Chapter 29
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂၉)

စကားပြောနေကြရင်း အားရပါးရ ရယ်ပြီးနောက် ခဏမျှ တိတ်ဆိတ်သွားကြပြီး လူတိုင်းက ဆက်ရယ်စရာအကြောင်း မတွေ့တော့ဟန်ဖြင့် ပါးစပ်ကို ပိတ်၍ ငြိမ်သက်သွားကြသည်။အိုဖီလီယာကို ကျောခိုင်းပြီး သူမအကြောင်း အတင်းပြောနေကြသော လေဒီများသည် ထိုခဏ၌ သူမတို့၏နောက်ကျောတွင် အေးစိမ့်လာသည့် ခံစားမှုတစ်ခုကို ခံစားမိလိုက်ကြသည်။

"အာ၊ဒီမှာ ဘာလို့ ဒီလောက် အေးနေတာလဲ။"

လေဒီတစ်ယောက်က အခြေအနေကို ပေါ့ပါးသွားစေချင်သဖြင့် ထိုသို့ ပြောလိုက်သည်။

"ဟု...ဟုတ်တယ်နော်။ရုတ်တရက်ကြီး အေးစိမ့်လာတယ်။"

"ကျွန်မတို့ ဆိုင်ဝန်ထမ်းကို အပူပေးစက် ဖွင့်ခိုင်းသင့်လား။"

"ဒါဆို ကောင်းသား..."

လေဒီတစ်ဦးမှာ တောင့်ခဲသွားပြီး သူမ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်လျက် တစ်ခုခုကို ပြောချင်ပါရက်နှင့် ပြောလို့မရသည့်ပုံစံ ဖြစ်နေ၏။

"ရှင် ဘာဖြစ်နေတာလဲ"

ကျန်လေဒီများသည် ၎င်းတို့၏ခေါင်းများကို စောင်းလိုက်ပြီး သူမ ကြည့်နေသည့် ဦးတည်ရာဖက်သို့ တညီတညွတ်တည်း ကြည့်လိုက်ကြတော့သည်။

ရူးသွပ်သွားနိုင်လောက်သည်။သူမတို့ စိတ်အားထက်သန်စွာ အတင်းတုပ်နေခဲ့သည့် အိုဖီလီယာ ရိုင်ဇန် ဟူသည့် အမျိုးသမီးက သူမတို့ ရှေ့တွင် ရပ်နေပါ၏။

သူမ ငါတို့ပြောတာ ကြားသွားလား။

သူမ ငါတို့ပြောတာကို တကယ်ပဲ ကြားသွားတာလား။

ဒါက အမှန် မဖြစ်နိုင်ဘူး။ဟုတ်တယ်မလား။

ဟုတ်တယ်မလားလို့။

လေဒီများသည် သူမတို့၏ မျက်နှာကို လက်ကိုင်အိတ်များနှင့် ဖုံးကွယ်လိုက်ကြပြီး သူမတို့အပေါ် ကျရောက်လာနိုင်သည့် တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် အားထုတ်လိုက်ကြသည်။

အိုဖီလီယာသည် လေဒီများ အနီးသို့ ရောက်လာလျှင် သူမ၏ ခေါင်းကို စောင်းငဲ့၍ လေဒီများကို အထင်သေးစွာ ကြည့်လိုက်၏။သူမသည် ကိုယ့်နောက်ကွယ်တွင် ကိုယ့်အကြောင်း အတင်းပြောနေသူကို ကိုယ်တိုင် ဖမ်းမိသွားသော အခြေအနေမျိုးကို အလွန်မုန်းတီးသည်။

အိုဖီလီယာ၏ အရင်ဘဝတွင် ဆေးရုံတက်ရင်းဖြင့် ရင်းနှီးခဲ့ရသော အစ်မတစ်ယောက် ရှိခဲ့သည်။သူမနှင့် ခြောက်နှစ်နီးပါး ခင်မင်ရင်းနှီးရသူဖြစ်ရာ သူမတို့ အချင်းချင်း ယုံကြည်ပြီး တစ်ယောက်ကို တစ်ယောက် မှီခိုအားထား၍ ရသည်ဟု ထင်ထားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဆေးရုံတက်နေသူအချင်းချင်း တစ်ယောက်၏အခြေအနေကို ကျန်တစ်ယောက်က ကိုယ်ချင်းစာပေးနိုင်သည်ဟု ထင်ထား၍ ဖြစ်သည်။သို့တိုင် သူမ၏ ကွယ်ရာတွင် သူမကို ရိုင်းစိုင်းစွာ ပြောဆိုနေသည်ကိုသာ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။

