Chapter 27
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂၇)

"မဒမ်၊ ဘယ်လောက် ဝေးဝေး သွားမှာပါလဲ။"

အိုင်ရင်းမှာ ကျွန်မနှင့်အတူ လမ်းကြားထဲ လျှောက်လာရင်း စိုးရိမ်နေသည်ကို ထုတ်ပြလာသည်။ကျွန်မသည် လမ်းမကြီးများပေါ်တွင်သာ သွားလာနေတတ်သည်ဖြစ်ရာ သူမ စိုးရိမ်နေသည်က အံဩစရာတော့ မဟုတ်ပေ။သို့သော် ဤနေရာတွင်လည်း စိုးရိမ်စရာ ဘာကိစ္စမှ မရှိပေ။ဆိုဗက်စ်စတာ လွှတ်ထားသော ကိုယ်ရံတော်က ကျွန်မနောက်မှ တိတ်တဆိတ် လိုက်လာလျက် ရှိသည်။အကယ်၍ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားလာပါက ထိုကိုယ်ရံတော်က ထွက်ပေါ်လာပြီး ကျွန်မကို ကယ်တင်ပေးလိမ့်မည်။ထို့ကြောင့် ကျွန်မ များများစားစား တွေးမနေတော့ပေ။

"မဒမ်၊ဒီလမ်းကြားက အန္တရာယ်များတယ်လို့ ကျွန်မ ထင်တယ်။"

အိုင်ရင်းသည် ငှက်ပေါက်စလေးသဖွယ် တုန်ယင်နေပြီး ကျွန်မ၏ အင်္ကျီလက်အနားစကို ဆွဲထားလေသည်။ကျွန်မ ပြုံးလိုက်ပြီး အိုင်ရင်း၏လက်ကို ကျွန်မလက်ဖြင့် ကိုင်ထားပေးလိုက်သည်။

"ငါတစ်ယောက်လုံး ရှိနေတာကို နင်က ဘာဖြစ်လို့ ကြောက်နေရသေးတာလဲ။"

"ဘာကိုလဲ။ဒါပေမဲ့ မဒမ်က ထိခိုက်မခံ..."

အိုင်ရင်း သူမ၏ ပါးစပ်ကို ပိတ်လိုက်လေသည်။အိုဖီလီယာမှာ မှော်နက်ပညာရှင် တစ်ဦးဖြစ်သည်ကို သူမ ပြန်သတိရသွားသည့် ပုံပင်။ကျွန်မအနေဖြင့် မှော်နက် အသုံးပြုနည်းကို မသိသော်ငြား အိုင်ရင်းမှာ သတိထားမိခြင်း မရှိဘဲ အသုံးပြုနိုင်သည်အထင်ဖြင့် စိတ်သက်သာရာ ရသွားသည့် ပုံပင်။ 

ငါ မှော်နက် အသုံးပြုနည်းကို အလျင်အမြန် လေ့လာဖို့ လိုပြီ။

မူလဇာတ်ကြောင်းတွင် အိုဖီလီယာကို မှော်နက်အသုံးပြုသူအဖြစ် ရေးသားဖော်ပြထားသည်။သို့သော် သူမက ထပ်ပြီး မှော်နက် အသုံးမပြုသည်မှာ အဘယ့်ကြောင့်နည်း။ထိုသို့ဖြစ်ပါက ကျွန်မ၏ ပတ်ဝန်းကျင်ရှိ လူများမှာ ကျွန်မအပေါ် သံသယဝင်လာလိမ့်မည်က အသေအချာပင်။

ငါ စာအုပ်ဖြစ်ဖြစ် တစ်ခုခု ဖတ်မှ ရတော့မယ်။ဒီခန္ဓာကိုယ်က မှော်ပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ။ဒါကြောင့် ငါက မှော်နက်ပညာကို မြန်မြန် သုံးနိုင်လောက်တယ်။

အတွေးတစ်ချို့ တွေးပြီးနောက် ကျွန်မ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။

လက်ရှိအချိန်တွင် ၎င်းကို ရှာတွေ့တော့မည့် ပုံပင်။

"မဒမ် ဘာကို ရှာနေတာလဲ။"

"အစိမ်းရောင် ရွက်ဖျင်တဲနဲ့ ဈေးဆိုင်၊အဲ့ဒါက ဒီနားမှာပဲ ဆိုတာ သေချာတယ်။"

"အာ ၊ဒီဆိုင်လား။"

ကျွန်မသည် အိုင်ရင်း ညွှန်ပြရာဆီသို့ ကြည့်လိုက်သည်။စာအုပ်ထဲတွင် ရေးသားထားသည့်အတိုင်း အတိအကျတူသော ဆိုင်ကို ကျွန်မ တွေ့လိုက်ရသည်။

တွေ့ပြီဟေ့!

