တော်ပါတယ်။



သီယို၏ ချစ်စဖွယ် အဖြေစကားကြောင့် အိုဖီလီယာ ပြုံးလိုက်မိသည်။ထို့နောက် သူမက ဆက်ပြောသည်။



"ကျွန်မ တွေးလိုက်မိပါတယ်။အိုး ၊ကျွန်မသာ ဒီလိုအရာကို ပေးလိုက်ရင် အရှင်မြို့စားမင်းကြီးက အရမ်းပျော်သွားမှာပဲလို့။ဒါကြောင့် ကျွန်မက ဒီလက်သည်းကို ဝယ်ဖို့ ပိုက်ဆံအများကြီး သုံးလိုက်ပါတယ်။"



သူမက အပြုံးလေးတစ်ပွင့်ဖြင့် စကားကို အဆုံးသတ်လိုက်သည်။မြို့စားမင်းကြီးမှာ မျက်ရည်များပင် ဝဲလာတော့သည်။



"မင်းက ငါ့အတွက် ဒီလောက်အထိ တွေးပေးတာပဲ။"



မြို့စားမင်းကြီးက နဂါးလက်သည်း ထည့်ထားသော သေတ္တာကို ပွေ့ပိုက်ထားလိုက်ပြီး ရင်ထဲတွင် အလွန်ခံစားသွားရသည့် ပုံစံ ဖြစ်နေသည်။



"ငါ ဒါကို ယူလိုက်မယ်။မင်းကို ကျေးဇူးအများကြီး တင်တယ်။ငါက မင်းအပေါ် နားလည်မှု လွဲမှားသွားတယ်လို့ ထင်တယ်။"



"အရင်တုန်းက ကျွန်မ အမှားတွေ လုပ်ခဲ့မိပါတယ်။ဒါပေမဲ့ နောက်ထပ် ဒီလို မဖြစ်စေရဘူးလို့ ကျွန်မ ကတိပေးပါတယ်ရှင်။"



"မင်းက အရမ်း ရင့်ကျက်လာပြီဆိုတာ ငါ မယုံနိုင်ဘူး။"



မြို့စားမင်းကြီးသည် အလွန် အံ့ဩနေပါ၏။သူသည်
အိုဖီလီယာထံမှ ဤသို့ အဖိုးထိုက်တန်သော လက်ဆောင်ရခဲ့သဖြင့် အံ့ဩဝမ်းသာမိသည်။သို့သော် သူမက ဤမျှ ရင့်ကျက်သော စိတ်သဘောထားကို ပြသလာမည်ဟု သူ မသိခဲ့ပေ။သူက အိုဖီလီယာကို မှားယွင်းပြီး သိနေခဲ့သည်ဟု ထင်ခဲ့သည်။ 



သို့သော် မည်သို့ပင် ဖြစ်စေကာမူ



"ကျေးဇူးပါ၊ကျေးဇူးပါ။"



မြို့စားမင်းကြီးသည် သူ၏ ကျေးဇူးတင်မှုကို ထပ်ပြီး ဖော်ပြလာပြန်သည်။



"ဒါပေမဲ့ ငါက ဒါကို ဒီအတိုင်း လက်ခံလိုက်လို့ မရဘူးလေ။ငါ မင်းအတွက် တစ်ခုခု ပြန်လုပ်ပေးချင်တယ်။"



"မလိုပါဘူးရှင်၊ဘယ်အရာပဲဖြစ်ဖြစ် လက်ခံဖို့က ကျွန်မအတွက် များလွန်းနေပါပြီ။"



မြို့စားမင်းကြီးမှာ အလွန် အံ့အားသင့်သွားသည်။



"ဒါက တကယ့် အိုဖီလီယာ ရိုင်ဇန်ရော ဟုတ်ရဲ့လား။ငါ မြင်နေရတာ မမှားပါဘူးနော်၊ဟုတ်တယ်မလား။"

သူက ရယ်စရာတစ်ခု ပြောလိုက်ပြီး ရယ်နေတော့သည်။ယခု သူက သူ့ကိုယ်သူ ကာကွယ်ရန် အသင့်အနေအထားကို လုံးလုံးလျားလျား လျှော့ပစ်လိုက်ပြီ ဖြစ်သည်။အိုဖီလီယာသည် ထိုကွာခြားမှုကို မလွတ်သွားပေ။