သူမ တစ်ခါမှ မလုပ်ခဲ့မိသော ကိစ္စများအတွက် သူမကို မတရားအမှုဆင်နေသည်ဟု သူမ သိခဲ့သည်။သို့သော် ထိုအစ်မက အိုဖီလီယာ၏သေးငယ်သော လုပ်ရပ်များကို မတရားချဲ့ကားပြောဆိုထားခဲ့သည်။သူမမှာ အကြီးအကျယ် သစ္စာဖောက် ခံလိုက်ရသည့်အတွက် အလွန် ဝမ်းနည်းခံစားခဲ့ရသည်။တစ်နေ့ပြီး တစ်နေ့ ကြိုးစားရုန်းကန်ခဲ့ပြီးနောက် သူမသည် ထိုအစ်မကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရလာခဲ့သည်။သူမက တောင်းပန်ခြင်း တစ်ခုသာ လိုချင်ခဲ့သည်။သူမကိုသာ တောင်းပန်ခဲ့မည်ဆိုလျှင် ထိုအစ်မနှင့် ယခင်ကဲ့သို့ အခင်အမင် မပြတ်ရန် သူမ ဆန္ဒရှိခဲ့သည်။

သို့သော်လည်း သူမအပေါ် ဘယ်တော့မှ တောင်းပန်ခြင်း မပြုလာခဲ့ချေ။

ငါ ဒီလို မလုပ်ခဲ့ဘူး။နင့်မှာ သက်သေရှိလား။

ထိုအစ်မသည် အမှားလုပ်မိသည်ကို အသည်းအသန် ငြင်းဆိုနေခဲ့သည်။ထို့ကြောင့် လူတွေက အလွန်ပင် အရှက်သိက္ခာကင်းမဲ့ပြီး သူမ အပေါ် မကောင်းပြောနေသည်ကို ဖမ်းမိသည်နှင့် တစ်ခါတည်း ထိပ်တိုက်ရင်ဆိုင် လိုက်ခဲ့သင့်သည်ဟု အိုဖီလီယာ သဘောပေါက်သွားခဲ့သည်။ထိုကိစ္စ ဖြစ်ပြီးနောက် သူမကိုယ် သူမ ပြောခဲ့သည်။သူမတွင် နောက်တစ်ကြိမ် အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ပါက မသိသလို ဟန်ဆောင်မနေတော့ဘဲ မရ ရအောင်လိုက်၍ သူမကို တောင်းပန်ခိုင်းမည်ဟူ၍ ဖြစ်သည်။

ထိုကိစ္စမျိုးအား မည်သည့်နည်းဖြင့် ဖြေရှင်းရမည်ကို သူမ ကောင်းစွာ သိသည်။တုန်ရီနေကြသော လေဒီများကို အိုဖီလီယာသည် ကျီစယ်လိုဟန်ဖြင့် ပြုံးပြလိုက်သည်။

"ရှင်တို့က စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုကို ပြောနေကြတာပဲ။"

လေထုသည် ထိုအခိုက်အတန့်၌ အေးခဲသွားရ၏။လေဒီများသည် အသံတစ်သံပင် မထွက်သည်အထိ တိတ်ဆိတ်သွားကြသည်မှာ လေဒီတစ်ယောက်က တကွတ်ကွတ်နှင့် ကြို့ထိုးလာသည်အထိ ဖြစ်လေသည်။အိုဖီလီယာက ကြို့ထိုးနေသည့် လေဒီကို ကြည့်လိုက်သည်။

သူမရဲ့ မျက်နှာက ကြောက်စရာကောင်းလိုက်တာ။ ရက်စက်ကြမ်းကြုတ်မှု အပြည့်နဲ့ မျက်လုံးတွေကို ကြည့်ကြပါဦး။နှုတ်ခမ်းတွေကလဲ အလျော့ပေးချင်စိတ် မရှိဘဲ အထက်စီးဆန်နေလိုက်တာ။သူမရဲ့ ရှည်လျားတဲ့ လက်တွေနဲ့ဆိုရင်တော့ ...