"နင်က မျက်လုံးကောင်းလိုက်တာ။"

ကျွန်မ အိုင်ရင်းကို ချီးကျူးလိုက်လျှင် သူမ၏ ပါးပြင်များက နီမြန်းသွားသည်။ကျွန်မ အိုင်ရင်း၏ပခုံးကို တစ်ကြိမ် ထပ်ပုတ်လိုက်ပြီး ဆိုင်ရှိရာသို့ သွားလိုက်သည်။ထို အနုပ်စုတ်ကုပ်စုတ် စားသောက်ဆိုင်မှာ ဘီလူးသားများကို ချက်ပြုတ်ရောင်းချသည်။ သူတို့က ဘီလူးများကို ချက်စားသည်ကို ကျွန်မ မယုံနိုင်ပေ။၎င်းက အလွန် ထိတ်လန့်စရာကောင်းသော အကြံဖြစ်သည့်တိုင် ကြေးစားစစ်သားများအတွက်မူ ထိုသို့ မဟုတ်ပေ။သူတို့ အမဲလိုက်ထားသည့် ဘီလူး၏ အသားကို သူတို့က ချက်ပြုတ်စားလေ့ရှိသည်။ယခင်တစ်ခါ မြည်းစမ်းဖူးသော အရသာကို မမေ့နိုင်သူများ လာလေ့ရှိသည့် ဆိုင်ဖြစ်သည်။ကယ်လီယန်မှာ လှည့်လည်သွားလာနေရသော ကြေးစားစစ်သည် ဖြစ်ခဲ့စဥ်က ဘီလူးသားကို စားလေ့ရှိသည်။

အစတွင် သူသည် ဘီလူးသားက အော်ဂလီဆန်ဖွယ် ဖြစ်မည်ဟု တွေးထားခဲ့သော်လည်း သူ တဖြည်းဖြည်း ကျင့်သားရလာပြီး အနည်းငယ်ပင် ကြိုက်နှစ်သက်သွားမိ၏။သို့သော်လည်း ကြေးစားစစ်သည်ဘဝမှ လွတ်မြောက်လာရပြီးနောက် သူ ထိုအသားကို လုံးဝ မထိတော့ပေ။အိမ်ရှေ့စံမင်းသားအဖြစ် ရောက်ရှိလာခဲ့ပြီးနောက် သူသည် ထို့သို့ အရည်အသွေးနိမ့်သော အစားအစာများကို မစားနိုင်တော့ပေ။ထို့ကြောင့် သူ စားချင်စိတ်ကို သည်းခံထိန်းချုပ်ထားခဲ့သည်။မူလဇာတ်ကြောင်းတွင် ဖလဲရ်သည် ထိုဆိုင်သို့ သွားရောက်ခဲ့ပြီးနောက် ကယ်လီယန်က ထိုအရသာကို အကြိုက်တွေ့မှန်း သတိရသွားပြီး ဘီလူးသားတစ်ချို့ ဝယ်လာခဲ့လေသည်။ကယ်လီယန်က ဖလဲရ်ကို ပျော်ရွှင်မြူးတူးစွာဖြင့် ပွေ့ဖက်လိုက်လေသည်။ထိုအချိန်၌ သူ အတိအကျ ဘာပြောခဲ့ပါသနည်း။

ကိုယ့်အကြောင်းကို သိတဲ့သူက မင်းတစ်ယောက်ပဲ ရှိတယ်။

ဟုတ်ပါသည်။သူသည် စိတ်ကူးယဥ်အချစ်ဇာတ်လမ်းထဲမှ စာကြောင်းတစ်ကြောင်းကို ပြောခဲ့သည်။

ကျွန်မကတော့ ထိုစကားတစ်ခွန်းကို ကြားနိုင်မည် မဟုတ်ပေ။ကယ်လီယန်က ကျွန်မကို မုန်းတီးနေသောကြောင့် ဖြစ်သည်။သို့သော်လည်း အနည်းနှင့်အများတော့ သူ့မှာ စိတ်ခံစားချက်ကောင်းတစ်ခု ရသွားလိမ့်မည်။ထိုသို့ နှစ်သက်သော ခံစားချက်ကသာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါလျှင် ...