"ဒါပေမဲ့ အရှင်မြို့စားမင်းကြီးက ကျွန်မကို တစ်ခုခု ပေးရပါလိမ့်မယ်။"



မြို့စားမင်းကြီးဆီသို့ လာရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်ကို အိုဖီလီယာ ပြောလိုက်သည်။



"ကျွန်မကို စာအုပ်တစ်အုပ် ပေးပါ။ကျွန်မ အရမ်း ဖတ်ချင်နေတဲ့ စာအုပ်က ဒီနေရာမှာ ရှိပါတယ်။ဒါပေမဲ့ ကျွန်မတို့အိမ်မှာ မရှိပါဘူး။"



ဧကရီဟောင်း၏စာကို ဖွက်ထားသော စာအုပ် ဖြစ်သည်။၎င်းကို အိုဖီလီယာက လိုချင်သည်။



"မင်း လိုချင်တာကို ကိုယ် ရအောင် လုပ်ပေးနိုင်ပါတယ်။"



ထိုအချိန်တွင် ဆိုဗက်စ်စတာက ကြားဝင်နှောင့်ယှက်လိုက်သည်။



ရှင် ဘာလို့ လိုက်နှောင့်ယှက်နေရတာလဲ။ဝေးဝေးသွားနေ။



အိုဖီလီယာမှာ အနည်းငယ် ရှက်ရွံ့သွားသည်။သို့သော် သူမက ဒါကို ထုတ်မပြဘဲ ပြန်ဖြေလိုက်သည်။



"ရှင်က အလုပ်များနေတာလေ။ကျွန်မ ရှင့်ကို မခိုင်းချင်ပါဘူး။"



၎င်းက ကြင်နာသော စကားဖြစ်လေရာ မြို့စားမင်းကြီးမှာ ပို၍ပင် အံ့ဩသွားရသည်။သူသည် အခြားသူများထက် စာလျှင် ဆိုဗက်စ်စတာနှင့် အိုဖီလီယာ၏ ဆိုးရွားသော ဆက်ဆံရေးအကြောင်း ပိုသိထားသည်။



ရင်ထဲမှာ ခံစားပြီးရင်း ခံစားနေရပြီ။



မြို့စားမင်းကြီးမှာ သူ့နှလုံးသားထဲတွင် နွေးထွေးလာသည်ဟု ခံစားလာရသည်။



"အိုး ၊မင်းက အများကြီး ပြောင်းလဲသွားတယ်။တကယ်ကို အများကြီး ပြောင်းလဲသွားတာပဲ။ကောင်းလိုက်တဲ့ တိုးတက်မှုပါလား။"



သူက အိုဖီလီယာကို နွေးထွေးစွာ ကြည့်လိုက်သည်။



"မင်း လိုချင်သလောက် ယူသွားချေ။မင်း ၁၀အုပ် ယူ ၊မဟုတ်သေးဘူး၊ စာအုပ် ၁၀၀ ယူသွားလိုက်။"



"ဒီလို ပြောပေးလို့ ကျေးဇူးပါရှင့်။ကျွန်မအတွက် စာအုပ်တစ်အုပ်ဆို လုံလောက်ပါပြီ။"



ပြုံးလိုက်သည်။အိုဖီလီယာသည် သူမ၏ နှုတ်ခမ်းများကို ထိန်းမထားနိုင်ပဲ အပြုံးကြီး ပြုံးနေမိသည်။လုံလောက်ပြီ ဖြစ်၏။ သူမက မြို့စားမင်းကြီး၏ နှလုံးသားကို ရရှိခဲ့သလို ဧကရီဟောင်း၏ စာကိုလည်း ရယူနိုင်ပြီ ဖြစ်သည်။ယနေ့ လာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်ကို ပြီးမြောက် အောင်မြင်နိုင်ခဲ့သည်။ ထို့ကြောင့် အိုဖီလီယာမှာ ခံစားချက် ကောင်းနေလေ၏။



သို့တိုင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက် ရောက်လာသည်။



"မြို့စားကြီးကတော်!"



ရုတ်တရက် တံခါးပွင့်သွားပြီး တစ်စုံတစ်ယောက်က အသည်းအသန် ဝင်လာခဲ့သည်။သူမ ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်လိုက်လျှင် ...