သူမ၏ လက်များ ဝှေ့ယမ်းနေသည်ကို သူတို့ မြင်လိုက်ရသည်။

သူမက အဲ့ဒီလက်တွေနဲ့ ငါတို့ကို ရိုက်မယ်ဆိုရင် အရမ်းနာမှာပဲနော်။ ဟုတ်တယ်မလား။

လေဒီများသည် မျက်လုံးများကို အသားကုန် မှိတ်ထားကြသည်။

"ကျွန်မလဲ တစ်ခုခုလောက် ထပ်ဖြည့်ပါရစေ။"

သို့သော် ကျယ်လောင်သော တဖြန်းဖြန်း ရိုက်နှက်သံအစား ညင်သာသော စကားသံကိုသာ သူတို့ ကြားလိုက်ရသည်။လေဒီများမှာ မရဲတရဲဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်လျှင် စားပွဲပေါ်ရှိ တိုင်ကြားစာကို ဖတ်နေသည့် အိုဖီလီယာကို မြင်လိုက်ရသည်။

"ဒါက တိုင်ကြားစာတစ်စောင်ပဲ။တိုင်တဲ့အကြောင်းအရာတွေက...ကျွန်မ အကြောင်းပါလား။အင်း၊ ကျွန်မအကြောင်းဆိုတော့ ကျွန်မလည်း ဒီနေရာမှာ ရှိသင့်တာပေါ့။"

သူမသည် ဆိုင်ဝန်ထမ်းကို ထိုင်ခုံတစ်လုံး ယူလာစေပြီး လေဒီများ၏ အလယ်တွင် နေရာချလိုက်သည်။

"ဆက်ရေးပါဦး"

သူမက ပြောပြီးနောက် စာရွက်ကို လေဒီများထံ တွန်းပို့ပေးလိုက်သည်။

"တစ်ခုခု မှားရင် ရှင်တို့ကို ကျွန်မ အမှားပြင်ပေးမယ်လေ။"

ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

လေဒီများသည် လက်ရှိအနေအထားကို သဘောမပေါက်နိုင်ရကား ခေါင်းငုံ့ထားဖို့သာ ရွေးချယ်လိုက်ကြသည်။ချွေးအေးများကလည်း သူမတို့၏ နဖူးမှ စီးကျနေလေသည်။အိုဖီလီယာ ရိုင်ဇန်ကို ကြောက်ရွံ့နေရခြင်း၏ အကြီးမားဆုံးအကြောင်းရင်းမှာ သူမက ကိုယ်ထိလက်ရောက် အကြမ်းဖက်ရသည်ကို နှစ်ခြိုက်သောကြောင့် ဖြစ်သည်။သို့သော်လည်း အံ့ဩစရာကောင်းစွာပင် အိုဖီလီယာက သူမတို့ကို မရိုက်ခဲ့ပေ။

သူမ၏ လက်များကို အသုံးပြုရမည့်အစား သူမက တည်ငြိမ်စွာဖြင့် စကားပြောနေခဲ့သည်။အဘယ့်ကြောင့်နည်း။

"အခု ရှင်တို့က ကျွန်မကို လျစ်လျူရှုနေကြတာလား။"

တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း အသက်ပင် ရဲရဲ မရှူနိုင်ကြသော လေဒီများကို အိုဖီလီယာက မျက်လုံးမှေးပြီး ကြည့်လိုက်သည်။သို့သော် ဘယ်သူကမှ စာကို ဆက်မရေးကြဘဲ အချင်းချင်း မျက်စပစ်နေလေသည်။အိုဖီလီယာသည် သူမတို့ကို ကြည့်ပြီး ရယ်လိုက်၏။

"ဘာဖြစ်လို့ ဘယ်သူမှ ဆက်မရေးတော့တာလဲ။အာ၊ တစ်ခုခု မှားရေးမိရင် သတင်းအမှားကြောင့် အပြစ်ပေးခံရမှာကို ကြောက်နေကြတာလား။"