ငါ အရင်တုန်းက လုပ်ခဲ့တဲ့ အမှားတွေကို နင် ခွင့်လွှတ်ပေးနိုင်မလား။

ယခုလက်ရှိ၌ သူ ကျွန်မအပေါ် အကောင်းမြင်လာဖို့က ပို၍ အရေးကြီးသောကြောင့်ပင်။ထို့နောက်တွင်တော့ ကျွန်မ ဆိုဗက်စ်စတာနှင့် ကွာရှင်းခွင့် ရလာမည် ဖြစ်ပြီး သေဒဏ်ချခံရခြင်းမှ ကင်းလွတ်နိုင်လိမ့်မည်။တွန့်ဆုတ်နေသော အိုင်ရင်းကို ဆွဲခေါ်ပြီး ကျွန်မ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ထိုဆိုင်မှာ ဖွင့်လှစ်ထားသည်က ကြာမြင့်နေဟန်ဖြင့် အလွန် စုတ်ပြတ်နေသည်။ထို့အပြင် တစ်မျိုး ထူးဆန်းပြီး မသက်မသာ ဖြစ်စေသော အနံ့တစ်ခုက သိသိသာသာ ထွက်ပေါ်နေသည်။ကျွန်မ၏ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားရန် လက်ကိုင်ပဝါကို ထုတ်သုံးလိုက်ရပြီး မျက်မှောင်ကြုတ်မိလိုက်တော့သည်။ကျွန်မ ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း ဆိုင်ထဲတွင် လူတစ်ယောက်မှ မရှိလေရာ စားပွဲပေါ်ရှိ ဘဲလ်ကို တီးလိုက်ရသည်။ထိုအခါမှ လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မီးဖိုချောင်ထဲမှ ထွက်လာလေသည်။

"ဝယ်သူ ရောက်မလာတာ အတော်ကြာနေပြီဆိုတော့ ငါ အရမ်းဝမ်းသာနေမိတာ။"

သူက ကျစ်ခနဲ စုတ်သပ်လိုက်ရင်း ဆက်ပြောသည်။

"သွားပါတော့။ဒီနေရာမှာ မင်းတို့လို မဒမ်တွေ ဝယ်စရာ ဘာမှ မရှိဘူး။"

"ရ ...ရိုင်းလိုက်တာ"

ကျွန်မ၏အနောက်တွင် ပုန်းနေသော အိုင်ရင်းက ခေါင်းလေးထွက်လာပြီး အော်ဟစ်လိုက်သည်။

"ကျွန်မတို့ မဒမ်က ဘယ်သူလဲဆိုတာ ရှင် သိလား။ရှင် သိရင် ဒီလိုစကားမျိုး လုံးဝပြောရဲမှာ မဟုတ်ဘူး။"

"မဒမ်က မင်းသမီး ဖြစ်ဖြစ်၊ မြို့စားကြီးကတော် ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ဒီနေရာက မင်းတို့လိုချင်တာတွေ ဝယ်လို့ရတဲ့ နေရာမဟုတ်ဘူး။ဒါကြောင့် ပြန်ကြပါ။"

လူကြီးသည် လက်ကို ခါပြီး မျက်နှာရှစ်ခေါက်ချိုးပုံစံနှင့် ပြောလိုက်သည်။၎င်းက သေချာပေါက် မောင်းထုတ်နေသည်ဟု ကျွန်မ မထင်ပါ။ထို့ကြောင့် ကျွန်မ သူ့အနားကို တိုးသွားလိုက်သည်။

"ဒါက တရားမဝင်ဘူး။"

"ဘ...ဘာ"

"ဘီလူးသား ရောင်းတာလေ"

ကျွန်မ၏ဦးထုပ်ကို အနည်းငယ် မတင်လိုက်ပြီး ထိုသူ၏ မျက်စိတည့်တည့်ကို စိုက်ကြည့်လိုက်သည်။

"ဟုတ်တာပေါ့၊စစ်မြေပြင်မှာ အညံ့ခံလိုက်ရတဲ့ ဘီလူးတွေကို ချက်စားတာကို လူတွေက အထင်သေးကြတယ်လေ။ဒါပေမဲ့ ဒီလိုမျိုး ဘီလူးသားကို ချက်ပြီး ရောင်းတဲ့ စီးပွားရေးလုပ်ငန်းက လုံးဝကို တရားမဝင်တာပဲ။အကယ်၍ တော်ဝင်စစ်သည်တွေသာ ဒီနေရာကို ရှာတွေ့သွားရင် ..."