"ရှင်က ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။ကျွန်မ ရှင့်ကို ဖိတ်တောင် မဖိတ်ထားဘူး။"



ထိုသူမှာ မြို့စားမင်းကြီးကတော် ဖြစ်သည်။



အိုဖီလီယာသည် ခံစားချက် ကင်းမဲ့နေသော ပုံစံဖြင့် မြို့စားမင်းကြီးကတော်ကို ကြည့်လိုက်သည်။ထို့နောက် ရုတ်တရက် သူမ လွှတ်ခနဲ ပြောမိသွားလေသည်။



"တကယ်ကို ဆန်စေ့နဲ့ တူတယ်။"



မြို့စားမင်းကြီးကတော်က သိပ်မကြာခင်ပဲ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မည်မှာ သဘာဝကျပါသည်။



*



"ကျစ်၊ အဲ့ဒီ နောက်ဆုံးစကားတစ်ခွန်းကို ငါ မပြောလိုက်သင့်ဘူး။"



ပန်းချီခန်းထဲမှ ကန်ထုတ်ခံလိုက်ရသဖြင့် ကျွန်မ ညည်းတွားလိုက်မိသည်။



သူက တကယ်ကြီး သွားတူနေတာကို ငါလဲ ဘယ်လိုတတ်နိုင်မှာလဲ။သိတောင် မသိလိုက်ပဲ ပါးစပ်က လွှတ်ခနဲ ထွက်သွားတယ်။



ကျွန်မ ထိုသို့ မပြောလိုက်သင့်ပေ။ဆိုဗက်စ်စတာကတော့ အထဲမှာ ကျန်နေခဲ့ပြီး ကန်ထုတ်ခံလိုက်ရသူက ကျွန်မ တစ်ယောက်တည်းသာ ဖြစ်သည်။ 



ဆိုဗက်စ်စတာကို မြို့စားမင်းကြီးကတော်က ဂရုစိုက်တာလား။



ဖြစ်နိုင်တာပဲ။



"ဘာပဲဖြစ်ဖြစ်ပါ ငါက မြို့စားမင်းကြီးရဲ့ သဘောကျတာကို ခံရတာနဲ့ကို အဆင်ပြေတယ်။"



မြို့စားမင်းကြီးသည် နဂါးလက်သည်းကို အကြိမ်များစွာ ဆေးရည်ဖော်စပ်လိမ့်မည်။ထိုအခါ သူက ကျွန်မအကြောင်း စဥ်းစားမိလိမ့်မည်။



'အိုဖီလီယာက ကြင်နာတတ်လိုက်တာ' ... ဒီလိုမျိုးပေါ့ ။



မြို့စားမင်းကြီးကတော်က ကျွန်မကို မည်သို့ပင် မကောင်းပြောနေပါစေ အဆင်ပြေလိမ့်မည်။မြို့စားမင်းကြီးကတော်နှင့် စေ့စပ်ညှိနှိုင်းနိုင်မည့် နည်းလမ်းကို ကျွန်မ မတွေးမိသည်တော့ မဟုတ်ပေ။သို့သော်လည်း အိုဖီလီယာက မြို့စားမင်းကြီးကတော်ကို ပြုလုပ်ခဲ့သည့် ကိစ္စများအား စဥ်းစားကြည့်လျှင် သူမသာ စေ့စပ်ညှိနှိုင်းရန် ပြောပြောချင်း ပါးအရိုက်ခံရဖွယ် ရှိ၏။



ထို့ကြောင့် ကျွန်မ လက်လျှော့လိုက်သည်။ ကျွန်မသည် အမြန်အဆန် လက်လျှော့တတ်သူ တစ်ယောက် ဖြစ်ပါသည်။



"ငါ စာကြည့်တိုက်ကို သွားသင့်လား။"



ထိုသို့ တွေးလိုက်ရင်း ကျွန်မသည် မြို့စားမင်းကြီး၏ စာကြည့်တိုက်သို့ သွားရန် ဟန်ပြင်လိုက်သည်။စာကြည့်တိုက်မှာ မည်သည့်နေရာတွင် ရှိမှန်း မသိရာ အစေခံများကို ဆွဲခေါ်ပြီး လမ်းကို အခါခါ မေးကြည့်ခဲ့ရသည်။အစေခံတစ်ယောက်က ကျွန်မကို လိုက်လံပို့ဆောင်ပေးမည်ဟု ပြောခဲ့သော်လည်း ကျွန်မက ငြင်းပယ်လိုက်ရသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်မ အလွန် တုန်ယင်နေသောကြောင့် ဖြစ်သည်။