လေဒီများသည် ထိုင်နေရာမှ ခုန်မိမတတ် ဖြစ်သွားကြသည်။သူမတို့ ကြောက်နေသည်မှာ အမှန်ပင်။အိုဖီလီယာ၏ အရှေ့တွင် တိုင်ကြားစာကို ရေးလိုက်ပါက ဘာဆက်ဖြစ်လာမည်ကို သူမတို့ မသိကြပေ။သို့သော် သူမတို့ ရေးမည့် စာက အမှားအယွင်းတွေဟုလည်း ပြောလို့ မရနိုင်ပေ။အိုဖီလီယာက မှော်နက်ပညာရှင် ဖြစ်သည်ကို အားလုံးသိကြသည်။လေဒီများထဲမှ တစ်ယောက်က ဂါဝန်စကို တင်းတင်းဆုပ်လိုက်ပြီး အသက်ဝဝရှူလိုက်၏။

"ဒါ ...ဒါက သတင်းအမှားတစ်ခု ဟုတ်ပါ့မလား။"

သူမက အိုဖီလီယာကို ကြည့်လိုက်ရင်း မေးတဆတ်ဆတ် ရိုက်နေခဲ့သည်။

"မ...မမှားဘူးလေ၊ဟုတ်တယ်မလား။မြို့စားကြီးက သူ့ဇနီးကို ရုတ်တရက် ချစ်မိသွားတယ်ဆိုတာက ရယ်စရာကောင်းတယ်လေ။ဒါကြောင့်မို့လို့ သူ့ကို မှော်နက်သုံးပြီး ထိန်းချုပ်ထားတာ ခံနေရတယ်လို့ ပြောကြတာက ယုတ္တိမရှိတာမှ မဟုတ်ပဲ။"

"ရှင် ဒီစကားကို ကျွန်မရဲ့ခင်ပွန်းရှေ့မှာ ပြောနိုင်လား။"

အိုဖီလီယာက ညင်သာစွာ ပြန်ပြောသည်။

"ကျွန်မက အပြစ်ကင်းတာကြောင့် ဘုရားကျောင်းကို သွားရလည်း ဂရုမထားဘူးဆိုပေမဲ့ ကျွန်မရဲ့ခင်ပွန်းကတော့ ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားနဲ့ စွပ်စွဲခံရတာကို ဒီတိုင်း ထားလိုက်မယ် မထင်ဘူး။"

လေဒီများသည် အိုဖီလီယာ ပြောသော စကားများ၏ ဆိုလိုရင်းအမှန်ကို ချက်ချင်း နားမလည်ကြပေ။

ရူးနေကြတာပဲ။

အိုဖီလီယာက ကျစ်ခနဲ စုတ်သပ်၍ ဆက်ပြောသည်။

"ကျွန်မခင်ပွန်းက သူ့ကို မှော်နက်က ထိန်းချုပ်တာ ခံနေရတဲ့ သနားစရာ သားကောင်လေးအဖြစ် ဆက်ဆံနေကြတာကိုသာ သိသွားခဲ့ရင် သူ ဘယ်လိုလုပ်မယ်လို့ ရှင်တို့ ထင်ကြလဲ။"

မြို့စားကြီး ဆိုဗက်စ်စတာ ရိုင်ဇန်သည် လူသားသွေးတစ်ဝက်သာ ပါသူ ဖြစ်သည်။တစ်နည်းအားဖြင့် သူ ပိုင်ဆိုင်ထားသော စွမ်းအင်ရင်းမြစ် ပမာဏသည် လူထုတစ်ခုလုံးထက်ပင် ပို၍ ကြီးကျယ်များပြားသည်ဟု ဆိုလိုသည်။ထို့ကြောင့် အိုဖီလီယာ ပြောသလို မှော်နက်က လှည့်စားသည်ကို ခံနေရသူအဖြစ် သူ့အပေါ် ထင်မြင်နေသည်ကိုသာ သိသွားလျှင် ...

"ရှင်တို့ရဲ့ ခေါင်းတွေ ပြုတ်သွားမှာပဲ။"

"ဟစ်"

လေဒီများသည် သူမတို့၏ လည်ပင်းများကို ဆုပ်ကိုင်၍ နောက်သို့ ဆုတ်လိုက်ကြသည်။ထိုအခိုက်အတန့်တွင် သူမတို့၏ ခေါင်းများ ပြုတ်ထွက်တော့မည်ဟု တကယ်ပင် ခံစားလိုက်ရသည်။