"..."

"ထောင်ဒဏ် ၁၅နှစ်အထိပဲ။"

ကျွန်မ ပြုံးလိုက်သည်။

"နင် မထင်ထားဘူး မဟုတ်လား။"

လူကြီးက တုန်ယင်သွားသည်။ကျွန်မ ပြောလိုက်သည်က အမှန် ဖြစ်နေခဲ့သည်။ဘီလူးသားကို ချက်ပြုတ်ရောင်းချခြင်းသည် အင်ပါယာ၏ စည်းမျဥ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်။

"မ ... မင်းမှာ သက်သေပြစရာ ရှိလို့လား။"

လူကြီးက လက်ပိုက်လိုက်ပြီး မျက်နှာကို မော့လိုက်၏။

"မင်းမှ သက်သေမှ မရှိဘဲ။ဒါက အလုပ်မဖြစ်ပါဘူး။ဒါက အလုပ်မဖြစ်ဘူးဆိုတော့ မတူတာ တစ်ခုလောက် ပြောကြည့်ပါဦး။"

"ငါ အဲ့ဒီနေရာကို ဝင်ကြည့်လို့ရလား။"

ထိုလူကြီး ထွက်လာခဲ့သည့် နေရာကို ကျွန်မ လက်ညှိုးထိုးပြလိုက်သည်။

"ငါ ဒီနေရာကနေတောင် သွေးညှီနံ့တွေ ရနေတာ၊အဲ့ဒီနေရာမှာ တစ်ခုခု ရှိမှာပဲ။အဲ့ဒီတော့ အခု ငါက သက်သေတစ်ယောက် ဖြစ်သွားပြီလေ၊တရားရုံးမှာ သက်သေထွက်ဆိုဖို့ အလွယ်လေးပဲ။"

"မင်း လုပ်ချင်တာသာ လုပ်ပါ၊ ဒါပေမဲ့ မင်းရဲ့ ဘေးကင်းလုံခြုံမှုကိုတော့ ငါ အာမ မခံနိုင်ပါဘူး မဒမ်။"

လူကြီးက ထိုသို့ ပြောလိုက်ရင်း မျက်လုံးများကလည်း စိန်းစိန်းဝါးဝါး ကြည့်နေခဲ့သည်။

"တကယ်လား"

ကျွန်မ စောင်းပါးရိပ်ခြည်ဟန်ဖြင့် ရယ်မောလိုက်သည်။

"ငါဘယ်သူလဲ ဆိုတာ နင် သိပါတယ်၊ဒါပေမဲ့ နင်က ဒီလို ပြောသေးတယ်ပေါ့။"

ကျွန်မ ဦးထုပ်ကို ချွတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။လူကြီး၏ မျက်နှာက ကျွန်မ၏ မြစိမ်းရောင် မျက်လုံးများထဲ စိုက်ကြည့်နေသည်ကို စိတ်ပျက်ဖွယ် မြင်လိုက်ရ၏။သင်သည် နောက်ဖေးလမ်းကြားများတွင် အချိန်ကြာကြာ နေလေ၊ကျွန်မအကြောင်း သင်ကောင်းကောင်း သိလာလေ ဖြစ်လိမ့်မည်။ကျွန်မသည် နောက်ဖေးလမ်းကြားတို့၏ အရှင်သခင်ဖြစ်သူ ဆိုဗက်စ်စတာ ရိုင်ဇန်၏ဇနီး ဖြစ်ပြီး မှော်နက် ကျွမ်းကျင်သူ စုန်းမတစ်ယောက် ဖြစ်သည်။လူကြီးက အံကြိတ်ထား၏။

"သူ ...သူတို့က မင်းကို မဒမ်လို့ ခေါ်နေရင်တောင်မှ မင်း ဒီလို လုပ်လို့မရဘူး။မင်း ဒီလို လုပ်လို့ မရဘူး။မင်းရဲ့ ခြိမ်းခြောက်မှုက ငါ့အတွက် အလုပ်မဖြစ်ဘူး။"

လူကြီးသည် သူ့ဘဝတွင် ကျွန်မကဲ့သို့ လူမျိုးကို တစ်ကြိမ်၊နှစ်ကြိမ်ထက် ပို၍ တွေ့ဖူးမည် မထင်ပေ။လူကြီးသည် အကြိမ်တိုင်းတွင် ဖမ်းဆီးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် ကျွန်မ၏ ခြိမ်းခြောက်မှုမှာ သူ့အပေါ် သက်ရောက်မှု သိပ်မရှိခဲ့ပေ။