ကျွန်မ သူတို့နှင့် အတူ သွားမည်ဆိုလျှင် ကျွန်မ ပိုပြီး စိတ်လှုပ်ရှားလာလိမ့်မည်ဟု ထင်သည်။ထို့ကြောင့် ကျွန်မဘာသာ စာကြည့်တိုက်ကို သွားရန် စီစဥ်လိုက်ရသည်။



"ဝါး"



မြို့စားမင်းကြီး၏ စာကြည့်တိုက်မှာ အမှန်တကယ်ပင် မတော်မတရား ကြီးမားလှသည်။ထိုသို့ ကြီးမားလှသော စာကြည့်တိုက်မှာ တော်ဝင်နန်းတော်ကဲ့သို့ နေရာမျိုး၌သာ တွေ့နိုင်လေသည်။အင်ပါယာကို တည်ထောင်သူ မိသားစုမှာ အလွန်ကွာခြားသည်ဟု ကျွန်မ သေချာသွားသည်။ကျွန်မ အံ့ဩစွာဖြင့် အထဲကို ဝင်သွားမိသည်။



"ကျွန်တော် ကူညီနိုင်တာ တစ်ခုခုများ ရှိပါသလား ခင်ဗျာ။"



ကျွန်မ အထဲ ဝင်သွားလျှင် စာကြည့်တိုက်မှူး ဖြစ်ဟန်တူသော လူတစ်ယောက်က ကျွန်မကို စကားပြောလာသည်။ထိုကဲ့သို့ ကြီးမားသော နေရာကြီးတွင် စာအုပ်တစ်အုပ်ကို ကျွန်မ တစ်ယောက်တည်း ရှာဖွေဖို့က အရမ်းများလွန်းသည်။



"ငါ စာအုပ်တစ်အုပ် ရှာချင်လို့။မြို့စားမင်းကြီးဆီက ခွင့်ပြုချက် ရလာ ပြီးပြီ။"



စာကြည့်တိုက်မှူးက ခေါင်းငြိမ့်လိုက်သည်။



"မဒမ် ဘာစာအုပ်ကို ရှာနေပါသလဲ။"



အဲ့ဒါက ...



ကျွန်မ မှတ်မိဖို့ ကြိုးစားလိုက်သည်။



"ကျိန်စာပညာရပ်အကြောင်း မိတ်ဆက်"



"ခင်ဗျာ!"



"ငါ အဲ့ဒီစာအုပ်ကို ရှာနေတာပါ။"



စာကြည့်တိုက်မှူးသည် ဖြူဖျော့နေသော မျက်နှာဖြင့် ကျွန်မကို ကြည့်ခဲ့သည်။သူ၏ မျက်လုံးညိုများမှာ အကြောက်တရားများ လျှံထွက်နေခဲ့သည်။သူက ကျွန်မက မည်သူ ဖြစ်သည်ဟု သိသွားခဲ့ပုံ ရသည်။



"မြို့ ...မြို့စားကြီးကတော် အိုဖီလီယာ ရိုင်ဇန်"



"အင်း ၊ ငါပဲ။"



ကျွန်မ ကြောက်စရာကောင်းသော မျက်နှာထားဖြင့် စာကြည့်တိုက်မှူးကို ကြည့်လိုက်သည်။



"ဒါဆို နင် ငါ့ကို စာအုပ် မြန်မြန်လေး ယူပေးလို့ ရမလား။"



"ကျ...ကျွန်တော် နားလည်ပါပြီ။"



စာကြည့်တိုက်မှူးသည် ထိုင်နေရာမှ အလျင်အမြန် ထသွားသည်။ကျွန်မ ထိုသူ၏ နောက်ကျောကို ကြည့်နေရင်း စာဖတ်ရန် ပြင်ဆင်ထားသော နေရာရှိ ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေမိသည်။