"ဟုတ်တယ်လေ၊ ကျွန်မရဲ့ခင်ပွန်းက ဒါကို သူ့ပါးစပ်ကတောင် ထုတ်ပြောနေမှာ မဟုတ်ဘူး။ဒါကြောင့် သူက ကျွန်မရဲ့နာမည်ကိုပဲ ဗျစ်တောက်ဗျစ်တောက်နဲ့ ရေရွတ်နေမှာ။ရှင်တို့ကသာ ကျွန်မကို 'အဲ့ဒီမိန်းမ'ဆိုပြီး ခေါ်နေတာကို သူကြားရင် သူ ဘာပြောမလဲ မသိဘူး။"

လေဒီများသည် ဘာတစ်ခွန်းမှ မပြောနိုင်တော့ချေ။သူမတို့သည် သူမကို မည်သို့ ငြင်းဆိုနိုင်မည်နည်း။သူမအကြောင်း နောက်ကွယ်တွင် အတင်းတုပ်နေမိသည်က အမှန်ပင်။အိုဖီလီယာက သူမတို့ကို ကြည့်လိုက်ပြီး ငြီးငွေ့သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ဒါက သည်အတိုင်းသာ ဖြစ်သည်။သူမ၏ နောက်ကွယ်တွင် သူမအကြောင်းပြောနေပြသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရင်း သူမ၏ မျက်နှာတည့်တည့် ကြည့်၍ ပြောပါဟု ဆိုလေတိုင်း သူမတို့ ဆက်မပြောရဲကြတော့ပေ။ သူမတို့က သူရဲဘောကြောင်သူများသာ ဖြစ်ကြသည်။

အိုဖီလီယာသည် ထိုသို့ သူရဲဘောကြောင်သူများနှင့် ဆက်၍ အချိန်ဖြုန်းလိုစိတ် မရှိတော့ပေ။သူမ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပြောသည်။

"အပေါ်ယံကို အပြုံးတုတွေ၊လောကဝတ်စကားတွေနဲ့ ဖုံးကွယ်ထားပြီး နောက်ကွယ်မှာ အထင်အမြင်သေးတဲ့စကားတွေ ပြောဆိုနေတတ်တဲ့ သူတွေကို ကျွန်မဖြင့် စက်ဆုပ်ရွံရှာမိပါရဲ့။"

သူမက လေဒီများကို အပြစ်တင်လိုသည့်ပုံစံဖြင့် ကြည့်လိုက်သည်။

"အခုလို ဖြစ်သွားတယ်ဆိုတော့ ရှင်တို့ နားလည်သွားကြမယ်လို့ ကျွန်မ သေချာပါတယ်။နောက်တစ်ကြိမ်သာ..." 

အိုဖီလီယာ၏ ပြောလက်စ စကားမှာ ရပ်တန့်သွားပြီး သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။သူမ၏ မျက်စိရှေ့တွင် ပိုးကောင်တစ်ကောင် ဝင်လာသည်ကို တွေ့လိုက်သည်။သူမသာ အကိုက်ခံလိုက်ရလျှင် အလွန်နာကျင်ရလိမ့်မည်။သူမ ထိုပိုးကောင်ကို ဖမ်းဖို့ လိုသည်။ထို့ကြောင့် သူမ လက်လှမ်းမီသည့် အရာတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး ပိုးကောင်ကို ရိုက်ချပစ်လိုက်သည်။

"ဘုန်း !"

"အမလေး"

သူမ ပိုးကောင်ကို ဖမ်းမိသွားသည်။အိုဖီလီယာသည် ဝံ့ကြွားနေသော အမူအရာဖြင့် ခေါင်းမော့လိုက်သည်။

လေထုက ဘာလို့ ဒီလောက်ထိ ထူးဆန်းနေရတာလဲနော်။

"ကျွန် ...ကျွန်မရဲ့ အိတ်လေး..."