"ခြိမ်းခြောက်တယ်တဲ့လား။ဒီလိုစကားတွေ ပြောဖို့မလိုပါဘူး။"

ကျွန်မ အသာ ပြုံးလိုက်ပြီး သူ့အနား ထပ်တိုးသွားလိုက်သည်။

"ငါက ဒီနေရာကို အသားနည်းနည်း လိုချင်လို့ လာခဲ့ရုံပါ။"

ဘုတ်

ကျွန်မ သူ့ရှေ့တွင် ရွှေဒင်္ဂါးများ ထည့်ထားသည့် အထုပ်ကို ချပေးလိုက်သည်။ဝတ္ထုထဲတွင် ဖလဲရ်က ထိုနေရာတွင် အသားဝယ်နေသည်ကို ရှာတွေ့သွားပြီးနောက် ကယ်လီယန်က ဤသို့ပြောခဲ့သည်။

ကိုယ် ကြေးစားစစ်သားတွေ ကြားထဲမှာ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်တွေကို နားထောင်ချင်တယ်။

ကျွန်မလည်း ကယ်လီယန်၏ စကားအတိုင်း အတိအကျ ပြောလိုက်သည်။"ငါ ကြေးစားစစ်သားတွေ ကြားထဲမှာ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်တွေကို နားထောင်ချင်တယ်။"

ထိုသို့ ဖြစ်၏။

ဤနေရာသည် ဘီလူးသားများ ရောင်းချသည့် နေရာဖြစ်သကဲ့သို့ အင်ပါယာတစ်လွှားမှ ကြေးစားစစ်သားများ သတင်းအချက်အလက်များ မျှဝေရန် ဆုံတွေနေကျ နေရာဖြစ်သည်။ယခုတော့ ၎င်းက သတင်းအချက်အလက်များ ရောင်းဝယ်ဖောက်ကားရာ အစည်းအရုံးတစ်ခု ဖြစ်လာခဲ့သည်။မှန်ပေသည်။ဆိုဗက်စ်စတာ၏ အမှောင်ဂိုဏ်းမှ သတင်းအချက်အလက်လမ်းကြောင်းက ပို၍ ကြီးကျယ်များပြားပေသည်။သို့သော် မူရင်းဇာတ်ကြောင်းတွင် ကယ်လီယန်သည် ဆိုဗက်စ်စတာထံမှ နောက်ကောက်ကျသွားခြင်းကို ရှောင်ရှားနိုင်ရန် ဤအစည်းအရုံးကို ရွေးချယ်ခဲ့သည်။ကျွန်မလည်း ထို့အတူဖြစ်၏။ကျွန်မ အနေဖြင့် သတင်းအချက်အလက် ရယူရန် ဆိုဗက်စ်စတာ၏ ဂိုဏ်းကို အသုံးပြုလိုက်ပါက ရသမျှသည် သူ့လက်ထဲသို့ ရောက်သွားမည် ဖြစ်သည်။ကျွန်မက ထိုသို့ ဖြစ်စေလိုခြင်း မရှိပေ။ထို့ကြောင့် ကျွန်မလည်း ကျွန်မ၏ကိုယ်ပိုင် သတင်းအချက်အလက် ကွန်ရက်ကို တည်ထောင်လိုသည်။

"ဒါက မလုံလောက်သေးလို့လား။"

ကျွန်မ အထုပ်ကို ဖွင့်လိုက်ပြီး အထဲရှိ ရွှေဒင်္ဂါးပြားများကို ပြလိုက်သည်။လူကြီး၏ မျက်လုံးများ ပြူးကျယ်လာ၏။၎င်းမှာ အတော်အသင့် များပြားသောပမာဏ ရှိသည်။

အဟွတ် အဟွတ်

လူကြီးသည် အကြိမ်များစွာ ခေါင်းဆိုးပြီးမှ ကျွန်မဆီ လက်တစ်ဖက် ကမ်းပေးလာသည်။

"ကျွန်တော့်ကို ဂျိုးဆက်လို့ ခေါ်ပါ။"

ကျွန်မ သူ့လက်ကို ခပ်ဖွဖွ ကိုင်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဒါဆို ငါ အသားနည်းနည်းလောက် ရနိုင်မလား။ငါ ဒီနေရာကို လာရတဲ့ အကြောင်းပြချက် ပေးဖို့ လိုတယ်။"

"ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါမယ်။"

ကျွန်မကို ကျောပေးပြီး လျှောက်သွားသော ဂျိုးဆက်က ခေါင်းခါလိုက်ရင်း ကျွန်မဖက်သို့ ပြန်လှည့်ကြည့်သည်။

"ကျွန်တော် မဒမ့်ကို ဘယ်လို ခေါ်ရပါမလဲ။"

ဂျိုးဆက်က ဆက်ပြောသည်။

"ကျွန်တော်က မဒမ်လို့ ခေါ်ဝေါ်သုံးစွဲလိုက်ရင် အခြားသူတွေ သတိထားမိသွားလိမ့်မယ်။ဒါကြောင့် အကြမ်းဖျင်း ခေါ်လို့ရမဲ့ နာမည်တုတစ်ခု သုံးစွဲဖို့ ကျွန်တော့်မှာ စိတ်ကူးရှိပါတယ်။အကယ်၍ မဒမ် ဒါကို သဘောမကျခဲ့ဘူးဆိုရင်လဲ စိတ်မပူပါနဲ့။"

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို ငါ့ကို ယူဂျင်လို့ ခေါ်ပါ။"

ယူဂျင်။၎င်းက ကျွန်မ၏ နာမည်အစစ် ဖြစ်သည်။ဂျိုးဆက်က ကျွန်မ၏ နာမည်ကို အတော်လေး ထူးခြားသည်ဟု တွေးနေသည့်တိုင် ထိုနာမည်ကို တဖွဖွ ခေါ်ကြည့်နေဆဲ ဖြစ်၏။

"ယူဂျင် တဲ့လား။ကျွန်တော် သိပါပြီ။ဒါဆို ယူဂျင်ရဲ့တောင်းဆိုမှုကို ဘယ်အချိန်မှာ စချင်ပါသလဲ။"

"မကြာခင်ပေါ့"

ကျွန်မ ပြောလိုက်ရင်း ကျွန်မ၏ နောက်တွင် ပုန်းနေဆဲဖြစ်သော အိုင်ရင်းကို ဆွဲထုတ်လိုက်သည်။

"နောက်ဆို ဒီကလေးက ငါ့ကိုယ်စား လာပေးလိမ့်မယ်။"

"ရှ...ရှင်!"

အိုင်ရင်းမှာ ထိတ်လန့်စွာဖြင့် ပင့်သက်ရှိုက်နေသည်။သို့သော် ကျွန်မ သူ့ကို အလွတ်မပေးခဲ့ပေ။

"သူမက ကလေးဆိုပေမဲ့ နင် ယုံကြည်စိတ်ချလို့ရတယ်။ဒါကြောင့် နင် ငါ့အပေါ်ဆက်ဆံသလို သူမအပေါ်လဲ ဆက်ဆံပေးမယ်လို့ ငါ မျှော်လင့်တယ်။"

"ကောင်းပါပြီ၊ကျွန်တော် ဒါကို နားလည်ပါတယ်။ဒါဆို ခဏလောက် စောင့်ပေးပါဦး။ကျွန်တော် အသားသွားယူလိုက်ပါမယ်။"

"အိုကေ"

ဂျိုးဆက် မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် အိုင်ရင်းက ငိုယိုတော့သည်။

"မဒမ် ကျွန်မ တောင်းပန်ပါတယ်။ကျွန်မ မလုပ်နိုင်လောက်ဘူး။ကျွန်မ ဒီလိုနေရာမျိုးကို ကြောက်တယ်။"

အိုင်ရင်းမှာ ကြောက်လန့်တကြားဖြင့် သူမ စဥ်းစားနိုင်သမျှ အကုန် လျှောက်ပြောနေလေသည်။ထို့ကြောင့် ကျွန်မ ပိုပြီး သိချင်စိတ် ဖြစ်လာသည်။

"ကျွန်မ မလုပ်နိုင်ဘူး။ကျွန်မ မလုပ်နိုင်ပါဘူး။မဒမ် ကျွန်မကိုသာ သတ်လိုက်ပါတော့။

သူမသည် ဤပုံစံဖြင့် မူလအိုဖီလီယာ၏ ဘေးတွင် မည်သို့ ရှင်သန်နိုင်ခဲ့ပါသနည်း။

မသေရသည်က ပိုကောင်းသည် မဟုတ်ပါလော။


TK Team
++++++++