ကျိန်စာပညာရပ်အကြောင်း မိတ်ဆက်



စာအုပ်ခေါင်းစဥ်တွင် ရေးသားထားသကဲ့သို့ ထိုစာအုပ်မှာ မှော်နက်ပညာတစ်ခုဖြစ်သည့် ကျိန်စာများအကြောင်း အသေးစိတ် ရေးသားထားသည့် စာအုပ်ဖြစ်သည်။ဧကရီဟောင်းက ဤစာအုပ်ကို မြို့စားမင်းကြီးထံ လက်ဆောင်ပေးခဲ့သည်။ထိုအချိန်က သူမသည် စာကို  ဤစာအုပ်ထဲတွင် ဖွက်ထားခဲ့သည်။



သူမက ဤစာအုပ်ထဲတွင် စာကို ဖွက်ထားရသည့် အကြောင်းအရင်းမှား ရိုးရှင်းလှသည်။မြို့စားမင်းကြီးအိမ်တော်ရှိ မည်သူကမှ ဤစာအုပ်ကို ဖွင့်မည်မဟုတ်မှန်း သူမ သေချာသိသည်။မြို့စားမင်းကြီးတို့ မိသားစုကို ကုစားပေးသည့် စွမ်းရည်ပညာရှင် မိသားစုဟု ခေါ်ကြသည်။



ထို့ကြောင့် သူတို့သည် မှော်နက်ပညာကို စက်ဆုပ်ရွံရှာကြသည်။ကျိန်စာတစ်ခု ဆိုလျှင် မည်သို့ဖြစ်မည်နည်း။



သူက သည်စာအုပ်ကို ထိလိုက်ရုံဖြင့် ရွံရှာနေမည်မှာ သေချာသည်။သို့သော် ထိုစာအုပ်မှာ ဧကရီဟောင်း ပေးထားသည်ဖြစ်ရာ သူ့အနေဖြင့် လွှင့်မပစ်နိုင်ခဲ့ပေ။သူ ဆက်သိမ်းထားရပေလိမ့်မည်။ထို့ကြောင့် ဧကရီဟောင်းသည် စာကို ထိုစာအုပ်ထဲတွင် ဖွက်ခဲ့ရခြင်း ဖြစ်လေသည်။



စာတစ်စောင်က ကောင့်မြို့စားကာဒယ်လ်၏ ပန်းချီကား အနောက်တွင်၊နောက်တစ်စောင်က  စာအုပ်ကြားထဲတွင်။ဧကရီဟောင်းသည် မည်သူမျှ ရှာမတွေ့နိုင်လောက်ဟု မျှော်လင့်တကြီးဖြင့် ထိုစာကို ဖွက်ထားခဲ့ပုံ ရသည်။ထို့သို့ စဥ်းစားကြည့်ပါက စာပါ အကြောင်းအရာများမှာ အလွန် မျက်ရည်လည်ချင်စရာ ကောင်းလိမ့်မည်။



ဘာဖြစ်လို့ပါလိမ့်။



ကောင်းပြီ။ငါက သေသွားပြီးသား လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ခန့်မှန်းနိုင်မှာလဲ။



ပထမဦးဆုံး အနေဖြင့် ကျွန်မ လုပ်ရမည့် အလုပ်တာဝန်ကို အရင် ဖြေရှင်းရမည်။ကျွန်မ အပြေးအလွှား လာနေသော စာကြည့်တိုက်မှူးကို လှည့်ကြည့်လိုက်သည်။



"ဒီ...ဒီမှာပါ"



စာကြည့်တိုက်မှူးသည် ပင့်သက်ရှိုက်လိုက်ပြီး ကျွန်မကို စာအုပ်တစ်အုပ် ပေးလာသည်။ကျွန်မ စာအုပ်ကို ပေါ့ပါးစွာ ယူလိုက်သည်။



"ကျေးဇူးပါ။အခု ပြန်ပြီး အလုပ်သွားလုပ်နိုင်ပါပြီ။"



"မ...မဒမ် ဒီနေရာမှာ ကြာကြာနေဖို့ အစီအစဥ် ရှိပါသလား ခင်ဗျာ။"



"နင်က ငါကို ပြန်စေချင်ပြီလား။"



"မဟုတ်ပါဘူး။အကြာကြီး နေလို့ ရပါတယ်။မဒမ် စိတ်ကြိုက် နေချင်တဲ့အထိ နေလို့ရပါတယ် ခင်ဗျ။"