မှန်ပေသည်။ပိုးကောင် ဖမ်းရန် အိုဖီလီယာ သုံးလိုက်သည့် အရာမှာ သူမကို စကားစပြောသော လေဒီ၏ လက်ကိုင်အိတ် ဖြစ်သည်။၎င်းက ရှိသမျှလက်ကိုင်အိတ်များအနက် ဈေးအကြီးဆုံးဖြစ်သော အကန့်အသတ်ဖြင့် ထုတ်ထားသည့် မဒမ်ဂျိုနာ၏လက်ရာ၊လက်ကိုင်အိတ်ဖြစ်သည်။

သူမသည် ပိုးကောင်ဖမ်းရန်အတွက် ရွှေဒင်္ဂါးတစ်ရာ ပေးရသည့် လက်ကိုင်အိတ်အား အသုံးပြုလိုက်သည်ကို သူမတို့ မယုံနိုင်ကြပေ။သူမက ဒါကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့သည်က ထင်ရှားသည်။ယခုလက်ရှိ၌ အိုဖီလီယာသည် လူများကို ကိုယ်ထိလက်ရောက် မကျူးလွန်တော့သော်လည်း  သူမတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများကို ဖျက်ဆီးပစ်နေသည်။

သူမက အနိုင်ကျင်တဲ့ နည်းလမ်းကို ဒီလိုမျိုး ပြောင်းလဲလိုက်တာလား။အင်း ၊အဲ့လိုမျိုးနဲ့ တူတယ်။

အစက သူမက သူမတို့ကို မရိုက်နှက်ခဲ့သည့်အတွက် အံ့ဩနေခဲ့သည်။သို့သော် သူမက အရာဝတ္ထုတွေကို ဖျက်ဆီးပစ်ဖို့ အခွင့်ကောင်းကို ရှာဖွေနေခဲ့သည်။

နည်းနည်းတော့ ကြောက်စရာကောင်းတုန်းပဲ။

လေဒီများသည် တောက်လောင်နေသော ငရဲ၏ အနက်ရှိုင်းဆုံးနေရာမှ တက်လာသည့် ခြင်္သေ့တစ်ကောင်အလား တူညီသော အပြုအမူရှိသည့် အိုဖီလီယာကို အငမ်းမရ ကြည့်နေကြသည်။

"ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။"

အိုဖီလီယာမှာ လက်ကိုင်အိတ်၏ ပိုင်ရှင်ကို တစ်ချက် ကြည့်လိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်။ရှင့်ကို အိတ်အသစ်တစ်လုံး ပြန်ဝယ်ပေးပါမယ်။"

ထို့နောက် သူမက နှုတ်ခမ်းထောင့်များကို တွန့်ကွေး၍

"ဒါဆို ကျွန်မတို့ စံအိမ်တော်ကို ရှင် တစ်ခါထဲ လိုက်လာခဲ့ပေးပါလား။"

အိုဖီလီယာသည် သူမကို အမှန်တကယ် အလျော်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ထိုစကားကို ရိုးသားစွာ ပြောလိုက်ခြင်းဖြစ်ပါသည်။သို့တိုင် ထိုလေဒီက တစ်မျိုး ထင်သွားခဲ့၏။အိုဖီလီယာက သူမကို စံအိမ်တော်သို့ ခေါ်သွားပြီး ကြမ်းတမ်းစွာ အပြစ်ပေးမည် ဆိုလိုက်သကဲ့သို့ပင်။မြို့စားကြီး၏ အကျဥ်းထောင်မှာ အလွန်ထိတ်လန့်စရာ ကောင်းသည်ဟု သူမတို့ကြားဖူးကြသည်။ထိုလေဒီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူမ၏ ခေါင်းကို ငုံ့လိုက်ကာ အိုဖီလီယာ၏ ရှေ့တွင် ဦးညွှတ်လိုက်လေသည်။

"ကျ...ကျွန်မ တောင်းပန်ပါတယ်။"

ထို့နောက် သူမက စတင်ငိုကြွေးတော့သည်။သူမနည်းတူ ငိုကြွေးနေကြသော လေဒီများကလည်း အိုဖီလီယာကို ကြည့်လာကြသည်။

"ကျွန်မတို့ တောင်းပန်ပါတယ်။ကျွန်မတို့ တကယ် တောင်းပန်ပါတယ်ရှင်။ကျွန်မတို့ ဒီလို ထပ်မဖြစ်စေရတော့ပါဘူး။တောင်းပန်ပါတယ်ရှင်။"

အိုဖီလီယာမှာ သူမတို့ကို ကြည့်ရင်း တွေးနေမိသည်။

ငါ ဒါကို နည်းနည်းတော့ ကောင်းကောင်းမွန်မွန် လုပ်ခဲ့တယ်လို့ ထင်နေတာလေ။

သူမ ရူးသွားတော့မလို ခံစားလိုက်ရ၏။


TK Team
++++++++