ကျွန်မ နှဖူး တွန့်လိုက်မိလျှင် စာကြည့်တိုက်မှူးက လက်ကို ခါယမ်းလိုက်ပြီး နောက်ဆုတ်သွားခဲ့သည်။သူ တဖြည်းဖြည်း အဝေးရောက်သွားသည်ကို ကျွန်မ လျစ်လျူရှုလိုက်ပြီး စာအုပ်ကိုသာ ကြည့်လိုက်သည်။စာအုပ်မှာ မည်မျှအထိ မသိကျိုးကျွံပြုခံရမှန်း မသိအောင် ဖုန် အလိမ်းလိမ်းတက်နေလေသည်။



ဟူး



ကျွန်မ ဖုန်များကို ခပ်ကြမ်းကြမ်း ခါထုတ်လိုက်ပြီး စာအုပ်ကို ဖွင့်လိုက်သည်။



ထို့နောက် စာတစ်စောင် ထွက်ကျလာလေသည်။



ငါ သိသားပဲ။



ကျွန်မ စာကို လက်မောင်းကြားထဲတွင် သေချာ ညှပ်ထားမိသည်။ယခု ကျွန်မ ဒီစာကို အိမ်ရှေ့စံမင်းသားထံ ယူသွားပါက ကျွန်မအပေါ်  နှစ်သက်မှု တိုးပွားလာအောင် လုပ်နိုင်လိမ့်မည်။

ငါ ဂိမ်းကစားနေရသလိုပဲ။နင်က သဘောမကျရင် ငါ့ကို သေဒဏ်ချလိုက်။ဒီလိုမျိုးလား။ ဟူး၊ ဒါက ငါ့ရဲ့ ကံကြမ္မာပဲ။



ကျွန်မ သက်ပြင်းချလိုက်ပြီး စာအုပ်ကို ဟန်ပြ ဖတ်ရန် လုပ်လိုက်သည်။



မဟုတ်ဘူး၊ငါ ဒီစာအုပ်ကို ဟန်ပြတဲ့အနေနဲ့ ဖတ်ကြည့်ရမယ်။



[မှော်နက်ပညာဆီသို့ တိုတောင်းသောလမ်းစဥ်]



စိတ်ဝင်စားဖွယ် စကားစုတစ်ခုက ကျွန်မ၏ မျက်စိကို ဖမ်းစားသွားသည်။ကျွန်မ အလျင်အမြန် ဆက်၍ ဖတ်ကြည့်လိုက်သည်။



[မှော်နက် ဆိုသည်မှာ အဘယ်နည်း။



၁။ ၎င်းသည် မှော်ဆန်သော စွမ်းအားများကို ချေးယူအသုံးပြုနိုင်သည့် လှည့်စားမှုတစ်ခု ဖြစ်သည်။



အသုံးပြုသူသည် နတ်ဆိုး၏ ဖြစ်တည်မှုနှင့် စာချုပ်ချုပ်ဆိုနိုင်သည်။သို့သော် အသုံးပြုသူများသည် များသောအားဖြင့် စာချုပ် ချုပ်ဆိုမှု မပြုကြဘဲ တစ်ခါတစ်လေ၌ စွမ်းအားများ ရရှိစေရန် ယဇ်ပူဇော်မှုများ ပြုလုပ်ကြသည်။]



အာ



မှော်နက် အသုံးပြုဖို့အတွက် ယဇ်ပူဇော်ရဦးမှာလား။ဆိတ်ပေါက်လေးတွေ ဖမ်းပြီး ယဇ်ပလ္လင်ပေါ် တင်ပေးရဦးမယ်၊အဲ့လိုလား။



အကြောင်းပြချက် မရှိဘဲ ကျွန်မ ထိတ်လန့်လာသဖြင့် လက်မောင်းကို ပွတ်သပ်လိုက်မိသည်။



[ယဇ်ပူဇော်ရမည့်အရာမှာ အံ့အားသင့်ဖွယ်ပင် ရိုးရှင်းလှပါသည်။]



သို့သော်လည်း ယဇ်ပူဇော်ရမည့် အရာကို အောက်ဖက်တွင် ရှင်းလင်းရေးသားထားသည်။



[၎င်းမှာ အသုံးပြုသူ၏ စိတ်ခံစားချက်များ ဖြစ်သည်။]



စိတ်ခံစားချက် ကိုလား။



TK Team
++++++++